www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 14, 2014

ရှေးဟောင်း တိုင်ကပ်နာရီများကို ဈေးကောင်းပေး၍ ၀ယ်ယူမှုများရှိ


ရှေးဟောင်း တိုင်ကပ်နာရီများကို တွေ့ရစဉ်

ရန်ကုန် ၊ ၁၄-၁၀-၂၀၁၄

ရန်ကုန်မြို့တွင်းသို့ နိုင်ငံခြား ခရီးသွားများ ဝင်ရောက်မှု များပြား လာသည့် နောက်ပိုင်းတွင် ဟိုတယ် နှင့် တည်းခိုခန်း များလည်း ဖွင့်လှစ်မှု များပြားလာပြီး တည်းခိုခန်း များ၌ အလှဆင်ရန် ရှေးဟောင်း ပစ္စည်းများကို လိုက်လံ ၀ယ်ယူသူ များလည်း ပိုမို များပြား လာကြောင်း ရှေးဟောင်း ပစ္စည်း အရောင်းအဝယ် ဈေးကွက် အတွင်းမှ သိရသည်။

ဟိုတယ်နှင့် တည်းခိုခန်း များအတွင်း အလှဆင်ရန် ရှေးဟောင်း ပစ္စည်းများကို ဝယ်ယူပြီး နောက်ပိုင်းတွင် ပြန်လည် ပြုပြင် မွမ်းမံခြင်းများ ပြုလုပ်၍ အခန်းအတွင်း အလှဆင် ပစ္စည်းများ အဖြစ် ထည့်သွင်း ခြင်းဖြင့် လာရောက် တည်းခိုသူ များ၏ စိတ်အာရုံကို စွဲဆောင် ကြခြင်းလည်း ဖြစ်သည်။

အခန်းတွင်း အလှဆင် ရာတွင် စိတ်ဝင်စားမှု အများဆုံး ဖြစ်သည့် နာရီများကို တပ်ဆင်ရာ၌ ခေတ်ပေါ် နာရီများကို အသုံးမပြု ကြတော့ဘဲ ရှေးဟောင်း တိုင်ကပ်နာရီများ ဝယ်ယူ တပ်ဆင်ခြင်းကို ဟိုတယ်နှင့် တည်းခိုခန်း များအပြင် ငွေကြေး ချမ်းသာသူ အချို့၏ နေအိမ်များ ၌လည်း အသုံးပြု လာကြောင်း သိရသည်။

ရှေးဟောင်း တိုင်ကပ်နာရီ များကို ၀ယ်ယူရန် တွံတေး ၊ ပဲခူးတိုင်း ဒေသကြီး နှင့် ဧရာဝတီတိုင်း ဒေသကြီး အတွင်းရှိ ကျေးလက်ဒေသ များအထိ သွားရောက်၍ ဝယ်ယူ သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်ဈေးကွက် အတွင်းရှိ ရှေးဟောင်း ပစ္စည်း ရောင်းချသူ တစ်ဦးက ပြောသည်။

''ရန်ကုန်မြို့ပေါ်က အချို့အိမ် တွေမှာလည်း ရှေးဟောင်း တိုင်ကပ်နာရီ တွေ ရှိသေးတယ်။ ဒါပေမယ့် အဲဒီလောက်ကြီး မများဘူး ၊ ရှိတဲ့ သူတွေကလည်း သိပ်မရောင်း ကြတော့ဘူး။ အဲဒီလို ရှေးဟောင်း တိုင်ကပ် နာရီတွေ ပဲခူးဘက်မှာ အများကြီး ရှိနေတယ်လို့ သိထားတယ်။ ဧရာဝတီ ဘက်မှာလည်း ရှိတယ်။ ဒါပေမဲ့ ပဲခူးဘက်မှာ တော်တော် ကျန်သေးတယ်။ လိုက်ဝယ်တဲ့ သူတွေကို လမ်းစရိတ်ရယ်၊ ကော်မရှင်ရယ် ပေးပြီး လိုက်ဝယ်ခိုင်း တယ်။ ပြီးရင် ဆိုင်မှာ တင်ရောင်းတယ်။ ဘာမှ ပြင်ဆင်တာ မလုပ်ဘူး။ ဆိုင်ကနေ တစ်ဆင့် လာဝယ်တဲ့ သူတွေက တစ်ခုခု လုပ်ထားရင် သိပ်မကြိုက်ဘူး။ သူတို့က ဝယ်ပြီးမှ နာရီကိုယ်ထည် ကျွန်းသား တွေကို ပေါ်လစ် ပြန်ပြီး တင်တာတို့ ၊ စက်ပိုင်း ဆိုင်ရာ ပြင်တာတို့ကို လုပ်တာ။ အဓိက ကတော့ သံပတ်ပေးတဲ့ သော့ မပါလို့ မရဘူး ... " ဟု ၄င်းက ဆက်လက် ပြောသည်။

ကျွန်း နှင့် ကြေး ရောစပ် ပြုလုပ် ထားသော ရှေးဟောင်း တိုင်ကပ်နာရီ များကို အကြီး အသေးပေါ် မူတည်၍ ငွေကျပ် နှစ်သိန်း ငါးသောင်း မှ လေးသိန်းကျော် အထိ ဈေးပေး ဝယ်ယူလျက် ရှိကြောင်း ရှေးဟောင်း ပစ္စည်း ဈေးကွက် အတွင်းမှ သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger