နေရာတစ်ခု တည်ဆောက်ခြင်း
မဒါလေး
ကျွန်တော့် နာမည်က စိုးကျော် ဖြစ်ပြီး ဇာတိက ရွှေဘို နယ်ဘက်က ဖြစ်သည်။ မုံရွာ တက္ကသိုလ်တွင် ဥပဒေ ဘာသာရပ် နှင့် အဝေးသင် တက် နေသည်။ ယခုနယ်မှ အသိ တစ်ယောက်၏ အဆက်ဖြင့် မန္တလေးမြို့ ၏ နာမည်ကြီး ရေကူးကန်ကြီး တစ်ခုတွင် အလုပ်ရသည်။ လက်မှတ်စစ် ရသည်။ လက်မှတ် ကောက် ရသည်။ ကျောင်းမပြီး သေးသောသူ တစ်ဦး အနေဖြင့် မန္တလေးမြို့တွင် အလုပ်ရရန် နေရာရရန်၊ စားသောက်ရန် အတွက်မှာ အတော်ပင် မလွယ်ကူမှန်း လက်တွေ့မှ သိရသည်။
အသိ မရှိလျှင်၊ အကူအညီ မရှိလျှင် နယ်မှ တက်လာပြီး အလုပ်လုပ်ဖို့ ဆိုသည်မှာ လွယ်မည် မထင်ပါ။ လက်ဖက်ရည် ဆိုင်တွင် စားပွဲထိုး လုပ်နေကြ သောသူများ၊ ပွဲရုံများတွင် အလုပ်လုပ် နေကြသော သူများ ရှိသည်။ သူတို့ ဘာကြောင့် သည်လို လုပ်နေကြ သည်ကို အစကတော့ နားမလည်။ ဆယ်တန်း အောင်ပြီးသား လူတစ်ယောက် အနေဖြင့် သည်လို အလုပ်လုပ်ရန် မလိုဟု တွေးမိသည်။ အနည်းဆုံး စတိုး ဆိုင်ကြီးများ၊ ပစ္စည်း ဖြန့်ချိရေး လုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နိုင် လိမ့်မည်ဟု ထင်ထားသည်။ တချို့ မိန်းကလေးများ အရက်ဘီယာ ဖြန့်ချိရေး များတွင် နေ့စား ဝင်လုပ် နေကြသည်။ ဆိုင်များတွင် ဧည့်သည် များကို မိမိတို့ပစ္စည်း အသုံးပြုရန် ပြောဆို စည်းရုံး ရသည်။ ဘဝ အစုံစုံနှင့် အတွေ့အကြုံ ကလည်း သေးမည်မထင်။ မှန်းချက်ကား လက်တွေ့နှင့် မကိုက်ညီမှန်း မြို့ပေါ် ရောက်မှ သိရသည်။
နေစရိတ်၊ စားစရိတ် အပြည့်အစုံနှင့် လစာရသည့် အလုပ်မျိုးမှာ အနည်းငယ်သာ ရှိသည်။ နယ်မှ လာသည့် အတွက် အဆောင်နေရန် အဆင်မပြေပါ။ သွားလာရေး အတွက် ယာဉ်ကလည်း လိုသေးသည်။ ရသည့် လစာနှင့် စားသောက် စရိတ် တွက်လိုက်လျှင် အသုံးစရိတ် ကျန်မည် မဟုတ်ပါ။ ပင်ပန်းသည်၊ အောက်ကျသည် ဟု မတွေးအား၊ အလုပ်သည် အလုပ်ပင် ဖြစ်သည်။ အလုပ်ဟူ သမျှ ဂုဏ်ရှိစွ ဟုပင် မှတ်ယူ ထားသည်။ ရိုးသား ကြိုးစားစွာ နေရင်း မိမိ လုပ်နေသော အလုပ်အပေါ် အကောင်းဆုံး ပေးဆပ်ရင်း ဖြတ်ကျော် သွားသည်က အဓိက ကျသည်ဟု ခံယူ ထားသည်။
ယခုအလုပ်မှ ဆရာ တစ်ယောက်၏ စောင့်ရှောက် မှုဖြင့် အလုပ်ချိန် ပြင်ပတွင် ကွန်ပျူတာ သင်တန်း တက်ခွင့် ရသည်။ နံနက် ၈ နာရီမှ စသော အလုပ်သည် ညနေ ၆ နာရီတွင် နားရသည်။ အလုပ်ချိန် ပြီးသည်နှင့် ဝန်ထမ်းထမင်း ကျွေးသော နေရာတွင် အပြေးအလွှား ထမင်း စားပြီးလျှင် သင်တန်းသို့ အပြေးသွား ရသည်။ သင်တန်းနှင့် အလုပ်က ဆယ်မိနစ်ခန့် လမ်းလျှောက်လျှင် ရောက်သည်။ အနီးအနားတွင် ကွန်ပျူတာ သင်တန်း ဖွင့်ထား သည်ကိုပင် ကျေးဇူးတင် မိသည်။ သင်တန်းတွင် ကျွန်တော်နှင့် အတန်းဖော် များမှာ ဖယောင်းစက် တွင် လုပ်နေသော ဆယ်တန်း ကျောင်းသား၊ သကြားစက်တွင် အလုပ်လုပ်ရင်း ကျောင်းတက်ရန် စောင့်နေသော ဆယ်တန်းအောင် ထားသည့် ကျောင်းသား၊ ဆယ်တန်း မအောင်သဖြင့် ဘုန်းကြီးကျောင်း တွင်နေရင်း ခွေရောင်းဆိုင် တွင် အလုပ်လုပ် နေသော ကျောင်းသား နှင့် မန်းမြန်မာ ပလာဇာ ကစားကွင်း တွင် အလုပ်လုပ် နေသော ဆယ်တန်းအောင် ထားသည့်သူ စသည်ဖြင့် စုံလင်သည်။ သင်တန်းချိန်မှာ ည ၇ နာရီမှ ၉ နာရီ ဖြစ်သဖြင့် အလုပ် တစ်ဖက်နှင့် သူများ အများဆုံး တက်ကြသည့် အချိန်ဖြစ်သည်။ တစ်ဦး တစ်ဘဝနှင့် စုံလင်လှသည်။
သင်တန်းတွင် တစ်ခါတစ်ရံ မိမိဘဝ အနာဂတ် ရည်မှန်းချက်ကို ဆရာမက တစ်ဦးချင်း ထွက်ပြော ခိုင်းလေ့ ရှိသည်။ သောကြာ နေ့တိုင်းတွင် သင်တန်းမှ တစ်ပတ်စာ သင်ထားသည် များကို ပြန်လည် ဆွေးနွေး ရသည်။ ပိုသည့် အချိန်တွင် မိမိတို့ ဖြစ်ချင်သည့် အနာဂတ် စီမံကိန်း များကို ဆရာမ က မေးလေ့ ရှိသည်။ အားလုံးတွင် တူညီသည့် အချက်ကတော့ ယခုလုပ် နေသည့် အလုပ်များကို မိမိတို့ သဘောကျ နှစ်ခြိုက် သဖြင့် လုပ်နေ ကြသော သူတစ်ယောက် မှမရှိပေ။ အားလုံးမှာ နယ်မှ ဖြစ်ကြသဖြင့် လတ်တလော အဆင်ပြေ သည့် နေ၊ စား ငြိမ်းသော အလုပ်များကို ဝင်လုပ် နေကြခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ အလုပ်အတွင်းမှ ဖိနှိပ်မှု များသည် မိမိတို့ ပညာနှင့် မတန်သည့် အကြောင်းများ ကိုလည်း ပြောဖြစ် ကြသည်။ ဆရာမ ကတော့ နေရာတစ်ခု ဆိုသည်မှာ အရေးကြီး ကြောင်း၊ ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ မိမိဘဝ အတွက် အထောက်အကူ ပြုခဲ့သော နေရာကို အကောင်းဆုံး လုပ်ရင်း ကျေးဇူးဆပ်ရန် လိုကြောင်း ဆုံးမသည်။ မိမိတို့ တတ်ထားသော ပညာများ ကိုလည်း ဘွဲ့ရရုံ သင်တာမျိုး မဟုတ်ဘဲ အမှန် တကယ် ပြန်လည် အသုံးချ နိုင်အောင် ကြိုးစား စေချင်ကြောင်း ပြောသည်။
ထိုစကားကို ကြားသည့်အခါ ကျွန်တော့်ကိုယ် ကျွန်တော် မလုံမလဲ ဖြစ်မိသည်။ ဥပဒေ ဘာသာရပ် ကို ကျွန်တော် လုံးဝ စိတ်မဝင်စားပါ။ ဥပဒေများ ကိုလည်း လေ့လာရန် စိတ်ကူး မရှိပါ။ သို့သော် ကျွန်တော်တို့ နယ်နှင့် အနီးဆုံး မုံရွာ တက္ကသိုလ်ကို တက်ရန် အတွက် လျှောက်ထားရာ ဥပဒေ ဘာသာရပ်ကို ယူမှ ဖြစ်မည် ဖြစ်သောကြောင့် ထို တက္ကသိုလ်ကို တက်လိုသော စိတ် တစ်ခုတည်း နှင့် အဆင်ပြေရန် လျှောက်ထား ခဲ့ခြင်း ဖြစ်သည်။ ယခု နောက်ဆုံးနှစ် ရောက်သည် အထိ ထို ဘာသာအပေါ် စိတ်ဝင်စားမှု မရှိသေး။ ဆရာမ က ဥပဒေပညာ အရေးပါပုံ၊ နိုင်ငံ တစ်နိုင်ငံ တည်ဆောက်ရေး တွင် ဥပဒေပြုရေး မှာ အရေး ကြီးကြောင်း၊ အခြား နိုင်ငံများတွင် ဥပဒေဘွဲ့ရ များမှာ နံပါတ်တစ် ဝင်ငွေကောင်းကြ သူများ ဖြစ်ကြောင်း၊ ကျွန်တော်တို့ နိုင်ငံတွင်လည်း ဥပဒေ သမားများ နေရာ ရလာပြီ ဖြစ်ကြောင်း၊ ကျွန်တော်တို့ မတွေ့ဖူးသော လွှတ်တော်ကြီး ခမ်းနားပုံ အကြောင်း၊ ဥပဒေပြု ကြပုံများ အကြောင်း ပြောပြသည်။ ထို စကားကြားမှ ကျွန်တော် သင်ထားသော ပညာအတွက် ဂုဏ်ယူမိ သလို ရှိလာသည်။ အခြား အတန်းဖော် များကလည်း အားပေး ကြသည်။ သည် ဘာသာရပ်က သည်လောက် အရေးပါမှန်း ကျွန်တော် တကယ် မသိခဲ့ပါ။ ယခုတော့ ဒီနှစ် ကျောင်းတတ်လျှင် ကျွန်တော် အလွတ် ကျက် ခဲ့သော ပုဒ်မများကို တစ်ခုချင်း သဘောပေါက် နားလည်အောင် သင်ယူ လေ့လာမည်။ ကိုယ်သင် ထားသော ပညာရပ်ဖြင့် ထို ပညာရပ်ကို ကျွမ်းကျင် ပိုင်နိုင်စွာ သိမြင်ခြင်းဖြင့် မိမိဘဝကို မိမိ အကောင်းဆုံး မြင့်သထက် မြင့်အောင် တည်ဆောက် သွားမည်ဟု ဆုံးဖြတ်ချက် ချမိသည်။
ကျွန်တော် တို့တွင် ပညာရှိ ပါသည်။ ထို ပညာကို အမှန်တကယ် သိရန် ကြိုးစားရန်သာ လိုသည်။ ထိုပညာဖြင့် မိမိဘဝကို တည်ဆောက်ရန် အတွက် ပို၍ပို၍ ကြိုးစားရန် လိုအပ်သည်။ ထိုသို့ ပြုလုပ်ရန် အဓိက ကျသူက မိမိ ကိုယ်တိုင်ပင် ဖြစ်သည်။ မိမိ တည်ဆောက် လိုသော ဘဝ၏ အတိုင်းအတာ အနိမ့်အမြင့် သည်လည်း မိမိ လေ့လာ သင်ယူ ထားသော ပညာအပေါ် အသုံးချမှု အလိုက် ကွာခြား သွားမည် ဖြစ်သည်။
#Yadanarpondaily
No comments:
Post a Comment