www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, November 5, 2013

ဘ၀အောင်မြင်ဖို့ လက်တွေ့ စကြစို့


ဘ၀အောင်မြင်ဖို့ လက်တွေ့ စကြစို့

သရက်တန်းစိုးရွှေ

ကြီးပွားခြင်း ၊ အဆင်ပြေခြင်း ၊ ပြေလည်ခြင်း မှအစ အောင်မြင်ခြင်း အထိ ပါဝင် ပတ်သက်နေသော လုပ်ဆောင်မှု တစ်ခုရှိသည်။ ထိုအရာသည် လက်တွေ့ ဟူသော အရာဖြစ်သည်။ အောင်မြင် လိုသမျှ အောင်မြင်ရမည် ဆိုသော စွဲစွဲမြဲမြဲ ယုံကြည်မှုဖြင့် လက်တွေ့ လုပ်ကြရမည်။ ဘဝရှိသမျှ အခက်အခဲ များစွာ တွေ့ကြရမည်။ ထိုသို့သော အခက်အခဲကို ခွဲခြား သိမြင် စာတန်းထွင်၍ အခက်ဆိုလျှင် ချိုး ၊ အခဲဆိုလျှင် ဝါးစားမှု ပြုခြင်းသည်သာ လူတို့၏ တာဝန် ဖြစ်သည်။

လိုသမျှ ကြံက မှန်သည့် နည်းလမ်း ဧကန်ပင် တွေ့ကြရမည်။ ဘဝရလာသမျှ မုချရင်ဆိုင် မည့်အတူတူ သတ္တိတို့ကို မွေးဖွားရင်း ရင်ဆိုင် ဖြေရှင်း ကြရမည်။ လူဟုဆိုသမျှ အညွန့် တလူလူ တက်ခြင်း အဓိပ္ပာယ် နှင့်အတူ အစွမ်း ဟူသည် ရှိနေ တတ်ကြသည်။ ကိုယ့်နေရာ ကိုယ့်အစွမ်း ကိုယ့်လမ်းကို သိနေတတ် ကြသည်။ နီးလွန်းတော့ မမြင် အမှတ်တမဲ့ ပင် နေဆဲကာလ အတွင်း ဆန္ဒ၏ စေခိုင်း ခြင်းဖြင့် ဘဝကို များစွာ ဖြတ်သန်း နိုင်ခဲ့ ကြသည်။

ဆန္ဒ အထွေထွေ လိုအင် အမျိုးမျိုး ရယူလိုမှု ပန်းတိုင် ၊ ရောက်လိုသည့် နေရာ ကိုယ်စီသာ ရှိနေကြသည်။ ဘဝကို စေခိုင်းသော ဆန္ဒသည် အဓိက ကျသော နေရာတွင် ပါဝင်နေသည်။ အောင်မြင်ခြင်း ဟူသော စကားဖြစ်ပေါ် လာနိုင်ရေး အတွက် ယုံကြည်မှု နှင့်ဆန္ဒ တွဲစပ် အသုံးချ ကြရမည်။ အောင်မြင်လို သမျှ မိမိပြုလုပ် သည်ကို ဆန္ဒရှိရမည်။ လုပ်လျှင် ဖြစ်ရမည်ဟု ယုံကြည် ရမည်။ မဖြစ်မနေ ကြိုးစားမှုတို့ ရှိကြရမည် ဟူသော အချက်တို့ကို လိုက်နာ ကြရပေမည်။ စစ်မှန်သော အောင်မြင်မှု အတွက် စွန့်စားချက် တို့ ပါဝင် တတ်မြဲ ဖြစ်သည်။ ယနေ့ မအောင်မြင် သေးလျှင် မနက်ဖြန် ၊ မနက်ဖြန် မအောင်မြင် ပါက နောက်ရက် မသေမချင်း ကြိုးစားမယ်ကွ ဟူသော ဇွဲ မာန်တို့ဖြင့် ကြိုးစား ကြရမည်။ အောင်မြင်မှု အတွက် လက်တွေ့ လုပ်ဆောင် ရာတွင် ဘိန်းစား ပုံပြင် ကဲ့သို့ မဖြစ်ရန် အရေးကြီး လှပေသည်။

တစ်ခါက ဘိန်းစား တစ်ယောက် ဘိန်းရှူပြီး ဘိန်းမှိန်း နေစဉ် သူခိုးတစ်ဦး အိမ်တံခါးကို ပစ္စည်းခိုးရန် ဖွင့်နေ လေသည်။ ထိုအရာကို ဘိန်းမှိန်း နေသော ဘိန်းစားက မြင်သည်တွင် အေး - အတွင်းဝင်မှ သိမယ်ကွဟု ကြိမ်းလိုက် ပြန်သည်။ သူခိုး အတွင်း ရောက်သော အချိန်တွင် အေး- သေတ္တာ ဖွင့်တော့ သိမယ်ကွ ဟု ကြိမ်း လိုက်သည်။ သူခိုး သေတ္တာ ဖွင့်သောအခါ တွင်မူ အေး- ပစ္စည်းယူပြီး သိမယ်ကွ ဟု ပြောပြီး မှိန်းမြဲ မှိန်းနေသလို လက်တွေ့ မဟုတ်ဘဲ လေနှင့် ပြုလုပ် ၍သာ နေသည်။ ထို့အတူပင် အောင်မြင်လို သမျှ လက်တွေ့နှင့် စဖို့သည်သာ အရေးကြီး လွန်းလှသည်။ အောင်မြင် ခြင်းလမ်းသို့ သွားလိုသမျှ လက်တွေ့ လုပ်ရင်းမှ ရတနာ တစ်ခုကို အလေး ဂရုပြု ကြရမည်။ ထို ရတနာ သည်ကား အချိန်သာလျှင် ဖြစ်နေသည်။ ဘဝသည် အချိန် ဖြစ်၍ အချိန်သည် ဘဝ အပြန်အလှန် အထောက်အပံ့ ပြုနေကြမြဲ ဖြစ်သည်။

ရှေးပညာရှိတို့၏အဆိုအမိန့်အရ တင်ပြရပါမူ-

  • (၁) အချိန်သည် သင့်အတွက် ကောင်းသော အာဟာရကို ယူလာပြီး ပေးပေလိမ့်မည်။ လက်မခံလျှင်မူ ဝမ်းနည်းစွာ ပြန်သွားပေမည်။
  • (၂) အချိန်သည် သင့်အတွက် လှပ၍ အဖိုးတန် အဝတ်တန် ဆာများ ယူဆောင်၍ ပေးလာလိမ့်မည်။ လက်မခံပါက ဝမ်းနည်းစွာ ပြန်သွားပေမည်။
  • (၃) အချိန်သည် သင့်အတွက် လှပ၍ အဖိုးအနဂ္ဃ ထိုက်တန်သော အဝတ်တန်ဆာများ ထပ်မံ ယူဆောင်၍ ပေးလာ လိမ့်မည်။ လက်မခံလျှင် နောင်ကို ဘယ်တော့မှ လာရောက် ပေးတော့မည် မဟုတ်ပေ။
  • (၄) အချိန်သည် သင့်အတွက် လှပသော သမီးကညာ ယူဆောင်၍ ပေးပေလိမ့်မည်။ လက်မခံလျှင် ဝမ်းနည်းစွာ ဖြင့် ပြန်သွား ပေမည်ဟု ဥပမာပေး၍ ပြဆိုထား ခဲ့သည်။


အချိန်သည် ဘဝအတွက် အရေးပါ သကဲ့သို့ အောင်မြင်မှု အတွက် အရေးကြီးသည့် အချက် ဖြစ်နေသည် ကို လက်ခံ ရပေမည်။ အချိန်ကို ရှာဖွေသမျှ ယခု ပစ္စုပ္ပန်မှ စကြ ရပေမည်။ ပြီးခဲ့သော ကာလကို ကွာရှင်း ပြတ်စဲ လိုက်ပါတော့။ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ စကားအတိုင်း ပြောဆို ရပါလျှင် ကိုယ်ပိုင် ရနေသည့် ယခုပစ္စုပ္ပန် ကို ဖြည်းဖြည်း အေးအေးနှင့် အသုံးကျအောင် အသုံးချ။ ပျာယာမခတ် နှင့် ကိုယ့်ဘဝ ကို ပစ္စုပ္ပန် အချိန်ထက် အရေးကြီးတာ ဘာမှမရှိ ဟုပင် ဆိုရပါပေ လိမ့်မည်။

ကဲ...ယနေ့ကို ပိုင်ဆိုင် နေပါပြီ။ သို့အတွက် အောင်မြင်ဖို့ ပြင်ဆင်ရန် အချိန်ရှိ နေပြီပေါ့။
ကဲ...ယနေ့ကို ဖြတ်သန်း နေပါချေပြီ။ ဇွဲနှင့် လျှောက်လှမ်း ကြပါစို့။
ကဲ...ယနေ့ကို ခံစားနေပါပြီ။ ဒုက္ခကို မမှုခြင်းဖြင့် တုံ့ပြန်ကြ ပါစို့။

ကဲ...ယနေ့ကို ရင်းနှီးကြပါပြီ။ အောင်မြင်ခြင်းကို အမြတ်ယူ ကြပါစို့။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger