www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 2, 2014

စမီရူလိုင်းနား နှင့် သဘာဝဂေဟစနစ် အခြေအနေ





စမီရူလိုင်းနား နှင့် သဘာဝဂေဟစနစ် အခြေအနေ

စစ်ကိုင်းတိုင်း ဒေသကြီး ၊ မုံရွာမြို့ ၏ မြောက်ဘက် ၂၁ မိုင်ခန့် အကွာတွင် ဘုတလင်မြို့ ရှိသည်။ ဘုတလင်မြို့ မှ အနောက်ဘက် ၃ မိုင်ခန့် အကွာတွင် တွင်းရွာ ရှိသည်။ တွင်းရွာ ရွာသား များသည် လယ်ယာ လုပ်ကိုင်ခြင်း ၊ ကွမ်းစိုက်ပျိုးခြင်း ၊ တွင်းပိုး ဖမ်းခြင်း လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုကြသည်။ တွင်းရွာ မှ အနောက်ဘက် သို့ ၂ ဖာလုံခန့် သွားလျှင် တွင်းတောင် ကို ရောက်သည်။ တွင်းတောင် သည် မီးတောင်ဟောင်း ဖြစ်သည်။ တွင်းတောင် ၏ အကျယ်အ၀န်း သည် မီတာ ၂၀၀ မျှ ကျယ်သည်။ အပြင်မှ ကြည့်လျှင် တောင်ကြီး တစ်လုံးပုံ ဖြစ်သည်။ အပေါ်ရောက်လျှင် ဒယ်အိုးပုံ ကဲ့သို့ ချိုင့်ဝှမ်းကြီး ဖြစ်နေသည်။ တွင်းအောက်ခြေ သို့ ဆင်းသည့် လမ်းသည် မတ်စောက် လှသည်။ တွင်းတောင် ထဲတွင် စိမ်းပြာပြာ ကျိချွဲချွဲ နှင့် ရေများရှိသည်။ ယနေ့ အချိန်တွင် ထိုရေမှ အဖိုးတန် စိမ်းပြာ ရေညှိ (ခေါ်) စပီရူလိုင်းနား များ ထုတ်လျက် ရှိသည်။ တွင်းတောင်ထဲမှ ရေများသည် ချင်းတွင်း မြစ်ရေ တက်ချိန်တွင် တွင်းထဲက ရေများသည် ကျ၍ ချင်းတွင်း မြစ်ရေ ကျချိန် နွေအခါ၌ တွင်းရေက တက်လာသည်။

မြန်မာ့ စပီရူလိုင်းနား အစ

၁၉၈၃ ခုနှစ်၌ ထိုစဉ်က မော်လမြိုင် တက္ကသိုလ် အဏ္ဏ၀ါ သိပ္ပံဌာန မှ ကထိက ဒေါက်တာ မင်းသိန်း ဦးဆောင်သည့် အဖွဲ့က စစ်ကိုင်းတိုင်း ဒေသကြီး ၊ ဘုတလင်မြို့ ရှိ မီးတောင်ဟောင်း တစ်ခု ဖြစ်သည့် တွင်းတောင် မှ ထွက်ရှိသည့် စပီရူလိုင်းနား စိမ်းပြာရေညှိ များကို စမ်းသပ် သုတေသနပြု ဆောင်ရွက် ခဲ့သည်။ သုတေသန ပြုရလဒ် များအား သက်ဆိုင်ရာ ၀န်ကြီးဌာန များမှ တစ်ဆင့် ဆက်လက် အစီရင်ခံစာ ပေးပို့ တင်ပြခဲ့သည်။ ၁၉၈၈ ခုနှစ် ၊ ဇန်န၀ါရီ ၁၁ ရက်တွင် ထိုစဉ်က စက်မှုဝန်ကြီး ဌာန၏ ကွပ်ကဲမှု ဖြင့် မြန်မာနိုင်ငံ ဆေးဝါးစက်ရုံ တွင် စပီရူလိုင်းနား ဌာနခွဲ တစ်ခုအဖြစ် စတင် လုပ်ဆောင် ခဲ့သည်။ ၁၉၈၉ ခုနှစ် ၊ ဇန်န၀ါရီလ တွင် စပီရူလိုင်းနား အာဟာရ ဆေးပြားများ ကို ပရိုဗီမင် ( Provimin ) အမှတ်တံဆိပ် ဖြင့် ပြည်တွင်း ဈေးကွက်၌ စတင် ရောင်းချနိုင် ခဲ့သည်။ ၂၀၁၃ ခုနှစ် ဇွန်လ ၆ ရက်တွင် စစ်ကိုင်းတိုင်း ဒေသကြီး ၊ စစ်ကိုင်းမြို့နယ် ရှိ ခိုတောင် ကျေးရွာ အနီးတွင် မြန်မာ့ စပီရူလိုင်းနား စက်ရုံ အမှတ်(၃) ဆေးဝါး စက်ရုံကို သီးခြား တည်ဆောက် ခဲ့သည်။ ယင်း နောက်ပိုင်း နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ ထုတ်လုပ် နိုင်ခဲ့သည့် အတွက် အာရှ နှင့် ဥရောပ ဒေသရှိ နိုင်ငံများသို့ ဈေးကွက်ဝင် တင်ပို့ ရောင်းချ နိုင်ခဲ့ပြီး နိုင်ငံတော် အတွက် နိုင်ငံခြား ၀င်ငွေ ကို ရှာဖွေ ပေးနိုင် ခဲ့သည်။ ၂၀၁၂ ခုနှစ် ၊ ဧပြီလ ၁ ရက်တွင် June Pharmaceuticals နှင့် အကျိုးတူ ပူးပေါင်းကာ စိမ်းပြာရေညှိ ဆေးပြားများကို ပြည်တွင်း ၊ ပြည်ပ သို့ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချလျက် ရှိသည်။

စပီရူလိုင်းနား ထွက်ရှိရာ နိုင်ငံများ

ကမ္ဘာတစ်ဝန်း သဘာဝ စပီရူလိုင်းနား ထွက်ရှိရာ နိုင်ငံများမှာ -
  • မက္ကဆီကို နိုင်ငံ၌ တက်စ်ကိုကို ရေကန် ( Lake Texcoco )
  • ချဒ် နိုင်ငံ၌ ချဒ်ရေကန် ( Lake Chad ) ၊ ဘိုဒူရေကန် ( Lake Bodou )
  • ကင်ညာနိုင်ငံ ၌ နာကူရူးရေကန် ( Lake Nakuru ) ၊ အယ်လမင်တီရှား ရေကန် ( Lake Elementeitia )
  • အီသိယိုပီးယား နိုင်ငံ၌ အရာဂွတ်ဒီ ရေကန် ( Lake Arangudiadi ) ၊ ကီလိုတီးစ်ရေကန် ( Lake Kilotes )
  • တရုတ် နိုင်ငံ၌ ချန်ကိုင်းရေကန် ( Chenghai Lake )
  • မြန်မာနိုင်ငံ၌ တွင်းတောင် (၀န်ပိုတွင်း ၊ ဘုတလင်) ၊ တွင်းမ ( ငွေသာတွင်း ၊ ကနီ ) ၊ တောင်ပျောက် ( ငွေသာကွင်း ၊ ကနီ ) တို့ဖြစ်သည်။


စပီရူလိုင်းနား နှင့် သဘာဝဂေဟ

၁၉၈၈ ခုနှစ်မှ စတင်၍ ယနေ့ အချိန်ထိ စပီရူလိုင်းနား ထုတ်လုပ်မှု အခြေအနေ များကို လေ့လာရာတွင် စတင် ထုတ်လုပ် ချိန်မှ ၂၀၀၈ - ၂၀၀၉ ခုနှစ်ထိ တစ်နှစ်လျှင် စပီရူလိုင်းနား မက်ထရစ်တန် ၁၅၀ ထုတ်လုပ် နိုင်ခဲ့သည်ကို တွေ့ရှိရသည်။ သို့သော်လည်း ၂၀၀၉ - ၂၀၁၀ ပြည်နှစ် အတွင်း မက်ထရစ်တန် ၁၄၀ ၊ ၂၀၁၀ - ၂၀၁၁ ခုနှစ်အတွင်း မက်ထရစ်တန် ၁၃၈ ၊ ၂၀၁၁ - ၂၀၁၂ ခုနှစ်အတွင်း မက်ထရစ်တန် ၇၈ ၊ ၂၀၁၂- ၂၀၁၃ ခုနှစ်အတွင်း မက်ထရစ်တန် ၂၄ တန်ခန့်သာ ထုတ်လုပ် နိုင်ခဲ့သည် ကို တွေ့ရှိရသည်။

စပီရူလိုင်းနား နှင့် သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု အခြေအနေ

၂၀၁၃ ခုနှစ် နိုဝင်ဘာ ၃ ရက်ထုတ် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေ ခဲ့သည့် Myanmar Times သတင်းစာတွင် ဖော်ပြထားသည့် သတင်းအရ ဇွန်ဆေးဝါး ထုတ်လုပ်ရေး ကုမ္ပဏီ ၏ အကြီးအကဲ တစ်ဦးလည်း ဖြစ်ပြီး မန္တလေး တက္ကသိုလ် မှ ရူပဗေဒ ပါမောက္ခ တစ်ဦးလည်း ဖြစ်သည့် ဒေါက်တာ မင်းသိန်း ၏ ပြောကြားချက် အရ တွင်းတောင် မှ ထွက်ရှိသည့် စိမ်းပြာ ရေညှိပင်များ အထွက်နည်း လာသည့် အကြောင်း အရင်းမှာ ၂၀၀၆ ခုနှစ်က စတင် ဖွင့်လှစ် လိုက်သည့် မြစ်ရေတင် စီမံကိန်းကြောင့် ဟု ပြောဆို နိုင်ကြောင်း ၊ မြစ်ရေတင် စီမံကိန်း မှ စုပ်တင် လိုက်သည့် ရေများသည် တွင်းတောင် ၏ အနီးတစ်ဝိုက် တွင်ရှိသည့် အတွက် ၄င်း ရေများသည် တွင်းတောင် အတွင်း စိမ့်ဝင် စီးဆင်း လာကြောင်း ၊ ထို့ကြောင့် တွင်းတော် ၏ ရေမျက်နှာပြင် အနေအထား မှာ ပြောင်းလဲ လာခဲ့ပြီး စိမ်းပြာ ရေညှိပင်များ ပေါက်ဖွား ရှင်သန်ရန် ရေပါဝင်မှု ပမာဏ pH9 မရရှိတော့ဘဲ pH7 အဆင့်သာ ရှိသည့် အတွက် စိမ်းပြာ ရေညှိပင် ထွက်ရှိမှုနှုန်း ကျဆင်း လာခဲ့ရကြောင်း ပြောကြား ခဲ့သည်။

ထိုသို့ ထွက်ရှိမှု ကျဆင်း လာသည့်အတွက် နိုင်ငံခြား ၀င်ငွေ လျော့နည်း ကျဆင်းစေမှု ၊ နိုင်ငံတော် ၏ သဘာဝ သယံဇာတ အဖိုးတန် ရတနာတစ်ပါး ဆုံးရှုံး ပျောက်ကွယ် နိုင်သည့် အခြေအနေ သို့ ဦးတည် နေပါသည်။ ထို့ကြောင့် လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေ များကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များက ၀ိုင်းဝန်း ပူးပေါင်း၍ အဖြေရှာ သင့်ပါကြောင်း တင်ပြလိုက်ရ ပါသည်။ 

(ရဲမာန်ခ)

( ၂၀၁၄ ခုနှစ် ဇန်န၀ါရီလထုတ် ငွေတာရီမဂ္ဂဇင်း ၏ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကဏ္ဍမှ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger