www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 27, 2013

ကျန်းမာရေးစောင့်ရှောက်မှု အတွက် မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးရေး


ကျန်းမာရေးစောင့်ရှောက်မှု အတွက် မြန်မာ့တိုင်းရင်းဆေး ဖွံ့ဖြိုးရေး

အယ်ဒီတာ့အာဘော်
( ၂၇-၁၂-၂၀၁၃ )

မြန်မာနိုင်ငံ တွင် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံကို ၂ဝဝဝ ပြည့်နှစ်မှ စတင် ကျင်းပခဲ့ရာ ယခု ၂ဝ၁၃ ခုနှစ်တွင် (၁၄) ကြိမ်မြောက် ရှိခဲ့ပြီ ဖြစ်သည်။ မြန်မာ့ တိုင်းရင်းဆေး သမားတော် များ၏ စည်းလုံး ညီညွတ်မှု ၊ ရင်းနှီး ချစ်ကြည်မှု နှင့် စုပေါင်း ညီညာ ကြိုးပမ်း အားထုတ်မှု များကြောင့် နှစ်စဉ် ကျင်းပ နိုင်ခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး ကို ခေတ်မီဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက် နေသော ကာလတွင် မြန်မာ့ တိုင်းရင်းဆေး သမားတော် များသည် ပြည်သူလူထု တစ်ရပ်လုံး၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ပါဝင် ဆောင်ရွက် နေကြသည်။ ကျန်းမာမှ အလုပ်လုပ် နိုင်ကြမည် ဖြစ်ပြီး မိမိတို့ မိသားစု ၊ မိမိ ပတ်ဝန်းကျင် နှင့် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး တို့အတွက် ပြည်သူများ ဆောင်ရွက် နိုင်ကြမည် ဖြစ်သဖြင့် မြန်မာ့ တိုင်းရင်းဆေး သမားတော် များ၏ ကျန်းမာရေး စောင့်ရှောက်မှု အခန်း ကဏ္ဍသည် အရေးပါသော ကဏ္ဍ ဖြစ်သည်။ နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေး စီမံကိန်းတွင် မြန်မာ့ တိုင်းရင်း ဆေးပညာ တိုးတက် ထွန်းကား ပြန့်ပွားရေး မူဝါဒများ နှင့် နည်းလမ်း များကို နိုင်ငံတော် အစိုးရက အစဉ်တစိုက် ချမှတ် ဖော်ဆောင် ပေးလျက် ရှိသည်။ နိုင်ငံတော် အစိုးရသည် မြန်မာ့ တိုင်းရင်းဆေး ပညာ စနစ်တကျ ဖွံ့ဖြိုး တိုးတက်စေရေး နှင့် ရေရှည် တည်တံ့ရေး ဆောင်ရွက် ရာတွင် မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ညီလာခံ နှစ်စဉ် ကျင်းပပေးခြင်း အပါအဝင် ဖြစ်သည်။

အခြား ဆောင်ရွက်မှု များမှာ နိုင်ငံတကာ အဆင့်မီ တိုင်းရင်းဆေး တက္ကသိုလ်ကြီး တည်ဆောက် ဖွင့်လှစ် နိုင်ခြင်း ၊ တိုင်းရင်း ဆေးဝါးများ၏ စံချိန် စံညွှန်းမီ သင်တန်းများ ဖွင့်လှစ် သင်ကြား ပို့ချခြင်း နှင့် အလုပ်ရုံ ဆွေးနွေးပွဲ ၊ နှီးနှော ဖလှယ်ပွဲများ ကျင်းပနိုင်ခြင်း ၊ လက်တွေ့ အသုံးချ ဆေးဖက်ဝင် အပင်များနှင့် ဆေးကျမ်းများ ပြုစု ထုတ်ဝေ ပေးနိုင်ခြင်း ၊ အရေးပေါ်သုံး တိုင်းရင်းဆေး သေတ္တာများ နိုင်ငံအနှံ့ ဖြန့်ဝေ နိုင်ခြင်း ၊ အမျိုးသား ပရဆေး ဥယျာဉ် အပါအဝင် ပရဆေး ဥယျာဉ်များ တစ်နိုင်ငံလုံး တိုးချဲ့ စိုက်ပျိုး နိုင်ခြင်းတို့ကို ဆောင်ရွက် နိုင်ခဲ့သည်။ ထို့အပြင် တိုင်းရင်း ဆေးဆရာ များ၏ ကုထုံး တစ်ပြေးညီ ဖြစ်အောင် စံညွှန်း ကုထုံးကျမ်း ထုတ်ဝေ နိုင်ခဲ့ပြီး သုတေသန ညီလာခံများ နှစ်စဉ် ကျင်းပ နိုင်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် တိုင်းရင်း ဆေးရုံနှင့် တိုင်းရင်းဆေး ကုဌာနများ ဖွင့်လှစ် ပေးနိုင် ခဲ့သည်။

နိုင်ငံတော် အတွင်း နယ်စပ်ဒေသ နှင့် ဝေးလံ ခေါင်းပါးသည့် အစွန်အဖျား ဒေသများ အထိ မြန်မာ့ တိုင်းရင်းဆေး ပညာဖြင့် ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ လွှမ်းခြုံပေး နိုင်စေရန် တိုင်းရင်းဆေး ပညာပေး သင်တန်းများ ၊ ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ၊ ကွင်းဆင်း ကုသပေးမှုများ ကိုလည်း ဆောင်ရွက် ပေးလျက် ရှိသည်။

သို့ဖြစ်၍ မြန်မာ့ တိုင်းရင်းဆေး ပညာ နိုင်ငံတကာ အဆင့် ဖြစ်လာစေရန် ကျန်းမာရေး ဝန်ကြီးဌာန နှင့်အတူ ပညာရှင်များ ၊ မြန်မာ့ တိုင်းရင်းဆေး သမားတော်များ ပူးပေါင်း ဆောင်ရွက်၍ ပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှု တွင် မြန်မာ့ တိုင်းရင်းဆေး ၏ အခန်းကဏ္ဍ ကို မြှင့်တင် ကြပါရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger