www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ရွှေ့ပြောင်းလုပ်သား. Show all posts
Showing posts with label ရွှေ့ပြောင်းလုပ်သား. Show all posts

Monday, April 3, 2017

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများရောက် မြန်မာရေလုပ်သား တစ်ထောင့်နှစ်ရာကျော် ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့


ရန်ကုန် ၊ ၃-၄-၂၀၁၇

၂ဝ၁၁ ခုနှစ်မှ ယခုနှစ်ထိ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပ နိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာရေလုပ်သား တစ်ထောင့် နှစ်ရာကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူ နိုင်ခဲ့ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

မြန်မာ့ ပင်လယ်ပြင် ဒေသများတွင် ငါးပုစွန်များကို ရှာဖွေဖမ်းဆီး နေကြသည့် မြန်မာ့ပင်လယ် ရေလုပ်သားများ အနေဖြင့် မိုးသက်မုန်တိုင်း အခြေအနေ များကြောင့် ငါးဖမ်းစက်လှေ များနှင့် ပင်လယ်ပြင်သို့ မျောပါသွားခဲ့ကြပြီး အိမ်နီးချင်းနိုင်ငံ များသို့ ရောက်ရှိသွား ခဲ့ကြသည်။ ထို့ပြင် အချို့သော ပင်လယ်ရေ လုပ်သားများသည် ထိုင်း၊ မလေးရှား စသည့် အာဆီယံဒေသ တွင်း နိုင်ငံများ၏ ရေလုပ်ငန်း များတွင် သွားရောက် လုပ်ကိုင် ဆောင်ရွက်ရာမှ လူကုန်ကူးမှု ကဲ့သို့သော ဖြစ်စဉ်ဖြစ်ရပ် များနှင့် ကြုံတွေ့ခဲ့ကြ ရသည်။

မိုးသက်မုန်တိုင်းနှင့် မျောပါ သွားခဲ့ကြသည့် ရေလုပ်သား အများစု မှာ အိန္ဒိယနိုင်ငံသို့ ရောက်ရှိသွားခဲ့ ကြသည်။ မြန်မာနိုင်ငံ အနေဖြင့် ပြည်ပနိုင်ငံ များတွင် ဆင်းရဲဒုက္ခ ကြုံတွေ့နေခဲ့ ကြရသည့် မြန်မာ ပင်လယ် ရေလုပ်သား များကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူ နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ခဲ့ရာ ၂ဝ၁၁ ခုနှစ်မှ ယခုနှစ်ထိ အကြောင်း အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာ ရေလုပ်သား ၁၂၆၉ ဦးကို မြန်မာနိုင်ငံ သို့ ပြန်လည်ခေါ်ယူ နိုင်ခဲ့ကြောင်း သိရသည်။

ယခုနှစ် မတ် ၂၉ ရက်ကလည်း အိန္ဒိယနိုင်ငံ ပို့ဘလဲမြို့ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံ နေရသည့် မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုချက် ရရှိပြီးသူ မြန်မာရေလုပ်သား ၈၈ ဦးကို ပြန်လည်ခေါ်ယူ ခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၂၂)

Wednesday, November 9, 2016

မောင်တောမြို့နယ် အတွင်း ဘင်္ဂါလီများအား အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများက အကြောင်းမဲ့ဖမ်းဆီး


အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဖမ်းဆီးခေါ်ဆောင် သွားရာမှ ဒဏ်ရာဖြင့် လွတ်မြောက်ခဲ့သည့် 
မာမွတ်ဖာရို ကို တွေ့ရစဉ်

နေပြည်တော် ၊ ၉-၁၁-၂၀၁၆

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဇင်ပိုင်ညာ ကျေးရွာအုပ်စု၊ ဖူခါလီ ကျေးရွာနေ နူမာမောက် (ဘ) အာစီရာမန် ၏ နေအိမ်သို့ နိုဝင်ဘာ ၇ ရက် ည ၁ဝ နာရီခွဲခန့်တွင် ဇင်ပိုင်ညာ ကျေးရွာနေ ဂေါ်ဇီရာမောက်၊ ဂျူဘိုင် ၊ နူရူစလန်နှင့် ရာဖစ် တို့ ဦးဆောင်သော အကြမ်းဖက်စီးနင်း တိုက်ခိုက်သူ ၁၅ ဦးခန့် ရောက်ရှိလာပြီး နေအိမ်တံခါး အား တုတ်၊ ဓားတို့ဖြင့် ရိုက်ချိုး ဖျက်ဆီး၍ နေအိမ်အား မီးရှို့ကာ ဖိုက်ဇယ် (ဘ) နူမာမောက် နှင့် မာမွတ်ဖာရို (ဘ) နူမာမောက် တို့ ညီအစ်ကို နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် သွားပြီး သက္ကယ်ပြင် ကျေးရွာ၊ ကျီးကန်းပြင် ကျေးရွာနှင့် ရေမျက်တောင် ကျေးရွာများ ဘက်သို့ ထွက်ပြေးသွား ခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွား ပြီးနောက် အကြမ်းဖက် စီးနင်း တိုက်ခိုက်သူ များကို အချိန်မီဖမ်းဆီး ရမိနိုင်ရေးနှင့် ဆက်စပ် သတင်းများ ဖော်ထုတ် နိုင်ရေး နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အဆိုပါနေအိမ် နှင့် အနီး ပတ်ဝန်းကျင်အား ရှင်းလင်းခဲ့ရာ ည ၁၂ နာရီခွဲတွင် နေအိမ်၏ အနောက်ဘက် လယ်ကွင်းအစပ် ၌ မာမွတ်ဖာရို (ဘ) နူမာမောက် အား ဓားပြတ်ရှဒဏ်ရာ ၁၁ ချက်နှင့် ထိုးသွင်းဒဏ်ရာ နှစ်ချက် ဒဏ်ရာ များဖြင့် တွေ့ရှိသဖြင့် မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့သည်။

အဆိုပါ အကြမ်းဖက်စီးနင်း တိုက်ခိုက်သူများ ဖမ်းဆီးရမိ နိုင်ရေး တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖြစ်စဉ်ဖြစ်ပွား ခဲ့သည့်ကျေးရွာ နှင့် အနီး ပတ်ဝန်းကျင် ကျေးရွာများ အား နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Friday, October 28, 2016

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သား ၁၂၈ ဦး၏ နေရပ်ပြန်ခရီးတွင် ဒလမြို့နယ်မှ လေးနှစ်ကြာ ပျောက်ဆုံးသွားသော ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ပါဝင်



ရန်ကန် ၊ ၂၈-၁၀-၂၀၁၆

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံ နေရသော မြန်မာရွှေ့ပြောင်း လုပ်သားများ အနက်မှ ၁၂၈ ဦးသည် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း (BFM) မှ MAI လေယာဉ်ဖြင့် ယမန်နေ့ နံနက် ၁ နာရီတွင် (၁၃) ကြိမ်မြောက် အဖြစ် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ ရခိုင်ပြည်နယ်မှ အများဆုံး ပါဝင်ကြောင်း သိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်း လုပ်သားများမှာ ရန်ကုန်တိုင်း ဒေသကြီးမှ ၁ဝ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ လေးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ကိုးဦး၊ ပဲခူးတိုင်း ဒေသကြီးမှ သုံးဦး၊ မကွေးတိုင်း ဒေသကြီးမှ တစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ငါးဦး၊ တနင်္သာရီတိုင်း ဒေသကြီး မှ ၁၆ ဦး၊ ကရင်ပြည်နယ် မှ လေးဦး၊ မွန်ပြည်နယ် မှ ၁၉ ဦး၊ ရခိုင်ပြည်နယ် မှ ၃၇ ဦး၊ ရှမ်းပြည်နယ်မှ နှစ်ဦး၊ ချင်းပြည်နယ်မှ ၁၈ ဦး စုစုပေါင်း ၁၂၈ ဦးနှင့် အသက် ငါးနှစ်အရွယ် ကလေးငယ် တစ်ဦး၊ ရင်ခွင်ပိုက် ကလေးငယ် တစ်ဦး ပါဝင်ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိ လာကြသော ရွှေ့ပြောင်း မြန်မာလုပ်သား များအား နေရပ် ပြန်ပို့ရေး ကော်မတီဝင်များ ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနတို့မှ တာဝန်ရှိ သူများ၊ IOM ၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူ များနှင့် နေရပ်ပြန် ရောက် မြန်မာလုပ်သား များ၏ မိသားစုဝင် များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၌ ကြိုဆိုခဲ့ ကြသည်။

ယင်းသို့ ပြန်လည်ရောက်ရှိ လာသော ရွှေ့ပြောင်းလုပ်သား များထဲမှ အသက် ၁၁ နှစ်အရွယ် မောင်ဝေလင်းထွန်း နှင့်ပတ်သက်၍ လူမှုဝန်ထမ်း ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောဦးက ''အသက်မပြည့် သေးတဲ့ ကလေးငယ် တစ်ယောက် အနေနဲ့ အသက် ၇ နှစ်အရွယ် ကတည်းကနေပြီး မလေးရှားနိုင်ငံ ကို လိမ်ညာ ခေါ်ဆောင်ခြင်း ခံခဲ့ရတယ်လို့ သိရတယ်။ သူ့ကို ကော့သောင်း-ရနောင်း ကနေတစ်ဆင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Ampong အရပ် Sri Nilam မှာ ရှိတဲ့ တိုက်ခန်းတစ်ခု ၌ တခြားကလေး တွေနဲ့အတူ နေထိုင်ခဲ့ ရတယ်။ အဲဒီလို နေထိုင်စဉ်မှာ တခြားကလေး တွေနဲ့ အတူ အလုပ်တွေ ခိုင်းခံရတယ်လို့ သိရတယ်။ အဲဒီကနေပြီး လွန်ခဲ့တဲ့ တစ်နှစ်မှာ ထွက်ပြေး လွတ်မြောက် လာကာ ကြုံရာကျပန်း လုပ်ကိုင် စားသောက် နေထိုင်ရတယ်။ နောက်ပိုင်း မလေးရှားရဲ တွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ ပြီးတော့ ထိန်းသိမ်းရေး စခန်းကို ပို့ဆောင်ခြင်း ခံရတယ်လို့ သိရတယ်။ 

အဲဒီကနေ ပြီးတော့ အခုနေရပ်ပြန် ခရီးစဉ်မှာ ကံကောင်း ထောက်မစွာနဲ့ ပါလာတာပါ။ သူ့အသက်က အခု ၁၁ နှစ်ရှိ နေပြီဆိုတော့ လေးနှစ်လောက် ဆင်းရဲချို့တဲ့စွာ နေခဲ့ရတယ်။ မောင်ဝေလင်းထွန်း ဟာ ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် ရာဇသင်္ကြန် ရပ်ကွက် ဗိုလ်တိုက်ချွန်း လမ်းနေ ဦးဒါဝတ် ဒေါ်ဂျမ်းဘုံ တို့ရဲ့ သားဖြစ်ကြောင်း သိရတယ်။ သူကိုဆရာမတို့ အနေနဲ့ မိဘ အုပ်ထိန်းသူထံ ပြန်မအပ်မီ ကျိုက်ဝိုင်း လူငယ်သင်တန်း ကျောင်းမှာ ယာယီလက်ခံ စောင့်ရှောက်ပြီး မိသားစုကို ပြန်လည် အပ်နှံ ပေးသွားမှာပါ'' ဟုပြောသည်။

အဆိုပါ မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၂၈ ဦးအား ရန်ကုန်မြို့ ရွှေတိဂုံဘုရားလမ်း အရှေ့ဘက်မုခ်ရှိ အလုပ်သမား ဓမ္မာရုံ၌ ခေတ္တထားရှိကာ စုံစမ်းစစ်ဆေးမှု များနှင့် ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်၍ နေရပ် အသီးသီးသို့ ပြန်လည်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း အနေဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမား များအား လေယာဉ်စင်းလုံးငှား အခမဲ့ပို့ဆောင် ပေးသည့်အပြင် တစ်ဦးလျှင် အပြန်စရိတ် ငွေကျပ်တစ်သိန်းစီထောက်ပံ့ ပေးအပ်သည်။

IOM အနေဖြင့် နေရပ်ပြန်စရိတ်၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းအား ထောက်ပံ့ပေးပြီး ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း ကူညီပေးကာ နေရပ်သို့ ချက်ချင်း မပြန်နိုင်သူ များအား ရန်ကုန်မြို့တွင် ခေတ္တ နေရာချထား ပေးကြောင်း သိရသည်။

မောင်မျိုး (ဧရာဝတီ)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၄)

Wednesday, October 12, 2016

ရွှေ့ပြောင်း ၀င်ရောက်လာသူများအား ထိန်းချုပ်နိုင်ရန် မဟာဗျူဟာသစ်တစ်ရပ်ကို အသုံးပြုလာသည့် ဂျာမနီ




( ဇေယျဘုန်း )

နိုင်ငံအတွင်းသို့ ပြည်ပမှ ရွှေ့ပြောင်း ဝင်ရောက်လာသူ များအား ထိန်းချုပ်နိုင်ရန် မဟာဗျူဟာသစ် တစ်ရပ်ကို အသုံးပြုမည်ဟု ဂျာမနီနိုင်ငံက အောက်တိုဘာ ၁ဝ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။

ဂျာမနီအစိုးရ ကျင့်သုံးသွားမည့် မဟာဗျူဟာ သစ်မှာ တခြားမဟုတ်။ ဥရောပသို့ ဝင်ရောက်နိုင်ရန် ရွှေ့ပြောင်း ဝင်ရောက်လာသူ အများအပြား အသုံးပြု နေသည့် နိုင်ဂျာနိုင်ငံ သို့ အထောက်အပံ့ နှင့် ငွေကြေး အကူအညီများ ပေး၍ ဒုက္ခသည် အမည်ခံ ရွှေ့ပြောင်း သူများကို ယင်းနိုင်ငံမှ တစ်ဆင့် တားဆီး ထိန်းချုပ်ရန်ပင် ဖြစ်သည်။ ဂျာမနီ ၀န်ကြီးချုပ် အန်ဂျလာမာကဲလ် အစိုးရ၏ အစီအစဉ် အရ ဂျာမနီနိုင်ငံ သည် နိုင်ဂျာနိုင်ငံ အား အကူအညီ အဖြစ် ယူရို ၂၇ သန်း ထောက်ပံ့ပေးမည် ဖြစ်သည်။

ထို့ပြင် အနောက် အာဖရိက၌ အဆင်းရဲဆုံး နိုင်ငံဖြစ်သည့် နိုင်ဂျာနိုင်ငံ အနေဖြင့် နိုင်ငံအတွင်း ဖြစ်ပွားလျက် ရှိသည့် အကြမ်းဖက် တိုက်ခိုက်မှု များကို တိုက်ဖျက်နှိမ်နင်း နိုင်ရေးအတွက် လာမည့်နှစ် တွင် ယူရို ၁ဝ သန်း တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများကို လက်ခံရရှိမည် ဖြစ်သည်။ ဂျာမနီနိုင်ငံက ပေးအပ်မည့် အကူအညီ များကို အသုံးပြု၍ နိုင်ဂျာ အစိုးရသည် ယင်းနိုင်ငံမှ တစ်ဆင့် ဥရောပသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းသူ များနှင့် လူမှောင်ခိုဂိုဏ်း များကို တားဆီးနှိမ်နင်း သွားမည် ဖြစ်သည်။

ဥရောပ၏ စီးပွားရေး  အင်အားကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်သည့် ဂျာမနီနိုင်ငံ သည် နိုင်ငံ အတွင်းသို့ ရွှေ့ပြောင်းသူ အမြောက်အမြား ဝင်ရောက် လာခြင်းနှင့် ရင်ဆိုင် နေရပြီး နောက်ဆက်တွဲ ဆိုးကျိုးအဖြစ် ဒေသခံများ နှင့် ရွှေ့ပြောင်း ဝင်ရောက်လာသူ များအကြား ယဉ်ကျေးမှု ကွဲပြားသဖြင့် လူမှုရေး ဆိုင်ရာ ပဋိပက္ခများ ကိုပါ တွေ့ကြုံ နေရပြီ ဖြစ်သည်။

ဂျာမနီအစိုးရ၏ ရက်ရောမှု ရှိသည့် လူဝင်မှုဆိုင်ရာ မူဝါဒကြောင့် နိုင်ငံအတွင်း သို့ ဝင်ရောက်လာသူ ဦးရေမှာ ယခုနှစ် ထုတ်ပြန်ချက် များအရ သိန်းပေါင်း များစွာအထိ မြင့်တက် လာခဲ့ပြီဖြစ်သည်။ ပြီးခဲ့ သည့်နှစ် တစ်နှစ်တည်း မှာပင် ဂျာမနီနိုင်ငံ အတွင်းသို့ ဝင်ရောက်လာသူ ဦးရေမှာ နှစ်သန်း အထိ မြင့်တက်ခဲ့သည်။ ထိုသို့ ဝင်ရောက်လာသူ များအနက် အများစုမှာ ဆီးရီးယား၊ လစ်ဗျားနှင့် တခြားနိုင်ငံ များမှဖြစ်ပြီး ၄င်းတို့သည် ဂျာမနီနိုင်ငံသို့ ရောက်ရှိ လာပြီးနောက် အေးချမ်းစွာ မနေဘဲ ဒေသခံ အမျိုးသမီးများ အပေါ် လိင်ပိုင်း ဆိုင်ရာ ရာဇဝတ်မှု များနှင့် တခြား ခိုးဆိုးလုယက်မှု များကိုပါ ကျူးလွန် လာခဲ့သောကြောင့် ၄င်းတို့အပေါ် ဒေသခံဂျာမနီ ပြည်သူများ၏ ကနဦး ထားရှိသည့် ကရုဏာ သက်မှုများမှာ ပျက်ပြယ်ခဲ့ ရသည်။ ထို့ပြင် ရွှေ့ပြောင်း ဝင်ရောက်လာ သူများကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များ နှင့်စပ်လျဉ်း၍ နိုင်ငံတစ်ဝန်း၌ ဆန္ဒပြမှုများ ကိုပါ လုပ်ဆောင် လာသည်ကို တွေ့ရသည်။

ရွှေ့ပြောင်း ဒုက္ခသည် အမြောက်အမြား ကို နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြု ခဲ့သည့် အစိုးရ၏ မူဝါဒများကြောင့် ဝန်ကြီးချုပ် မာကဲလ် မှာလည်း နိုင်ငံရေးအရ ဖိအားပေးမှု များနှင့် ရင်ဆိုင်ခဲ့ ရသည့်အပြင် ၄င်း၏ ညွန့်ပေါင်း အစိုးရအဖွဲ့ အတွင်းမှ ကန့်ကွက် ဝေဖန်မှု များဖြင့်ပါ တွေ့ကြုံခဲ့ ရသည်။ အဆိုးရွားဆုံးမှာ ၄င်းကို တစိုက်မတ်မတ် ထောက်ခံခဲ့ ကြသည့် ပြည်သူ အများစု၏ ထောက်ခံမှုကို ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်ဟု ဆိုနိုင်သည်။ ဂျာမနီပြည်သူ များသည် မအောင်မြင်သည့် အစိုးရ၏ ရွှေ့ပြောင်း ဝင်ရောက်သူများ အရေးဆိုင်ရာ မူဝါဒကြောင့် အစိုးရအပေါ် အားမလို အားမရ ဖြစ်ခဲ့ကြသည်။

ထို့ပြင် အေးချမ်းစွာ တည်ရှိ နေခဲ့သည့် ဂျာမနီနိုင်ငံ၌ ရွှေ့ပြောင်း ဝင်ရောက်လာသူ များကြောင့် ယခုအခါ အကြမ်းဖက် တိုက်ခိုက်မှု များနှင့် အကြမ်းဖက်ရန် ကြံစည်မှုများ ပါဖြစ်ပွား လာသဖြင့် အစိုးရ၏ ဒုက္ခသည်များ ဆိုင်ရာ မူဝါဒအပေါ် ဂျာမနီပြည်သူ အမြောက်အမြားက စိတ်ကုန်စပြု လာခဲ့ကြသည်။ ISIS အကြမ်းဖက် အဖွဲ့နှင့် ဆက်နွှယ်နေပြီး နိုင်ငံအတွင်း ဗုံးခွဲ တိုက်ခိုက်သည့် ဆီးရီးယား ဒုက္ခသည် တစ်ဦးကို ရဲတပ်ဖွဲ့က Chemnitz မြို့၌ အောက်တိုဘာ ၉ ရက်တွင် ဖမ်းဆီး ရမိခဲ့သည်။ နိုင်ငံအတွင်းသို့ ဝင်ရောက်လာ ခဲ့သည့် ဒုက္ခသည် အားလုံးကို ပြန်လည် သုံးသပ်ကြည့်ပါက ၄င်းတို့အနက်တွင် ပြည်တွင်းစစ်နှင့် စစ်မက်ဖြစ်ပွားရာ ဒေသများမှ ထွက်ပြေး လာသော ဒုက္ခသည် အစစ်အမှန်များ ပါဝင်သော်လည်း တချို့မှာ ဒုက္ခသည်များ မဟုတ်ဘဲ ဒုက္ခသည် အယောင်ဆောင် ကာ ဂျာမနီနိုင်ငံ၏ ရက်ရောမှု ရှိသည့် လူဝင်မှုဆိုင်ရာ မူဝါဒအပေါ် အခွင့်ကောင်းယူ ဝင်ရောက် လာကြခြင်း ဖြစ်သည်။

ထို့ပြင် ရွှေ့ပြောင်း ဒုက္ခသည်များနှင့် ဂျာမနီဒေသခံ များအကြား ကိုးကွယ်သည့် အယူဝါဒ ကွဲပြားနေခြင်း ကလည်း ဒုက္ခသည် များအနေဖြင့် ဒေသခံပြည်သူ များနှင့်လူမှု ရေးအရ ပေါင်းစည်း နိုင်ရေးတွင် အဟန့်အတား တစ်ခုအဖြစ် ဆက်လက် တည်ရှိနေဆဲ ပင်ဖြစ်သည်။

ယင်း အကျိုးဆက် များသည် ဝန်ကြီးချုပ် မာကဲလ် အပေါ် ဆိုးရွားစွာ ကျရောက် လာခဲ့ပြီ ဖြစ်သည်ဟု ယူဆနိုင်သည်။ ထိုအကြောင်း ရင်းများကြောင့် နိုင်ငံအတွင်းသို့ အဆမတန် ဝင်ရောက် လာသည့် ဒုက္ခသည် များနှင့် ရွှေ့ပြောင်း ဝင်ရောက်လာသူ များကို နည်းလမ်း အမျိုးမျိုးသုံး၍ ထိန်းချုပ်နိုင်ရန် အစိုးရက စဉ်းစားလာခဲ့ ရသည်။ အစိုးရက အရေး တကြီး ဖြေရှင်းရန် လိုအပ်နေသည့် ရွှေ့ပြောင်း ဝင်ရောက်သူ အရေးကို အချိန်မီ မဖြေရှင်း နိုင်ပါက မာကဲလ် အစိုးရအနေဖြင့် အကျိုးဆက် များကို ထပ်မံတွေ့ကြုံ နိုင်ဖွယ်ရှိသည်။ အကြောင်းမှာ အစိုးရအနေဖြင့် ယင်းကိစ္စရပ် နှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် နိုင်ခြင်းမရှိ ပါက ယခုနှစ်အတွင်း ရွှေ့ပြောင်း ဝင်ရောက်သူ ၃ဝဝဝဝဝ ခန့် ထပ်မံ ရောက်ရှိ လာနိုင်ဖွယ် ရှိသည်ဟု ဂျာမနီ ပြည်ထောင်စု လူဝင်မှုနှင့် ဒုက္ခသည်များ ဆိုင်ရာရုံး အဖွဲ့မှ အကြီးအကဲ က မကြာသေးမီက သတိပေး ပြောကြားခဲ့သည်။

ဂျာမနီနိုင်ငံ၌ စက်တင်ဘာလ အတွင်း က ကျင်းပခဲ့သည့် ဒေသန္တရ ရွေးကောက်ပွဲ၌ မာကဲလ် ၏ ခရစ်ယာန် ဒီမိုကရက်တစ်ပါတီ (CDC) သည် လူဝင်မှုကို ဆန့်ကျင် ကန့်ကွက်သည့် လက်ယာယိမ်းပါတီ (AfD) ကို အကြီးအကျယ် ရှုံးနိမ့်ခဲ့သည်။ အဆိုပါ ရှုံးနိမ့်မှုသည် မာကဲလ် အတွက် ကြီးမားသည့် ထိုးနှက်ချက်ဟု ဆိုနိုင်သည်။ ယင်းကား အစိုးရ၏ မူဝါဒကျ ရှုံးမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်ပင် ဖြစ်သည် ဟု ယူဆနိုင်သည်။ အလားတူ ဂျာမနီနိုင်ငံ ၌ ၂ဝ၁၇ ခုနှစ် အောက်တိုဘာ၂၂ ရက်တွင် လွှတ်တော် ရွေးကောက်ပွဲ များကို ကျင်းပရန် စီစဉ်ထားသည်။

ထို့ကြောင့် မာကဲလ် အစိုးရ အနေဖြင့် နိုင်ငံတွင်း အရေးတကြီး ဖြေရှင်းရန် လိုအပ်နေသည့် ရွှေ့ပြောင်း ဝင်ရောက်သူများ အရေးကို ထိရောက်စွာ ဖြေရှင်းနိုင်မှ သာလျှင် နိုင်ငံရေးအရ အဖတ်ဆယ် နိုင်မည်ဖြစ်သည်။ ယင်း ကိစ္စရပ်ကို အောင်မြင်စွာ ဖြေရှင်းနိုင်ခြင်း မရှိပါက လာမည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲကြီး တွင်လည်း ဝန်ကြီးချုပ် မာကဲလ် ၏ ပါတီသည် အရှုံးနှင့်သာ ထပ်မံ ရင်ဆိုင်ရဖွယ် ရှိနေသည်ဟု သုံးသပ်တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Thursday, October 6, 2016

မလေးရှားနိုင်ငံရောက် မြန်မာလုပ်သား ၁၃၇ ဦး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၆-၁၀-၂၀၁၆

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခု၌ အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား များအနက် မြန်မာလုပ်သား ၁၃၇ ဦးသည် MAI လေယာဉ်ဖြင့် ယနေ့ ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိ လာသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများအား နေရပ် ပြန်ပို့ရေး ကော်မတီများ ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ IOM လေယာဉ် စင်းလုံးငှား ခရီးစဉ် အခမဲ့ လှူဒါန်းသောMother Trading and Construction Co., Ltd. နှင့် မိဘဂုဏ်ရည် အဖွဲ့သား များမှ တာဝန်ရှိသူ များနှင့် နေရပ်ပြန်ရောက် မြန်မာလုပ်သား များ၏ မိသားစုဝင် များက ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်၌ ကြိုဆိုကြသည်။

ပြန်လည်ရောက်ရှိ လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများအား Mother Trading and Construction Co., Ltd. နှင့် မိဘဂုဏ်ရည် အဖွဲ့သားများက လေယာဉ် စင်းလုံးငှား၍ အခမဲ့ပို့ဆောင် ပေးသည့်အပြင် တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝဝ စီထောက်ပံ့ ပေးအပ်ကြောင်း သိရသည်။ ရောက်ရှိလာသော လုပ်သားများအား ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) အနေဖြင့် နေရပ်ပြန်စရိတ်၊ အဝတ်အထည် အသုံးအဆောင် ပစ္စည်းကို ထောက်ပံ့ပေး ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း ကူညီပေးခဲ့သည်။ နေရပ်သို့ ချက်ချင်းမပြန်နိုင် သူများအား ရန်ကုန်မြို့တွင် ခေတ္တနေရာ ချထားပေး ကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ဖမ်းဆီးခံနေရသော မြန်မာရွှေ့ပြောင်း လုပ်သား ၂၂၉၄ ဦးရှိရာ ယခုအကြိမ် သည် ၁၁ ကြိမ်မြောက် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်သည်။ ကျန်ရှိ နေသေးသော မြန်မာလုပ်သား များအား မလေးရှား နိုင်ငံရှိ မြန်မာသံရုံးများ က ထိန်းသိမ်းရေး စခန်းများတွင် သွားရောက် စစ်ဆေးကာ ပြန်လည် ခေါ်ယူနိုင်ရန် အတွက် ဆောင်ရွက် သွားမည် ဖြစ်သည်။

မလေးရှား ထိန်းသိမ်းရေး စခန်းများရောက် မြန်မာလုပ်သား များအား သြဂုတ် ၈ ရက်မှ ပထမအသုတ် အဖြစ်စတင်ကာ ယခု ၁၁ ကြိမ်ထိ စုစုပေါင်း ၁၅၁ဝ ဦး ခေါ်ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Friday, September 30, 2016

မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမား ၁၃၈ ဦး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၃၀-၉-၂၀၁၆

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ဖမ်းဆီးထိန်းသိမ်း ခံရသည့် မြန်မာနိုင်ငံ သား များအနက် မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်စရိတ် မတတ်နိုင်သူ C of I ရရှိပြီးသည့် မြန်မာ နိုင်ငံသား ၁၃၈ ဦးနှင့် ရင်ခွင်ပိုက် ကလေး တစ်ဦးတို့အား ပြည်ပတွင် အလုပ်လုပ် ကိုင်မှု ကြီးကြပ်ရေး ကော်မတီ၏ ကြီးကြပ်မှု၊ Mother Trading and Construction Co.,Ltd. နှင့် မိဘဂုဏ်ရည် အဖွဲ့သားများ၏ လှူဒါန်းမှုဖြင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ လေဆိပ်မှ မြန်မာ အပြည်ပြည်ဆိုင်ရာ လေကြောင်း (MAI) လေယာဉ်ဖြင့် ယမန်နေ့ည ၈ နာရီ မိနစ် ၄ဝ တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ရောက်ရှိ လာသည်။

ပြန်လည်ရောက်ရှိ လာသည့် အလုပ်သမား များအား Mother Trading and Construction Co.,Ltd. နှင့် မိဘဂုဏ်ရည် အဖွဲ့သားများ၏ လှူဒါန်းမှုဖြင့် အလုပ်သမား တစ်ဦးလျှင် ငွေကျပ် ၅ဝဝဝဝ စီ ထောက်ပံ့ပေးပြီး နေရပ်သို့ ချက်ချင်းပြန် နိုင်ခြင်း မရှိသူများကို ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဓမ္မာရုံ၌ နေရာချထား ပေးကာ IOM အဖွဲ့မှ နေရပ်ပြန် ခရီးစရိတ်၊ အဝတ်အထည်၊ အသုံးအဆောင် ပစ္စည်းများနှင့် ဆေးဝါး ပစ္စည်းများ ကို ထောက်ပံ့ ကူညီခြင်း၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ကျန်းမာရေး ဝန်ထမ်းများမှ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည်။

အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနသည် ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကာကွယ် စောင့်ရှောက်မှု လုပ်ငန်းများကို ပြည်တွင်း၊ ပြည်ပ၌ ဆောင်ရွက်လျက် ရှိရာ အကြောင်း အမျိုးမျိုး ကြောင့် ပြည်ပနိုင်ငံများမှ နေရပ်ပြန်မည့် အလုပ်သမား များအား ကူညီ ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း အလုပ်သမားများ ယင်းတို့၏ မိသားစုများနှင့် ပြန်လည် ပေါင်းစည်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း တို့ကို သက်ဆိုင်ရာ ဌာန အဖွဲ့အစည်း များနှင့် ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်းများမှ C of I ဖြင့် ပြန်လာသည့် အလုပ်သမား များအား နိုင်ငံတော် အစီအစဉ်ဖြင့် သြဂုတ် ၈ ရက် မှစ၍ ပြန်လည် ခေါ်ယူလျက် ရှိရာ ပထမအကြိမ် မှ ယခု ဒသမ အကြိမ်အထိ စုစုပေါင်း ၁၃၇၂ ဦးနှင့် ရင်ခွင်ပိုက် ကလေး လေးဦးတို့ကို ပြန်လည်ခေါ်ယူ ပေးပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Friday, September 23, 2016

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်း လုပ်သား ၁၃၈ ဦး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၂၃-၉-၂၀၁၆

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ အနက်မှ ၁၃၈ ဦးသည် စေတနာရှင် အလှူရှင် ပုဂ္ဂလိက အဖွဲ့အစည်း နှစ်ခုမှ လှူဒါန်းသော MAI လေယာဉ်အခမဲ့ ခရီးစဉ်ဖြင့် ယမန်နေ့ ညပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ် သို့ ပြန်လည် ရောက်ရှိ လာသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ၁၁ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ငါးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ လေးဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ခြောက်ဦး၊ မကွေးတိုင်း ဒေသကြီးမှ နှစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ တစ်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၉ ဦး၊ ကရင်ပြည်နယ် မှ ရှစ်ဦး၊ မွန်ပြည်နယ်မှ ၅၇ ဦး၊ ရခိုင်ပြည်နယ်မှ ၁၆ ဦး၊ ရှမ်းပြည်နယ် မှ တစ်ဦး၊ ချင်းပြည်နယ် မှ ခုနစ်ဦး၊ နေပြည်တော် မှ တစ်ဦး စုစုပေါင်း ၁၃၈ ဦး ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြန်မာရွှေ့ပြောင်း လုပ်သားများအား နေရပ်ပြန်ပို့ရေး ကော်မတီဝင်များ ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လေယာဉ် စင်းလုံးငှား ခရီးစဉ် အခမဲ့ လှူဒါန်းသော Mother Trading and Construction Co.,Ltd. နှင့် မိဘဂုဏ်ရည် အဖွဲ့သားများမှ တာဝန်ရှိသူ များနှင့် မြန်မာ လုပ်သားများ၏ မိသားစုဝင် များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ ကြသည်။

ပြန်လည်ရောက်ရှိ လာသော ရွှေ့ပြောင်း အလုပ်သမား အဖွဲ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး မှ မထက်ထက်ခိုင် သည် တစ်လခွဲ အရွယ် သမီးလေးနှင့်အတူ ရောက်ရှိ လာကြောင်း သိရသည်။ အလားတူ ရေးမြို့နယ်မှ မဖြူနှင်း သည်လည်း အသက် ၂၉ ရက်သား အရွယ်ရှိ သမီးငယ်လေး နှင့်အတူ ရောက်ရှိ လာကြောင်း သိရသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ရောက်ရှိနေသော မြန်မာလုပ်သား ၂၂၉၄ ဦးရှိရာ ယခုအဋ္ဌမ အသုတ်အထိ စုစုပေါင်း ၁ဝ၉၉ ဦးကို ပြန်လည်ခေါ်ယူ နိုင်ခဲ့ကြောင်း သိရသည်။ ကျန်ရှိ နေသေးသော မြန်မာလုပ်သား များအား မလေးရှား နိုင်ငံရှိ မြန်မာသံရုံးမှ ထိန်းသိမ်းရေး စခန်းများတွင် သွားရောက် စစ်ဆေးကာ ပြန်လည် ခေါ်ယူသွားမည် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညတွင် ရောက်ရှိလာသော မြန်မာ နိုင်ငံသား ၁၃၈ ဦးအား ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်း အရှေ့ဘက်မုခ်ရှိ အလုပ်သမား ဝန်ကြီးဌာန ဓမ္မာရုံတွင် ခေတ္တထားရှိကာ စစ်ဆေးစုံစမ်းမှု များနှင့် ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်ကာ နေရပ်အသီးသီး သို့ ပြန်လည် ပို့ဆောင် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Wednesday, September 21, 2016

မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၈ ဦး၏ နေရပ်သို့ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၂၁-၉-၂၀၁၆

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်း လုပ်သားများ အနက်မှ ၁၃၈ ဦးသည် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း BFM ၏ MAI လေယာဉ် အခမဲ့ခရီးစဉ်ဖြင့် ယမန်နေ့ ညပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ မွန်ပြည်နယ်မှ အများဆုံးပါ ဝင်ကြောင်း သိရသည်။

ရောက်ရှိလာသော မြန်မာရွှေ့ပြောင်း လုပ်သားများတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ၁ဝ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ခြောက်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ လေးဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ငါးဦး၊ မကွေးတိုင်း ဒေသကြီးမှ ၁၁ ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ခုနစ်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၂၃ ဦး၊ ကရင်ပြည်နယ်မှ နှစ်ဦး၊ မွန်ပြည်နယ်မှ ၃၇ ဦး၊ ရခိုင်ပြည်နယ်မှ ၂၉ ဦး၊ ရှမ်းပြည်နယ်မှ နှစ်ဦး၊ ချင်းပြည်နယ်မှ နှစ်ဦး အပါအဝင် စုစုပေါင်း ၁၃၈ ဦး ပါဝင်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများအား နေရပ်ပြန်ပို့ရေး ကော်မတီများ ဖြစ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ ၊ IOM ၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း မှ တာဝန်ရှိသူများနှင့် နေရပ်ပြန်ရောက် မြန်မာ လုပ်သားများ၏ မိသားစုဝင်များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ကြိုဆိုခဲ့ ကြသည်။

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ဖမ်းဆီးခံ နေရသော မြန်မာ ရွှေ့ပြောင်းလုပ်သား ၂၂၉၄ ဦး ရှိရာ ယခု အသုတ်သည် သတ္တမ အသုတ်ဖြစ်သည်။ ကျန်ရှိ နေသေးသော မြန်မာလုပ်သား များအား မလေးရှား နိုင်ငံရှိ မြန်မာသံရုံးများမှ ထိန်းသိမ်းရေး စခန်းများတွင် သွားရောက် စစ်ဆေးကာ ပြန်လည်ခေါ်ယူ နိုင်ရေး ဆောင်ရွက် သွားမည် ဖြစ်သည်။ ရောက်ရှိလာသော မြန်မာနိုင်ငံသား ၁၃၈ ဦးအား ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားလမ်း အရှေ့ဘက်မုခ်ရှိ အလုပ်သမား ဓမ္မာရုံတွင် ခေတ္တထားရှိကာ စစ်ဆေး စုံစမ်းမှုများနှင့် ကျန်းမာရေး စစ်ဆေးချက်များ ပြုလုပ်ကာ နေရပ် အသီးသီးသို့ ပြန်လည်ပေးပို့ သွားမည်ဖြစ်ကြောင်း သိရသည်။

''မြန်မာပြည်မှာ အလုပ်မကောင်းလို့ အောက်လမ်းကနေ သွားလုပ်တာပါ။ ပင်လယ်မှာ ငါးဖမ်း /ငါးမွေးမြူရေး လုပ်ရတာပါ။ လာဖမ်းတော့ ပြေးစရာ မရှိဘူးလေ။ ဟိုမှာက ပတ်စ်ပို့ တွေ၊ အလုပ် လုပ်ကိုင်ခွင့် ခေါ်စာတွေ၊ ဗီဇာတွေ မရှိရင် အဆင်မပြေဘူး။ ပြန်ခွင့်ရမယ့် ထဲပါလာတော့ အရမ်းကို ဝမ်းသာခဲ့ရတယ်။ ဟိုမှာက ပတ်စ်ပို့ ပျောက်သွားလို့ အဖမ်းခံရတဲ့ သူတွေ Oversea ဖြစ်လို့ ဖမ်းခံရတာတွေ အများကြီး ပါပဲ။ အခုလို MAI လေယာဉ်နဲ့ အခမဲ့ခေါ် ပေးတဲ့ ကမ္ဘောဇ အနာဂတ် အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း အဖွဲ့ကိုလည်း အရမ်းကျေးဇူးတင် ပါတယ်'' ဟု မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်နေ မြန်မာရွှေ့ပြောင်း လုပ်သား ကိုစောထွန်းနိုင် က ပြောသည်။

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း အနေဖြင့် လေယာဉ် စင်းလုံးငှား အခမဲ့ပို့ဆောင် ပေးသည့်အပြင် တစ်ဦးလျှင် အပြန်စရိတ် ငွေကျပ်တစ်သိန်းစီ ထောက်ပံ့ပေးအပ် ခဲ့သည်။ IOM အနေဖြင့် နေရပ်ပြန် စရိတ် ၊အဝတ်အထည် အသုံးအဆောင် ပစ္စည်းအား ထောက်ပံ့ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှု များကိုလည်း ကူညီပေးသည့် အပြင် နေရပ်သို့ ချက်ချင်းမပြန် နိုင်သူများအား ရန်ကုန်မြို့တွင် ခေတ္တနေရာ ချထားပေးသည်။ မလေးရှား ထိန်းသိမ်းရေး စခန်းများ ရောက် မြန်မာရွှေ့ပြောင်း လုပ်သားများအား သြဂုတ် ၈ ရက်မှ ပထမအသုတ် အဖြစ် စတင်ကာ ယခုသတ္တမ အကြိမ်ထိ စုစုပေါင်း ၉၆၁ ဦး ခေါ်ဆောင်ပြီး ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, August 25, 2016

မြန်မာ့တပ်မတော် အစီအစဉ်ဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း များမှ မြန်မာနိုင်ငံသား စုစုပေါင်း ၄၁၁ ဦးအား အခမဲ့ ပြန်လည်ခေါ်ဆောင်ပေး


တာဝန်ရှိသူများက မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသော မြန်မာနိုင်ငံသား များအား ကြိုဆိုနှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၅-၈-၂၀၁၆

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိထိန်းသိမ်းခံ နေကြရသည့် မြန်မာနိုင်ငံသား များအနက် နေရပ်ပြန်ရန် အခက်အခဲရှိ နေသူများမှ ၄ဝဝ ကျော်အား တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စိတ်စေတနာ အရ မြန်မာ့တပ်မတော် ၏ အစီအစဉ်ဖြင့် MAI စင်းလုံးငှား လေယာဉ်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့မှ အမိ မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အခမဲ့ပြန်လည် ခေါ်ဆောင် ပေးလျက်ရှိသည်။

ထိုသို့ ခေါ်ဆောင် ပေးလျက်ရှိရာ ယမန်နေ့ ညနေပိုင်းတွင် ၁၃၆ ဦးကို တတိယ အသုတ်အဖြစ် ပြန်လည်ခေါ်ဆောင် ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၈ နာရီ ၄ဝ မိနစ်တွင် ရောက်ရှိရာ တပ်မတော် အရာရှိ ကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ IOM ရုံးမှတာဝန် ရှိသူများ၊ ပြန်လည် ရောက်ရှိလာကြ သူများ၏ မိသားစုဝင်များက နွေးထွေးစွာ ကြိုဆိုခဲ့ ကြသည်။

အဆိုပါ ၁၃၆ ဦးမှာ နေပြည်တော် ကောင်စီနယ်မြေ မှတစ်ဦး၊ ရန်ကုန်တိုင်း ဒေသကြီးမှ ခြောက်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ နှစ်ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ လေးဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ရှစ်ဦး၊ မကွေးတိုင်း ဒေသကြီးမှ လေးဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၈ ဦး၊ ကချင်ပြည်နယ်မှ တစ်ဦး၊ ကယားပြည်နယ် မှ တစ်ဦး၊ ကရင်ပြည်နယ်မှ ၁၇ ဦး၊ မွန်ပြည်နယ်မှ ၃၈ ဦး၊ ရခိုင်ပြည်နယ်မှ ၂၁ ဦး၊ ရှမ်းပြည်နယ်မှ နှစ်ဦးနှင့် ချင်းပြည်နယ်မှ ၁၃ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန်၊ ပြည်သူလူထု အကျိုးစီးပွားကို ဖော်ဆောင်ပေး ရန်မှာ တပ်မတော်၏ အမျိုးသားရေး တာဝန် ထမ်းဆောင်မှု ဖြစ်သည်နှင့် အညီ ပြည်ပနိုင်ငံ များတွင် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ နေသည့် မြန်မာနိုင်ငံသား များအား အမိနိုင်ငံသို့ ပြန်လည် ခေါ်ယူနိုင်ရေး အတွက် တစ်တပ်တစ်အား ကူညီ ဆောင်ရွက်ခဲ့ရာ ပထမအသုတ် အဖြစ် ၁၃၈ ဦးအား သြဂုတ် ၁၇ ရက်တွင်လည်း ကောင်း၊ ဒုတိယအသုတ် အဖြစ် ၁၃၇ ဦးအား သြဂုတ် ၁၉ ရက်တွင် လည်းကောင်း၊ တတိယ အသုတ်အဖြစ် ၁၃၆ ဦးအား ယမန်နေ့တွင် လည်းကောင်း စုစုပေါင်း ၄၁၁ ဦးအား ခေါ်ဆောင် ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

(၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၆)

Saturday, August 20, 2016

မြန်မာ့တပ်မတော် အစီအစဉ်ဖြင့် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း များမှ မြန်မာနိုင်ငံသားများအား အခမဲ့ပြန်လည် ခေါ်ဆောင်ပေးလျက်ရှိရာ ယမန်နေ့တွင် ဒုတိယအသုတ် ရောက်ရှိ


ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက ပြန်လည်ရောက်ရှိ လာသည့် မြန်မာနိုင်ငံသားများအား ကြိုဆိုကြစဉ်

နေပြည်တော် ၊ ၂၀-၈-၂၀၁၆

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိထိန်းသိမ်းခံ နေကြရသည့် မြန်မာနိုင်ငံသားများ အနက် နေရပ်ပြန်ရန် အခက်အခဲရှိ နေသူများမှ ၄ဝဝ ကျော်အနက် ၁၃၈ ဦးအား ပထမအသုတ် အဖြစ် သြဂုတ် ၁၇ ရက်တွင် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စိတ်စေတနာ အရ မြန်မာ့ တပ်မတော်၏ အစီအစဉ်ဖြင့် MAI စင်းလုံးငှား လေယာဉ်နှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ အမိမြန်မာနိုင်ငံ ရန်ကုန်မြို့ သို့ အခမဲ့ပြန်လည် ခေါ်ဆောင်ပေး ခဲ့သည်။

ထို့အတူ ယမန်နေ့ ညနေပိုင်းတွင် ၁၃၇ ဦးကို ဒုတိယအသုတ် အဖြစ်ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၉ နာရီတွင် ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်း မှ တာဝန်ရှိသူများ၊ IOM ရုံးမှ တာဝန်ရှိသူများ၊ ပြန်လည်ရောက်ရှိ လာကြသူများ၏ မိသားစုဝင် များက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

အဆိုပါ ၁၃၇ ဦးမှာ ရန်ကုန်တိုင်း ဒေသကြီးမှ ၁၄ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ လေးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ရှစ်ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ သုံးဦး၊ မကွေးတိုင်း ဒေသကြီးမှ ငါးဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ တစ်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၁ ဦး၊ ကချင်ပြည်နယ်မှ နှစ်ဦး၊ ကရင်ပြည်နယ်မှ ခုနစ်ဦး၊ မွန်ပြည်နယ်မှ ၁၇ ဦး၊ ရခိုင်ပြည်နယ်မှ ၄ဝ ဦး၊ ရှမ်းပြည်နယ် မှ ငါးဦးနှင့် ချင်းပြည်နယ်မှ ၂ဝ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Thursday, August 18, 2016

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်းများမှ မြန်မာနိုင်ငံသား ၄၀၀ ကျော်အား မြန်မာ့တပ်မတော် ၏ အစီအစဉ်ဖြင့် အမိမြန်မာနိုင်ငံသို့ အခမဲ့ပြန်လည်ခေါ်ယူ


နေပြည်တော် ၊ ၁၈-၈-၂၀၁၆

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိ ထိန်းသိမ်းခံ နေကြရသည့် မြန်မာနိုင်ငံသား များအနက် နေရပ်ပြန်ရန် အခက်အခဲ ရှိနေသူအနက်မှ ၄၀၀ ကျော်အား တပ်မတော် (ကြည်း ၊ ရေ ၊ လေ) မိသားစုများ၏ စိတ်စေတနာအရ မြန်မာ့တပ်မတော် ၏ အစီအစဉ်ဖြင့် မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ မှ အမိမြန်မာနိုင်ငံ ရန်ကုန်မြို့သို့ အခမဲ့ ပြန်လည်ခေါ်ဆောင် ပေးရန် စီစဉ် ထားရှိသည်။

ယင်း အစီအစဉ်အရ ပထမသုတ် အနေဖြင့် ယမန်နေ့ညနေပိုင်း တွင် ၁၃၈ ဦးကို စတင်ခေါ်ဆောင် ခဲ့ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ည ၈ နာရီ ၅၀ မိနစ်တွင် ပြန်လည် ရောက်ရှိရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများ ၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၊ ပြည်ထဲရေး ၀န်ကြီးဌာန ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန ၊ အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဦးစီးဌာန ၊ လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန မှ တာဝန်ရှိသူများ ကမ္ဘောဇ အနာဂတ်အလင်းတန်း မြန်မာ ဖောင်ဒေးရှင်းမှ တာဝန်ရှိ သူများ ၊ IOM ရုံးမှ တာဝန်ရှိသူများ ပြန်လည် ရောက်ရှိလာကြ သူများ၏ မိသားစုဝင်များက နွေးထွေးစွာ ကြိုဆိုခဲ့ကြသည်။

အဆိုပါ ၁၃၈ ဦးမှာ ရန်ကုန်တိုင်း ဒေသကြီး မှ ၁၂ ဦး ၊ မန္တလေးတိုင်း ဒေသကြီးမှ တစ်ဦး ၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၂ ဦး ၊ ပဲခူးတိုင်း ဒေသကြီးမှ ၉ ဦး ၊ မကွေးတိုင်း ဒေသကြီးမှ ၄ ဦး ၊ ဧရာဝတီတိုင်း ဒေသကြီးမှ ၃ ဦး ၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၃ ဦး ၊ ကယားပြည်နယ် မှ တစ်ဦး ၊ ကရင်ပြည်နယ် မှ ၂ ဦး ၊ မွန်ပြည်နယ် မှ ၅၅ ဦး ၊ ရခိုင်ပြည်နယ် မှ ၂၁ ဦး ၊ ရှမ်းပြည်နယ် မှ ၃ ဦး နှင့် ချင်းပြည်နယ် မှ ၁၂ ဦးတို့ ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ် စောင့်ရှောက်ရန် ၊ ပြည်သူလူထု အကျိုးစီးပွားကို ဖော်ဆောင်ပေးရန် မှာ တပ်မတော်၏ အမျိုးသားရေး တာဝန် ထမ်းဆောင်မှု ဖြစ်သည်နှင့်အညီ ပြည်ပနိုင်ငံများတွင် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင် ကြုံတွေ့နေသည့် မြန်မာနိုင်ငံသား များအား အမိနိုင်ငံသို့ ပြန်လည်ခေါ်ယူ နိုင်ရေးအတွက် တစ်တပ်တစ်အား ကူညီဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသည့် မြန်မာဒုက္ခသည် အလုပ်သမားများကို ဒုတိယအသုတ် နှင့် တတိယအသုတ် နှစ်သုတ်ခွဲ၍ ဆက်လက် ထပ်မံ ခေါ်ဆောင်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Tuesday, August 9, 2016

မလေးရှာနိုင်ငံရောက် မြန်မာအလုပ်သမား ၁၃၈ ဦး ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ MAI လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၉-၈-၂၀၁၆

မလေးရှားနိုင်ငံ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် အကြောင်း အမျိုးမျိုးကြောင့် ဖမ်းဆီးခံ နေရသော ရွှေ့ပြောင်းမြန်မာ လုပ်သားများ အနက်မှ ၁၃၈ ဦးသည် ယမန်နေ့ ညပိုင်းတွင် ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း (BFM) ၏ ထောက်ပံ့ငွေဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ MAI လေယာဉ်ဖြင့် ရောက်ရှိလာကြောင်း သိရသည်။

''နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်မှာ ပြည်ပရောက် ရွှေ့ပြောင်း မြန်မာလုပ်သားတွေ နေရပ်ပြန်ဖို့ အခက်အခဲ ရှိနေသူတွေကို အကူအညီပေးဖို့ လမ်းညွှန်ထား ပါတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ ပြည်ပ အလုပ်အကိုင် ကြီးကြပ်ရေး ကော်မတီ ရဲ့ ကြီးကြပ်မှုနဲ့ နိုင်ငံအသီးသီးမှာ နေရပ်ပြန်ဖို့ ခက်ခဲနေသူ တွေကို ကျွန်တော်တို့ အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးနဲ့ နိုင်ငံခြားရေး ဝန်ကြီး ဌာနအပြင် လူဝင်မှု ကြီးကြပ်ရေး အဖွဲ့တွေ ပူးပေါင်းပြီး မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စစ်ဆေးပြီး အခုလိုပြန်လည် ခေါ်ဆောင်ခဲ့တာပါ။ ရှေ့ဆက်ပြီး တော့လည်း သြဂုတ် ၁၂ ရက်မှာလည်း အခုလို လေယာဉ်စင်းလုံး အစီအစဉ်နဲ့ ၁၃၈ ဦး ပြန်ခေါ်သွားဖို့ ရှိပါတယ်'' ဟု အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဝင်း က ပြောသည်။

ယမန်နေ့ည ရောက်ရှိလာသော မြန်မာရွှေ့ပြောင်း လုပ်သားများတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ရှစ်ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ကိုးဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှ ၂၁ ဦး၊ ပဲခူးတိုင်း ဒေသကြီးမှ ခုနစ်ဦး၊ မကွေးတိုင်း ဒေသကြီးမှ ခုနစ်ဦး၊ ဧရာဝတီတိုင်း ဒေသကြီးမှ ခြောက်ဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ ၁၂ ဦး၊ ကချင်ပြည်နယ် မှနှစ်ဦး၊ ကရင်ပြည်နယ် မှ ၁၁ ဦး၊ မွန်ပြည်နယ်မှ ၁၃ ဦး၊ ရခိုင်ပြည်နယ် မှ ၁၈ ဦး၊ ရှမ်းပြည်နယ်မှ တစ်ဦး၊ ချင်းပြည်နယ်မှ ၂၃ ဦးအပါအဝင် စုစုပေါင်း ၁၃၈ ဦးပါဝင်ကြောင်း သိရသည်။ ယင်းတို့ထဲတွင် အမျိုးသမီး ရှစ်ဦး ပါဝင်ကြောင်း သိရသည်။

ယခုအခါတွင် မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေး စခန်း ၁၁ ခုတွင် ဖမ်းဆီးခံ နေရသော ရွှေ့ပြောင်းမြန်မာ လုပ်သား ၂၂၉၄ ဦးရှိရာ ယခု အသုတ်သည် ပထမအသုတ် ဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသေးသော မြန်မာလုပ်သား များအား မလေးရှားနိုင်ငံရှိ မြန်မာသံရုံးမှ ထိန်းသိမ်းရေး စခန်းများတွင် သွားရောက် စစ်ဆေးကာ ပြန်လည်ခေါ်ယူ နိုင်ရေးအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ယနေ့ညတွင် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၁၃၈ ဦးအား ကြည့်မြင်တိုင် မြို့နယ် ငါးဈေးအနီးရှိ သာဓု ဘုန်းတော်ကြီးကျောင်း တွင် ခေတ္တထားရှိကာ နေရပ် အသီးသီးသို့ ပြန်လည်ပေးပို့ သွားမည် ဖြစ်ကြောင်း သိရသည်။

ကမ္ဘောဇ အနာဂတ် အလင်းတန်း မြန်မာ ဖောင်ဒေးရှင်း အနေဖြင့် လေယာဉ် စင်းလုံးငှား အခမဲ့ပို့ဆောင် ပေးသည့်အပြင် တစ်ဦးလျှင် အပြန်စရိတ် ငွေကျပ် တစ်သိန်းစီ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Wednesday, July 27, 2016

ဒုက္ခသည် တစ်သန်းလက်ခံခဲ့သည့် ဂျာမနီ ၏ တံခါးဖွင့်မူဝါဒကို စိန်ခေါ်နေသော အကြမ်းဖက် တိုက်ခိုက်မှုများ




( ရှိန်းထက် )

ဂျာမနီနိုင်ငံ၏ ကံမကောင်းသော သီတင်းပတ်ဟု ခေါင်းစဉ်တပ် ရလောက်အောင် ပြီးခဲ့သည့် သီတင်းပတ်က ဂျာမနီ၌ အကြမ်းဖက်မှု သုံးခု (ယခု ငါးခု) ဖြစ်ပွားခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် လူ ၁ဝ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃ဝ ကျော် ဒဏ်ရာရရှိ ခဲ့သည်။ ယခင်က မမြင်ခဲ့ဖူးသော ထိတ်လန့်ဖွယ်ရာ အဖြစ်ဆိုးများကို ဂျာမန်ပြည်သူများ မျက်မြင်ကိုယ်တွေ့ ကြုံကြရပြီ ဖြစ်သည်။

ဇူလိုင် ၂၄ ရက်ညက ဂီတပွဲတော်တစ်ခု အပြင်ဘက်၌ ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ဗုံးပေါက်ကွဲမှုသည် အသေခံ ဗုံးဖောက်ခွဲမှုဖြစ်ပြီး ပြည်သူတစ်ဦး သေဆုံးခဲ့သည်။ ယင်းမတိုင်မီ ကလည်း ပါကစ္စတန် သို့မဟုတ် အာဖဂန်နစ္စတန် နွယ်ဝင် ဆယ်ကျော်သက် တစ်ဦးက ရထားပေါ်၌ ပုဆိန်ဖြင့် လိုက်ခုတ်ခဲ့ခြင်းကြောင့် လူအတော်များများ ဒဏ်ရာရရှိခဲ့ပြီး တစ်ဖန် မြူးနစ်မြို့၌ အီရန်နွယ်ဝင် ဂျာမန်လူမျိုး တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းကြောင့် လူကိုးဦး သေဆုံးခဲ့ရသည်။

ဂျာမနီ၌ ဝန်ကြီးချုပ် အန်ဂျလာမာကဲလ် ၏ တံခါးဖွင့် ဒုက္ခသည်ဝါဒ ကျင့်သုံးပြီး နောက်ပိုင်းတွင် အကြမ်းဖက်မှု များနှင့် ရာဇဝတ်မှုများသည် ဆက်တိုက် ဖြစ်လာခဲ့သည်။ ထို အကြမ်းဖက်မှု များ၏ တရားခံ အများစုသည် မာကဲလ် က ဒုက္ခသည် ခိုလှုံခွင့်ဖြင့် ဝင်ရောက်နေထိုင်ခွင့် ပေးထားသူများ ဖြစ်သည်။ ထို့ကြောင့် ဂျာမနီ၏ အနာဂတ် လုံခြုံရေးသည် ဒုက္ခသည် တစ်သန်းကျော် လက်ခံ ခဲ့ခြင်းကြောင့် စိုးရိမ်စရာ ဖြစ်လာခဲ့ ရသည်။

၂ဝ၁၅ ခုနှစ်မှ ၂ဝ၁၆ ခုနှစ်သို့အကူး ဒုက္ခသည်များကို လက်ခံပြီး ဂျာမနီနှစ်သစ်ကူး ပွဲတော် ကျင်းပနေစဉ် အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ရာနှင့်ချီ ဖြစ်ပွားခဲ့သည်။ ထိုအချိန် ကတည်းက ဂျာမနီ၌ မာကဲလ်၏ တံခါးဖွင့် မူဝါဒကို ဝေဖန်မှုများ စတင်ခဲ့သည်။ ထို့နောက် ဒုက္ခသည် အမည်ခံ ရာဇဝတ်မှု ကျူးလွန်သူ များပြား လာသောကြောင့် မာကဲလ် သည် သူ၏တံခါးဖွင့် မူဝါဒကို ရပ်တန့်ထား ခဲ့ရကာ ဂျာမနီ နယ်စပ်ဂိတ်ကို ပိတ်ခဲ့ရသည်။

ဥရောပ၌ ဒုက္ခသည် သိန်းချီ၍ ထပ်မံ သောင်တင်နေသည်။ ထိုလူများထဲမှ သုံးပုံနှစ်ပုံသည် ဂျာမနီသို့ ဦးတည် လာနေသောကြောင့် ဖြစ်သည်။ မာကဲလ်သည် သူ၏ လူသားချင်း စာနာ ထောက်ထားမှု ကိုယ်ချင်းစာ တရားကြောင့် နာမည်ကောင်း ရခဲ့သလို နာမည်ဆိုးလည်း ပူးတွဲရရှိ ခဲ့သည်။ ဥရောပ စီးပွားရေး တအုံနွေးနွေး ဖြစ်နေသော အချိန်တွင် ခွဲတမ်းကျနှင့် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဂျာမနီက လူပေါင်း တစ်သန်းကျော် လက်ခံခြင်းဖြင့် စတင်ခဲ့သည်။ ထို့ကြောင့် ကျန်သည့် ဥရောပနိုင်ငံများ ကလည်း လိုက်ပြီးလက်ခံ ရတော့သည်။ အကြမ်းဖက်မှုများ ပေါ်ပေါက် လာသောအခါ တခြားဥရောပ ခေါင်းဆောင်များက မာကဲလ် ကို လက်ညှိုးထိုး ကြတော့သည်။ 

လက်မခံနိုင်သည့် အဆုံးတွင် ဥရောပနိုင်ငံ များသည် ကိုယ့်နိုင်ငံ လုံခြုံရန် ခြံစည်းရိုးများပင် ခတ်ကြ ရတော့သည်။ ဂျာမနီကဲ့သို့ စက်မှု ထွန်းကားသော နိုင်ငံအတွက် စက်ရုံများ၌ လုပ်စရာ အလုပ်များစွာ ရှိသည်။ စီးပွားရေး အင်အား ကောင်းသော ကြောင့်လည်း အလုပ်မရသော ဒုက္ခသည်များကို လက်ခံ ကျွေးထားနိုင်သည်။

တခြားဥရောပ နိုင်ငံများသည် ဂျာမနီ လောက် စီးပွားရေး မကောင်းသည်က တစ်ကြောင်း၊ အရှုပ်ထုပ်များကို လက်မခံလို သည်က တစ်ကြောင်း၊ ထိုလူများထဲတွင် ISIS စစ်သွေးကြွတို့ ရောပါလာမည်ကို စိုးရိမ်သည်က တစ်ကြောင်း စသည့်  အကြောင်း များကြောင့် ဒုက္ခသည်များကို လက်မခံလို ကြပေ။ သို့သော် မာကဲလ် က စလိုက်သောကြောင့် အနည်းနှင့် အများ လက်ခံခဲ့ကြ ရသည်။ ယခု ဂျာမနီ၌ ၂ဝ၁၅ ခုနှစ်က စိုးရိမ်ခဲ့သည့် အတိုင်း တစ်ထပ်တည်း ဖြစ်နေကာ အကြမ်းဖက်သမား များက ဒုက္ခသည် အယောင်ဆောင်၍ ဝင်လာခြင်း ဖြစ်သည်။ ယခု အသေခံ ဗုံးဖောက်ခွဲခဲ့ သူမှာ ဂျာမနီ၌ ယမန်နှစ်က နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ပြီး ဂျာမန်အစိုးရက လက်မခံခဲ့သူ ဖြစ်သည်။ ၄င်းတွင် နိုင်ငံရေးခိုလှုံခွင့် ရရှိပြီးသား အဆက်အသွယ်များ ဂျာမနီနိုင်ငံ အတွင်း မရှိနိုင်ဟု မဆိုနိုင်သေးပေ။

မာကဲလ်၏ လူသားချင်း စာနာစိတ်ကို အကြမ်းဖက်သမား တို့က ကောင်းကောင်း အသုံးချနေပြီ ဖြစ်သည်။ ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်ရမည့် အဖြစ်မျိုးကဲ့သို့ သာမန်ဒုက္ခသည် အများစုကတော့ လက်တစ်ဆုပ်စာ အစ္စလာမ်မစ် အကြမ်းဖက် သမားတို့ကြောင့် ဒုက္ခရောက်ကြရ ပေဦးမည်။ ယခုဆိုလျှင် ဂျာမနီမြေ၌ စိုးရိမ်စိတ် များဖြင့် အသက်ရှင် နေထိုင်နေရသည့် လူ အများအပြား ရှိနေပြီဖြစ်သည်။ လူအများစု က ဒုက္ခသည် များကြောင့် ထိုသို့ ဖြစ်ရသည် ဟု လက်ညှိုးထိုး ကြသည်။ ထို့ကြောင့် နေရာတိုင်း၌ ရှိနေသည့် ဒုက္ခသည်များ အတွက် စိတ် အနှောင့်အယှက် များ ဖြစ်ကြရ တော့သည်။ နောက်ဆုံး အရင်းစစ်လိုက်လျှင် ဒုက္ခသည်များကို လက်ခံခဲ့သည့် အဓိကတရားခံ မှာ မာကဲလ် ဖြစ်နေသည်။

မာကဲလ်သည် ဒုက္ခသည်များကို ကြိုဆိုစဉ်က သူ၏ ဆွေမျိုးသားချင်းများ အိမ်သို့ ပြန်ရောက်လာသည့် ပုံစံဖြင့် ကျီးလန့်စာစား ဖြစ်နေသော ဒုက္ခသည်များကို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ ယခုတော့ ထို နွေးထွေးမှုများ က မာကဲလ်အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာခဲ့ တော့သည်။ ပြင်သစ်၌လည်း သမိုင်းဝင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။ အမေရိကန်နှင့် ဘယ်လ်ဂျီယံ နိုင်ငံတို့တွင် လည်း ဖြစ်ပွားခဲ့ပြီး ဖြစ်သည်။

ထို့ကြောင့် ဒုက္ခသည် အများဆုံးရှိရာ အနောက်ဘက်ခြမ်း နှင့် ဥရောပသည် အကြမ်းဖက်မှု များနှင့် ဖုံးလွှမ်း နေတော့သည်။ ISIS စစ်သွေးကြွ အဖွဲ့သည် အရှေ့ အလယ်ပိုင်းရှိ သူတို့ကို တိုက်ခိုက်သည့် အထဲတွင်လည်း ဂျာမနီမပါ၊ သူတို့ကို တိုက်ခိုက်ရန် ဂျာမနီက စစ်ရေး အကူအညီ များလည်း မပေးသည့်အပြင် အရှေ့ အလယ်ပိုင်းက သူတို့ ဘာသာဝင် ဒုက္ခသည်များကို လက်ခံပေးခဲ့သည့် ဂျာမနီကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။ ဂျာမနီ၏ ကိုယ်ချင်းစာစိတ်မှာ အကြမ်းဖက်သမား တို့၏ ရိုက်ချိုးခံ နေရပြီဖြစ်သည်။ ဂျာမနီသည် ISIS တို့ကြောင့် ISIS ချေမှုန်းရေး စစ်ပွဲသို့ ဝင်ရောက် လာရတော့မည် ဖြစ်သည်။ ယခု ရုရှားနှင့် အမေရိကန်တို့ ISIS ချေမှုန်းရေး ဆွေးနွေးနေသည်။

သို့သော် ဂျာမနီရှိ အပြစ်မဲ့ ပြည်သူများ၏ အသက်ကို ဆယ်နှင့်ချီ စတေးခဲ့ရပြီ ဖြစ်သည်။ ကိုယ်ချင်းစာ   စိတ်ဖြင့် မိမိတို့မြေ၌ အသက်ရှင်သန်ရန် နေခွင့်ပေးခဲ့သော ဒုက္ခသည်များ ထံမှ ပြန်ရလိုက်သော တုံ့ပြန်မှုက ဂျာမနီ ပြည်သူတို့ အသက်ကို ပြန်လည် ပေးဆပ်ရခြင်း လောဟူသည့် နာကြည်းစိတ် နှင့် စိုးရိမ်ထိတ်လန့်မှု တို့သည် ဂျာမနီပြည်သူတို့ ရင်၌ ကိန်းအောင်း နေပြီဖြစ်သည်။

ထို့ကြောင့် ဒုက္ခသည် တစ်သန်းကျော်ကို လက်ခံခဲ့သည့် မာကဲလ်၏ တံခါးဖွင့်မူဝါဒ သည် ယခု အကြမ်းဖက်မှု များ၏ စိန်ခေါ်မှုကို ခံနေရပြီး အနာဂတ် ဂျာမနီနိုင်ငံ၏ လုံခြုံရေးကိုပင် ခြိမ်းခြောက် နေပါကြောင်း ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Monday, June 27, 2016

မလေးရှားရောက် မြန်မာရွှေ့ပြောင်း လုပ်သား ၁၇၀၀ ကျော်၏ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ကို ဇူလိုင်လကုန်တွင် အပြီး ဆောင်ရွက်ပေးမည်


ရန်ကုန် ၊ ၂၇-၆-၂၀၁၆

မြန်မာ-မလေးရှား နှစ်နိုင်ငံ အစိုးရချင်း သဘောတူ ဆောင်ရွက်မှု အစီအစဉ် (G 2 G) အရ တရားဝင် အလုပ်လုပ်ကိုင်ခွင့် လျှောက်ထားသူ များအနက်မှ ထုတ်ပေးရန် ကျန်ရှိနေသော မလေးရှားရောက် မြန်မာရွှေ့ပြောင်း လုပ်သား ၁၇ဝဝ ကျော်အား ဇူလိုင်လကုန် ပိုင်းတွင် အပြီး ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ Park Royal Hotel ၌ကျင်းပသော သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။

Service Provider ကုမ္ပဏီ အနေဖြင့် မြန်မာ-မလေးရှား နှစ်နိုင်ငံ သဘော တူညီချက် အရ ၂ဝ၁၄ ခုနှစ် ဇွန်လမှ စတင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ အစိုးရချင်း သဘော တူညီချက်အရ နိုင်ငံကူးလက်မှတ် ထုတ်ပေးပြီးသူ ၁၃၄၂၇ ဦးရှိရာ ကုမ္ပဏီသို့ တရားဝင် လာရောက်၍ Biometric Registration လျှောက်ထားသူ ၆၉၂၆ ဦးသာ ရှိကြောင်း၊ မြန်မာ ရွှေ့ပြောင်း လုပ်သား ၅ဝဝဝ ကျော်အား တရားဝင် အလုပ် လုပ်ကိုင်ခွင့် ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကျန်ရှိ နေသေးသော ၁၇ဝဝ ကျော်အား လာမည့် ဇူလိုင်လကုန် ပိုင်းတွင် အပြီး ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

မလေးရှား အစိုးရ အနေဖြင့် G2G အစီအစဉ်၏ Biometric Registration လျှောက်ထားမှုအား ယခုနှစ် မတ်လ ပထမပတ်တွင် ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။ လျှောက်ထားပြီး သူများသာ မလေးရှား အလုပ်သမား ဥပဒေအတိုင်း တရားဝင် အလုပ် လုပ်ကိုင်ခွင့် လုပ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်း လုပ်သားများ အနေဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် လျှောက်ထားလျှင် G2G အစီအစဉ်အရ အဆင့် လေးဆင့်အား ဖြတ်ကျော်ပြီး သည်နှင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိမည် ဖြစ်သည်။

လျှောက်ထားသူသည် မလေးရှား အစိုးရအား အဆင့်လိုက် မလေးရှားရင်းဂစ် ၄ဝဝဝ ကျော် ပေးသွင်းရပြီး နှစ်နိုင်ငံ Service Provider ကုမ္ပဏီအား မလေးရှား ရင်းဂစ် ၈ဝဝ ပေးသွင်းရမည် ဖြစ်သည်။ အဆင့်ဆင့် စစ်ဆေးမှု တွင် ဆေးကျ၍ သော်လည်းကောင်း၊ အချက်အလက် များ မပြည့်စုံ၍ သော်လည်းကောင်း မလေးရှားနိုင်ငံဥပဒေအရ ၁၄ ရက်အတွင်း မိခင်နိုင်ငံသို့ ပြန်ရမည် ဖြစ်သည်။

G2G အစီအစဉ်ဖြင့် တရားဝင် အလုပ် လုပ်ကိုင်ခွင့် ရရှိသူများအား တစ်နှစ်တစ်ကြိမ် သက်တမ်းတိုး ဆောင်ရွက်မှုအား Service Provider ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက် ပေးကြောင်း သိရသည်။

မောင်မျိုး 

မြ၀တီနေ့စဉ် ၊ စာ(၁၆)

Monday, June 20, 2016

ပြည်ပအလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ရန် လျှောက်ထားသော အေဂျင်စီများ တစ်လလျှင် လေးခုခန့်ရှိ



ရန်ကုန် ၊ ၂၀-၆-၂၀၁၆

မြန်မာနိုင်ငံမှ အလုပ်သမားများ ပြည်ပသို့ သွားရောက် လုပ်ကိုင်ရန် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း လျှောက်ထားသော အေဂျင်စီများ အနေဖြင့် တစ်လလျှင် လေးခုခန့် ရှိကြောင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်ပနိုင်ငံ များသို့ သွားရောက် လုပ်ကိုင်လိုသော မြန်မာ ရွှေ့ပြောင်း အလုပ်သမား များ ပိုမိုများပြား လာခြင်းကြောင့် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီ များလာခြင်း ဖြစ်ပြီး ပြည်ပ အလုပ်အကိုင် ဈေးကွက် မှာလည်း ကောင်းမွန်လျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် ယခုနှစ်များ အတွင်း ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီများ တိုးပွားလာဖွယ် ရှိနေပြီး ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း လုပ်ကိုင်လို သူများ အနေဖြင့် ငွေကျပ် သိန်း ၁ဝဝဝ ကို ဘဏ်၌ အာမခံ ထားရှိရန် လိုအပ်သည်။ ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင် များ အဖွဲ့ချုပ် အနေဖြင့် တစ်လလျှင် အနည်းဆုံး လျှောက်ထားသူ နှစ်ဦးမှ လေးဦး အကြား ထောက်ခံချက်များ ပေးနေ ရကြောင်း သိရသည်။

မြန်မာနိုင်ငံ အတွင်း ပြည်ပ ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်မှု တိုးတက် လာသော်လည်း စက်ရုံများ လည်ပတ်နိုင်မှု နည်းပါး နေသေး သောကြောင့် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းများအား ထိခိုက်မှု ရှိဦးမည် မဟုတ်ကြောင်း၊ လက်ရှိတွင် ပြည်တွင်း အလုပ်သမား များအား ထိုင်းနိုင်ငံ အပါအဝင် မလေးရှား၊ စင်ကာပူ၊ မကာအို၊ ဒူဘိုင်းနှင့် ဂျပန် စသည့်နိုင်ငံ တို့မှ ခေါ်ယူရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။

ယခုအခါ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမား များသည် မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ဝင်ရောက်ကာ အခြေချ လုပ်ကိုင် လာမှုများ ရှိသော်လည်း ပြည်ပ နိုင်ငံများသို့ သွားရောက် လုပ်ကိုင်မှုများ လျော့ကျ သွားခြင်း မရှိကြောင်း သိရသည်။

ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု အေဂျင်စီ အနေဖြင့် ပြည်ပနိုင်ငံ များသို့ အလုပ်သမားများ စေလွှတ်ရာတွင် သတ်မှတ် စည်းကမ်းချက် များကို လိုက်နာကြ ရမည်ဖြစ်ပြီး အလုပ်သမား များ၏ အခွင့်အရေးများ နစ်နာမှု မရှိစေရန် လည်း ဝန်ဆောင်မှု ပေးရမည် ဖြစ်ကြောင်း သိရသည်။ (စိုးမိုး)

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, May 12, 2016

အင်ဒိုနီးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား ၂၆ ဦး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ



ရန်ကုန် ၊ ၁၂-၅-၂၀၁၆

အင်ဒိုနီးရှား နိုင်ငံရောက် မြန်မာနိုင်ငံသား အမျိုးသား ၂၆ ဦးသည် ယမန်နေ့ ညပိုင်းတွင် ထိုင်းလေကြောင်း လိုင်း အမှတ် TG-305 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိ လာသည်။

အဆိုပါအဖွဲ့ကို ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုး နှင့် တာဝန်ရှိသူများ၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ တာဝန်ရှိ သူများ၊ ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူများ၊ IOM (Myanmar) မှ တာဝန်ရှိ သူများသည် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက် ကြိုဆိုကြပြီး လူမှုဝန်ထမ်း ဦးစီးဌာန အမှတ် (၆၅) ကျိုက်ဝိုင်း ဘုရားလမ်းရှိ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်း၌ ယာယီလက်ခံ စောင့်ရှောက်ရန် ပေးပို့ထားကြောင်း သိရသည်။

ယာယီ စောင့်ရှောက်စဉ် ကာလအတွင်း နိုင်ငံသား စိစစ်ရေး ကတ်ပြား ပျောက်ဆုံး နေသူများ၊ မရှိသေး သူများအတွက် လိုအပ်သည့် ခရီးသွား ထောက်ခံစာများ ဆောင်ရွက်ပေးခြင်း များကို သက်ဆိုင်ရာ လူဝင်မှု ကြီးကြပ်ရေး နှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနမှ လာရောက် ဆောင်ရွက်ပေးခြင်း၊ ပြည်သူ့ ကျန်းမာရေးဌာန မှ ကျန်းမာရေး စစ်ဆေးပေး ခြင်းများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိအောင် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနတို့မှ လာရောက် ဆောင်ရွက်ပေးခြင်း တို့ကို ညှိနှိုင်း ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်လူမှု ဝန်ထမ်းရုံး များနှင့် ဆက်သွယ်၍ မိဘရပ်ထံ ပြန်လည်ပို့ဆောင် ပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဦးတင်ဇော်မိုး က ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ပွန်တီယာနက်မြို့ နှင့် အန်ဘွန်မြို့တို့မှ ယမန်နေ့ ပြန်လည် ရောက်ရှိလာသူ များသည် ရခိုင်ပြည်နယ်မှ ၂၂ ဦး၊ ချင်းပြည်နယ်မှ သုံးဦး၊ တနင်္သာရီတိုင်း ဒေသကြီးမှ တစ်ဦး တို့ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၇)

Friday, March 18, 2016

ဒုက္ခသည်အရေး ဖြေရှင်းမည့် ဘရပ်ဆဲလ် ဆွေးနွေးပွဲ




( ခေတ္တာကြည် )

လက်ရှိတွင် ဥရောပနိုင်ငံများ အကြား ရင်ဆိုင်ကြုံတွေ့ နေရသည့် ပြဿနာ တစ်ရပ်မှာ ဒုက္ခသည် များက ဥရောပ နိုင်ငံများ အတွင်းသို့ စိမ့်ဝင်နေမှုပင် ဖြစ်ပြီး ၄င်းဒုက္ခသည် အရေးကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ဥရောပ ခေါင်းဆောင် များက မတ် ၁၇ ရက်တွင် ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲလ်မြို့ ၌ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဒုက္ခသည် တစ်သန်းကျော် သည် အန္တရာယ် များလှသည့် ပင်လယ်ပြင်ကို ဖြတ်ကျော်၍ တူရကီနိုင်ငံနှင့် ဂရိကျွန်းဆွယ် တို့မှတစ်ဆင့် ဂျာမနီနိုင်ငံ သို့ သွားရောက်ရန် ကြိုးပမ်းလျက် ရှိပြီး ၄င်းတို့အနက် အများစုမှာ ဆီးရီးယားမှ စစ်ဘေးရှောင် ပြည်သူများ ဖြစ်သည်။ တူရကီ နိုင်ငံသည် ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဂရိကျွန်းဆွယ်သို့ နိုင်ငံတွင်းမှ တစ်ဆင့် သွားရောက်ခဲ့ ကြသော ဒုက္ခသည် များကို ၄င်းတို့၏ နိုင်ငံအတွင်း ခေတ္တ လက်ခံထားရန် သဘောတူခဲ့ပြီး ယင်းသို့ လက်ခံထား နေစဉ် ဥရောပသမဂ္ဂ က ထောက်ပံ့ကြေး ပေးရန် တောင်းဆိုခဲ့သည်။ ထို့ကြောင့် အဆိုပါ ဆွေးနွေးပွဲသည် တူရကီ အစိုးရ၏ ကတိကဝတ်ကို ဖြည့်ဆည်းပေး နိုင်မည်ဟု မျှော်လင့် ရသည့်အပြင် ဒုက္ခသည်များ စိမ့်ဝင်စီးဆင်း မှုကို လျှော့ချနိုင်မည့် နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိ နိုင်မည်ဟု မျှော်လင့်ရ ပေသည်။

သို့သော် ယင်းကဲ့သို့ ဖြေရှင်း ဆောင်ရွက်ရာတွင် အကြမ်းနည်းဖြင့် မဟုတ်ဘဲ လူ့အခွင့်အရေး ဆိုင်ရာ စည်းမျဉ်းများ အရ လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ဥရောပ နိုင်ငံများမှ ခေါင်းဆောင် များက ပြောကြား ထားသည်။

ဒုက္ခသည်အရေး ဖြေရှင်းဆောင်ရွက် နိုင်ရန်အတွက် ကျင်းပမည့် အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဥရောပကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်လ်တက်ခ် က အဖွဲ့ဝင် နိုင်ငံများသို့ စာဖြင့်ရေးသား ဖိတ်ခေါ်ခဲ့သည်။ ယင်း ဆွေးနွေးပွဲတွင် ဥရောပအဖွဲ့ဝင် ၂၈ နိုင်ငံမှ ခေါင်းဆောင်များ အနေဖြင့် စီးပွားရေး အခြေအနေ များကို ကနဦးဆွေးနွေး ခဲ့ပြီးနောက် ဒုက္ခသည်အရေးနှင့် ပတ်သက်၍ အကောင် အထည်ဖော် ကြိုးပမ်းချက် များကို ဆွေးနွေး ခဲ့ကြသည်။ ဒုက္ခသည်အရေး နှင့်ပတ်သက် သည့် ဆောင်ရွက်ချက် များကို လုပ်ဆောင်လျက် ရှိသော်လည်း ယခုထက်ပိုမို လုပ်ဆောင် ရမည့်အချက်များ ရှိနေသေးသည် ဟု တက်ခ် က ပြောသည်။

တက်ခ် သည် ဒုက္ခသည် အရေးကို ဖြေရှင်း ဆောင်ရွက်နိုင်ရန် အတွက် မတ် ၁၇ ရက် နှင့် ၁၈ ရက်တို့တွင် ကျင်းပမည့် ဘရပ်ဆဲလ် ဆွေးနွေးပွဲ၌ တူရကီနိုင်ငံနှင့် သဘော တူညီချက် တစ်ရပ် အပြီးသတ် ချမှတ်နိုင်ရန်
မျှော်လင့်လျက် ရှိသည်။ အဆိုပါ သဘော တူညီချက်အရ တူရကီနိုင်ငံ အနေဖြင့် ၄င်းတို့၏ ကမ်းရိုးတန်းမှ တစ်ဆင့် ဂရိကျွန်းဆွယ် သို့ သွားရောက်ခဲ့သော ဆီးရီးယား ဒုက္ခသည်များ အပါအဝင် ရွှေ့ပြောင်း ဝင်ရောက်သူ အားလုံးကို ပြန်လည်ခေါ်ဆောင် ရမည်ဖြစ်သည့် အပြင် ရွှေ့ပြောင်း ဒုက္ခသည်များအား လှေများဖြင့် မှောင်ခိုကူးမှု များကိုပါ ဟန့်တားရမည် ဖြစ်သည်။

Thousands of migrants and refugees have been camped at the Greece-Macedonia border

Turkish Prime Minister Ahmet Davutoglu said he wanted to keep a humanitarian perspective

အဆိုပါ သဘော တူညီချက် မူကြမ်းပါ အစီအစဉ်သည် ပင်လယ်ပြင် အတွင်း ဒုက္ခသည်များ လှေနစ်မြုပ် သေဆုံးမှုနှုန်း နည်းပါး သွားမည့်အပြင် လူမှောင်ခိုကူး သူများ၏ တရားမဝင် လုပ်ဆောင်မှုကိုပါ ပျက်ပြားစေမည် ဖြစ်သည်။ ဥရောပသမဂ္ဂ အနေဖြင့် ဒုက္ခသည်အရေး ဖြေရှင်းနိုင်ရန် တူရကီနိုင်ငံ နှင့် လက်တွဲ ဆောင်ရွက်သွား မည်ဟု တက်ခ် က ပြောကြားခြဲ့ပီး ဥရောပသမဂ္ဂ နှင့် နိုင်ငံတကာ ဥပဒေအရ ဂရိနှင့် တူရကီနိုင်ငံတို့ ကလည်း ဂျီနီဗာ ကွန်ဗင်းရှင်း အချက်များနှင့် အညီ နိုင်ငံရေးခိုလှုံခွင့် တောင်းခံသူများကို ကာကွယ်ပေးနိုင်ရန် ဒေသတွင်း ဥပဒေများကို ပြင်ဆင်ပြောင်းလဲ ရမည်ဖြစ်သည်။

သို့သော် တူရကီနိုင်ငံက ယင်း ဒုက္ခသည်များကို ပြန်လည်လက်ခံ ထားရှိမှုသည် ဂရိနိုင်ငံကဲ့သို့ ယိုယွင်းပျက်စီး နေသော အခြေအနေများ ဖြစ်ပေါ်စေရန် ဒုက္ခသည်များကို မွေးထားခြင်း ဖြစ်သည်ဟု ဥရောပသမဂ္ဂ တာဝန်ရှိ သူများက ကန့်ကွက်ပြောကြား ထားသည်။ ဂရိနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဥရောပနိုင်ငံများမှာ ၄င်းတို့၏ နယ်စပ်ဒေသ များကို ပိတ်ပစ်ခဲ့ရသည် အထိပြုလုပ် ခဲ့ရပြီး လက်ရှိတွင် ဒုက္ခသည်ပေါင်း ၄ဝဝဝဝ ကျော်မှာ ယင်းနယ်စပ် များတွင် သောင်တင်လျက် ရှိသည်။ ထို့ကြောင့် ယင်း သဘောတူညီချက် သည် ဒုက္ခသည်အရေးကို ဖြေရှင်း ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေသည်ဟု ကုလသမဂ္ဂ အပါအဝင် တခြား အဖွဲ့အစည်း များက ပြောကြား ထားသည်။ သို့သော် ပြီးခဲ့သည့်နှစ်က ဝင်ရောက်လာသည့် ရွှေ့ပြောင်း ဒုက္ခသည် အရေအတွက်မှာ တစ်နေ့လျှင် ထောင်ချီရှိသည့် အတွက် ၄င်းတို့ ဝင်ရောက်မှုကို ပိတ်ပစ်ရန်သာ အလေးထား လုပ်ဆောင်သင့်ပြီး လက်ရှိတွင် ယင်း အရေအတွက် တိုင်းသာ ဆက်လက်ဝင်ရောက် နေပါက တက်ခ် ၏ အစီအစဉ်မှာ အောင်မြင်နိုင်ခြင်း မရှိဟု ဥရောပသမဂ္ဂ တာဝန်ရှိသူ များက ပြောကြား ထားသည်။

မတ် ၁၆ ရက်ကလည်း ရွှေ့ပြောင်း ဒုက္ခသည် ၁၅ဝဝ ခန့်သည် နယ်စပ်ဒေသကို ပိတ်ထား သော်လည်း မက်ဆီဒိုးနီးယား နိုင်ငံ အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့ကြပြီး ၄င်းတို့ကို ဂရိနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခဲ့ကာ ယခုဆိုလျှင် ဂရိနိုင်ငံရှိ ဒုက္ခသည်စခန်း များ၌ ပြည့်သိပ်လျက် ရှိကြောင်း တာဝန်ရှိသူများက ပြောကြား ထားသည်။ တူရကီ အစိုးရသည် ယင်းဒုက္ခသည် များကို နိုင်ငံအတွင်း ခေတ္တလက်ခံ ထားပြီးနောက် ဥရောပ နိုင်ငံများသို့ ပြန်လည် နေရာချထား ပေးသွားမည်ဖြစ်ပြီး တူရကီနိုင်ငံ အတွင်း၌ ဒုက္ခသည် ၇၂ဝဝဝဝ ခန့်သာ ထားရှိရန် တက်ခ်၏ မူကြမ်းတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီး ဖြစ်သည်။ အဆိုပါ ဒုက္ခသည်များကို ဥရောပ နိုင်ငံများသို့ အညီအမျှခွဲဝေ သွားမည်ဟု ပြီးခဲ့သည့်နှစ် ကတည်းက သဘောတူညီ ခဲ့ပြီးဖြစ် သော်လည်း သက်ဆိုင်ရာ နိုင်ငံ့ခေါင်းဆောင် များအနေဖြင့် ခွဲဝေမည့် ဒုက္ခသည် အရေအတွက်နှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာမည် ဖြစ်သည်။

နိုင်ငံအတွင်းသို့ ဒုက္ခသည် အလုံးအရင်း ဝင်ရောက်လာမှုကို လက်ခံခဲ့သည့် ဂျာမနီ အစိုးရသည် လက်ရှိတွင် နိုင်ငံရေး၊ လုံခြုံရေး အစရှိသည့် ပြဿနာပေါင်း များစွာနှင့် ရင်ဆိုင်နေရ သောကြောင့် ယင်း သဘောတူညီချက် မူကြမ်းသည် အမှန်တကယ် အရေးပါမည် ဟုတ်၊ မဟုတ်ကို ဥရောပသမဂ္ဂ ခေါင်းဆောင်များက သံသယရှိခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် တူရကီနိုင်ငံသည် ဥရောပသမဂ္ဂ ထံမှ ယူရိုဘီလီယံပေါင်း များစွာကို ရရှိရန် ကြိုးပမ်း လုပ်ဆောင် နေသည်ဟု ချက်သမ္မတ မီလိုစ်ဇီမန်း က ပြစ်တင်ပြောကြား ထားသည်။ အလားတူ ပြင်သစ်နိုင်ငံ ကလည်း ဒုက္ခသည် အရေးနှင့် ပတ်သက်၍ ပိုမို ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိ သော်လည်း ကိုယ်ကျိုးအတွက် လုပ်ဆောင်သော မည်သည့် ကြိုးပမ်းချက် ကိုမျှ လက်ခံမည် မဟုတ်ဟု တူရကီနိုင်ငံကို ပြောကြားခဲ့သည်။

မည်သို့ပင် ဖြစ်စေကာမူ ယင်းဒုက္ခသည် ဝင်ရောက်မှုကို ကိုင်တွယ်ဖြေရှင်း နိုင်ရန် လက်ရှိအခြေအနေ အရ ကောက်ရိုးတစ်မျှင် ဖြစ်သည့် တူရကီနှင့် သဘော တူညီချက် ချမှတ်နိုင်ရန် ဥရောပ ခေါင်းဆောင်များက
မျှော်လင့်နေဆဲ ဖြစ်သည်။

ထို့ကြောင့် ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန် မှစ၍ ဥရောပနိုင်ငံများ အတွက် အကြီးမားဆုံး အခြေအနေ ဖြစ်စေခဲ့သော ယင်းဒုက္ခသည် အရေးကို ဖြေရှင်းရန် ရည်ရွယ် ကျင်းပသည့် အဆိုပါ ဆွေးနွေးပွဲတွင် အများ မျှော်လင့် ထားသော နည်းလမ်းတစ်ရပ် ကို ရှာဖွေတွေ့ရှိ နိုင်ပြီး သဘော တူညီချက် တစ်ရပ်ချမှတ် နိုင်မည်ဟု မျှော်လင့်ရကြောင်း သိရှိနိုင်ရန် ရေးသားလိုက်ရ ပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Tuesday, March 15, 2016

ဂျာမနီရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက် စေခဲ့သည့် အစိုးရ၏ ရွှေ့ပြောင်းဒုက္ခသည် ဆိုင်ရာမူဝါဒ



( တီအာမွန် )

ရွှေ့ပြောင်း ဒုက္ခသည်များကို နိုင်ငံ အတွင်းသို့ အများအပြား ဝင်ရောက်ခွင့်ပြု ခဲ့သည့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ်လ် သည် မတ် ၁၃ ရက်က  ကျင်းပခဲ့သော ဒေသတွင်း ရွေးကောက်ပွဲ များတွင် ကြီးမားသည့် ထိုးနှက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ မာကယ်လ် ၏ ခရစ်ယာန် ဒီမိုကရက်တစ် ယူနီယံပါတီ CDU သည် ဆက်ဆိုနီအန်ဟန့် ဒေသတို့၌ အဓိကပါတီ တစ်ခုအဖြစ် ကျန်ရှိ နေသော်လည်း ဘာဒန် ဝူအက်တန်ဘာ့ဂ် နှင့် ရီနီလန်းဒေသ တို့၌ ထောက်ခံမှုများ မရရှိတော့ဘဲ ရွှေ့ပြောင်း ဒုက္ခသည် အရေးကို ဆန့်ကျင်သည့် AfD ပါတီ က ယင်းဒေသ များ၌ အနိုင်ရရှိ ခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲ သည် မာကယ်လ်၏ ရွှေ့ပြောင်း ဒုက္ခသည် ဆိုင်ရာမူဝါဒ ကို ထောက်ခံမှုရှိ၊ မရှိ အပေါ် စမ်းသပ် စစ်ဆေးမှု တစ်ခုအဖြစ် သတ်မှတ်နိုင် ပေသည်။ ထို့ပြင် နိုင်ငံ အနောက်ဘက် ဒေသတစ်ခု ဖြစ်သော ဘာဒန်ဝူ အက်တန်ဘာ့ဂ် သည် လက်ရှိ အာဏာရပါတီ CDU ၏ အဓိက အမာခံ နယ်မြေတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ ယင်းပါတီကို မဲပေးသည့် အရေအတွက် မှာ ၂၇ ရာခိုင်နှုန်း ဖြင့် သမိုင်းတစ်လျှောက် အနည်းဆုံး ဖြစ်ခဲ့ကာ ယင်း ရွေးကောက်ပွဲ တွင် ဂရင်းပါတီ ဦးဆောင်သည့် ညွန့်ပေါင်း အဖွဲ့က မဲအများဆုံးဖြင့် အနိုင်ရရှိ လျက်ရှိသည် ဟု ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့က ပြောသည်။

အလားတူ နိုင်ငံအရှေ့ပိုင်း ရှိ CDU နှင့် ဆိုရှယ် ဒီမိုကရက်တစ် ပါတီတို့က အတူတကွ အုပ်ချုပ်လျက် ရှိသော ဆက်ဆိုနီအန်ဟန့် ဒေသ၌ မာကယ်လ်၏ CDU က အဓိက ဆုပ်ကိုင်ထားနိုင် သော်လည်း AfD ပါတီက မဲအားလုံး၏ ၂၂ ရာခိုင်နှုန်း ခန့် ရရှိ ထားသည်ဟု မဲစိစစ်ရေး အဖွဲ့က ထပ်လောင်း ပြောကြားသည်။

မာကယ်လ်၏ ရွှေ့ပြောင်း ဒုက္ခသည်အရေး နှင့် သဘောထား ကိုက်ညီမှု မရှိသည့် မဲပေး သူများသည် ယင်းဒုက္ခသည် အရေးကို ဆန့်ကျင်သည့် AfD ပါတီအား အဓိကထား မဲပေးခဲ့ရာ ယင်းပါတီ အနေဖြင့် သမိုင်းဝင် အောင်မြင်မှု တစ်ရပ်ရရှိခဲ့ သည်ကို တွေ့ရသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ဂျာမနီပြည်သူ များသည် မာကယ်လ် ၏ ရွှေ့ပြောင်းဒုက္ခသည် မူဝါဒအပေါ် ကျေနပ်မှု မရှိကြဘဲ အမျက်ဒေါသ ထွက်လျက်ရှိ သည်မှာ ပေါ်လွင်လှ ပေသည်။ AfD ပါတီသည် နိုင်ငံနယ်စပ် ဒေသများကို လုံခြုံမှုရှိ စေရေးနှင့် နိုင်ငံရေး ခိုလှုံသူများ အဓိကရုဏ်း ဖြစ်ပွားခြင်းမှ ရပ်တန့်စေရေး ကဲ့သို့သော နိုင်ငံရေး ကြွေးကြော်မှု များဖြင့် ယင်းဒေသများ၏ အဓိက ထောက်ခံမှုကို အရယူနိုင်ခဲ့ ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ရွှေ့ပြောင်း ဒုက္ခသည်ဆိုင်ရာ မူဝါဒနှင့် ပတ်သက်၍ ရှင်းလင်း ပြတ်သားသော ရပ်တည်ချက် ရှိနှင့် ပြီး ဖြစ်ကာ မည်သည့် နိုင်ငံရေး ခိုလှုံခွင့် တောင်းခံသူများ ကိုမျှ အလိုမရှိဟု AfD ပါတီမှ ဒုတိယဥက္ကဋ္ဌ အလက်ဇန္ဒား ဂေါ်လန် က ရုပ်သံအစီအစဉ် တစ်ခုတွင် ပြောကြားခဲ့သည်။

ရွှေ့ပြောင်းဒုက္ခသည် များသည် ပြီးခဲ့သည့်နှစ်မှ စ၍ ဂျာမနီနိုင်ငံ အတွင်းသို့ ဝင်ရောက်လာပြီး ယင်းနိုင်ငံရေး ခိုလှုံသူ အများအပြား ဝင်ရောက်မှုကို ဂျာမနီအစိုးရ အနေဖြင့် ထိန်းချုပ်နိုင်ခြင်း မရှိတော့သည့် အပြင် အဆိုပါ နိုင်ငံရေး ခိုလှုံသူ များသည် နိုင်ငံအတွင်း၌ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှု များကိုပါ ကျူးလွန်လာကြ သောကြောင့် ပြည်သူများ အကြား စိုးရိမ်မှု မြင့်တက်လာ ခဲ့ပြီး ယခုကဲ့သို့ ဒေသတွင်း ရွေးကောက် ပွဲ အပေါ်ကိုပါ ရိုက်ခတ် လာခဲ့ခြင်း ဖြစ်သည်။ ထို့ပြင် ဒုက္ခသည်များ အယောင်ဆောင်ကာ စာရွက်စာတမ်း အတုများဖြင့် နိုင်ငံအတွင်းသို့ ဝင်ရောက်လာသူ အများအပြား ရှိပြီး ၄င်းတို့မှာ ဒုက္ခသည် အစစ်အမှန်များ ဟုတ်၊ မဟုတ်ကို မိမိတို့အနေဖြင့် သိရှိနိုင်ခြင်း မရှိဟု လက်နက် အရောင်းဆိုင်မှ မန်နေဂျာ ပေဗယ်လ်ဆိဗ်လို့ဗ် က ပြောကြားသည်။ အဆိုပါ ဒုက္ခသည် အယောင်ဆောင် များသည် နိုင်ငံအတွင်း ဗုံးခွဲတိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက်မှုများ ကိုပါ ပြုလုပ်လာ နိုင်ဖွယ် ရှိသည့်အတွက် ဂျာမနီပြည်သူများ အနေဖြင့် စိုးရိမ်လျက် ရှိသည်။

ယခုအခါ ပြည်သူများ အနေဖြင့် နိုင်ငံအတွင်းသို့ ရွှေ့ပြောင်း ဒုက္ခသည် အများအပြား ဝင်ရောက် ခဲ့ပြီးနောက် လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုများနှင့် တခြား အကြမ်းဖက်မှုများ ဖြစ်ပွားခြင်း တို့ကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် မျက်ရည်ယို သေနတ်များ နှင့် ငရုတ်ကောင်း စပရေးဘူး များကို ကိုယ်နှင့်မကွာ သယ်ဆောင် လာခဲ့ကြပြီ ဖြစ်သည်။ ထို့ပြင် ဂျာမနီနိုင်ငံ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာလျက် ရှိပြီး ယင်း အကြမ်းဖက်မှု များကို အချိန်မီတားဆီး နိုင်စေရန် ရဲတပ်ဖွဲ့က လုပ်ဆောင်လျက် ရှိသော်လည်း သိသိသာသာ ထိရောက်မှု မရှိလှပေ။ ပြည်သူများ အနေဖြင့် နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေးနှင့် လုံခြုံရေး ရရှိစေမည်ဟု ၄င်းတို့၏ အစိုးရ အထူးသဖြင့် မာကယ်လ်အပေါ် ယုံကြည် ခဲ့ကြသော်လည်း မာကယ်လ် ၏ ရွှေ့ပြောင်း ဒုက္ခသည်ဆိုင်ရာ မူဝါဒမှာ မှားယွင်းမှု တစ်ခုသာ ဖြစ်သည်ဟု ပြည်သူတချို့က ပြောကြား ခဲ့သည်။

ယခုအခါ မာကယ်လ်သည် ၄င်း၏ အာဏာရပါတီ CDU အပါအဝင် နိုင်ငံရေးဆိုင်ရာ ဖိအားများနှင့် ရင်ဆိုင်နေရလျက် ရှိပြီး ပြည်သူများ၏ ယုံကြည် အားကိုးမှုကိုလည်း ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် မာကယ်လ် သည် နိုင်ငံအတွင်းသို့ ရွှေ့ပြောင်း ဒုက္ခသည်များ ဝင်ရောက်မှုနှုန်းကို ထိန်းချုပ်ရမည် ဖြစ်ပြီး ယင်း လုပ်ဆောင်ချက်ကို ပိုမိုထိရောက်မှု ရှိစေရေးအတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများကပါ အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်သည်ဟု ဂျာမနီ ပြည်ထဲရေးဝန်ကြီး အမ်မလီဟာဘာ က ပြောသည်။

ဂျာမနီနိုင်ငံ အတွင်းသို့ လွန်ခဲ့သည့် နှစ်က ရွှေ့ပြောင်း ဒုက္ခသည် တစ်သန်းကျော် ဝင်ရောက်ခဲ့ ကြပြီး ယခုအခါ ယင်းကဲ့သို့ အလုံးအရင်း ဝင်ရောက်မှုကို လျှော့ချရန် အစိုးရ အနေဖြင့် နိုင်ငံနယ်စပ် ဒေသများကို ပိတ်ပစ်ြ ခင်းထက် ဆီးရီးယား ဒုက္ခသည်များကို နိုင်ငံအတွင်း ခေတ္တလက်ခံ ထားမည့် တူရကီနှင့် လက်တွဲ လုပ်ဆောင်ရန် ရည်ရွယ်ထားသည်။

ရွှေ့ပြောင်း ဒုက္ခသည် များအား နိုင်ငံအတွင်းရှိ ပြည်သူများနှင့် တစ်သားတည်း ကျစေရန် ကြိုးပမ်းမှုသည် မာကယ်လ် အတွက် အကြီးမားဆုံး စိန်ခေါ်မှုကြီး တစ်ရပ်အဖြစ် ရပ်တည်လျက် ရှိပြီး လက်ရှိ မဲရလဒ်များ အရ ၄င်းအနေဖြင့် အစိုးရအဖွဲ့ တစ်ဖွဲ့ ဖွဲ့စည်း နိုင်ရေးအတွက် ဗဟိုလက်ဝဲယိမ်း ပါတီ ဆိုရှယ် ဒီမိုကရက်တစ် နှင့် ဂရင်းပါတီ နှစ်ခု လုံးနှင့် ညွန့်ပေါင်း အဖွဲ့ ဖွဲ့ရန် လိုအပ်ပေသည်။ ထို့ကြောင့် ရွှေ့ပြောင်း ဒုက္ခသည် ဆိုင်ရာမူဝါဒ မာကယ်လ် ၏ ခေါင်းဆောင်မှု အပေါ် ရိုက်ခတ်မှု တစ်ခု ဖြစ်လာပြီး ၄င်း အနေဖြင့် ရွှေ့ပြောင်း ဒုက္ခသည်များ စိမ့်ဝင် မှုကို ထိန်းချုပ်နိုင်ရေး အတွက် မကြာမီ ကျင်းပမည့် ဥရောပ ထိပ်သီး အစည်းအဝေး တွင် တူရကီနိုင်ငံနှင့် သဘော တူညီချက် တစ်ရပ် ချမှတ်နိုင်ရန် လုပ်ဆောင်ရမည် ဖြစ်သည့်အပြင် တစ်ဖက် တွင်လည်း အစိုးရ အဖွဲ့ ဖွဲ့စည်းနိုင်ရန် ကြိုးပမ်းသွား ရမည် ဖြစ်ကြောင်း သိရှိနိုင်ရန် ရေးသား လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Wednesday, February 24, 2016

ထိုင်းနိုင်ငံသို့ တရားဝင်အလုပ်သမား စေလွှတ်ခွင့်ပြုထားသည့် ကုမ္ပဏီ ၆၀ ကျော်ရှိပြီး ကြားပွဲစားများဖြင့် သွားရောက် လုပ်ကိုင်ခြင်းမပြုသင့်


ရန်ကုန် ၊ ၂၄-၂-၂၀၁၆

ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား စေလွှတ်ခွင့်ပြု ထားသည့် ကုမ္ပဏီ ၆ဝ ကျော်ရှိပြီး ကြားပွဲစားများဖြင့် သွားရောက် လုပ်ကိုင်ခြင်း မပြုသင့်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အလုပ်သမားရေးရာ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်မှု နှင့်ပတ်သက်၍ စည်းကမ်း မလိုက်နာသည့် ပိတ်သိမ်း ထားသော ကုမ္ပဏီရှစ်ခု ရှိကြောင်း သိရသည်။

''ဒီဘက်က မြန်မာ လုပ်သားတွေ ကြားပွဲစားနဲ့ သွားရင် ဒုက္ခရောက်ကြ ရပါတယ်။ ဒီလိုမလုပ်ကြဖို့ ပြောချင်ပါတယ်။ တစ်ဖက်မှာလည်း သက်သေခံ လက်မှတ် (CI) ကိစ္စက အဓိကကျ ပါမယ်။ ဒီကိစ္စကို အမြန် ဆုံးဖြတ်ချက် ချဖို့လိုပါတယ်။ CI လက်မှတ်ကို အမြန်ဆုံး ထုတ်ပေးနိုင်မှ မတ်လကုန်မှာ သက်တမ်းကုန်မယ့် တရားဝင် အလုပ်သမား တွေကို သက်တမ်း ဆက်တိုးပေးလို့ ရမှာပါ။ ဒီကိစ္စကို ထိုင်းနိုင်ငံ ဘက်က တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံတုန်း ကလည်း ဆွေးနွေးထား ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

လက်ရှိ ထိုင်းနိုင်ငံသို့ တရားဝင် အလုပ်သမား တင်ပို့ခွင့်ပြု ထားသည့် ကုမ္ပဏီတချို့မှာ ယွန်းနဒီဦး နှင့် ရောင်းရင်းများ၊ တူးဒေး တော့စတား၊ သပြေမင်း၊ ကောင်းမြတ်စံ၊ အေးလင်းလက်ထွဋ်၊ သုခစံ နှင့် တော်ဝင် ရွှေတံခါး စသည်တို့ ဖြစ်ကြောင်း သိရသည်။

တရားဝင် ရွှေ့ပြောင်း သွားလာမှု ဖြစ်စေရန် တရားဝင် လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီများမှ တစ်ဆင့် ပြည်ပသို့ အလုပ်သမားများ စေလွှတ်သည့် ကုမ္ပဏီ များနှင့်သာ ဆက်သွယ် ဆောင်ရွက် သင့်ပြီး ပြည်ပသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်မည့် အလုပ်သမားများ အတွက် ပြည်ပ အလုပ်အကိုင် သက်သေခံကတ်ပြား (Smart Card) များ ယူဆောင် ရသည်ဟု ပြင်ပသို့ သွားရောက် လုပ်ကိုင်သူများ ထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ အလုပ်သမား စေလွှတ်ရာတွင် လုပ်သားများ တရားဝင် ဖြစ်စေရေး အပါအဝင် အချက်ကိုးချက်ကို ထိုင်း အလုပ်သမား ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားသည်။

အဆိုပါ အချက်များမှာ အထောက်အထားမဲ့ မြန်မာ အလုပ်သမား များနှင့် မှီခိုများအား ထုတ်ပေးမည့် သက်သေခံ လက်မှတ် (CI) ကို ထိုင်းနိုင်ငံဘက်မှ အသိအမှတ်ပြု လက်ခံနိုင်ရေး၊ CI ထုတ်ပေးမည့် စခန်းများကို ထိုင်းနိုင်ငံအတွင်း ငါးနေရာ သို့မဟုတ် ခြောက်နေရာ ထားရှိပြီး Work Permit နှင့် ဗီဇာများ ထုတ်ပေးနိုင်ရေး၊ မြန်မာရွှေ့ပြောင်း အလုပ်သမားများ အတွက် ဆောင်ရွက်ပေး ရမည့် နိုင်ငံသား စိစစ်ရေးလုပ်ငန်း နှင့် အချက်အလက် ကောက်ယူမည့် အဖွဲ့များ ကို ပြန်လည် လုပ်ကိုင်ခွင့် ပေးရေး စသည့် အချက်များ ဆွေးနွေး ထားကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၄)

Wednesday, February 10, 2016

ဥရောပကို ဒုက္ခသည်လှိုင်းလုံးဖြင့် ဖုံးလွှမ်းမည်ဟု တူရကီသမ္မတ အာဒိုဂမ် ခြိမ်းခြောက်စကား ပြောကြား



ဘရပ်ဆဲလ် ၊ ၁၀-၂-၂၀၁၆

အရှေ့အလယ်ပိုင်း ဒုက္ခသည် ပြဿနာကို ကိုင်တွယ်ရေး အတွက် ကျေနပ်လောက်ဖွယ် သဘော တူညီချက်မျိုး ဥရောပ သမဂ္ဂ ခေါင်းဆောင် များက မပေးနိုင်ခဲ့လျှင် ဥရောပတိုက် အတွင်းသို့ တရားမ၀င် ရွှေ့ပြောင်း ၀င်ရောက်မှုများကို အလုံးအရင်းဖြင့်  ပို့လွှတ်မည် ဟူ၍ တူရကီ သမ္မတ အာဒိုဂမ် က ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ က ခြိမ်းခြောက် ခဲ့ကြောင်း ရိုက်တာ သတင်းဌာန က ဖော်ပြခဲ့သည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ က တူရကီသမ္မတ အာဒိုဂမ် နှင့် ဥရောပသမဂ္ဂ ထိပ်တန်း ခေါင်းဆောင်နှစ်ဦး တို့အကြား ကျင်းပခဲ့သော ဒုက္ခသည် ပြဿနာဆိုင်ရာ ဆွေးနွေးပွဲမှာ တင်းမာသည့် ဆွေးနွေးပွဲ ဖြစ်ခဲ့ရကြောင်း ဂရိ ဝက်ဘ်ဆိုက် တစ်ခုက ဖေဖော်ဝါရီ ၈ ရက်တွင် ဖော်ပြခဲ့သည်။

ဒုက္ခသည် ပြဿနာကို ကိုယ်တွယ် ရာတွင် ဥရောပ အနေဖြင့် ကျေနပ် လောက်သည့် သဘော တူညီချက်မျိုး တူရကီနိုင်ငံ အတွက် မပေးနိုင်ခဲ့ ပါက မိမိတို့အနေဖြင့် ဒုက္ခသည် များကို ဘတ်စ်ကားဖြင့် တင်၍ ဥရောပသို့ အချိန်မရွေး ပို့လွှတ်နိုင်ကြောင်း ဥရောပသမဂ္ဂ တာဝန်ရှိ သူများနှင့် ဆွေးနွေးစဉ် တူရကီသမ္မတ က ပြောကြား ခဲ့သည်။

ဥရောပသမဂ္ဂ တာဝန်ရှိသူများ သည် ဆီးရီးယား ဒုက္ခသည်များနှင့် တရားမဝင် ရွှေ့ပြောင်း ဝင်ရောက်သူများ ဥရောပတိုက် တွင်းသို့ ဝင်ရောက်မှု တားဆီးရေး အတွက် တူရကီနိုင်ငံ၏ အကူအညီကို ရယူရန် ကြိုးပမ်းလျက် ရှိသည်။ ၂ဝ၁၅ ခုနှစ်အတွင်း ဥရောပတိုက် သို့ ဝင်ရောက် လာသော ဒုက္ခသည်နှင့် တရားမဝင် ဝင်ရောက် လာသော ဒုက္ခသည် အရေအတွက်မှာ တစ်သန်းကျော်ထိ ရှိခဲ့ပြီး အများစုမှာ တူရကီနိုင်ငံ နှင့် ဂရိနိုင်ငံ အကြား ပင်လယ်ရေပြင် ကို ဖြတ်သန်း၍ ဝင်ရောက် လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော် တူရကီသမ္မတ ၏ ခြိမ်းခြောက်စကား မှန်၊ မမှန် အတည်ပြုရန် ဥရောပသမဂ္ဂ က ငြင်းပယ်ထားသည်။ ဂရိ သတင်းဝက်ဘ်ဆိုက် ၌ တူရကီသမ္မတ နှင့် ဥရောပသမဂ္ဂ တို့၏ ဆွေးနွေးပွဲ မည်သည့်အချိန်၊ မည်သည့်နေရာ ၌ ကျင်းပခဲ့သည်ကို ဖော်ပြထားခြင်း မရှိသော်လည်း တူရကီနိုင်ငံ ၊ အင်ကာရာမြို့ ၌  ၂ဝ၁၅ ခုနှစ် ၊ နိုဝင်ဘာ ၁၆ ရက်က ကျင်းပခဲ့ခြင်း ဖြစ်နိုင်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည်ဟု သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၃)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger