www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 2, 2014

ခရမ်းလွန်ရောင်ခြည် နှင့် တာသင်္ကြန်


ခရမ်းလွန်ရောင်ခြည် နှင့် တာသင်္ကြန်

နေမင်းကြီးသည် စကြာဝဠာ တစ်ခွင်သို့ အပူ စွမ်းအင်များ ထုတ်လွှတ် ပေးလျက် ရှိသည်။ နေမင်းကြီးမှ ထုတ်လွှတ်သော ဓာတ်သတ္တိ စွမ်းအင် တို့ကြောင့် ကမ္ဘာပေါ်တွင် နေထိုင်ကြသော လူတို့အတွက် အကျိုး ရလဒ်ကောင်း များဖြစ်ထွန်း သကဲ့သို့ ဆိုးကျိုးများ ကိုလည်း သတိပြု ကြရမည် ဖြစ်သည်။

နေမင်းကြီးမှ ထုတ်လွှတ်သော လျှပ်စစ် သံလိုက်လှိုင်း ရောင်ခြည်များ အနက် စွမ်းအား ကြီးမားသော လှိုင်းကို ခရမ်းလွန် ရောင်ခြည်ဟု ခေါ်သည်။ သင့်တင့်သည့် ခရမ်းလွန် ရောင်ခြည်သည် လူသားတို့၏ ခန္ဓာကိုယ် အတွက် လိုအပ်သည့် ဗီတာမင်ဓာတ် ကို ရနိုင် သော်လည်း လွန်ကဲ လာပါက အရေပြား လောင်၊ အရေပြား ကင်ဆာ၊ မျက်စိတိမ်စွဲ၊ ကိုယ်ခံအားကျ ရောဂါများကို ဖြစ်စေနိုင်သည်။

လူသားများ နေထိုင်သော ကမ္ဘာကြီး ပေါ်သို့ နေမှ တိုက်ရိုက် ဖြာကျသော ရောင်ခြည်ကို ကာကွယ်နိုင်ရန် အိုဇုန်း အလွှာပါးက သဘာဝ အလျောက် ကာကွယ် ပေးထားသည်။ သို့သော် ခေတ်မီ တိုးတက် လာသော ယနေ့ ကာလတွင် လူသားတို့ ကပင် လူသုံး ပစ္စည်းများကို မဆင်မခြင် သုံးစွဲရာမှ ထွက်ပေါ် လာသည့် ကလိုရို ဖလူရို ကာဗွန်ဓာတ် သည် အိုဇုန်းလွှာကို ပါးလျား ပေါက်ထွက် စေသည့် အနေအထားကို ဖြစ်စေသည်။

ထို့ကြောင့် ကမ္ဘာ့ခုခံ ကာကွယ်မှု စနစ် ကျိုးပေါက် လာပြီး ယခု ကဲ့သို့သော နွေရာသီတွင် ခရမ်းလွန် ရောင်ခြည် သည် လိုသည်ထက် ပိုမိုကျဆင်း လာသည်။ ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း သည် တစ်နှစ်ထက် တစ်နှစ် မြင့်တက်လာ နေကြောင်း ပညာရှင် များက ဆိုထား ကြသည်။

ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်း ၁ဝ မှ အထက် မြင့်တက် လာလျှင် အန္တရာယ်ရှိ အဆင့်သို့ ရောက်ရှိ လာပြီ ဖြစ်သောကြောင့် ပြည်သူများ အနေဖြင့် အထူး သတိပြု ကြရမည် ဖြစ်သည်။ ကျန်းမာရေး ဝန်ကြီးဌာန ကလည်း ခရမ်းလွန် ရောင်ခြည် အန္တရာယ် သတိပေး နှိုးဆော်ချက် များကို ထုတ်ပေး ထားပြီးဖြစ်ရာ အမှုမဲ့ အမှတ်မဲ့ မနေဘဲ သတိပြု လိုက်နာ ရှောင်ကြဉ် ကြရမည် ဖြစ်သည်။

ခရမ်းလွန် ရောင်ခြည်သည် လတ်တလော ထိတွေ့လျှင် နေလောင်ခြင်း၊ အသား အရောင်ညို လာခြင်းတို့ သာ ဖြစ်တတ်ပြီး ထိတွေ့မှု ကြာလာသော အခါ အရေပြားနှင့် ပတ်သက်သော ရောဂါများ ကို ဖြစ်ပွား စေတတ် သောကြောင့် အထူး သတိပြု ဆင်ခြင်သင့် ပေသည်။

ထို့ကြောင့် ပူပြင်းသော နေရောင်ခြည် တွင် နံနက် ၁ဝ နာရီမှ ညနေ ၄ နာရီအတွင်း သွားလာ ကြသူများ၊ အလုပ်လုပ် နေကြရ သူများ၊ အထူးသဖြင့် ကလေးငယ် နှင့် သက်ကြီး ရွယ်အိုများ သတိထား ကြရမည် ဖြစ်ပေသည်။ ထို့ပြင် ခရမ်းလွန် ရောင်ခြည်သည် ဧပြီလတွင် အထူး မြင့်မားတတ် သဖြင့် သင်္ကြန်ကာလ ပျော်ရွှင်စွာ ရေကစား ကြမည့်သူများ၊ လည်ပတ် ကြမည့် သူများ အထူး သတိထား ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ကမ္ဘာပေါ်ရှိ လူသားများ အတွက် ကောင်းကျိုးကို သာမက ဆိုးကျိုးကိုပါ ဖြစ်စေ တတ်သော ခရမ်းလွန် ရောင်ခြည်၏ အန္တရာယ်မှ ကင်းလွတ်စေရန် သတိပြု ရှောင်ရှား ရမည့် အချက်များ ကို သတိပြု ဆင်ခြင်ပြီး ကာကွယ် ကြရန် သတိပေး ရေးသား လိုက်ရ ပေသည်။



( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger