www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 20, 2014

လူ့အဖွဲ့အစည်း မီဒီယာ နှင့် ကျင့်ဝတ်


လူ့အဖွဲ့အစည်း မီဒီယာ နှင့် ကျင့်ဝတ်

အယ်ဒီတာ့အာဘော်
( ၂၀-၁-၂၀၁၄ )

လူ့သမိုင်း စတင်ခဲ့သည်မှာ နှစ်ပေါင်း ၆ဝဝဝ ရှိခဲ့ပြီး ကျောက်ခေတ် ၊ ကြေးခေတ် ၊ သံခေတ် ၊ စိုက်ပျိုးရေးခေတ် ၊ စက်မှုခေတ် ဟူသော ခေတ်ကြီးများကို ဖြတ်ကျော်ခဲ့ ကြသည်။ ယနေ့ခေတ် လူ့အဖွဲ့အစည်း သည် သတင်း အချက်အလက် ခေတ်ကို ဖြတ်ကျော်လျက် ရှိသည်။

ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၄ဝဝဝ ခန့်တွင် စာပေ စတင် ပေါ်ပေါက်လာပြီး လူသားတို့သည် တစ်ဦးနှင့် တစ်ဦး စာနှင့် ရေးသား ဆက်သွယ် ကြသည်။ ကမ္ဘာကြီးသည် ခေတ်မီ နည်းပညာများ တိုးတက် လာရာမှ သတင်းများ ဖြန့်ဝေရာတွင် ပုံနှိပ် စာစောင်များ ၊ ရေဒီယို ၊ ရုပ်ရှင် ၊ ရုပ်မြင်သံကြား ၊ ဗီဒီယို ၊ အင်တာနက် စသည်တို့ကို အသုံးပြု လာကြသည်။ ဤသို့ သတင်းစကား များကို လူအများ သိရှိအောင် နည်းပညာ အရပ်ရပ်ကိုအသုံးပြု၍ ဖြန့်ချိသော ဘာသာရပ်ကို မီဒီယာ သို့မဟုတ် လူထု ဆက်သွယ်ရေး လုပ်ငန်းများ ဟု ခေါ်ခြင်း ဖြစ်သည်။

သတင်းမီဒီယာ လုပ်ငန်းသည် ကမ္ဘာ့ ပြည်သူများ အပေါ် သြဇာကြီးမား ပါသည် ဆိုသော်ငြား မီဒီယာ လုပ်ငန်း အတွက် အတားအဆီး ဖြစ်စေသော အကြောင်းများမှာ စာမတတ်ခြင်း ၊ ဘာသာစကား မတတ်ခြင်း ၊ ဆင်းရဲ နွမ်းပါးခြင်း ၊ သတင်းအမှန် မဖော်ပြခြင်း ၊ သတင်း လွတ်လပ်ခွင့် မရှိခြင်းတို့ ဖြစ်သည်။ လူ့လောက ကြီးတွင် ရိုးသားသူ နှင့် အကြားအမြင် နည်းသူ တို့သည် သူတစ်ပါး အလိမ်အညာ ခံရတတ်သည့် သဘာဝကို နောကျေ နေသော မီဒီယာ တို့သည် လုပ်ကြံ ဖန်တီးသော သတင်းများ ထုတ်လွှင့်၍ လှည့်စား တတ်ကြသည်။ ထိလွယ် ရှလွယ်သော လူမျိုးရေး ၊ ဘာသာရေး ကိစ္စများကို အကြောင်းပြု၍ ပဋိပက္ခ ဖြစ်အောင် လုပ်ကြံ ဖန်တီးရေးသား ထုတ်လွှင့် လှုံ့ဆော် ကြသည်။

မီဒီယာ လောကသား တို့သည် သတင်းသာ အဓိက ဆိုသော အယူအဆ နှင့် မီဒီယာ သည် ပြည်သူတို့နှင့် အတူ ခံစားရပ်တည် မည်ဆိုသော အယူအဆ နှစ်မျိုး ရှိကြသည်။ သတင်းသာ အဓိက ဆိုသော အယူအဆ ရှိသူသည် ပြည်သူများ အတွက် ဝမ်းသာခြင်း ၊ ဝမ်းနည်းခြင်း နှစ်မျိုးကို လျစ်လျူရှု ကြသည်။ ပြည်သူတို့နှင့် အတူ ခံစား ရပ်တည်မည် ဆိုသော အယူအဆ ရှိသူသည် သတင်းဦးမှု ၊ သတင်းထူးမှု ထက် သတင်းမှန်ကို ဦးစားပေး၍ ပြည်သူတို့ ခံစားမှုနှင့် အတူ မီဒီယာ သမား၏ နှလုံးသားကို ထပ်တူပြု ခံစား ကြသည်။ ကမ္ဘာကျော် မီဒီယာ သမားကြီး များတွင် NEWYORK SUN သတင်းစာမှ သတင်းစာ ဆရာကြီး ချားလ်အေဒနာ (၁၈၁၉-၁၈၉၇) သည် သတင်းဦး လျှင်ပြီးရော သတင်းသာ အဓိက ဆိုသည့် အယူအဆ ရှိသူဖြစ်ပြီး NEWYORK WORLD မှ သတင်းစာ ဆရာကြီး ဂျိုးဇက်ပူလစ်ဇာ (၁၈၄၇-၁၉၁၁) သည် ပြည်သူတို့၏ ခံစားချက်ကို ထင်ဟပ် ခံစားသော အယူအဆ ရှိသူ ဖြစ်သည်။

အနုပညာသည် အနုပညာ အတွက် ( Art for Art Sake ) ဟူသော အယူအဆ နှင့် အနုပညာ သည် ပြည်သူအတွက် ( Art for People Sake ) ဟူသော တီထွင် ဖန်တီးမှု အတွေးအခေါ် နှစ်ရပ် ရှိသော်လည်း သတင်း အတတ်ပညာ သည် အရှိကို တိကျမှန်ကန် ခိုင်လုံစွာ ဖော်ပြရခြင်း ကြောင့် လုပ်ကြံ ဖန်တီးခြင်း မျိုးကို ရှောင်ကြဉ် ရသည်။

သို့ဖြစ်၍ မီဒီယာ တို့သည် သတင်းနှင့် သက်ဆိုင်သော လုပ်ငန်း တာဝန်ရှိ သကဲ့သို့ မီဒီယာ သမားသည် လူ့ အဖွဲ့အစည်းဝင် လူတစ်ဦး၏ တာဝန် ဖြစ်သော ကျင့်ဝတ် တို့ကိုလည်း စောင့်ထိန်း ရမည်ဖြစ် ပါကြောင်း။  

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger