www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 19, 2013

" ဆင်းရဲလို့ မစဉ်းစား တာလား ၊ မစဉ်းစားလို့ ဆင်းရဲ တာလား "


The Messenger

နှစ်လုံး ၊ ချဲ ၊ ဘောလုံး လောင်းကစား ကြောင့် ပျက်စီးသွားတဲ့ လူမှုရေးတွေ ၊ ပျက်စီးသွားတဲ့ အိမ်ထောင်ရေးတွေ ၊ ပျက်စီးသွားတဲ့ လူတွေရဲ့ အနာဂတ်တွေ ၊ ဒီလို ကောင်းကျိုး မပေးတဲ့ နှစ်လုံး ၊ ချဲ ၊ ဘောလုံး လောင်းကစားကို လူတွေ ဘာကြောင့် စွဲလန်း နေရတာလဲ ။ ဘာကြောင့် သူတို့ရဲ့ ထွက်ပေါက်လို့ ထင်နေရ တာလဲ ဆိုတာ ကျွန်တော်တော့ နားမလည်ဘူး။ ပိုပြီး နားမလည် နိုင်တာက ဒီနေ့လို သန့်ရှင်းသော အစိုးရ ၊ ကောင်းမွန်သော အုပ်ချုပ်ရေး လို့ ရည်မှန်းချက်ထား ဆောင်ရွက်နေတဲ့ အစိုးရခေတ် မှာကို ဒီ လောင်းကစား မျိုးစုံက မပပျောက် သွားဘဲ နေရာအနှံ့ ဖွံ့ထွား လာတာကိုပါ။ အစိုးရသစ် တက်ပြီး သိပ်မကြာခင် မှာပဲ တရား ဥပဒေ စိုးမိုးရေး ဆိုတဲ့ စကားလုံးကို ကျွန်တော်တို့ ကျယ်ကျယ် လောင်လောင် ကြီး ကြားရလေ ၊ ကျွန်တော်တို့ ပို မကျေနပ် ဖြစ်လေပဲ။ စဉ်းစား ကြည့်လေဗျာ။ ဒီလောက် လူတန်းစား ဘ၀မျိုးစုံနဲ့ ဘာမှ မသိ နားမလည်တဲ့ တောသူ တောင်သား လယ်သမား တွေရဲ့ဘ၀ အညွန့်တုံးအောင် လုပ်နေတဲ့ နှစ်လုံး ၊ ချဲ ၊ ဘောလုံး လောင်းကစားတွေ ဘာကြောင့် ဒီလောက် အားကောင်း မောင်းသန် ဖြစ်နေ သလဲ ဆိုတာ။

ကျွန်တော်တို့ ဒီအပေါ် မကျေမနပ် ဖြစ်တာ လွန်တာ ရှိသလား ခင်ဗျား။ တရား ဥပဒေ စိုးမိုးရေးသာ တကယ် ရှိရင် နှစ်လုံး ၊ ချဲ ၊ ဘောလုံး လောင်းကစား တွေ ဒီလောက်အထိ ကျယ်ကျယ် ပြန့်ပြန့် ရှိနိုင် ပါ့မလား။ အခုတော့ လွယ်လင့်တကူ မြို့ကြီးတွေရဲ့ နေရာ အနှံ့မှာ ၊ နယ်စွန်နယ်ဖျား ၊ ချောင်ကြို ချောင်ကြား တွေမှာ အထိ ရှိနေတာ ဆိုတော့ဗျာ။ တရား ဥပဒေ စိုးမိုးရေးရဲ့ အထက်မှာ ဘယ်လို သကောင့်သားများ ရှိနေလဲ။ ဘယ်လို စွမ်းအားရှင်များ ရှိနေသလဲ ဆိုတာ မတွေးတတ် လောက်အောင် ပါပဲဗျာ။

နိုင်ငံတော် သမ္မတကြီး ခမျာမှာတော့ သူ့နိုင်ငံသူ နိုင်ငံသား တွေရဲ့ အရေးကို တကယ် စိတ်ပူရှာ တယ်ဗျ။ ပြည်သူ လူထုကို ပြောကြားတဲ့ သူ့ရဲ့ မိန့်ခွန်းမှာ သူ့နိုင်ငံသူ နိုင်ငံသား တွေ ဥာဏ်ရည် ထက်မြက်ဖို့ ၊ ကျန်းမာဖို့ နို့သောက်ကြဖို့ တိုက်တွန်း တယ်ဗျ။

နိုင်ငံတော် သမ္မတကြီးက နိုင်ငံကို ဖွံ့ဖြိုး တိုးတက် စေချင်တယ်။ နိုင်ငံ ဖွံ့ဖြိုး တိုးတက် စေချင်တယ်လို့ ပြောနေရုံနဲ့ ဖွံ့ဖြိုး တိုးတက် လာမှာ မဟုတ်ပါဘူး။ နိုင်ငံသူ နိုင်ငံသားတွေ ကျန်းမာနေမှ ၊ နိုင်ငံသူ နိုင်ငံသားတွေ ဥာဏ်ရည် ဖွံ့ဖြိုး နေမှ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ကို လုပ်လို့ရနိုင် မှာလို့ နိုင်ငံတော် သမ္မတကြီး အနေနဲ့ မျှော်တွေးပြီး နိုင်ငံသူ နိုင်ငံသား တွေကို တိုက်တွန်းပုံ ရတယ်။

တကယ်တော့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး ဆိုတာ တစ်ဦးကောင်း ၊ တစ်ယောက် ကောင်းနဲ့ လုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်ပြန်ဘူး။ နိုင်ငံသား တိုင်းရဲ့ ခံယူချက် ၊ နိုင်ငံသား တိုင်းရဲ့ အကျင့် စာရိတ္တ ၊ စည်းကမ်း ၊ နိုင်ငံသားတွေ သင်ယူနေတဲ့ ပညာရေး ၊ နိုင်ငံသား တွေရဲ့ ကျန်းမာရေး အပြင် ကိုယ့်နိုင်ငံကို ကိုယ်တကယ် ချစ်တဲ့ စိတ်နဲ့ ကြိုးကြိုး စားစား လုပ်ကိုင် မှသာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်မှုကို နိုင်ငံသား တိုင်းက တကယ် ရမှာပါ။

အခု ကျွန်တော်တို့ နိုင်ငံရဲ့ နေရာ အနှံ့အပြား ကို ကြည့်လိုက် ၊ အရက်ဆိုင်တွေ အများကြီး ၊ လူကြီး လူငယ် လူလတ် အရွယ်သုံးပါး အချိန် အခါမရွေး သောက်ဆုံးနေတာ တွေ့ရမယ်။ ချဲဒိုင် ၊ နှစ်လုံးဒိုင် ၊ ဘောလုံးဒိုင် တွေဆိုတာလည်း တိုင်းကား ပြည်ရွာ နေရာအနှံ့ ၊ နယ်စွန် ဇနပုဒ်မကျန် ရှိနေတယ်။ အယုတ် အလတ် အမြတ် မရွေး စိတ်ပါဝင်စား လောင်းကစား နေလိုက်ကြတာ ၊ တကယ့်ကို လှုပ်ရှား သက်ဝင် စိတ်အား ထက်သန် နေလိုက် ကြတာ။

တကယ်တော့ ဂရုဏာ ဒေါသနဲ့ ပြောသာ ပြောရတာ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသား တွေဆိုတာ သိပ်ကို လောဘနည်း ကြတဲ့ သူတွေ။ ရောင့်ရဲ တတ်ကြတယ်။ ရှိတာလေးနဲ့ စားတတ် နေတတ် တဲ့သူတွေ။ ဒါဆို သူတို့ ဘာလို့ ဒီလို တရားမ၀င် လောင်းကစား မျိုးကို လုပ်သလဲ ဆိုတာမျိုး မေးခွန်း ထုတ်စရာ ရှိတယ်။ ဟုတ်ပါတယ်။ နိုင်ငံသူ နိုင်ငံသား အဲဒီ အထဲမှာမှ ကျေးလက်နေ တောသူ တောင်သား လယ်သမား အများစု ခမျာ လူတစ်ယောက် ၊ မိသားစု တစ်စု အနည်းဆုံး ထမင်းလေး နပ်မှန်နိုင်ဖို့ ၊ နှစ်လုံး ၊ ချဲ ၊ ဘောလုံး တို့ကနေ ထွက်ပေါက် ရှာတာမျိုးပါ။ ဒီအထဲမှာ ရှိတဲ့ငွေကို လောဘစိတ်နဲ့ လောင်းကစားပြီး ငွေများ ပွားနိုင် မလားလို့ လုပ်တဲ့သူ အနည်း အကျဉ်း လောက်လည်း ရှိမှာပေါ့လေ။ ထားတော့။

ကျွန်တော်တို့ နိုင်ငံရဲ့ မရှိ ဆင်းရဲသား နိုင်ငံသူ နိုင်ငံသား တွေမှာ ဆင်းရဲလို့ ထွက်ပေါက် ရှာပါတယ်။ ထွက်ပေါက် ရှာကာမှ မွဲသထက် မွဲလာမယ်။ နစ်သထက် နစ်လာမယ်။ ဒါရဲ့ နောက်ဆက်တွဲ တွေက နိုင်ငံမှာ ရာဇ၀တ်မှုတွေ ထူပြော လာမယ်။ လယ်ယာ ထုတ်ကုန်တွေ ကျဆင်းလာမယ်။ လူတွေရဲ့ အကျင့် စာရိတ္တတွေ ယိုယွင်း လာမယ်။ ဘယ်လောက် အန္တရာယ် ကြီးလဲ။ မရှိဆင်းရဲ နိုင်ငံသူ နိုင်ငံသား တွေခမျာ " ဆင်းရဲလို့ မစဉ်စား တာလား ၊ မစဉ်းစားလို့ ဆင်းရဲ တာလား " ဆိုတာ တွေးမိပါတယ်။ ကျွန်တော်တို့ စဉ်းစားဖို့ လိုပါတယ်။ တကယ်ကို အရေးတကြီး လိုပါတယ်။

သက်ဆိုင်ရာက နှစ်လုံး ၊ ချဲ ၊ ဘောလုံး လောင်းကစား တွေကို ဖမ်းဆီး နှိမ်နင်းတယ် ဆိုသော်လည်း လွယ်လင့်တကူ လုပ်ခွင့် ရနေတာ ဘယ်သူ့ ကြောင့်လဲ။ ဘယ်သူ့မှာ တာဝန်ရှိလဲ။ ဘယ်သူတွေ အကျင့်ပျက် လို့လဲ။ တိုင်းပြည် ငြိမ်းချမ်း ဖွံ့ဖြိုးရေး အတွက် အဖက်ဖက်က ကြိုးပမ်း ရုန်းကန် နေချိန်မှာ ဒီလို ယိုပေါက် တွေကို မပိတ် နိုင်ဘူး ဆိုရင် .... ။

တရား ဥပဒေ စိုးမိုးရေး အထက်မှာ ဘယ်သူ ရှိနေလဲ။ တရား ဥပဒေ စိုးမိုးရေး ဆိုတာ ဘာလဲ။ ဘယ်လဲ ... လို့ မေးခွန်းထုတ် ရမလို ဖြစ်နေပြီ။ နောက်ဆုံး အနေနဲ့ ကျွန်တော်တို့ နိုင်ငံကို တကယ် ငြိမ်းချမ်း ဖွံ့ဖြိုးချင် တယ်ဆိုရင် နိုင်ငံသား တိုင်းက နိုင်ငံသား တွေရဲ့ ဆုံးရှုံး နစ်နာမှု တွေကို အကာအကွယ် ပေးရမှာပါ။ အဲဒီလိုမှ မဟုတ်ရင်တော့ ... ... ... ။

( ၁၉-၂-၂၀၁၃ ရက်နေ့ထုတ် The Messenger ဂျာနယ် စာမျက်နှာ အချပ်ပို G ပါ ဆောင်းပါးအား ဖော်ပြခြင်း ဖြစ်ပါသည်။ )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger