www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts
Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts
Wednesday, October 17, 2018
ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေး အဆင်ပြေလာတာကို အမေရိကန် မလိုလားဘူးလား
ဘာသာပြန်ဆောင်းပါး ၊ မင်းခန့်တင်
-
ကိုရီးယား နှစ်နိုင်ငံ ဆက်သွယ်ထားတဲ့ မီးရထားလမ်းတွေ၊ ကားလမ်းတွေ ပြန်ဖွင့်ဖို့အတွက် နှစ်နိုင်ငံ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၅ ရက်မှာ သဘောတူ လိုက်ပါတယ်။ ဒီသဘောတူမှုဟာ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်တို့ရဲ့ တတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ရလဒ်လည်း ဖြစ်ပါတယ်။ 
-
ကိုရီးယား နှစ်နိုင်ငံကြားမှာ ဒီလိုသဘော တူညီမှုရတာနဲ့ အမေရိကန် ပြည်ထောင်စုက ချက်ချင်းပဲ တောင်းဆိုမှု တစ်ခုပြုပါတယ်။ ဘာကို တောင်းဆိုတာလည်း ဆိုတော့ မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေ အပြည့်အဝ အသက်ဝင် ခိုင်မာစေရေး လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။
-
''ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ အားလုံးအနေနဲ့ ကုလသမဂ္ဂက မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေ အပြည့်အဝ အကောင်အထည် ပေါ်လာစေရေး လုပ်ဆောင်မယ်လို့ ကျွန်တော်တို့ မျှော်လင့် ထားပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယားရဲ့ တရားမဝင် နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေ ရပ်ဆိုင်းဖို့ အတွက် သက်ဆိုင်ရာ အခန်း ကဏ္ဍကနေ ကူညီပေးမယ်လို့ မျှော်လင့်ပါတယ်'' လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ တစ်ဦးက ပြောပါတယ်။
-
ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုက ဘာအတွက်ရည်ရွယ် လဲဆိုရင် မြောက်ကိုရီးယား အနေနဲ့ နျူကလီးယားနဲ့ ဒုံးကျည် အစီအစဉ်တွေကို ဆက်လက် လုပ်ဆောင်နိုင်ခြင်း မရှိစေဖို့ အတွက် ကုန်သွယ်ရေး ကဏ္ဍအပေါ် အရေးယူ ပိတ်ဆို့ခြင်းဖြင့် ငွေပင် ငွေရင်းတွေကို ဖြတ်တောက်ဖို့ ဖြစ်ပါတယ်။
-
အမေရိကန် ပြည်ထောင်စုဟာ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်အားလုံးကို ဖျက်သိမ်းပြီး နျူကလီးယား အစီအစဉ် ကို အလုံးစုံ စွန့်လွှတ်ပြီးမှသာ အရေးယူပိတ် ဆို့မှုတွေကို ဖယ်ရှား ပေးမယ်လို့ ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ ဒီလို ရပ်တည်ချက်ကြောင့် အမေရိကန်- မြောက်ကိုရီးယား အကြား နျူကလီးယား ကင်းစင်ရေး ဆွေးနွေး ပွဲဟာ မရေမရာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ 
-
ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက် လာမှုဟာ မြောက်ကိုရီးယား ရဲ့ နျူကလီးယား အစီအစဉ် ဖြေရှင်းမှုကနေ ခွဲထွက်ပြီး ရရှိလာတဲ့ အောင်မြင်မှု မဟုတ်ဘူးလို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က ပြောပါတယ်။ ဒါ့ပြင် တောင်ကိုရီးယား အနေနဲ့ မြောက်ကိုရီးယား ရဲ့ နျူကလီးယား ကင်းစင်ရေးဆောင် ရွက်ချက်ကို အားပေး အားမြှောက် ပြုတဲ့အနေနဲ့ တစ်ဖက်သတ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှု တွေကို ဖြေလျှော့ပေးဖို့ စဉ်းစားနေ တယ်လို့ ဆိုထား ပါတယ်။ ဒီလို ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးခြင်းဟာ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို မထိခိုက် စေဖို့လည်း ကတိ ပြုထား ပါတယ်။ ဒါကြောင့်လည်း ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးက တစ်နေ့ တခြားတိုး တက်လာတာ ဖြစ်ပါတယ်။
-
တောင်ကိုရီးယား အနေနဲ့ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ စဉ်းစား နေတယ်လို့ သတင်းထုတ် လိုက်တဲ့ အချိန်တုန်းကလည်း အမေရိကန်က ကန့်ကွက် ခဲ့ပါသေးတယ်။ အဲဒီတုန်းက
တောင်ကိုရီးယား အစိုးရ အနေနဲ့ အမေရိကန် အစိုးရရဲ့သဘောတူ ခွင့်ပြုချက်မရဘဲ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့မှု မလုပ်ရဘူး ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးခဲ့တာ ဖြစ်ပါတယ်။
-
အခုတစ်ကြိမ် မှာတော့ အမေရိကန် ပြည်ထောင်စုရဲ့ တောင်းဆိုမှုကို မြောက်ကိုရီးယား ဘက်ကလည်း ခပ်တင်းတင်းပဲ တုံ့ပြန် လိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စု အနေနဲ့ နိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့ မှုတွေကို ချက်ချင်း ဖယ်ရှားပေးဖို့ အောက်တိုဘာ ၁၆ ရက်မှာ မြောက်ကိုရီးယား ဘက်က တောင်းဆို လိုက်တာပဲ ဖြစ်ပါတယ်။ ''အကယ်၍ အမေရိကန် ပြည်ထောင်စု အနေနဲ့ သူတို့ရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ ပေးခြင်း မရှိဘဲ ဆက်ပြီး ခေါင်းမာ နေမယ်ဆိုရင် အမေရိကန်က မြောက်ကိုရီးယား အပေါ် ရန်လိုတဲ့ မူဝါဒ ဆက်လက်ထားရှိတဲ့ သဘော ဖြစ်ပါတယ်။ မြောက်ကိုရီးယား- အမေရိကန် ထိပ်သီး ဆွေးနွေးပွဲ တုန်းက နှစ်နိုင်ငံအကြား ရန်လိုတဲ့ ဆက်ဆံမှုတွေကို ရပ်တန့်သွားဖို့နဲ့ အနာဂတ် အသစ်ဆီ လှမ်းလျှောက်ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်'' လို့ မြောက် ကိုရီးယား နိုင်ငံပိုင်  KCNA တင်းဌာနက ဖော်ပြထားပါတယ်။
-
ဒါ့ပြင် မြောက်ကိုရီးယား အနေနဲ့ နျူက လီးယား ဖျက်သိမ်းရေး ကတိကို တည်အောင် လုပ်ဆောင်နေတဲ့ အချိန်မှာ အမေရိကန်ပြည် ထောင်စု ဘက်ကလည်း သင့်တင့် လျောက်ပတ်တဲ့ ဖြေလျှော့မှုတွေ လုပ်ပေးဖို့ တောင်း ဆိုကြောင်း  KCNA သတင်းဌာနက ဆက်လက် ဖော်ပြ ထားပါတယ်။
-
တရုတ် နိုင်ငံနဲ့ ရုရှားနိုင်ငံ တို့ကလည်း ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင် ရေးနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ တောင်းဆို  ထားပါတယ်။ ဒါပေမဲ့ ဒီကိစ္စမှာ ပါဝင်ပတ်သက်သူ အားလုံးက ကိုယ်စီ တာဝန်များကို ယူဖို့ အတွက် တရုတ်နဲ့ ရုရှားတို့က တောင်းဆို ထားတာ ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန် ပီယိုဟာ မကြာသေးမီက မြောက်ကိုရီးယား နိုင်ငံကို သွားရောက်ပြီး နျူကလီးယား ကင်းစင်ရေး ဆောင်ရွက်မှုနဲ့ ဒေါ်နယ်ထရမ့်- ကင်ဂျုံအွန် ဒုတိယ အကြိမ် ထိပ်သီး ဆွေးနွေးပွဲ အတွက် ကင်ဂျုံအွန်နဲ့ ဆွေးနွေး ခဲ့ပါတယ်။ 
-
အဲဒီခရီးစဉ် အပြီးမှာတော့ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင် နေတာဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရရှိနေတယ်လို့ ထုတ်ပြန် ခဲ့ပါတယ်။ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ချက် တွေကို အမှန် တကယ် လုပ်ဆောင်နေချိန်မှာ အမေရိကန် ပြည်ထောင်စု ဘက်ကလည်း သင့်လျော်တဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးမှသာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ညီမျှမှုရှိမှာ ဖြစ်ပါတယ်။ ဒီလို မဟုတ်ရင်တော့ တစ်ဖက်သတ် နျူကလီးယား ဖျက်သိမ်းရေးကို မြောက်ကိုရီးယား နိုင်ငံက လုပ်ဆောင်ချင်မှာ မဟုတ် ပါဘူး။
-
ဒီအချိန်မှာ အိမ်နီးချင်း ကောင်းနဲ့ ဆွေမျိုးရင်းချာ စိတ်ဓာတ်ရှိတဲ့ တောင်ကိုရီးယားက မြောက်ကိုရီးယား အပေါ် အရေးယူပိတ်ဆို့ မှုတွေ ဖြေလျှော့ပေး နိုင်ဖို့ လိုက်လံ တောင်းဆို နေတာကိုတွေ့ရပါတယ်။ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ကင်းစင်ရေးကို လက်တွေ့လုပ်ဆောင်နေချိန်မှာ နိုင်ငံတကာ အနေနဲ့ ကလည်း မြောက်ကိုရီးယား အပေါ် ချမှတ် ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ ပေးဖို့ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင် က အောက်တိုဘာ ၁၅ ရက်မှာ အလေးပေး ပြောဆိုထားပါတယ်။
-
မွန်ဂျေးအင်ဟာ ပြင်သစ် သမ္မတ အီမန် နျူယယ်မက်ခရွန် နဲ့တွေ့ဆုံပြီး မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ ပေးရာမှာ ပြင်သစ် နိုင်ငံက ဦးဆောင်ပေးဖို့ ကိုလည်း တောင်းဆို ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီရဲ့အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ဖြစ်ပါတယ်။
-
ပြင်သစ် သမ္မတက မြောက်ကိုရီးယားမှာ လုံးဝနျူကလီးယား ကင်းစင်သွားတဲ့ အထိ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ထားဖို့ လိုမှာဖြစ် ပေမယ့်လည်း နျူကလီးယား ကင်းစင်ရေး လုပ်ငန်းစဉ်ကို အရှိန်တိုးမြှင့် လုပ်ဆောင်နိုင် ဖို့အတွက် ပြင်သစ် နိုင်ငံက ကူညီထောက်ပံ့ ပေးသွားမယ်လို့ ဆိုပါတယ်။ မွန်ဂျေးအင်ဟာ အခုသီတင်းပတ် အတွင်းမှာ ဗြိတိန် ဝန်ကြီးချုပ် ထရီဆာမေ၊ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျဲလာမာကယ် တို့နဲ့လည်း 
တွေ့ဆုံသွားဖို့ ရှိပါတယ်။ အဲဒီလို တွေ့ဆုံတဲ့ အခါမှာလည်း မြောက်ကိုရီးယား နိုင်ငံရဲ့ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင်ချက်ကို ကူညီ ထောက်ပံ့ပေးဖို့နဲ့ အရေးယူ ပိတ်ဆို့ မှုတွေကို ဖြေလျှော့ပေးဖို့ တောင်းဆို သွားဖွယ်ရှိပါတယ်။
-
ကိုရီးယား ကျွန်းဆွယ်ကို အမှန်တကယ် ငြိမ်းချမ်းစေလိုတဲ့ တောင်ကိုရီးယား နိုင်ငံက မြောက်ကိုရီးယား ရဲ့ နျူကလီးယား ကင်းစင်ရေး လုပ်ဆောင် ချက်တွေကို အသိအမှတ် ပြုတဲ့ အနေနဲ့ တစ်ဖက်သတ် အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။ ဒါ့ပြင် နိုင်ငံတကာ အနေနဲ့ မြောက်ကိုရီးယား အပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ကို မွန်ဂျေးအင်က လိုက်လံ တောင်းဆိုနေ တာဖြစ်ပါတယ်။ 
-
ဒါကြောင့် အမေရိကန် ပြည်ထောင်စုရဲ့ လုပ်ရပ်တွေဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိမှာကို မလိုလား လို့လား။ ဒါမှမဟုတ် ကိုရီးယား နှစ်နိုင်ငံ အဆင်ပြေ လာတာကို မလိုလား လို့လားဆိုတာ သံသယ ဖြစ်ဖွယ် ကောင်းလာကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။
-
Ref: Yonhap
#မြ၀တီနေ့စဉ်သတင်းစာ
Friday, October 12, 2018
မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား ဖျက်သိမ်းရေးကို အပြည့်အဝ လုပ်ဆောင်နိုင်စေဖို့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးတော့မယ့် တောင်ကိုရီးယား
မြောက်ကိုရီးယား နိုင်ငံက နျူကလီးယားနဲ့ ပဲ့ထိန်း ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်မှုတွေ အဆက်မပြတ် လုပ်ဆောင် ခဲ့တာကြောင့် အိမ်နီးချင်း တောင်ကိုရီးယား နိုင်ငံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အရေးယူပိတ် 
ဆို့မှုတွေ ချမှတ်ခြင်း ခံခဲ့ရပါတယ်။ အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခံရတာကြောင့် စီးပွားရေး ကျဆင်းသွားတဲ့ မြောက်ကိုရီးယား နိုင်ငံက ဒီနှစ်အစောပိုင်း ကနေစပြီး ဒီနေ့အချိန်ထိ သဘောထား ပျော့ပျောင်းပြီး နိုင်ငံ 
တကာနဲ့ ဆက်ဆံရေး တိုးတက်လာအောင် အားသွန်ခွန်စိုက် ဆောင်ရွက်ခဲ့ပါတယ်။ 
-
အထူးသဖြင့် အိမ်နီးချင်း တောင်ကိုရီးယား နိုင်ငံနဲ့ ဆက်ဆံရေးက မထင်မှတ်ထား လောက်အောင် တိုးတက်လာပါတယ်။ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေး တိုးတက်မှုကနေ ရရှိတဲ့ ရလဒ်ကတော့ မြောက်ကိုရီးယား 
နိုင်ငံအပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေး ပိတ်ဆို့မှုတွေကို တောင်ကိုရီးယားက အကြွင်းမဲ့ ရုပ်သိမ်းပေးဖို့ စဉ်းစားလာတဲ့ အထိပဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံအနေနဲ့ နျူကလီးယား ဖျက်သိမ်းရေးကို အပြည့်အဝ လုပ်ဆောင် 
ပြီးမှသာ စီးပွားရေးအရ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ အမေရိကန် ပြည်ထောင်စုက တင်းခံထား ပါတယ်။ ဒါပေမဲ့ အမေရိကန် ပြည်ထောင်စုရဲ့ အဓိက မဟာမိတ် နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယား ကတော့ မြောက်ကို 
ရီးယားအပေါ် ချမှတ်ထားတဲ့ နှစ်နိုင်ငံကုန် သွယ်ရေးနဲ့ စီးပွားရေး လဲလှယ်မှုဆိုင်ရာ အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးဖို့ စဉ်းစားနေတယ်လို့ အောက်တိုဘာ ၁ဝ ရက်မှာ တရားဝင် ထုတ်ပြန် လိုက်ပါတယ်။
-
တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်က မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက်တွေကို အပြီးအပိုင် စွန့်လွှတ်နိုင်ဖို့ အတွက် မက်လုံးအဖြစ် မြောက်ကိုရီးယား နိုင်ငံအတွင်းမှာ ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ
လုပ်ဖို့နဲ့ ပူးတွဲ စီးပွားရေး စီမံကိန်းတွေကို အကောင်အထည် ဖော်နိုင်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို လေးစား လိုက်နာပြီး မြောက်ကိုရီးယားနဲ့ သိသာထင် 
ရှားတဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုကို လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်မယ်လို့ ကတိပြု ထားပါတယ်။
-
ဒါကြောင့် တောင်ကိုရီးယားက ရုပ်သိမ်းပေးမယ့် မြောက်ကိုရီးယား အပေါ်အရေးယူ ပိတ်ဆို့မှုတွေက ၎င်းတစ်နိုင်ငံတည်း သီးသန့် ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ဖြစ်တယ်လို့ နိုင်ငံ ခြားရေးဝန်ကြီး ကန်ကျွန်းဝှါက ပြောတာဖြစ် 
ပါတယ်။ အောက်တိုဘာ ၁ဝ ရက်က ပြုလုပ်တဲ့ လွှတ်တော်ကြားနာမှု တစ်ခုမှာ အာဏာရ ပါတီရဲ့ထိပ်တန်းအမတ်တွေက တောင်ကိုရီး ယားအစိုးရ အနေနဲ့ မြောက်ကိုရီးယား အပေါ် ၂ဝ၁ဝ ပြည့်နှစ်မှာ ချမှတ်ထားတဲ့ အရေးယူ 
ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်း ခဲ့ပါတယ်။ အဲဒီ မေးမြန်းချက် အပေါ် အစိုးရအဖွဲ့အနေနဲ့ မြောက်ကိုရီးယား အပေါ်ချမှတ်ထားတဲ့ အရေးယူ ပိတ်ဆို့မှုတွေကို ရုပ်သိမ်းပေးနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီး 
ဌာနတွေနဲ့ ညှိနှိုင်းတိုင်ပင် နေပါတယ်လို့ ကန်ကျွန်းဝှါက အဖြေ ပြန်ပေးပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန် ပီယိုက မကြာသေးမီက မြောက်ကိုရီးယား နိုင်ငံကို သွားရောက်ပြီး မြောက်ကိုရီးယား 
ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ တွေ့ဆုံ ခဲ့ပါတယ်။ 
-
အဲဒီလို တွေ့ဆုံရာမှာ ကင်ဂျုံအွန်က နိုင်ငံရဲ့ အဓိကကျတဲ့ နျူကလီးယား စမ်းသပ်ရာနေရာ ဖြစ်တဲ့ ယုံဗြွန်း နျူကလီးယား စမ်းသပ်စခန်းကို အပြီးတိုင် ဖျက်သိမ်းသွားမယ်လို့ ထပ်လောင်း အတည်ပြု ထားပါတယ်။ ဒါ့ပြင် ပြင်ပမှစုံစမ်း 
စစ်ဆေး သူတွေကို လည်း နိုင်ငံအတွင်းလာ ရောက်စစ်ဆေးဖို့ကို သဘောတူထားပါတယ်။
-
ပြီးခဲ့တဲ့ လအတွင်းက ကျင်းပတဲ့ ကုလသ မဂ္ဂ အထွေထွေ ညီလာခံမှာ မြောက်ကိုရီးယား နိုင်ငံအနေနဲ့ တစ်ဖက်သတ် လက်နက်ဖျက် သိမ်းတာမျိုးကို လုပ်ဆောင်မှာ မဟုတ်ဘဲ အမေရိကန် ပြည်ထောင်စု အနေနဲ့ကလည်း 
မြောက်ကိုရီးယား နိုင်ငံအတွက် ခြိမ်းခြောက် မှုမဟုတ်ဘူး ဆိုတာကို မဖြစ်မနေပြသဖို့ လိုအပ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီး ရီယောင်ဟိုက ပြောပါတယ်။ ဒီအချက် တွေကို ကြည့်ခြင်းအားဖြင့် မြောက်ကိုရီးယား 
နိုင်ငံက နျူကလီးယား ဖျက်သိမ်းရေးကို အမှန်တကယ် လုပ်ဆောင်လိုတဲ့ ဆန္ဒရှိနေတာကို တွေ့ရပါတယ်။ 
-
တောင်ကိုရီးယား နိုင်ငံက မြောက်ကိုရီးယား အပေါ် ပြင်းထန်တဲ့ အရေးယူပိတ်ဆို့မှု တွေချမှတ်ခဲ့တာက ၂ဝ၁ဝ ပြည့်နှစ်က ဖြစ်ပါတယ်။ အဲဒီလို အရေးယူ ပိတ်ဆို့မှု မချမှတ်မီ မြောက်ကိုရီးယား နယ်စပ်ရေပြင်အတွင်းမှာ 
တောင်ကိုရီးယား စစ်သင်္ဘော တစ်စင်း ပေါက်ကွဲ နစ်မြုပ်ပြီး ရေတပ်စစ်သည် ၄၆ ဦး သေဆုံး သွားပါတယ်။ ဒီလို စစ်သင်္ဘောပေါက်ကွဲ နစ်မြုပ်ရခြင်းက မြောက်ကိုရီးယား ရေငုပ် သင်္ဘောက ပစ်ခတ်လိုက်တဲ့ တော်ပီဒိုထိမှန် 
ခြင်းကြောင့် ဖြစ်တယ်လို့ တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စု အပါအဝင် တခြားနိုင်ငံများက စုံစမ်းစစ်ဆေး သူတွေက အတည်ပြု လိုက်ပါတယ်။ ဒါကြောင့် တောင်ကိုရီးယားက မြောက်ကိုရီးယား အပေါ် ပြင်းထန်တဲ့ အရေး 
ယူ ပိတ်ဆို့မှုတွေ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
-
အဲဒီအရေးယူပိတ်ဆို့မှုတွေထဲမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ခရီးသွားလာရေးနဲ့ ကုန်စည်လဲလှယ်ရေး အားလုံးပါဝင်ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယား ကုန်တင်သင်္ဘော တွေအနေနဲ့ တောင်ကိုရီးယားရေပြင် အသုံးပြုခွင့်ကိုလည်း 
ပိတ်လိုက်ပါတယ်။ ဒီလိုပိတ်လိုက်ခြင်းကြောင့် မြောက်ကိုရီးယား ကုန်တင်သင်္ဘောတွေအနေနဲ့ ကုန်ကျစရိတ် ပိုမိုကြီးမြင့်စေပါတယ်။ ဒါတင်မကသေးဘဲ မြောက်ကိုရီးယားကိုပေးအပ်နေတဲ့ လူသားချင်း စာနာထောက်ထား 
မှုတွေကိုလည်း ဖြတ်တောက်လိုက်ပါတယ်။
-
တောင်ကိုရီးယား စစ်သင်္ဘောနစ်မြုပ်မှုမှာ ဘယ်လိုနည်းနဲ့မှ ပါဝင်ပတ်သက်မှု မရှိဘူးဆိုပြီး မြောက်ကိုရီးယား အစိုးရက ငြင်းဆန်ပေမယ့်လည်း တချို့သော ရှေးရိုးစွဲ တောင်ကိုရီး ယားနိုင်ငံရေး သမားတွေက မြောက်ကိုရီးယား 
အနေနဲ့ တောင်ကိုရီးယားကို မတောင်းပန်မချင်း အရေးယူ ပိတ်ဆို့မှုတွေ ဆက်လက်ချ မှတ်ထားဖို့ အစိုးရကို တွန်းအားပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ခရီးသွားလာမှု အပါအဝင် တောင်ကို 
ရီးယားရဲ့ တချို့သော အရေးယူ ပိတ်ဆို့မှုတွေကို တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်လက် ထက်မှာ ဖယ်ရှားပေးပြီး ဖြစ်ပါတယ်။ ဒါ့ပြင် မြောက်ကိုရီးယား ကုန်တင် သင်္ဘောတွေ အနေနဲ့ တောင်ကိုရီးယား ရေပိုင်နက်ကနေဖြတ် 
သန်းသွားလာခွင့် ပြုဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်သွားဖို့ ပြီးခဲ့တဲ့လက မြောက်ကိုရီးယား နိုင်ငံခရီးစဉ်မှာ မွန်ဂျေးအင်က သဘောတူ ခဲ့ပါသေးတယ်။
-
၂ဝ၁ဝ ပြည့်နှစ် အရေးယူ ပိတ်ဆို့မှု မချမှတ်မီက တောင်ကိုရီးယား နိုင်ငံက မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေးမှာ တရုတ်နိုင်ငံနဲ့ အပြိုင်အဆိုင် ဖြစ်ပါတယ်။ အခုတော့ တရုတ်နိုင်ငံက မြောက်ကိုရီးယားရဲ့ အဓိကကုန်သွယ် 
ဖက်နိုင်ငံ ဖြစ်လာပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားနဲ့ ကုန်သွယ်ရေး ဆက်ဆံမှုကို ဖြတ်တောက်ပါက မြောက်ကိုရီးယားနဲ့ တရုတ် ကြားဆက်ဆံရေးကို ပိုမို နွေးထွေး သွားစေပြီး မြောက်ကိုရီးယား အပေါ် တောင်ကိုရီး 
ယားရဲ့ လွှမ်းမိုးမှု ဆုံးရှုံးသွားမှာကို တောင်ကိုရီးယား လစ်ဘရယ် နိုင်ငံရေးသမားတွေက စိုးရိမ် နေကြပါတယ်။ ဒီလို စိုးရိမ်မှုတွေ ကြောင့်ပဲ မြောက်ကိုရီးယား အပေါ် ချမှတ်ထားတဲ့ ကုန်သွယ်ရေး အရ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေ 
လျှော့ပေးဖို့ တောင်ကိုရီးယား အာဏာရ ဒီမိုကရက်တစ် ပါတီမှ လွှတ်တော် အမတ်တချို့က ပြီးခဲ့တဲ့ လအနည်းငယ် အတွင်းမှာ တောင်းဆို ခဲ့ပါတယ်။
-
ဒီလို အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးဖို့ တောင်းဆို လာတာကလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့က ဇွန်လ အတွင်း စင်ကာပူ နိုင်ငံမှာ တွေ့ဆုံပြီးနောက် မြောက် 
ကိုရီးယားရဲ့ နျူကလီးယား ကင်းစင်ရေးလုပ် ဆောင်မှုက တိုးတက်မှုတွေ ရှိနေတယ်လို့ ဒေါ်နယ်ထရမ့်က မှတ်ချက်ပြု ပြောပြီးနောက် ပိုင်းမှသာ ဖြစ်ပါတယ်။ အဲဒီ နောက်မှာလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား အရေးနဲ့ 
ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဖြေရှင်းပြီး ဖြစ်ကြောင်း၊ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယား ခြိမ်းခြောက်မှုရှိတဲ့ နိုင်ငံ မဟုတ်တော့ ကြောင်း ထရမ့်က ဆက်ပြော ခဲ့ပါသေးတယ်။ ဒါ့ပြင် မကြာသေးမီ ကလည်း အမေရိ 
ကန်- မြောက်ကိုရီးယား ပူးပေါင်း ဆောင်ရွက်မှုတွေ ကနေ တစ်ဆင့် နျူကလီးယား ဖျက်သိမ်းရေးမှာ ထင်မှတ် မထားလောက်တဲ့ တိုးတက် မှုတွေ ရရှိနေတယ် ဆိုပြီး ထရမ့်က မှတ်ချက် ပြုပြောခဲ့ပါတယ်။
-
ဒီအတောအတွင်း တောင်ကိုရီးယားနဲ့ အမေရိကန် ပြည်ထောင်စု တို့ကြား ရှားရှားပါးပါး သဘောထား ကွဲလွဲမှုတစ်ခု ထွက်ပေါ်လာတာကို လည်းတွေ့ရပါတယ်။ အဲဒါ ကတော့ မွန်ဂျေးအင်ရဲ့ မြောက်ကိုရီးယား
ခရီးစဉ်အတွင်း ကိုရီးယား နှစ်နိုင်ငံကြား စစ်ဘက်ဆိုင်ရာ သဘောတူညီချက် ချမှတ်နိုင်မှုကို အမေရိကန် အစိုးရက မကျေနပ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုက ထုတ်ဖော် ပြောဆိုလာတာ ဖြစ်ပါတယ်။ 
စစ်ဘက်ဆိုင်ရာ သဘော တူညီချက်မှာ ကိုရီးယား နှစ်နိုင်ငံ အနေနဲ့ စစ်ရေး လေ့ကျင့်မှုများ ရပ်တန့်ရေး၊ နယ်စပ်၌ လေယာဉ် မပျံသန်းရ ဇုန်ထူထောင်ရေး၊ စစ်မဲ့ ဇုန်အတွင်းရှိ လုံခြုံရေး စခန်းငယ်များနဲ့ မြေမြှုပ်မိုင်း များကို 
တဖြည်းဖြည်းချင်း ဖယ်ရှားရှင်းလင်း သွားရေး ပဲဖြစ်ပါတယ်။
-
မြောက်ကိုရီးယား- အမေရိကန် ဒုတိယ အကြိမ် ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ မြောက်ကိုရီးယားရဲ့ နျူကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်ချက်ထက် ပိုတဲ့ လိုက်လျောမှုတွေကို တောင်ကိုရီးယား က ပေးအပ်နေတဲ့ 
အပေါ် အမေရိကန်က ကန့်ကွက် လိုတာသာ ဖြစ်ကြောင်း တောင်ကိုရီးယား စစ်ဘက် သတင်း အရင်းအမြစ် တစ်ခုက ပြောပါတယ်။ မည်သို့ပင် ဆိုစေကာမူ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်ရဲ့ မြောက်ကိုရီးယားအ 
ပေါ်ဆက်ဆံရေးကို တောင်ကိုရီးယား ပြည်သူ အများစုက သဘောတူ ကျေနပ် နေပါတယ်။ 
-
ဒါကြောင့် တောင်ကိုရီးယား အစိုးရက မြောက်ကိုရီးယား အနေနဲ့ အသက်ရှူ ချောင်စေဖို့ ကုလသမဂ္ဂရဲ့ အရေးယူ ပိတ်ဆို့မှုတွေကို မထိခိုက်စေဘဲ ၎င်းတစ်နိုင်ငံ တည်းကနေ ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့ မှုတွေကိုဖြေ 
လျှော့ပေးဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။ အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေး လိုက်ခြင်းအားဖြင့် နျူကလီးယား ဖျက်သိမ်းရေး လုပ်ဆောင်နေတဲ့ မြောက်ကိုရီးယား နိုင်ငံကို တစ်ဖက်တစ်လမ်းက အားပေးရာရောက်တဲ့ 
အပြင် နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးတက်စေပြီး တရားဝင် ငြိမ်းချမ်းရေး သဘောတူစာ ချုပ်ချုပ် ဆိုမှုကိုလည်း အဆင်ပြေ လွယ်ကူစေမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား ကင်းစင်ပြီး ထာဝရငြိမ်းချမ်း 
ရေးရရှိစေဖို့ အတွက် အကောင်းဆုံးသော လိုက်လျောမှု တစ်ခုသာ ဖြစ်ကြောင်း ရေးသား တင်ပြ လိုက်ရပါတယ်။ ။
-
Ref: Reuters, New York Times
မင်းခန့်တင် 
#မြ၀တီနေ့စဉ်သတင်းစာ
Wednesday, October 10, 2018
ရေရှည်စီမံကိန်းများချမှတ်ခြင်းဖြင့်သာ ကမ္ဘာ့ စီးပွားရေးကျဆင်းမှုကို ရှောင်ရှားနိုင်မည်
ကုန်သွယ်ရေးတင်းမာမှုတွေ၊ အကြွေးပိ မှုတွေကြောင့် စီးပွားရေးအဆင်မပြေမှုတွေ ပိုမိုမြင့်တက်လာတဲ့အတွက် ဒီနှစ်အတွင်းနဲ့လာမယ့်နှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကျဆင်းသွားမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)က ခန့်မှန်းထားပါတယ်။
-
အဓိကအားဖြင့် အမေရိကန်နဲ့တရုတ် ကြားဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးတိုးတက်မှုက သိသိသာသာကျဆင်းသွားမှာဖြစ်ပြီး ၂ဝ၁၈ ခုနှစ်နဲ့ ၂ဝ၁၉ ခုနှစ်အတွင်း ကမ္ဘာ့
အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) က ၁ဝ ပုံ ၂ ပုံအထိကျဆင်းသွားမှာဖြစ်တယ် လို့ IMFက သုံးလတစ်ကြိမ်ထုတ်ပြန်တဲ့ ကမ္ဘာ့စီးပွားရေးအမြင် အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။
-
ဒါ့ပြင် စီးပွားရေးဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့ ဒီနှစ်အတွင်း စီးပွားရေးကျဆင်းမှုကို ဆိုးဆိုးရွားရွားခံစားရမှာဖြစ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ကတော့ လာမယ့်နှစ်ကျမှသာ စီးပွားရေးကျဆင်းမှုကို
ခံစားရမှာဖြစ်တယ်လို့ အစီရင်ခံစာမှာဖော်ပြ ထားပါတယ်။ ဒါကြောင့် အရင်အစီရင်ခံစာတွေမှာ ဖော်ပြခဲ့တဲ့ အန္တရာယ်တွေက လက်တွေ့ကမ္ဘာမှာ အမှန်တကယ်ဖြစ်ပေါ်လာပြီဖြစ်ကြောင်း  IMF က သတိပေး ထားပါတယ်။
-
အမေရိကန်အစိုးရက နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းရှင်တွေအတွက် အခွန်ငွေ လျှော့ချပေးခြင်းနဲ့ မူဝါဒပြောင်းလဲခြင်းတို့မှ တစ်ဆင့် စီးပွားရေးလုပ်ငန်းတွေကို လှုံ့ဆော် ပေးနိုင်မှုကြောင့် စီးပွားရေးကျဆင်းမှုဒဏ်
ကို အလွန်အမင်းမခံစားရပေမယ့်လည်း ဒီအရာတွေအားလုံးက ၂ဝ၂ဝ ပြည့်နှစ်မှာ ကွယ်ပျောက်သွားမှာဖြစ်ပါတယ်။ အမေရိကန် သမ္မတဒေါ်နယ်ထရမ့်စတင်လိုက်တဲ့ ကုန်သွယ်ရေးပဋိပက္ခတွေကြောင့် အဓိကကုန်
သွယ်ဖက်နိုင်ငံတွေကြား ထပ်ဆောင်းအခွန်တွေ အပြန်အလှန်ချမှတ်ခြင်းတွေ ဖြစ်ပေါ် စေခဲ့ပါတယ်။ အဲဒီရဲ့အကျိုးဆက်က ဘယ်သူတွေကိုထိခိုက်စေလဲဆိုရင် တရုတ်နိုင်ငံ အပါအဝင် တခြားအာရှစီးပွားရေးအင်အား ကြီးနိုင်ငံတွေ၊ အာဂျင်တီးနား၊ တူရကီနဲ့ ဘရာဇီးတို့လို အားနည်းချက်ရှိတဲ့နိုင်ငံတွေကို ထိခိုက်စေပါတယ်။
-
ပြည်တွင်းလုပ်ငန်းများကို အကာအကွယ် ပေးရေးမူဝါဒ မြင့်တက်လာခြင်း
-
ပြည်တွင်းလုပ်ငန်းတွေကို အကာအကွယ် ပေးရေးဆိုတဲ့ပြောဆိုမှုတွေက လုပ်ဆောင်မှု အဖြစ်သို့ ပြောင်းလဲလာတာကြောင့် ဖြစ်ပေါ်လာတဲ့ ကုန်သွယ်ရေး တင်းမာမှုတွေမြင့်တက် လာခြင်းက ကမ္ဘာ့စီးပွားရေး အတွက်အဓိက ကျတဲ့ စိန်ခေါ်မှု ဖြစ်လာပါတယ်။
-
အဲဒီပြည်တွင်း လုပ်ငန်းတွေကို အကာအကွယ်ပေးရေး လုပ်ဆောင်မှုတွေမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဒေါ်လာ ၂၅ဝ ဘီလီယံ တန်ဖိုးရှိတဲ့ တရုတ် ကုန်ပစ္စည်းတွေ အပေါ် ထပ်ဆောင်း အခွန်တိုးမြှင့်ကောက် ခံခြင်းနဲ့ ကမ္ဘာတစ်ဝန်းမှ တင်သွင်းတဲ့ အလူမီနီယမ်နဲ့ သံမဏိတွေအပေါ် ထပ်ဆောင်း အခွန်ကောက်ခံခြင်း တို့လည်း ပါဝင်ပါတယ်။
-
ဒါကြောင့် ကုန်သွယ်ရေး တင်းမာမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ မသေချာမရေရာမှုတွေက စက်မှု လုပ်ငန်းတွေအနေနဲ့ ရင်းနှီးမြှုပ် နှံမှုကို ဆိုင်းငံ့ခြင်း ဒါမှမဟုတ် စွန့်လွှတ်ခြင်းတို့ကို လုပ်ဆောင်လာနိုင်ပါတယ်။ အဲဒီလို လုပ်ဆောင်လာရင် ရင်းနှီးမြှုပ်နှံမှုကဏ္ဍနဲ့ ဝယ်လိုအားကဏ္ဍတွေမှာ တိုးတက်မှုနှေးကွေး သွားနိုင်ပါတယ်။ အကယ်၍ အဲဒီလိုနှေးကွေးမှုတွေ ဆက်ဖြစ်နေမယ်ဆိုရင် ကုန်သွယ်ရေး တင်းမာမှုတွေက အမြင့်ဆုံးအခြေအနေ အထိရောက်ရှိနိုင်ပြီး စီးပွားရေးပျက်ကပ် အနေအထားဆီ ဦးတည်သွားနိုင်တယ်လို့  IMF က သတိပေးထားပါတယ်။
-
ဒီနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးတိုးတက်မှုနှုန်းက ၄ ဒသမ ၂ ရာခိုင်နှုန်း သာရှိပြီး IMF က ဇူလိုင်လအတွင်း ခန့်မှန်း ထားတဲ့ပမာဏထက် ၁ဝ ပုံ ၆ ပုံနည်းပါးပြီး လာမယ့်နှစ်မှာဆိုရင်တော့ စီးပွားရေးတိုး တက်မှုက ၄ ရာခိုင်နှုန်းသာရှိတော့မှာဖြစ်ပါတယ်။ ဒါ့ပြင် ၂ဝ၂၂-၂ဝ၂၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးဆိုင်ရာတိုးတက်မှုက ၃ ဒသမ ၆ ရာခိုင်နှုန်းသာရှိတော့မယ်လို့ IMF က အခုအစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။
-
ဒါကြောင့် တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုရဲ့ရလဒ်တွေကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ဖို့၊ အဖွဲ့အစည်းတွေ အပေါ်အယုံအကြည် မရှိမှု တိုးမြင့်လာခြင်းကို တုံ့ပြန်ရာမှာ ကူညီနိုင်ဖို့နဲ့ ဖွဲ့စည်းပုံပြောင်းလဲရာမှာ ပြည်တွင်း လုပ်ငန်းအကာအကွယ် ပေးရေးလုပ်ဆောင် မှုတွေကို ရှောင်ရှားနိုင်ဖို့ အစိုးရတွေအနေနဲ့ မူဝါဒတွေ ချမှတ်သင့်တယ်လို့ IMF က တိုက်တွန်းထားပါတယ်။ ဒါ့ပြင် ကုန်သွယ် ရေးတိုးတက်စေဖို့ အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ပူးပေါင်းအဖြေရှာ ဆောင်ရွက်ဖို့ ၎င်းတို့က အလေးအနက်ပြောထားပါတယ်။
-
စိန်ခေါ်မှုများကိုရင်ဆိုင်နေရတဲ့  တရုတ်နဲ့ အမေရိကန်
-
တရုတ်နဲ့ အမေရိကန် အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်း အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးက ဒီနှစ်အတွင်း ၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက် နိုင်ပြီး ၂ဝ၁၉ ခုနှစ်မှာ ၂ ဒသမ ၅ ရာခိုင် နှုန်းနဲ့ ၂ဝ၂ဝ ပြည့်နှစ်မှာ ၁ ဒသမ ၈ ရာခိုင် နှုန်းသာ မြင့်တက်တော့ မယ်လို့  IMF က ခန့် မှန်းထား ပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည် ထောင်စုရဲ့ အခွန်ငွေလျှော့ချမှုနဲ့ ငွေကြေးသုံး စွဲမှုတိုးမြှင့်ခြင်းတွေက စီးပွားရေးတိုးတက်မှုကို အထောက်အပံ့ ဖြစ်စေပါတယ်။
-
ဒါ့ပြင် ကုန်သွယ်ရေး ပဋိပက္ခမြင့်တက် မှုကြောင့်ဖြစ် ပေါ်လာတဲ့ ရုတ်တရက် ငွေကြေးဖောင်းပွမှု မဖြစ်အောင်လည်း အတန်အသင့်အကူအညီ ပေးနိုင်ပြီး အပြန်အလှန်အနေနဲ့ အမေရိကန် ပြည်ထောင်စုရဲ့အတိုးနှုန်းတွေက မျှော်မှန်း ထားတာထက် ပိုမိုလျင်မြန်စွာ မြင့်တက်လာ စေပါတယ်။
-
ကုန်သွယ်ရေး ပဋိပက္ခက တရုတ်နိုင်ငံ အတွက်တော့ ပြောပလောက် အောင်ထိခိုက်မှု မဖြစ်စေပါဘူး။ ဒီနှစ်အတွင်း တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုက ၆ ဒသမ ၆ ရာခိုင် နှုန်းအထိ ကျဆင်းမှာဖြစ်ပြီး ၂ဝ၁၉ ခုနှစ်မှာတော့ ၆
ဒသမ ၂ ရာခိုင်နှုန်းသာကျဆင်းမှာ ဖြစ်ပါတယ်။ ဒါ့ပြင် တရုတ်အစိုးရရဲ့စီးပွားရေး လှုံ့ဆော်မှုလုပ်ဆောင်ချက်တွေက ထပ်ဆောင်း အခွန်ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုး ဆက်တွေကို အနည်းငယ် ပြေလျော့စေဖွယ် ရှိပါတယ်။
-
ကုန်ထုတ်စွမ်းအားစိန်ခေါ်မှု
-
ရေရှည်ကာလကို ကြည့်မယ်ဆိုရင် သက်ကြီးရွယ်အို အရေအတွက် များပြားလာခြင်းနဲ့ ကုန်ထုတ်စွမ်းအား တိုးတက်မှုနှေးကွေးခြင်းတို့က စီးပွားရေးဖွံ့ဖြိုးတဲ့ နိုင်ငံတွေအတွက်
အဓိက စိန်ခေါ်မှု ဖြစ်လာနိုင်ပါတယ်။ ချမ်းသာ ကြွယ်ဝတဲ့ နိုင်ငံတွေရဲ့စီးပွားရေး ကျဆင်းမှုကြောင့်ပဲ တစ်ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုက ၂ဝ၂၂-၂ဝ၂၃ ခုနှစ်မှာ ၃ ဒသမ ၆ ရာခိုင် နှုန်းအထိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။
-
ဒါကြောင့် အစိုးရအဖွဲ့အစည်းတွေ အနေနဲ့ ဘဏ္ဍာရေး မူဝါဒတွေ၊ ပညာသင်ကြားရေး ရင်းနှီးမြှုပ်နှံမှုတွေ သာတူညီမျှရှိရေးအတွက် ပြည့်စုံလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက် မှုစနစ်ပေးရေးတွေကို ရေရှည်စီမံကိန်း ရေးဆွဲပြီး လုပ်ဆောင်ရမှာဖြစ်သလို ဒီအချက်တွေကလည်း အဓိကဦးစားပေး လုပ်ဆောင်ရမယ့် အချက်တွေ ဖြစ်ပါတယ်။ ဒီလိုရေရှည် စီမံကိန်းတွေကို ဆောင်ရွက်ပေးမှသာ ကုန်သွယ်ရေး စစ်ပွဲရဲ့ရိုက်ခတ်မှုဒဏ်ကို ခံနိုင်ရည်ရှိမှာဖြစ်ပြီး စီးပွားရေးကျဆင်းမှုကနေ ရှောင်ရှား နိုင်မှာဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရ ပါတယ်။
Ref: AFP, Bloomberg
#မြ၀တီနေ့စဉ်သတင်းစာ
Wednesday, October 3, 2018
iPhone ကို ဒီလိုလည်းသုံးလို့ ရသေးတယ်
သင်ဟာ iPhone ချစ်သူမှန်ရင် အခြားဟန်းဆက်တွေကို ပြောင်းသုံးချင်မှာ မဟုတ်ပါဘူး။ တန်ဖိုးကြီးကြီး
ပေးဝယ်ထားရတဲ့ iPhone ကို ပြည့်ပြည့်၀၀ အသုံးချတတ်ဖို့ တော့ လိုပါလိမ့်မယ်။
-
Safari မှာ သင်လိုချင်တဲ့ အင်တာနက်စာမျက်နှာတွေကိုရှာတဲ့အခါ Period သို့ မဟုတ် Fullstop သို့ 
မဟုတ် Dot လို့ ခေါ်တဲ့ခလုတ်ကို ကြာကြာဖိထားလိုက်ရင် နောက်ဆုံးက .com, .co.uk, .org အစရှိ
တာတွေ ရွေးဖို့  ပေါ်လာပါမယ်။
-
ဘက်ထရီအားသွင်းတာ ပိုမြန်အောင်လုပ်လို့ ရပါတယ်။ Airplane Mode ကို ပြောင်းလိုက်ပါ။ နောက်ကနေ
run နေတဲ့ noti တွေ၊ Gps တွေ နဲ့  ဘက်ထရီအားသွင်းနေတုန်းကို ဘက်ထရီအားစားနေတဲ့ အပလီကေး
ရှင်းတွေ ရပ်သွားပါမယ်။ အချိန် ၁၀ မိနစ်ပဲရှိတယ်၊ အားသွင်းလိုက်ချင်တယ်ဆိုရင် အားအမြန်ဆုံးဝင်စေတဲ့
နည်းပါ။
-
အင်္ဂလိပ်လိုမပီတဲ့လူတွေ Siri ကို အမိန့် ပေးရ ခက်နေတတ်ပါတယ်။ Siri သိတဲ့အသံထွက်ကို ပြင်ပေးလို့ 
ရပါတယ်။ ‘That’s not how you pronounce’ လို့  ရွေးလိုက်ရင် Siri က ဘယ်အသံထွက်ကို ပြင်စေချင်
တာလဲလို့ မေးပါလိမ့်မယ်။ သင်ပြောတတ်တဲ့အသံကို ပြန်သွင်းပေးလိုက်ပါ။ နောက်ဆို သင့်မပီတဲ့အင်္ဂလိပ်
အသံကို Siri နားလည်သွားပါလိမ့်မယ်။
-
သင့်ဖုန်းက သင့်အကြောင်းဘာတွေသိတယ်ဆိုတာ သင်သိရင် အံ့သြသွားပါလိမ့်မယ်။ Settings > Privacy > Location Services > System Services > Frequent Locations မှာ ကြည့်လိုက်ပါ။ သင်
သွားခဲ့တဲ့နေရာတွေ၊ ဘယ်လောက်ကြာကြာနေခဲတယ် အစရှိတာတွေကို အသေးစိပ်တွေ့ ပါလိမ့်မယ်။
ကျောချမ်းစရာကြီးဖြစ်နေရင် Clear History ကို တစ်ခါထဲနှိပ်ခဲ့ပါ။ Frequesnt Locations Tab ကိုလည်း
ဗယ်ဘက်ကိုသာပွတ်ဆွဲပြီး ပိတ်လိုက်ပါတော့။
-
ညသီချင်းဖွင့်အိပ်ပြီး တစ်ညလုံးသီချင်းသံထွက်နေတာကို timer ပေးလို့ ရပါတယ်။ Go to Clock > Timer > When Timer Ends ကိုသွားပါ။ Stop Playing ကို နှိပ်လိုက်ပါ။ ပြီးတော့ သီချင်းကို ဘယ်လောက်ကြာ
ကြာ ဖွင့်ထားချင်တယ်ဆိုတာလေး ရွေးလိုက်ပါ။ ဒါဆိုရင် Timer ၂ နာရီပေးထားရင် သီချင်းက ၂ နာရီ
လာနေပါတယ်။ ၂ နာရီပြည့်သွားရင် ရပ်သွားပါမယ်။
-
ဓါတ်ပုံရိုက်တဲ့အခါ လက်နဲ့ မထိမတို့ ဘဲ ရိုက်လို့ ရပါတယ်။ Timer ပေးတာကိုပြောတာ မဟုတ်ပါဘူး။
ဖုန်းကို headphone ကြိုးတပ်လိုက်ပါ။ ကြိုးကိုလက်ထဲကိုင်ထားလိုက်ပါ။ Volume အတိုး၊အလျှော့
ခလုတ်နဲ့  ဓါတ်ပုံရိုက်လို့ ရပါတယ်။
-
လိုက်ပါ။ ဓါတ်ပုံရိုက်လို့ ရတဲ့ခလုတ် တွေ့ ပါလိမ့်မယ်။ ဗီဒီယိုရိုက်နေရင်း သဘောကျတဲ့နေရာရှိရင်
အဲဒီဓါတ်ပုံရိုက်တဲ့ခလုတ်ကိုနှိပ်ပါ။ ချလပ်လည်းမမြည်ပါဘူး။ ဖုန်းက vibration လည်း မဖြစ်ပါဘူး။
သို့ သော် ဓါတ်ပုံတွေကို ရိုက်ထားပါတယ်။ မရိုက်မိဘူးထင်ပြီး ခဏခဏမနှိပ်ပါနဲ့ ။
ရိုက်ပြီးသားစာကို ပြန်ဖျက်ချင်သလား။ ဖုန်းကို တစ်ချက်ခါလိုက်ပါ။ Undo Typing? ဆိုပြီးတွေ့ ပါလိမ့်မယ်။
Yes ရွေးလိုက်ပါ။ အို…ဆောရီး၊ မှားသွားလို့ ၊ ဖျက်လိုက်တဲ့စာ ပြန်လိုချင်တယ်လား၊ ခုနကအတိုင်း ပြန်ခါ
လိုက်ပါ။ Redo Typing? ဆိုပြီး ပြန်ပေါ်လာမယ်၊ Yes နှိပ်လိုက်ရုံပဲပေါ့။
-
Calculator နဲ့  ဂဏန်းပေါင်းလာတာ အဆင့်တော်တော်များမှ မှားနှိပ်မိတာလား၊ အစက ပြန်လုပ်စရာ
မလိုပါဘူး။ Screen ကို ဗယ်ဘက်ဖြစ်ဖြစ်၊ ညာဘက်ဖြစ်ဖြစ် ပွတ်ဆွဲလိုက်ပါ။ နောက်ဆုံးရိုက်လိုက်တဲ့
ဂဏန်း delete ဖြစ်သွားပါမယ်။
-
စာရိုက်ရင်းနဲ့  ကိန်းဂဏန်းရိုက်ဖို့  123 ကိုနှိပ်ပြီးပြောင်းလိုက်၊ ပြီးတော့ ABC နှိပ်ပြီး ပြန်ပြောင်းလိုက်
လုပ်စရာမလိုပါဘူး။ 123 ကို ဖိထားပေးလိုက်ရင် ဂဏန်းတွေတက်လာပါမယ်။ လိုအပ်တဲ့ဂဏန်းဆီကို
ပွတ်ဆွဲလိုက်ပါ။ ဂဏန်းရိုက်ပြီးသားဖြစ်မယ်၊ ကီးဘုတ်လည်း ပုံမှန်ပြန်ဖြစ်နေမယ်။ ၂ ချက် သက်သာ
တာပေါ့။
-
ကင်မရာကို focus ဖြတ်ဖို့  ရိုက်ခါနီး မျက်နာကို ထောက်ဖူးကြလိမ့်မယ်။ တစ်ပုံရိုက်ရင် တစ်ပုံထောက်
နေရမှာပေါ့။ မရိုက်ခင် screen ကို ဖိထားပေးပါ။ အပေါ်ထိပ်မှာ AF Lock ဆိုတာ ပေါ်လာလိမ့်မယ်။
သင့်ဖုန်းကင်မရာ ပြန်မပိတ်မချင်း Auto Focus ဖြတ်ထားပြီး ဖြစ်နေပါလိမ့်မယ်။ တောက်လျှောက်
ရိုက်နေရုံပါပဲ။ ကြိုက်သလိုလှည့်ပါ။
-
အရေးကြီးခါမှ Storage ပြည့်နေတာလား။ Facebook, Twitter တစ်ခုခုကိုသုံးပြီး ဆက်ရိုက်ပါ။
Only Me တော့ ပြောင်းထားလိုက်ပေါ့။ သဘောပေါက်တယ်နော်။ Facebook မှာ ပို့ စ် တိုက်ရိုက်
တင်မယ့်ပုံစံမျိုး ရိုက်လိုက်တင်လိုက်လုပ်ပါ။ ပြီးမှ ပြန်ရွေး၊တည်းဖြတ်၊အေးအေးဆေးဆေး တင်ပေါ့။
-
ဖုန်းပေါ့သွားအောင် သန့် ရှင်းရေး လုပ်တတ်ပါသလား။ Power ခလုတ်ကို ဖိထားပါ။ Power off လုပ်ဖို့ 
ဘားတန်းလေးပေါ်လာတဲ့အထိပေါ့။ အဲဒါပေါ်လာရင် Home ခလုပ်ကို ဖိထားပါ။ ခုနက ဘားတန်းလေး
ပျောက်သွားတဲ့အထိပေါ့။ အဲဒီလိုလုပ်ပေးတာ ဖုန်းရဲ့ Ram ကို ရှင်းပေးပါတယ်လို့ လေ့လာရေးသား
တင်ပြလိုက်ရပါတယ်။ 
#ရတနာပုံနေ့စဉ်သတင်းစာ
တရုတ်နှင့်ရေရှည်ကုန်သွယ်ရေးစစ်ပွဲဆီသို့ ဦးတည်သွားနိုင်သည့် အမေရိကန်
ပြီးခဲ့တဲ့သီတင်းပတ်အနည်းငယ်အတွင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကနေဒါ၊ မက္ကဆီကိုတို့နဲ့ မြောက်အမေရိက လွတ်လပ်စွာကုန်သွယ်ရေးသဘောတူစာချုပ် (NAFTA) ကို အပြီးသတ်သဘောတူညီချက် 
ချမှတ်ခါနီးမှ ၎င်းလိုချင်တဲ့အချက်မရဟုဆိုကာ အဲဒီသဘောတူညီချက်ချမှတ်မယ့်ကိစ္စ ကို ဆိုင်းငံ့ခဲ့ပါတယ်။
-
ဒါ့အပြင် တောင်ကိုရီးယားအစိုးရနဲ့ ကုန်သွယ်ရေးသဘောတူစာချုပ်အသစ် ချုပ်ဆိုနိုင်ခဲ့ပြီး ဂျပန်နိုင်ငံနဲ့ နှစ်နိုင်ငံစီးပွားရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ ကမ်းလှမ်းနိုင်ခဲ့ပါတယ်။
-
အခုတော့ ဒေါ်နယ်ထရမ့်ဟာ မြောက်အမေရိကလွတ်လပ်စွာကုန်သွယ်ရေးသဘော တူစာချုပ်အသစ် ချုပ်ဆိုနိုင်ပြီဖြစ်ကြောင်း အောက်တိုဘာ ၁ ရက်မှာထုတ်ပြန်ကြေညာ လိုက်ပါတယ်။ ဒီကုန်သွယ်ရေးသဘောတူ 
စာချုပ်ဟာဆိုရင် ၁၉၉၄ ခုနှစ်ကတည်းက ချုပ်ဆိုခဲ့တဲ့စာချုပ်ဖြစ်ပြီး ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာမှ အမေရိကန်အတွက် ဘေးဒုက္ခဖြစ်စေတဲ့စာချုပ်ဖြစ်တယ်ဆိုပြီး ပြောဆိုခဲ့တာဖြစ်ပါတယ်။ သဘောတူစာချုပ်အသစ်
မှာ တရုတ်နိုင်ငံနဲ့ပတ်သက်တဲ့အချက်တွေလည်း ပါဝင်လာပါတယ်။ အဲဒီအချက်တွေအနက် တစ်ခုက သဘောတူစာချုပ်ကို လက်မှတ်ထိုးထားတဲ့နိုင်ငံတွေအနေနဲ့ တရုတ်သွင်းကုန်တွေကို အသုံးမပြုဖို့ဘဲဖြစ်ပါတယ်။
-
''တရုတ်ကုန်ပစ္စည်းတွေက အမေရိကန် ပြည်ထောင်စုရဲ့ဈေးကွက်အတွင်းမှာ ခိုင်မာတဲ့ရှယ်ယာတွေရရှိနေတဲ့အပေါ် အမေရိကန်အစိုးရက အဓိကပစ်မှတ်ထားတာဖြစ်နိုင်ပါတယ်'' လို့ ကနေဒါနိုင်ငံမှ မော်တော်ကား 
အစိတ်အပိုင်းများထုတ်လုပ်သူများအသင်းဥက္ကဋ္ဌ ဖလာဗီယိုဗော့ကပြောပါတယ်။ နောက်တစ်ချက်ကတော့ စီးပွားရေးမှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် ကုန်ပစ္စည်းတွေကို ငွေကြေးလျှော့ရောင်းချခြင်းမလုပ်ဖို့ဖြစ်ပါ
တယ်။ ဒီအချက်ဟာဆိုရင် တရုတ်နိုင်ငံက အမေရိကန်ပြည်ထောင်စုအပေါ် ယခင်က ပြုမူခဲ့တဲ့လုပ်ဆောင်မှုဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲထားတဲ့အချက်ဖြစ်ပါတယ်။၏
-
ဒါ့အပြင် ယခုပြင်ဆင်ထားတဲ့စာချုပ်ပါအဖွဲ့ဝင်သုံးနိုင်ငံအနေနဲ့ တစ်နိုင်ငံက ဈေးကွက်စီးပွားရေးစနစ်မကျင့်သုံးတဲ့နိုင်ငံနဲ့ ကုန်သွယ်ရေးဆိုင်ရာဆွေးနွေးညှိနှိုင်းမှုတွေ လုပ်မယ်ဆိုပါက ကျန်နိုင်ငံတွေကို သုံးလ
ကြိုတင်အကြောင်းကြားရမှာဖြစ်ပါတယ်။ အဲဒီမှာလည်း ဈေးကွက်စီးပွားရေးစနစ် မကျင့်သုံးတဲ့နိုင်ငံဆိုတာ တရုတ်နိုင်ငံကို သွယ်ဝိုက်ဆိုလိုထားခြင်းဖြစ်ပါတယ်။ 
-
ကနေဒါ သို့မဟုတ် မက္ကဆီကိုနိုင်ငံအနေနဲ့ ဈေးကွက်စီးပွားရေးစနစ်မကျင့်သုံးတဲ့ နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီချက်ရရှိ ခဲ့ပါကလည်း အမေရိကန်ပြည်ထောင်စုက အဲဒီသဘောတူညီချက်ကို တားမြစ်နိုင်စွမ်းရှိတယ်လို့ 
အဲဒီသဘောတူစာချုပ်မှာ ဖော်ပြထားပါတယ်။
-
''လွန်ခဲ့တဲ့လပေါင်းများစွာအတွင်း အမေရိကန်ပြည်ထောင်စုက ၎င်းရဲ့ကုန်သွယ်ဖက် နိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့တိုက်ခိုက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အမေရိကန်ပြည် ထောင်စုဟာ တရုတ်နိုင်ငံနဲ့ကုန်သွယ်မှုမပြု 
ဘဲနေနိုင်နေပါပြီ'' လို့ ပိုင်ဆိုင်မှု အမေရိကန် ဒေါ်လာ ၄၇ ဘီလီယံရှိတဲ့ ဆန်းလိုက်(ဖ်) ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ အမှုဆောင်ညွှန်ကြားရေးမှူး ဒက်မူလာကီးကပြောပါတယ်။ 
-
ဒီလိုပြောဆိုမှုဟာဆိုရင် တစ်ကမ္ဘာလုံး ဆိုင်ရာစီးပွားရေးအတွက် သတင်းကောင်းနဲ့ သတင်းဆိုးပဲဖြစ်ပါတယ်။ အကောင်းဘက်ကကြည့်မယ်ဆိုရင် ဒေါ်နယ်ထရမ့်ဟာ ကုန်သွယ်မှုပုံစံအားလုံးကိုဆန့်ကျင်တဲ့ အလွန် တရာခွဲထွက်နေထိ 
ုင်လိုသူမဟုတ်ဘူးလို့ ယူဆရပါတယ်။ ဂျေပီမော်ဂန်ချေ့(စ်)ရင်းနှီးမြှုပ် နှံမှုကုမ္ပဏီမှ စီးပွားရေးပညာရှင်တွေရဲ့အဆိုအရ ဒေါ်နယ်ထရမ့်ဟာ ကမ္ဘာ့စီးပွားရေးကို ပြောင်းပြန်ဖြစ်သွားစေမယ့် ကုန်သွယ်ရေး စစ်ပွဲကိုဖန်တီးခြင်းမရှိဘဲ 
ချုပ်တည်းထား တယ်လို့ ၎င်းတို့က ရှုမြင်ထားပါတယ်။
-
ဒါပေမဲ့ ဒေါ်နယ်ထရမ့်ဟာ တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲစတင်လိုက်တဲ့အတွက် လာမယ့်နှစ်မှာ နှစ်နိုင်ငံစလုံးရဲ့စီးပွားရေးကို အနည်းငယ်ကျဆင်းသွားစေမှာဖြစ်ပါတယ်။ 
ဒါ့အပြင် တစ်ကမ္ဘာလုံးဆိုင်ရာစီးပွားရေး အပေါ်ယုံကြည်မှုလည်း အနည်းငယ်လျော့ ကျသွားမှာဖြစ်ပါတယ်။ 
-
''အခုအချိန်မှာ တရုတ်နိုင်ငံနဲ့ပတ်သက် ပြီးပြောဖို့ကစောနေပါသေးတယ်။ အခုတော့ မပြောနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုရင် သူတို့ဟာအသင့်မဖြစ်သေးပါဘူး။ ဒါ့အပြင် သူတို့ဟာ အမေရိကန်ပြည်ထောင်စုအပေါ် 
နှစ်ပေါင်းများစွာကြာအောင် အမြတ်ထုတ် လာတာဖြစ်ပါတယ်။ ဒါကြောင့် အမြန်ဆုံး ကောင်အထည်ပေါ်လာဖို့မရှိပါဘူး'' လို့ ဒေါ်နယ်ထရမ့်က အောက်တိုဘာ ၁ ရက်မှာ လုပ်တဲ့ မြောက်အမေရိကလွတ်လပ်စွာကုန် 
သွယ်ရေးသဘောတူစာချုပ်အသစ် အတည်ပြုကြောင်းကြေညာပွဲမှာ ပြောသွားပါတယ်။
-
အမေရိကန်ပြည်ထောင်စုအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေချမှတ်နိုင်ရုံသာမက ဂျပန်၊ ဥရောပသမဂ္ဂတို့လိုမျိုး မဟာမိတ်တွေနဲ့ကုန်သွယ်ရေး ဆွေးနွေးပွဲတွေစတင်နိုင်ခြင်းဟာ မဟာဗျူ 
ဟာမြောက်ပြိုင်ဘက်တရုတ်နိုင်ငံနဲ့နှိုင်းယှဉ်ပါက ၎င်းရဲ့ဆွေးနွေးညှိနှိုင်းခြင်းဆိုတဲ့ ရပ်တည်ချက်ကို ပိုမိုခိုင်မာစေတယ်ဆိုတာ ပြသနေခြင်းလည်းဖြစ်ပါတယ်။
-
''အမေရိကန်ပြည်ထောင်စုအနေနဲ့ ၎င်းရဲ့အဓိကကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေးသဘောတူညီချက်အသစ်တွေရရှိခဲ့မယ်ဆိုပါက တရုတ်နိုင်ငံအနေနဲ့ ထွက်ပေါက် မရှိ ပိတ်မိနိုင်မယ့်အနေအထားရှိပါတယ်။ 
ဘာကြောင့်လဲဆိုရင် အမေရိကန်ရဲ့အဓိက ကုန်သွယ်ဖက်နိုင်ငံအများစုဟာ တရုတ်နိုင်ငံရဲ့ အရေးပါတဲ့ကုန်သွယ်ဖက်နိုင်ငံတွေဖြစ်နေ လို့ပဲဖြစ်ပါတယ်'' လို့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့မှ တရုတ်နိုင်ငံအရေးကျွမ်းကျင် 
သူပညာရှင်ဟောင်း အက်စဝါပရာဆတ်က ပြောပါတယ်။
-
အမေရိကန်ပြည်ထောင်စုဟာ အဓိက ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်အသစ်တွေကို မကြာမီ ချုပ်ဆိုလာနိုင်မှာဖြစ်ပေမယ့်လည်း တရုတ် နိုင်ငံနဲ့တော့ အစောဆုံးအနေနဲ့ လာမယ့်နှစ် 
အထိ သဘောတူစာချုပ်ချုပ်ဆိုနိုင်ဖွယ်မရှိ သေးပါဘူး။ ဒါကြောင့် အခုဆိုရင် အမေရိကန်ပြည်ထောင်စုဟာ ၎င်းရဲ့စီးပွားဖက်နိုင်ငံ တွေနဲ့ ကုန်သွယ်ရေးပဋိပက္ခကိုဖြေရှင်းလိုက် နိုင်တာကြောင့် တရုတ်နိုင်ငံနဲ့ဖြစ်ပွားနေတဲ့ 
ကုန်သွယ်ရေးစစ်ပွဲဟာ ရေရှည်ကုန်သွယ်ရေး စစ်ပွဲဆီသို့ ဦးတည်သွားနိုင်တာပဲဖြစ်ပါတယ်။
Ref: Bloomberg
ထက်မြတ်
#မြ၀တီနေ့စဉ်သတင်းစာ
Wednesday, September 26, 2018
၂၀၁၈ ၏ အချက်အခြာအကျဆုံး ကမ္ဘာ့လေဆိပ်များ
ကမ္ဘာပေါ်မှာ လေယာဉ်အဆင်း၊အတက်အများဆုံးလေဆိပ်ကတော့ အမေရိကန်ပြည်ထောင်စု၊ အက်တလန်တာလေဆိပ် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးအပါဆုံး လေယာဉ်ခရီးစဉ်အများစုကျတော့ အာရှမှာ လာစုနေပါတယ်။ သို့ သော်လည်းပဲ ကမ္ဘာတစ်ဝန်းနဲ့ ချိတ်ဆက်မှုမှာ အရေးအပါဆုံးနဲ့  လေယာဉ်အစင်းရေအများဆုံးဆိုရင်တော့ လန်ဒန်ဟီးသရိုးလေဆိပ်က ဘုရင်ပဲလို့  ပြောရမှာပါ။၂၀၁၈ မှာ ကမ္ဘာ့လေကြောင်းသယ်ယူပို့ ဆောင်ရေးလုပ်ငန်းကြီး တစ်ခုလုံးဟာ ၆ နာရီအတွင်းကို လေယာဉ် ၆၆၀၀၀ စင်း ပျံသန်းခဲ့ရတဲ့အထိ နိုင်ငံတကာလေယာဉ်ခရီးစဉ်တွေ များခဲ့ပါတယ်။ အဲဒီလေယာဉ်အများစုဟာ လန်ဒန်ဟီးသရိုးလေဆိပ်ကို ဆင်းဖို့ ၊ ဒါမှမဟုတ် ဟီးသရိုးကနေ တက်ဖို့ ဖြစ်ပါတယ်။ ဒီတော့ ကမ္ဘာတစ်ဝန်းမှာ ပြည်တွင်း၊ပြည်ပလေယာဉ် ခရီးစဉ်တွေအတွက် အချက်အချာအကျဆုံးလေဆိပ်တွေကို Megahubs International Index 2018 မှာဖော်ပြထားတဲ့အတိုင်း ဖော်ပြလိုက်ပါတယ်။
အမေရိကန်မှာ ထိပ်တန်းကတော့ Chicago O’Hare အပြည်ပြည်ဆိုင်ရာလေဆိပ်ပါ။ တစ်ကမ္ဘာလုံးမှာ ဒုတိယအဆင့်ရှိပါတယ်။ တတိယနဲ့ စတုတ္ထ အချက်အခြာအကျဆုံးလေဆိပ်တွေ ကတော့ ဥရောပက Frankfurt နဲ့  Amsterdam လေဆိပ်တို့ ဖြစ်ပါတယ်။စင်္ကာပူနိုင်ငံ၊ Changi လေဆိပ်ဟာ အခုဆိုရင် ကမ္ဘာ့အကောင်းဆုံးလေဆိပ်အဖြစ် ရွေးချယ်ခံရတာ ၆-နှစ်ဆက်တိုက်ရှိပါပြီ။ အာရှမှာ အချက်အချာအကျဆုံးဖြစ်ပြီး တစ်ကမ္ဘာလုံးမှာ အချက်အချာကျမှုအဆင့် (၈) ချိတ်ထားပါတယ်။ အာရှမှာတော့ Changi ပြီးရင် Beijing လေဆိပ်က ဒုတိယလိုက်နေပါတယ်။ သို့ သော် နိုင်ငံတကာလေကြောင်း ချိတ်ဆက်နိုင်အား နည်းလွန်းတဲ့အတွက် ကမ္ဘာနဲ့ ချီလိုက်ရင်တော့ Beijing လေဆိပ်ဟာ အဆင့် ၃၂ ပဲ ရှိပါတယ်။
Toronto လေဆိပ်က မြောက်အမေရိကားမှာ ဒုတိယအချက်အချာအကျဆုံးဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှာ အဆင့် ၅ ချိတ်ထားပါတယ်။ လေဆိပ်တွေရဲ့ အချက်အချာကျတာ၊ နိုင်ငံတကာလေကြောင်းတွေအ၀င်များတာဟာ တစ်နေရာကနေတစ်နေရာ ပြန့် ကျဲနေတာကိုတွေ့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အမေရိကန်ပြည်ထောင်စုရဲ့  Los AngelesInternational လေဆိပ်ဟာ အဆင့် (၆) ကိုရောက်နေပြီး အဆင့် (၇) ချိတ်တဲ့ Hartsfield-Jackson Atlanta လေဆိပ်သည်လည်း အမေရိကန်မှာပါပဲ။ သို့ သော် နယူးယောက်မြို့ က John F. Kennedy လေဆိပ်ကျတော့အဆင့် (၁၆) ကိုရောက်သွားပြီး အခြား မြောက်အမေရိကားလေဆိပ်တွေကျတော့ အဆင့် ၂၀ နားမှာ တ၀ဲဝဲလည်နေပါတယ်။ လက်တင်အမေရိကားမှာတော့ Mexico City လေဆိပ်ဟာ အကောင်းဆုံးပေါ့။ ကမ္ဘာ့အဆင့်မှာတော့ အမှတ်စဉ် (၂၀) မှာပဲ ရှိပါတယ်။ အဲဒီကနေ ဥရောပကိုရောက်သွားပြန်ရော။ ပြင်သစ်နိုင်ငံရဲ့  Charlesde Gaulle လေဆိပ်ဟာ ကမ္ဘာ့အချက်အချာကျမှုဇယားမှာ အဆင့် (၉) ရှိပါတယ်။ ဂျာမနီရဲ့  Munich လေဆိပ်က အဆင့် (၁၁) ပါ။ အစ္စတန်ဘူလ်ရဲ့  Ataturk ဟာ အဆင့် (၁၇) ဖြစ်ပြီး Dubai လေဆိပ်သည်လည်း အဆင့်(၁၈) ပဲ ရှိပါတယ်။ ကျန်တဲ့အချက်အချာအတော်ကျတဲ့လေဆိပ်တွေဟာ ဥရောပကနေ အရှေ့ အလယ်ပိုင်းဒေသ တွေအထိ ပြန့် ကျဲနေပါတယ်။
အာရှပစိဖိတ်ရဲ့ အကောင်းဆုံးလေဆိပ်တွေကတော့ အရှေ့ တောင်အာရှမှာ စုနေပါတယ်။ တောင်ကိုရီးယားရဲ့ Incheon လေဆိပ်က ကမ္ဘာ့အဆင့်မှာ အချက်အချာကျမှု (၁၅) ပါ။ အင်ဒိုနီးရှားကတော့ ပိုသာပါတယ်။ ဂျာကာတာ လေဆိပ်က အဆင့် (၁၀) ပါ။ မလေးရှားရဲ့  ကွာလာလမ်ပူလေဆိပ်က အဆင့် (၁၂) ဖြစ်ပြီး ဟောင်ကောင်လေဆိပ်က (၁၃) ပါ။ ဘန်ကောက်လေဆိပ်ကတော့ အဆင့် (၁၄) ချိန်ပါတယ်။ ဒါဟာ အနောက်တိုင်းနိုင်ငံတွေထက် ပိုပြီးအချက်အချာကျတဲ့လေဆိပ်တွေ အရှေ့ တောင်အာရှမှ စုဝေးနေတာဖြစ်ပါတယ်။
အခုဖော်ပြခဲ့တဲ့ ကမ္ဘာ့အချက်အချာအကျဆုံးလေဆိပ်တွေအပါအ၀င် ထိပ်ဆုံးရောက်နေတဲ့ လေဆိပ်ပေါင်း ၅၀ဟာ တစ်ကမ္ဘာလုံးမှာပျံသန်းနေတဲ့လေယာဉ်ခရီးစဉ်တွေရဲ့  ၄၀ ရာခိုင်နှုန်းကျော်ကို ပျံသန်းနေခြင်းဖြစ်ပါတယ်။ကမ္ဘာ့အချက်အချာအကျဆုံး Heathrow လေဆိပ်မှာ British Airways က လေယာဉ်ခရီးစဉ် ၅၂ ရာခိုင်နှုန်းကိုပျံသန်းနေတာဖြစ်ပြီး Hartsfield-Jackson Atlanta မှာ Delta Airlines ရဲ့ ခရီးစဉ်တွေက လေယာဉ် ၅ စီးမှာ၎ စီးနှုန်း ဖြစ်ပါတယ်။
ကမ္ဘာ့အချက်အချာအကျဆုံးလေဆိပ်အဖြစ် ဆယ်စုနှစ်ပေါင်းများစွာကတည်းက ရပ်တည်လာခဲ့သလို နောင်ဆယ်စုနှစ်အတော်များများအထိလည်း ပြိုင်ဘက်ကင်းနေဦးမယ့် Heathrow လေဆိပ်မှာ လေယာဉ်ပြေးလမ်းအဓိက ၂ ခု ရှိပါတယ်။ ၂၀၁၈ ဇွန် ကစပြီး တတိယပြေးလမ်းကိုလည်း တည်ဆောက်နေပါပြီ။ အဲဒီပြေးလမ်းပြီးရင်တော့ Heathrow လေဆိပ်ဟာ အခုလက်ရှိ ခရီးသည် သန်း ၈၀ ကို ဖြတ်သန်းရာကနေ ၂၀၃၀ မှာတစ်နှစ်ကို ခရီးသည် သန်းပေါင်း ၁၁၀ အထိ ၀င်ထွက်သွားလာနေမယ့် လေဆိပ်ကြီးဖြစ်လာမယ့်အကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။
# မြဝတီနေ့စဉ်သတင်းစာ
Monday, June 11, 2018
ကမ္ဘာ့အအောင်မြင်ဆုံး ပုဂ္ဂိုလ်များကပေးသော ငွေကြေးအကြံပြု ချက်များ
ဘာသာပြန်ဆောင်းပါး ၁၁-၆-၂ဝ၁၈
ချမ်းသာတဲ့လူက မွေးလို့ ချမ်းသာ လာတာပဲဖြစ်စေ၊ ကိုယ်ထူးကိုယ်ချွန်ပြီး ချမ်းသာလာတာပဲ ဖြစ်စေ၊ ငွေကြေးစီမံခန့်ခွဲမှု အားနည်းရင်တော့ ကုဋေရှစ်ဆယ် သူဌေးသားသည်လဲ သူဖုန်းစား ဖြစ်သွားနိုင်ပါတယ် ကမ္ဘာ့အအောင် မြင်ဆုံးပုဂ္ဂိုလ်တွေ ကိုယ်တိုင် ငွေကြေးစီမံခန့်ခွဲမှု ဆိုင်ရာအကြံပြုချက် တွေကို အောက်ပါအတိုင်း ပေးထားပါတယ် 
စိတ်ဆန္ဒပြင်းပြရပါမယ်။ လူတစ်ယောက်ဟာ ဆန္ဒပြင်းပြစွာနဲ့ ချီတက်နေရင် ဘာအတွက် ချီတက်နေတယ်ဆိုတာ မသိဘဲနဲ့တောင် တခြားလူတွေ ပူးပေါင်းပါဝင် လာတတ်တဲ့အတိုင်း မည်သည့်အလုပ်ကိုမဆို ဆန္ဒပြင်းပြစွာနဲ့ လုပ်နေမယ်ဆိုရင် လူတွေရဲ့ ယုံကြည်လက်ခံမှုကို သေချာပေါက် ရလာမှာဖြစ်ကြောင်း၊ အောင်မြင်မှုဆီ ရောက်အောင်သွားရမယ့် တွန်းအားက စိတ်ဆန္ဒပြင်းပြမှု ဖြစ်ကြောင်း ကမ္ဘာကျော်သူဌေးကြီ Warren Buffet က ပြောပါတယ်။
ဘာပဲဖြစ်ဖြစ်ချရေးပါ။ စာရင်းလုပ်ထားပါ။ ဖုန်းခေါ်ရမယ့် လူစာရင်း၊ တည်ဆောက်ရမယ့် ကုမ္ပဏီတွေ၊ အလုပ်ဖြစ်အောင် လုပ်ပေးနိုင်မယ့် လူစာရင်းတွေကနေ အကြောင်းအရာ သေးသေး၊ကြီးကြီး ချသာရေးလိုက်ပါ။ ပြီးရင် အဲဒါတွေကို ဖြစ်အောင်လုပ်ဖို့ သင်ကြိုးစားပါ။ အဲဒီလို စာရင်းပြုစု ထားခြင်းအားဖြင့် ပိုက်ဆံကို ဘယ်နေရာမှာ ဦးစားပေးသုံးမလဲ ဆိုတာကိုလဲ မြင်သာစေတယ်လို့ စီးပွားရေး လုပ်ငန်းရှင်ကြီး Richard Branson က ပြောပါတယ်။
ကိုယ့်ဆီလာတဲ့ ဖောက်သည်တွေ၊ ဈေးဝယ်တွေကို သူတို့အကြိုက်၊ အလိုက်၊ အထိုက်ကလေး ထူးထူးခြားခြား လုပ်ပေးနိုင်ရင် ကြိုးစားမှုရဲ့အသီးအပွင့်ကို ခံစားရမှာပါ။ ဘယ်လောက်ပဲ ကံကောင်းကောင်း၊ ဘယ်လောက်ပဲ တိုက်ဆိုင်တိုက်ဆိုင် အလုပ်ကြိုးစားမှု မရှိရင်အောင်မြင်မှုဆိုတာ ကြာရှည်ခံမှာ မဟုတ်ပါဘူး။ သင်ဟာ ဈေးရောင်းသူ ဝန်ဆောင်မှု ပေးသူဆိုရင် သင့်ဖောက်သည်တွေကို ဂရုတစိုက်လေ့လာပြီး ထူးခြားအောင် လုပ်ပေးပါ။နေရာတိုင်းကံကို အားကိုးလို့မရသလို ပါရမီပါတိုင်းလဲ ရေရှည်မအောင်မြင် ပါဘူးလို့ Hip Hop အကျော်အမော် Sean Combs က ပြောပါတယ်။
အတိတ်က အောင်မြင်ခဲ့ဖူးလို့ အနာဂတ်မှာလဲ အောင်မြင်မယ်ဆိုတာ အမြဲမမှန်နိုင်ပါဘူး။ ဘယ်လောက်တော်တော်၊ အဆက်အသွယ်ဘယ်လောက် ကောင်းကောင်း၊ ပါရမီဘယ်လောက်ပါပါ အရှုံးပွဲနဲ့တွေ့ရ နိုင်ပါသေးတယ်။ လူတော်တွေဟာ အောင်မြင်လာတဲ့အခါမှာ သူတို့မကျရှုံးနိုင်တော့ဘူး လို့ထင်လာတတ်ကြတာ မဟာအမှားပါ။ အမြဲကြိုးစား နေရပါမယ်။ အမြဲအလုပ်လုပ် နေရပါမယ်လို့ Microsoft တည်ထောင်သူ Bill Gates က ပြောပါတယ်။
စည်းကမ်းရှိပါ။ ဘဝမှာ စည်းကမ်းရှိဖို့ မလိုတဲ့ အပိုင်းမရှိပါဘူး။ ချမ်းသာချင်ရင်လဲ ပထမဆုံးလုပ်ရမှာက စည်းကမ်းရှိဖို့ ဖြစ်ပါတယ်။ တကယ်ချမ်းသာချင်ရင် တကယ်စည်းကမ်း ရှိရပါမယ်။ မလိုတာကို မဝယ်ပါနဲ့။ ပိုက်ဆံလိုချင်ရင် ပိုက်ဆံရမယ့် အလုပ်ကိုလုပ်ပါ။ ပိုက်ဆံရပြီးရင် ပိုက်ဆံကို အခုခဏအတွက် မဟုတ်ဘဲ ကိုယ့်ရှေ့ရေးအတွက်ပါ တစ်ခါထဲစီမံခန့်ခွဲပါ။ ပိုက်ဆံကို စည်းကမ်းရှိရှိသုံးပါလို့ Shark Tank ပိုင်ရှင် Mark Cuban က ပြောပါတယ်။
အားနည်းချက်၊ အားသာချက် ခွဲခြားပါ။ လုပ်ရမှာတွေ၊ ဆောင်ရွက်ရမှာတွေကို နှစ်စုခွဲပါ။ အကျိုးပိုများမယ့်အုပ်စုနဲ့ အကျိုးနည်းမယ့် အုပ်စု အစရှိသည်ပေါ့။ ပြီးရင် f to-do list ရေးတဲ့အခါ အဲဒီအတိုင်း ခွဲပြီးရေးပါ။ သင်ဟာလုပ်သင့်တာ နဲ့မလုပ်သင့်တာကို ထူးထူးခြားခြား ကွဲကွဲပြားပြား မြင်လာပါလိမ့်မယ်လို့ Uber အရာရှိ Bozoma Saint John က ပြောပါတယ်။
အလွယ်မလိုက်ပါနဲ့။ ခြောက်လကြာမယ့် ကိစ္စကို ကြိုးစားပြီး နှစ်ပတ်အတွင်း ဖြစ်အောင် လုပ်မယ်ဆိုရင် အရည်အသွေးပြည့်မီမှာ မဟုတ်ပါဘူး။ ၁ဝရက်လောက် လုပ်ရမယ့်ကိစ္စကို သုံးရက်နဲ့ပြီးချင်ရင်လဲ ခပ်ညံ့ညံ့လက်ရာ တွေပဲရမယ်။ ဒါမှမဟုတ် အလုပ်ကို ဆက်မလုပ်ဖြစ်ဘဲ ရပ်လိုက်ရနိုင်ပါတယ်။ အလွယ်မလိုက်ပါနဲ့။ ဖြစ်သလိုမလုပ်ပါနဲ့။ အိမ်ကောင်းကောင်းနဲ့နေချင်ရင် လမ်းရှည်ရှည်တော့ လျှောက်ရပါလိမ့်မယ်လို့ Amazon
ရဲ့ CEO Jeff Bezos က ပြောပါတယ်။
Online မှာ ရင်းမြစ်တွေရှာပါ။ တစ်လလုံးသုံးခဲ့တဲ့ စာရင်းကိုပြန်စစ်ပါ။ မလိုတာတွေ သုံးမိခဲ့တာ မြင်ပါလိမ့်မယ်။ အဲဒီမလိုတာတွေ အတွက် ၁ဝ ရာခိုင်နှုန်းလျှော့သုံးပါ။ Online မှာ ရင်းမြစ်တွေရှာပြီး ဘယ်နေရာမှာ ဘာတွေကို ဈေးသက်သက်သာသာနဲ့ ဝယ်လို့ ရနိုင်မယ်ဆိုတာ ရှာဖွေကြည့်ပါလို့ အမေရိကန် စာရေးဆရာမကြီး Suze Orman က ပြောပါတယ်။
ပိုက်ဆံရှိတိုင်းလဲ မအောင်မြင်သလို အောင်မြင်မှု တိုင်းအတွက်လည်း ပိုက်ဆံမလိုပါဘူး။ ကိုယ်ပိုင်လုပ်ငန်း တွေဆိုတာ အောင်မြင်တယ်၊အောင်မြင်တယ်၊ အောင်မြင်တယ်၊ အောင်မြင်တယ်နဲ့ ဖြစ်နေတာမျိုး မဟုတ်ပါဘူး။ အောင်မြင်တယ်၊ အောင်မြင်တယ်၊ ကျရှုံးတယ်၊ အောင်မြင်တယ် ဆိုတာလိုမျိုးပါ။ အရေးကြီးတာကတော့ ကျရှုံးသွားတဲ့အခါ အမြန်ပြန်ထ နိုင်ဖို့ပါပဲလို့ Shark Tank က Daymond John  က ပြောပါတယ်။
မိမိဂုဏ်သိက္ခာကို ထိန်းပါ။ နာမည်ပျက် မထွက်ပါစေနဲ့။ တစ်သက်လုံး တည်ဆောက်လာတဲ့ နာမည်ကောင်းက တစ်နေ့လယ်တည်းနဲ့ ပျက်စီးသွားနိုင်ပါတယ်လို့ စာရေးဆရာမကြီး Sophia Amoruso က ပြောပါတယ်။အချက်အလက်ကို စုံလင်အောင်ရယူပါ။ အလေးထားပါ။ မသိကျိုးကျွန်မပြုပါနဲ့လို့ ကိုယ်ပိုင် လုပ်ငန်းရှင်ကြီး Jeff Bussgang က ပြောပါတယ်။ ကျရှုံးတဲ့အခါ မကြောက်ပါနဲ့။ မိမိကိုယ်ကိုယုံကြည်မှုလည်း မပျက်ပြားပါနဲ့လို့ Spanx တည်ထောင်သူ Sara Blakely က ပြောပါတယ်လို့ လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
ရတနာပုံနေ့စဉ်သတင်းစာ စာ(၃၁)
#Themyawadydaily
Wednesday, March 28, 2018
ဂုဏ်သိက္ခာ အရည်ပျော်မှုနဲ့ ရင်ဆိုင်နေရတဲ့ Facebook
ဘာသာပြန်ဆောင်းပါး ၂၈-၃-၂ဝ၁၈
Facebook တင်မက သူ့ ထက်ကျယ်ပြန့် တဲ့ လုပ်ငန်းသည်လည်း အရှက်တကွဲ အကျိုးနည်းတဲ့အဖြစ်နဲ့ ရင်ဆိုင်ရနိုင်တာပါပဲ။ ဘယ်လိုတုန့် ပြန်မလဲဆိုတာက အနာဂါတ်အတွက် အရေးကြီးပါတယ်။ အရင်နှစ်ကပဲ ၂၀၂၀ အမေရိကန် ရွေးကောက်ပွဲမှာ Mark Zuckerberg ပါလာနိုင်တယ်လို့  tip ပေးခဲ့ကြပေမယ့်ဒီနေ့  Zuckerberg တစ်ယောက်ဟာ ကမ္ဘာပေါ်မှာ နံပါတ် ၈ အဆင့်ရှိတဲ့ကုမ္ပဏီကြီးကို ဦးဆောင်နိုင်ကြောင်းနဲ့ လူပေါင်း ၂.၁ ဘီလီယံကလည်း ဆက်လက်ယုံကြည် သင့်ကြောင်းကို အသည်းအသန် သက်သေပြနေရပါတယ် အများသိခဲ့ပြီး ဖြစ်တဲ့အတွင်း ၂၀၁၆ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမသမာမှုနဲ့ ဆက်နွယ်နေတဲ့ CambridgeAnalytical (CA) ကုမ္ပဏီက Facebook အသုံးပြုသူ သန်း ၅၀ ကျော်ရဲ့  ကိုယ်ရေး အချက်အလက်တွေကို မမှန်ကန်တဲ့နည်းနဲ့ ရရှိသွားခဲ့တာ ပေါ်သွားခဲ့ပြီးတဲ့နောက် ဒီမီးမုန်တိုင်း စခဲ့ပါတယ်။ Zuckerberg တစ်ယောက် ချက်ခြင်းမတုန့် ပြန်နိုင်ပဲ ၅ ရက်ကြာမှ user တွေကို စိတ်ပျက်အောင် လုပ်ခဲ့ပြီပြီဆိုပြီး ၀န်ခံတောင်းပန်ခဲ့ပါတယ်။ ဒါပေမယ့် user တွေရဲ့  Facebook အပေါ် ယုံကြည်မှုပျက်သုဉ်းခြင်းက ဒီလောက်ကြီးမား လိမ့်မယ်ဆိုတာ သူ မျှော်လင့်ထားခဲ့ပုံ မရပါဘူး။ ၀ါဒဖြန့်တာ၊ သတင်းအတုထုတ်လွှင့်တာ တွေအကြောင်း လပေါင်းများစွာ ဆွေးနွေးခဲ့ကြ ပြီးနောက် ဥရောပနဲ့ အမေရိကန် ပြည်ထောင်စုမှာ Facebook ဟာ ထိန်းချုပ်မှုအောက်က လွတ်နေပြီလို့  ထင်မြင်ယူဆခဲ့ကြပြီး ဆက်လက် သုံးစွဲဖို့ မသင့်တော့ဘူးလို့  သဘောထားမှတ်ချက်တွေ ပေးလာကြရာကနေ အခုကွန်ဂရက်က Zuckerberg ကိုယ်တိုင်လာရောက် အစစ်ဆေးခံဖို့  ဆင့်ခေါ်ထားပြီး Zuckerberg ကလည်း လက်ခံထားပါတယ်။ Facebook ရဲ့ ကံကြမ္မာမကောင်း တော့ဘူးဆိုတာ တွေးကြည့်လို့  ရနေပါပြီ။
အဲဒီသတင်းထွက် ကတည်းက Facebook ဟာ ရှယ်ယာ ၉ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပါတယ်။ ယိုစိမ့်သွားတဲ့ ဒေတာတွေကို မှောင်ခိုဈေးကွက်မှာ အရောင်းအ၀ယ်ဖြစ် လာတယ်လည်း ကြားရော အမေရိကန်မှာ Facebook အပါအ၀င် ဘယ်လူမှုကွန်ရက်ကိုမှ မယုံတော့ဘူး ဖြစ်လာပါတယ်။ Zuckerberg ဟာ လူတွေလုံးဝကြီး စိတ်ပျက်မသွားခင် သူ့ ကုမ္ပဏီကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် ပြောင်းပစ်ဖို့ လိုနေပါပြီ။ Facebook ရဲ့ စီးပွားက အရာ ၃ ခုအပေါ် မှီထားပါတယ်။ User တွေ ဖုန်းနဲ့ မျက်နှာမခွာနိုင်အောင် လုပ်ထားတာရယ်၊ user တွေရဲ့ သုံးစွဲမှု အမူအကျင့်အကြောင်း ဒေတာတွေလျှို့ ဝှက်ယူထားတာရယ်၊ စီးပွားရေးလုပ်ငန်းရှင် တွေဆီကနေ ဘီလီယံပေါင်း များစွာ ရရှိနေတဲ့ ကြော်ငြာလုပ်ငန်းရယ် ဖြစ်ပါတယ်။ 
လူတွေ အာရုံစိုက်မိမယ့် ပို့စ်မျိုးဆိုရင် Facebook က ရွေးချယ်ပြီး ကြော်ငြာလုပ်ဖို့ တိုက်တွန်းလေ့ ရှိပါတယ်။ အားနည်းချက်ကတော့ Facebook ဟာ အောင်မြင်လာတာနဲ့ အမျှ ကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီး သွားပါတယ်။ ကုမ္ပဏီရဲ့  voting အခွင့်အရေး ကိုလည်း Zuckerberg က ကိုယ်တိုင်ကိုင်တွယ် လေတော့ သူ့ ကုမ္ပဏီကို ဘယ်သူတွေဘယ်လို ဝေဖန်နေတယ် ဆိုတာ Zuckerberg အသိသိပ် နည်းပါတယ်။ ၂၀၁၃ တုန်းက ဗြိတိန်တက္ကသိုလ် တစ်ခုက Facebook အသုံးပြုသူတွေဖြေဖို့  မေးခွန်းအပလီကေးရှင်း တစ်ခု ဖန်တီးခဲ့တယ်။ လူပေါင်း ၂၇၀၀၀၀ ပဲ ဖြေခဲ့ပါတယ်။ ဒါပေမယ့် သူတို့ရဲ့  Friend တွေ ထည့်ပေါင်းလိုက်ရင် လူသန်းပေါင်း ၅၀ ကျော်သွားပါတယ်။ 
အဲဒီလူတွေရဲ့ ဒေတာတွေ CA ဆီ ရောက်သွားခဲ့တာပါပဲ။ ဒါမျိုးနောက် မဖြစ်စေရဘူးလို့  Zuckerberg က ကတိပေးလိုက်ပြီး ဗြိတိန်တက္ကသိုလ်နဲ့  CA တို့ ကို စွပ်စွဲခဲ့ပေမယ့် သူတို့  နှစ်ဖွဲ့ လုံးက စွပ်စွဲချက်ကို ငြင်းဆိုထားပါတယ်။ ဥရောပနဲ့ အမေရိကားက တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးဆဲ ပါ။ Facebook ဟာ ဒီပြဿနာကို ၂၀၁၅ ကတည်းက သိခဲ့ပေမယ့် ပတ်သက်တဲ့ user တွေကို alarm မလုပ်ခဲ့ပါဘူး။ CA ဟာ Trump မဲဆွယ်ပွဲကနေ ဘယ်လောက်အကျိုးအမြတ်ရခဲ့တယ်ဆိုတာမသိရပေမယ့် သူမကူပဲနဲ့ တော့ Trump ဟာ သမ္မတဖြစ်မလာနိုင်ဘူးလို့  CA က ခိုင်ခိုင်မာမာယုံကြည်နေတာဟာ Trump ကိုယ်တိုင်မဖျက်နိုင်တဲ့အမဲစက်တစ်ခု ဖြစ်နေပါတယ်။ 
ဒါပေမယ့် Facebook က Trump အရှုပ်တော်ပုံကို အကာအကွယ်အဖြစ်အသုံးချလို့ မရပါဘူး။ ကိုယ်ရေးအချက်အလက်ကျိုးပေါက်ခြင်း၊ မှားယွင်းမှုကို တိကျထိရောက်စွာရှင်းလင်းမှုမရှိခြင်းတို့ ကို ၂၀၁၇ မှာZuckerberg ကိုယ်တိုင်က Facebook ပေါ်မှာ သတင်းအတုမထွက်ပါဘူးလို့  ငြင်းလိုက်တာက သက်သေဖြစ်နေပါတယ်။ မကြာခင်မှာပဲ ရုရှားဘက်က ကန်ဒေါ်လာ ၁ သိန်းထက်မနည်းသုံးပြီး ကြော်ငြာ ၃၀၀၀ ခု ထည့်ခဲ့ကြောင်း၊ ရုရှားတွေရဲ့ ဝါဒဖြန့် ပို့စ်တွေဟာ အမေရိကန်က လူပေါင်း သန်း ၁၅၀ ဆီကို ရောက်သွား ခဲ့ကြောင်း၊ အဲဒါဟာ မဲပေးမယ့်ပုံစံကို ဆိုးရွားစွာလမ်းကြောင်း ပြောင်းလဲစေခဲ့ခြင်း ဖြစ်ကြောင်း ပေါ်ပေါက်ခဲ့တော့ Zuckerberg ရဲ့  သတင်းအတု မရှိပါဘူး ဆိုတဲ့စကားဟာ လိမ်ဆင်ပဲဆိုတာ ပေါ်ခဲ့ပြန်ပါတယ်။
Facebook ကို ပိတ်လိုက်ဖို့ တော့ ကွန်ဂရက်က လုပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် အရင်လို အလုပ်ကို စိတ်တိုင်းကျ လုပ်လို့ ရတော့မှာမဟုတ်တာတော့ သေချာနေပါတယ်။ ဥရောပက ဒစ်ဂျစ်တယ်အခွန်ကောက်ဖို့ နဲ့ယုံကြည်မှု ချိုးဖောက်ခြင်းပုဒ်မနဲ့ တရားစွဲဖို့ လုပ်နေသလို မယုံတော့တဲ့ user တွေကလည်း အကောင့်တွေကို ဖျက်ကုန်ကြပါပြီ။ ဒစ်ဂျစ်တယ်ကြော်ငြာကမ္ဘာထဲမှာ ထိပ်ဆုံးရှိနေတဲ့ Facebook အခုဆိုရင် အဆင့်ကျလာပါပြီ။
Facebook ရဲ့ တန်ဖိုးဟာ ၄၉၃ ဘီလီယံဒေါ်လာ ရှိပါတယ်။ သို့ သော် ရုပ်ပိုင်းဆိုင်ရာတန်ဖိုးက ၁၄ ဘီလီယံပဲ ရှိပါတယ်။ ကျန်တဲ့တန်ဖိုးအားလုံးက အွန်လိုင်းပေါ်မှာပါ။ ဒါကိုအဖတ်ဆယ်ဖို့  Zuckerberg ယုံကြည်မှုပြန်တည်ဆောက်ရပါမယ်။ Content, Privacy, Data ဒီ ၃ ခုကို Facebook ဟာ ချုပ်ခြယ်မှုကင်းမဲ့စွာ စိစစ်နိုင်ရပါမယ်။ နှစ်စဉ် သတင်းအတုထိန်းချုပ်မှုနဲ့ user တွေရဲ့  ကိုယ်ရေးအချက်အလက်ကျိုးပေါက်မှု ဘယ်လောက်ရှိခဲ့တယ်ဆိုတာကို အမှန်အတိုင်းသတင်းထုတ်ပြန်နိုင်ရပါမယ်။ Data Rights Board လို့ ခေါ်တဲ့ အဖွဲ့ အစည်းအသစ်မျိုး ဖွင့်ပေးရပါမယ်။ အဲဒီဘုတ်အဖွဲ့ မှာ အပြင်လူတွေကိုပါ ထည့်သွင်းပြီး စိစစ်ခွင့်ပြုရပါမယ်။ နိုင်ငံရေးမဲဆွယ်ပွဲတွေမှာ Facebook ကို အသုံးပြုလို့ ရပေမယ့် မသမာတဲ့နည်းနဲ့  ဖြားယောင်းခြင်းမပြုနိုင်အောင် Facebook တားမြစ်နိုင်ရပါမယ်။ ဒီလိုတွေမှ မလုပ်နိုင်ရင်တော့ အမေရိကန် ပြည်သူတွေရဲ့ ယုံ
ကြည်မှုကို ပြန်ရနိုင်တော့မှာမဟုတ်ဘဲ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားနိုင်မယ့်အန္တရာယ်နဲ့ Facebook ရင်ဆိုင်နေရပြီဖြစ်ကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
#Yadanarpondaily
Friday, February 2, 2018
လာမည့် ဧပြီ ၁၆ ရက်တွင် ရေချိုလုံးဝ ပြတ်လပ်သွားမည့် ကိပ်တောင်းမြို့
ဘာသာပြန်ဆောင်းပါး ၂-၂-၂ဝ၁၈
ဒီကမ္ဘာကြီးရဲ့ ၇၂ ရာခိုင်နှုန်းကို ရေထုက ဖုံးလွှမ်းထားပါတယ်။ ဒါပေမဲ့ အဲဒီ ၇၂ ရာခိုင်နှုန်းသော ရေထုရဲ့ ၉၉ ရာခိုင်နှုန်းက လူတွေ သောက်သုံးလို့မရတဲ့ ရေအမျိုးအစားဖြစ်ပြီး ကျန်ရှိနေတဲ့ တစ်ရာခိုင်နှုန်းထဲကလဲ သုည ဒသမ ၃ ရာခိုင်နှုန်းကိုသာ မြစ်၊ ချောင်း၊ အင်း၊ အိုင်တို့ကနေ ရရှိတာဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ သုည ဒသမ ၇ ရာခိုင်နှုန်းကို လူသားမျိုးနွယ်စုတွေ တူးယူသောက်သုံး နေရတာလို့ Live Science အင်တာနက် စာမျက်နှာမှာ ဖော်ပြထား ပါတယ်။ ရာသီဥတု ဖောက်ပြန်မှုကြောင့် မိုးရွာသွန်းမှုနှုန်း မမှန်တော့တဲ့ နှစ်တွေ ကြာလာပြီးတဲ့နောက် လူဦးရေတိုးပွားမှု ရပ်တန့်ခြင်းမရှိတဲ့ ဒီကမ္ဘာမြေမှာရနိုင်တဲ့ ရေချိုပမာဏနဲ့ သောက်သုံးတဲ့လူဦးရေ မမျှတော့တဲ့အပြင် အဲဒီရေချိုကို တိရစ္ဆာန်တွေကိုလဲ တိုက်ရသေးသလို စိုက်ပျိုးရေး အတွက်လဲသုံးရ သေးတယ်ဆိုတာ ထည့်သွင်းစဉ်းစား လိုက်မယ်ဆိုရင် အခု အာဖရိကတိုက်က ကိပ်တောင်းကမ်းရိုးတန်း မြို့ကလေးမှာ ဖြစ်ပွားနေတဲ့ ရေရှားပါး ပြတ်လပ်မှုမျိုးဟာ မကြာခင်မှာပဲ ကပ်ရောဂါဆိုးကြီးသဖွယ် ကမ္ဘာ့နိုင်ငံအနှံ့အပြားကို ပျံ့နှံ့သွားနိုင်ပါတယ်။
ကိပ်တောင်းမြို့ဟာ တောင်အာဖရိကမှာ ဒုတိယလူဦးရေ အထူထပ်ဆုံး မြို့ဖြစ်ပါတယ်။ သောက်သုံးရေ ကုန်ခန်းမှု ဆိုးရွားစွာ ဖြစ်ပွားနေပြီး တွက်ချက်မှုအရ ယခုနှစ် ဧပြီ ၁၆ရက်မှာ ရေလုံးဝပြတ်လပ် သွားမှာဖြစ်ပါတယ်။ အခုလက်ရှိ ကျန်နေသေးတဲ့ရေကို အချိုးကျ သုံးစွဲနေရပါတယ်။ အရင်လကစပြီး ဒေသခံတွေကို ရေသုံးစွဲခွင့်တစ်ရက်ကို လူတစ်ဦးလျှင် ၈၇ လီတာ (၂၃ဂါလန်) နှုန်း ကန့်သတ်ခဲ့ရာကနေ ဒီနေ့ ဖေဖော်ဝါရီ ၁ရက်ကစပြီး တစ်ရက်ကို လီတာ ၅ဝ (၁၃ဂါလန်ကျော်) ထိ လျှော့ချကန့်သတ် လိုက်တာဖြစ်ပါတယ်။ ဒီလိုကန့်သတ်တာတောင် ဧပြီ ၁၆ရက်ကျရင် မြို့ရေပေးဝေရေးဌာနမှာ ရေပြတ်လပ် သွားတော့မှာ ဖြစ်ပါတယ်။
အဲဒီခွဲတမ်းရတဲ့ ရေလီတာ ၅ဝ ကို လူတစ်ယောက် ဘယ်လိုသုံးစွဲမလဲ။ ပန်းကန်ဆေး အဝတ်လျှော်ဖို့ ၁၈ လီတာ၊ စက္ကန့် ၉ဝ ကြာရေချိုးဖို့ ၁၅လီတာ၊ အိမ်သာရေတစ်ခါဆွဲရင် ကိုးလီတာ၊ မျက်နှာသစ်ဖို့ သုံးလီတာ၊ ချက်ပြုတ်ဖို့ နှစ်လီတာ၊ ရေသောက်တာက နှစ်လီတာ၊ ခွေးစာကျွေးတာ တစ်လီတာအဖြစ် သုံးစွဲရမှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေက မြို့နေလူထုရဲ့ရေသုံးစွဲမှုနှုန်းကို ဒေါက်ထောက်ကြည့်နေပါတယ်။ ရေမီတာမှာ ကန့်သတ်ပမာဏထက်ကျော်သွားရင် ဒဏ်ငွေရိုက်ပါတယ်။ ဒါဖြစ်ရင် ဒီမြို့မှာ လူဦးရေဘယ်လောက်ရှိပါလိမ့်။ လေးသန်းကျော်ပါတယ်။ လူဦးရေ လေးသန်းကျော်တဲ့ မြို့ကြီးတစ်မြို့အတွက် သောက်သုံးရေ လောက်ငအောင်ပေးဝေဖို့ ကြိုတင်မစီစဉ် ခဲ့ဘူးလားဆိုတော့ အစွမ်းကုန် ကြိုးစားစီစဉ်နေပါရဲ့နဲ့ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး မလျှော့တမ်းနှိပ်စက်ခဲ့တဲ့ မိုးခေါင်မှုဒဏ်က အခုလိုခံရခက်လှတဲ့ ရေရှားပါးမှု ဒုက္ခကို ပေးတော့တာပဲ ဖြစ်ပါတယ်။ ဒါဖြစ်ရင် မြို့နေလူထုအားလုံးက ကန့်သတ်ချက်တွေကို လိုက်နာခဲ့သလား။ ၅၅ ရာခိုင်နှုန်းကပဲ လိုက်နာခဲ့ပါတယ်။
ဒီတော့ တစ်ဖက်က မိုးခေါင်၊ တစ်ဖက်က ရာသီဥတုဖောက်ပြန်၊ တစ်ဖက်ကလူဦးရေတိုး ၊တစ်ဖက်ကကန့်သတ်ချက်ကိုမလိုက်နာ ကြလေတော့ လူ လေးသန်းဟာ ဧပြီ ၁၆ရက်မှာ သောက်သုံးရေလုံးဝ ပြတ်လပ်သွားတော့မှာဖြစ်ပါတယ်။ တာဝန်ရှိသူတွေ ဘာလုပ်နေလဲ။ ကိပ်တောင်းရဲ့ မစ်ချယ်လွင်ပြင်မှာ ရေအောင်းလွှာကိုတွေ့အောင်ရှာပြီး အဝီစိတွင်းတူးဖို့ အမိန့်ပေးထားပါတယ်။ လက်ရှိ ကျန်နေသေးတဲ့ရေကိုလဲ အတတ်နိုင်ဆုံး ချွေတာ သုံးစွဲဖို့ အစီအစဉ်အသစ်တွေ၊ တားမြစ်ကန့်သတ်ချက် အသစ်တွေ ထုတ်ပြန်ဆောင်ရွက်နေသလို မြို့နေလူထုကလဲ ပူးပေါင်းပါဝင်ဖို့ မေတ္တာရပ်ခံ နေကြပါတယ်။
ဒါပေမဲ့လဲ လူတွေက နားမထောင်ကြပါဘူး။ ဒီတော့ လက်ကျန်ရေကို ထိန်းထားဖို့ ခက်နေလို့ မနက်အိပ်ရာထပြီး မျက်နှာသစ်ဖို့ ရေမရှိသူတွေ၊ ရေချိုးနေရင်းရေပြတ် သွားသူတွေ၊ အိမ်သာရေဆွဲဖို့ မရှိတော့သူတွေနဲ့ ကိပ်တောင်းမြို့ကြီးဟာ တဖြည်းဖြည်း အုံကြွဆူညံပွက်လော ရိုက်စပြုလာပါပြီ။ ရေဘယ်အချိန်လာမလဲ မသိ၊ ဘယ်အချိန် ဖြတ်မလဲ မသိကြတော့ဘဲ ရေကို သွေးရူးသွေးတန်းနဲ့ လှောင်ဖို့ကြိုးစား လာကြပါတယ်။
ဒါပေမဲ့ ပိုက်ကရေမလာပါဘူး။ဒီတော့ စတိုးဆိုင်ကို ပြေးကြပါတယ်။ရေသန့်ဘူးတွေ ဝယ်လှောင်မယ်ပေါ့။ စတိုးဆိုင်တွေမှာလဲ ရေသန့်ဘူးတွေ မရှိတော့ပါဘူး။ နည်းနည်းကျန်တဲ့ ရေဘူးတွေကလဲ ဈေးတွေအဆ ပေါင်းများစွာ တက်သွားပါပြီ။ ကိပ်တောင်းဟာ ကမ်းရိုးတန်းမြို့ပါ။ ပင်လယ်ကြီးကို မြင်နေရပါတယ်။ ရေတွေအများကြီးပါ။
ဒါပေမဲ့ အဲဒီရေတွေက ဆားငန်ရေတွေမို့ သုံးမရပါဘူး။ လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး မိုးခေါင်ခဲ့တာဖြစ်တဲ့အတွက် မြေအောက်ရေ တဖြည်းဖြည်းခန်းခြောက်ပြီး မြစ်ချောင်း အင်းအိုင်တွေမှာပါ ရေတွေနည်းကုန်တာမို့ စိုက်ပျိုးမြေတွေလဲ ပျက်စီးခဲ့ပါတယ်။ လူလေးသန်းအတွက် တစ်ရက်ကိုအနည်းဆုံး အစားအစာသုံးနပ်ရဖို့ လိုပါတယ်။ရေချိုးဖို့၊ မျက်နှာသစ်ဖို့၊ အဝတ်လျှော်ဖို့၊ ပန်းကန်ဆေးဖို့၊ အိမ်သာတက်ဖို့၊ ရေသောက်ဖို့လိုပါတယ်။လူ လေးသန်းဟာ ဧပြီ ၁၆ ရက်မှာ ရေတစ်စက်မှမရှိဘဲ နေရပါမယ်။
တာဝန်ရှိသူတွေက ရေအောင်းလွှာကို အချိန်မီရှာတွေ့ပြီး ရေမပြတ်အောင်ပေးနိုင်မလား။ ဒါမှမဟုတ် ကိပ်တောင်းမြို့ကိုရေပို့ဖို့ နိုင်ငံတကာကဝိုင်းကူရမလား။ ဒီလိုဒုက္ခမျိုးဖြစ်လာဖို့ နီးနေတဲ့ ကမ္ဘာ့နိုင်ငံပေါင်း ဘယ်လောက် တောင် ရှိသလဲဆိုတာကို တွေးရင်းဘာပဲဖြစ်ဖြစ် ရေကိုချွေတာသုံးစွဲကြဖို့ တိုက်တွန်းရင်း လေ့လာရေးသားတင်ပြ လိုက်ရပါတယ်။
ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)
#Yadanarpondaily
Wednesday, January 31, 2018
ထက်မြက်သူတို့၏ ထူးခြားသောအမူအကျင့်များ
ဘာသာပြန်ဆောင်းပါး ၃၁-၁-၂ဝ၁၈
လူရည်လည်တဲ့လူတွေ၊ ထက်မြက်တဲ့လူတွေမှာ သူများနဲ့မတူ၊ တစ်မူထူးခြားတဲ့ သဘောထားအမြင်တွေ၊ အယူအဆတွေရှိကြသလို နည်းနည်းထူးဆန်းပြီး နည်းနည်းလဲ ကြောင်တယ်လို့ ယူဆရတဲ့ အကြိုက်တွေ၊မကြိုက်တွေရှိတာကိုတွေ့ရပါတယ်။ သင်နဲ့ ဘယ်လောက် တိုက်ဆိုင်သလဲဆိုတာ လေ့လာကြည့်ပါ။
ရှုပ်ပွနေတဲ့ အလုပ်စားပွဲ။ 
လည်ဝယ်ထက်မြက်တဲ့ သူတွေဟာ အတွေ့အကြုံရှိပါတယ်။ အခြေအနေ အသစ်တွေနဲ့ လိုက်လျောညီထွေမှု ရှိအောင် နေတတ်ကြပါတယ်။ ရုပ်လုံးပေါ် မဟုတ်တဲ့ သဘောတရား အဆင့်မှာပဲရှိတဲ့ ထင်မြင်ယူဆချက်တွေကို နားလည်နိုင်ပါတယ်။ သူ့ပတ်ဝန်းကျင်ကို သူ့အသိပညာနဲ့နိုင်နင်း စွာကိုင်တွယ်နိုင်ပါတယ်။ အဲဒီလို အရည်အချင်းမျိုးတွေရှိဖို့ ထိုးထွင်းဥာဏ်၊ သင်ယူနိုင်စွမ်း၊ မှတ်ဥာဏ်၊ ဆင်ခြင်တုံတရား၊ ပြဿနာ ဖြေရှင်းနိုင်စွမ်းစတဲ့ အခြေခံ ကိုယ်စွမ်းကိုယ်စ တွေလိုပါတယ်။ အဲဒီလိုလူတွေရဲ့ အလုပ်စားပွဲဟာ သန့်ရှင်းသပ်ရပ်မနေဘဲ အမြဲရှုပ်ပွနေလေ့ ရှိပါတယ်။
ညဥ့်နက်သည်အထိ အလုပ်လုပ်ကြပါတယ်။ 
လူဆိုတာ ညအိပ်တဲ့အမျိုးပါ။ ပြီးတော့ ညဆိုတာ အမှောင်အမိုက်နဲ့ဆိုတော့ အန္တရာယ်များပါတယ်။ အန္တရာယ်ကိုအန်တုပြီး အိပ်ချိန်မှာမအိပ်ဘဲ အလုပ်လုပ်နေတာကိုက စွန့်စားရတဲ့ အရသာတစ်မျိုးဆိုတာ ကျောက်ခေတ်ကတည်းက ကမ္ဘာဦးလူသားတွေ ကျင့်သုံးခဲ့ကြတဲ့ အလေ့အကျင့်တစ်ခုပါ။လည်ဝယ် ထက်မြက်သူတွေလဲ စောစောအိပ်တယ် တော့မရှိပါဘူး။ တစ်ညလုံး ဂိမ်းကစား၊ ဘောပွဲကြည့်တာမျိုးလဲ မဟုတ်ပါဘူး။ မိုးချုပ်လေ၊ ကြည်လင် လန်းဆန်းလေ၊ အလုပ်ပိုလုပ်လေပါ။ ကျန်းမာရေးရှုထောင့်က နေတော့ မကောင်းဘူးပေါ့။
ဆဲရင်ပျစ်ပျစ်နှစ်နှစ်ဆဲကြပါတယ်။ 
ဒီအတိုင်းဆိုရင်တော့ ဆဲတယ်ဆိုတာ ဥာဏ်ရည်နိမ့်ကျတဲ့ သဘောပါ။ အခြေအနေ တစ်ခုကြောင့် ခံစားလိုက်ရတာကိုပုံဖော်ဖို့ စကားလုံးရွေးမရရင် လူတွေကဆဲလေ့ ရှိပါတယ်။ ပြင်းထန်တဲ့အသံနဲ့ ဆဲထုတ်ပစ်လိုက်ခြင်း အားဖြင့် ရင်ထဲကမကျေနပ်မှုတွေကို ဖွင့်ထုတ်ကြတာ ဖြစ်ပါတယ်။ လည်ဝယ်ထက်မြက်သူတွေကလဲ အလိုမကျရင် ဆဲပါတယ်။ ဆဲတာမှ ပျစ်ပျစ်နှစ်နှစ်ဆဲတာပါ။ လိင်စကားလုံးတွေကို ပဲသုံးတာမဟုတ်ဘဲ လူတစ်ဖက်သား သေးကျုံ့လွင့်ပြယ်သွားအောင် ထိထိရောက်ရောက် ဆဲတတ်ကြပါတယ်။ စိတ်ပညာရှင်များရဲ့ အလိုအရ စကားလုံးကြွယ်ဝစွာ နဲ့ဆဲတတ်ခြင်းဟာလဲ လည်ဝယ်ထက်မြက်သူတွေရဲ့ အရည်အချင်းတစ်ရပ်ပဲလို့ သိရပါတယ်။
ရေအေးနဲ့ ရေချိုးကြပါတယ်။ 
ရေအေးနဲ့ ရေချိုးတာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပါတယ်။ စိတ်ကိုကြည်လင်စေပြီး မှတ်ဥာဏ်ကိုတိုးတက် ကောင်းမွန်စေပါတယ်။ ဒီတော့ ဦးနှောက်ရဲ့ အရည်အသွေးလဲ တိုးတက် ကောင်းမွန်လာတာပေါ့။ လည်ဝယ်ထက်မြက်သူ တွေကျတော့ ခိုက်ခိုက်တုန်အောင် အေးနေတဲ့ဆောင်းတွင်း တွေမှာပါ ရေအေးနဲ့ချိုးဖို့ပဲ ရွေးချယ်ကြပါတယ်။ စွန့်စားရတာ၊ သူများမလုပ်ရဲတာ လုပ်ရတာကို ဝါသနာပါကြ သူတွေပေါ့။ အစာဝါးစားသံကို မခံနိုင်ကြဘူး၊ စိတ်ဆိုးကြပါတယ်။ သူတို့ဘေးနား တစ်ခုခုကို တကျွတ်ကျွတ်ဝါးတာ။ နေကြာစေ့ထိုင်စားတာ၊ ပီကေဝါးတာ အစရှိတာတွေကို မခံနိုင်ကြပါဘူး။ သိပ္ပံစမ်းသပ်မှုများအရ ဖန်တီးမှု စွမ်းရည် မြင့်မားသူတို့ဟာ အရာရာအားလုံးကို စူးစူးစိုက်စိုက်အာရုံ ထားကြလေတော့ အသံသေးသေးမွှားမွှား လေးတွေကြားရင်ကို မနေတတ်ဘဲ အာရုံက အပြည့်အဝ တုံ့ပြန်တဲ့အတွက် အဲဒီလိုတကျွတ်ကျွတ်၊ တဂျစ်ဂျစ်အသံ တွေကြားရင် လုံးဝမနေနိုင်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့ တောင်ခြစ်မြောက်ခြစ် ရေးနေတတ်ကြပါတယ်။ 
လုပ်စရာကိစ္စတွေကို To-do List ချရေးတတ်ကြတယ်။ အစီအစဉ်တွေ ရေးဆွဲရင် စာရွက်ခဲတံနဲ့ ဟိုခြစ်ဒီခြစ်လုပ်ကြတယ်။ တကယ်တော့ ဘာမှအာရုံမစိုက်ဘဲ ခေါင်းထဲပေါ်လာတာကို ချချရေးတာဟာ မှတ်ဥာဏ်ကို တိုးတက် ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတစ်ရပ် ဖြစ်ပါတယ်။ လူ့ဦးနှောက်ဟာ တစ်နေ့တာ ကျက်မှတ်ထားတာရဲ့ ၈ဝ ရာခိုင်နှုန်းကို ပြန်မေ့လျော့ သွားလေ့ရှိပါတယ်။ တောင်ခြစ်မြောက်ခြစ် သမားတွေကျတော့ ၂၉ ရာခိုင်နှုန်းအထိ မှတ်မိတာကို တွေ့ရပါတယ်။
သူတို့ကိုသူတို့ ဝေဖန်ပါတယ်။ 
အရည်အချင်းမရှိတဲ့ လူတွေက သူတို့ကိုသူတို့ ပြန်ဝေဖန်ဖို့လဲ အရည်အချင်းမရှိကြပါဘူး။ ကိုယ်လုပ်တာမှားတယ်၊ မှန်တယ်ဆိုတာ ကိုယ်တိုင်ဝေဖန် သုံးသပ်နိုင်သူတွေဟာ လည်ဝယ်ထက်မြက်သူများ ဖြစ်ကြပါတယ်။
သူတို့စိတ်ကူးယဉ်ကြပါတယ်။ အဆိုးကိုပဲတွေးနေမယ်၊ စိတ်မချမ်းသာစရာတွေကိုပဲ စဉ်းစားနေမယ်ဆိုရင် ဦးနှောက်ဟာ တုံးသည်ထက်တုံးသွား လေ့ရှိပါတယ်။ ပျော်စရာတွေ၊ ကြည်နူးစရာတွေကို စိတ်ကူးယဉ်ပေးခြင်းဖြင့် ဦးနှောက်ဟာ ပြန်လည်အားပြည့် လန်းဆန်း လာလေ့ရှိပါတယ်။
တစ်ယောက်ထဲ စကားပြောတတ်ကြပါတယ်။ ဒါဟာ ရူးသွပ်မှုလို့မမြင်ပါနဲ့။ စဉ်းစားတွေးတောနိုင်စွမ်း မြင့်မားတာ၊ မှတ်ဥာဏ်ကောင်းမွန်တာ၊ ထိုးထွင်းသိမြင်နိုင်အား ကောင်းတာတွေ ဖြစ်ပါတယ်လို့ လည်ဝယ်ထက်မြက်သူတွေရဲ့ ထူးထူးဆန်းဆန်း အမူအကျင့်တွေကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)
#Yadanarpondaily
Tuesday, October 17, 2017
အဖေ၊ အမေမှသည် အဘိုးကြီး၊ အဘွားကြီး ဖြစ်လာသောအခါ...
ဘာသာပြန်ဆောင်းပါး ၁၇-၁၀-၂၀၁၇
လူဆိုတာ အသက်ကြီးလာတဲ့အခါ အသွင်နှစ်မျိုး ကွဲသွားပါတယ်။ တစ်မျိုးက မိသားစုအရေး ကိစ္စကိုစိတ်မဝင်စားတော့ဘဲ အေးအေးပဲ နေချင်တော့တယ်ဆိုတဲ့ အသွင်ဖြစ်ပြီး နောက်တစ်မျိုးကတော့ ကိုယ့်ရှေ့ဖြတ်လျှောက် သွားသမျှ လူတိုင်းကို သည်းညည်းမခံ နိုင်တော့အောင်၊ အာခေါင်ခြစ်ပြီး အော်ငိုချင်လောက်အောင် အမေးအမြန်းထူ၊ အပြောအဆိုရှည်လျား တတ်ပြီးမိသားစုအရေး ကိစ္စတွေမှာလဲ အလွန်စပ်စပ်စုစု သိချင်တဲ့အသွင်ဖြစ်ပါတယ်။
အချို့သက်ကြီး ရွယ်အိုတွေကလဲ တစ်သက်လုံးစနစ်တကျ ရှာဖွေစုဆောင်း ခဲ့ကြလေတော့ အိုဇာတာကောင်းပြီး ပေးနိုင်ကျွေးနိုင်သေးလို့ သားသမီး၊ မြေးမြစ်၊ ချွေးမ အစရှိသူတို့ရဲ့ ရိုသေလေးစားမှုကို ခံရသလို အချို့မှာလဲ အိုကြီးအိုမရောက်လေ လက်ထဲ ခြူးတစ်ပြားမကျန်လေဖြစ်ပြီး သားသမီးတွေ ထားရာနေ၊ ကျွေးတာစားရတဲ့ဘဝကို ရောက်သွား တတ်ကြပါတယ်။
နောက်တစ်မျိုး ပြန်ကြည့်မယ်ဆိုရင် အချို့က ကျန်းမာရေး ကောင်းမွန်ကြပြီး အချို့ကျတော့ ဘေးကနေ စောင့်ရှောက်ပေးမယ့်သူ မှမရှိရင်နာရီပိုင်းလေးတောင် ကိုယ်တိုင်မနေနိုင် ကြတော့တာတွေလဲ ရှိပြန်ပါတယ်။
ဒီလိုသက်ကြီးရွယ်အိုတွေနဲ့ တစ်အိမ်တည်း အတူနေရရင်ဖြစ်စေ၊ သူတို့ဆီကို အလည်အပတ် သွားရရင်ဖြစ်စေ၊ အခါကြီးရက်ကြီးတွေကို ရောက်လာရင်ဖြစ်စေ၊ နေ့စဉ်ဖြစ်စေ၊ တွေ့စဉ်ခဏမှာဖြစ်စေ ဘယ် လိုဆက်ဆံသင့် သလဲဆိုတာ အခုခေတ်လူငယ်တွေ သိဖို့လိုအပ်လာပြီလို့ ယုံကြည်ရပါတယ်။
စိတ်ရှည်ပေးပါ။ သက်ကြီးပိုင်းကို ရောက်လာလို့ ဘယ်လိုအသွင်ကိုပဲ ရောက်ရောက် မိဘဟာ မိဘပါပဲ။ အဘိုးအဘွားဟာ အဘိုးအဘွားပါပဲ။ တစ်ချိန်က သူတို့ကို အားကိုးတကြီးဖက်တွယ် ငိုယိုခဲ့မိတာတွေကို မမေ့သင့်ပါဘူး။ဘဝရဲ့နောက်ဆုံးအဆင့်ကို သိပ်မလှုပ်ရှားနိုင်တော့တဲ့ ခန္ဓာကိုယ်တွေနဲ့ ချည့်နဲ့စွာ ဖြတ်သန်းနေရတဲ့ သူတို့ကို ဆက်ဆံတဲ့အခါ အလိုအပ်ဆုံးအရာက စိတ်ရှည်သည်းခံခြင်း ဖြစ်ပါတယ်။
မှန်ပါတယ်။ ဘာတွေမေးမှန်းလဲမသိ၊ ဘာတွေပြောမှန်းလဲမသိ၊ မလိုအပ်ဘဲ နှိုက်နှိုက်ချွတ်ချွတ်မေး၊ မလိုအပ်ဘဲ စိတ်တွေဆိုး၊သူတို့ ငယ်ငယ်တုန်းက ကိစ္စတွေကို ထပ်တလဲလဲပြော၊ အဆိုးဆုံးကတော့ အတင်းဆုံးမ နေတတ် တာတွေပေါ့။ဒါ လူငယ်တွေရဲ့အမြင်လေ။ သက်ကြီးရွယ်အို တစ်ယောက်အတွက်တော့ သူကျန်းမာနေသေးတယ်၊ သူအသက်ရှင် သန်နေသေးတယ်၊ သူ့ဘဝမှာ မျှော်လင့်ချက် ရှိနေသေးတယ်၊ ဒီမိသားစုအတွက်၊ လူတွေအတွက်
သူတစ်ခုခု လုပ်ပေးခဲ့ချင်သေးတယ် ဆိုတဲ့စိတ်စေတနာပေါ့။ ဒါကြောင့် မိဘ၊ အဘိုးအဘွားတွေပေါ် စိတ်ရှည်ပါ။ သူတို့ရဲ့ချည့်နဲ့ နေတဲ့နှလုံးသားကို ကျင်ခနဲနာကျင်စေမယ့် လေးပင်လှတဲ့ စကားလုံးကြမ်းတွေ မသုံးပါနဲ့။ သူတို့ရဲ့ မှုန်ဝါးနေတဲ့ မျက်ဝန်းတွေထဲကို ရက်စက်လွန်းတဲ့ ကိုယ်နှုတ် အမူအရာတွေ မထည့်ပါနဲ့။ သူတို့ကို ကလေးတစ်ယောက်ကို အလိုလိုက်သလိုမျိုး စိတ်ရှည်ပေးပါ။ ကလေးတစ်ယောက်ကို ထိန်းသလိုပဲ မဟုတ်တာတွေကို မဟုတ်တဲ့ အကြောင်း စိတ်ရှည်ရှည်နဲ့ ရှင်းပြပါ။ မအော်ပါနဲ့၊ မငေါက်ပါနဲ့၊ ဆောင့်ကြီးအောင့်ကြီး မလုပ်ပါနဲ့။ အရမ်းစိတ်နာဖို့ ကောင်းပါတယ်။ သူတို့ဝမ်းနည်းရပါတယ်။ လိုအပ်ရင် သူတို့အတွက် အစောင့်အရှောက် ငှားပေးပါ။ 
လူသားတစ်ယောက် အနေနဲ့ ကိုယ်တိုင်သွားလာ လှုပ်ရှားနိုင်ခြင်းဆိုတဲ့ လွတ်လပ်မှုကို မစွန့်လွှတ်ချင်ပါဘူး။ ဒါကြောင့် အသက်ကြီးလာတဲ့ အဖေ၊အမေက ငြင်းမှာပါပဲ။ မလိုဘူးပေါ့။ သူမလိုဘူးဆိုတာကို ဘယ်လောက်အားနဲ့ ပြောသလဲ ကြည့်လိုက်ပါ။ အဲဒီအားလောက်ကို လိုအပ်ချက် ရှိပါတယ်။
အိမ်တွင်း စောင့်ရှောက်မှုကို လုပ်ပေးပါ။ လူတစ်ယောက် အမြဲမထားနိုင်ရင်လဲ အိပ်ရာခေါက်၊ သန့်ရှင်းရေးလုပ်ပြီးရင် ပြန်မယ့်လူထားပါ။ ဒါမှမဟုတ် အချိန်ပိုင်း အဖော်လာလုပ်ပေးမယ့် လူတစ်ယောက် ငှားပါ။ အဲဒီလူက မှန်မှန်သွားလည်မယ်၊ စကားပြောပေးမယ်။ နားထောင်ပေးမယ်။ အားကစားအတူ လုပ်ပေးမယ်။ ဆံပင်၊လက်သည်း ညှပ်ပေးမယ် အစရှိသည်ဖြင့်ပေါ့။
ဆေးကိစ္စတွေ လုပ်ပေးဖို့ သူနာပြုဆရာမ တစ်ယောက် ပုံမှန်သွားကြည့်ပေး တာမျိုးစီစဉ်ထားပါ။ တစ်ပတ်ကို တစ်ခါဖြစ်ဖြစ်ပေါ့။ လိုအပ်ရင်နေ့တိုင်းပေါ့။ သွေးပေါင်ချိန်မယ်။ ကိုယ်အလေးချိန် ချိန်မယ်။ အစားအစာနဲ့ ပတ်သက်လို့  မှားနေတာတွေ ပြင်ပေးမယ်။ အတူရယ်ပေးမယ်။ ဟုတ်တယ်နော်ဆိုပြီး သဘောတူခြင်းအစချီတဲ့ အပြုသဘောဆောင် ဆွေးနွေးမှုတွေ လုပ်ပေးမယ်ပေါ့။
လက်ဆောင်လေးတွေ ဝယ်ပေးပါ။ လက်ဆောင်ရရင် ဘယ်သူမဆို ပျော်ပါတယ်။ ဘာပေးပေးပါ။ လက်ဆောင်ဆိုတာ ကြားလိုက်ရင် ရေသန့်ဘူးလေး ပေးရင်တောင် ပျော်တာပါပဲ။ မိဘကို၊ အဘိုး၊ အဘွားကို အလျဉ်းသင့်သလို အသီးလက်ဆောင်၊ မုန့်လက်ဆောင်၊ အခွေလက်ဆောင်၊ ဘာပဲဖြစ်ဖြစ်ပါ၊ ပျော်ရွှင်နေအောင် ဝယ်ပေးကြပါ။ အကုန်အကျလဲ များဖို့မလိုဘူးပေါ့။
အိမ်ထဲမှာပဲ နေနေရပြီး အပြင်ကိုလဲ မသွားနိုင်တော့တဲ့ သက်ကြီး အမိနဲ့ အဘဒါမှမဟုတ် အဘိုးနဲ့အဘွားဟာ သင့်အသံ၊သင့်အရိပ်၊ သင့်ကိုယ်နံ့၊ သင့်ခြေသံ၊ သင့်အရာအားလုံးကို ကမ္ဘာကြီးအလား တန်ဖိုးထားရှာပါတယ်။ သူတို့ကို အတတ်နိုင်ဆုံး အဖော်လုပ်ပေးပါ။ ထမင်းအတူစားပေးပါ။ အရေးအကြီးဆုံးကတော့ စိတ်ရှည်ရှည်ထားပြီး သူတို့ကိုနာကျင်စေမယ့် စကားအပြော အဆိုတွေရှောင်ပါလို့ လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)
#Yadanarpondaily
Monday, August 7, 2017
အထီးကျန်မှုက အဝလွန်ခြင်းထက် အသက်ကို ပို၍ တိုစေနိုင်
ဘာသာပြန်ဆောင်းပါး 
အခုနောက်ပိုင်းမှာ ခေတ်စားလာတဲ့ အင်္ဂလိပ်စကားတွဲတစ်ခု ရှိပါတယ်။ Body Shaming ပါ။ လူတစ်ယောက် လူချင်းတွေ့ရင်ဖြစ်စေ၊ လူမှုကွန်ရက်စာ မျက်နှာတစ်ခုခုမှာ ဖြစ်စေ၊ မြင်လိုက်တာနဲ့ ပိန်တယ်၊ ဝတယ်၊ဖြူတယ်၊မည်းတယ်၊ ခေါင်းကြီးတယ်၊ ကိုယ်ငယ်တယ် အစရှိသည်ဖြင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာရှိတဲ့ အပြစ်အနာအဆာတွေကို ထောက်ပြပြီး အရှက်ရအောင် နောက်ပြောင်တာ၊ ဒါမှမဟုတ် တမင်တကာ ထည့်ပြောပြီး အရသာခံ ကြတာမျိုးဖြစ်ပါတယ်။
အဲဒီလို Body Shaming လုပ်လေ့လုပ်ထရှိတဲ့ လူတွေရဲ့ သဘောသဘာဝကို လေ့လာကြည့် လိုက်မယ်ဆိုရင် အထီးကျန်ဆန်တဲ့ သူတွေဖြစ်နေ တတ်တာကို တွေ့ရပါတယ်။ ဒီအတိုင်းအပျော်သဘော နောက်ပြောင်ကျီစယ်
ကြတဲ့သူတွေကို မဆိုလိုပေမယ့် Body Shaming လုပ်တာ အကျင့်ကို ဖြစ်နေတာ၊ လူတစ်ယောက်ကို ကြည့်လိုက်ရင် အပြစ်ဘဲမြင်နေ၊ ပြောနေတတ်သူများဟာ ထူးထူးခြားခြား အထီးကျန်ဆန်စွာ နေထိုင်တတ်သူတွေ ဖြစ်တာကို တွေ့ရပါတယ်။ အထီးကျန်တာနဲ့ တစ်ယောက်ထဲ နေတာနဲ့မတူပါဘူး။ လူတွေကြားထဲမှာလဲ ဘယ်သူနဲ့မှ မသင့်မြတ်ရင် အထီးကျန် နေမှာပါပဲ။ တစ်ယောက်ထဲနေတဲ့ သူဖြစ်နေပေမယ့် အပေါင်းအသင်းများရင် အထီးကျန်မှာ မဟုတ်ပါဘူး။
ဒါဆိုရင် အထီးကျန်တဲ့လူနဲ့ သူအမြဲလှောင်ပြောင် နေတတ်တဲ့ ဝတဲ့သူတွေနဲ့ ဘယ်သူ့မှာ ကျန်းမာရေးအန္တရာယ် ပိုများသလဲဆိုတာ လေ့လာကြည့်ရအောင်။
တကယ်တော့ ဗိုက်ကလေး နည်းနည်းရွှဲတာ မပြောနဲ့၊ တစ်ကိုယ်လုံး ဝကစ်နေတာကို လဲထားလိုက်ဦး၊ အဝလွန်သူ စာရင်းဝင်နေတဲ့ လူတစ်ယောက်ထက် အဲဒီအထီးကျန်နေသူမှာ အသက်အန္တရာယ်ကို ဖြစ်စေနိုင်တဲ့ကျန်းမာရေး အားနည်းချက်တွေ ပိုများနေတာကို တွေ့ရတယ်လို့ အမေရိကန် စိတ်ပညာအသင်းက မကြာသေးမီက ကျင်းပခဲ့တဲ့ (၁၂၅) ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံမှာ ဆွေးနွေးသွားခဲ့ပါတယ်။ ဟုတ်ပါတယ်။ အဝလွန်သူထက် သူ့ကို အမြဲ Body Shaming လုပ်နေတဲ့ အထီးကျန်သူကြီးမှာ အသက်တိုနိုင်ခြေ ပိုများနေတာ ဖြစ်ပါတယ်။
လူဆိုတာ အဖော်အပေါင်းနဲ့မှ ရှင်သန်နိုင်တဲ့ သတ္တဝါအမျိုးအစားပါ။ ဒါကြောင့်လဲ Facebook ဆိုတဲ့ လူမှုကွန်ရက်ကို ဒီလောက်စွဲလန်း ကြတာပေါ့။ ကိုယ့်အနားက လူတွေနဲ့ အဆင်မပြေ၊ မခေါ်မပြောချင်သမျှ Facebook ထဲမှာပဲ ကိုယ့် Friend တွေရဲ့ Like တွေ Comment တွေကို တွေကိုကြည့်ရင်း၊ သတင်းလိုလိုအတင်းလိုလို မသေမချာ မရေမရာတွေကို ကြည့်ရင်း၊ အချို့ကလဲ ကိုယ်ဝါသနာပါရာ အချက်အပြုတ်လို Page တွေ၊ Group တွေထဲမှာ မွေ့လျော်ရင်း၊ ကာမဆန္ဒ ဖြေဖျောက်လိုသူများကလဲ အပြာရောင် စာမျက်နှာတွေမှာ နစ်မွန်းရင်းနဲ့ လူလူချင်းထိတွေ့မှုကို ရယူနေကြတာပါ။
မွေးကင်းစကလေးငယ် တွေဆိုရင် မိခင်ဖြစ်သူရဲ့ ရင်ငွေ့ကိုလုံလောက်စွာ မရလျှင် သော်လည်းကောင်း၊ လူသားထိတွေ့မှုနဲ့ ကင်းဝေးနေရင် သော်လည်းကောင်း၊ အသက်ရှင်သန်နိုင်ခြေ နည်းသွားလေ့ ရှိတယ်လို့လဲ ဆေးသိပ္ပံ ပညာက အထောက်အထားနဲ့ ပြထားတာရှိပါတယ်။ ဒါကြောင့်လဲ လူတစ်ယောက်ကို အပြစ်ပေးချင်ရင် သူ့ကို မခေါ်မပြောဘဲ ထားကြတာပေါ့။ အပြစ်ကြီးလွန်းရင် ထောင်ထဲမှာတောင် တစ်ယောက်ထဲ တိုက်ပိတ်ထားလိုက် တာပေါ့။ ကိုယ့်ကိုယ်ကိုယ် မိသားစုဝင်တွေက ခဏလေးစကား မပြောရင်တောင် သင်ဘယ်လိုခံစားရမလဲ။ ဒါကြောင့်အထီးကျန်နေသူ တစ်ယောက်ဟာ စိတ်ဝေဒနာမျိုးစုံ ခံစားရနိုင်ခြေ အလွန်မြင့်မားနေပြီး အဝလွန်နေသူ တစ်ဦးထက် အသက်တိုနိုင်ခြေ ပိုများနေခြင်း ဖြစ်ပါတယ်။
အမေရိကန် ပြည်ထောင်စုမှာတော့ အထီးကျန်မှုကို ခံစားနေရသူဦးရေဟာ တိုးသည်ထက် တိုးလာနေပါတယ်။ အသက် ၄၅ နှစ် နောက်ပိုင်းအရွယ်မှာ အထီးကျန်ဆန်စွာ နေရသူဦးရေဟာ ၄၂ဒသမ ၆ သန်းထက် မနည်းရှိနေ ပါတယ်။ ပိုဆိုးတာက အခု နောက်ဆုံးကောက်ထားတဲ့ သန်းခေါင်စာရင်းအရ အမေရိကန်လူဦးရေရဲ့ လေးပုံတစ်ပုံဟာ တစ်ကိုယ်ရေထဲနေသူ တွေဖြစ်နေပါတယ်။ အခုတော့ မိမိရွေးချယ်မှုနဲ့ တစ်ကိုယ်ရေထဲ နေတာပေါ့။ မကြာပါဘူး။ အထီးကျန် စိတ်ဝေဒနာကို ခံစားလာကြရမှာပါ။ ပြီးတော့လူဦးရေရဲ့ထက်ဝက်ကျော်က လက်မထပ်ဖို့ ရွေးချယ်ထားပါတယ်။ တစ်ခါ လက်ထပ်ပြန်ရင်လဲ ကလေးမယူချင် ကြတော့ပါဘူး။ ကလေးယူပြန်ရင်လဲ ဘာအကြောင်း ပြချက်မှမရှိဘဲ ကလေးတစ်ယောက်ပဲယူမယ် ပြောကြပြန်ပါတယ်။
ဒီရေစီးကြောင်းရဲ့ စီးမျောရာဟာ အထီးကျန်ပင်လယ်ထဲကို ပဲဖြစ်ပါတယ်။ ကြာလာရင် ကမ္ဘာကြီးပေါ်မှာ အထီးကျန်စိတ်ဝေဒနာ ခံစားရသူဦးရေများ သည်ထက်များလာမှာပါ။ အထီးကျန်တယ်ဆိုတာ စိတ်ဝေဒနာအဆင့်
ကိုရောက်ပြီလား မရောက်သေးဘူးလားဆိုတာ အလွယ်တကူမသိနိုင်သလို သိတယ်ထားဦး၊ ဆေးကုဖို့လိုမလား၊ မလိုဘူးလားဆိုတဲ့ ဇဝေဇဝါဖြစ်၊ ဝေခွဲမရမှုအောက်မှာ မွန်းကျပ်တစ်ဆို့စွာ အသက်ရှူနေရမယ့် အမှောင်ထဲက လူတွေဟာ ဘယ်လိုလုပ်ပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နေကြတဲ့ လူဝကြီးတွေထက် အသက်ရှည် နိုင်မှာလဲလေ။ 
လူတွေက မေးကြတယ်။ ဝလာတာရဲ့ ကျန်းမာရေးအကျိုးကျေးဇူး တစ်ခုလောက်ကို ပြောပြပါတ။ဲ့ ဝလာလို့ ကျန်းမာရေး ပိုကောင်း လာတယ်လို့တော့ မပြောမိခဲ့ပါဘူး။ ဒါပေမဲ့မဝဘူးဆိုတိုင်းလဲ ကျန်းမာသွား ရောလားလို့တော့ ပြန်မေးချင်ပါတယ်။ ဝတာထက်မဝတာတော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့အသက်ရ လာတာနဲ့အမျှ အလုပ်ကိစ္စနဲ့ နေထိုင်မှုပုံစံတို့ကြောင့် ကျား၊မ မရွေးနည်းနည်း တော့ဝလာကြတာ ထုံးစံလိုဖြစ်နေပါတယ်။အဲဒါကို ပျော်ရွှင်စွာ အားကစားလုပ်၊ အစားရှောင်ပြီး အလိုက်တသင့် နေသွားရင် လူ့ဘဝကို သက်တမ်းစေ့နေရနိုင် ပါသေးတယ်။
မြင်မြင်သမျှလူတွေကို Body Shaming လိုက်လုပ်နေကြတဲ့ အထီးကျန်နေသူများ အတွက်တော့ စိတ်ကိုပြင်နိုင်မှ၊ လူတွေနဲ့ သင့်တင့်လျောက်ပတ်စွာ ပြောဆိုဆက်ဆံ တတ်ပါမှ တော်ခါကျမယ်လို့ လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။
ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)
#Yadanarpondaily
Wednesday, July 26, 2017
အာရှတစ်ဝန်း လူဦးရေ ၁၃၇ သန်း ထက်မနည်း ရေဘေးနှင့် ကြုံတွေ့နေ
ဘာသာပြန်ဆောင်းပါး
ရာသီဥတုပြောင်းလဲမှုရဲ့ ခါးသီးလှတဲ့ ဆိုးကျိုးကို ကမ္ဘာ့နိုင်ငံအသီးသီးက အမျိုးမျိုးခံစား နေရပါတယ်။ မိုးလေဝသ ဖောက်ပြန် ပြောင်းလဲမှုကြောင့် မုန်တိုင်းတွေဆိုတာ တစ်ခါမှမကြုံဖူးတဲ့ ပုံစံနဲ့ဖြစ်ပေါ် တိုက်ခတ်နေတဲ့ အတွက် အခုဆိုရင် အာရှမှာ လူဦးရေ ၁၃၇သန်းထက်မနည်းဟာ ရေဘေးနဲ့ကြုံတွေ့နေရပါတယ်။
ဒီပုံစံအတိုင်းဆိုရင် လာမယ့်နှစ် ၃ဝ အတွင်းအာရှမှာ မိုးရေချိန်ဟာ ဒီထက်မြင့်တက် လာပါလိမ့်မယ်။ ခန့်မှန်းခြေ အားဖြင့် ၂ဝရာခိုင်နှုန်းထက် မနည်းမြင့် တက်လာမယ့် မိုးရေချိန်ကြောင့် အာရှတစ်ဝန်း ရေကြီးရေလျှံမှုကလဲ အခုထက် ပိုဆိုးလာဖို့ပဲ ရှိတယ်လို့ နားလည်တတ်ကျွမ်းသူများက ခန့်မှန်းချက်ထုတ်ပြန် ထားပါတယ်။
တောင်အာရှဟာ တစ်နှစ်ကို မိုးရေချိန် မီလီမီတာ ၁ဝဝဝ ထက်မနည်းရှိတဲ့အတွက် အာရှတိုက်ကြီး တစ်ခုလုံးမှာ မိုးရေချိန်အများဆုံး ဖြစ်နေသလို ကမ္ဘာတစ်ဝန်းမှာလဲ အစိုစွတ်ဆုံးဒေသကြီး တွေထဲမှာ ပါဝင်နေပါတယ်။ ဒီတော့အာရှသာမက ပစိဖိတ်ဒေသပါ ပေါင်းလိုက်ရင် တောင်အာရှမှာ မိုးရွာသွန်းမှု အများဆုံးနဲ့ ရေကြီးရေလျှံမှုအမြင့်ဆုံး ဖြစ်နေပြီး အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နဲ့ တရုတ်နိုင်ငံ သုံးနိုင်ငံပေါင်း ရေဘေးဒုက္ခသည် ဦးရေ ၁၃၇ သန်း ထက်မနည်း ရှိနေရခြင်း ဖြစ်ပါတယ်။
တစ်နှစ်ထက်တစ်နှစ်ပိုပြီး မိုးရေချိန် မြင့်မားလာတာနဲ့အတူ မကြုံစဖူး ပြင်းထန်လှတဲ့ မုန်တိုင်းတွေလဲ အရေအတွက်တိုးလာ တာတွေကြောင့် တောင်အာရှနိုင်ငံတွေရဲ့ ရေနုတ်စနစ်က မနိုင်တော့ပါဘူး။ ဒါ့ပြင် မြို့ပြ တည်ဆောက်ခဲ့ စဉ်ကစနစ်ကျ ကောင်းခဲ့နိုင်ပေမယ့် မြို့ပြကိုချဲ့ ထွင်ခဲ့တဲ့ အချိန်မှာတော့ အားနည်းခဲ့တဲ့အတွက် အရင်ကရေနုတ်စနစ်နဲ့ မြို့အခြေအနေနဲ့ ကိုက်ညီခဲ့ကောင်း ကိုက်ညီနိုင်ခဲ့ပေမယ့် အခုချိန်မှာတော့ ဝန်နဲ့အားနဲ့မမျှတော့တဲ့အတွက် လမ်းကနေရပ်ကွက်၊ ရပ်ကွက်ကနေ မြို့၊မြို့ကနေ တစ်ပြည်နယ်လုံး၊ တစ်နိုင်ငံလုံးဆိုသလိုမျိုး ရေကြီးရေလျှံတဲ့ အခြေအနေလဲ မြင့်တက်လာခဲ့ခြင်း ဖြစ်ပါတယ်။
သဘာဝကြီးကလဲ ဖောက်ပြန်ပြီး မိုးရေတွေ သွန်ချနေတဲ့ အချိန်မှာ မြို့ကြီးကိုပြောင်းမှ ဘဝတင့်တယ် မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရောက်လာတဲ့ လူပေါင်းသန်းနဲ့ ချီတို့အတွက် အိမ်ခြံမြေရာတွေကို အဆောတလျင် တည်ဆောက် ပေးခဲ့ကြရာမှာ တစ်ချိန်က ရေနုတ်ရာ၊ ရေလှောင်ရာ၊ ရေတားရာ ချိုင့်ဝှမ်းတွေ၊ တောင်တွေ၊ ကွင်းပြင်ကြီးတွေဟာ တိုက်တာ အဆောက်အအုံ တွေနဲ့ ပြည့်နှက် သွားလေတော့ မိုးကောင်းကင် ပြိုဆင်းသလိုရွာ လာတဲ့မိုးရေကို ထိန်းထိန်းသိမ်းသိမ်းနဲ့ စီးဆင်းစေခြင်းငှာ မတတ်စွမ်းကြတော့တာ မဆန်းပါဘူး။
ထူးထူးခြားခြား ၁၉၅ဝ ပြည့်နှစ်ကတည်း ကနေ ဒီနေ့ဒီအချိန်ထိ ကမ္ဘာပေါ်မှာ ရေကြီးရေလျှံမှုကြောင့် လူအသေအပျောက်အများ ဆုံးနိုင်ငံတွေဟာ တောင်အာရှနိုင်ငံ တွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်တို့ပဲဖြစ်နေ တာကိုတွေ့ရ ပါတယ်။ ၁၉၅ဝ ပြည့်နှစ်ကနေ ဒီနေ့အချိန်ထိမှာ ဒီသုံးနိုင်ငံပေါင်း ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ဦးရေဟာလဲ ၂ ဒသမ ၂ သန်းကျော်ပြီ လို့သိရပါတယ်။ ၁၉၅၉ ခုနှစ်တုန်းက တရုတ်နိုင်ငံမှာ ရေကြီးလို့ သူ့တစ်နိုင်ငံထဲ လူ နှစ်သန်းကျော် သေဆုံးခဲ့တာဆိုတော့ ကျန်တဲ့နှစ်နိုင်ငံက သုညဒသမ၂သန်း လောက်ပဲသေဆုံး တယ်လို့ ယူဆနိုင်တာမို့ တရုတ်နိုင်ငံဟာ ရေဘေးဒုက္ခကြောင့် လူသေဆုံးမှု အမြင့်ဆုံးလို့ ပြောလို့ရနေပါတယ်။
ရေကြီးလို့ လူသေဆုံးမှု မြင့်မားတာအပြင် ဆုံးရှုံးမှုတန်ဖိုးကလဲ မနည်းလှပါဘူး။ အာရှတိုက်တစ်ခုထဲမှာ မိုးလေဝသ ဖောက်ပြန်မှုကြောင့် စီးပွားရေးပျက်စီး ဆုံးရှုံးရတဲ့တန်ဖိုးက ကမ္ဘာတစ်ဝန်းလုံးမှာ သဘာဝဘေး အန္တရာယ်တွေ ကြောင့်ဖြစ်ပွားတဲ့ စီးပွားရေးဆုံးရှုံးမှုရဲ့ လေးပုံတစ်ပုံနဲ့ ညီမျှနေပါတယ်။ လွန်ခဲ့တဲ့ ၁ဝနှစ်အတော အတွင်းမှာလဲ တရုတ်၊အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် သုံးနိုင်ငံပေါင်း ရေဘေးကြောင့် သေဆုံးမှုက လူဦးရေ ၁ဝဝဝနဲ့အထက်မှာ နှစ်စဉ် ရှိခဲ့ပါတယ်။ ဆုံးရှုံးပျက်စီးမှု တန်ဖိုးကလဲ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ရှိနေမှာပါ။
ဘာကြောင့် ဒီသုံးနိုင်ငံပဲ ရေဘေးဒဏ်ခံ နေရတာလဲ။ တောင်အာရှနဲ့ အရှေ့အာရှတွေကို ဖြတ်သန်းစီးဆင်းတဲ့ မြစ်ကြီးသုံးခု ကြောင့်ပါ။ ဂင်္ဂါမြစ်၊ ဗြဟ္မပုတ္တရမြစ်နဲ့ ယန်ဇီမြစ်တို့ ဖြစ်ပါတယ်။ မိုးများရင် ဒီမြစ်သုံးစင်း ရေတက်ပါတယ်။ အဲဒီရေတက်ရင် ဖြတ်သန်းရာ လမ်းတစ်လျှောက်က လွင်ပြင်နဲ့ချိုင့်ဝှမ်းတွေထဲ ရေဝင်ပါတယ်။ အဲဒီချိုင့်ဝှမ်းတွေ၊ လွင်ပြင်တွေမှာ နေထိုင်နေသူတွေက အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလုံးရဲ့ လူဦးရေရဲ့ ၅ဝ ရာခိုင်နှုန်းဖြစ်ပြီး လူဦးရေသန်း ၃ဝဝနဲ့ညီမျှပါတယ်။ တရုတ်နိုင်ငံရဲ့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းကလဲ အဲဒီရေလျှံဇုန်ထဲရောက်နေပြီး အရေအတွက်အားဖြင့် သန်း ၂ဝဝ ထက်မနည်းပါဘူး။ ဒီတော့သုံးနိုင်ငံပေါင်း ရေလျှံဇုန်ထဲရောက်နေတဲ့ လူဦးရေဟာ သန်း ၅ဝဝ ထက်မနည်းရှိနေပြီး အဲဒီသန်း ၅ဝဝ ဆိုတာ ကမ္ဘာ့လူဦးရေရဲ့၁၄ ရာခိုင်နှုန်းနဲ့ ညီမျှနေပါတယ်။
ရာသီဥတုပြောင်းလဲမှု၊ မိုးလေဝသ ဖောက်ပြန်မှု၊ မြို့ပြဧရိယာချဲ့ထွင်ရာမှာ ရေနုတ်စနစ် ဆောင်ရွက်မှုကို ညံ့ဖျင်းမှု၊ ပထဝီအနေအထားရဲ့ အားနည်းချက် အစရှိတာတွေကြောင့် နှစ်စဉ်လူသန်းပေါင်းရာနဲ့ချီ ရေဘေးဒုက္ခနဲ့ ပုံမှန်လိုကြုံတွေ့နေရပေမယ့် ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်နိုင်ကြသေးတဲ့ အကြောင်း လေ့လာရေးသား တင်ပြလိုက်ရပါတယ်။
ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)
#yadanarpondaily
Friday, July 7, 2017
ရွေးကောက်ပွဲရဲ့နောက်ကွယ်မှာ ရုရှားရှိခဲ့တယ်လို့ ထင်မြင်ယူဆကြောင်း ထရန့်ပြောကြား
ဘာသာပြန်ဆောင်းပါး 
ပိုလန်နိုင်ငံ ဝါဆောမြို့ကို ရောက်ရှိနေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ၂ဝ၁၆ ရွေးကောက်ပွဲရဲ့ နောက်ကွယ်မှာ ရုရှားရှိခဲ့တယ်လို့ မိမိ ထင်မြင်ယူဆကြောင်း ဒီကနေ့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံ ကလူတွေလဲ ဖြစ်နိုင်တာပဲလို့ ထပ်မံဖြည့်စွက်ခဲ့ပြီး ဘယ်သူမှ သေချာမသိပါ ဘူးလို့ပြောကြား ခဲ့ပါတယ်။
''အဲဒါ ရုရှားဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ အခြားနိုင်ငံတွေကလဲ ဖြစ်နိုင်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဝင်ရောက်စွက်ဖက် ခဲ့တဲ့သူတွေ အတော်များလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်''လို့ ဒေါ်နယ်ထရန့်က ပိုလန်နိုင်ငံသမ္မတ Andrzej Duda နဲ့အတူ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပြီး CNN နဲ့ NBC အပါအဝင် သတင်းမီဒီယာ တွေကိုလဲ ပြစ်တင်ဝေဖန် လိုက်ပါတယ်။
အမေရိကန် ပြည်ထောင်စုရဲ့ ထောက်လှမ်းရေး အသိုင်းအဝိုင်းက ရုရှားပါလို့ပြော တဲ့အကြောင်း အမေးခံရတော့ ထရန့်က အမေရိကန် ထောက်လှမ်းရေးဟာ တစ်ချိန်ကလဲ အီရတ်နိုင်ငံမှာ အစုလိုက် အပြုံလိုက် သေစေနိုင်တဲ့ လက်နက်တွေရှိ တယ်လို့စွပ်စွဲခဲ့ တာပဲဆြိုပီး နှိုင်းယှဉ်ချေပ ခဲ့ပါတယ်။ ရုရှားလဲ ဖြစ်နိုင်သလို အခြားနိုင်ငံက အခြားလူတွေလဲ ဖြစ်နိုင်ကြောင်း၊ ဘယ်သူမှ သေချာမသိကြောင်း ပြောကြားခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။
တစ်ချိန်တုန်းက အီရတ်မှာ လူအစုလိုက် အပြုံလိုက်သေစေနိုင်တဲ့ လက်နက်ရှိတယ်လို့ ဟိုတုန်းက ပြောခဲ့ကြတုန်းက ကျွန်တော်လဲ သေသေချာချာ နားထောင်နေ ခဲ့ပါတယ်။ ထောက်လှမ်းရေး အသိုင်းအဝိုင်းက ပြောတယ်ဆိုတော့ လူတွေကလဲ ၁ဝဝရာခိုင်နှုန်း ယုံကြည်ခဲ့ ကြပါတယ်။ ဒါပေမဲ့ အဲဒီသတင်းကမှားနေခဲ့ပြီး အလုပ်ရှုပ်ထွေးတဲ့ ကိစ္စတွေ ဖြစ်စေခဲ့ပါတယ်လို့ ထရန့်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
ဝါဆောမှာ ထရန့် ဆွေးနွေးခဲ့တဲ့ ထောက်လှမ်းရေး အသိုင်းအဝိုင်းဆိုတာ အိုဘားမားလက်ထက်ကနေ ထရန့်လက်ထက်ထိ အကျုံးဝင်ပါတယ်။ ဒါပေမဲ့ အခုရွေးကောက်ပွဲ နောက်ကွယ်မှာ ရုရှားရှိခဲ့ တယ်လို့ အခိုင်အမာပြော နေတာကတော့ ထရန့်ကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားတဲ့ ထောက်လှမ်းရေးအသိုင်းအဝိုင်းပဲ ဖြစ်ပါတယ်။
ဟုတ်တာ၊ မဟုတ်တာ အခုအချိန်ထိ ဘယ်ဘက်ကမှ အထောက်အထား ခိုင်လုံစွာနဲ့ မပြနိုင်သေးပေမယ့် ဒီအရေးကိစ္စကြောင့် ဝါရှင်တန်မှာ စုံစမ်းစစ်ဆေးမှုတွေ အများကြီးပေါ်ပေါက်ခဲ့ပြီး အိမ်ဖြူတော်ထဲထိ ရောက်လာလို့ ထရန့် တစ်ယောက်အလုပ်ကို လွတ်လပ်စွာ လုပ်မရတော့ဘဲ သူထုတ်ပြန်ချင်တဲ့ အထူးအမိန့်တချို့ကိုတောင် ဆိုင်းငံ့ထားရပါတယ်။
အဲဒီသတင်းစာ ရှင်းလင်းပွဲမှာပဲ ထရန့်က အိုဘားမားကိုလဲ အပြစ်တင်ခဲ့ပါတယ်။ အဲဒီတုန်းက သမ္မတက အိုဘားမားပါ။ ဒီတော့ ရွေးကောက်ပွဲကို ဝင်ရောက်စွက်ဖက်မှုရှိခဲ့ရင် ဟန့်တားဖို့၊ကာကွယ်ဖို့၊ တိုက်ခိုက်ဖို့ တာဝန်ရှိတာ အိုဘားမားပြဲဖစ်တယ်။ ဒါပေမဲ့ အိုဘားမားဟာ သိသိကြီးနဲ့ ဘာဆိုဘာမှ မလုပ်ခဲ့ဘူးလို့ ထရန့်က အတိအလင်းပြစ်တင် ဝေဖန်ခဲ့ပါတယ်။
CIA ရုရှားဝင်မွှေနေပြီလို့ သတင်းပို့ပေမယ့် အိုဘားမားက ဘာမှမလုပ်ခဲ့တာ ဘာကြောင့်လဲ။ အိုဘားမား အကျပ်ရိုက်သွားလို့လို့ ပြောကြတယ်။ ဘာမှ အကျပ်ရိုက်စရာ မမြင်ပါဘူး။ အဲဒီတုန်းက ဟီလာရီကလင်တန် နိုင်မယ်လို့ အိုဘားမားက ထင်နေလို့ အဲဒီကိစ္စကို အရေးမယူတာပေါ့။ သူ့လူရှုံးသွားတော့မှပဲ ရုရှား ဝင်ရောက်စွက်ဖက် ခဲ့တာကို စုံစမ်းစစ်ဆေးရန်ဆိုတဲ့ အမိန့်မျိုးထုတ်တာပါလို့ ထရန့်က ပြောင်ပြောင်တင်းတင်းပဲ ပြောခဲ့ပါတယ်။
ဒါပေမဲ့ အိုဘားမားက တရုတ်နိုင်ငံ ဟန်ကျုံးမြို့မှာ ကျင်းပခဲ့တဲ့ ၂ဝ၁၆ G-20 အစည်းအဝေးမှာ ရုရှားသမ္မတ ပူတင်ကို ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာတွေ သတင်းမှတ်တမ်း၊ ဓာတ်ပုံမှတ်တမ်း တွေရှိနေပါတယ်။ အိုဘားမားက ပူတင်ကို ရပ်တန်းက ရပ်ဖို့၊ မရပ်ရင် ဖြစ်လာမယ့် အကျိုးဆက်က ဆိုးရွားပြင်းထန် လိမ့်မယ်လို့ သတိပေးခဲ့တယ်လို့ နောက်ပိုင်းမှာ ကိုယ်တိုင်ဖွင့်ပြောခဲ့ပါတယ်။ အဲဒီနောက်မှာလဲ အမေရိကန် ပြည်ထောင်စုထဲ ကနေ ရုရှားသံတမန် ၃၅ဦးကို နှင်ထုတ်ခဲ့သလို မေရီလန်းနဲ့ နယူးယောက်ကရုရှားပိုင် ခြံဝင်းတွေကိုလဲ ပိတ်ထားစေခဲ့ပါတယ်။
ဒီတော့ အိုဘားမားဟာ ထရန့် စွပ်စွဲသလို မဟုတ်ဘူးလား၊ ထရန့်ကကော လက်ရှိအစွပ်စွဲ ခံနေရသလို မဟုတ်ဘူးလား၊ ဒါမှမဟုတ် ဟုတ်သလား။ အထူးကောင်စီက စုံစမ်းစစ်ဆေးနေတာ တွေရော ဘယ်ထိခရီး ရောက်နေပြီလဲ၊ ထရန့်တစ်ယောက်ရဲ့ အိမ်ဖြူတော်လဲ အရိပ်မည်းကြီး မိုးထားခံရရာကနေ လွတ်မြောက်မှာလား၊ ဒါမှမဟုတ် ဆိုးရွားတဲ့ အဆုံးသတ်နဲ့ကြုံတွေ့ မှာလားဆိုတာတွေကို ဆက်လက်စောင့်ကြည့် ကြပါဦးစို့လို့ လေ့လာရေးသား တင်ပြ လိုက်ရပါတယ်။
ရတနာပုံနေ့စဉ်သတင်းစာ စာ (၃၁)
#yadanarpondaily
Tuesday, July 4, 2017
အရှေ့အလယ်ပိုင်း ယမ်းပုံအနီး မီးနှင့်ကစားနေသည့် ဒေါ်နယ်ထရမ့်
ဘာသာပြန်ဆောင်းပါး
ကမ္ဘာ့ပထဝီနိုင်ငံရေးတွင် မဟာဗျူဟာအရ အချက်အချာကျလှသည့် အရှေ့အလယ်ပိုင်းဒေသသည် ၂ဝရာစုအစပိုင်းမှ ယနေ့တိုင် အေးချမ်းတည်ငြိမ်၍ သာယာဝပြောသော ကာလဟူ၍မရှိသလောက်ရှားလှသည်။ ၁၉ဝဝ ပြည့်နှစ် လွန်အစောပိုင်း နှစ်များတွင် အော်တိုမန် အင်ပါယာ ပြိုကွဲမှုနှင့်အတူ အရှေ့အလယ်ပိုင်း၌ ယမ်းငွေ့များဝေခဲ့သည်။
ပထမကမ္ဘာစစ် အပြီးတွင် အရှေ့အလယ်ပိုင်းမှ ရေနံစွမ်းအင်၏ အရေးပါမှုကြောင့် အော်တိုမန်အင်ပါယာ လောင်းရိပ်အောက်မှ လွတ်မြောက်လာပြီး မကြာမီမှာပင် ရေနံလိုအပ်နေသော အနောက်အုပ်စု ကိုလိုနီနိုင်ငံများ၏ ကာကွယ် စောင့်ရှောက်မှု အောက်သို့ အာရပ်နိုင်ငံများ ကျရောက်ခဲ့ရပြန်သည်။ ဒုတိယကမ္ဘာစစ်တွင် ရေနံကြောင့် အာဖရိကမြောက်ပိုင်း၌ စစ်တလင်းဖြစ်ခဲ့ရသည်။ ဒုတိယကမ္ဘာ စစ်အပြီးတွင် စစ်အေးတိုက်ပွဲ၏ နောက်ဆက်တွဲ ကိုယ်စား စစ်ပွဲအဖြစ် အာရပ်-အစ္စရေးစစ်ပွဲများ ဖြစ်ခဲ့သည်။ ၁၉၇ဝ ပြည့်နှစ်လွန် နှောင်းပိုင်းနှင့် ၁၉၈ဝ ပြည့် နှစ်များတွင် အီရန်-အီရတ်စစ်ပွဲ ဖြစ်ပွားခဲ့သည်။ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်တွင်လည်း ၁၉၉ဝ ပြည့် နှစ်များတွင် ပင်လယ်ကွေ့ စစ်ပွဲများ ပေါ်ပေါက်လာခဲ့သည်။
ယင်းမှာအရှေ့အလယ်ပိုင်း နိုင်ငံရေးတွင် ပထမဆုံးအကြိမ်အဖြစ် စစ်ရေးအရ မဟာအင်အားကြီး အမေရိကန်နိုင်ငံ ပါဝင်လာခဲ့ခြင်း ဖြစ်၏။သို့သော်ထိုစဉ်က အမေရိကန်၏ မဟာဗျူဟာရည်မှန်းချက်မှာ အရှေ့အလယ်ပိုင်း၌ ရှေ့သို့ ချွန်ထွက်၊ ကျွံထွက်လာမည့် ဒေသတွင်း အင်အားကြီးနိုင်ငံဟူ၍ ရှိမလာစေဘဲ အင်အားပြိုင်နိုင်ငံ အချင်းချင်း(ဆော်ဒီအာရေဗျ၊ အီရတ်၊ အီရန်)အင်အားထိန်းညှိ၍ တည်ငြိမ်သော အခြေအနေကို ရှိမြဲအတိုင်း ထိန်းထားရန် ဖြစ်သည်။ ထို့ကြောင့် ပင်လယ်ကွေ့ စစ်ပွဲကာလတွင် အီရတ်နိုင်ငံမြို့တော် ဘဂ္ဂဒက်ကိုသိမ်းပိုက်၍ သမ္မတဆက်ဒမ်ဟူစိန်ကို ဖြုတ်ချဖယ်ရှား နိုင်သော်လည်း ထိုစဉ်ကအမေရိကန်သမ္မ တဂျော့ခ်ျဒဗလျူဘုရှ်က ဆက်ဒမ်ကို မဖယ်ရှားဘဲဦးနှိမ် ထိန်းချုပ်မှုသာ ပြုလုပ်ခဲ့သည်။
ဤနည်းအားဖြင့် အရှေ့အလယ်ပိုင်းဒေသကို အနည်းဆုံးအားဖြင့် ဖရိုဖရဲမပြိုကွဲရအောင် ထိန်းထားနိုင်ခဲ့၏။ ဤအခြေအနေကို ပြောင်းပြန် လှန်ပစ်ခဲ့သည်မှာ ၂၁ ရာစုတွင် အာဏာရရှိလာခဲ့သည့် အမေရိကန်သမ္မတ ဂျော့ခ်ျဒဗလျူ ဘုရှ် (ဘုရှ်အငယ်) နှင့် ၎င်း၏နောက်မှ တက်လာသည့် သမ္မတဘားရက်အိုဘားမား တို့ဖြစ်သည်။ သမ္မတနှစ်ဦးကို ခေါင်းတပ်၍ ပြောရသော်လည်း နောက်ကွယ်မှ အဓိကလက်သည်များမှာ ရီပတ်ဘလစ်ကန်ဘက်မှ ရှေးရိုးစွဲ လက် သစ်ဝါဒီ (Neoconservative) အုပ်စုနှင့် ဒီမိုကရက်ဘက်မှ စိတ်ကူးယဉ် လစ်ဘရယ်ဝါဒီ (Liberal Idealist) အုပ်စုတို့ ဖြစ်ကြသည်။ စစ်အေးတိုက်ပွဲအပြီး လက်ဝဲအုပ်စု ပြိုလဲမှုကြောင့် အောင်ပွဲခံ မာန်တက် နေကြသော ယင်းအုပ်စု နှစ်စုသည် မိမိတို့၏ အမြင်ရှုထောင့် အသီးသီးမှ ကမ္ဘာကြီး၏ အနေအထားကို ပုံစံအသစ်ဖြင့် ပြောင်းလဲပစ်လိုကြသည်။ အထူးသဖြင့် ထိုကာလတွင်စစ်ပန်း၍ ယိုင်နဲ့နဲ့ဖြစ်နေသော အရှေ့အလယ်ပိုင်း ဒေသကို ခပ်ပြင်းပြင်းဝင်မွှေလိုက် လျှင်ဒီမိုကရေစီ မဟာအရှေ့အလယ်ပိုင်း ပုံစံသစ်ကို အလွယ်တကူ ပုံသွင်းပေးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြသည်။
ထိုသို့ ယုံကြည်သည့် အတိုင်းလည်း သမ္မတဂျော့ခ်ျဒဗလျူဘုရှ် လက်ထက်တွင်၂ဝဝ၃ ခုနှစ် အီရတ်လွတ်မြောက်ရေး စစ်ပွဲမှစ၍ အရှေ့အလယ်ပိုင်းဒေသကို အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ပုံအောသုံးစွဲကာ ဝင်ရောက် စွက် ဖက်ခဲ့သည်။ ရလဒ်ကား အာဏာရှင်ဆက်ဒမ် လက်ထက်က အတန်အသင့် တည်ငြိမ်ဖွံ့ဖြိုးခဲ့သော အီရတ်သည် ပြာပုံဘဝသို့ ရောက်ရှိသွားခဲ့သည်။ လူများစုရှီးယိုက်နှင့် လူနည်းစုဖြစ်သော်လည်း အစဉ်အလာအရ သြဇာကြီးသည့် ဆွန်နီအုပ်စုတို့ကြား မဆုံးနိုင်သော တိုက်ခိုက်မှုများ ဖြစ်လာခဲ့သည်။
ယင်းတိုက်ခိုက်မှုများမှ ယနေ့လူမုန်းများလှသော အစွန်းရောက် အကြမ်းဖက်အဖွဲ့ ပေါက်ဖွားလာခဲ့သည်။ လူမျိုးရေးလူနည်းစု ကာ့ဒ်များကလည်း တစ်စင်ထောင်၍ ခွဲထွက်ရန်ကြိုးပမ်း ခဲ့ကြသည်။ သမ္မတဘုရှ်အငယ်၏ သက်တမ်း ကုန်ဆုံးသွားချိန်တွင် အီရတ်သည် ပြိုကွဲကျရှုံးလုနီးပါး ဖြစ်နေခဲ့လေသည်။
ဤအခြေအနေကို ၂ဝဝ၉ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနှင့် အတူသမ္မတအိုဘားမားက ဆက်ခံခဲ့ရသည်။ အိုဘားမားလက်ထက်တွင် ၂ဝ၁၁ ခုနှစ်မှစ၍ကမ္ဘာ့ စီးပွားပျက်ကပ်၏ ဘေးထွက်ဆိုးကျိုး ဖြစ်သော အာရပ်နွေဦး လှုပ်ရှားမှုများ ပေါ်ထွက်လာပြန်သည်။ အာဖရိက မြောက်ပိုင်းမှ အစပြုသည့် လူထုအုံကြွမှုများ ဖြင့်အာဏာရှင်နိုင်ငံ ခေါင်းဆောင်များ တစ်ဦးပြီးတစ်ဦး ပြုတ်ကျသွားခဲ့ ကြသောအခါ အိုဘားမား၏ လစ်ဘရယ်ဝါဒီ လက်ထောက်များက အစဉ်အလာအရ မဟာမိတ်ဖွဲ့ခဲ့သော အမေရိကန်၏ မိတ်ဆွေဟောင်းနိုင်ငံ ခေါင်းဆောင်များကို စွန့်ခွာ၍ ဒီမိုကရေစီလှုပ်ရှားမှုဟု ၎င်းတို့ယုံကြည်သော အင်အားစုများဘက်သို့ ကူးပြောင်း ထောက်ခံခဲ့သည်။
အကျိုးဆက်မှာကား အဆိုးဆုံးအခြေအနေတွင် လစ်ဗျားနိုင်ငံ ပျက်သွားသည်။ ဆီးရီးယား၌ ပြည်တွင်းစစ်မှသည် နိုင်ငံတကာပါဝင်သော ပဋိပက္ခတစ်ခု ဖြစ်လာခဲ့သည်။ ယီမင်၌လည်း ထိုနည်းတူပင် ဖြစ်သည်။ အသက်သာဆုံး အနေ အထားဟု ဆိုနိုင်သည့် အီဂျစ်နိုင်ငံ၌ပင် ဒီမိုကရေစီ မျက်နှာဖုံးဖြင့် တက်လာသော ဘာသာရေး အခြေခံဝါဒီများကို စစ်အာဏာ သိမ်းခြင်းဖြင့် ဖြုတ်ချမှု ဖြစ်ပွားခဲ့သေးသည်။
အိုဘားမား၏ သမ္မတသက်တမ်း အဆုံးတွင် ပွဲပျက်နေသော အာဖရိကမြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းမှ ထွက်ပြေးလာကြသော စစ်ပြေးဒုက္ခသည်များမှာ ဥရောပတိုက် အတွင်းသို့ သန်းနှင့်ချီ၍ အလုံးအရင်းဖြင့် ဝင်ရောက် လာခဲ့ ကြသည့် လူဝင်မှုပြဿနာ ကြီးဖြစ်ပေလာခဲ့သည်။ ဘေးထွက်ဆိုးကျိုးအဖြစ် ဥရောပတစ်ဝန်း၌ ဘာသာရေး အခြေခံသော အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဆင့်ကဲ ဖြစ်ပေါ်နေခဲ့သည်မှာ ယနေ့တိုင်အဆုံးမသတ် နိုင်သေးပေ။ ဥရောပနိုင်ငံ ခေါင်းဆောင်များ အတွက်လည်း ယင်းပြဿနာကို အမှန်တကယ် ထိရောက်စွာ ဖြေရှင်းနိုင်မည့် နည်းလမ်းရှိပုံ မရပေ။ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်လိုက်၊ နှုတ်အားဖြင့် ပြစ်တင်ရှုတ်ချလိုက်၊ လုံခြုံရေး တပ်ဖွဲ့များ တိုးချထားလိုက်၊ ခဏကြာလျှင် နောက်တစ်ကြိမ် တိုက်ခိုက်မှုဖြစ်လိုက်နှင့်သာ သံသရာလည်နေသည်။
ဤအနေအထားတွင် သမ္မတဒေါ်နယ်ထရမ့် တက်လာခြင်း ဖြစ်သည်။ အစဉ်အလာနိုင်ငံ အာဏာကို စွဲမြဲစွာဆုပ်ကိုင်ထားသည့် အုပ်စု (Establishment) ကို ဆန့်ကျင်၍ အာဏာရလာသည့် ထရမ့်လက်ထက်တွင် ပြည်တွင်းရေး ရှေးရှု သည့် (Inward Looking) မူဝါဒ၊ရုရှားနှင့် သင့်မြတ်စွာဆက်ဆံလိုသည့် နိုင်ငံခြားရေးဝါဒ၊ ပြည်ပရေးရာများတွင် အင်အားသုံးစွက်ဖက်လိုမှု ထက်သီးခြားရပ်တည် နေထိုင်လိုသည့် မူဝါဒတို့ကို ကျင့်သုံးလိမ့်မည်ဟု မှန်းဆခဲ့ကြသည်။
သို့သော်လည်း အာဏာရပြီး ခြောက်လပင်မပြည့်သေး သောကာလတွင်  ထရမ့်၏လုပ်ရပ်များမှာ အထက်ပါ မှန်းဆချက်များနှင့် ကွာဟသည်ထက် ကွာဟလာသည်ကို တွေ့ရ၏။ ရွေးကောက်ကာလက မဟာမိတ်သဖွယ် ဖြစ်ခဲ့သော ရုရှားနှင့်ထိပ်တိုက် တွေ့လာခဲ့သည်။ ဆီးရီးယားတွင် ရုရှားထောက်ခံ အားပေးသည့် သမ္မတအာဆတ် အစိုးရ၏ လေတပ်စခန်းနှင့် တိုက်ခိုက်ရေး လေယာဉ်တို့ကို တိုက်ခိုက်ပစ်ချမှုများ ပြုလုပ်လာခဲ့သည်။ အရှေ့အလယ်ပိုင်း၌ ကမ္ဘာ့ ရန်ဖြစ်နေသည့် ဆွန်နီအုပ်စုခေါင်းဆောင် ဆော်ဒီအာရေဗျနှင့် ရှီးယိုက်အုပ်စုခေါင်းဆောင် အီရန်တို့ကြားတွင် ဆော်ဒီဘက်မှ သိသိသာသာရပ်တည်ကာ အီရန်နှင့်အမေရိကန် တို့ကြား အိုဘားမားလက်ထက်က ပျိုးထောင်ခဲ့သည့် ဆက်ဆံရေးကို ပြောင်းပြန်လှန်၍ အီရန်အပေါ် ဖိအားပေးလျက် ရှိသည်။ဆော်ဒီိကို အမေရိကန်ဒေါ်လာ ဘီလီယံ ၁၁ဝ တန်ဖိုးရှိ စစ်လက်နက်များ ရောင်းချပေးခြင်းဖြင့် စစ်အင်အား ဖြည့်တင်း ပေးခဲ့သည်။
တခြားတစ်ဖက်၌လည်း ဆော်ဒီအာရေဗျနှင့် အပေါင်းပါ အာရပ်နိုင်ငံတချို့က ပိတ်ဆို့ ဖြတ်တောက်မှုများ ပြုလုပ်ကာ ဖိအားပေးနေသည့် ကာတာကို အမေရိကန်ဒေါ်လာ ၁၂ ဘီလီ ယံတန်ဖိုးရှိ ခေတ်မီတိုက်လေယာဉ်များ ရောင်းချ ပေးခဲ့ခြင်းဖြင့် နှစ်ဖက်ခွ၍ နိုင်ငံရေး ကစားခဲ့ပြန်သည်။ ဤသို့ဖြင့် အရှေ့အလယ်ပိုင်းတွင် ထရမ့်၏နိုင်ငံရေး ကစားကွက်များမှာ ဒေသတွင်း၌ ရှိပြီးဖြစ်နေသည့် ဆီးရီးယားပြည်တွင်းစစ်၊ ယီမင်ပြည်တွင်းစစ်နှင့် ရှီးယိုက်-ဆွန်နီ ပဋိပက္ခ များကို ပြေလျော့ငြိမ်းအေးစေနိုင်မှု မရှိသည့်အပြင် ရှိရင်းစွဲမီးလျှံကို ရေနံလောင်စာ ဖျန်းပေးနေသကဲ့သို့ ရှိကြောင်းတွေ့မြင် ရပေသည်။
ထရမ့်အနေဖြင့် အဘယ်ကြောင့် ထိုကဲ့သို့မီးနှင့်ကစားသည့် လုပ်ရပ်များကို ယမ်းပုံကြီးနှင့်တူသည့် အရှေ့အလယ်ပိုင်းဒေသ၌ လုပ်ဆောင်နေရပါသနည်း။ သာမန်အားဖြင့် စဉ်းစားနိုင်ရန် ခက်လှသည်။ သို့သော်လည်း နိုင်ငံတကာ ဆက်ဆံရေးနှင့် နောက်ကွယ်မှ အကျိုးစီးပွားများ ရှိနေတတ်ပေရာ ယင်းအကျိုးစီးပွားများကို ရှာဖွေလေ့လာခြင်းဖြင့် ထရမ့်၏လုပ်ရပ်များကို နားလည်နိုင်ဖွယ် ရှိသည်။
ပထမအကျိုးစီးပွားမှာ အမေရိကန်ပြည်တွင်း နိုင်ငံရေးအကျိုးစီးပွား ဖြစ်သည်။ ပြည်တွင်း၌ နိုင်ငံရေးအရ ဖိအားအမျိုးမျိုး ဒဏ်ခံနေရသည့် ထရမ့်သည် သူရဲကောင်းဝါဒကို နှစ်သက်ကြလေ့ရှိသော အမေရိကန်လူထု အတွက် အရှေ့ အလယ်ပိုင်းဒေသ၌ လူဆိုးကြီး ပုံဖော်ထားသော အာဆတ်၏လေတပ်ကို ပဲ့ထိန်းဒုံး/ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ပြခြင်းဖြင့် မဟာအမေရိကန် အင်အားကြီးပုံရိပ်ကို ဖော်ဆောင်ပြကာ ပြည်တွင်း ထောက်ခံမှုကို ပြန်လည် တည်ဆောက်ရန် ကြိုးစားခြင်းဖြစ်၏။ ဒုတိယအကျိုးစီးပွားမှာ စီးပွားရေး အကျိုးစီးပွားဖြစ်သည်။ ရေနံသူဌေး နိုင်ငံများဖြစ်သော ဆော်ဒီနှင့်ကာတာတို့ကို ဒေါ်လာဘီလီယံရာနှင့်ချီ တန်ဖိုးရှိသည့် စစ်လက်နက်များ ရောင်းချခြင်းဖြင့် တုံ့နှေးနေသော အမေရိကန်စီးပွားရေးကို ဆွဲတင်ကာပြည်တွင်း အလုပ်အကိုင်များလည်း ဖန်တီးပေးခြင်းဖြစ်သည်။ ကမ္ဘာပေါ်၌လက်နက်အများဆုံး ရောင်းချသောနိုင်ငံဖြစ်သည့် အမေရိကန်အတွက် လက်နက်တင်ပို့ ရောင်းချရသည့် ဝင်ငွေသည်နိုင်ငံ၏ စီးပွားရေးအတွက် များစွာအရေးပါလှသည်။
တတိယအကျိုးစီးပွားမှာ အမေရိကန်၏မွေးစားသားသဖွယ်ဖြစ်သည့် အစ္စရေး၏ အကျိုးစီးပွားဖြစ်သည်။ အရှေ့အလယ်ပိုင်း၌ အစ္စရေးအတွက် အဓိကရန်သူမှာ အီရန်ဖြစ်သည်။ ဆော်ဒီအာရေဗျနှင့် တခြားဆွန်နီအာရပ်နိုင်ငံများမှာ အစ္စရေးနှင့် များစွာသင့် မြတ်လှခြင်း မရှိသော် လည်း အမေရိကန်နှင့်စပ်လျဉ်း၍ မတည့် အတူနေနိုင်သေး သည်။ဖြစ်နိုင်ပါက အရှေ့အလယ်ပိုင်း၌ ရှီးယိုက်အုပ်စု(အီရန်ခေါင်းဆောင်)နှင့် ဆွန်နီအုပ်စု (ဆော်ဒီခေါင်းဆောင်) တို့ အချင်းချင်း မသင့်မမြတ်ဖြစ်ကာ တိုက်ခိုက်နေပါလျှင် အစ္စရေးအတွက် ယာလည်းညက် ကြက်လည်းပန်းကာ အေးအေးချမ်းချမ်း နေနိုင်မည်ဖြစ်သည်။
ဤအချက်က ဆီးရီးယားတွင် ရှီးယိုက်ခေါင်းဆောင် အီရန်က အားပေးထောက်ခံသည့် အာဆတ် အစိုးရကို ထရမ့်က ပစ်မှတ်ထားလာခြင်းနှင့် ယီမင်၌ အီရန်အားပေးထောက် ခံသော ဟူသီသူပုန်များကို တိုက်ခိုက်နေသည့် ဆော်ဒီကို စစ်လက်နက်များ ပုံအောရောင်းချပေး နေခြင်းကို ရှင်းပြနိုင်ဖွယ်ရှိသည်။ ဤကိစ္စတွင် နောက်ကွယ်မှ ထရမ့်၏မိသားစု ဆက်နွှယ်မှုလည်းပါနိုင်သည်။ ထရမ့်၏ ညာလက်ရုံးသဖွယ် အားကိုးရသော သမက်ဖြစ်သူ ဂျာရက်ကုရှ်နာမှာ ဂျူးလူမျိုးဖြစ်ပြီး အမေရိကန်၌ သြဇာကြီး လှသော ဂျူးလော်ဘီအုပ်စု၏ အမာခံတစ်ဦးဖြစ်သည်။
ဤသို့သော အခြေအနေများကို ခြုံငုံသုံးသပ်ကြည့်ပါက ထရမ့်အစိုးရအနေဖြင့်ပြီးခဲ့သည့် အမေရိကန်အစိုးရများနည်းတူအရှေ့ အလယ်ပိုင်းဒေသအရေး ကိစ္စများတွင်နောက်ကွယ်မှ အကျိုးစီးပွားများကြောင့် ဆက်လက်၍ ပါဝင် ပတ်သက် နေဖွယ်ရှိသည်။
အဆုံးအဖြတ် ကိစ္စများတွင် လောင်းကြေးထပ်စွန့်စားတတ်သည့် စီးပွားရေးသမားဗီဇအရ အရဲကိုး လုပ်ဆောင်တတ်သည့်ထရမ့်၏လုပ်ရပ်များသည် တွေးတွေးဆဆလုပ် တတ်သည့် ရှေ့နေ ဗီဇရှိသော အိုဘားမား အုပ်ချုပ်စဉ်က ကာလထက် အရှေ့အလယ်ပိုင်းဒေသ၌ အန္တရာယ်များသော အခြေအနေများပေါ်ပေါက် လာနိုင်ကြောင်း မှန်းဆရသည်။ အထူးသဖြင့် ရှီးယိုက်နှင့် ဆွန်နီအုပ်စုတို့ ကြားတင်းမာမှုများ ပိုမိုမြင့်တက်လာဖွယ်ရှိသည်။ ဆီးရီးယားသမ္မတ အာဆတ်သည်ပင်လျှင် စစ်ရေးပစ်မှတ် တစ်ခုဖြစ်လာနိုင်သည်။ ထို့ပြင်စစ်သွေးကြွနေသော သြဇာထက်လှသည့် ဆော်ဒီအိမ်ရှေ့မင်းသား သစ်၏လက်ထက်တွင် အီရန်နှင့် ဆော်ဒီကြား စစ်ရေးအရ ထိပ်တိုက်တွေ့မှုများပင်ဖြစ်လာ နိုင်ကြောင်း သုံးသပ်ရသည်။
အရှေ့အလယ်ပိုင်းမှ ရှိရင်းစွဲစစ်ပွဲနှင့် ပဋိပက္ခများမှာလည်း အဆုံးသတ်ဖွယ် မရှိသည့်အပြင် ရှီးယိုက်-ဆွန်နီအားပြိုင်မှုနှင့် ရောသမမွှေကာ ပို၍ပင်ဆိုးလာနိုင်သလို ဘာသာရေးအစွန်းရောက် အကြမ်းဖက် လုပ်ရပ်များမှာ လည်း အများထင်သလို အလွယ်တကူ ချုပ်ငြိမ်းဖွယ်မရှိဘဲ ပုံစံအမျိုးမျိုးဖြင့် နေရာဒေသအမျိုးမျိုး၌ တိုးပွားပေါ်ပေါက် လာနိုင်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။
#Yadanarpondaily
Related Posts Plugin for WordPress, Blogger...
တင်ပြီးသမျှ သတင်းများ
Follow on Twitter
Networkblog
FB Like page
Powered By Blogger