www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 1, 2014

ဆီးချိုကြောက်လျှင် လမ်းလျှောက်ပါ


ဆီးချိုကြောက်လျှင် လမ်းလျှောက်ပါ

ကြည်မြင့်လွင် (မုဒြာ)

တက္ကသိုလ် တစ်ခုမှ ကထိက ဆရာ တစ်ဦးသည် စာရေး စာဖတ်များ ၊ အထိုင်များ ၊ လမ်းလျှောက် နည်းသူ ဖြစ်သည်။ တစ်နေ့တွင် ဘယ်ဖက် မျက်လုံးအိမ်မှ စာကြည့်တိုင်း အောင့်လာသဖြင့် မျက်စိ အထူးကု ဆရာဝန် နှင့် ပြသသော အခါ တိမ်ရှိနေပြီး ခွဲရမည့် အဆင့် ဖြစ်နေသည်။ ထိုတိမ်ကို ခွဲစိတ် ကုသရန် သွေးစစ်သော အခါမှ သူ့တွင် ဆီးချို သွေးချို ရောဂါ ၀င်နေပြီ ဖြစ်ကြောင်း သိရသဖြင့် အထွေထွေ ရောဂါ အထူးကု သမားတော် နှင့် ပြသရပြန်သည်။ အမှန်တော့ မိမိမှာ မျိုးရိုးလည်း မရှိသဖြင့် အမှတ်မထင် နေရာမှ မျက်စိ ကုသရန် စစ်သော အခါမှ ဆီးချို သွေးချိုကို အရင် ကုသခဲ့ရခြင်း ဖြစ်သည်။

ဆီးချိုဟု အများခေါ် နေကြသော ရောဂါမှာ အမှန်စင်စစ် ဆီးတွင် မသိသာ ၊ သွေးစစ်ကြည့် သောအခါမှ သွေးတွင်းရှိ သကြားဓာတ်မှာ လိုသည်ထက် ပိုနေသည်ကို တွေ့ရခြင်း ဖြစ်သည်။ ဆီးချိုရောဂါ ၏ အဆင့်ကို သွေးစစ်ကြည့် ခြင်းဖြင့်သာ ဆုံးဖြတ်နိုင်သည်။ အချို့မှာ ဘိုးဘွား အမွေအနှစ် အဖြစ် မျိုးရိုးမှ ရခဲ့ခြင်း ဖြစ်သည်။ အချို့မှာ မိမိကိုယ်တိုင်၏ အနေအထိုင် အစားအသောက် ဓလေ့စရိုက်ကြောင့် ဖြစ်ရသည်။

အချို အစားများ၍ ဆီးချို ဖြစ်သည်ဟု ထင်ကြမည် ဖြစ်သော်လည်း ဆရာဝန်ကြီး များ၏ အတွေ့အကြုံ များအရ လမ်းလျှောက် နည်းသူ ၊ ကိုယ်လက် လှုပ်ရှားမှု လေ့ကျင့်ခန်း မလုပ်သူ ၊ အဆီအစိမ့် ကြိုက်သူ ၊ အအေး ကြိုက်သူ ၊ ဇိမ်ခံသူ များတွင် ပို၍ ဆီးချိုရောဂါ ဖြစ်နိုင်ကြောင်း လေ့လာ တွေ့ရှိ ရသည်။

အာယုဗေဒ ဆေးပညာနှင့် မြန်မာ့ ဆေးပညာ အလိုအရ  ပထ၀ီဓာတ် နှင့် အာပေါဓာတ် နှစ်မျိုးကွဲ၍ လွန်ကဲ သူများတွင် မဓုပမေဟ ခေါ် ဆီးချိုရောဂါ ဖြစ်နိုင်ခြေ ရှိသည်။ မိမိ ခန္ဓာကိုယ်တွင် အလေးချိန် တိုးလာလျှင် ပထ၀ီဓာတ် လွန်ကဲလာ သည်ဟု သတိပြုမိ နိုင်ပြီး ၊ ဗိုက်ရွှဲခြင်း ၊ ဂုတ်ပိုးတက်ခြင်း ၊ မေးအောက် အသားတွဲပြီး ဖောင်းအိ လာခြင်း ၊ ဆီး မကြာခဏ သွားလိုခြင်း တို့ ဖြစ်လာပါက ပထ၀ီနှင့် တွဲပြီး အာပေါဓာတ်ပါ လွန်ကဲ လာပြီဟု သိနိုင်လေသည်။ နောက်ဆက်တွဲ အဖြစ် သွေးတိုး ၊ ဆီးချို နှင့် နှလုံး သွေးကြော ရောဂါများ ဖြစ်လာနိုင် သဖြင့် သတိပြု သင့်သည်။

ခန္ဓာကိုယ် ၀ဖြိုး လာသူများ သွေးတိုး နှင့် ဆီးချို သွေးချိုရောဂါ ကာကွယ်ရန် ပထမအဆင့်မှာ ဆေးစားရန် မလိုသေးပါ။ နေ့စဉ် လမ်းမှန်မှန် လျှောက်ရန် ဖြစ်သ်ည။ နံနက် စောစော အိပ်ရာထပြီး နှစ်မိုင်ခန့် လမ်းလျှောက်ပါ။ နံနက်စောစော ထရန် အဆင်မပြေ ပါက ညနေ အလုပ်နား ချိန်တွင် တစ်နာရီ လမ်းလျှောက်ခြင်း ကို နေ့စဉ် ပြုလုပ်သင့်သည်။ စက်ဘီးစီးခြင်း နှင့် မြန်မာ့ရိုးရာ ခြင်းခတ် ကစားခြင်း များသည်လည်း ရောဂါ ကာကွယ်ရေး အတွက် ထိရောက်စွာ အထောက်အကူ ပြုနိုင်သည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger