ကွပ်တဲ့အကွပ် ... ၀တ်တဲ့အ၀တ်
မောင်သင်းထုံ (ကျောက်မဲ)
''ရယ်ဒီမိတ်ထည် လေးသာ ဝတ်လိုက် ရလို့ကတော့ လားကွာ...။ ဒီတစ်သက် သေပျော်ပါပြီ''။ ဒါ လူတစ်ယောက် ဆီက ကြားလိုက်ရတဲ့ နှုတ်ထွက် စကားပါ။ လူငယ်တွေ အဝတ်အစား ကိုပဲ ဒီလောက် အထိ နှစ်သက် ခုံမင် နေကြ တာတဲ့လား။ ပြောပုံကို စဉ်းစား ကြည့်ပါအုံး။ လူငယ်တွေ ဆိုတာ အညွန့် တလူလူနဲ့ တက်လူတွေပါ။ အဲဒီလို လူငယ်တွေက ဘာမဟုတ်တဲ့ သက်မဲ့ အဝတ်အစား အတွက်နဲ့များ သက်ရှိ လူသားတွေက သေပေးကြ ရအုံးမှာ တဲ့လား။ ဘာပြုလို့ ကိုယ့်အသက် ကို အလွယ် တကူနဲ့ အရှုံးပေး အသေခံ ချင်ကြရတာ တဲ့လဲ။ အတွေးအခေါ် က မှားနေပြီနဲ့ တူပါတယ်။
လူငယ်တွေ အတွက် အဝတ်အစားက ဒါလောက်ကို အရေးပါ နေတာတဲ့လား။ စဉ်းစားကြည့် ပါအုံး။ စားဝတ် နေရေး၊ အရေးသုံးပါး ထဲမှာမှ ဒီ အဝတ်အစား ကိစ္စဆိုတာ၊ ပါမယ် ဆိုရင်တောင် ပထမအရေး မဟုတ် ပါဘူး။ ဒုတိယအရေး မှာပဲ ပါတာပါ။ ဆရာတော် တွေရဲ့ အဆုံးအမ တွေထဲမှာလဲ ပါတယ်လေ။ ရတာလေးနဲ့ ဝအောင်စား၊ ရှိတာလေးနဲ့ လှအောင်ဝတ် တဲ့။ အဝတ်အစား ဝတ်ကြတဲ့ ရည်ရွယ်ချက် ကိုက ဟီရိသြတ္တပ္ပ ကို ကာကွယ်ဖို့၊ ရာသီဥတုရဲ့ ဒဏ်ခံနိုင်ရည် ရှိဖို့ အရေးကြီးတာ မဟုတ်လား။ တစ်လောက။ စလောင်း ကလာတဲ့ နိုင်ငံခြား သတင်း တစ်ပုဒ်မှာ ပါတာပါ။ သားရေ ဂျာကင် တစ်ထည်ရဲ့ တန်ဖိုးက ငွေကျပ်သိန်း ၅ဝ တဲ့။ ဒီငွေက ကားတစ်စီး ဝယ်စီး နိုင်လောက်တဲ့ ငွေပမာဏပါ။ ဘယ်လောက် အထိများ ကောင်းမွန်တဲ့ အင်္ကျီမို့လို့ တဲ့လဲ။
အင်္ကျီပါးပါး ဝတ်၊ အစာ ပျော့ပျော့စား၊ စိတ်ကို ကောင်းကောင်းထား လို့ ဆရာ့ ဆရာတွေက ဆုံးမ လမ်းညွှန်ကြတာ ရှိပါ ရော့လား။ တန်ဖိုးရှိတဲ့ အင်္ကျီဝတ်ဖို့ ထက် ကျန်းမာရေး နဲ့ ညီညွတ်တဲ့ အဝတ်အစားကို ရွေးချယ် ဝတ်တတ်ဖို့ လိုတာပါ။ လူတစ်ယောက်ရဲ့ ဂုဏ်ဟာ အပေါ်ယံ အဝတ်အစား ပေါ်မှာ မတည်ပါဘူး။ သူ့ရဲ့ နှလုံးသားနဲ့ အတတ်ပညာ ပေါ်မှာ မူတည် နေတာပါ။ အချို့ ငွေကြေး ချမ်းသာတဲ့ လူတွေဆိုတာ အဝတ်အစား နုံချာချာ ဝတ်ထားပေမယ့် သူ့ရဲ့ပင်ကို အရည်အချင်းစစ်၊ အနှစ်သာရကို သိထားတော့ ဘယ်လိုမှကို မျက်နှာငယ် စရာ အကြောင်း မရှိပါဘူး။ ပိုလို့တောင်မှ ထင်ပေါ် နေပါ သေးတယ်။
လူကြီးသူမတွေ ပြောကြသံ ကြားဖူးတာပါ။ ဂျပန်ခေတ်က အဝတ်အစား တွေများ အလွန် ရှားပါးတော့ ဂုန်နီအိတ်ခွံ အနုစားတွေ တောင်မှ အရှက်လုံရုံ ဝတ်ကြ ရတာဆို။ ဒီခေတ်က အဝတ်အစား ဇီဇာကြောင် ကြတဲ့ ကလေးတွေဆို ဘယ်လိုများ နေကြမလဲ လို့ပါ။ ရွာအစွန်က တဲမှာ နေတဲ့ ဂျပန်ခေတ်က အဖြစ်အပျက် ကတော့ သားအဖ နှစ်ယောက် ရှိတာတောင်မှ သူတို့မှာ ဂုန်နီစ ဝတ်စရာက တစ်ထည်တည်း ရှိတာတဲ့။ ဒီတော့လား အဖေ့ ဧည့်သည် လာရင် တစ်ထည် တည်းသော ဂုန်နီစကို အဖေ့ ပေးဝတ်၊ သမီးက အိမ်ထဲပုတ် မှောက်နေ ရတာတဲ့။ တစ်ခါ သမီး ဧည့်သည် လာတော့ အဖေက အိမ်ထဲဝင် ပုတ်မှောက် နေရတာဆို။ ဒီတူးမှ၊ ဂျော်ဒါးနိုးနဲ့မှ ကြေးများ နေကြတဲ့ ကလေးတွေ ဂျပန်ခေတ်များ ဆို ဘယ်လို နေကြလေ မလဲ။
''တောင်းမှာ အကွပ်၊ လူမှာ အဝတ်'' ဆိုတဲ့ ဆိုရိုး စကားပုံကို ပြန်ကြည့်ပါအုံး။ တောင်းမှာကွပ် တဲ့အကွပ် ဆိုတာက အဲဒီတောင်းကို ခိုင်ခံ့အောင် လို့ပါ။ ဒီတော့ လူတွေမှာ ဝတ်ရတဲ့ အဝတ်အစားရဲ့ ရည်ရွယ်ချက် ကရော ယဉ်ကျေးအောင် လို့ ဝတ်ကြတာပါ။ ဒီတော့ ဘာ အဝတ်အစားမှ ငွေကြေး တန်ဖိုး ရှိမှ၊ မရှိမှလို့ ခွဲခြားနေစရာ မလိုပါဘူး။ အဝတ်အစား တွေရဲ့ ရည်ရွယ်ချက် က အပူအအေး၊ ရာသီဥတုဒဏ် ကာကွယ် နိုင်အောင် ဝတ်ကြတာ မဟုတ်လား။
ငွေကြေး မတတ်နိုင်လို့ တစ်ခါတလေမှ ဝယ်ရသူတွေ အတွက်က အဝတ်အစား ကောင်းကောင်း ဝယ်ဖို့ လိုပါတယ်။ ဒါမှ လျှော်တာ ဖွပ်တာ အကြမ်းပတမ်း ခံနိုင်မှာ၊ အဝတ်တွေ ခဏခဏ မဝယ်ရမှာ။ ခုခေတ် အဝတ်အစား တွေဆိုတာ တစ်လတစ်မျိုး လောက် အသစ်အဆန်း တွေ ပေါ်နေတော့ လိုက်လို့ကို မမီတော့ ပါဘူး။ အရေးထဲ တရုတ် ထည်တွေက ဈေးပေါပေမယ့် ကွာလတီ ကျတော့ မကောင်းပါဘူး။ ရေလျှော်လဲ မခံဘူး။ အရောင်တွေက ဆေးကျွတ်တယ်။ သူ့ဘာသာသူ ဆေးကျွတ် တာက အကြောင်း မဟုတ်ပါဘူး။ အဲဒီ ဆေးတွေက အထည် ဝတ်တဲ့ ကလေးတွေရဲ့ အရေပြား တွေထဲ ချွေးပေါက်တွေ ကနေ တစ်ဆင့် ဝင်ကုန်ကြ ရင်တော့...။
လူတွေက မြင်သာ ထင်သာတဲ့ အစားအသောက် တွေပေါ်မှာ တင် အာရုံထား နေကြတာပါ။ တကယ်ဆို အဲဒီလို အဝတ်အစား တွေရဲ့ ဆိုးဆေးတွေ၊ ချည်သားတွေ ကနေ တစ်ဆင့် ကလေးတွေရဲ့ အရေပြား တွေပေါ် ဘယ်လို အရာတွေ စိမ့်ဝင်ပျံ့နှံ့ နေကြသလဲ။ အထူးသဖြင့် အသက် ၃ဝ နှစ်အောက် လူတွေကို ကျန်းမာရေးနဲ့ ပတ်သက်လို့ သုတေသန လုပ်သင့်ပါတယ်။ ဥပမာ- ဓာတ်ဘူးနဲ့ ရေနွေး နေ့တိုင်း သောက်လို့ လူတွေရဲ့ ဝမ်းဗိုက်ထဲ ပြဒါးတွေ ဘယ်လောက် အန္တရာယ်ပြု နေကြသလဲ ဆိုတာမျိုးပေါ့။ ပေါပေါများများ နဲ့ ဝင်လာတဲ့ တရုတ် အထည်တွေ အပေါ်မှာလဲ ကျန်းမာရေး အနေနဲ့ စစ်ဆေးသင့် ကြပါကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။
#Yadanarpondaily
No comments:
Post a Comment