www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, September 18, 2013

မြန်မာလူမျိုး လုပ်ငန်းရှင်တစ်ဦးမှ မြန်မာ့ ယဉ်ကျေးမှုရှေးဟောင်း လက်ရာများစွာ ပါရှိမည့် ရေပေါ် ကရ၀ိတ်ရွေ့လျား ဟိုတယ်ကြီး တည်ဆောက်လျုက်ရှိ


မန္တလေး ၊ ၁၈-၉-၂၀၁၃

မြန်မာနိုင်ငံ၏ ဂုဏ်ဆောင် မြစ်မင်း ဧရာဝတီ မြစ်ရိုး တစ်လျှောက် နိုင်ငံခြားသား ဧည့်သည်များ စိတ်ဝင်စားဖွယ် မြန်မာလူမျိုး တို့၏ ရှေးရိုးရာ ယဉ်ကျေးမှု မြောက်မြားစွာဖြင့် ဖန်တီး စီရင်ထားသော ရေပေါ် ကရဝိက် ဖောင်တော် သုံးထပ် ရွေ့လျား ဟိုတယ် ( Mobile ) ဟိုတယ်ကြီး ကို မြန်မာလူမျိုး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးထွန်းထွန်း သည် ၂ဝ၁၃ သြဂုတ်လ ၂၆ ရက်မှ စတင် တည်ဆောက် ခဲ့ပြီး ယနေ့ အချိန်တွင် ၇ဝ ရာခိုင်နှုန်း ခန့် အကောင် အထည်ဖော် တည်ဆောက်ပြီး ဖြစ်ကြောင်း သိရသည်။


အဆိုပါ ရေပေါ် ကရဝိက် ဖောင်တော် သုံးထပ် ရွေ့လျား ဟိုတယ်ကြီး ကို အလျား ၂၅ဝ ပေ x အနံ ၂၄ ပေ x အမြင့် ၂၄ ပေရှိ ကရဝိက် ဖောင်တော် ၂ စီးဖြင့် အခြေခံ တည်ဆောက် ထားပြီး ကရဝိက် (၁) စီးဆီကို မြင်းကောင်ရေ (၃၆ဝ) ပါဝါရှိ အင်ဂျင် (၁)လုံးစီ တပ်ဆင်ထား၍ ရေဆူး(၃)ပေ ရှိသည်။ ၄င်း ဟိုတယ်ကို အထပ် (၃)ထပ်ဖြင့် တည်ဆောက် ထားပြီး မိသားစု အခန်း (၆)ခန်း ၊ ၂ ယောက်တွဲ (၄ဝ)ခန်း ၊ အပေါ်ဆုံး ထပ်တွင် (၂ဝx၄ဝ) ပေ ရေကူးကန် နှင့် အားကစား လေ့ကျင့်ရေး ခန်းမ ၊ Spa ခန်းမ တို့လည်း ပါရှိမည် ဖြစ်သည်။ ရေပေါ် ရွေ့လျား ကရဝိက် ဟိုတယ်ကြီး အတွင်းပိုင်းကို မြန်မာ့ ရှေးယဉ်ကျေးမှု လက်ရာများ ဖြစ်သည့် ပန်း(၁ဝ)မျိုး ပန်းချီ ၊ ပန်းပု လက်ရာ များဖြင့် ထုန်မွမ်း ထားပြီး ခေတ်နှင့်အညီ ပြောင်းလဲ တိုးတက် လာသည်နှင့် အမျှ မြန်မာနိုင်ငံ၏ ရှေးဓလေ့ ထုံးတမ်းများကို စိတ်ဝင်စား ကြသည်။ ကမ္ဘာ ရပ်ခြားမှ နိုင်ငံခြားသား ဧည့်သည်များ လာရောက် အပန်းဖြေ လေ့လာ ကြည့်ရှု နိုင်ရန် အဓိကထား တည်ဆောက် ခဲ့သည် ဟု ဟိုတယ်ကြီး ကို တည်ဆောက် ဖန်တီးသူ မြန်မာလူမျိုး လုပ်ငန်းရှင် ဦးထွန်းထွန်း မှ မန္တလေးမြို့ခံ သတင်း မီဒီယာများ ကို ပြောကြား ခဲ့သည်။


ရေပေါ် ကရဝိက် ရွေ့လျား ( Mobile ) ဟိုတယ်ကြီးကို ၂ဝ၁၃ ဒီဇင်ဘာလ ကုန်တွင် ပြီးစီးမည်ဟု ခန့်မှန်း ထားပြီး နိုင်ငံခြားသား ခရီးသွား ဧည့်သည်များကို ဦးစားပေး စီစဉ် ထားရှိမည် ဖြစ်သည်။ မြန်မာလူမျိုး အပန်းဖြေ ခရီးသွား ဧည့်သည် များကိုလည်း အဆင်ပြေ စေရန် အခန်းခ ငွေဒေါ်လာ နှင့် တန်ဖိုး ညီမျှသော မြန်မာ ကျပ်ငွေဖြင့် ကောက်ခံမည် ဖြစ်သည်။ ဟိုတယ်ကြီးကို ခရီးစဉ် အဖြစ် နေ့စဉ် နေ့လည် ၂ နာရီတွင် မန္တလေး ဆိပ်ကမ်းမှ ထွက်ခွာမည် ဖြစ်ကာ မင်းကွန်း တောင်ရိုးသို့ ပို့ဆောင်၍ ကျန်ခရီးစဉ်ကို ခရီးသွား ဧည့်သည်များ နှစ်သက်သည့် ရွှေကြက်ယက် View ( သို့မဟုတ် ) ဧရာဝတီ လင်းပိုင်များ ကြည့်ရှု နိုင်မည့် နေရာများသို့ ပို့ဆောင်ကာ ခန့်မှန်း ကြာချိန် (၅) နာရီ ဖြစ်သည်။ ဟိုတယ်ကြီးပေါ် တွင် ဝန်ထမ်း အင်အား (၇ဝ)ဦးခန့် ထားရှိမည် ဖြစ်ပြီး ၄င်း ဝန်ထမ်းများ ကို မန္တလေး ဈေးချို ဟိုတယ်တွင် ဟိုတယ်တွင် လုပ်ငန်း ဆိုင်ရာ သင်တန်းများ ပေးထားပြီး ဝန်ထမ်းများ ကို ဘာသာစကား အနည်းဆုံး (၂)မျိုး ကျွမ်းကျင် ပိုင်နိုင်စွာ တတ်မြောက် ထားသည်ဟု သိရသည်။ ဟိုတယ်ပေါ်တွင် ကျန်းမာရေး စောင့်ရှောက်မှု ၊ လုံခြုံရေး နှင့် မီးဘေး ကာကွယ်ရေး စနစ်များကို ကျွမ်းကျင် ဝန်ထမ်း များဖြင့် ဝန်ဆောင်မှု ပေးမည်ဟု သိရသည်။ အခြား မန္တလေးမြို့တွင် ကုန်းပေါ် ဟိုတယ်ကြီး များတွင် တည်းခို နေသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ အနေဖြင့် ပြေးဆွဲမည့် ခရီးစဉ်တွင် လိုက်ပါ လိုပါက ဟိုတယ်ခ မပေးရဘဲ ခရီးစဉ် လမ်းကြောင်း သတ်မှတ် ဈေးနှုန်းကိုသာ ပေးဆောင် ရမည် ဖြစ်သည်။


ကရဝိက် ရေပေါ် ရွေ့လျား ( Mobile ) ဟိုတယ်ကြီးကို မြန်မာလူမျိုး လုပ်ငန်းရှင် GC Myanmar ဦးထွန်းထွန်း မှ မြန်မာလူမျိုး တို့၏ ဂုဏ်ဆောင် နိုင်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက် လျက်ရှိပြီး ဟိုတယ် ရုံးခန်းကို မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ် ပြည်ကြီး ပျော်ဘွယ် အနောက် ရပ်ကွက် (၃၁x၃၂) လမ်းကြား ၊ လမ်း ၉ဝ တွင် ဖွင့်လှစ် ထားရှိ၍ ဆက်သွယ် ရန် ဖုန်းမှာ ဝ၉- ၅၁၄ ၃၉ဝ၂ နှင့် ဝ၉- ၉၁ဝ ၅၄၂၆၂ တို့ဖြစ်ကြောင်း စာရေးသူမှ မြန်မာ့ဂုဏ် ကျက်သရေဆောင် ရှေးယဉ်ကျေးမှု အမွေအနှစ် များကို ကမ္ဘာရပ်ခြား ရှိ နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ လာရောက် အပန်းဖြေရင်း လေ့လာ ကြည့်ရှု နိုင်စေရန် အတွက် အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံ၍ ရေးသား လိုက်ရပေသည်။ 

( အောင်စိုးမိုး )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger