www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 24, 2014

မုတ်သုံအဆုတ် အားထုတ်ရမည့် လုပ်ငန်းနှစ်ရပ်


မုတ်သုံအဆုတ် အားထုတ်ရမည့် လုပ်ငန်းနှစ်ရပ်

၂ဝ၁၄ ခုနှစ် မိုးရာသီတွင် မြန်မာနိုင်ငံ အတွင်းသို့ ဇွန် ၁ ရက်တွင် စတင်ဝင်ရောက် ခဲ့သော မုတ်သုံမိုးသည် စက်တင်ဘာ ၂ဝ ရက်မှစ၍ မြန်မာနိုင်ငံ မြောက်ပိုင်းမှ စတင်ဆုတ်ခွာ စပြုနေပြီး စက်တင်ဘာ ၂၆ ရက် မှ ၃ဝ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းမှ ဆုတ်ခွာမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန် လိုက်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ မိုးဥတုတွင် ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်အထိ ကို မိုးလယ်ကာလ အဖြစ် မိုးလေဝသ ပညာရှင် များက သတ်မှတ် ထားကြရာ ယခု စက်တင်ဘာသည် မိုးနှောင်းကာလ ဖြစ်သည်။ မိုးလယ်ကာလ တွင် တိုင်းဒေသကြီးများ နှင့် ပြည်နယ်အချို့ တို့၌ မိုးသည်းထန်စွာ ရွာသွန်းခြင်း ကြောင့် ရေကြီးရေလျှံမှု ဖြစ်ပေါ်သည်။

မြစ်ချောင်းကမ်းပါး ပြိုသည့် ဖြစ်စဉ်များမှာ ယခင်နှစ်များ ကထက် ပိုမိုကြောင်း တွေ့ရသည်။ ဤသို့ ဖြစ်ရသည်မှာ ရေစီးကြောင်း ပြောင်းလဲခြင်း နှင့် ရေစီးကြောင်း များမှ သဲနုန်းပို့ချမှု များခြင်းကြောင့် ဖြစ်ကြောင်း ပညာရှင် များက လေ့လာတွေ့ရှိ ထားကြသည်။

စက်တင်ဘာ ပထမရက် သတ္တပတ် အတွင်း မိုးရေချိန် ၅ လက်မ အထက် ရွာသွန်းခဲ့သော မြို့များမှာ စက်တင်ဘာ ၃ ရက်တွင် ထားဝယ်မြို့ ၌ ၅ ဒသမ ၇၅ လက်မ၊ လောင်းလုံမြို့၌ ၈ ဒသမ ၂၇ လက်မ၊ စက်တင်ဘာ ၇ ရက်တွင် ထားဝယ်မြို့၌ ၅ ဒသမ ဝ၅ လက်မ၊ ရေးမြို့၌ ၅ ဒသမ ၆၇ လက်မနှင့် ဘီးလင်းမြို့၌ ၆ ဒသမ ဝဝ လက်မ အသီးသီး ရွာသွန်း ခဲ့သည်။

စက်တင်ဘာ ဒုတိယ ရက်သတ္တပတ် အတွင်း မိုးရေချိန် ၄ လက်မ အထက် ရွာသွန်းခဲ့သော မြို့များမှာ စက်တင်ဘာ ၉ ရက်တွင် ပေါင်မြို့၌ ၄ ဒသမ ၈၈ လက်မ၊ စက်တင်ဘာ ၁၃ ရက်တွင် မောင်တော မြို့၌ ၄ ဒသမ ဝ၂ လက်မ၊ ပူတာအိုမြို့၌ ၄ ဒသမ ၅၃ လက်မနှင့် ပြင်ဦးလွင်မြို့ ၌ ၄ ဒသမ ၆၅ လက်မ အသီးသီး ရွာသွန်း ခဲ့သည်။ 

စက်တင်ဘာ တတိယ ရက်သတ္တပတ် အတွင်း မိုးရေချိန် ၃ လက်မ အထက် ရွာသွန်းခဲ့သော မြို့များမှာ စက်တင်ဘာ ၁၆ ရက်တွင် ကော့သောင်းမြို့ ၌ ၄ ဒသမ ၆၁ လက်မ၊ ဂွ၊ ငါးသိုင်းချောင်း၊ ကျောက်ဖြူ၊ သံတောင်ကြီး နှင့် ဘီးလင်းမြို့ များတွင် ၃ လက်မ အထက် ရွာသွန်းခဲ့ပြီး မာန်အောင်မြို့ ၌ ၄ ဒသမ ဝ၂ လက်မနှင့် ပုသိမ်မြို့၌ ၄ ဒသမ ၂၁ လက်မ အသီးသီး ရွာသွန်း ခဲ့သည်။

မြန်မာနိုင်ငံ အတွင်းမှ မုတ်သုံမိုး အပြီး ဆုတ်ခွာ သွားသည်နှင့် ဧရာဝတီ၊ သံလွင်၊ ချင်းတွင်း နှင့် စစ်တောင်း ဟူသော မြစ်ကြီး လေးသွယ်တို့က ဖန်တီးပေးသော မြေနုကျွန်း ပေါ်တွင် ဆောင်းသီးနှံ နှင့် နွေသီးနှံများ စိုက်ပျိုးဖြစ်ထွန်းပြီး ကျွဲ၊ နွား တိရစ္ဆာန် အစာလည်း ပေါများ လာခဲ့သည်။ ထို မြစ်ဝှမ်းကြီး များနှင့် အလှမ်းဝေး သောနေရာ များ၌ မြေအောက်ရေကို ထုတ်ယူ စိုက်ပျိုးကြ ရသည်။

ဤသို့သော အချိန်ကာလ၌ ရေချို၊ ရေတိမ် ဒေသများသည် ပြည်သူတို့ အတွက် အဓိက အားထားရာ ဖြစ်လာသည်။ မြန်မာနိုင်ငံတွင် ရေတိမ်ဒေသ ၉၉ ခုရှိသည့် အနက် ရှမ်းပြည်နယ် တောင်ပိုင်း ရှိ အင်းလေးကန်၊ ကချင်ပြည်နယ် မိုးညှင်းမြို့နယ်ရှိ အင်းတော်ကြီး အိုင်နှင့် ပဲခူးတိုင်း ဒေသကြီး အတွင်း ပဲခူးမြို့နယ် နှင့် ဝေါမြို့နယ်တို့ တွင် တည်ရှိသော မိုးယွန်းကြီးအင်း တို့သည် အထူး အရေးပါသော ရေချို၊ ရေတိမ် ဒေသများ ဖြစ်သည်။

သို့ဖြစ်၍ ယခင်နှစ် များက အတွေ့အကြုံများ အရ မုတ်သုံ အဆုတ်တွင် ကြုံတွေ့ ရတတ်သော သဘာဝ ဘေးအန္တရာယ် လျော့နည်း စေရန် ကြိုတင် ကာကွယ်ရေး သတိရှိကြ ရမည် ဖြစ်သည့် အပြင် ရေချို၊ ရေတိမ် ဒေသများ ထိန်းသိမ်းရေး အလေးထား ဆောင်ရွက် ကြခြင်းဖြင့် နွေရာသီ ကြုံတွေ့ရမည့် အခက်အခဲများ လျော့နည်းရေး ကြိုတင် ပြင်ဆင်မှုများ ရှိကြရမည် ဖြစ်ပေသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger