www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 15, 2014

ကိုယ်ချင်းစာတရား လက်ကိုင်ထား


ကိုယ်ချင်းစာတရား လက်ကိုင်ထား

ကိုယ်ချင်းစာခြင်း ဟူသည် တစ်ဖက်သား အပေါ် စာနာ ထောက်ထား ငဲ့ညှာခြင်း တရားသာ ဖြစ်သည်။ တစ်နည်း ဆိုရသော် ကိုယ်ချင်းစာခြင်း ဟူသည် ''ကိုယ်ချင်းစာနာ'' ခြင်းသာ ဖြစ်သည်။ တစ်စုံ တစ်ယောက်သော သူတွင် အခက်အခဲ၊ လိုအပ်ချက်၊ ခံစားချက်များ ရှိနေ သကဲ့သို့ မိမိတွင်လည်း ထိုသို့ ခံစား နားလည်ရလျှင် ကိုယ်ချင်းစာ တရား ထားသည်ဟု ခေါ်ဆို နိုင်သည်။

ထို့ကြောင့် ကိုယ်ချင်းစာခြင်း သည် မိမိ၌ ကိန်းအောင်း နေသော ကိုယ့်စိတ်နှင့် နှိုင်းခြင်း ဖြစ်သည်။ ကိုယ်ချင်းစာခြင်း သည် ကိုယ့်စိတ်နှင့် ခိုင်းနှိုင်းခြင်း ဖြစ်သော် ငြားလည်း ကိုယ့်စိတ်နှင့် နှိုင်းတိုင်း ကိုယ်ချင်းစာခြင်း ဖြစ်မလာ နိုင်သည်ကို ရှုမြင် သုံးသပ်မိခြင်း ဖြစ်သည်။

မိမိက လူ တစ်ဖက်သားကို သနား၊ အားနာ တတ်သည်။ လူတစ်ဖက်သား ကလည်း မိမိကဲ့သို့ ရှိလိမ့်မည်။ ကိုယ့်စိတ်နှင့် နှိုင်းလိုက်သည်။ သို့သော် တစ်ဖက်သားမှာ ထိုသို့ ဟုတ်ချင်မှ ဟုတ်မည်။ မဟုတ်၍ တန်ပြန် သက်ရောက်မှု မကောင်းသော အခါ ကိုယ့်စိတ်နှင့် နှိုင်း၍ ကိုယ်ချင်းစာ နာခဲ့ရခြင်း ဖြစ်သည်။

တစ်နည်း ဆိုရသော် ကိုယ်ချင်းစာခြင်း မှာ မိမိသည် တစ်စုံ တစ်ဦးအား ကြမ်းကြမ်း တမ်းတမ်း ပြောချင် နေသည်။ တစ်စုံ တစ်ဦးက မိမိကို ထိုကဲ့သို့ ပြောဆို ဆက်ဆံ လာပါက မည်သို့ ခံစားရမည် ကို တွေးကြည့် ခံစား ကြည့်ခြင်းသည် ကိုယ်ချင်းစာခြင်း ၏ အစဖြစ်သည်။ ကြမ်းကြမ်း တမ်းတမ်း ပြောဆို သည်ကို မိမိ ခံနိုင်ရည် မရှိသကဲ့သို့ တစ်ဖက်သား လည်း ဤကဲ့သို့ မခံနိုင် ရှိလိမ့်မည်ဟု ကိုယ်ချင်းစာခြင်း ဖြစ်သည်။

တစ်စုံ တစ်ဦးသည် ဒေါသကြီး တတ်သည်။ လောဘ အတော မသတ်နိုင် လွန်ကဲ နေသည်။ လူ တစ်ဖက်သားကို အလေးမထားဘဲ ''ငါ့ဖို့'' သမား ဖြစ်နေသည်။ ထိုထိုသော သူများ၏ တစ်ဖက်သား အပေါ် ကိုယ့်စိတ်နှင့် ခိုင်းနှိုင်း ခြင်းသည် ကိုယ်ချင်းစာရာ ရောက်မည် မဟုတ်ပေ။ ကိုယ့်စိတ် နှင့် နှိုင်း ရိုင်းသွားမည် သာ ဖြစ်သည်။

''လူလိုသိပါ၊ ကိုယ်ချင်းစာပါ'' ဟု ပြောစမှတ် စကား ရှိသည်။ ဆိုလိုသည်မှာ ကိုယ်ချင်းစာ တရား ရှိသူသည် ''လူ'' မည်ပြီး ကိုယ်ချင်းစာ တရား ခေါင်းပါးသူကို ''လူ'' မမည်ဟု ပြောခြင်း ဖြစ်သည်။ တချို့က ကိုယ့်စိတ်နှင့် နှိုင်း မရိုင်းဟု ဆိုကြသည်။

သို့ဖြစ်ရာ ရခဲလှသည့် လူ့ဘဝတွင် လူအချင်းချင်း ပေါင်းသင်း ဆက်ဆံ ပြောဆိုကြ ရာတွင် ''တစ်ယောက် စကား တစ်ယောက် နားမှာ မခါးရ လေအောင်'' ချိုသာသော စကားများ သုံး၍ ပြောဆိုခြင်း၊ တစ်စုံ တစ်ယောက် သောသူအတွက် ကိုယ်ချင်းစာ တရား အမြဲ လက်ကိုင်ထား၍ ပြောဆို ဆက်ဆံ ခြင်းဖြင့် လူ့ဘောင် ဘဝကို ရပ်တည် နေထိုင် သွားပါက အမြဲထာဝရ သာယာ အေးချမ်း မည်သာ ဖြစ်ပါကြောင်း ဆန္ဒပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger