www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ကျောင်းပြင်ပ ပညာရေး. Show all posts
Showing posts with label ကျောင်းပြင်ပ ပညာရေး. Show all posts

Friday, March 10, 2017

မြန်မာနိုင်ငံလုံးဆိုင်ရာ သုတစုံလင်ဗုဒ္ဓ၀င်ပြိုင်ပွဲတွင် အခြေခံပညာမူလတန်း နှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်နိုင်



ရန်ကုန် ၊ ၁၀-၃-၂၀၁၇

ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံလုံး ဆိုင်ရာ သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲကို ရန်ကုန်မြို့၌ ကျင်းပသွားမည် ဖြစ်ရာ အခြေခံပညာ မူလတန်းနှင့် အခြေခံပညာ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင် နိုင်ကြောင်း သိရသည်။

''ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ လူကြီး၊ လူငယ် ဘယ်သူမဆို မြတ်ဗုဒ္ဓရဲ့ ဖြစ်စဉ်ဗုဒ္ဓဝင် ကို သေချာသိရှိပြီး သမားရိုးကျ ကိုးကွယ် ယုံကြည်မှုထက် စာရင် အများကြီး အကျိုး ကျေးဇူးတွေ ရရှိစေမယ်။ ဗုဒ္ဓဘာသာရဲ့ အဆုံးအမကို ကောင်းစွာသိရှိ နားလည်လာ စေမယ်။ ဒါကို မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူတွေ ကနေစပြီး သိနိုင်ဖို့ ဒီပြိုင်ပွဲကို ကျင်းပပေးတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျင်းပလာတာ (၆) ကြိမ်မြောက် ရှိပါပြီ'' ဟု သုတစုံလင် ဗုဒ္ဓဝင်အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဆရာတော် အရှင်နန္ဒမာလာ က မိန့်ကြားသည်။

ပြိုင်ပွဲ၏ အမြင့်ဆုံး ရွေးချယ်မှုကို ရန်ကုန်မြို့ရှိ အမျိုးသား ကဇာတ်ရုံ၌ မေ ၅ ရက်တွင် ကျင်းပရန် လျာထားကြောင်း သိရသည်။

ဖြေဆိုမည့်သူများ အနေဖြင့် လျှောက်လွှာများကို ဧပြီ ၃ ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ စာဖြေဌာနများမှ လက်ခံသွားမည် ဖြစ်ကာ ပြိုင်ပွဲဝင် စာဖြေဌာန အဖြစ် မင်္ဂလာကျောင်း သာဓုပရိယတ္တိ စာသင်တိုက် နတ်စင်လမ်း ကြည့်မြင်တိုင်မြို့နယ် ရန်ကုန်တိုင်းဒေသကြီး သို့ လျှောက်ထားရမည် ဖြစ်သည်။ အခြေခံပညာ မူလတန်းအဆင့်ကို ယခုနှစ်တွင် စတင်ထည့်သွင်းခြင်း ဖြစ်ပြီး မူလတန်းအဆင့် (၃/၄/၅ တန်း) အောင်၊ အလယ်တန်းအဆင့် (၆/၇/၈ တန်း) အောင်သူများကို သတ်မှတ်ထားသည်။ တစ်နိုင်ငံလုံး ရေးဖြေစာမေးပွဲကို ဧပြီ ၉ ရက်တွင် အားလုံး ဖြေဆိုရမည် ဖြစ်သည်။

ဖြေဆိုသူ ၁၂ဝ ဦးတွင် ရွေးချယ်ခံ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၆ဝ ဦးခန့် ပေါ်ထွက်လာမည် ဖြစ်ရာ ၄င်းတို့အား မဟာဗုဒ္ဓဝင် ခြောက်တွဲမှ စာအုပ် ရှစ်အုပ်ကို အနီးကပ် သင်ကြားပြီး ၁ဝ ဦးရွေးချယ်မည် ဖြစ်သည်။ ထို ၁ဝ ဦးအား မေ ၅ ရက်တွင် အုပ်စုနှစ်စုခွဲကာ ဗုဒ္ဓဝင်မေးခွန်း များကို အမေး၊ အဖြေ ကဏ္ဍဖြင့် စိစစ်ရွေးချယ်မည် ဖြစ်သည်။ ယင်း ၁ဝ ဦးထဲမှ အကောင်းဆုံး နှစ်ဦးကို ရွေးချယ်မည်ဖြစ်သည်။ ထိုနေ့တွင် နိုင်ငံကျော် အနုပညာရှင် များက ပါဝင်ကာ မေး၊ ဖြေ ဆောင်ရွက်မည် ဖြစ်သည်။

အလယ်တန်း အဆင့်တွင် ပထမဆု ငွေကျပ် သိန်း ၂ဝ နှင့် ရွှေတံဆိပ်တစ်ခု၊ ဒုတိယဆု ငွေကျပ် ၁၅ သိန်း၊ တတိယဆု ငွေကျပ် ၁ဝ သိန်း၊ စတုတ္ထဆု ငွေကျပ် ခြောက်သိန်း၊ ပဉ္စမဆု ငွေကျပ် ငါးသိန်းနှင့် နှစ်သိမ့်ဆုများ၊ မူလတန်းအဆင့် တွင် ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် လေးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း၊ စတုတ္ထဆု ငွေကျပ် နှစ်သိန်းခွဲ၊ ပဉ္စမဆု ငွေကျပ် နှစ်သိန်းနှင့် တခြားဆုများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Wednesday, February 1, 2017

သီတဂူဗုဒ္ဓတက္ကသိုလ် တည်ဆောက်ခြင်း လုပ်ငန်းများကို ဖေဖော်ဝါရီလမှ စတင်၍ စတင် အကောင်အထည်ဖော် ဆောင်ရွက်မည်




စစ်ကိုင်း ၊ ၁-၂-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့တွင် ကျပ်သိန်းပေါင်း တစ်သိန်းခန့် အကုန်အကျခံ၍ သီတဂူဗုဒ္ဓတက္ကသိုလ် တည်ဆောက်သွားမည် ဖြစ်ရာ ယင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ယခုနှစ် ဖေဖော်ဝါရီ လ  ၉ ရက်နေ့တွင် စတင် အကောင်အထည် ဖော်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း IBEC ဆရာတော် ဦးသောဘိတ မှ မိန့်ကြားသည်။

အဆိုပါ ကျွန်းလှမြို့ သီတဂူ ဗုဒ္ဓတက္ကသိုလ် ကို သီတဂူ အဓိပတိ ဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ လမ်းညွန်မှုဖြင့် ငါးကျမ်းပြန် ဆရာတော် ဒေါက်တာ ဓမ္မပိယက ပါမောက္ခချူပ် ပြုလုပ်ပြီး IBEC ဆရာတော် အရှင် သောဘိတ မှ ဦးစီး ဆောင်ရွက်ကာ ကျွန်းလှမြို့ရှိ မြေဧရိယာ ၃၀ ဒသမ ၀၇ ဧက ပေါ်တွင် တည်ဆောက် သွားမည် ဖြစ်သည်။

''ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေး လုပ်ငန်းတွေကို ဖေဖော်ဝါရီ ၉ ရက်နေ့က စတင် လုပ်ဆောင်သွားမယ်၊ ၅ နှစ်အတွင်း အပြီးတည်ဆောက် သွားမယ်၊ အထက်မြန်မာပြည် ဒေသက လမ်းပန်း ဆက်သွယ်ရေး အားဖြင့် နည်းနည်း ခက်ခဲတယ်၊ နောက်တစ်ခုက ဒေသရဲ့ပြည်သူ လူထုတွေ က ပညာရေးအားဖြင့် ပြောရရင် နည်းနည်း နိမ့်ကျ နေသေးတယ် ၊ ဗုဒ္ဓစာပေတစ်ခု ထဲကို သင်ယူရုံနဲ့ မဟုတ်ဘဲ ခေတ်အမြင်ပါ ပေါင်းကူးပြီးတော့ သင်ကြားတဲ့ ပညာရေး စနစ် လိုအပ်လာတယ်၊ ဒါကြောင့် အထက် မြန်မာပြည်မှာ ဗုဒ္ဓရဲ့ ဓမ္မတွေကို အခြေခံတဲ့ နိုင်ငံတကာက လက်ခံနိုင်တဲ့ ပညာရေးစနစ် ကျောင်းတော် တစ်ခုလိုအပ်တယ်၊ အဲနှစ်ခု ပေါင်းကူးသွားတဲ့ ပညာရေးစနစ် ဖော်ဆောင်တာ၊ အဓိက ကတော့ အနာဂတ် ကာလမှာ တိုင်ပြည်ရဲ့ လူသား အရင်းအမြစ်တွေ၊ အဲ လူသား အရင်းအမြင် တွေက အစွန်းရောက်တဲ့ လူသား အရင်းအမြစ် တွေ မဖြစ်ဘဲနဲ့ ဗုဒ္ဓရဲ့ နည်းလမ်းအတိုင်း အလယ်အလတ် လမ်းက သွားနိုင်မဲ့ ပညာတတ် တွေ မွေးထုတ်ပေးဖို့ပါ " ဟု IBEC ဆရာတော် ဦးသောဘိတ မှ မိန့်ကြားသည်။

ယင်း ကျွန်းလှမြို့ ဗုဒ္ဓတက္ကသိုလ် ကြီးအား မြေဧရိယာ ၃၀ ဒသမ ၀၇ ဧက ပေါ်တွင် ယူရိုတ်ပုံစံ တည်ဆောက်သွား မည်ပြီ၊ပေ (၂၈၀×၂၀၀) အကျယ် အဝန်းရှိမည့် ဘွဲ့နှင်းသဘင် ခန်းမဆောင်ပါ သုံးထပ် အဆောက်အဦး တစ်လုံး၊ ပေ (၆၀ × ၈၀) အကျယ်အဝန်း ရှိမည့် နှစ်ထပ် စာသင်ဆောင်၊ နှစ်ထပ် ကျောင်းဆောင် ၁၈ လုံး စသည့် တို့ကို တည်ဆောက် သွားမည်ဖြစ်ပြီး စုစုပေါင်း ကုန်ကျ ငွေမှာ ကျပ်သိန်းပေါင်း ၁ သိန်း ခန့် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း ဆရာတော်မှ မိန့်ကြားသည်။

ထို့သို ကျွန်းလှမြို့ တွင် သီတဂူ ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်သဖြင့် စေတနာရှင် အလှူရှင် များအ နေဖြင့် ဆက်သွယ်လှူဒါန်း လိုပါက ဗုဒ္ဓတက္ကသိုလ် တည်ဆောက်ရေး ကော်မတီ ၀၉ ၄၀၂၆၃၃၄၈၆၊ ၀၉ ၄၀၂၅၆၃၁၁၆ ထံသို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

ဂျပန်နိုင်ငံဝန်ကြီးချုပ် ၏ ဇနီးနှင့်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ


ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ၏ ဇနီး Mrs. Akie Abe နှင့်အဖွဲ့ 
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ်

ရန်ကုန် ၊ ၁-၂-၂၀၁၇

Greater Mekong Initiative ၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ၏ ဇနီး Mrs. Akie Abe နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးမြို့မှ လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာ ကြရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးဟံထွန်း၊ နိုင်ငံခြားရေး ဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်ကေသီစိုး နှင့် တာဝန်ရှိသူ များက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

ဧည့်သည်တော် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာရှင် ဇိုအာဘေး ၏ဇနီးနှင့် အဖွဲ့သည် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ရှိ ကမ္ဘာ့ဗုဒ္ဓဝိပဿနာ ဗိမာန် ကျောင်းတိုက်၊ မင်္ဂလာဒုံ မြို့နယ်ရှိ သုခကာမီ သီလရှင်သင် ပညာရေးကျောင်း၊ ဇလွန်သီလရှင်သင် ပညာရေးကျောင်း၊ ပညာသိင်္ဂီ သီလရှင်သင် ပညာရေးကျောင်း၊ အပမာဒ သီလရှင်သင် ပညာရေးကျောင်း နှင့် ပုညဝိသုဒ္ဓိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တို့သို့ သွားရောက် ကြည့်ရှုလေ့လာ ကြသည်။

ယင်းသို့ သွားရောက် ကြည့်ရှုလေ့လာစဉ် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး ၏ ဇနီးနှင့်အဖွဲ့၊ အလှူရှင်များသည် ပညာရေး စာသင်ကျောင်း တစ်ကျောင်းလျှင် ငွေကျပ် သိန်း ၅ဝ နှင့် ကျောင်းသုံး ပစ္စည်းများ လှူဒါန်းခဲ့ကြသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂)

#Themyawadydaily

Friday, December 30, 2016

စက်မှုသင်တန်းကျောင်းသုံးခု ထပ်မံဖွင့်လှစ်ရန် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ဆွေးနွေးလျက်ရှိ


မကွေးမြို့ရှိ စက်မှုသင်တန်းကျောင်းကို တွေ့ရစဉ်

နေပြည်တော် ၊ ၃၀-၁၂-၂၀၁၆

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စက်မှု သင်တန်းကျောင်း သုံးခု ထပ်မံတိုးချဲ့ ဖွင့်လှစ်နိုင်ရန် နိုင်ငံတကာ အဖွဲ့အစည်း များနှင့် ဆွေးနွေးလျက် ရှိကြောင်း စက်မှုဝန်ကြီး ဌာန သင်တန်းကျောင်းများ ကြီးကြပ်ရေး ဌာန ညွှန်ကြားရေးမှူး ထံမှ သိရသည်။

လက်ရှိတွင် စက်မှုဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာ အရ မန္တလေး၊ ဆင်တဲ၊ သာဂရ၊ ပခုက္ကူ၊ မကွေးနှင့် မြင်းခြံမြို့ တို့၌ နိုင်ငံတကာနှင့် ပူးပေါင်းကာ သင်တန်းကျောင်း ခြောက်ခု ဖွင့်လှစ် ထားကြောင်း သိရသည်။

စက်မှုဝန်ကြီး ဌာနသည် စက်မှု သင်တန်းကျောင်းများ ဖွင့်လှစ်ရာတွင် မြေနေရာ၊ အဆောက်အအုံ စသည့် လိုအပ်ချက်များ ကို ပံ့ပိုးပေးထားပြီး နိုင်ငံတကာ အဖွဲ့အစည်း များကလည်း စက်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများနှင့် နည်းပညာ များကို ပူးပေါင်း ပါဝင်ကူညီ ခဲ့သည်။

ထို့ပြင် စက်မှုနှင့် အသက်မွေး ပညာရပ် များကို သင်ကြားလိုသူ များအနေဖြင့် စက်မှု ဝန်ကြီးဌာန၌ အခမဲ့ ရွေ့လျား သင်တန်းများ တောင်းခံနိုင်ကြောင်း၊ ယင်းအခမဲ့ သင်တန်း များကို အလွယ်တကူ တောင်းခံနိုင်မည် ဖြစ်ပြီး လူဦးရေနှင့် သင်တန်းပေးနိုင်ရန် နေရာရှိပါက ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ အခမဲ့သင်တန်းများ တောင်းခံရာတွင် လူဦးရေ ၂၅ ဦး စုစည်းမှု ရှိရန်လိုပြီး စက်မှုဇုန်များ အတွက် သင်တန်းဖွင့်လှစ် ပေးရန် တောင်းဆိုလို သူများ အနေဖြင့် ဘာသာရပ် ငါးခု၊ ကျေးလက်ဒေသများ အတွက် သင်တန်းတောင်းသူ များအနေဖြင့် ဘာသာရပ်သုံးခု တောင်းခံနိုင်ကြောင်း သိရသည်။

အဆိုပါအခမဲ့ သင်တန်းများကို ရယူလိုပါက စက်မှုဝန်ကြီးဌာန၊ စက်မှုပူးပေါင်း ဆောင်ရွက်ရေး ဦးစီးဌာန ရုံးအမှတ် (၃ဝ) နေပြည်တော်သို့ လိပ်မူ၍ သင်တန်းများ တောင်းခံနိုင်ပြီး ဖုန်း -ဝ၆၇- ၄ဝ၅၁ဝ၁ နှင့် ဝ၆၇- ၄ဝ၅ဝ၅၁ တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် မျက်မမြင်ကျောင်းသား ကျောင်းသူများကို စခန်းသွင်းသင်ကြားပေး


ရန်ကုန် ၊ ၃၀-၁၂-၂၀၁၆

၂ဝ၁၇ ခုနှစ် မတ်လတွင် ကျင်းပမည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဝင်ရောက်ဖြေဆို ကြမည့် မျက်မမြင် ကျောင်းသား၊ ကျောင်းသူ များကို ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၌ စခန်းသွင်းလေ့ကျင့် စောင့်ရှောက်မှုများဖြင့် သင်ကြားပေးလျက် ရှိကြောင်း အဆိုပါကျောင်း ကျောင်းအုပ်ကြီး ဒေါ်စုစုမာ ထံမှ သိရသည်။

အဆိုပါ မျက်မမြင်ကျောင်း၌ တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် မျက်မမြင် ကျောင်းသား လေးဦး၊ ကျောင်းသူ သုံးဦး စုစုပေါင်း ခုနစ်ဦး ရှိပြီး ဒီဇင်ဘာလဆန်း ကတည်းက စတင်ကာ စာမေးပွဲဖြေဆိုသည့် ကာလအထိ စခန်းသွင်း လေ့ကျင့်မှုများဖြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''စာမေးပွဲဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေ အာဟာရမျှတစွာ ရရှိဖို့ရယ်၊ စာမေးပွဲမှာ အကောင်းဆုံးဖြေဆို နိုင်ဖို့ကို ဒီဇင်ဘာ ၁ ရက် ကတည်းကစပြီး စာမေးပွဲဖြေချိန် အထိ စခန်းသွင်းပြီးတော့ လေ့ကျင့်ပေးပါတယ်။ စာမေးပွဲဖြေမယ့် ကျောင်းသား၊ ကျောင်းသူတွေ အတွက် အဖွဲ့ဝင်ခုနစ်ဦးနဲ့ ဖွဲ့စည်းထားတဲ့ ကြီးကြပ် ပြင်ဆင်ရေးအဖွဲ့ ကနေ လိုအပ်တဲ့ အနီးကပ် စောင့်ရှောက် သင်ကြားမှုတွေနဲ့ လုပ်ဆောင်နေပါတယ်။ ဒီကလေး တွေထဲမှာ ဂုဏ်ထူးမှန်းထားတဲ့ ကလေးတွေလည်း ပါဝင်ပါတယ်'' ဟု ဒေါ်စုစုမာ ကပြောသည်။

ယင်းကျောင်း၌ လုံးဝမမြင်သူ များနှင့် အနည်းအကျဉ်းသာ မြင်ရသည့် အမြင်အာရုံ ချို့တဲ့သော ကျောင်းသား၊ ကျောင်းသူများကို အခမဲ့လက်ခံ သင်ကြားပေးကာ အသက် ခြောက်နှစ်မှ ၁၈ နှစ်အထိ သတ်မှတ်ထားပြီး
တချို့မှာ ဦးစီးဌာနထံ တင်ပြခွင့်ပြုချက် အရ လက်ခံသင်ကြား ပေးမှုများလည်း ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ (၃)

Tuesday, November 29, 2016

စာတတ်မြောက်မှု အနည်းဆုံးဒေသ ဖြစ်သော ရှမ်းပြည်နယ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုစာသင်ဝိုင်းများကို လာမည့်နှစ် ဇန်န၀ါရီလတွင် ဆောင်ရွက်မည်



တောင်ကြီး ၊ ၂၉-၁၁-၂၀၁၆

မြန်မာနိုင်ငံ၌ စာတတ်မြောက်မှု အနည်းဆုံးဒေသ ဖြစ်သော ရှမ်းပြည်နယ်၌ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်း များကို လာမည့်နှစ် ဇန်နဝါရီလတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကျောင်းပြင်ပ ပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ခိုင်မြဲ ထံမှ သိရသည်။

''၂ဝ၁၄ လူဦးရေနှင့် အိမ်အကြောင်း ဆိုင်ရာ သန်းခေါင်စာရင်း အရ ရှမ်းပြည်နယ် က စာတတ်မြောက်သူ အနည်းဆုံး ဖြစ်နေတာကြောင့် အခုလို စာတတ်မြောက်ရေး လှုပ်ရှားမှုတွေကို လုပ်ဆောင်ရ တာပါ။ ပထမဆုံးအနေနဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) က မြို့နယ် ၁ဝ မြို့နယ်နဲ့ ကျေးရွာတွေမှာ စာသင်ဝိုင်းတွေ လုပ်ဖို့ ဆောင်ရွက် နေတယ်။ လတ်တလောမှာ စာသင်ဝိုင်းတွေ အတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမ တွေကို စာသင်ဝိုင်း တွေမှာ နေရာချဖို့ စီစဉ်နေပါတယ်။ နောက်အကျဆုံး ဇန်နဝါရီလ လောက် စလုပ်ဖြစ်မယ် ထင်ပါတယ်'' ဟု ဒေါက်တာ ခိုင်မြဲ ကပြောသည်။

ကျောင်းပြင်ပ ပညာရေး ဦးစီးဌာနကို စတင်ဖွဲ့စည်း ခဲ့ပြီးနောက် အောက်တိုဘာလ က ကယားပြည်နယ် အတွင်း အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှု စာသင်ဝိုင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်ရာ ယခုအခါ ဒုတိယ အကြိမ်အဖြစ် ရှမ်းပြည်နယ်၌ သင်ကြားပေး ရန် စီစဉ်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ အသက် ၁၅ နှစ်နှင့် အထက် စာမတတ်သူ အရေအတွက် ၃၅ သိန်းကျော်ရှိပြီး စာမတတ်သူ အများဆုံး ရှိသည့်ဒေသမှာ ရှမ်းပြည်နယ် ဖြစ်ကာ စာမတတ်သူ ၁၃၁၄၅၇ဝ ဦးရှိကြောင်းနှင့် အသက် ငါးနှစ်အရွယ် ကျောင်းနေ ကလေး ၂ဝ ရာခိုင်နှုန်းသာ ရှိကြောင်း သိရသည်။

ထို့ပြင် အသက် ကိုးနှစ်နှင့် ၁၂ နှစ်ကြား ကလေးငယ် ၇ဝ ရာခိုင်နှုန်းသာ စာသင်ကြားလျက် ရှိပြီး အသက် ၁ဝ နှစ်နှင့် ၂ဝ နှစ်ကြားတွင် စာသင်ကြားသူ အရေအတွက် ဆက်တိုက်ကျဆင်း နေကာ အသက် ၂၁ နှစ်အရွယ် ယောက်ျားလေး များသည် ပညာဆက်လက် မသင်ဘဲ ကျောင်းထွက် သည်ကို တွေ့ရှိရကြောင်း ၂ဝ၁၄ လူဦးရေ နှင့်အိမ်အကြောင်း ဆိုင်ရာ သန်းခေါင်စာရင်း အချက်အလက်များ ဖြန့်ဝေခြင်း မှတ်တမ်းပါ ဖော်ပြချက်များ အရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ (၆)

Wednesday, November 9, 2016

မန္တလေးတိုင်းဒေသကြီး အတွင်း ကျောင်းသား ၊ ကျောင်းသူ ခုနစ်ရာခိုင်နှုန်း ကျော်မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အားထားနေရ


ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူ များ 
စာသင်ကြားနေမှုကို တွေ့ရစဉ်

မန္တလေး ၊ ၉-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်း ပညာသင်ကြားလျက် ရှိသည့် ကျောင်းသား ကျောင်းသူ အားလုံး၏ ခုနစ်ရာခိုင်နှုန်း ကျော်မှာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် စာသင်ကြားလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး မှ သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကို နယ်ဒေသများရှိ ကျေးလက်တောရွာ များမှ ပိုမို အားထားကြရပြီး စာသင်ကျောင်း များနှင့် ဝေးကွာခြင်း ၊ မိသားစုဝင်ငွေ နည်းပါးခြင်း နှင့် ဆင်းရဲမှု စသည့် အချက်များကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကို တက်ရောက်ကြခြင်း ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော် ပညာသင်ကြား ပေးနေသည့် အဝါရောင် မျိုးဆက်သစ် လူငယ် ပရဟိတ အသင်း YGW မှ ဦးဆောင် ဆရာတော် ဘဒ္ဒန္တဣဿရိယ က မိန့်ကြား သည်။

ယခု ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရကျောင်း များ၌ ပညာသင်ကြား နေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၉၇ဝဝဝဝ ကျော်ရှိပြီး ဘုန်တော်ကြီးသင် ပညာရေးကျောင်း များတွင်ပညာသင်ကြား နေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၇၆ဝဝဝ ကျော်ရှိကြောင်း သိရသည်။

''ဒေသအလိုက် ဆင်းရဲမှုတွေ များနေသေးလို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွေမှာ ထားတာပေါ့။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာရေးက နိမ့်တဲ့ ပညာရေး မဟုတ်တာလဲ ပါတယ်။ စာသင်ကျောင်း နဲ့ဝေးတဲ့ နေရာတွေ အဓိက တောရွာက ကလေးတွေ အနေနဲ့ ဒီကျောင်းတွေကို အားကိုးကြတယ်။ သူတို့အတွက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေက မရှိမဖြစ် ပါပဲ''ဟု ဆရာတော်က မိန့်ကြားသည်။

မိသားစု စားဝတ်နေရေး မပြေလည်သည့် မိဘများအနေဖြင့် သားသမီးများ၏ ရေရှည် ပညာရေး ရပ်တည်မှုအတွက် စိတ်ချရသည့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် အဓိကအားထား ရသည့်ကဏ္ဍ က ပါဝင်လျက် ရှိကြောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များထံမှ သိရသည်။

''ဦးပဉ္ဇင်းတို့ ကျောင်းမှာတော့ ဆင်းရဲတဲ့ ကျောင်းသားတွေနဲ့ နယ်တွေက စာသင်ချင် ပေမယ့် မသင်နိုင်တဲ့ ကလေးတွေ တက်တာ များပါတယ်။ မိဘတွေအနေနဲ့ ဝင်ငွေနည်းတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွေမှာထားရင် သူတို့ရဲ့ သားသမီးတွေကို ရေရှည်အမြဲတမ်း စာသင်ပေး နိုင်တာကြောင့် ထားကြတာ များပါတယ်'' ဟု ရတနာ အလင်းရောင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်းမှ ဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒ က မိန့်ကြားသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များမှာ ပညာရေးအပြင် ယဉ်ကျေးမှု ၊ စည်းကမ်း ထောက်ပံ့မှု တို့ကြောင့်လည်း မိဘများအတွက် အားထားစိတ်ချ စရာ နေရာတစ်ခု ဖြစ်လျက်ရှိသည်။

''အိမ်မှာက ကျောင်းသားများတော့ အကုန်အကျလဲ များပါတယ်။ ဒီကျောင်းမှာ ထားရင် ကျောင်းစရိတ်က ပူစရာ မလိုဘူးလေ။ စည်းကမ်းလဲ ရှိပါတယ်။ တက္ကသိုလ် ဝင်တန်းအထိ ထားနိုင်တယ်။ ရိုးရိုးကျောင်းတွေမှာ ဆိုရင် တခြား ကုန်ကျတာတွေ ရှိသေးတယ်'' ဟု စလေ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကျောင်းသားမိဘ ဒေါ်ခင်အေး က ပြောပြသည်။

ဘုန်းကြီးကျောင်း များတွင် ပညာ သင်ကြားသည့် ဘုန်းတော်ကြီးသင် ပညာရေး စနစ်မှာ ရှေးယခင် ကတည်းက စီးဆင်းလာသည့် ဓလေ့ထုံးတမ်း အစဉ်အလာ တစ်ခုဖြစ်ပြီး လက်ရှိ တချို့ဘုန်တော်ကြီးသင် ပညာရေး ကျောင်းများမှာ အစိုးရကျောင်း များ၏ ပညာရေးစနစ် ထက်ပင် ပိုမိုမြင့်မားလျက် ရှိကြောင်း ဆရာတော် ဘဒ္ဒန္တဣဿရိယ က မိန့်ကြားသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အများစုမှာ ကိုယ်ပိုင်ရပ်တည်၍ အခက်အခဲ မရှိသော်လည်း မိဘမဲ့ ကလေးများအား ခေါ်ယူစောင့်ရှောက် ပညာသင်ကြား ပေးနေသည့် မိဘမဲ့ကလေးများ ကျောင်းအများစု တွင်မူ နေ့စဉ် စားနပ်ရိက္ခာ ကျွေးမွေးရမှုမှာ အဓိက ဖြေရှင်းနေရသည့် အခက်အခဲ ဖြစ်ကြောင်း သိရသည်။

''နေ့စဉ် ရာဂဏန်းလောက်ကို ကျွေးမွေး နေရတာဆိုတော့ စားနပ်ရိက္ခာက အဓိက အခက်အခဲပေါ့။ ကျန်တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပုံမှန်ထောက်ပံ့မှုတွေ ရှိကြပါတယ်။ စာရေးကိရိယာ တွေလဲ ပြည့်စုံတာ များပါတယ်'' ဟု မန္တလေးမြို့ ဖြူစင်လူငယ် ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုအောင်သူရကျော် က ပြောပြသည်။

မန္တလေးမြို့တွင် မိဘမဲ့ ကလေးများကျောင်း ၁၅ ကျောင်း ဝန်းကျင်ခန့်ရှိပြီး အများစုမှာ အလှူရှင်များ၏ ထောက်ပံ့ လှူဒါန်းမှုဖြင့် ရပ်တည်နေရခြင်း ဖြစ်သည်။ မန္တလေးတိုင်း ဒေသကြီးတွင် အစိုးရကျောင်း ၄၁၅၈ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃၃၂ ကျောင်းရှိကာ ကိုယ်ပိုင်ကျောင်း ၁၂၈ ကျောင်းရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

Wednesday, May 25, 2016

ဉာဏ်ရည် မဖွံ့ဖြိုးသည့် ကလေးငယ်များအတွက် အခမဲ့ပညာသင်ကျောင်း ဖွင့်လှစ်မည်


မန္တလေး ၊ ၂၅-၅-၂၀၁၆

ဉာဏ်ရည် မဖွံ့ဖြိုးသည့် ကလေးငယ်များ အတွက် အခမဲ့ပညာ သင်ကြား နိုင်မည့် စာသင်ကျောင်း ကို အမေရိကန် နိုင်ငံရှိ စမတ်တစ် ကောလိပ်၏ ဦးဆောင်မှုဖြင့် မန္တလေးမြို့ အိုးဘို ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၌ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

''မသန်စွမ်း ကလေးတွေနဲ့ ပတ်သက်ပြီး မိသားစုတွေက ပြုစု စောင့်ရှောက် ပေးဖို့ကိုပဲ ဦးစားပေး နေကြတယ်။ နောက်ပြီး မသန်စွမ်းတဲ့ ကလေးတွေကို ပညာ သင်ကြားပေး လို့ မရဘူးလို့ မှတ်ယူကြတယ်။ ဒါကြောင့် မသန်စွမ်း ကလေးငယ်တွေ အတွက် ပညာ သင်ကြားမှုနဲ့ တခြား အခွင့်အရေး တွေ ဆုံးရှုံး နေကြတယ်။ ဒီလို စောင့်ရှောက် ပေးတာ ကောင်းပေမယ့် ပညာသင်ကြား ပေးဖို့လိုအပ် ပါတယ်။ စောင့်ရှောက်မှု ဘယ်လောက် ကောင်းကောင်း ပညာ သင်ကြားမှု မပေးနိုင် ရင် ကိုယ်တိုင် ရပ်တည်မှု ပျောက်ဆုံး သွားနိုင် တယ်။ ဒါကြောင့် မသန်စွမ်း ကလေးငယ် တွေကို သူတို့ ကိုယ်တိုင် ရပ်တည်နိုင် စေဖို့ ဦးတည်ချက်နဲ့ ပညာသင် ကျောင်းကို ဖွင့်လှစ် ပေးတာပါ'' ဟု အခမဲ့ ပညာသင်ကျောင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေသည့် Smart Kids College မှ ဒေါ်နန်းမေသိန်းအေး က ပြောသည်။

အဆိုပါ အခမဲ့ ပညာသင်ကျောင်း ၌ ဉာဏ်ရည် မဖွံ့ဖြိုးသည့် အမျိုးအစား များစွာ အနက်မှ Autism ၊ Down Syndrome ကလေးများနှင့် အတူ သင်ကြား နိုင်သည့် စွမ်းရည်ရှိသော မသန်စွမ်း ကလေးငယ်များ ကို သင်ကြား ပေးသွားမည် ဖြစ်ပြီး ကျောင်းသားဦးရေ ၁၅ဝ ခန့် လက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မသန်စွမ်း ကလေးငယ် များ၏ အနေအထားနှင့် သင်ကြားနိုင်မည့် စနစ်ကို ခွဲခြားသတ်မှတ် ပေးမည့် ဆေးပညာရှင်များ လိုအပ်နေသည့် အတွက် သက်ဆိုင်ရာ နယ်ပယ် အသီးသီးမှ ဆေးပညာရှင် များ ပူးပေါင်း ပါဝင်ရန် လိုအပ်လျက် ရှိသည်။

ထို့ပြင် သင်ကြားမှု အပိုင်းတွင် အခက်အခဲ အနည်းငယ် ရှိသော်လည်း နည်းပညာပိုင်း အခက်အခဲမှာ လိုအပ်ချက် အမြင့်မားဆုံး ဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့၌ မသန်စွမ်း ကလေးငယ်များ အတွက် အခကြေးငွေ ယူ၍ သင်ကြား ပေးသည့် ကျောင်းများ ရှိသော်လည်း အခမဲ့ သင်ကြား ပေးသည့်ကျောင်း မရှိသေးကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၈)

Tuesday, May 10, 2016

လာမည့်ပညာသင်နှစ် ဇွန်လကျောင်းဖွင့်ချိန်တွင် ကျောင်းပြင်ပ အလယ်တန်း စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် စတင်နိုင်ရန် သင်ရိုးညွှန်းတမ်းများ ရေးဆွဲထား



ရန်ကုန် ၊ ၁၀-၅-၂၀၁၆

လာမည့် ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်တွင် ကျောင်းပြင်ပ အလယ်တန်း စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် စတင်နိုင်ရန် သင်ရိုးညွှန်းတမ်း များ ရေးဆွဲထားကြောင်း မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ သိရသည်။

လာမည့် ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်တွင် ကျောင်းပြင်ပ အလယ်တန်း စာတတ်မြောက်ရေး လှုပ်ရှားမှု အဖြစ် လှိုင်သာယာ၊ ဒလ၊ မြစ်ကြီးနား၊ စစ်တွေ၊ ကျုက်ထိုနှင့် လွိုင်ကော်မြို့တို့၌ စတင်လျက်ရှိပြီး ယင်းဒေသရှိ ကျောင်းသား၊ ကျောင်းသူများ သင်ယူနိုင်စေရန် သင်ရိုးညွှန်းတမ်း ရေးဆွဲထားပြီး ဖြစ်ကြောင်း သိရသည်။

''အသက် ၁၃ နှစ်နဲ့အထက် ကျောင်းပြင်ပ မူလတန်း ပြီးဆုံးသွားတဲ့ ကလေးတွေ၊ အလယ်တန်း မပြီးဆုံးဘဲ ကျောင်းထွက်သွား ရတဲ့ ကလေးတွေနဲ့ မူလတန်း ပြီးဆုံးပြီးတော့ အလယ်တန်း မတက်နိုင်တဲ့ ကလေးတွေကို သင်ကြား ပေးပါမယ်။ ကျောင်းပြင်ပ အခြေစိုက် စခန်းတွေမှာ သင်ယူနိုင်အောင် ဆောင်ရွက် သွားမယ်'' ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထို့ပြင် ပညာရေးဝန်ကြီး ဌာနမှ ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် အခမဲ့ မူလတန်း ပညာရေးစနစ် ကျင့်သုံးခဲ့ သော်လည်း မူလတန်း မပြီးဆုံးသေးသည့် ကလေးများစွာ ရှိနေကာ လက်ရှိတွင် ကျောင်းပြင်ပ လှုပ်ရှားမှုအဖြစ် မြို့နယ် ၉၄ မြို့နယ်၌ ဆောင်ရွက်နေပြီး အလယ်တန်း အဆင့် အထိသာ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝဝ၈ ခုနှစ်တွင် မြို့နယ် ငါးမြို့နယ်၌ စတင်သင်ကြား ပေးခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် မြို့နယ် ၈၉ မြို့နယ်နှင့် ၂ဝ၁၅ ခုနှစ်တွင် မြို့နယ် ၉၄ မြို့နယ်အထိ တိုးချဲ့သင်ကြား ပေးခဲ့သည်။ ၂ဝ၁၅ ခုနှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး စာသင်ခန်း ၅၇၁ ခန်း ဖွင့်လှစ်၍ သင်တန်းသား ၁ဝဝဝဝ ကျော် ကို ဆရာအင်အား ၁ဝဝဝ ကျော်ဖြင့် ဇွန်လတွင် စတင်ဖွင့်လှစ် သင်ကြားပေး ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာန၊ ယူနီဆက်ဖ် နှင့် ပြင်ပ အလှူရှင်များက ပံ့ပိုးကူညီမှုများ ပြုလုပ်လျက် ရှိပြီး သင်ယူ တတ်မြောက် ခဲ့သူ စုစုပေါင်း ၅၆ဝဝဝ ကျော် ရှိပြီဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Monday, May 2, 2016

ကျေးရွာအဆင့် စာမတတ်သူပပျောက်ရေး သင်ကြားမှု အစီအစဉ်တွင် ဒေသခံများ၏ အချိန်မပေးမှုကြောင့် ထိရောက်မှု နည်းပါးနေ



ရန်ကုန် ၊ ၂-၅-၂၀၁၆

မြန်မာ တစ်နိုင်ငံလုံး၌ စာမတတ်သူ ပပျောက်ရေး အစီအစဉ် အကောင် အထည်ဖော် ဆောင်ရွက်ရာ၌ လုပ်ငန်းစဉ် တစ်ခုအနေဖြင့် လုပ်ဆောင် နေသည့် ကျေးရွာအဆင့် စာမတတ်သူ ပပျောက်ရေး သင်ကြားမှု အစီအစဉ်တွင် စာသင်ကြားမှု ခံယူမည့် ဒေသခံများမှာ လုပ်ငန်းခွင် ဝင်သည့် အချိန်နှင့် သင်ကြားသည့် အချိန် တိုက်ဆိုင်နေ သဖြင့် ထိရောက်မှု နည်းပါး နေသေးကြောင်း သိရသည်။

ယင်းကဲ့သို့ ထိရောက်မှု နည်းပါး နေသောကြောင့် စာသင်ကြား သူများ မကြာမီ စုပေါင်း ဆွေးနွေးမှု ပြုလုပ်ပြီး နည်းလမ်းတစ်ခု အသုံးပြုကာ စီစဉ်ထားကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ အစီအစဉ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများ နှင့် ရပ်/ကျေး အဆင့် တာဝန်ရှိသူများ ပူးပေါင်းစီစဉ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး အခြေခံ
ပညာကျောင်းများ ပိတ်ထားသည့် သုံးလတာ ကာလအတွင်း အကောင် အထည်ဖော် ဆောင်ရွက်မည် ဖြစ်သည်။

ယင်း အစီအစဉ်အရ ရွာတစ်ရွာလျှင် ဆရာနှစ်ဦးဖြင့် သင်ကြားပေး နေခြင်းဖြစ်ပြီး သင်ကြားပေး ရာတွင်လည်း ဘာသာရေး ဆိုင်ရာ ဘာသာရပ်နှင့် ပါဌ်ဆင့် မပါသည့် စာပေများကို ရွေးချယ် သင်ကြားပေး နေခြင်း ဖြစ်ကာ ယင်း အစီအစဉ်ကို ပြည်တွင်းရှိ ဆရာ၊ ဆရာမများက သင်ကြားပေး နေခြင်း ဖြစ်ကြောင်း သိရသည်။

သီရိ

မြ၀တီနေ့စဉ် ၊ စာ(၄)

Monday, April 25, 2016

၂၀၁၆ ခုနှစ် အခြေခံစာတတ်မြောက်ရေး လှုပ်ရှားမှုများအဖြစ် ကျောက်ပန်းတောင်း မြို့နယ် အတွင်းရှိ အခြေခံပညာ ကျောင်းပေါင်း ၇၆ ကျောင်း၌ ဆောင်ရွက်



ကျောက်ပန်းတောင်း ၊ ၂၅-၄-၂၀၁၆

၂ဝ၁၆ ခုနှစ် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုများ အဖြစ် မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၁၅ အုပ်စု ကျေးရွာပေါင်း ၇၅ ရွာမှ အခြေခံပညာ ကျောင်းပေါင်း ၇၆ ကျောင်း၌ နေရာချထားပြီး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

''ကျွန်မတို့က မြင်းခြံ ဒီဂရီကောလိပ် က ကြီးကြပ်သူ ဆရာ၊ ဆရာမ ၁၅ ဦးနဲ့ သင်တန်းနည်းပြ အဖြစ် ဆောင်ရွက် ကြမယ့် ကျောင်းသား၊ ကျောင်းသူ ၁ဝ၃ ဦး စုစုပေါင်း ၁၁၈ ဦးရှိပါတယ်။ ကျွန်မတို့ အနေနဲ့ ကလေးတွေနဲ့ ကျေးရွာတွေမှာ ရှိတဲ့ စာမတတ်သူ မိဘပြည်သူ တွေကို အခြေခံ စာတတ်မြောက်ရေး အတွက် ကူညီသင်ကြား ပေးရုံတင် မဟုတ်ပါဘူး။ ကျေးလက်နေ ပြည်သူတွေရဲ့ လက်ရှိဘဝကို ကျောင်းသားတွေ အနေနဲ့ မျက်မြင် ကိုယ်တွေ့ သိမြင်ပြီး နောင် တစ်ချိန်မှာ ကျေးလက် ဒေသရဲ့ လိုအပ်ချက် တွေကို ပြန်လည် ဖြည့်ဆည်းပေး နိုင်သူတွေ ဖြစ်စေချင် လို့ပါ။ အဲဒီ ရည်ရွယ်ချက် တွေနဲ့ အခုလို လုပ်ငန်းကို ဆောင်ရွက် ပေးခြင်း ဖြစ်ပါတယ်'' ဟု ကြီးကြပ်သူ ဆရာမ ဒေါ်ကြူကြူစန်း (နည်းပြ၊ ပထဝီဝင်ဌာန) က ပြောသည်။

အဆိုပါ အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုများ အဖြစ် ဧပြီ ၁ ရက်မှ မေ ၁၅ ရက်အထိ ၄၅ ရက် သတ်မှတ် ထားကြောင်း သိရသည်။

ယင်းကဲ့သို့ စေတနာ့ဝန်ထမ်း အဖြစ် စာတတ်မြောက်ရေး လှုပ်ရှားမှု ဆောင်ရွက်သွား ကြမည့် ကြီးကြပ်သူ များနှင့် နည်းပြအဖြစ် ဆောင်ရွက်ကြမည့် ကျောင်းသား၊ ကျောင်းသူ များသည် သက်ဆိုင်ရာမြို့နယ်အလိုက်
ဆရာ၊ ဆရာမများ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်သည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, April 21, 2016

ကျောင်းပြင်ပရောက် ကလေးငယ်များ အလယ်တန်းပညာ ဆက်လက်သင်ကြား လိုစိတ်ရှိ-မရှိ စစ်တမ်း ကောက်ယူမည်



ရန်ကုန် ၊ ၂၁-၄-၂၀၁၆

ကျောင်းပြင်ပရောက် ကလေးငယ်များ အလယ်တန်းပညာ ဆက်လက် သင်ကြားလိုစိတ် ရှိ၊ မရှိ စစ်တမ်း ကောက်ယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနမှ သိရသည်။

'' မြို့နယ်အလိုက် ပညာရေးမှူးတွေ၊ အုပ်ချုပ်ရေးပိုင်းက သူတွေနဲ့ ဒီကိစ္စကို ဆွေးနွေးပြီးပါပြီ။ နောက်ပိုင်းမှာ မြို့နယ်အလိုက် ကြော်ငြာဘုတ်တွေ ထောင်ပြီးတော့ အဲဒီလို ကလေးတွေ ပညာသင်ကြား နိုင်ဖို့ အခွင့်အရေး တွေ ရအောင် လုပ်ကြတယ်။ မိဘတွေကိုယ်တိုင် လိုလိုလားလား လက်ခံအောင်လည်း ဆောင်ရွက် သွားမယ်'' ဟု မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူ ပြုပင်မဌာနမှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်ညို က ပြောသည်။

လာမည့် ပညာသင်နှစ် ဇွန်လ ကျောင်းဖွင့်ချိန်တွင် မြို့နယ် ခြောက်မြို့နယ်၌ ကျောင်းပြင်ပ အလယ်တန်း စာတတ်မြောက်ရေး လှုပ်ရှားမှုအဖြစ် လှိုင်သာယာ၊ ဒလ၊ မြစ်ကြီးနား၊ စစ်တွေ၊ ကျိုက်ထိုနှင့် လွိုင်ကော်မြို့တို့၌ စတင် လှုပ်ရှားပြီး ၄င်းဒေသရှိ ကျောင်းသား၊ ကျောင်းသူများ သင်ယူနိုင်စေရန် သင်ရိုးကို ရေးဆွဲထားပြီ ဖြစ်သည်။

''အသက် ၁၃ နှစ်နဲ့အထက် ကျောင်းပြင်ပ မူလတန်းပြီးဆုံး သွားတဲ့ ကလေးတွေ၊ အလယ်တန်း မပြီးဆုံးဘဲ ထွက်သွားရတဲ့ ကလေးတွေနဲ့ မူလတန်း ပြီးဆုံးပြီးတော့ အလယ်တန်း မတက်နိုင်တဲ့ ကလေးတွေကို သင်ကြားပေးမယ်။ ကျောင်းပြင်ပ အခြေစိုက် စခန်းတွေမှာ သင်ယူနိုင်အောင် လုပ်ဆောင် သွားမယ်'' ဟု ၄င်းက ဆက်လက် ပြောသည်။

ပညာရေး ဝန်ကြီးဌာနမှ၂ဝ၁၂-၂ဝ၁၃ ပညာသင်နှစ်တွင် အခမဲ့မူလတန်း ပညာရေးစနစ် ကျင့်သုံးခဲ့သော်လည်း မူလတန်း မပြီးဆုံးသေးသည့် ကလေးများစွာ ရှိနေပြီး လက်ရှိတွင် ကျောင်းပြင်ပ လှုပ်ရှားမှုအဖြစ် ၉၄ မြို့နယ်၌ ဆောင်ရွက်နေပြီး အလယ်တန်း အဆင့်ထိသာ ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်သည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝဝ၈ ခုနှစ်တွင် မြို့နယ် ငါးမြို့နယ်၌ စတင် သင်ကြားပေးခဲ့ပြီး ၂ဝ၁၄ ခုနှစ်တွင် မြို့နယ်ပေါင်း ၈၉ မြို့နယ်နှင့် ၂ဝ၁၅ ခုနှစ်တွင် ၉၄ မြို့နယ်အထိ တိုးချဲ့သင်ကြား ခဲ့သည်။

၂ဝ၁၅ ခုနှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေး စာသင်ခန်း ၅၇၁ ခု ဖွင့်လှစ်၍ သင်တန်းသား တစ်သောင်းကျော် ကို ဆရာအင်အား တစ်ထောင်ကျော်ဖြင့် ဇွန်လတွင် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။ ကျောင်းပြင်ပ မူလတန်း ပညာရေး အစီအစဉ်ကို ပညာရေး ဝန်ကြီးဌာန၊ ယူနီဆက် နှင့်ပြင်ပ အလှူရှင်များက ပံ့ပိုးကူညီ နေပြီး သင်ယူ တတ်မြောက်ခဲ့သူ ဦးရေ ၅၆ဝဝဝ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Wednesday, March 16, 2016

'အ' သုံးလုံးသင်တန်းများကို အခြေခံပညာကျောင်း များမှ ဆရာ ဆရာမများအပြင် တက္ကသိုလ် ကောလိပ်များမှ ကျောင်းသား ကျောင်းသူ များပါ သင်ကြားပေးမည်


ရန်ကုန် ၊ ၁၆-၃-၂၀၁၆

ယခုနှစ် ''အ'' သုံးလုံး သင်တန်းများကို အခြေခံပညာ ကျောင်းများရှိ ဒေသခံ ဆရာ၊ ဆရာမများနှင့် တက္ကသိုလ်၊ ကောလိပ် များမှ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် စုစုပေါင်း ၃၅ဝဝ ကျော်ဖြင့် ဧပြီ ၁ ရက်မှ စ၍ မေ ၁၅ ရက်အထိ ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ သိရသည်။

''တက္ကသိုလ်၊ ကောလိပ် တွေမှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူ တွေကို ဗဟို အဆင့်အထိ သင်တန်းတွေ ပို့ချပြီးသွားပြီ ဆိုတော့ ဒေသခံဆရာ၊ ဆရာမ တွေနဲ့ တက္ကသိုလ် ကျောင်းသားတွေက ဧပြီ ၁ ရက်မှာ ဒေသခံ စာမတတ်သေးတဲ့ သူတွေကို ''အ''သုံးလုံး သင်တန်းတွေ သင်ကြားပေး သွားမှာ ဖြစ်ပါတယ်'' ဟု အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ''အ'' သုံးလုံး သင်တန်းများကို မြစ်ကြီးနား၊ မြဝတီ၊ ပဲခူး၊ မိတ္ထီလာ၊ သပိတ်ကျင်း၊ သာကေတ၊ တာချီလိတ်၊ ကျုံပျော်၊ ညောင်ရွှေ၊ ဝါးခယ်မ၊ပွင့်ဖြူနှင့် ပျဉ်းမနား မြို့နယ်တို့၌ သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

စာမတတ်သူ ပပျောက်ရေး စီမံချက်ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့နယ် ၃ဝ ၌ ဖွင့်လှစ် သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။ ယခင်နှစ်များ ကလည်း မြို့နယ် ၃ဝ တွင် ဖွင့်လှစ်ပေးခဲ့ရာ သင်ပြပေးသူ ဦးရေ ၃၈၉၈ ဦးနှင့် သင်ကြားသူ ဦးရေ ၂၆၈၆၆ ဦးတို့မှ တတ်မြောက်သူ ၂၄ဝဝ၉ ဦးရှိကြောင်း သိရသည်။

ချမ်းချမ်းကို

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Friday, March 11, 2016

မော်တော်ယာဉ်စက်ပြင် သင်တန်း လျှပ်စစ်သင်တန်း ဂဟေသင်တန်းများ အခမဲ့ ဖွင့်လှစ်သင်ကြားမည်



ဘားအံ ၊ ၁၁-၃-၂၀၁၆

အာရှ-ဂျပန် ပေါင်းကူးအဖွဲ့(BAJ) နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကရင်ပြည်နယ် အစိုးရ၏ ကြီးကြပ်မှု၊ ဂျပန်နိုင်ငံ အစိုးရ၏ ပံ့ပိုးမှုတို့ဖြင့် နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ စက်မှုလက်မှု ပညာ သင်တန်းကျောင်း စီမံကိန်းကို ကရင်ပြည်နယ် ဘားအံ စက်မှုဇုန်၌ ၂ဝ၁၃ ခုနှစ်နှင့် ဒီဇင်ဘာလမှ စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီး အဆိုပါ သင်တန်း ကျောင်း၌ ဂဟေသင်တန်း၊ မော်တော်ယာဉ်/ စက်ပြင်သင်တန်း နှင့် လျှပ်စစ်သင်တန်း များကို အခမဲ့ဖွင့်လှစ် သင်ကြားပေး သွားမည် ဖြစ်သည်။

ဂဟေသင်တန်း အမှတ်စဉ်(၂)ကို ဇွန် ၂ဝ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ခြောက်လ သင်ကြားပေး သွားမည်ဖြစ်ပြီး Arc Welding, Gas Welding, Steel Welding, CO2 Welding, Cutting, Metal Processing, Grinding, Drilling တို့ကို သင်ကြားပေးမည် ဖြစ်ကြောင်း၊ မော်တော်ယာဉ်/ စက်ပြင် သင်တန်းအမှတ်စဉ် (၄)ကို ဇွန် ၂ဝ ရက်မှ ဒီဇင်ဘာ ၉ ရက်အထိ ခြောက်လတာ ဖွင့်လှစ်မည် ဖြစ်ပြီး ဓာတ်ဆီ၊ ဒီဇယ်၊ အင်ဂျင် ပြုပြင်ခြင်း၊ ကားအောက်ပိုင်း (Suspension) EFI  ၊ ဘရိတ်ပြုပြင်ခြင်း၊ လျှပ်စစ်ဝါယာ သွယ်တန်းခြင်း တို့ကို သင်ကြားပေးမည် ဖြစ်ကြောင်းနှင့် ယင်းသင်တန်းတို့ အတွက် သတ်မှတ်ပညာ အရည်အချင်းမှာ သတ္တမတန်း အောင်မြင်ပြီး သူဖြစ်ရမည် ဖြစ်ကြောင်း သိရသည်။

အလားတူ လျှပ်စစ်သင်တန်း အမှတ်စဉ် (၄)ကို ဇွန် ၂ဝ ရက်မှ စက်တင်ဘာ လကုန်အထိ သုံးလသင်ကြား ပေးသွားမည် ဖြစ်ပြီး သတ်မှတ် ပညာအရည် အချင်းအဖြစ် အဋ္ဌမတန်းအောင် နှင့်အထက် ရှိရမည် ဖြစ်ကာ အိမ်တွင်း လျှပ်စစ်ဝါယာ သွယ်တန်းခြင်းကို သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။

လျှောက်ထားသူသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ရှိရမည်ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ကာ သင်တန်းကျောင်း မှ သင်ကြားပေးသည့် ပညာရပ် များဖြင့် အသက်မွေး ဝမ်းကျောင်း လုပ်ကိုင်ရန် စိတ်အား ထက်သန်သူ ဖြစ်ရမည် ဖြစ်သည်။

ထို့ပြင် သတ်မှတ်ကာလ အတွင်း ကျောင်းအိပ်၊ ကျောင်းစား နေနိုင်သူ ဖြစ်ရမည် ဖြစ်သည်။ သတ်မှတ်ချက် များနှင့် ကိုက်ညီပြီး သင်တန်း တက်ရောက်ရန် စိတ်ဝင်စားသူများ အနေဖြင့် နယ်စပ်ဒေသ တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးရေး ပရဟိတ ကျားကျောင်း ကမာရွတ် ဘူတာရုံလမ်း လှိုင်မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁- ၅၂၄၈၅၂၊ ဝ၉- ၅ဝ၈၆၃၆၄၊ ဘီအေဂျေ (ရန်ကုန်ရုံး) အမှတ်(၉) ဦးလူနီလမ်း ကြည့်မြင်တိုင် မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁- ၂၃ဝ၁၂၄၂၊ ဝ၉- ၇၃၂၄၉၆၁၈၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း ဘားအံမြို့ ဖုန်း-ဝ၅၈- ၂၂၄၄၅၊ ဝ၉- ၄၂၅ဝ၂၄၆၉ဝ၊ ဘီအေဂျေ (ဘားအံရုံး) ဘားအံ- လှိုင်းဘွဲ့လမ်း စက်မှုဇုန် ကြီးကြပ်မှု ကော်မတီရုံးနှင့် UMH အထည်ချုပ် စက်ရုံလမ်း ဖုန်း - ဝ၉- ၄၉၃၃ဝ၅၆၅၊ ဝ၉- ၂၅၅၈၁၂- ၄၇၅ တို့သို့ သတ်မှတ် စာရွက်စာတမ်းများ နှင့်အတူ ဧပြီ ၁၇ ရက် နောက်ဆုံးထား လျှောက်ထား ရမည်ဖြစ်သည်။

ဝန်းရံခ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

ကျောင်းပြင်ပ မူလတန်းပညာရေးကို အလယ်တန်းအထိ တိုးမြှင့်သင်ကြားရန် စီစဉ်



ရန်ကုန် ၊ ၁၁-၃-၂၀၁၆

ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်မှ စတင်၍ အလယ်တန်း အထိ တိုးမြှင့်သင်ကြား နိုင်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီမှ သိရသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးကို ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်မှ စတင်ပြီး ပညာရေး ဝန်ကြီးဌာနနှင့် UNICEF တို့ ပူးပေါင်း၍ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းမနေဖူး သူများနှင့် ကျောင်းနေဖူး သော်လည်း မူလတန်းပညာ မပြီးဆုံးမီ ကျောင်းထွက်ခဲ့ ရသည့် အသက် ၁ဝ နှစ်မှ ၁၄ နှစ်အထိကို မူလတန်း ပညာရေး လေ့လာ သင်ကြားနိုင်ရန် လုပ်ဆောင်ပေး နေသည့် အစီအစဉ် ဖြစ်သည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး စတင်ခဲ့သော ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ် မှစပြီး ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် အထိ တိုင်းဒေသကြီး ငါးခုမှ မြို့နယ်ပေါင်း ၉၄ မြို့နယ်အထိ တိုးချဲ့ပို့ချ ပေးနိုင်ခဲ့ပြီး ဖြစ်သည်။

မြန်မာနိုင်ငံ၌ လူတိုင်းအတွက် ပညာရေး (Education for All) ကိုအခြေခံပြီး ပညာသင်နှစ် နှစ်ရှည်စီမံကိန်း မူဘောင်အတွင်း ချိတ်ဆက် ဆောင်ရွက်လျက် ရှိရာ နိုင်ငံအဆင့် စီမံချက်တွင် NFPE(Non-Formal Primary Education) ကို အရေးပါသည့် လုပ်ငန်း အဖြစ် သတ်မှတ် ထားကြောင်း သိရသည်။

ကြည်သာ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Friday, March 4, 2016

အခြေခံပညာကို ပြီးဆုံးအောင် ဆက်လက်မသင်ယူနိုင် သူများအတွက် စက်မှုလက်မှုကျောင်း များနှင့် စက်မှုလက်မှုသိပ္ပံများ ပြန်လည်ဖွင့်လှစ်ရေး စီစဉ်


ရန်ကုန် ၊ ၄-၃-၂၀၁၆

ပညာရေး ဝန်ကြီးဌာန အနေဖြင့် အခြေခံပညာကို ပြီးဆုံးအောင် ဆက်လက် မသင်ယူ နိုင်သူများအတွက် အသက်မွေး ဝမ်းကျောင်း ပညာများကို သင်ကြားပေး နိုင်ရေးအတွက် စက်မှုလက်မှု ကျောင်းများနှင့် စက်မှုလက်မှု သိပံ္ပများကို ပြန်လည် ဖွင့်လှစ်ရန် စီစဉ်လျက် ရှိကြောင်း ပညာရေး ဝန်ကြီးဌာန က သိရသည်။

ကနဦး ဆောင်ရွက်နိုင်ရန် စက်မှုလက်မှု သိပ္ပံ (GTI) အင်းစိန်ကို Polytechnic Institute အဖြစ် ဖွင့်လှစ်နိုင်ရေး အတွက် ပင်မဆောင်ကို ပြုပြင် ထိန်းသိမ်းမည် ဖြစ်သည်။

ယင်းကျောင်းကို ပြုပြင်ပြီးပါက ပင်မ အဆောက်အအုံ တွင် လှိုင်သာယာ မြို့နယ်၌ ဖွင့်လှစ်ထားသည့် AGTI ကျောင်းမှ EP နှင့် EC ဘာသာရပ် နှစ်ခုကို ပြောင်းလဲ တက်ရောက် စေမည်ဖြစ်ပြီး ကျန်ရှိမည့် အခန်းများ ကို AGTI Society အသင်းမှ သက်မွေးပညာ ဘာသာရပ် များကို ဖွင့်လှစ်ရန် သဘော တူညီမှု ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အသက်မွေး သင်တန်းများ အဖြစ် ရုံးလုပ်ငန်း အတတ်ပညာ သင်တန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဆိုင်ရာ သင်တန်းများ၊ တခြား အသက်မွေး ဆိုင်ရာ သင်တန်းများ စသည်ဖြင့် ပုံမှန်သင်တန်း များအပြင် ကျွမ်းကျင်မှု ဆိုင်ရာ စံနှုန်းအဆင့်ဆင့် နှင့်အညီ ကာလတို သင်တန်းများ၊ ကာလရှည် သင်တန်းများ ကိုပါ ဖွင့်လှစ် ဆောင်ရွက်သွားရန် လျာထားကြောင်း ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။

ထိုသို့ အသက်မွေး ဝမ်းကျောင်း ပညာရပ် များကို သင်ကြားရာတွင် အင်ဂျင်နီယာ နည်းပညာ ဘာသာရပ် များကို အာဆီယံ တွင် သတ်မှတ် ထားသည့် အဆင့်နှင့် ကိုက်ညီစေရန် Polytechnic Institute ကို ကျယ်ကျယ်ပြန့်ပြန့် ဖွင့်လှစ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, February 25, 2016

၂၀၁၇ ခုနှစ်တွင် myME မှ တိုင်းရင်းသား ဘာသာစကား သင်ကြားပေးနိုင်ရန် စီစဉ်ဆောင်ရွက်



ရန်ကုန် ၊ ၂၅-၂-၂၀၁၆

ကျောင်းပြင်ပ ရောက် ကလေးများကို ပညာ သင်ကြားလျက် ရှိသော Myanmar Mobile Education Project - myME သည် ၂ဝ၁၇ ခုနှစ်တွင် တိုင်းရင်းသား ဘာသာ စကားများကို သင်ကြားပေး နိုင် ရန် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

myME သည် ကျောင်းပြင်ပ ကလေးများနှင့် လက်ဖက်ရည်ဆိုင် များ၌ အလုပ် လုပ်ကိုင်နေသော ကလေးများအား သမားရိုးကျ မဟုတ်သော ပညာရေးနှင့် အသက်မွေး ဝမ်းကျောင်း ပညာရေး တို့ကို အခမဲ့ သင်ကြားပေးပြီး တစ်နိုင်ငံလုံး ရှိ ကျောင်းပြင်ပရောက် ကလေးများကို တိုးချဲ့ ပညာသင်ကြား ပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။

myME နှင့် တယ်လီနော တို့ ပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ကျောင်းပြင်ပ ရောက် ကလေးများ ပညာသင်ကြား နိုင်မည့် စီမံကိန်းတစ်ခု ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ယင်းစီမံကိန်းကို တယ်လီနော အလင်းအိမ်စင်တာ ၊ myME Chapter  ၊ myME Box App တို့မှတစ်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကနဦးတွင် မြန်မာစာဖြင့် သင်ကြားနိုင်မည် ဖြစ်သော် လည်း ၂ဝ၁၇ ခုနှစ်တွင် တိုင်းရင်းသား ဘာသာ စကားများဖြင့် သင်ကြားပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။

ယင်း အစီအစဉ် အတွက် အသက် ကန့်သတ်မှုမရှိဘဲ ကျောင်းပြင်ပ၌ ရောက်ရှိနေသည့် ကလေးများကို အဓိကထား သင်ကြားပေးခြင်း ဖြစ်ကြောင်း၊ စီမံကိန်းကို မေလအတွင်း စတင်နိုင်ရန် ဆောင် ရွက်နေကြောင်း၊ သင်ကြားမည့် ဘာသာရပ်များမှာ အင်္ဂလိပ်၊ သင်္ချာ၊ Life Skills နှင့် အခြေခံ ကွန်ပျူတာ သင်တန်းတို့ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

myME သည် ကျောင်းပြင်ပရောက် ကလေးများအား ၂ဝ၁၄ ခုနှစ်မှစတင်၍ ပညာသင်ကြား ပေးေ နခြင်း ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် နှစ်ကုန်အထိ ကလေးဦးရေ ၉ဝဝ ကျော်ကို ပညာသင်ကြား ပေးခဲ့ရာ ယခုနှစ် နှစ်ကုန်ပိုင်း အထိ ကလေးဦးရေ ၁၅ဝဝ ကျော် ပါဝင်နိုင်စေရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (၂၈၀)

မြ၀တီနေ့စဉ် ၊ စာ(၆)

Friday, February 19, 2016

သက်ကြီးစာမတတ်သူ ၆၀၀၀၀ ကျော်ကို ဧပြီ ၁ ရက်မှ ၄၅ ရက်ကြာ အခြေခံစာတတ်မြောက်ရေး အသုံးလုံး သင်ကြားပေးမည်


သက်ကြီးစာသင်ဝိုင်း

ရန်ကုန် ၊ ၁၉-၂-၂၀၁၆

မြန်မာနိုင်ငံ တစ်ဝန်းရှိ မြို့နယ်ပေါင်း ၃ဝ ၌ သက်ကြီး စာမတတ်သူ ၆ဝဝဝဝ ကျော်ကို ဧပြီ ၁ ရက်မှစ၍ ၄၅ ရက်ကြာ အခြေခံ စာတတ်မြောက်ရေး အသုံးလုံး သင်ကြား ပေးသွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာန ပညာရေး သုတေသနဌာန မှ သိရသည်။

ယင်းကဲ့သို့ သင်ကြားပေး ရာတွင် မြို့နယ် တစ်မြို့နယ် လျှင် စာသင်သား ၁ဝ ဦးစီအတွက် စာသင်ဝိုင်း တစ်ဝိုင်းစီဖြင့် သင်ကြား ပေးမည်ဖြစ်ပြီး အသက် ၂၄ နှစ်နှင့် အထက်ရှိ သူများ တက်ရောက် နိုင်ကြောင်း၊ စာသင်ဝိုင်း တစ်ဝိုင်းလျှင် ဒေသခံ ဆရာမ တစ်ဦးနှင့် တက္ကသိုလ် ဆရာမတစ်ဦး တို့က တာဝန်ယူ သင်ကြား ပေးသွားမည် ဖြစ်သည်။

ထို့ပြင် စာသင်သား စာရင်းကို မြို့နယ် ပညာရေးမှူးများ ဦးဆောင်၍ သက်ဆိုင်ရာရ ပ်ကွက် အုပ်ချုပ်ရေးမှူး များနှင့် ပူးပေါင်းကာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ကတည်းက စတင် ကောက်ခံခဲ့ပြီး ဖြစ်ကြောင်း၊ သင်ကြားချိန်မှာ တစ်နေ့လျှင် သုံးနာရီ ဖြစ်သော်လည်း စာသင်သားများ အားလပ်သည့် အချိန်များတွင် သင်ကြားပေး သွားမည် ဖြစ်သည်။

အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းစဉ်ကို ၁၉၆၄ ခုနှစ် နှောင်းပိုင်းမှ စတင် ဆောင်ရွက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ်မှသာ ပညာရေးဝန်ကြီး ဌာန၏ အစီအစဉ်ဖြင့် အကောင် အထည်ဖော် ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က အခြေခံ စာတတ်မြောက်ရေး လုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ခဲ့ ရာတွင် မြို့နယ်ပေါင်း ၃ဝ ၌ သက်ကြီး စာမတတ်သူ ၂၉ဝဝဝ ကျော်ကို စာသင်ကြား ပေးနိုင် ခဲ့ကြောင်း သိရသည်။
(၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၂၄)

Sunday, February 7, 2016

နွမ်းပါးသော ကလေးသူငယ်များကို ဉာဏ်ရည်ဖွံ့ဖြိုး လာစေရန် Care Teen ပရဟိတအဖွဲ့မှ သင်ကြားပေးသွားမည်



ရန်ကုန် ၊ ၇-၂-၂၀၁၆

ပြည်တွင်းရှိ နွမ်းပါးသော ကလေးသူငယ်များကို အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် Care Teen လူငယ်ပရဟိတ အဖွဲ့က ယခုလစတင်၍ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့ တို့တွင် သင်တန်းပို့ချ ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် နွမ်းပါးသော ကလေးသူငယ် များကို အကျင့်စာရိတ္တပိုင်း ဆိုင်ရာ တိုးတက်ကောင်းမွန် စေရန် သင်ကြားပို့ချခြင်း အပြင် အင်္ဂလိပ်စာ၊ ပန်းချီနှင့် ဉာဏ်ရည်ဖွံ့ဖြိုး စေမည့် ဘာသာရပ်များ ကိုလည်း တွဲဖက်သင်ကြား ပေးသွားမည် ဖြစ်ကြောင်း၊ ယခုအခါ ရန်ကုန်မြို့ရှိ တံတားကလေး ဘူတာနှင့် ပုရွက်ဆိတ်ကုန်း ဘူတာအနီး ပတ်ဝန်းကျင်ရှိ ကလေးသူငယ် များကို စတင်သင်ကြားပေး နေပြီဖြစ်ကြောင်း Care Teen လူငယ်ပရဟိတ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ထိုသို့ သင်ကြားပေး နေသည့် ကလေးသူငယ် များထဲတွင် ကျောင်းဆက် မတက်နိုင်သော ကလေးငယ်များနှင့် လေလွင့် ကလေးငယ်များ ပါဝင်သကဲ့သို့ အကျင့် စာရိတ္တပိုင်း ဆိုင်ရာ လိုအပ်ချက်ရှိသော ကလေးငယ် များလည်း တက်ရောက် သင်ကြားကြသည့် အတွက် ၄င်းတို့ကို အကျင့်စာရိတ္တပိုင်း ဆိုင်ရာ အဆင့်အတန်း မြင့်မားလာပြီး လမ်းမှန်သို့ ရောက်ရှိလာစေရန် သွန်သင် ဆုံးမရင်း ဉာဏ်ရည် တိုးတက်စေမည့် ဘာသာရပ်များ ကို သင်ကြားပို့ချ သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်းရှိ တခြားသော ဆင်ခြေဖုံးရပ်ကွက် များ၌လည်း အလားတူ သင်တန်းများ ထပ်မံတိုးချဲ့ ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း နှင့် Care Teen လူငယ် ပရဟိတအဖွဲ့တွင် အဖွဲ့ဝင် ၂ဝဝ ခန့်ရှိပြီး တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ဖွဲ့စည်း ထားကာ လက်ရှိတွင် ကလေးသူငယ်များ ပြုစုပျိုးထောင်ရေး ဆိုင်ရာ ပရဟိတ လုပ်ငန်းများကို အဓိကဦးစားပေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မိုးယံထက်

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Tuesday, January 26, 2016

လာမည့်ပညာသင်နှစ်တွင် ကျောင်းပြင်ပမူလတန်း ပညာရေးကို မြို့နယ်ပေါင်း ၁၀၀ နီးပါးအထိ တိုးချဲ့သင်ကြားမည်


ရန်ကုန် ၊ ၂၆-၁-၂၀၁၆

လာမည့် ပညာသင်နှစ်တွင် ကျောင်းပြင်ပ မူလတန်း ပညာရေးကို မြို့နယ်ပေါင်း ၁ဝဝ နီးပါးအထိ တိုးချဲ့သင်ကြား ပေးရန် စီစဉ်ထားကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီမှ သိရသည်။

''မနှစ်က ကျောင်းသား မရှိတဲ့ တချို့မြို့နယ် တွေကို ဖြုတ်ပြီးတော့ မြို့နယ်အသစ် တွေမှာ သင်ပေးဖို့ စီစဉ်သွားမယ်။ အကျဉ်းထောင်တွေ ထဲအထိသွားပြီး သင်ကြားပေးဖို့ ဆွေးနွေးနေတာ တွေရှိတယ်။ ဒါက ရည်ရွယ်ချက် တစ်ခုလည်း ဖြစ်တယ်။ ကျောင်းပြင်ပ စီမံချက်က စာတတ်မြောက်မှု ၉၅ ရာခိုင်နှုန်း ကျော်အထိ တိုးတက် လာတယ်။ နှစ်တိုင်း တက္ကသိုလ်က ကျောင်းသား တွေရော ပညာရေးက တာဝန်ရှိ သူတွေပါ အားလုံးပါဝင် ဆောင်ရွက်တာ ဖြစ်ပါတယ်'' ဟု စီမံချက် မန်နေဂျာ ဦးထွန်းကြည် က ပြောသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေး အဖြစ် ကျောင်းမနေရ သူများနှင့် မူလတန်း မပြီးဆုံးမီ ကျောင်းထွက်ခဲ့ ရသည့် အသက် ၁ဝ နှစ်မှ ၁၄ နှစ်အရွယ် ကလေးများအား သင်ကြားပေးမည် ဖြစ်သည်။

''နှစ်တိုင်း သင်ပေးလေ စာတတ်မြောက်မှု နှုန်းမြင့်လာလေပဲ။ သူတို့ စာသင်ချင် အောင်လည်း ပညာရေး ဌာနက ပံ့ပိုး ပေးသင့်တယ်။ ဥပမာ စာအုပ်၊ ဘောပင် စတာတွေ ပံ့ပိုးပေး တာမျိုးပေါ့'' ဟု ကျောင်းပြင်ပ မူလတန်း ပညာရေး လိုက်လံ သင်ကြားပေး ခဲ့သည့် ဒုတိယနှစ် မြန်မာစာ ကျောင်းသား ကိုကျော်နိုင် က ပြောသည်။

ကျောင်းပြင်ပ မူလတန်း ပညာရေးအဖြစ် ကျောင်းမနေဖူးသည့် ကလေးများအား မူလတန်းအောက် အဆင့်နှင့် မူလတန်းအဆင့် မပြီးမြောက်မီ ကျောင်းထွက်ခဲ့ ရသည့် ကလေးများ အတွက် မူလတန်း အထက် အဆင့်ဖြင့် ဇွန်လမှ စတင်၍ ရက်ပေါင်း ၂ဝ၄ ရက် သင်ကြားပေးမည် ဖြစ်သည်။

ထို့ပြင် အခက်အခဲ အမျိုးမျိုးကြောင့် ကျောင်းပြင်ပ မူလတန်း ပညာ သင်ကြားပေး နေသည့် သတ်မှတ်နေရာသို့ မလာရောက် နိုင်သော ကလေးငယ် များအား ၄င်းတို့နေထိုင် သည့်နေရာ အထိ သွားရောက် သင်ကြားရန် စီစဉ်ထားကြောင်း ကျောင်းပြင်ပ မူလတန်း ပညာရေး ဗဟိုကြီးကြပ်မှု ကော်မတီမှ သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၂၂)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger