www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, September 11, 2014

မျက်ရည်ကျခွင့်ပြုပါ ကိုကျီးညို


မျက်ရည်ကျခွင့်ပြုပါ ကိုကျီးညို

သရက်တန်း စိုးရွှေ

ငယ်စဉ် ကျောင်းသားဘဝ သတ္တမတန်း တက်စဉ် ကျူရှင် တက်ချင်သဖြင့် ကျူရှင် တစ်ခုကို သွားသည်။ ကျူရှင် ဆရာက မေးလိုက်သည် ''ဘယ်ကလဲတဲ့...'' ။ ''သရက်တန်းက'' ဟုဖြေလိုက် သည်နှင့် ''သရက် တန်းသား ဆို လက်မခံဘူး ''ဟု ပြောလွှတ် လိုက်သည်။ စာရေးသူ၏ ကလေး အတွေးထဲတွင် စိတ်နည်းနည်း နာသွား ခဲ့သည်။ သရက်တန်း သား ဆို ကျူရှင် လက်မခံဘူး တဲ့လား။ သရက်တန်း ရွာက ဘာဖြစ် နေလို့လဲဟု အတွေးဝင်ကာ ကိုယ့်ရွာကို ပြန်ကြည့် လိုက်မိသည်။

သရက်တန်း အရက်ဖမ်း တဲ့...။ သရက်တန်း လူသတ်ရမ်း တဲ့...။
သရက်တန်းသား လူမိုက်များ တဲ့...သရက်တန်းသား ဖဲသမား တဲ့...။

တစ်ယောက်နဲ့ ရန်ဖြစ်လို့ သရက်တန်းသား ခံခဲ့ရလျှင် တစ်ရွာလုံး လိုက်ကာ တုတ်ဓား ဆွဲကာ လိုက်ကြသည့် ရွာဟုပင် မြစ်ငယ်မြို့ နှင့် အနီးတစ်ဝိုက် ဒေသမှ မှတ်စွဲထားပြီး သရက်တန်း လူမိုက်ရွာကို မလာကြ သည်က များနေသည်။ လူငယ်မို့သာ အပြစ်ပြော သူကို စိတ်နာ နေခြင်း ဖြစ်သည်။ သူတို့ သိထားသည့် အတိုင်း အမှန်ပင် ဖြစ်သည်။ ဆိုရှယ်လစ် ခေတ် တစ်ခေတ်လုံး၊ တစ်ရွာလုံး နီးနီး အရက်ချက် ရောင်းသည်။ မြို့နယ်နှင့် ရဲစခန်း များတွင် မင်နီ ပြထားသောရွာ ဟုပင် လူကြီးများက ပြောဖူးသည်။ ရွာ၏ ဆိုးမွေသည် လူငယ်များထံ ရိုက်ခတ်ကာ ကျူရှင် တက်ခွင့် ပိတ်ပင် ခံလိုက် ရတော့သည်။

လူငယ်တစ်စု အုပ်စုဖွဲ့ကာ တိုင်ပင် ကြသည်။ ထိုအထဲတွင် ကိုကျီးညို ဆိုသူနှင့် ကိုအောင်မြင့် ဆိုသူ တို့လည်း ပါဝင်သည်။ ''သရက်တန်း အရက်ဖမ်း မဖြစ်စေရ ဘူးကွာ။ သရက်တန်း တိုးတက် ရမယ်ကွာ'' ဟု ရွာထိပ်က တံတား အုတ်ခုံ ပေါ်တွင် ကြွေးကြော် ခဲ့ကြသည်။ ကြွေးကြော်မှု စတင် ပေမယ့် တစ်ရွာလုံးကို ပြန်ကြည့် သမျှ ဘွဲ့ရ အမျိုးသမီး တစ်ယောက် သာလျှင် ရှိပြီး ကျန် သူများမှာ မိသားစု တစ်စုလုံး ပေါင်းမှ ဆယ်တန်း  မပြည့်သူ များလည်း ပါဝင် ကြသည်။ မည်သို့ပင် ဆိုပါစေ ကျောင်းတွင် ကိုယ့်ရွာ အကြောင်း စာစီစာကုံး ရေးရသမျှ အလှပဆုံးရွာ အဖြစ် စိတ်ကူးဖြင့် တင်စားခွင့် ရခဲ့သည်။

ဆိုးမွေကို ဖျက်ဖို့ စတင်ကြိုးစား ကြသည်။ သင်္ချိုင်းဘေးမှ နာနတ်ရိုင်း ပင်တို့ လွှမ်းမိုး ထားကာ ကြောက်စရာ အသွင် ဖြစ်နေသော ရွာလမ်းကို ရှင်းလင်း ခုတ်ထွင် ကြသည်။ တစ်နှစ်တော့ မဟုတ်ပါ။ ဆယ်စုနှစ် တစ်ခုအထိ လမ်းရှင်း၊ လမ်းဖို့၊ လမ်းဖောက်ခြင်း ကို နှစ်စဉ် ပြုပြင် လုပ်ပေး ကြရသည်။

မည်သို့ပင် ဆိုစေ လူငယ်များ အနေဖြင့် ဆယ်စုနှစ် ကျော်အထိ ကြိုးစားမှုက အောင်မြင် လာခဲ့သည်။ ပညာရေးကို အားပေး လာခဲ့သည်။ ပညာတတ်ခြင်း ၏ ကောင်းကျိုးကို သိအောင် စုစည်း စည်းရုံး ခဲ့ကြသည်။ ကျေးရွာ လမ်းများ ကောင်းမွန် သွားရာမှ ဖွံ့ဖြိုးမှု တိုးတက် လာခဲ့သည်။ အသံချဲ့စက် ဝါသနာ ပါသော ကိုကျီးညို ၏ ထပ်မံ ကြုံးဝါး လာသည်က '' တို့ရွာ လျှပ်စစ်မီး ထိန်နေအောင်ကို လုပ်ရအုံးမှာ ''တဲ့။ အရက်ချက်သူ နည်းပါးလာပြီး ပညာတတ် ဘွဲ့ရ များ လာခဲ့သည်။ ထိုလူငယ်လေး များ၏ ခံယူချက်က ''သမိုင်းဆိုးကို ဖျက်မယ်။ ကိုယ့်အတွက် နဲ့ ကိုယ့်ရွာ နာမည် မပျက်စေနဲ့ '' တဲ့။ ဒီကြားထဲ သရက်တန်းရွာ ကို စံပြ ကျေးရွာကြီး ဖြစ်လိုတဲ့ ကိုကျီးညို က တစ်မျိုး ဆိုလာသည်။ ''ဟေ့ကောင် စိုးရွှေ ရာ...မင်းက စာတွေ ဝါသနာပါတော့ ကလောင် နာမည်ရွေးတဲ့ အခါမှာ ကိုယ့်ရွာ နာမည်ကို ရှေ့က တပ်ပေးစမ်း ပါကွာ။ ငါတို့ သရက်တန်း ရွာလေးကို မင်းစာတွေ အကြောင်းပြုပြီး လူတစ်ယောက်ပဲ သိသိကွာ .. .. ''တဲ့။

တစ်နေ့ တစ်ရက်တည်း မရသော တည်ဆောက်မှုမှာ အခက်အခဲ များစွာ ကြုံခဲ့ ရသည်။ လူငယ်များ အသိသုတ ရစေရန် ညစဉ် စာဖတ်ဝိုင်း လေးများမှ စတင် ပေးရသည်။ တဲသာသာ စာကြည့်တိုက် လေးကို ဖွင့်ပေးခဲ့ ကြသည်။ နေရာ အတည်တကျ မရှိဘဲ စာသင်ကျောင်းဝင်း အတွင်း ဖွင့်ခဲ့ရသည်။ ထိုမှသည် မြေလှူဒါန်းသူ ကြောင့် အတန် အသင့်အဆင့် ရှိသော စာကြည့်တိုက်လေး ဖြစ်လာခဲ့သည်။ စာကြည့်တိုက် ကို အကြောင်း ပြုကာ မန္တလေး မြို့ပေါ်မှ စာပေ ပညာရှင်များ နှင့် လူကြီးများ သရက်တန်းရွာ စာကြည့်တိုက် ဖွင့်ပွဲကို တက်ရောက် အားပေးကာ သရက်တန်း ကို သိသွား ကြသည်။

ပတ်ဝန်းကျင် တစ်ခွင်က အိပ်မက်ပမာ ထင်နေ ကြသည်။ ဆယ်စုနှစ် နှစ်ခုကျော် အထိ ဘယ်လူကြီးမျှ မလာသောရွာလေးကို ကားတန်းကြီး နှင့် ရှင်လောင်း လှည့်သလို စာကြည့်တိုက် ဖွင့်ပွဲလုပ်၊ စာပေ ဟောပြော သွားကြ၊ တီးဝိုင်းများ နှင့် တီးမှုတ်ပြီး ဧည့်ခံ သွားခြင်းကို အံ့သြ နေကြသည်။ မပွင့်လင်း ခဲ့သော ခေတ်ကာလ အတွင်း လူငယ်တွေ အုပ်စုကို အုပ်ချုပ်သူ တို့က အမြင်ကတ် ခဲ့ကြ ပါသေးသည်။ တစ်ခါတစ်ရံ ပိတ်ပင် ဟန့်တားမှု များပင် သွယ်ဝိုက် ပြုလုပ် ခဲ့ကြ ပါသေးသည်။ သူတို့အမြင်၊ သူတို့အတွေး တွင် သရက်တန်း သားများ နိုင်ငံရေး လုပ်နေပြီ။ အုပ်ချုပ်သူကို ခေါင်းခြောက် အောင် လုပ်မယ့် သူများဟု အတွေးရောက် ခဲ့ဖူးကြသည်။

လောကကြီးသည် မတရားဟုပင် အပြစ်ပြော လိုက်ချင်ပါသည်။ စိတ်တူ ကိုယ်တူ ကြိုးစား လာခဲ့သူတွေ တစ်ယောက်ပြီး တစ်ယောက် ဆုံးပါး သွားခဲ့ ကြသည်။ သုသာန်တွင် အဖွဲ့လိုက် သွားကာ စာကြည့်တိုက် အဖွဲ့၊ ကျေးရွာ တိုးတက်ရေး လုပ်ဆောင်မှုအဖွဲ့မှ နုတ်ထွက်ခွင့် ပြုလိုက်ကြောင်း မျက်ရည် များဖြင့် အမိန့်ပြန် ပေးခဲ့ ရသည်။ တစ်ဦးဆုံး၍ အားပြတ် နေစဉ်မှာပင် နောက်တစ်ဦး က ကင်ဆာဖြင့် ထပ်မံ ဆုံးသွား ပြန်သည်။ အိမ်ထောင်ကျသူ၊ အဝေးရောက် သူများ ကြားထဲမှာ ဆုံးပါး သွားသူတွေက မဆုံးပါးခင် တဖွဖွ မှာသွားကြ သည်။ ''မီးလင်း အောင် လုပ်တဲ့''။ ''နာမည်ဆိုးကို ဖျက်ပါ'' တဲ့...။''တို့ရွာကို စံပြရွာ လေး...၊ တိုးတက်တဲ့ ရွာလေး...၊ သာယာတဲ့ ရွာလေး...၊ ပညာတတ်တွေ ထွက်တဲ့ ရွာကလေး ဖြစ်အောင် လုပ်ပါတဲ့''။ ခေါင်းဆောင် သူများ အင်အားနည်း လာချိန်မှာ စာဖတ်ဝိုင်းလေး အင်အား နည်းလာ ရသည်။ သို့တစေ နှစ်စဉ် တက္ကသိုလ် ဝင်တန်းအောင်၊ ဘွဲ့ရများ ထွက်ပေါ် အောင် အားပေး စွမ်းဆောင် ခဲ့ကြပြီး ရွာအဝင် လမ်းမကြီးကို ကျောက်ကြမ်း ခင်းကာ ကားမျိုးစုံ ဝင်ထွက် လာစေခဲ့သည်။ သရက်တန်း အရက်ဖမ်း မဟုတ်တော့ ပါ။ သရက်တန်း လူသတ်ရမ်း မဟုတ်တော့ပါ။ မြစ်ငယ် တစ်ဝိုက်မှာ တိုးတက်မှု များနှင့် စီခြယ် ထားသည့် လူကောင်း၊ လူတော်၊ လူငယ်များ ထွက်ပေါ် လာသည့်ရွာဟု လက်ခံ လာကြ သည်။

ဟော...သရက်တန်း တစ်ရွာလုံး နေဝင်ချိန် ညနေ ခြောက်နာရီ ကို ကလေး၊ လူကြီး စောင့်နေ ကြသည်။ သူတို့ရဲ့ မျက်လုံးများ က ကောင်းကင်ကို မော့ကြည့် နေကြသည်။ ''ဘာတွေ ဖြစ်လာမလဲ... ဘယ်လို ဖြစ်လာ ပါမလဲ'' ဆိုပြီး စောင့်နေ ကြသည်။ စောင့်ကြည့်သူ တွေများ နေသည်။ တဖြည်းဖြည်း နေဝင်လာပြီ... နာရီမှ ခြောက်နာရီ ကို ညွှန်ပြ လိုက်သည်။ ဖျတ်ခနဲ အလင်းရောင် ကြီးက တစ်ရွာလုံးကို လွှမ်းခြုံ သွားသည်။ ကြည့်နေ သူတွေ အားလုံး ရုတ်တရက် အော်ဟစ် လိုက် ကြသည်။ ''ဟေး....'' ဆိုသော အသံ တစ်ရွာလုံး ဆူညံ သွားသည်။ လျှပ်စစ်မီးများ လင်းထိန် သွားကာ တစ်ရွာလုံး ပျော်ရွှင် နေကြသည်။ ကျွန်တော် ကတော့ ထရန်စဖော်မာ အနားတွင် မျက်ရည်ကျ နေမိသည်။ သူငယ်ချင်း တွေက လာရောက် အားပေး တွဲခေါ် ကြသည်။ 

တွဲခေါ်လာသော လက်များ တုန်ယင် နေသလို သူတို့ ကိုယ်တိုင်လဲ ဟီးချ ငိုလိုက် ပါတော့သည်။ ဘာကြောင့် ငိုကြသည် ဆိုသည်ကို ကိုယ်စီ သိနေကြသည်။ ''ယောက်ျားလေး မျက်ရည် မကျရဘူး ဆိုတာ သိကြ ပါတယ်။ ဒါပေမဲ့ ဒီကနေ့၊ ဒီအချိန် မှာတော့ မျက်ရည် ကျခွင့် ပြုကြပါ ခင်ဗျာ...''။ အထူးသဖြင့် သရက်တန်းရွာ ၏ သမိုင်းဆိုးကို ဖျက်နိုင် ခဲ့သော ဆုံးပါး သွားသည့် သူများကို ခွင့်တောင်း နေမိသည်။ သေခါနီး အထိ တဖွဖွ မှာသွားခဲ့သူ ကိုကျီးညို ရေ သရက်တန်း ရွာ မီးလင်း သွားပြီမို့ ကျွန်တော် တို့ကို ''မျက်ရည်ကျခွင့် ပြုပါ ကိုကျီးညို'' လို့ ကိုယ်စီ ခွင့်ပန်ရင်း ပါးပြင် မှာတော့ မျက်ရည်စ တို့ တွဲခို နေပါ တော့သည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger