www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 21, 2014

သို့ဆိုပါလျှင် ...


သို့ဆိုပါလျှင် ...

ချမ်းမြအောင်

နှစ်ပေါင်းများစွာ အနေစိမ်း ခဲ့သည့် ကျွန်တော့် ဇာတိရွာ...။ ဒီနှစ်သင်္ကြန် ရောက်မှပဲ ရက်ရှည် လည်ပတ်ခွင့် ရရှိခဲ့သည်။ လည်ပတ်ခွင့် ဟု ဆိုသော်လည်း ဘယ်မျှ မသွားဖြစ်ပါ။ တွေ့ချင် မြင်ချင်သူ ဆွေသဟာ အပေါင်း တို့ကို ဘုန်းကြီးကျောင်း တွင် ဥပုသ်စောင့် ခြင်းဖြင့် ဆန္ဒပြည့် သွားခဲ့သည်။ ဘုန်းကြီးကျောင်းမှာ လူစုံ တွေ့ရသည်။ သေသူ၊ ရှင်သူ အားလုံးတို့ကို စာရင်းချုပ် မိသည်။

ဤတွင် ထူးခြားမှု နှစ်ခုကို ကျွန်တော် သတိပြုခဲ့ မိသည်။ တစ်ခုမှာ အသက် ၉ဝ နီးပါး အသက်ရှည်ကြ သူများ၊ တစ်ခုမှာ အသက် ၅ဝ မကျော်ဘဲ လူ့လောကအား ကျောခိုင်း ခဲ့ကြသူများ။ အဓိပ္ပာယ် ကား ရှင်းသည်။ အရက် သောက်သုံးသူ နှင့် အရက်ကို ရှောင်လေ ဝေးဝေး နေထိုင် တတ်သူများ...။

တကယ်တော့ လူ့လောကထဲမှ ဖယ်ကြဉ်၍ ထွက်ခွာ သွားကြ သူများသည် ကျွန်တော်တို့ အရက်သေစာ သောက်စား နေချိန်တွင် အနံ့မခံနိုင်၊ ပျို့အန်တတ် သူများ ဖြစ်သည်။ သို့သော် နောင်တွင် အရက်ကြိုက်သူ ''ကြီးမိုက်များ'' ဖြစ်လာ ကြသည်။ ကျွန်တော်တို့ စောစီးစွာ အရက်ဖြတ် ခဲ့သော်လည်း သူတို့ တစ်တွေမှာ အရက်၏ အရသာထဲတွင် နစ်မြော နေလျက် အရက်၏ ကျေးကျွန် ဖြစ်ခဲ့ ကြသည်။

အရက်ဟူသည် စွဲလမ်းမိပြီ ဆိုလျှင် ဖြတ်နိုင် ခဲသည်။ ဘုရားချွတ်လည်း ကျွတ်မည် မထင်။ တရား လာချသူသည် ရန်သူ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အရက်သောက် ခဲ့စဉ်က ဒီအတိုင်းပဲ ခံယူသည်။ ကျွန်တော်တို့ နှင့် အရက်ခွက် လှည့်ခံ သောက်ခဲ့ ကြသည့် ပုလင်းတူ ဘူးဆို့ အပေါင်းအသင်း များသည် အရက်ဆီများ တစ်ခေတ်ဆန်း လာချိန်တွင် အသည်းများ အထိ နာခဲ့သည်။ ၄င်းနောက် လူ့လောကထဲမှ တဖြည်းဖြည်း ကွယ်ပျောက်ကုန် ကြသည်။ ထိုသူများ မရှိကြ သော်လည်း အမိန့်ရ အရက်ဆိုင်တွေ စည်ကားမြဲ စည်ကား နေလျက် ရှိသည်။ အဘယ်ကြောင့် ဆိုသော် မျိုးဆက်သစ် များက အရက်၏ ကျေးကျွန်အဖြစ် အမွေ ဆက်ခံ လာသော ကြောင့်ပင် ဖြစ်သည်။ ရွာရှိ လူငယ်တိုင်း လိုလို အရက်စွဲကြ ပြန်သည်။ အရက်ကြောင့် လယ်သမား၊ ယာသမား၊ လုပ်သား ကောင်းကြီးများ ဆုံးရှုံးခဲ့ ကြသည်။ ၄င်း လူငယ်များမှာ နိုင်ငံတော် ထူထောင်ရေး လုပ်ငန်းများတွင် မည်သည့် ရှုထောင့်တွင်မှ ပါဝင်နိုင်ခြင်း မရှိတော့ချေ။ နိုင်ငံတော် အတွက် နစ်နာရသည်။

မြန်မာနိုင်ငံ သည် ကမ္ဘာတွင် အရက် သောက်သုံးမှု ဒုတိယ အများဆုံး နေရာ ရရှိထားခြင်းမှာ ကောင်းသော ကျော်ကြားခြင်း မျိုး မဟုတ်ပေ။ သောက်သုံးမှု အများဆုံး နိုင်ငံများအား ကြီးစဉ်အတိုင်း ရေတွက်လျှင် အိန္ဒိယ သည် ပထမဖြစ်၍ မြန်မာသည် ဒုတိယ...။ ယင်းနောက် ထိုင်း၊ လာအို၊ ဂျပန် နှင့် ကိုရီးယား တို့ဖြစ်ကြောင်း ( WHO ) ထုတ်ပြန်ချက် စာရင်းများအရ သိရှိရသည်။ မြန်မာနိုင်ငံတွင် အရက် သောက်သုံးမှု နှုန်းမှာ တစ်နိုင်ငံလုံး ၁၉ ရာခိုင်နှုန်း ရှိပြီး အမျိုးသား ၄၅ ရာခိုင်နှုန်း နှင့် အမျိုးသမီး ၃ ရာခိုင်နှုန်း ရှိသည်။ ဘီယာ သောက်သုံးမှုမှာ ၈၃ ရာခိုင် နှုန်းရှိ၍ အရက်ပြင်း နှင့်ဝိုင် သောက်သုံး မှုမှာ ၁၇ ရာခိုင်နှုန်း ရှိကြောင်း လေ့လာ သိရှိ ရလေသည်။

မြန်မာနိုင်ငံတွင် ဘဏ္ဍာနှစ် အလိုက် ပြည်တွင်း ထုတ်လုပ်သည့် အရက်နှင့် ဘီယာ အရေအတွက်မှာ ၂ဝ၁၁ - ၂ဝ၁၂ ဘဏ္ဍာနှစ် တွင် ဂါလန် ၂၄၈ သိန်း၊ ၂ဝ၁၂ -၂ဝ၁၃ ဘဏ္ဍာနှစ် တွင် ဂါလန် ၂၇၄ သိန်း၊ ၂ဝ၁၃ -၂ဝ၁၄ ဘဏ္ဍာနှစ် တွင် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာလ ကုန်အထိ ကိုးလ အတွင်း ဂါလန်ပေါင်း ၂၅၂ သိန်း ထုတ်လုပ် နိုင်ခဲ့သည်။ တစ်နှစ်ထက် တစ်နှစ် အရက် ထုတ်လုပ်မှု အရှိန်မြှင့်တင် ခဲ့သည့်အပေါ် ယမကာ မှီဝဲသူများက နှစ်ထောင်း အားရ ဖြစ်ခဲ့ကြ ရသည်။

စင်စစ်တွင်ကား အရက် ထုတ်လုပ်မှုမှ ရရှိခဲ့သော အမြတ်အစွန်း များသည် အမြတ်ထက် အရှုံးမှာ မကာမိနိုင်၊ ဘဲစားဘဲကျေ ပဲဖြစ်သည်။ အရက်ကြောင့် လူတော် လူကောင်းများ၊ အသိ ပညာရှင် အတတ် ပညာရှင်များ၊ လုပ်သား ကောင်းများ ဆုံးရှုံးခဲ့ကြ သည်။ အရက်ကြောင့် ရရှိသော ရောဂါများကို ကုသရန် အတွက် ကျန်းမာရေး အသုံးစရိတ် များ မြင့်တက် ခဲ့သည်။ ဆင်ဖိုးထက် ချွန်းဖိုး ကြီးမား ခဲ့ရသည်။ ထို့ပြင် ဆက်နွှယ် လာကြသည့် မှုခင်း ဖြစ်စဉ် များကြောင့် တရားဥပဒေ စိုးမိုးရေး ကိုပါ ခြိမ်းခြောက် လာသည်။ မြန်မာနိုင်ငံတွင် အများဆုံး ဖြစ်ပွားလျက် ရှိသည့် လူသတ်မှုနှင့် အဓမ္မမှု များမှာ အရက်ကိုပင် အသုံးချ၍ ကျူးလွန် ခဲ့ကြကြောင်း တွေ့ရှိရသည်။ လူသတ်မှုနှင့် အဓမ္မမှု များသည် တစ်နှစ်ထက် တစ်နှစ် စံချိန်တင်နေလျက် ရှိသည်။

လူသတ်မှုများအနေဖြင့် ၂ဝဝ၈ ခုနှစ်တွင် ၇၉၁ မှု၊ ၂ဝဝ၉ ခုနှစ်တွင် ၇၄၁ မှု၊ ၂ဝ၁ဝ ပြည့်နှစ် တွင် ၇၉၅ မှု၊ ၂ဝ၁၁ ခုနှစ်တွင် ၁၂၄၅ မှု၊ ၂ဝ၁၂ ခုနှစ်တွင် ၁၃၂၃ မှု ကျူးလွန် ခဲ့ကြသည်။ အလားတူပင် အဓမ္မမှု များသည် လည်း တစ်နှစ်ထက် တစ်နှစ် မြင့်မား လာလျက် ရှိကြောင်း လေ့လာ တွေ့ရှိရသည်။

ကျွန်တော်တို့ မြန်မာနိုင်ငံ သည် ထေရဝါဒ ဗုဒ္ဓဘာသာ ထွန်းကားသော နိုင်ငံဖြစ်သည်။ ထို့အတူ ခါးဝတ်ပုဆိုး ကဲ့သို့ မြဲမြံစွာ စောင့်ထိန်း အပ်သည့် ငါးပါးသီလ ထဲတွင် ''သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ'' ဟု ဘုရား ရှိခိုးတိုင်း ဝန်ခံ ကတိပြုလျက် သမ္မာအာဇီဝ မဂ္ဂင်တွင် ကုန်သွယ်ခြင်း ငါးခုထဲမှ '' သေရည်၊ သေရက် (မူးယစ်ဆေးဝါး အပါအဝင်) ကို ကုန်သွယ်ခြင်း မပြုအပ် '' ဟု ဗုဒ္ဓက လမ်းညွှန် မြွက်ကြား ထားပါလျက်..။

ကျွန်တော်တို့ ပတ်ဝန်းကျင် တွင် လွယ်လွယ်ရ ၍ များများ သောက်ခွင့် ရသော အရောင်မျိုးစုံ အရက်များ ပေါများ နေလျက် ရှိသည်။ ကျယ်ပြန့် လာသော ဈေးကွက် စီးပွားရေးနှင့် အတူ လမ်းဘေး ကွမ်းယာဆိုင်၊ လမ်းဘေးသွား လက်တွန်းလှည်း များမှာလည်း အရက်ကို အလွယ်တကူ သောက်သုံးခွင့် ရရှိလာသည်။ လက်တွန်းလှည်း ပေါ်တွင် ရောင်းချသော တို့ဟူးသုပ်၊ သရက်သီးသုပ် နှင့် အသားကင် မျိုးစုံတို့သည် အရက်နှင့် တွဲဖက် သောက်ရန် များစွာ အဆင်ပြေ ကြသည်။ မိန်းမကြောက်၍ အိမ်မှာ ပုလင်းထောင် မသောက်ရဲ သူများ အတွက်လည်း အရက်ကို မတ်တတ် သောက်ပြီး ပြန်ရတာ ပိုပြီးတော့ အဆင်ပြေသည်။

ကိုရီးယား ဇာတ်လမ်းတွဲ များတွင် အရက်ကို တစ်ခမ်း တစ်နား ဝိုင်းဖွဲ့ သောက်ကြသလို မြန်မာ ဗီဒီယို ဇာတ်ကား တွင်လည်း အရက်ဝိုင်းကို ဖွယ်ဖွယ်ရာရာ လုပ်လာ ကြသည်။ ကိုရီးယား မင်းသမီးများ အရက်မူး တတ်သလို မြန်မာ အမျိုးသမီး များလည်း ခေတ်မီလာ၍ ယဉ်ကျေးမှုကို စိန်ခေါ် လာသေည်။ ဤနည်းဖြင့် ကျွန်တော်တို့၏ လူသား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုကို အဆုံးရှုံးခံမ ည်လား။ သို့မဟုတ် ကမ္ဘာနှင့် ရင်ပေါင်တန်း နိုင်အောင် ယမကာ ဈေးကွက်၏ အစေအပါး အဖြစ်ခံ ကြမည်လား။ ယနေ့ အထိတော့ အရက် သောက်သုံးမှု အများဆုံး နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ သည် ဒုတိယနေရာ ကို ရထားလျက် အလံထူထား ဆဲဖြစ်သည်။

အရက်ကို များများ ထုတ်၍ များများ ရောင်းချ ပေးခဲ့လျှင် အရက် သုံးစွဲသူတွေ အနေနဲ့လည်း များများ ကုန်အောင် များများ သောက်ပေးဖို့ တာဝန်ရှိ ပါသည်။ သို့ဆိုပါလျှင်...။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger