" ပန်းမခူးရ "
သဘာဝက
မူလဖြစ်စဉ် ၊ ရိုး၍ယဉ်၏
ယဉ်၍လှပ ၊ ကြည်နူးရ၏။
သဘာဝက ၊ လောကကို ခင်
ခင်၍စာနာ ၊ ဖေးကူပါ၏။
သဘာဝက ၊ မဖောက်မပြန်
မှောက်လှန်ပြောင်းလဲ ၊ မရှိဘဲကို
လောကကိုမှီ ၊ တည်ကြည်မှန်စွာ
တုံ့ပြန်ပါသည်။
မိုး ... ရွာချိန် ... ရွာ
နေ ... သာချိန် ... ပူ
နှင်းမြူဝေကျ ၊ သူ့ကာလမှာ
သူ့တာဝန်ထမ်း မပျက်ခဲ့။
သဘာဝနဲ့ အလှစုံလင်
မိခင်မြေမှာ ရှိနေပါလျက်
လူတို့လက်ဖြင့် ပျက်သင့်သလား။
အလှမမြင် ၊ အယဉ်မသိ
အရှိကိုဖုံး ၊ အသိရှုံးမှာ
နစ်နာနေကြ ၊ လစ်ဟာချို့ယွင်း
အသိကင်းစွာ ၊ မာနအတ္တ
မျှပေါင်းစပ်ပြီး ၊ လူ့ခရီးဘဝ
တစ်ခဏသာဖို့ ၊ ကွက်ကျော်မြင်
ထာဝရ ငါတို့ကမ္ဘာ အလှမဖျက်စေချင်။
ဝန်းကျင်ဖျက်ဆီး
အိုဇုန်းလွှာကြီးပေါက်
ခန်းခြောက်မြေလွှာ ၊ မိုးရွာရေကြီး
တောကြီး တောင်ပျောက်
စမ်းပျောက် မိုးခေါင် လျှိုမြောင် ကွယ်ပျောက်။
ပေါက်မည့် ပန်း မပွင့်
ပွင့်သည့် ပန်း မလန်း
လန်းသည့် ပန်း မမွှေး
မွှေးသည့် ပန်း ကြွေနွမ်း
စခန်းလူ့ရွာ
လူသာဖျက်၍ ပျက်သင့်သလား။
သြော် ... ကမ္ဘာ့ရွာ အလှသာဖို့
ဘ၀တာ မမိုက်ပါနဲ့
ဆင်ခြင်ကြ
ပန်းတွေ မခူးရ ။ ။
( ခြိမ့်နိုင် )
( ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ထုတ် မြ၀တီရသစုံမဂ္ဂဇင်း ကဗျာကဏ္ဍ )
No comments:
Post a Comment