အမျိုးဂုဏ် ဇာတိဂုဏ် နှင့် ယဉ်ကျေးမှုအမွေအနှစ် များကို ၀ိုင်းဝန်းထိန်းသိမ်း
မြန်မာလူမျိုး တို့သည် မြောက်ဘက် တိဗက်ကုန်းမြင့် ဒေသမှ ဝင်ရောက် လာကြသော မွန်ဂိုလွိုက် မျိုးနွယ်စု က ဆင်းသက် လာခဲ့သည်ဟု ယခင်က သတ်မှတ် ခဲ့ကြသည်။ ၁၉၇၉ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကျွမ်းကျင် ပညာရှင်များ နှင့် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များ ပါဝင်သော သုတေသီ များက ရှာဖွေ ဖော်ထုတ်ချက် အရ ပုံတောင်ပုံညာ ဒေသ မြိုင်မြို့နယ် နှင့် ပုလဲမြို့နယ် များတွင် အဆင့်မြင့် လူတူ ပရိုင်းမိတ် ရုပ်ကြွင်းများ ရှာဖွေ တွေ့ရှိခဲ့ ကြသည်။ နိုင်ငံတကာရှိ အဖွဲ့အစည်း များက ခေတ်မီ နည်းစနစ် များဖြင့် စစ်ဆေးခဲ့ရာ ရှေးနှစ်ပေါင်း သန်း ၄ဝ က လူတူ ပရိုင်းမိတ် ရုပ်ကြွင်းများ ဖြစ်ကြောင်း အတည်ပြု ခဲ့ကြသည်။ ၄င်းပရိုင်းမိတ် များသည် အာဖရိက ဒေသတွင် တွေ့ရှိရသော နှစ်သန်းပေါင်း ၃၃ သန်းရှိ ပရိုင်းမိတ် ရုပ်ကြွင်းများထက် သက်တမ်း ပိုစောသည့် အတွက် ''ကမ္ဘာ့လူသား အစ မြန်မာက'' ဟုကမ္ဘာက အသိအမှတ်ပြု ထောက်ခံခဲ့ ကြသည်။
မြန်မာလူမျိုး တို့သည် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်၊ မြို့ပြခေတ် စသည့် ခေတ်အသီးသီး ကို ဖြတ်သန်းခဲ့ ကြပြီးနောက် အေဒီ ၁ဝ၄၄ တွင် ပုဂံဒေသ၌ ပထမ မြန်မာ နိုင်ငံတော်ကို အနော်ရထာ မင်းကြီးက စတင် တည်ထောင် ခဲ့သည်။ ပုဂံဒေသတွင် ရှေးအဆိုအရ စေတီ၊ ပုထိုး၊ ဂူဘုရားများ တည်ထား ခဲ့သည့် အရေအတွက် ကို လှည်းဝင်ရိုးသံ တညံညံ ပုဂံ ဘုရားပေါင်း ဟူသော စကားအရ စုစုပေါင်း ၄၄၄၆၇၃၃ ဆူ တည်ထား ကိုးကွယ် ခဲ့ကြောင်း သိရသည်။ ရှေးဟောင်း အမွေအနှစ် များသည် နိုင်ငံခြားသား တို့အတွက် လေ့လာ မှတ်သားဖွယ်ရာ သမိုင်း အထောက် အထားပင် ဖြစ်သော်လည်း မြန်မာတို့ အတွက်မှာမူ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ဖြစ်ရုံသာ မဟုတ်ဘဲ ယုံကြည် ကိုးကွယ်ရာ ဘာသာတရား၏ အထွတ်အမြတ် သာသနိက အဆောက်အအုံ များပင် ဖြစ်သည်။
မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ ပြုပြင် ထိန်းသိမ်း ထားသည့် လုပ်ငန်းများကို ပုဂံဒေသ အပြင် ရှေးဟောင်း အမွေအနှစ်များ တည်ရှိသည့် အင်းဝ၊ မန္တလေး၊ ရွှေဘို၊ ပဲခူး၊ မြောက်ဦး၊ ရှမ်းပြည်နယ် နှင့် ကရင်ပြည်နယ် တို့တွင်လည်း ယဉ်ကျေးမှု ဝန်ကြီးဌာန က ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ရှေးဟောင်း အမွေအနှစ်များ ထိန်းသိမ်း ထားရှိသည့် သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း မြို့ဟောင်းများသည် ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် ယူနက်စကို က အသိအမှတ် ပြုပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရာတွင် ပြည်ပ နိုင်ငံများ၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်၍ ရနိုင်သည် များကို ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း၊ ပူးပေါင်း ဆောင်ရွက်၍ မရနိုင်သည် များကို နိုင်ငံတကာ ခေတ်မီ နည်းပညာများ အသုံးပြု၍ လည်းကောင်း ရှေးမူမပျက် ထိန်းသိမ်း ဆောင်ရွက်ကြ ရမည် ဖြစ်သည်။ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် များသည် မြန်မာ နိုင်ငံသား တို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် နှင့် ယဉ်ကျေးမှု အဆင့်အတန်း ကို ဖော်ကျူးလျက် ရှိသဖြင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည် တည်တံ့၍ မပျောက်ပျက်အောင် ဝိုင်းဝန်း ထိန်းသိမ်းကြ ရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ ပြည်သူများက အမျိုးသားရေး တာဝန်အဖြစ် ခံယူပြီး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက် သွားကြပါရန် တိုက်တွန်း နှိုးဆော်လိုက် ရပါသည်။ ။
( အယ်ဒီတာ့အာဘော် )
#Themyawadydaily
#မြ၀တီနေ့စဉ်
No comments:
Post a Comment