www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, December 9, 2013

ညီညွတ်မှုဖြင့် သက်သေပြု


ညီညွတ်မှုဖြင့် သက်သေပြု

အပင်တို့သည် ၄င်းတို့ ပေါက်ဖွားရာ မြေကြီးကို မြတ်နိုးကြ၏။ ကျေးငှက် များသည် ၄င်းတို့ မွေးဖွားရာ အသိုက်အမြုံကို ခင်တွယ် ကြ၏။ လူသားတို့ သည်လည်း မိမိတို့ မွေးဖွား ကြီးပြင်းရာဇာတိမြေကို ချစ်မြတ်နိုး ကြ၏။

လူတို့အကြား မှန်ကန်သော သစ္စာတရားကို ညွှန်းဆိုပါလျှင် ထာဝရ ငြိမ်းချမ်းရေး သစ္စာ အလှတရားဟု ဆိုရမည် ဖြစ်သည်။ ထိုသို့ အေးချမ်း သာယာ လှပသော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်ရန် အတွက် ညီညွတ်ရေး ကို မဖြစ်မနေ တည်ဆောက် ထားကြရမည် ဖြစ်သည်။

ယနေ့ ကမ္ဘာ့မြင်ကွင်း ကို ရှုမြင် သုံးသပ် ကြည့်လျှင် တိုင်းရင်းသား စည်းလုံး ညီညွတ်မှု ပျက်ပြားခြင်း ကြောင့် ပြည်ထောင်စု ပြိုကွဲရသည့် အန္တရာယ်များ ၊ ပြိုကွဲမည့် အန္တရာယ်များ ၊ အချုပ်အခြာ အာဏာ ဆုံးရှုံးရမည့် အန္တရာယ်များ နှင့် ကြုံတွေ့ နေရသည့် အချို့ အချို့သော နိုင်ငံများကို မျက်ဝါးထင်ထင် မြင်တွေ့ နေရသည်။ ထိုသို့ မြင်တွေ့ရသည့် သမိုင်းသင်ခန်းစာများ၊ အတွေ့ အမြင် များသည် သင်ခန်းစာ ယူဖွယ်ရာ များဖြစ်သည်။

ထိုသင်ခန်းစာများ ရယူပြီး မိမိတို့ နိုင်ငံတော်ကြီး အဓွန့်ရှည် တည်တံ့ ခိုင်မြဲစေရန် နိုင်ငံသူ ၊ နိုင်ငံသားများ အနေဖြင့် ကြိုးပမ်း ကြရမည် ဖြစ်သည်။ ယနေ့ မြန်မာနိုင်ငံ၌ အဓိက အကျဆုံး နှင့် အခြေခံ အကျဆုံး သူများမှာ မြန်မာ နိုင်ငံသားများ အားလုံး ပါဝင်သည့် ပြည်သူ လူထုကြီး ပင်ဖြစ်သည်။

ယနေ့ကာလ ဒီမိုကရေစီ ခရီးလမ်းကို အတူတကွ လျှောက်လှမ်း ကြရာတွင် ငြိမ်းချမ်း သာယာမှုကို ညီညီညွတ်ညွတ် ဝိုင်းဝန်း တည်ဆောက် ကြမှသာလျှင် ဒီမိုကရေစီလမ်း ပွင့်လန်း နိုင်မည် ဖြစ်သည်။ သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ အတွင်းမှ တိုင်းရင်းသား ပြည်သူလူထုကြီး တစ်ရပ်လုံး သည် မိမိတို့ မှီတင်း နေထိုင်ရာ အမိ မြန်မာ နိုင်ငံတော်ကြီး ကို အေးချမ်း သာယာ လှပသော နိုင်ငံတော်ကြီး အဖြစ် ညီညီ ညွတ်ညွတ်ဖြင့် ဝိုင်းဝန်း ဆောင်ရွက်၍ ဇာတိမြေ ချစ်မြတ်နိုးမှု ကို သက်သေပြု ရမည်ဖြစ်ကြောင်း ရေးသား လိုက်ရပေသည်။

( ၉-၁၂-၂၀၁၃ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger