မန္တလေး ၊ ၂၉-၉-၂၀၁၄
မန္တလေးတိုင်း ဒေသကြီးတွင် သမိုင်းဝင် လေ့လာစရာ များစွာရှိပြီး နိုင်ငံတကာ ခရီးသွား ဧည့်သည် များကို ဆွဲဆောင် စေသည်။ ထို လေ့လာစရာ များစွာထဲတွင် မြန်မာဘုရင် လက်ထက်က နယ်ချဲ့ရန်ကို ကာကွယ် တိုက်ခိုက်ရန် တည်ဆောက် ခဲ့သည့် ခံတပ်များလည်း ပါဝင်သည်။
အင်းဝသို့ သွားသည့် လမ်းဘေး စစ်ကိုင်းတံတား အရှေ့ဘက် တွင် သပြေတန်း ခံတပ် ကို လေ့လာ နိုင်သည်။ သပြေတန်း ခံတပ်ကို မင်းတုန်းမင်း တရားကြီး လက်ထက် သက္ကရာဇ် ၁၂၃၆ ခုနှစ် တန်ဆောင်မုန်း လပြည့်ကျော် ၁ဝ ရက် ကြာသပတေးနေ့ (၁၈၇၄ ခုနှစ် ဒီဇင်ဘာ ၃ ရက်) တွင် စတင် တည်ဆောက် ခဲ့သည်ဟု သိရသည်။
ခံတပ် ဆောက်လုပ်ခြင်း ၏ ရည်ရွယ်ချက် တွင် ဧရာဝတီ မြစ်ကြောင်းဖြင့် ရတနာပုံ နေပြည်တော်သို့ ဆန်တက် လာမည့် နယ်ချဲ့ရန်ကို တွန်းလှန် တိုက်ခိုက်ရန် ဖြစ်သည်။ သပြေတန်း ခံတပ်နှင့် တစ်ပြိုင်တည်း တွင် စစ်ကိုင်းမြို့ အစေခံ ခံတပ် တစ်ခု၊ အင်းဝမြို့ဟောင်း ဆင်ကျုံးရွာ ၌ ခံတပ်တစ်ခု ဆောက်လုပ် ခဲ့သည်။ ခံတပ်သုံးခု ကို ဧရာဝတီ မြစ်ကြောင်း၏ ဝဲ၊ ယာ ညှပ်လျက် တြိဂံ အနေအထားဖြင့် တည်ဆောက် ခဲ့သည်။ လက်ရှိ ကာလတွင် သပြေတန်း ခံတပ်၏ မြောက်ဘက်ခြမ်း သည် စစ်ကိုင်းတံတား ချဉ်းကပ်လမ်း ၏ အောက်တွင် ရှိနေ သော်လည်း ခံတပ်မှာ အရှေ့ အနောက်ပေ ၄ဝဝ ကျော် တောင်မြောက် ပေ ၃၅ဝ ကျော် ကျယ်ဝန်းသည့် အနေအထား ကို တွေ့မြင် နိုင်သည်။
ခံတပ်ကို လေ့လာခြင်း ဖြင့် ရှေးခေတ်မှ စစ်ရေး အမြင်များ ခံတပ် တည်ဆောက်ပုံ နည်းစနစ်များ ခံတပ်အတွင်း ဖွဲ့စည်း ထားသော အခန်းများ ခံတပ်တွင် တပ်ဆင် ထားသည့် အမြောက်များကို လေ့လာသိရှိ နိုင်သည်။ ခံတပ်တွင် ဆင်ခြေလျှော အုတ်လမ်းများ၊ ဥမင်လိုဏ်များ၊ စစ်သည် ရဲမက်ခန်းများ လက်နက်တိုက်၊ ယမ်းတိုက်များ နှင့် အတူ ရေတွင်းတို့ ပါရှိသည်ကို တွေ့နိုင်သည်။ သပြေတန်း ခံတပ်သည် ခံတပ် သုံးခုတွင် အရွယ်အစား အကြီးဆုံး နှင့် ထုထည် အကောင်းဆုံး ဖြစ်ကြောင်း သိရသည်။
ယခုအခါ သမိုင်းဝင် သပြေတန်း ခံတပ်အတွင်းတွင် ပေါင်းမြက်များ ရှုပ်ထွေးကာ ခံတပ်ပေါ်မှ တံတားငယ် (ပုံ)မှာ ယိုင်နဲ့ နေသည်အထိ ဖြစ်နေသည့် အတွက် ပြန်လည် ပြင်ဆင် တည့်မတ်ပေးကာ ပြုပြင်ပေးရန် လိုအပ်ကြောင်း ဒေသခံ တစ်ဦးက ပြောပြ၍ သိရသည်။ (၁၅၉)
#Yadanarpondaily
No comments:
Post a Comment