www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 14, 2013

မိမိ ပတ်ဝန်းကျင် နှင့် လောကကောင်းကျိုး တိုး၍ ဆောင်ရွက်


မိမိ ပတ်ဝန်းကျင် နှင့် လောကကောင်းကျိုး တိုး၍ ဆောင်ရွက်

အယ်ဒီတာ့အာဘော်
( ၁၄-၁၁-၂၀၁၃ )

လူသည် တစ်ဦး တစ်ယောက်တည်း သီးခြား နေထိုင်၍ မရဘဲ တစ်ဦး ကိုတစ်ဦး အပြန်အလှန် မှီခို ကျေးဇူးပြု ကြခြင်း အားဖြင့် မိမိဘဝ မိမိ အသိုင်းအ၀ိုင်း တည်မြဲစေရန် ကြိုးစား အားထုတ် ကြရသည်သာ ဖြစ်သည်။ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ ဆိုသလို တစ်ဦး နှင့် တစ်ဦး အပြန်အလှန် ကျေးဇူး ပြု၍ ဆက်ဆံ နေထိုင် မှသာလျှင် မိမိနှင့် မိမိ၏ ပတ်ဝန်းကျင် သည်အဓွန့်ရှည် တည်မြဲ နေနိုင်မည် ဖြစ်သည်။

မိတ်ကောင်း ဆွေမွန် ဆိုသည့် သဘောကို လောကနီတိ က ညွှန်ပြရာ၌ '' အကြင် အဆွေခင်ပွန်း တို့သည် အနာရောဂါ နှိပ်စက်သော အခါ၌ လည်းကောင်း ၊ ငတ်မွတ် ခေါင်းပါးသော ကာလ၌ လည်းကောင်း မိမိနှင့် အတူ ရှိကုန်၏။ ထိုမိတ်ဆွေ ခင်ပွန်းတို့သည် မိတ်ဆွေစစ် မည်ကုန်၏ '' ဟု ဖွင့်ဆို ထားသည်။ မိတ်ကောင်း ဆွေကောင်းကို ရှာဖွေရာတွင် အပေါ်ယံ ဥပဓိရုပ် ကို ကြည့်ရုံမျှဖြင့် လုံလောက်မှု မရှိဘဲ အတွင်းစိတ် သဘောကို လည်း စောကြော လေ့လာ အပ်ကြောင်း ကျေးဇူးရှင် မန်လည် ဆရာတော် ဘုရားကြီး ရေးသား စီရင်ခဲ့သော မဃဒေဝ လင်္ကာသစ်ကြီး တွင် '' လူဟုဆိုက ၊ ရုပ်ကို မကြည့် ၊ စိတ်ကို ကြည့်လော့ ၊ သူ၏ သဘော ၊ လိုက်လျော ပေါင်းသင်း ၊ နှီးနှောခြင်းဖြင့် ၊ မကင်းဉာဏ ၊ နှိုင်းချင့်ဆရှင့် ၊ ရှေးကချစ်ခင် ၊ ကျွမ်းဝင် မိတ်ဟောင်း ၊ ငယ်ပေါင်း ငယ်ချစ် ၊ ကောင်းဆုံး ဖြစ်၏ '' ဟု လမ်းညွှန် ထားသည်။

မိတ်ကောင်း ဆွေမွန်တို့၏ မြတ်နိုးဖွယ်ရာ ဂုဏ် အရည်အချင်း များတွင် အကြောင်း တစ်ခုခုကြောင့် ဆင်းရဲဒုက္ခ ရောက်ရချိန်၌ လိုအပ်သော အကူအညီ ပေးနိုင်သည့် အရည်အချင်း တစ်ရပ်သည် လည်း အပါအ၀င် ဖြစ်သည်။ မိတ်ဆွေစစ် ၊ မိတ်ဆွေကောင်း တို့ထံတွင် မိမိ အကျိုးကို လိုလားခြင်း ၊ ယုံကြည် စိတ်ချ ရခြင်း ၊ အကူအညီ လိုအပ်ချိန် တွင် အကူအညီ ရခြင်း ၊ ကောင်းရာ မွန်ရာကို ညွှန်ပြ တတ်ခြင်း စသော စိတ်စေတနာ ကောင်းတို့နှင့် တကွ တစ်ပါးသူ အကျိုးကို လိုလားသော ပရဟိတစိတ် အသွင်ကို ကြည်လင်စွာ တွေ့မြင် နိုင်သည်။

မြန်မာ တစ်မျိုးသားလုံး တရိုတသေ လိုက်နာ ကျင့်သုံးလျက် ရှိသော မင်္ဂလာတရား (၃၈)ပါးတွင် မြတ်စွာဘုရား က ဟောကြား ထားသည်မှာ '' အသေဝနာစ ဗာလာနံ ၊ ပဏ္ဍိတာ နဉ္စသေဝနာ '' ဟူသော မင်္ဂလာတရား နှစ်ပါး ထည့်သွင်း ဟောညွှန်ပြခဲ့ရာ မိတ်ဆွေကောင်း တို့၏တန်ဖိုး နှင့် ကျေးဇူး ကြီးမားပုံကို ထင်ရှားစွာ သိမြင် နိုင်သည်။ မိတ်ကောင်း ဆွေမွန် တို့၏ ကျေးဇူးတရားမှာ တန်ဖိုး ကြီးမား သည်နှင့်အမျှ မိမိ ကိုယ်တိုင်လည်း မိတ်ဆွေစစ် အင်္ဂါရပ်နှင့် ပြည့်စုံရန် မိမိကိုယ် မိမိ လေ့ကျင့် ပျိုးထောင်နေ ရမည် ဖြစ်သည်။ မိမိ အတ္တကို ရှေ့တန်း တင်လွန်းခြင်း နှင့် နည်းနည်း ပေး၍ များများ ယူတတ်ခြင်း တို့သည် မိတ်ကောင်း ဆွေမွန်များ ဆုံးရှုံးစေသော အကြောင်းတရား များဖြစ်သည် ကို သတိမူ ပြုကြရမည် ဖြစ်သည်။

သို့ဖြစ်၍ လောကတွင် '' ပေးကမ်းချီးမြှင့် ၊ ကိုယ်နှင့် ယှဉ်ထား ၊ စီးပွား ဆောင်ရွက် ၊ နှုတ်မြွက်ချိုသာ ၊ သစ္စာမှန်စေ ၊ ဝတ်ငါးထွေ ၊ ကျင့်လေမိတ် သဟာ '' ဆိုသည့် သိင်္ဂလော ဝါဒသုတ်လာ ဆုံးမစကား အတိုင်း အတ္တ နှင့် ပရ မျှတအောင် နှိုင်းချိန်၍ မိမိ ပတ်ဝန်းကျင် နှင့် လောက ကောင်းကျိုး တို့ကို တိုး၍ ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း။ ။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger