www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 5, 2013

မြို့လယ်ကောင် တွင် ရွှေငါးဖမ်းနေကြ သူများ



မြို့လယ်ကောင် တွင် ရွှေငါးဖမ်းနေကြ သူများ

အမရ စိုးညို

ရွှေငါးဖမ်းသည် ဆိုတာ ဗန်းစကားပါ။

ဗန်းစကား ဖြစ်သော်လည်း လောင်းကစား အမှုခုံမင်သည့် မန္တလေး မြို့ခံလူငယ် ၊ လူရွယ် ၊ လူလတ်ပိုင်းတိုင်း ထိုအဓိပ္ပာယ်ကို ကောင်းကောင်း သိကြသည်။

ရွှေငါး ကစားခြင်း ဆိုသည်မှာ လေးပေနှစ်ပေ အကျယ်ရှိသည့် ဖန်သားပြင် ပေါ်တွင် တစ်ချိန်တည်း လူခြောက်ယောက် မှ ရှစ်ယောက်အထိ ကစားနိုင်ပြီး ကစားသူ ရှေ့တွင် လိုက်လံ ချိန်တွယ် ရသည့် ဘုသီးတစ်ခု နှင့် သေနတ်ပစ် ရသော ခလုတ်တစ်ခု ရှိသည်။ သူ့ရှေ့ တည့်တည့်တွင် အမှတ်ကို ပြသော လေးထောင့် ကွက်လေး တစ်ခုရှိပြီး ကစားလိုသူမှ တစ်သောင်းဖိုး ၊ နှစ်သောင်းဖိုး စသည်ဖြင့် ကစားလို သလောက် ပမာဏကို ဆိုင်ရှင်ကို ပေးရသည်။ ထိုအခါတွင် ဂိမ်းဆိုင် ပိုင်ရှင်မှ ဘေးနားရှိ သော့ကိုဖွင့်ကာ သူပေးသည့် ငွေတန်ဖိုး အလိုက် အမှတ်ထည့် ပေးသည်။ ဖန်သားပြင် ပေါ်တွင် ပြေးလွှား နေသည့် ရွှေငါးရောင်စုံ လေးများကို လိုက်လံ ချိန်တွယ်ပြီး ပစ်ခတ်ရသည့် ဂိမ်းတစ်ခု ဖြစ်ပြီး သူတစ်ချက် ပစ်လျှင် ထည့်ထားသည့် ငွေက လျော့သွားသည်။ မိမိ ထည့်ထားသော ငွေမကုန် သေးခင် မိမိ ပစ်ခတ်သည့် ရွှေငါးသေ သွားလျှင် အမှတ်ရသည့် ဂိမ်းတစ်မျိုး ဖြစ်ပြီး အနိုင်အရှုံး ပမာဏ ကြီးမား လှသည့် မန္တလေးမြို့ တွင် ယခုလတ် တလော ရေပန်း အစားဆုံး လောင်းကစား နည်းတစ်ခုဟု ဆိုလျှင် လည်းမမှား။ မူလအစက ကလေး ကစားကွင်း များတွင် ၄င်းရွှေငါး ဖမ်းခြင်းဂိမ်းကို အကြွေစေ့ ထည့်ကာ အပျော် သဘောမျိုး ဆော့ရန် တင်သွင်း လာရာမှ ထိုကစားနည်းကို လူကြိုက်များ လာပြီးနောက် အကွက် မြင်သော စီးပွားရေး သမားများက လောင်းကစား တစ်ခုသဖွယ် တီထွင် လိုက်သည့် ဂိမ်းတစ်ခု ဖြစ်သည်။ လွယ်လွယ် ကူကူပင် သူတို့နာမည် ပေးလိုက် သည်က ရွှေငါးဖမ်း သည့်ဂိမ်း ဟူ၍ပင် ဖြစ်သည်။ တကယ်တော့ ရွှေငါးဖမ်းသည့် ဂိမ်းမဟုတ်ပါ။ လောဘသား များကို ဖမ်းသည့် ဂိမ်းဟု ခေါ်ဆိုလျှင် ပိုသင့်တော် ပါသည်။

ဒိုင်းမွန်း ပလာဇာတွင် စတင်ဆော့ မိရာမှ ရွှေငါးဖမ်းသည့် ဂိမ်းကို စွဲလန်း သွားကြောင်း ၊ သို့သော်လည်း အဆိုပါ ပလာဇာတွင် ဆော့ကစားပြီး အနိုင်ရရှိသည့် အကြွေစေ့ များကို ပြန်လဲလှယ် ရာတွင် ငွေသားဖြင့်လဲ လှယ်၍ မရသကဲ့သို့ လက်ဆောင် ပစ္စည်းဖြင့် လဲလှယ်သည့် အခါတွင်လည်း ဈေးနှိမ်သည့် အတွက် ရပ်ကွက်ထဲရှိ ဂိမ်းဆိုင် တွင်သာ ဆော့ဖြစ် တော့ကြောင်း မိမိအနေဖြင့် နေ့စဉ် လိုလိုတော့ လာမဆော့ ဖြစ်ဘဲ ကျောက် ၊ အရောင်းအဝယ် တည့်သည့် အခါ မျိုးမှသာ လာရောက်ဆော့ ကစားလေ့ရှိပြီး တစ်ခါဆော့လျှင် ငွေကျပ် တစ်သိန်းခန့် ကုန်သည်ဟု ကျောက်ပွဲစား တစ်ဦးက ဆိုသည်။


ဂျပန်နိုင်ငံရှိ ဂိမ်းဆိုင်တစ်ခုမြင်ကွင်း

ရွှေငါးကို လွှတ်တော်တွင်လည်း မေးပါပြီ

မန္တလေးမြို့ အပါအဝင် နိုင်ငံတော်ရှိ မြို့ကြီးများတွင် အီလက်ထရောနစ် ပစ္စည်းများဖြင့် ဂိမ်းကစားရန် ဆိုင်ကဲ့သို့ ဆောင်ရွက်ထားပြီး အဆိုပါစက် များဖြင့် ရွှေငါးဂိမ်း ၊ ပန်းသီးသရဖူဂိမ်း နှင့် အခြား ဂိမ်းကစား နည်းများကို အခြေပြုပြီး လောင်းကစား နည်းမျိုးစုံ ဥပမာ (ရွှေငါးဖမ်းခြင်း လောင်းကစား နည်း) ကဲ့သို့ ဆောင်ရွက် ရာတွင် ငွေအစား တုံကင်အမှတ် အသားများဖြင့် လဲလှယ် ကစားခြင်း ပြုလုပ် ဆောင်ရွက်လျက် ရှိနေကြရာ အချို့သော ကစားသူများမှာ တစ်ရက်တည်း ဖြင့် ငါးသိန်းမှ ၁ဝသိန်း အထိ ဆုံးရှုံးမှုများ ဖြစ်ပေါ်လျက် ရှိကြောင်း ၊ ထို့ကြောင့် မန္တလေးမြို့ အပါအဝင် နိုင်ငံတော်ရှိ မြို့ကြီး များတွင် အီလက်ထရောနစ် ပစ္စည်းများဖြင့် ဂိမ်းဆိုင်ကို ဟန်ပြ ဖွင့်လှစ်ပြီး တရားဝင် သုံးစွဲသော ငွေကို ဆိုင်ကောင်တာ တွင် တုံကင် လဲလှယ်ကာ ရွှေငါးဖမ်းခြင်း ကဲ့သို့သော လောင်းကစားနည်း များကို လောင်းကစား ဥပဒေနှင့် တည်ဆဲ ဥပဒေများ အရ အရေးယူ ဆောင်ရွက်ရန် အစီအစဉ် ရှိ ၊ မရှိ မေးမြန်းခဲ့ရာ ပြည်ထဲရေး ဝန်ကြီးဌာန မှ ထိုကဲ့သို့ ငွေကြေး (သို့မဟုတ်) ငွေကြေးကဲ့သို့ ပြောင်းလဲ သက်မှတ်ပြီး သော ပစ္စည်းတစ်စုံ တစ်ရာအတွက် လောင်းကစား လျှင် အရေးယူ နိုင်သည်ဟု ပြန်လည် ဖြေကြား ခဲ့ကြောင်း အမရပူရ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ်တစ်ဦးက ပြောပြသည်။

'' ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ကနေ စက်တင်ဘာ အထိ အီလက်ထရောနစ် ဂိမ်းစက်များဖြင့် လောင်းကစား လုပ်နေမှုကို ဖမ်းဆီး အရေးယူတာ ၂၈မှု ပဲရှိသေးတဲ့ အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ဒီထက်ပိုပြီး ကြပ်ကြပ် မတ်မတ် လုပ်ဆောင်သင့် ပါတယ် ... '' ဟု ၄င်းက အကြံပြု ပြောကြားသည်။

လောင်းကစားဆိုင် တော်တော် များများက ရွှေငါးတစ်ခု တည်းတော့ မဖွင့်ကြပါ။ ဂျက်ပေါ့ ကစားနည်း (ပန်းသီးကစား နည်းနှင့် ဆင်ဆင်တူ သည်) စက်တွင် စပျစ်သီး ၊ လိမ္မော်သီး ၊ ခေါင်းလောင်း ၊ စိန် စသည်တို့ကို သုံးတန်း ပါဝင်ပြီး အဆိုပါ စပျစ်သီး (သို့မဟုတ်) လိမ္မော်သီး စသည်တို့ကို သုံးခု အတူတူကျလျှင် အလျော်ရသည်။ နောက် တစ်မျိုးက အကြီးအသေး လောင်းရသည့် ကစားနည်း နှင့် မဲနှိုက်ရသည့် ကစားနည်း စသည်တို့ဖြင့် တွဲဖက် ဖွင့်ကြသည်။ ထိုကစားနည်း များကလည်း တော်တော်လေး လူကြိုက်များ လှသည်။ သို့သော် ၄င်းက အလျော်အစား မကြီးလှ။ တစ်ခါ ဆော့လျှင် အနည်းဆုံး ငွေကျပ် ၅ဝ မှ အများဆုံး ငွေကျပ် ၂ဝဝ အထိသာ ထိုးနိုင်သော ကြောင့် ဖြစ်သည်။ သို့သော်လည်း ထိုကစားနည်း များမှာ ငွေကုန်ကြေးကျ နည်းသောကြောင့် ဆော့နိုင်သူ များသည်။ ပုံမှန် စွဲစွဲလန်းလန်း ဆော့သူများလည်း ရှိသည်မို့ ဆိုင်ရှင်များက ၄င်းစက်များ ကိုလည်း မဖြစ်မနေ ထားပေး ကြခြင်း ဖြစ်သည်။ ရွှေငါး ကစားနည်း ကျတော့ ငွေရွှင် သူများသာ ဆော့နိုင်သည်။ သူက တစ်မိနစ် အတွင်း ငွေကျပ် တစ်သောင်း ကုန်နိုင် သကဲ့သို့ ငွေကျပ် တစ်သိန်းလည်း ပြန်ရနိုင်သည့် ကစားနည်းမျိုး ဖြစ်သည်။

ဆိုင်အများစု ကတော့ ပေါ်ပေါ်တင်တင် မဖွင့်ကြ၊ ဆိုင်းဘုတ် မတပ်ကြ ပါချေ။ သို့သော် ကစားသက် ရင့်သူများ ကတော့ ဆိုင် အပြင်အဆင် ကို ကြည့်လိုက်လျှင် တန်းသိ ကြသည်။ ခန်းဆီး အပြာရောင် လေးများရှေ့တွင် ချလျက် ၊ ဆိုင်အရှေ့ဘက် တွင် အစောင့်တစ်ဦး အမြဲတမ်း ချထားသည် ဆိုလျှင် ထိုဆိုင် လောင်းကစား ဆိုင်ဆိုတာ လူတိုင်း သိနေသည့် ကိစ္စတစ်ခု ဖြစ်နေ ပါတော့သည်။

မန္တလေးမြို့တွင်း လူစည်ကားရာ ကျောက်ဝိုင်း ၊ ဈေးချို ကားကြီးကွင်းများ ဘက်တွင်သာ ထို လောင်းကစား ဆိုင်များရှိသည် မဟုတ် ၊ စက်မှု မြို့သစ် စသည်တို့ ဘက်တွင်လည်း ရှိသည်။ သူ့နေရာနှင့် သူတော့ ဖွင့်နေ ကြဆဲ ၊ ဆိုင်သစ်များ လည်း တိုးချဲ့ နေကြဆဲပင် ဖြစ်သည်ဟု ၄င်းကပြော ပြပြီး အရင်းနည်းပြီး အမြတ်များများ ရတာ ဒီလုပ်ငန်း တစ်ခုပဲ ရှိတယ်ဟု ဆိုင်တာဝန်ခံ တစ်ဦးက ဆိုလေသည်။

၁၉၈၆ ခုနှစ် လောင်းကစား ဥပဒေ ပုဒ်မ(၂) အပိုဒ်ခွဲ(က)တွင် လောင်းကစားခြင်း ဆိုသည်မှာ ကံစမ်း ကစားခြင်း ၊ ကျွမ်းကျင်မှု ကစားခြင်း တစ်ခုခုတွင် ပါဝင်ပြီး ငွေကြေး အတွက် လည်းကောင်း ၊ ငွေကြေး တန်ဖိုးရှိသော (သို့မဟုတ်) ငွေကြေး တန်ဖိုး အဖြစ် ပြောင်းလဲ သတ်မှတ်ရန် သဘောတူသော ပစ္စည်း တစ်စုံတစ်ရာ အတွက် အကောက်အစား ယူသည် ဖြစ်စေ ၊ မယူသည် ဖြစ်စေ လောင်းကစား ခြင်း ကိုဆိုလိုသည် ဟု ပြဋ္ဌာန်း ထားသည်။

အဆိုပါ ဂိမ်းဆိုင်များကို မြို့တော် စည်ပင်မှ ခွင့်ပြုချက် ဖြင့် ဖွင့်လှစ်နိုင်ပြီး ငွေကြေး လောင်းကစား ပါဝင်လာပါက တိုင်ကြားမှု ရှိလျှင် အရေးယူ နိုင်ကြောင်း သက်ဆိုင်ရာ ရဲစခန်းနှင့် တိုင်းရဲတပ်ဖွဲ့ ရုံးမှ တာဝန်ရှိသူ များက ပြောကြား ခဲ့သော်လည်း အဆိုပါ ဂိမ်းဆိုင်များ လုပ်ငန်း လိုင်စင် လျှောက်ထား ပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ၊ အနီး ပတ်ဝန်းကျင်လေးအိမ် ၊ အဓိက ဖြစ်သည့် မြို့နယ် ရဲစခန်း ထောက်ခံချက် ပါမှသာ ခွင့်ပြုကြောင်း နှင့် လောင်းကစား ဂိမ်းဆိုင်များ အဖြစ် သက်ဆိုင်ရာ နယ်မြေ ရဲစခန်းက အရေးယူမှ သာ လိုင်စင် ပိတ်သိမ်းခြင်း ကို ပြုလုပ်နိုင် မည်ဖြစ်ကြောင်း လုပ်ငန်း လိုင်စင်များ ခွင့်ပြု ပေးသည့် မြို့တော် စည်ပင် သာယာ ထံမှ သိရသည်။


အထက်ပါ ဂိမ်းစက်များဖြင့် ဆော့ကစား ခြင်းသည် လောင်းကစား ဥပဒေပုဒ်မ (၈) ၊ (၉) တို့နှင့် ငြိစွန်း နေသည့်အတွက် လောင်းကစား ပြုလုပ်သူများကို သတင်း စုံစမ်း ဖော်ထုတ်ခြင်း ၊ သတင်းပေး များ၏ အကူအညီ ရယူခြင်းဖြင့် စောင့်ကြည့် ဖမ်းဆီး အရေးယူခြင်း များကို တိုင်းဒေသကြီး ၊ ပြည်နယ်နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသ လက်အောက် အဖွဲ့ ဝင်များမှ တိတိပပ ဆောင်ရွက်လျက် ရှိပြီး လောင်းကစားမှု ကင်းစင်ရေး အတွက် ပြည်သူများ ကလည်း အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် ပူးပေါင်း ပါဝင်ရန် လိုအပ်ကြောင်း လွှတ်တော် တွင် ဦးသိန်းထွန်းဦး ၏ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန မှ ပြန်လည် ဖြေကြားထား သည်ဟု ဆိုသည်။ ဤသို့ဆိုလျှင် .... ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger