www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, November 7, 2014

ယာဉ်ကြောကျပ်တည်းမှု ဖြေရှင်းရန် ကမ်းနားလမ်းတစ်လျှောက် မိုးပျံလမ်း တည်ဆောက်မည်



ရန်ကုန် ၊ ၇-၁၁-၂၀၁၄

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုမှာ တစ်နေ့တခြား များပြား လာလျက်ရှိရာ ထိုသို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်း နိုင်ရေးအတွက် မိုးပျံလမ်းများ တည်ဆောက်ရန် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ တည်ဆောက်ရန် Phase 1၊ Phase 2 နှစ်ပိုင်းခွဲ သတ်မှတ်ကာ မိုးပျံလမ်း တည်ဆောက်ရန် လျာထား ဆောင် ရွက်လျက် ရှိသည့်အပြင် သတ်မှတ် ထားသည့် စီမံချက်များကို အကောင်အထည် ဖော်နိုင်ရန် စတင်လုပ်ဆောင် နေပြီဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

မိုးပျံလမ်းစီမံချက် များကို ကမ်းနားလမ်း၊ (ပုံ) ဗိုလ်တထောင်ဈေးလမ်း မှ အနော်ရထာလမ်း အထိ အပိုင်းနှစ်ပိုင်း ခွဲခြားကာ တည်ဆောက် သွားရန် လျာထား လုပ်ဆောင်လျက် ရှိပြီး ထိုကဲ့သို့ လုပ်ဆောင်ရာတွင် ဘဏ္ဍာငွေပေါ် မူတည်၍ လုပ်ဆောင် သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် အတိအကျ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (လမ်း၊ တံတား) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် အဆိုပါ နေရာကို သတ်မှတ်ချက် ထားကာ နောက်ပိုင်းကာလ များတွင် ယာဉ်ကြောကျပ်သည့် နေရာများ၌ ပါ လုပ်ကိုင် ဆောင်ရွက်ရန် ညွှန်ကြားချက် ရရှိလာပါက ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ မိုးပျံလမ်း တည်ဆောက်ရန် လျာထားသည့် Phase 1 တွင် ၃ ကီလိုမီတာ ရှည်ပြီး Phase 2 တွင် ၂ ဒသမ ၅ ကီလိုမီတာ ရှည်မည်ဖြစ်သည်။ ၄င်း လမ်းပိုင်းကို တည်ဆောက် ရာတွင်လည်း အတက်အဆင်း နေရာများမှာ ပုံမှန် တစ်သမတ်တည်း မဟုတ်ဘဲ လေးနေရာအထိ ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးပျံတံတား တည်ဆောက်ရန် အကြမ်းဖျင်း သတ်မှတ်ထားသည့် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ ၂၉၇ ဒသမ ၆ သန်း ကုန်ကျနိုင်မည် ဖြစ်သည်။ ထိုကဲ့သို့ တွက်ချက် ရာတွင်လည်း ၁ ကီလိုမီတာ လျှင် အမေရိကန် ဒေါ်လာ ၅၄ ဒသမ ၁ သန်း ခန့်ဖြင့် တွက်ချက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့၌ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှ ငွေကြေး အမြောက်အမြား ကုန်ကျမည် ဖြစ်သည့်အတွက် နိုင်ငံတော် သမ္မတရုံး နှင့် ဝန်ကြီးဌာနများမှ အကူအညီများ
ထောက်ပံ့ ပေးအပ်ရန် လိုအပ်လျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ က ပြောကြား ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger