တည်ငြိမ်ဖွံ့ဖြိုး ကမ္ဘာရွာအကျိုး သယ်ပိုးကြစေရာ
၂၁ ရာစု နှစ်သစ် ကမ္ဘာရွာကြီး ၌ နေထိုင် ကြသော ကမ္ဘာ့ပြည်သူ သန်းပေါင်း ၇ဝဝဝ အတွက် ဘဝအခြေ မဆိုးစေရန် ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ထောင်စုနှစ်သစ် ရည်မှန်းချက် များချမှတ်၍ အဖွဲ့ဝင် နိုင်ငံများက လိုက်နာ ဆောင်ရွက် ကြရန် အသီးသီး နှိုးဆော် ထားသည်။
ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ် လိုက်သော ထောင်စုနှစ်သစ် ရည်မှန်းချက် များမှာ အလွန်ဆင်းရဲ မွဲတေမှု နှင့် ငတ်မွတ်မှုကို တိုက်ဖျက်ရန်၊ လူတိုင်း မူလတန်း ပညာ တတ်မြောက်ရန်၊ ကျား/မ တန်းတူ ညီမျှရေး ဆောင်ရွက်ရန်၊ ကလေး သူငယ် သေဆုံးမှုနှုန်း လျှော့ချရန်၊ ကိုယ်ဝန်ဆောင် အမျိုးသမီး များ၏ ကျန်းမာရေး မြှင့်တင်ရန်၊ အေအိုင်ဒီအက်စ်၊ ငှက်ဖျားနှင့် အခြားရောဂါ များအား တိုက်ဖျက်ရန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အားသွန် ဆောင်ရွက်ရန်၊ ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရန် တို့ဖြစ်သည်။
ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက ချမှတ်ထားသော ထောင်စုနှစ် ရည်မှန်းချက် များမှ နောက်ဆုံး အပိုဒ်ဖြစ်သော ဖွံ့ဖြိုး တိုးတက်ရေး အတွက် တစ်ကမ္ဘာလုံး ပူးပေါင်း ဆောင်ရွက် ကြရန် ဆိုသော အပိုဒ်သည် ရှေ့က ဆိုခဲ့သော အပိုဒ် အားလုံး အတွက် အကျုံးဝင်ပြီး ဖြစ်သည်။ ဖွံ့ဖြိုး တိုးတက်ရေး တွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ ပါဝင်လျက် ရှိရာ တစ်ခုချင်း စီအတွက် ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး နှင့် စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး တို့ကို တစ်ပြိုင်တည်း ပြုစု ပျိုးထောင် ကြရမည် ဖြစ်သည်။
ကမ္ဘာ့နိုင်ငံ တို့သည် နိုင်ငံရေး တည်ငြိမ်မှု အတွက် လွတ်လပ် ပွင့်လင်းမှု ရှိသော ဒီမိုကရေစီ စနစ်ကို ကျင့်သုံး၍ နိုင်ငံ တည်ဆောက် ကာကွယ် နေကြသော နိုင်ငံများ၊ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းစ နိုင်ငံများ ဟူ၍ အသီးသီး တွေ့ရသည်။ စီးပွားရေး တွင်လည်း အလားတူ လွတ်လပ် ပွင့်လင်း မြင်သာမှု ရှိသော ဈေးကွက် စီးပွားရေး စနစ် ကျင့်သုံး နေကြသည်။ အုပ်ချုပ်ရေး တွင် ပြည်သူ့ အတွက် ပြည်သူက ရွေးချယ် တင်မြှောက်သော ပြည်သူ့ အစိုးရက စီမံခန့်ခွဲ နေကြသည်။ ဤသို့ ဘက်စုံ ထောင့်စုံ ကြိုးပမ်းမှုများကြောင့် သိပ္ပံနှင့်နည်းပညာများ အံ့မခန်း တိုးတက် လာခဲ့ကာ ကမ္ဘာကြီးသည် ရွာကြီး တစ်ရွာ ပမာ ဖြစ်ပေါ် လာခဲ့ပြီး လွန်ခဲ့သော ရာစုနှစ် များဆီက တစ်နိုင်ငံ နှင့် တစ်နိုင်ငံ အကြား ရှိခဲ့သော အတားအဆီး များကို ကျော်လွှား နိုင်ခဲ့ ကြသည်။ သို့သော် နိုင်ငံ အသီးသီးတွင် ကျင့်သုံး နေကြသော နိုင်ငံရေး စနစ်၊ ဈေးကွက် စီးပွားရေး စနစ်နှင့် ပြည်သူ့ အတွက် ပြည်သူက ရွေးချယ် တင်မြှောက်သော ပြည်သူ့ အစိုးရ တို့သည် နိုင်ငံ လုံခြုံရေး အတွက် အပြည့်အဝ စွမ်းဆောင် နိုင်ခြင်း မရှိကြောင်း တွေ့ရသည်။
နိုင်ငံရေး တည်ငြိမ်မှု ရှိပြီး စီးပွားရေး ဖွံ့ဖြိုးမှုတွင် ထိပ်တန်း စာရင်း ဝင်သော နိုင်ငံများ၌ ပဋိပက္ခ နှင့် အကြမ်းဖက်မှု တို့ကြောင့် ပြည်သူ တို့သည် အနိဋ္ဌာရုံ များကြုံတွေ့ နေကြရသည့် သတင်းများ တွေ့နေ ရသည်။ ပဋိပက္ခ နှင့် အကြမ်းဖက် မှုများ ဖြစ်ပေါ် စေသည့် အရင်းခံ အကြောင်းတရား များမှာ ကျဉ်းမြောင်းသော အမျိုးသားရေး အမြင် (မျက်ကန်း မျိုးချစ်ဝါဒ)၊ ကျဉ်းမြောင်းသော လူမျိုးရေး အမြင်၊ ဘောင်ကျဉ်းသော ကိုယ်ကျိုး စီးပွား ကာကွယ်ရေး ဝါဒနှင့် လူသားချင်း စာနာမှု တရား ခေါင်းပါးသော အမြင်တို့ပင် ဖြစ်သည်။
သို့ဖြစ်၍ နိုင်ငံအလိုက် တည်ငြိမ် အေးချမ်းမှု ဖွံ့ဖြိုးမှ ဒေသတွင်း တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးမှု အတွက် လည်းကောင်း၊ ဒေသတွင်းမှ ကမ္ဘာရွာကြီး တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးမှု အတွက် လည်းကောင်း ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု နှင့် စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှု တို့ကို တစ်ပြိုင်တည်း တည်ဆောက် ကြရန် လိုအပ်လျက် ရှိရာ ကျဉ်းမြောင်းသော အတွေးအမြင် ဟူသမျှ ပယ်ဖျောက် ကြရမည် ဖြစ်ပေသည်။ ။
( အယ်ဒီတာ့အာဘော် )
No comments:
Post a Comment