www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဘုန်းတော်ကြီးသင်ပညာရေး. Show all posts
Showing posts with label ဘုန်းတော်ကြီးသင်ပညာရေး. Show all posts

Wednesday, November 9, 2016

မန္တလေးတိုင်းဒေသကြီး အတွင်း ကျောင်းသား ၊ ကျောင်းသူ ခုနစ်ရာခိုင်နှုန်း ကျော်မှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများကို အားထားနေရ


ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ကျောင်းသား ကျောင်းသူ များ 
စာသင်ကြားနေမှုကို တွေ့ရစဉ်

မန္တလေး ၊ ၉-၁၁-၂၀၁၆

မန္တလေးတိုင်း ဒေသကြီး အတွင်း ပညာသင်ကြားလျက် ရှိသည့် ကျောင်းသား ကျောင်းသူ အားလုံး၏ ခုနစ်ရာခိုင်နှုန်း ကျော်မှာ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် စာသင်ကြားလျက် ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံး မှ သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကို နယ်ဒေသများရှိ ကျေးလက်တောရွာ များမှ ပိုမို အားထားကြရပြီး စာသင်ကျောင်း များနှင့် ဝေးကွာခြင်း ၊ မိသားစုဝင်ငွေ နည်းပါးခြင်း နှင့် ဆင်းရဲမှု စသည့် အချက်များကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကို တက်ရောက်ကြခြင်း ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူ နှစ်ထောင်ကျော် ပညာသင်ကြား ပေးနေသည့် အဝါရောင် မျိုးဆက်သစ် လူငယ် ပရဟိတ အသင်း YGW မှ ဦးဆောင် ဆရာတော် ဘဒ္ဒန္တဣဿရိယ က မိန့်ကြား သည်။

ယခု ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် မန္တလေးတိုင်း ဒေသကြီး အစိုးရကျောင်း များ၌ ပညာသင်ကြား နေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၉၇ဝဝဝဝ ကျော်ရှိပြီး ဘုန်တော်ကြီးသင် ပညာရေးကျောင်း များတွင်ပညာသင်ကြား နေသည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၇၆ဝဝဝ ကျော်ရှိကြောင်း သိရသည်။

''ဒေသအလိုက် ဆင်းရဲမှုတွေ များနေသေးလို့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွေမှာ ထားတာပေါ့။ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ပညာရေးက နိမ့်တဲ့ ပညာရေး မဟုတ်တာလဲ ပါတယ်။ စာသင်ကျောင်း နဲ့ဝေးတဲ့ နေရာတွေ အဓိက တောရွာက ကလေးတွေ အနေနဲ့ ဒီကျောင်းတွေကို အားကိုးကြတယ်။ သူတို့အတွက် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းတွေက မရှိမဖြစ် ပါပဲ''ဟု ဆရာတော်က မိန့်ကြားသည်။

မိသားစု စားဝတ်နေရေး မပြေလည်သည့် မိဘများအနေဖြင့် သားသမီးများ၏ ရေရှည် ပညာရေး ရပ်တည်မှုအတွက် စိတ်ချရသည့် ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများတွင် အဓိကအားထား ရသည့်ကဏ္ဍ က ပါဝင်လျက် ရှိကြောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များထံမှ သိရသည်။

''ဦးပဉ္ဇင်းတို့ ကျောင်းမှာတော့ ဆင်းရဲတဲ့ ကျောင်းသားတွေနဲ့ နယ်တွေက စာသင်ချင် ပေမယ့် မသင်နိုင်တဲ့ ကလေးတွေ တက်တာ များပါတယ်။ မိဘတွေအနေနဲ့ ဝင်ငွေနည်းတော့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွေမှာထားရင် သူတို့ရဲ့ သားသမီးတွေကို ရေရှည်အမြဲတမ်း စာသင်ပေး နိုင်တာကြောင့် ထားကြတာ များပါတယ်'' ဟု ရတနာ အလင်းရောင် မိဘမဲ့ကလေးများ စောင့်ရှောက်ရေး ကျောင်းမှ ဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒ က မိန့်ကြားသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များမှာ ပညာရေးအပြင် ယဉ်ကျေးမှု ၊ စည်းကမ်း ထောက်ပံ့မှု တို့ကြောင့်လည်း မိဘများအတွက် အားထားစိတ်ချ စရာ နေရာတစ်ခု ဖြစ်လျက်ရှိသည်။

''အိမ်မှာက ကျောင်းသားများတော့ အကုန်အကျလဲ များပါတယ်။ ဒီကျောင်းမှာ ထားရင် ကျောင်းစရိတ်က ပူစရာ မလိုဘူးလေ။ စည်းကမ်းလဲ ရှိပါတယ်။ တက္ကသိုလ် ဝင်တန်းအထိ ထားနိုင်တယ်။ ရိုးရိုးကျောင်းတွေမှာ ဆိုရင် တခြား ကုန်ကျတာတွေ ရှိသေးတယ်'' ဟု စလေ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းမှ ကျောင်းသားမိဘ ဒေါ်ခင်အေး က ပြောပြသည်။

ဘုန်းကြီးကျောင်း များတွင် ပညာ သင်ကြားသည့် ဘုန်းတော်ကြီးသင် ပညာရေး စနစ်မှာ ရှေးယခင် ကတည်းက စီးဆင်းလာသည့် ဓလေ့ထုံးတမ်း အစဉ်အလာ တစ်ခုဖြစ်ပြီး လက်ရှိ တချို့ဘုန်တော်ကြီးသင် ပညာရေး ကျောင်းများမှာ အစိုးရကျောင်း များ၏ ပညာရေးစနစ် ထက်ပင် ပိုမိုမြင့်မားလျက် ရှိကြောင်း ဆရာတော် ဘဒ္ဒန္တဣဿရိယ က မိန့်ကြားသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း အများစုမှာ ကိုယ်ပိုင်ရပ်တည်၍ အခက်အခဲ မရှိသော်လည်း မိဘမဲ့ ကလေးများအား ခေါ်ယူစောင့်ရှောက် ပညာသင်ကြား ပေးနေသည့် မိဘမဲ့ကလေးများ ကျောင်းအများစု တွင်မူ နေ့စဉ် စားနပ်ရိက္ခာ ကျွေးမွေးရမှုမှာ အဓိက ဖြေရှင်းနေရသည့် အခက်အခဲ ဖြစ်ကြောင်း သိရသည်။

''နေ့စဉ် ရာဂဏန်းလောက်ကို ကျွေးမွေး နေရတာဆိုတော့ စားနပ်ရိက္ခာက အဓိက အခက်အခဲပေါ့။ ကျန်တဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပုံမှန်ထောက်ပံ့မှုတွေ ရှိကြပါတယ်။ စာရေးကိရိယာ တွေလဲ ပြည့်စုံတာ များပါတယ်'' ဟု မန္တလေးမြို့ ဖြူစင်လူငယ် ပရဟိတအဖွဲ့ ဥက္ကဋ္ဌ ကိုအောင်သူရကျော် က ပြောပြသည်။

မန္တလေးမြို့တွင် မိဘမဲ့ ကလေးများကျောင်း ၁၅ ကျောင်း ဝန်းကျင်ခန့်ရှိပြီး အများစုမှာ အလှူရှင်များ၏ ထောက်ပံ့ လှူဒါန်းမှုဖြင့် ရပ်တည်နေရခြင်း ဖြစ်သည်။ မန္တလေးတိုင်း ဒေသကြီးတွင် အစိုးရကျောင်း ၄၁၅၈ ကျောင်းရှိပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၃၃၂ ကျောင်းရှိကာ ကိုယ်ပိုင်ကျောင်း ၁၂၈ ကျောင်းရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၁)

Thursday, January 28, 2016

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ ရေရှည်ရပ်တည်နိုင်ရေး ပညာရေးဝန်ကြီးဌာန ၏ အကူအညီများစွာ လိုအပ်



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ ရေရှည်ရပ်တည် နိုင်ရေးမှာ ပညာရေးဝန်ကြီး ဌာန၏ အကူအညီများစွာ လိုအပ်လျက် ရှိကြောင်း သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ အနေဖြင့် ပညာသင်ကြားရန် အခက်အခဲ ရှိသော ကျောင်းသား၊ ကျောင်းသူများကို နေ့၊ ည စာသင်ဝိုင်းများ ဖွင့်လှစ်၍ သင်ကြားေ ပးခြင်း၊ ကျောင်းအိပ် ကျောင်းစား ထားရှိကာ သင်ကြားပေးခြင်း၊ အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်းနှင့် ဆရာ၊ ဆရာမများကို လစဉ် ပံ့ပိုးပေးခြင်း စသည့် ကုန်ကျစရိတ်များ အတွက် နိုင်ငံတော်နှင့် အလှူရှင်များ၏ ပံ့ပိုးပေးမှု လိုအပ်လျက် ရှိကြောင်း သိရသည်။

''ဘုန်းကြီးတို့ ကျောင်းမှာ စာသင်ကျောင်းသား ၂၅ဝ ကျော်ရှိတယ်။ ပထမတန်း ကနေ တက္ကသိုလ်ဝင်တန်း အထိ နေ့၊ ည သင်ပေးပါတယ်။ သင်ထောက်ကူပြု ပစ္စည်းတွေ လစဉ် လိုအပ်တယ်။ အလှူရှင်တွေက လာလှူပေမယ့် ကျောင်းက ဆရာတွေကို လစာပေးရတာ တွေရှိတော့ အခက်အခဲ ရှိလာတယ်'' ဟု သဲကုန်းကျောင်းတိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ကျောင်းထိုင် ဆရာတော် ဦးသုဝေဒ က မိန့်ကြားသည်။

ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများကို အစိုးရ ကျောင်းများကဲ့သို့ ကျောင်းစရိတ် ပံ့ပိုးပေးခြင်းနှင့် ဆရာ၊ ဆရာမများ၏ လစာ ပံ့ပိုးပေးခြင်းကို လာမည့် ပညာသင် နှစ်တွင် ပေးနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကျောင်းစရိတ် ပံ့ပိုးပေးရာတွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကိုသာ ပေးအပ်မည့် အပြင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များရှိ ဆရာ၊ ဆရာမ များကို အစိုးရဝန်ထမ်း များနည်းတူ လစာပေး သွားမည် ဖြစ်သည်။

ယခုအခါ တစ်နိုင်ငံလုံး၌ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း မည်မျှ ရှိသည်ကို သိရှိနိုင်ရန် စာရင်းကောက်ယူ ထားပြီး ရန်ကုန်တိုင်း ဒေသကြီး၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁၅ဝ ကျော်ရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၁)

Thursday, December 24, 2015

မန္တလေးမြို့ရှိ ဖောင်တော်ဦးပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၂ဝ၁၆ ခုနှစ်မှစတင်၍ တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်သွားမည်


မန္တလေး ၊ ၂၄-၁၂-၂ဝ၁၅

မူလတန်းမှ တက္ကသိုလ်ဝင်တန်း အထိ ကျောင်းသား၊ ကျောင်းသူ ဦးရေ ၇ဝဝဝ ကျော်ကို အခမဲ့ပညာ သင်ကြားပေးနေသော မန္တလေးမြို့ရှိ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို ၂ဝ၁၆ ခုနှစ်မှ စတင်၍ သြစတြေးလျနိုင်ငံမှ ပညာရှင်များ၏ အကူအညီဖြင့် ဖောင်တော်ဦး တက္ကသိုလ် အဖြစ် အဆင့်မြှင့်တင် သွားမည် ဖြစ်ကြောင်း အဆိုပါကျောင်းမှ ဆရာတော် အရှင်နာယက ၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ဖောင်တော်ဦး ပရဟိတကျောင်းမှ နှစ်စဉ် တက္ကသိုလ်ဝင်တန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၄ဝဝ ကျော်ခန့် မွေးထုတ် ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အတွက် ပညာရေးစနစ် တစ်ခုကို ကိုယ်ပိုင်ဟန် တစ်ခုဖြင့် တီထွင်ပေးလို၍ သြစတြေးလျ နိုင်ငံရှိ ပညာရေးတက္ကသိုလ်တစ်ခုမှ ပညာရှင်များ၏ အကူအညီကိုရယူကာ တက္ကသိုလ် အဖြစ် အဆင့်မြှင့်တင် ရခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေး ဖောင်တော်ဦး ပရဟိတ ဘုန်းတော် ကြီးသင် ပညာရေးကျောင်းကို ၁၉၈၂ ခုနှစ်မှ စတင်၍ ကျောင်းသား၊ ကျောင်းသူဦးရေ ၄ဝဝ ဝန်းကျင်ဖြင့် စတင်ခဲ့ပြီး ၁၉၉၃ ခုနှစ်တွင် မူလတန်းအဆင့် အဖြစ် ပြန်လည်ဖွင့်လှစ် ခဲ့ကာ ၁၉၉၄ ခုနှစ်တွင် အလယ်တန်း အဆင့်နှင့် ၂ဝဝဝ ပြည့်နှစ်တွင် တွဲဖက် အထက်တန်းကျောင်း အဆင့်အဖြစ် ယနေ့အထိ ရပ်တည်လျက် ရှိကြောင်း အဆိုပါ ကျောင်းသမိုင်း မှတ်တမ်းများ အရ သိရသည်။

ထို့ပြင် ဖောင်တော်ဦး ဆရာတော် အရှင် နာယက သည် ကမ္ဘာလုံးဆိုင်ရာ The Global Teacher Prize (2015) ဆု ရွေးချယ်ရေး ဆန်ခါတင်စာရင်း ၅ဝ ဦးတွင် ထည့်သွင်း ရွေးချယ်ခံထား ရကြောင်း အဆိုပါဆု ရွေးချယ်ရေး အဖွဲ့၏ ထုတ်ပြန်ချက် အရ သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၄)

Thursday, July 16, 2015

ယခုပညာသင်နှစ်တွင် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များရှိ ဆရာ ဆရာမများအား သာသာနာရေး ၀န်ကြီးဌာန မှ ငွေကျပ် ၃ ဒသမ ၄၇၅ ဘီလီယံ ပံ့ပိုးပေးမည်



ရန်ကုန် ၊ ၁၆-၇-၂၀၁၅

မြန်မာနိုင်ငံ အနှံ့ရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများ၌ သင်ကြား ပြသလျက် ရှိသည့် ဆရာ၊ ဆရာမများအား ယခု ပညာသင်နှစ် တွင် သာသနာရေး ဝန်ကြီးဌာန ၏ ဘတ်ဂျက် ခွင့်ပြု ရန်ပုံငွေမှ ငွေကျပ် ၃ ဒသမ ၄၇၅ ဘီလီယံ ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာန မှ ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေး က ပြောသည်။

သာသနာရေး ဝန်ကြီးဌာနမှ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ပုံ) များရှိ ဆရာ၊ ဆရာမများအား ၂ဝ၁၄- ၂ဝ၁၅ ပညာသင် နှစ်က ပံ့ပိုးငွေ ငွေကျပ် ၃ ဒသမ ၃၂၆ ဘီလီယံထက် ယခုနှစ်တွင် တိုးမြှင့်ပံ့ပိုး ပေးခြင်းဖြစ်ပြီး အဆိုပါ ပံ့ပိုးငွေသည် နိုင်ငံအနှံ့ရှိ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းများရှိ ဆရာ၊ ဆရာမ ၇၅၈၄ ဦး အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း သာသနာရေး ဝန်ကြီးဌာနမှ သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း မှ ဆရာ၊ ဆရာမ များအား သာသနာရေး ဝန်ကြီး ဌာန၏ နှစ်စဉ် ပံ့ပိုးငွေမှ တစ်ဆင့် မူလတန်းပြ ဆရာ၊ ဆရာမ တစ်ဦးလျှင် လစာငွေကျပ် ၃၆ဝဝဝ၊ အလယ်တန်းပြ ဆရာ၊ ဆရာမ တစ်ဦးလျှင် လစာ ငွေကျပ် ၄၁ဝဝဝ နှင့် အထက်တန်းပြ ဆရာ၊ ဆရာမ တစ်ဦး လျှင် လစာ ငွေကျပ် ၄၅ဝဝဝ လစဉ် ပံ့ပိုးလျက် ရှိကြောင်း သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များရှိ ဆရာ၊ ဆရာမ များအား ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ်မှ စတင်ပံ့ပိုး ပေးခြင်းဖြစ်ပြီး ၂ဝ၁၃-၂ဝ၁၄ ပညာသင် နှစ်တွင် ဆရာ၊ ဆရာမ ၆၈၂ဝ ဦးအတွက် ငွေကျပ် ၃ ဘီလီယံ၊ ၂ဝ၁၄- ၂ဝ၁၅ ပညာသင် နှစ်တွင် ဆရာ၊ ဆရာမ ၇၄၅၇ ဦးအတွက် ငွေကျပ် ၃ ဒသမ ၃၂၆ ဘီလီယံ နှင့် ယခု ပညာသင်နှစ်တွင် ဆရာ၊ ဆရာမ ၇၅၈၄ ဦး အတွက် ငွေကျပ် ၃ ဒသမ ၄၇၅ ဘီလီယံ ပံ့ပိုးပေးခြင်း ဖြစ်ကြောင်း သိရသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း များကို ရဟန်းသံဃာ များမှ ဦးဆောင် ဖွင့်လှစ် သင်ကြားကြခြင်း ဖြစ်ပြီး စာသင်ကြား ပေးသည့် ဆရာ၊ ဆရာမ များအား နိုင်ငံတော် နှင့် ဦးဆောင် ဆရာတော်များ၊ စေတနာရှင်
ပြည်သူများ၏ ပံ့ပိုးငွေဖြင့် လစာပံ့ပိုး ထားခြင်းဖြစ်ကာ မြန်မာနိုင်ငံ အနှံ့၌ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းပေါင်း ၁၅ဝဝ ကျော်နှင့် ဆရာ၊ ဆရာမ ၇၈ဝဝ ကျော် ရှိကြောင်း သိရသည်။ (၄၄၇)

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger