www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label အိမ်ခြံမြေ. Show all posts
Showing posts with label အိမ်ခြံမြေ. Show all posts

Wednesday, January 30, 2019

ရေနံချောင်းမြို့၌ ငွေကျပ် ၉၉၂ ဒသမ ၆၉ သန်းဖြင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်မှု ပြီးစီး

ရေနံချောင်းမြို့၌ ငွေကျပ် ၉၉၂ ဒသမ ၆၉ သန်းဖြင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ တည်ဆောက်မှု ပြီးစီး
-
ရေနံချောင်း ဇန်နဝါရီ ၂၉ 
-
ဆောက်လုပ်ရေး ဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီး ခွင့်ပြုရန် ပုံငွေဖြင့် ရေနံချောင်းမြို့၌ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို တည်ဆောက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ 
-
ထို့ပြင်၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ် မှစတင်၍ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ အကောင်အထည်ဖော် တည်ဆောက်ပြီးစီးသည့် ဝန်ထမ်း အိမ်ရာများတွင် နေထိုင်ရေး အခက်အခဲရှိသော ဝန်ထမ်းများကို နေရာချထား ပေးနိုင်ခဲ့သည်။ ယင်းအပြင်၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင်လည်း မကွေးနှင့် ဂန့်ဂေါမြို့တို့၌ ရှစ်ခန်းတွဲခြောက်ထပ် ဝန်ထမ်းအိမ်ရာ တစ်လုံးစီ တည်ဆောက်သွားရန်တင်ဒါအောင်မြင်သောကုမ္ပဏီများနှင့် လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုပြီး အကောင်အထည်ဖော် တည်ဆောက် လျက်ရှိကြောင်း သိရသည်။ 
-
အဆိုပါ နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာကို ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံ ငွေကျပ် ၉၉၂ ဒသမ ၆၉ သန်းဖြင့် လျှပ်စစ်မီး ခြံစည်းရိုးလမ်း အပါအဝင် ရှစ်ခန်းတွဲခြောက်ထပ်အာရ်စီ အဆောက်အအုံကို Civil Tech ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ 
-
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အများပြည်သူတို့ အတွက် တန်ဖိုးနည်း၊ တန်ဖိုးလတ်နှင့် တန်ဖိုးမြင့် အရောင်းအိမ်ရာများ အပြင် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေဖြင့် ဝန်ထမ်းများ အတွက် ဝန်ထမ်းအိမ်ရာနှင့် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာတို့ကို စဉ်ဆက်မပြတ် နှစ်စဉ် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။ 
-
ဆန်းညွန့်
-
#မြ၀တီနေ့စဉ်သတင်းစာ

Monday, January 21, 2019

ပြည်တွင်း အိမ်ခြံမြေ ဈေးကွက် ကောင်းမွန်လာစေရေး အခွန်နှုန်းထားများ လျှော့ချပေးရန် လိုအပ်

-
ရန်ကုန်  ဇန်နဝါရီ  ၂ဝ
-
ပြည်တွင်းရှိ  အိမ်ခြံမြေဈေးကွက် ကောင်းမွန်လာစေရေး အခွန်နှုန်းထားများ လျှော့ချပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်း ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်ထံမှ  သိရသည်။
-
ယခုအခါ အိမ်ခြံမြေဝယ်ယူရာတွင် ငွေကျပ်သိန်း  ၁ဝဝဝ  နှင့် အထက်ဆိုပါက တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း အပါအဝင် စုစုပေါင်း အခွန် ၃၄ ရာခိုင်နှုန်း ပေးဆောင်ရမည်ဖြစ်ရာ အခက်အခဲများရှိသည့်အပြင် ပြည်ပနိုင်ငံများ၌လည်း ယခုကဲ့သို့ ပမာဏ များစွာ ကောက်ခံခြင်း မရှိကြောင်း သိရသည်။
-
''အခွန်လျှော့ချပေးရင် အရောင်းအဝယ် ဖြစ်နိုင်တယ်။ အရောင်းအဝယ်ဖြစ်ရင် အခွန်တွေ အများကြီးရမှာပါ'' ဟု ဦးစိုင်းခွန်နောင် ကပြောသည်။ ထိုသို့အခွန်နှုန်းထား လျှော့ချပေးပြီး အိမ်ခြံမြေဈေးကွက် ပြန်လည်လည်ပတ်လာပါက  မူလအခွန်နှုန်းထားအတိုင်း ပြန်လည် ကောက်ခံနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
ထို့ပြင် နှစ်ရှည်ချေးငွေဖြင့် အိမ်ရာဝယ်ယူ မှုများနှင့် ပတ်သက်၍   အရစ်ကျစနစ်ဖြင့် ဝယ်ယူရာတွင်  လတ်တလောပေးဆောင်နေရသည့်  ဘဏ်တိုးနှုန်းများထက်  ပိုမို လျှော့ချပေးရန် လိုအပ်ကြောင်း သိရသည်။
-
''အခွန်နှုန်းထားက အတားအဆီးတစ်ခု ဖြစ်နေပါတယ်။ ဒါကိုလျှော့ချပေးဖို့ လိုတယ်။ ဒါမှလည်း နိုင်ငံသားတိုင်း အိမ်ခြံမြေပိုင်ဆိုင်မှု များလာမယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လည်းဆက်စပ်နေတယ်။ စီးပွားရေး တိုးတက်မှုအားလုံးမှာ အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးတိုးတက်ဖို့က အရေးပါတယ်။ ၂ဝ၁၈  ခုနှစ်အတွင်း  တိုးတက်မှုနည်းခဲ့ပေမယ့်  အခု ကွန်ဒိုမီနီယမ် ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်တာက အိမ်ခြံမြေကဏ္ဍ တိုးတက်လာမယ်လို့  မျှော်မှန်းထားပါတယ်''ဟု အိမ်ခြံမြေရောင်းဝယ်ငှား ဝက်ဘ်ဆိုက်တည်ထောင်သူ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူ ကပြောသည်။
-
ယခုအခါ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေကို လွှတ်တော်သို့ တင်ပြထားပြီး ကွန်ဒိုမီနီယမ် ဥပဒေနှင့်   နည်းဥပဒေ ထွက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ်အတွင်းက ဈေးကွက်အေးခဲ့သည့်  အိမ်ခြံမြေဈေးကွက်သည်  ယခုနှစ် ဆန်းပိုင်းတွင် ဈေးကွက်အနည်းငယ်ကောင်း မွန်လာသည့်အပြင် အခွန်လျှော့ချခြင်းများ အပါအဝင် တခြားသောလျှော့ပေါ့မှုများ ဆောင်ရွက်ပေးပါက ဈေးကွက်ပိုမို ကောင်း မွန်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
-
ထို့ပြင် iMyanmarHouse.com မှ ကြီးမှူး၍ DIG ကုမ္ပဏီမှ အကောင်အထည် ဖော်တည်ဆောက်နေသော  ပုသိမ်မြို့ရှိ မြကျွန်းသာစီမံကိန်း ပါဝင်သည့် ဂရန်အမည် ပေါက်နှစ်ထပ် Shop House များ အရောင်းပြပွဲကိုလည်း ဇန်နဝါရီ ၁၂ ရက်က ကျင်းပကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Thursday, January 10, 2019

လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်းတန်ဖိုးနည်း တန်ဖိုးသင့်အိမ်ရာများ ရက်ပိုင်းအတွင်း ရောင်းချပေးမည်

-
ရန်ကုန်    ဇန်နဝါရီ   ၉ 
-
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်း၊ တန်ဖိုးသင့် အိမ်ရာများကို ဇန်နဝါရီ ၁၄ ရက်မှ စတင်ရောင်းချမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတာဝန်ရှိသူတစ်ဦး ထံမှ သိရသည်။ 
-
အဆိုပါအိမ်ရာသည် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန်-ညောင်တုန်း လမ်းမကြီးနှင့် ကျန်စစ်သားလမ်းမကြီးကြား၌ တည်ရှိပြီး လက်ငင်းငွေအကျေ ပထမဦးစားပေး အဖြစ်၊ ပထမအရစ် ၅ဝ ရာခိုင်နှုန်း ပေးသွင်းသူများကို ဒုတိယ ဦးစားပေးနှင့် ပထမအရစ် ၃ဝ ရာခိုင်နှုန်းပေးသွင်းသူများကို  တတိယ ဦးစားပေးဟူ၍   အပိုင်းသုံးပိုင်းဖြင့်  ရောင်းချပေးမည်ဖြစ်သည်။ ''ငွေအကျေပေးချေနိုင်တဲ့သူတွေ အနေနဲ့ တော့ ဇန်နဝါရီ ၁၄ ရက်ကနေ ၁၈ ရက်အတွင်း ဦးရာလူစနစ်နဲ့ ရောင်းချမှာဖြစ်ပါတယ်။ ဘဏ်ချေးငွေနဲ့  ဝယ်မယ့်သူတွေကတော့ နောက်လ ၁၁ ရက်ကနေ ၁၅ ရက်အတွင်း လာရောက် စာရင်းပေးသွင်းရမှာပါ'' ဟု ၎င်းက ပြောသည်။ 
-
တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်း ဝယ်ယူလိုသူများ အနေဖြင့် ဘဏ်စုဆောင်း ငွေစာရင်းတွင် ပါဝင်သူများအနက် လက်ငင်းငွေ အကျေပေး ဝယ်ယူနိုင်သူများကို မိမိကြိုက်နှစ်သက်ရာ အခန်းအား ကိုယ်တိုင်လာရောက်ကာ မှတ်ပုံတင်မူရင်း၊ မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်း၊ မိတ္တူ၊ အိမ်ရာအတွက် ဘဏ်စုငွေ ငွေစာရင်း စာအုပ်မူရင်း၊  မိတ္တူတို့ဖြင့် ဦးရာလူစနစ် စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မည်ဖြစ်သည်။ 
-
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနသို့ အခန်းတန်ဖိုးငွေ ပေးသွင်းရန် ငွေလက်ငင်း ဖြတ်ပိုင်းနှင့် ငွေသွင်းချလန်ကို  တိုက်ခန်း ဝယ်ယူသည့်နေ့တွင်ပင် တစ်ခါတည်း ဖြတ်ပေးမည်ဖြစ်သည်။ ဝယ်ယူသူများအနေဖြင့် တိုက်ခန်းဖိုးကို ဘဏ်၌ငွေသွင်းပြီး ချလန်ကို ဌာနသို့ တစ်ပတ်အတွင်း ပြန်လည်အပ်နှံမှသာ အခန်းဝယ်ယူခြင်းကို အတည်ပြုမည် ဖြစ်သည်။ 
-
လက်ရှိရောင်းချမည့် ကျန်စစ်မင်းအိမ်ရာ၏ အခန်းတန်ဖိုးများ အနေဖြင့် ရှစ်ခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းတစ်ခန်းကို ငွေကျပ် ၁ဝ၂ သိန်း၊ ၁ဝ၉ သိန်း၊ ၁၁၂ သိန်း၊ ၁၁၉ သိန်း၊ ၁၂၂ သိန်း၊ ၁၂၉ သိန်း၊ ၁၃၂ သိန်း၊ ၁၃၉ သိန်း၊ ၁၄၂ သိန်းတို့ဖြင့် အသီးသီး ရောင်းချမည်ဖြစ်သကဲ့သို့ အခန်းအကျယ်အဝန်း အနေဖြင့် ၄၈၄ စတုရန်းပေ ပတ်လည်နှင့် ၅၂၂ စတုရန်းပေ ပတ်လည်ရှိကြောင်း၊ ထိုနည်းတူ လေးခန်းတွဲ ငါးထပ်တိုက်ရှိ အခန်းအကျယ်အဝန်းအနေဖြင့် ၆၅ဝ စတုရန်းပေ ပတ်လည်ရှိ အခန်းတစ်ခန်းလျှင် ငွေကျပ် ၂၁၄ သိန်း၊ ၂၂၉ သိန်း၊ ၂၄၄ သိန်း၊ ၂၅၉ သိန်း၊ ၂၇၄ သိန်းတို့ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Wednesday, September 26, 2018

အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေ ထွက်ပေါ်လာပါက ရောင်းဝယ်မှု မှန်ကန်စေရန် အထောက်အကူပြုနိုင်ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလည်း အားကောင်း လာနိုင်မည်ဖြစ်



ရန်ကုန် ၂၆-၉-၂ဝ၁၈

အိမ်ခြံမြေဝန်ဆောင်မှုနှင့် ပတ်သက်သည့် ဥပဒေတစ်ရပ် မကြာမီ ထွက်ပေါ်လာမည်ဖြစ်ရာ အဆိုပါဥပဒေသည် အိမ်ခြံမြေ ရောင်းဝယ်မှု မှန်ကန်စေရန် အထောက်အကူ ပြုစေမည့်အပြင် တည်ငြိမ်သည့် သတ်မှတ်ချက် များကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကိုလည်း အားကောင်းလာစေနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်ရေးအသင်း ဥက္ကဋ္ဌ ဦးတင်မောင်ထံမှ သိရသည်။ 

''မကြာမီကာလအတွင်းအိမ်ခြံမြေဝန်ဆောင်မှု ဥပဒေသစ် ထွက်ပေါ်လာဖို့ရှိတယ်။ အခု ဒီဥပဒေက ပြည်သူ့လွှတ်တော်ကို ရောက်နေပါပြီ။ ဒီလိုထွက်ပေါ်လာတဲ့အတွက် အိမ်ခြံမြေအကျိုးဆောင်တွေ အနေနဲ့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ လုပ်ငန်းတွေကို လုပ်နိုင်စေဖို့နဲ့ အိမ်ခြံမြေဥပဒေ သင်တန်းတွေ တက်ရောက်နိုင်ဖို့ အစပျိုးပေးတဲ့ အနေနဲ့ အခြေခံသင်တန်းတွေပေးပြီး အိမ်ခြံမြေဥပဒေနဲ့ ပတ်သက်တဲ့ အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်။ 

အကျိုးဆောင်တွေအနေနဲ့ သိသင့်သိထိုက်တဲ့ အရှုပ်အထွေးတွေ၊ ပြဿနာတွေ၊ ဖြေရှင်းရမယ့်ကိစ္စတွေကို နားလည်အောင် အခမဲ့ပို့ချပေးမှာပါ။ နိုင်ငံတကာနဲ့ယှဉ်ရင် ပြည်သူတွေရဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းတာတွေက ဌာနဆိုင်ရာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့အတွက် သိသင့်သိထိုက်တာနဲ့ ပတ်သက်ပြီး သိဖို့လိုအပ်နေ ပါပြီ'' ဟု ဦးတင်မောင်ကပြောသည်။ အိမ်ခြံမြေဝန်ဆောင်မှု ဥပဒေထွက်ပေါ်လာလျှင် ပြည်သူလူထုအတွက် အထောက်အကူပြုမည်ဖြစ်ပြီး လက်ရှိတွင် အကျိုးဆောင် လုပ်ကိုင်သူများသည် မည်သူမဆို ပြုလုပ်နိုင်ပြီး တန်ဖိုးကြီးသော ငွေကြေးများ လိမ်လည်မှု၊ ရောင်းမှား၊ ဝယ်မှားဖြစ်လျှင် တာဝန်ခံမည့်သူက အရေးကြီးကြောင်း၊ အကျိုးဆောင်လိုင်စင်မရှိလျှင် အကျိုးဆောင်အစစ်၊ အတုခွဲခြားရန် ခက်ခဲကြောင်း၊ အကျိုးဆောင်ကို လိုင်စင်ဖြင့် ပြဋ္ဌာန်းလိုက်သဖြင့် အပြစ်ဖြစ်လျှင် အကျိုးဆောင် လိုင်စင်သိမ်း ခံရမည်ဖြစ်သဖြင့် အကျိုးဆောင် ကျင့်ဝတ်ဥပဒေများကို လိုက်နာလိမ့်မည်ဖြစ်ကြောင်းနှင့် ထိုဥပဒေ ထွက်ပေါ်လာလျှင် ယခုဖြစ်ပေါ်နေသောအိမ်ခြံမြေပိုင်ဆိုင်မှု အရှုပ်အရှင်းပြဿနာ လျော့ပါး လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အသင်းမှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Monday, September 3, 2018

တန်ဖိုးနည်းအိမ်ရာများကို Down Payment ပေးချေ၍ မဝယ်နိုင်သူများအတွက် အိမ်ပိုင်ရရှိစေရန် ဆောင်ရွက်ပေးမည်



ရန်ကုန် ၃-၉-၂ဝ၁၈

တန်ဖိုးနည်းအိမ်ရာများကို ကနဦးပေးသွင်းငွေ (Down Payment) ပေးချေ၍ မဝယ်ယူနိုင်သူ များအတွက် လစဉ်အိမ်ငှားခပေးပြီး နေထိုင်သကဲ့သို့ ငွေပေးချေပြီး အိမ်ပိုင်ရရှိစေရန် စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းများအရ သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် စက်မှုဇုန် ၂၉ ခု၊ သီလဝါအထူးစီးပွားရေး ဇုန်တစ်ခု ရှိနေသည့်အပြင် ဆောက်လုပ်ရေးလုပ်ငန်း အများအပြား ရှိနေသည်။ စီးပွားရေး မြို့တော်ကြီးတစ်ခု ဖြစ်နေသဖြင့် အလုပ်အကိုင် အခွင့်အလမ်း ပေါများသည့် တိုင်းဒေသကြီး တစ်ခုဖြစ်သည်။ ထို့ကြောင့် မြို့နယ်ဒေသ အသီးသီးမှ အလုပ်လုပ်ကိုင် လိုသူများမှာ Migrant Worker ရွှေ့ပြောင်း အလုပ်သမားများအဖြစ် ရန်ကုန်မြို့တွင် လာရောက်လုပ်ကိုင် ဆောင်ရွက် နေကြကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့တွင် အိမ်ရာလိုအပ်မှုများ ဖြစ်လာခဲ့သည်။ ရန်ကုန်မြို့၏ အိမ်ရာလိုအပ်မှုများကို ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်ရေးအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့က တန်ဖိုးမျှတ အိမ်ရာ၊ တန်ဖိုးသင့်အိမ်ရာနှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။ သို့သော် အဆိုပါ အိမ်ရာစီမံကိန်းများသည် ရန်ကုန်တွင် အခြေချပြီး အိမ်ငှားနေထိုင်သူ လက်လုပ် လက်စားလုပ်ကိုင်နေသူများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အစိုးရ ဝန်ထမ်းများအတွက် လက်လှမ်းမမီ ဖြစ်နေခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရန်ကုန်မြို့တွင် အခြေချနေထိုင် နေသော်လည်း အိုးပိုင်အိမ်ပိုင်မရှိသည့် အိမ်ငှားနေ ထိုင်သူလက်လုပ် လက်စားလုပ်ကိုင် နေသူများ၊ ကုမ္ပဏီဝန်ထမ်းများနှင့် အစိုးရဝန်ထမ်းများ၊ တန်ဖိုးနည်း အိမ်ရာများကို ကနဦးပေးသွင်းငွေ (Down Payment) ပေးချေပြီး မဝယ်ယူနိုင်သူများအတွက် လစဉ် အိမ်ငှားခပေးပြီး နေထိုင်သကဲ့သို့ ငွေပေးချေပြီး အိမ်ပိုင်ရရှိစေရန် စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် စီစဉ်နေပြီး လာမည့် နှစ်များအတွင်း လုပ်ဆောင်ပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ဘဏ်၊ နိုင်ငံတကာကုလ သမဂ္ဂ အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး အဖွဲ့အစည်းများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်နေပြီး မြေနေရာရရှိသည်နှင့် တည်ဆောက်နိုင်စေရန် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

# မြဝတီနေ့စဉ်သတင်းစာ

Wednesday, June 20, 2018

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးရှိ ကျူးကျော်သူများ ဖယ်ရှားမပေးပါက တရားစွဲ အရေးယူသွားမည်



ပဲခူး ၂ဝ-၆-၂ဝ၁၈

ပဲခူးတိုင်းဒေသကြီး ရန်ကုန်မန္တလေး အမြန်လမ်းမကြီး ဘေးတစ်ဖက်တစ်ချက် ဧရိယာများတွင် ကျူးကျော်ဝင်ရောက် နေထိုင်သူများကို ဖယ်ရှားပေးရန် သတိပေးစာ အကြိမ်ကြိမ် ထုတ်ပြန်ထားပြီး ဖယ်ရှားမပေးပါက တရားစွဲဆို အရေးယူသွားမည် ဖြစ်ကြောင်း အမြန်လမ်းမကြီး၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးရုံးမှ သိရသည်။

အမြန်လမ်းမကြီး ဧရိယာအတွင်း ကျူးကျော် အဆောက်အအုံဆောက်၍ နေထိုင်သူများနှင့် ခြံစည်းရိုးတိုင် စိုက်ထူသူများကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံရေးနှင့် လုံခြုံရေးဌာန၏ ညွှန်ကြားချက်အရ ဖယ်ရှားပေးရန် မေ ၁၅ရက်ကပထမအကြိမ် သတိပေးစာထုတ်ပြန် ပေးခဲ့ပြီး ၁၅ ရက်တစ်ကြိမ်ကျဖြင့် (၄) ကြိမ် ထုတ်ပြန်ပေးကာ ဖယ်ရှားမပေးပါက သက်ဆိုင်ရာမြို့နယ် တို့မှတစ်ဆင့် တရားစွဲဆိုအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

"သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ အမြန်လမ်းမကြီး ဘေးကျူးကျော်နေသူတွေကို နို့တစ်စာထုတ်ပြီး ဖယ်ရှားခိုင်းနေပါပြီ။ ဖယ်မပေးရင် သက်ဆိုင်ရာ မြို့နယ်တွေကတစ်ဆင့် တရားစွဲဆို သွားမှာပါ။ အမြန်လမ်းမကြီး လမ်းပိုင်နယ်နိမိတ်က ပေ ၄ဝဝ ရှိပါတယ်။ တရားဝင်ဖြစ်ပြီးသားပါ။ အရင်ကတော့ လမ်းဘေးကျူးကျော်တဲ့ သူတွေကို ဖယ်ခိုင်းလို့ ရပါသေးတယ်။ နှစ်နှစ်တာ ကာလအတွင်းမှာ ကျူးကျော်တဲ့သူတွေ ပိုများပြားလာပြီး ဖယ်ခိုင်းလို့လဲ မရတော့ပါဘူး" ဟု အမြန်လမ်းမကြီး လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတူးတူးက ပြောပြသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး နယ်နိမိတ်၊ မိုင်တိုင်အမှတ် (၂၆/၄)နှင့် ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော်ကြား နယ်နိမိတ် မိုင်တိုင်အမှတ်(၁၈၅)ထိ လမ်းဘေးပေ၂ဝဝအတွင်း ကျူးကျော်တဲများနှင့် ခြံစည်းရိုးခတ်သူဦးရေ ၃ဝဝ ကျော်ရှိကြောင်း သိရသည်။

#Themyawadydaily

Wednesday, June 13, 2018

မဟာနဝရတ်ကွန်ဒိုတွင် မူလနေထိုင် ခဲ့ကြသူများအား ဝယ်သူအမည်ပေါက် Owner Book များပေးအပ်



ရန်ကုန် ၁၃-၆-၂ဝ၁၈

မြို့ပြဖွံ့ဖြိုးရေး ဆိုင်ရာလုပ်ငန်း စီမံကိန်း အနေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဦးစီးဌာနမှ ရန်ကုန်တိုင်း ဒေသကြီး ဗိုလ်တထောင်မြို့နယ် ၅၁ လမ်း ပြည်သူ့အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းအား အကောင်အထည် ဖော်ဆောင်ရွက် လျက်ရှိရာ ယခုအခါ စီမံကိန်းအတွင်းရှိ မဟာနဝရတ် ကွန်ဒိုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ မူလနေထိုင် ခဲ့ကြသည့်အိမ်ခန်းနှင့် သက်ဆိုင်သူများအား ဝယ်သူအမည်ပေါက် Owner Book များ ပေးအပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ မဟာနဝရတ်ကွန်ဒိုမှာ ၁၂ ထပ်ခွဲ အဆောက်အအုံဖြစ်ပြီး အိမ်ငှား ၁၁၂ ဦးအတွက် တစ်လွှာလျှင် ၂၈ ခန်းဖြင့် ပထမထပ်မှ စတုတ္ထထပ်အထိ အိမ်ခန်း တစ်ခန်းလျှင် စတုရန်းပေ ၆ဝဝ ကျယ်ဝန်းပြီး အခန်းနှစ်ခန်းပါ ရေ၊ မီးအစုံဖြင့် ဖွဲ့စည်း ပေးထားသည်။ အဆိုပါစီမံကိန်းကို မြို့ပြနှင့် အိမ်ရာဦးစီး ဌာနမှ ၅၂ ရာခိုင်နှုန်းနှင့် လုပ်ကိုင်ခွင့် ရကုမ္ပဏီမှ ၄၈ ရာခိုင်နှုန်းဖြင့် အကျိုးတူပူးပေါင်းကာ ဆောက်လုပ်ထားခြင်း ဖြစ်သည်။ မြို့ပြနှင့် အိမ်ရာဦးစီး ဌာနပိုင် လူနေအိမ် ၁၁၂ ခန်း အပါအဝင် လူနေအိမ်ခန်း စုစုပေါင်း ၂ဝဝ နီးပါးပါဝင်သည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဦးစီးဌာနပိုင် မြေဖြစ်ပြီး Basement နှင့် မြေညီထပ်တွင် ကားပါကင်၊ CCTV လုံခြုံရေးစနစ်၊ အရေးပေါ် မီးသတ်စနစ်နှင့် အဆင့်မြင့် ဓာတ်လှေကား ငါးစင်း ပါဝင်ကြောင်း သိရသည်။

''မူလလူနေအိမ်ခန်းနဲ့ အခုဆောက်လုပ် ပြီးစီးတဲ့ အိမ်ခန်းပုံစံ စနစ်ကွာခြားပါတယ်။ မြို့ပြ အင်္ဂါရပ်နဲ့အညီ ဆောက်လုပ် ထားတာကြောင့် မြို့ပြနှင့် အိမ်ရာဦးစီးဌာနက စီမံခန့်ခွဲ ငှားရမ်းထားတဲ့ အိမ်ငှားတွေ အနေနဲ့လည်း ဌာနကို အိမ်ခန်းငှားရမ်းခ ပေးဆောင်ရပါမယ်။ တခြားအိမ်ခန်းမှာ နေထိုင်ကြတဲ့ သူတွေ အနေနဲ့ကတော့ အိမ်ခန်းငှားရမ်းခ ပေးဆောင်စရာမလိုဘဲ အိမ်ခန်းထိန်းသိမ်းမှု စရိတ်အတွက်ပဲ ပေးဆောင်ရမှာပါ။ အိမ်ခန်း Owner Book ရှိရင် အချိန်မရွေး အရောင်းအဝယ် လုပ်နိုင်ကြမှာ ဖြစ်ပါတယ်'' ဟု မြန်မာရွှေဥဒေါင်းမင်းနှင့် မဟာနဝရတ်မြေ ဆောက်လုပ်ရေး ကုမ္ပဏီဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။

အဆိုပါ စီမံကိန်း၌ ဇွန် ၉ ရက်နှင့် ၁ဝ ရက်တို့တွင် ဗိုလ်တထောင်မြို့နယ် မဟာဗန္ဓုလလမ်းရှိ မဟာနဝရတ် ကွန်ဒိုတိုက်ခန်းများကို ဘဏ်များနှင့် ချိတ်ဆက်ကာ ၂ဝ ရာခိုင်နှုန်း ဈေးလျှော့၍ ၁၅ နှစ်အရစ်ကျ ပေးသွင်းစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျန်ရှိလူနေ အိမ်ခန်းများအတွက် အရစ်ကျ စနစ်ဖြင့်ထပ်မံ၍ ခြောက်လ ဝယ်ယူနိုင်ကြောင်း သိရသည်။

ပြည်သူ့အိမ်ရာ ပြန်လည်ဖွံ့ဖြိုးရေး စီမံကိန်းအတွင်းရှိ ကွန်ကရစ် မြေထိန်းနံရံ စနစ်ပါသောငွေကျပ် ၁ဝ ဘီလီယံ အကုန်အကျ ခံဆောက်လုပ်နေသည့် ၁၇ ထပ်ခွဲရှိ မဟာနဝရတ် တာဝါကိုလည်း မြို့ပြနှင့် အိမ်ရာဦးစီး ဌာနပိုင် မြေတွင် ဆောက်လုပ်လျက် ရှိသည်။

အဆိုပါတာဝါ၌ တစ်လွှာလျှင် လေးခန်းတွဲ ဖွဲ့စည်းထားပြီး အထပ် ၁၅ ထပ်ပါရှိမည် ဖြစ်ကာ Basement နှစ်ထပ်နှင့် မြေညီထပ်တွင် ယာဉ်စီးရေ ၆ဝ ရပ်နားရန် ကားပါကင် ပါဝင်ကြောင်း၊ ဆောက်လုပ်မှုမှာ ၂ဝ ရာခိုင်နှုန်း ပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါအိမ်ရာ ရှိနေရာမှာ လွန်ခဲ့သော နှစ်ပေါင်း ၆ဝ ခန့်က ပြည်တော်သစ် အိမ်ရာစီမံကိန်းအဖြစ် ဆောက်လုပ်ခဲ့ပြီး နိုင်ငံ့တာဝန် ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများကို ငှားရမ်းနေထိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။ ယခုအခါ နှစ်ကာလကြာမြင့် လာသည်နှင့်အမျှ တိုက်ခန်းများမှာ ယိုယွင်းပျက်စီးလာ၍ မြို့ပြအင်္ဂါရပ်နှင့် ညီညွတ်စေရန် ပြန်လည်ဆောက်လုပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Monday, June 11, 2018

အိမ်ရာဝယ်ယူ လိုသူဝန်ထမ်းများနှင့် အရစ်ကျဝယ်ယူ လိုသူများအတွက် Biggest Home Loan Expo ပွဲကျင်းပ



ရန်ကုန် ၁၁-၆-၂ဝ၁၈

အိမ်ရာဝယ်ယူလိုသူ ဝန်ထမ်းများနှင့် အရစ်ကျဝယ်ယူ လိုသူများအတွက် အရစ်ကျစနစ်ဖြင့် အိမ်ခြံမြေများကို ဝယ်ယူနိုင်ရန် Biggest Home Loan Expo အိမ်ရာပြပွဲကို ယမန်နေ့က ရန်ကုန်မြို့ရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

အဆိုပါပွဲကို ဇွန် ၉ ရက်နှင့် ၁ဝ ရက်တို့တွင် ကျင်းပလျက်ရှိပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့လာရောက် လေ့လာနိုင်ကာ အရစ်ကျစနစ်ဖြင့် အိမ်ရာဝယ်ယူ မည့်သူများ အနေဖြင့် အဆင်ပြေစွာ ဝယ်ယူနိုင်ရန် ဆောက်လုပ်ပြီး အိမ်ရာတိုက်ခန်း များကို အဓိကအနေဖြင့် ရောင်းချပေးကြောင်း သိရသည်။

''ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာရှိတဲ့ မြို့နယ်တွေက တိုက်ခန်း၊ ကွန်ဒို၊ မီနီကွန်ဒို စုစုပေါင်း လေးထောင်ကျော်နဲ့ ပြင်ဦးလွင်မြို့က ခြံမြေတွေ ရောင်းချခဲ့တာပါ။ ဈေးနှုန်း အနေနဲ့အနိမ့်ဆုံး ငွေကျပ်သိန်း ၂ဝဝ ကနေ အမြင့်ဆုံး ငွေကျပ် သိန်း ၄ဝဝဝ အထိရှိပါတယ်''ဟု Biggest Home Loan Expo ကုမ္ပဏီတည်ထောင်သူ ကိုကောင်းသူဝင်းက ပြောသည်။

ယင်းပွဲတွင် တိုက်ခန်း၊ ကွန်ဒိုနှင့် မီနီကွန်ဒိုများကို အရစ်ကျစနစ်ဖြင့် ဝယ်ယူပါက တန်ဖိုး၏ ၃ဝ ရာခိုင်နှုန်းကို ကနဦးပေးချေ၍ ၁ဝ နှစ်မှ ၁၅ နှစ်အထိနှစ်ရှည်အဖြစ် အရစ်ကျဝယ်ယူနိုင်ကြောင်း သိရသည်။

#Themyawadydaily

Monday, May 28, 2018

အငှားအိမ်ရာ ဝန်ထမ်းများကို နေရာချထားရန် တနင်္သာရီတိုင်း ဒေသကြီးအစိုးရထံ တင်ပြထားဟုဆို



ထားဝယ် ၂၈-၅-၂ဝ၁၈

ထားဝယ်မြို့ ပိန္နဲတောရပ်ကွက်၌ တည်ဆောက်ထားသည့် အစိုးရအငှား အိမ်ရာတွင် နိုင်ငံ့ဝန်ထမ်းများကို နေရာချထားပေးရန် တိုင်းဒေသကြီး အစိုးရထံ တင်ပြထားကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန တနင်္သာရီ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်မိမိထွေးက ပြောပြသည်။

ပိန္နဲတောရပ်ကွက်၊ နှင်းဆီလမ်းတွင် ဆောက်လုပ်ထားသည့် အဆောက်အအုံ များအနက် ပထမဆုံးဆောက်သည့် အဆောက်အအုံ နှစ်လုံးတွင် ကျူးကျော်များကို နေထိုင်ခွင့်ပေးမည်ဟု တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ထားပြီး ထပ်မံ ဆောက်လုပ်နေသည့် အဆောက်အအုံများတွင် မည်သူ့ကို နေထိုင်ခွင့်ပေးမည်ဟု ထုတ်ပြန်ထားခြင်း မရှိသေးကြောင်း၊ အဆိုပါ အဆောက်အအုံများတွင် အခန်းလိုအပ်နေသည့် နိုင်ငံ့ဝန်ထမ်းများကို နေရာချထားပေးရန် မေလ ဒုတိယပတ်က တိုင်းဒေသကြီး အစိုးရထံ တင်ပြခဲ့ကြောင်း ၎င်းက ပြောပြသည်။

"တင်ပြမှုကို အစိုးရက စဉ်းစားပြီးနောက် အစည်းအဝေးမှာ ဆုံးဖြတ်မယ် ထင်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။ ဆောက်လုပ်ထားသည့် အစိုးရ အငှားအိမ်ရာ အဆောက်အအုံများရှိ အခန်းအချို့ကို ကျူးကျော်များအား ငှားရမ်းစဉ်က အခန်းတစ်ခန်းလျှင် တစ်လငှားရမ်းခ အဖြစ် ငွေကျပ် ၃၂ဝဝဝ သတ်မှတ်ထားကြောင်း၊ အစိုးရဝန်ထမ်း အိမ်ရာများတွင်မူ အခန်းတစ်ခန်းလျှင် တစ်လကျသင့်ငွေမှာ အရာထမ်းအဆင့် ဝန်ထမ်းဖြစ်ပါက လစာငွေ၏ ငါးရာခိုင်နှုန်းကို ကောက်ခံပြီး အမှုထမ်းဖြစ်ပါက လစာငွေ၏ သုံးရာခိုင်နှုန်းကို ကောက်ခံကြောင်း၊ ထို့ကြောင့် ဝန်ထမ်းများ အနေဖြင့် အငှားအိမ်ရာ အဆောက်အအုံများတွင် နေထိုင်ခွင့်ရပါက အခန်းခနှုန်းထား ကွာဟလာမည် ဖြစ်ကြောင်း၊ ထိုသို့ အခန်းခနှုန်းထား ကွာဟနေမှုကိုလည်း တင်ပြထားကြောင်း ဒေါ်ခင်မိမိထွေးက ပြောပြသည်။

"အခန်းလိုချင်လို့ လျှောက်ထား တာတော့ကြာပြီ။ ဒါပေမဲ့ အခန်းက ငွေကျပ်သုံးသောင်း ကျော်ပေးရမယ်ဆိုရင် ရေဖိုး၊မီတာဖိုးနဲ့ စားဖို့ကျန်မှာမဟုတ်ဘူး"ဟု ထားဝယ်မြို့တွင် တာဝန်ထမ်းဆောင် နေသည့် ပညာရေး ဝန်ထမ်း တစ်ဦးက ပြောပြသည်။

အခန်းခ ငွေကျပ် ၃၂ဝဝဝပေး ရမည်ဆိုပါက အနိမ့်ဆုံး လစာရရှိသည့် ဝန်ထမ်းတစ်ဦးအနေဖြင့် လစာ၏ ၂ဝရာခိုင်နှုန်းကျော်ကို အိမ်ခန်းခအတွက် သုံးစွဲရမည် ဖြစ်သည်။

လက်ရှိတွင် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနတွင် အခန်းလျှောက်ထားသည့် ဝန်ထမ်းဦးရေ ၂ဝဝ ခန့်ရှိနေသော်လည်း အခန်းလွတ် မရှိသည့်အတွက် ချထားနိုင်ခြင်း မရှိသေးကြောင်း အဆိုပါဌာနမှ သိရသည်။

#Themyawadydaily

Monday, May 14, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်တွင် ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၅၃ဝ တည်ဆောက်ပေးရန် လျာထား



မန္တလေး ၁၄-၅-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၃မြို့နယ်တွင် ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ဝန်ထမ်းအိမ်ရာ တိုက်ခန်းပေါင်း ၅၃ဝ တည်ဆောက်ပေးရန် လျာထားကြောင်း အဆိုပါ ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောပြ၍ သိရသည်။

အဆိုပါ တိုက်ခန်းများကို မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ မန္တလေး၊ မတ္တရာ၊ မိုးကုတ်၊ စဥ့်ကူး၊ တံတားဦး၊ မြစ်သား၊ စဥ့်ကိုင်၊သာစည်၊ မလှိုင်၊ဝမ်းတွင်း၊ မြင်းခြံ၊ ငါန်းဇွန်နှင့်ပျော်ဘွယ် ဟူသည့်မြို့များတွင် ငွေကျပ် ၈ ဒသမ ၈ ဘီလီယံသုံးစွဲ၍ တိုက်ခန်းများ တည်ဆောက်ပေးရန် လျာထားပြီး ၎င်းတိုက်ခန်းများမှာ တစ်ခန်းလျှင် ၆၅ဝ စတုရန်းပေကျယ်ဝန်းမည် ဖြစ်ကြောင်း သိရသည်။

"မန္တလေးတိုင်း ဒေသကြီးအတွင်း မှာရှိတဲ့ မြို့နယ် ၂၈မြို့နယ်မှာ ၂ဝ၁၈-၂ဝ၁၉ ခြောက်လဘတ်ဂျက်ထိ ဝန်ထမ်းအိမ်ရာ ၃ဝ၃ဝပဲ တည်ဆောက် ပေးနိုင်သေးတယ်။ တစ်တိုင်းလုံးမှာ ဝန်ထမ်းက ၅၆၁၆၂ ဦးရှိတာကြောင့် အချိုးကျ တွက်ကြည့် မယ်ဆိုရင် ၅ ဒသမ ၃၉ ရာခိုင်နှုန်းပဲရှိတယ်။ ဒါကြောင့် ပိုမိုတည်ဆောက်ပေးနိုင်ဖို့ အခုဘဏ္ဍာနှစ်မှာ ဘတ်ဂျက်လျာထားပြီး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်" ဟု၎င်းက ပြောပြသည်။

မန္တလေးတိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် လက်ရှိတွင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်က ပြည်ထောင်စုအစိုးရ ဘတ်ဂျက်နှင့် တိုင်းဒေသကြီး အစိုးရဘတ်ဂျက် စုစုပေါင်း ငွေကျပ် ၁ဝဘီလီယံသုံးစွဲ၍ အောင်မြင်မန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာကို မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်းကျေးရွာ အနီးရှိ မြေဧက ၃၃ ဒသမ ၂၂ ဧကပေါ်တွင် တိုက်ခန်းပေါင်း ၅ဝဝ တည်ဆောက်ပေးလျက်ရှိပြီး အဆိုပါတိုက်ခန်းများမှာ လက်ရှိအချိန်၌ ပြီးစီးလုနီးပါး ရှိပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောပြသည်။

ထို့ပြင်၂ဝ၁၈-၂ဝ၁၉ဘဏ္ဍာနှစ်ခြောက်လ ဘတ်ဂျက်ဖြင့်လည်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ရှစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအိမ်ရာ တိုက်ခန်း ၂၄၈ ခန်းကိုတည်ဆောက် ပေးသွားမည့်အပြင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ မဲကင်းကုန်း၊ဘိုတပ်ကုန်းနှင့် သမ္မတောတို့တွင်လည်း တန်ဖိုးမျှတအရောင်းအိမ်ရာများကို တည်ဆောက်ပေးရန် လျာထားပြီးဖြစ်ကြောင်း သိရသည်။

#Themyawadydaily

Tuesday, May 8, 2018

မန္တလေးတိုင်း ဒေသကြီးအတွင်း တန်ဖိုးမျှတအရောင်း အိမ်ရာတိုက်ခန်းများကို ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် အကောင်အထည် ဖော်တည်ဆောက်ရန် စီစဉ်နေ


ယခင်နှစ်များက တည်ဆောက်ပေးခဲ့သည့် မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာများကို တွေ့ရစဉ်။

မန္တလေး ၈-၅-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ်တွင် တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဦးစီးဌာနက ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် တန်ဖိုးမျှတ အရောင်းအိမ်ရာ တိုက်ခန်းများကို ယခုနှစ်အတွင်း အကောင်အထည် ဖော်တည်ဆောက်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်နိုင်က ပြောပြ၍ သိရသည်။

အဆိုပါ တိုက်ခန်းများကို ပုသိမ်ကြီးမြို့နယ် အတွင်းရှိ မြေနေရာစီမံခန့်ခွဲမှု ရရှိပြီးဖြစ်သော မဲကင်းကုန်း၊ ဘိုတပ်ကုန်းနှင့် သမ္မတောတို့တွင် တည်ဆောက် သွားမည်ဖြစ်ပြီး လက်ရှိတွင် အဆောက်အအုံ ပုံစံဒီဇိုင်း အတည်ပြုချက် ရရှိရန် စီစဉ်လျက်ရှိကြောင်း၊ ၎င်းအိမ်ရာများကို တစ်စတုရန်း ပေလျှင် ငွေကျပ် ၂၂၅ဝဝနှင့် ၂၃ဝဝဝကြား သတ်မှတ်တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

"အရောင်းအိမ်ရာတွေ ဆောက်ပြီးရင်လဲ ဝယ်ယူနိုင်တဲ့ အနေအထား မျိုးဖြစ်အောင် တွက်ချက်စဉ်းစားပြီး စီစဉ်ပေးနေပါတယ်။ အိမ်ရာဝယ်ယူ မယ်ဆိုရင် ကိုယ်တတ်နိုင်တဲ့ ငွေပမာဏနဲ့ တိုက်ခန်းအကျယ်ကို ဝယ်ယူနိုင်မှာပါ။အခုတွက်ချက်ထားတဲ့ နှုန်းထားအပြင် မရှိမဖြစ်လိုအပ်တဲ့ ရေ၊ မီးနဲ့ လမ်းအတွက် ကုန်ကျငွေလဲ ထပ်မံပါဝင်မှာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာပဲ မကြာမီစတင်တည်ဆောက် တော့မှာပါ။ ဒီထက်မက မြေနေရာ တွေရခဲ့ရင်လဲ အရောင်းအိမ်ရာတွေ ထပ်မံတိုးချဲ့ တည်ဆောက် ပေးသွားမှာပါ"ဟု ၎င်းက ပြောပြသည်။

၎င်းတန်ဖိုးမျှတ အရောင်းအိမ်ရာ တိုက်ခန်းများကို အငြိမ်းစားများ၊ မကြာမီအငြိမ်းစား ယူတော့မည့် ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဝင်ငွေနည်းပြည်သူများနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် အိမ်ရာဝယ်ယူရန် ငွေစုဆောင်း ထားသူများကို ဘဏ်ချေးငွေ စနစ်ဖြင့် ဦးစားပေးရောင်းချ ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ယခင်နှစ်များက မန္တလေးတိုင်း ဒေသကြီး ချမ်းမြသာစည် မြို့နယ်အတွင်း မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာ တိုက်ခန်းပေါင်း ၁၂၃၂ ခန်းကို တည်ဆောက်ပေးခဲ့ပြီး စတုရန်းပေ ၆၅ဝ အကျယ်အဝန်းရှိ တိုက်ခန်းတစ်ခန်းလျှင် မြေညီထပ် ငွေကျပ် ၂၂၃သိန်း၊ ပထမထပ် ငွေကျပ် ၂ဝ၈သိန်း၊ ဒုတိယထပ် ငွေကျပ်၁၉၃ သိန်း၊ တတိယထပ် ငွေကျပ် ၁၇၈သိန်းနှင့် စတုတ္ထထပ် ငွေကျပ် ၁၆၃ သိန်းနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

#Themyawadydaily

Friday, April 27, 2018

မြဝတီဘဏ် လီမိတက်၏ (၅) ခုမြောက် မြဝတီဘဏ် (တောင်တွင်းကြီး) ဘဏ်ခွဲ ဖွင့်လှစ်



တောင်တွင်းကြီး ၂၇-၄-၂ဝ၁၈

မြဝတီဘဏ် လီမိတက်၏ (၅၈) ခုမြောက် မြဝတီဘဏ် (တောင်တွင်းကြီး) ဘဏ်ခွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီးမြို့ ရွှေကြာအင်း (၂) ရပ်ကွက် မကွေးလမ်းရှိ အဆိုပါဘဏ်ခွဲ၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့် တာဝန်ရှိသူများ၊ မြဝတီဘဏ်လီမိတက်မှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်း ရှင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မြဝတီဘဏ်လီမိတက် ဝန်ထမ်းမိသားစုများက သံဃာတော်များအား အရုဏ်ဆွမ်းဆက်ကပ် လှူဒါန်းပြီး သံဃာတော်များ၊ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးနှင့် တာဝန်ရှိသူများက ဘဏ်ခွဲကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးသည်။

မြဝတီဘဏ် (တောင်တွင်းကြီး) ဘဏ်ခွဲကို တောင်တွင်းကြီးမြို့၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်လာစေရေး ဘဏ်ဝန်ဆောင်မှု လုပ်ငန်းများဖြင့် တစ်ဖက်တစ်လမ်းမှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပြီး စာရင်းရှင် အပ်ငွေများ၊ ငွေစုဘဏ်အပ်ငွေများ၊ စာရင်းသေအပ်ငွေများ၊ ခေါ်ယူအပ်ငွေများ၊ တက္ကသိုလ်ပညာသင်ဆု ဝန်ဆောင်မှုအပ်ငွေများ၊ ATM ကတ်စာရင်း အပ်ငွေများ လက်ခံခြင်းနှင့် စီးပွားရေး လုပ်ငန်းရှင်များ၏ လိုအပ်သော ရင်းနှီးငွေများအတွက် မရွှေ့ပြောင်းနိုင်သော မြေနှင့် အဆောက်အအုံများကို အာမခံအဖြစ်ရယူ၍ တစ်နှစ်လျှင် အတိုးနှုန်း ၁၃ ရာခိုင်းနှုန်းဖြင့် ချေးငွေများ ထုတ်ချေးခြင်း၊ မြဝတီဘဏ်ခွဲ အသီးသီးနှင့် ချိတ်ဆက်ထားသည့် မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များသို့ အပြန်အလှန် ငွေလွှဲပေးပို့ နိုင်ခြင်းများ အပါအဝင် Modern Banking အနေဖြင့်လည်း Modern Banking ဆိုင်ရာ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေး လျက်ရှိသည်။

#Themyawadydaily

Wednesday, February 21, 2018

တောင်ကြီးမြို့၌ အိမ်ခြံမြေ အရောင်းအဝယ် အေးနေသော်လည်း အိမ်ငှားဈေးနှုန်းများ မြင့်တက်နေ



တောင်ကြီး ၂၁-၂-၂ဝ၁၈

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့သည် ရှမ်းပြည်နယ်၏ ရုံးစိုက်ရာမြို့ဖြစ်ပြီး ရှမ်းပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်နှင့်အညီ မြန်မာပြည်အနှံ့မှ လာရောက်လုပ်ကိုင် နေထိုင်သူများနှင့် ကုမ္ပဏီလုပ်ငန်း၊ ဈေးအရောင်း အဝယ်၊ ကုန်သည်ပွဲစားများနှင့် စိုက်ပျိုးရေး လုပ်ကိုင်သူများဖြင့် စည်ကားလျက်ရှိရာ တောင်ကြီးမြို့ပေါ် ရပ်ကွက်များတွင် အိမ်ခြံမြေဈေး အရောင်းအဝယ် အေးနေသော်လည်း အိမ်ငှားဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင် တစ်ဦးထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီလုပ်ငန်း ရှင်များသည် တောင်ကြီးမြို့ပေါ်တွင် ရေအေးကွင်း၊ ဘုရားဖြူ၊ မင်္ဂလာဦးရပ်ကွက်၊ သစ်တော၊ ပြည်တော်သာ ရပ်ကွက်တို့ကို ပိုမို ကြိုက်နှစ်သက်ပြီး ယခင်က တစ်လလျှင် လုံးချင်းဖြစ်စေ၊ အခန်းလိုက် ဖြစ်စေနေရာနှင့် အရွယ်အစား ပေါ်မူတည်၍ ငွေကျပ် ၃ သောင်းမှ ၃ သိန်းခွဲခန့်ထိသာ ငှားရမ်းနေထိုင်ကြရာမှ ၂ဝ၁၇ ခုနှစ်နောက်ပိုင်းတွင် ငွေကျပ် ၈ သောင်းမှ ၅ သိန်းခန့်ထိ ဈေးနှုန်းများမြင့်တက်လာကာ အချို့နေရာများတွင်ဝင်းကျယ်ခြံကျယ်လျှင် ငွေကျပ် ၇ သိန်းခန့်ထိ ဖြစ်လာကြောင်း သိရသည်။

မြို့ပြဖွံ့ဖြိုးတိုး တက်လာသည် နှင့်အညီ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် မြန်မာပြည်အနှံ့မှ လာရောက်လုပ်ကိုင်သူ များပြားလာသည့်အတွက် အိမ်ငှားဈေးနှုန်း တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာကြောင်း သိရသည်။

"အခုတောင်ကြီး မြို့ပေါ်မှာတော့ အရောင်းအဝယ်အေးတယ်။ အိမ်ငှားတွေကတော့ သူ့ဟာနဲ့သူ အလုပ်ဖြစ်နေတယ်။ ဒီရက်ပိုင်းတော့ ဟဲဟိုးမြို့မှာ အိမ်ခြံမြေ အရောင်းအဝယ်တော့ နည်းနည်း ပြန်ဖြစ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း စီမံကိန်းလဲရှိတယ်။တချို့က ခြံလုပ်ငန်းအတွက် ဝယ်ယူကြသလို လူနေထိုင်ရေးအတွက်လဲ ဝယ်ယူကြတော့ အစောပိုင်းက အရောင်းအဝယ်အေးပေမယ့် အခုလ အစောပိုင်းကနေ အရောင်းအဝယ် ပြန်ဖြစ်လာပါတယ်"ဟု အိမ်ခြံမြေ အကျိုးတော်ဆောင် ဥက္ကဋ္ဌက ပြောပြသည်။

တောင်ကြီးမြို့သည် ရာသီဥတုနှင့် သဘာဝရေခံ မြေခံကောင်းမွန်၍ အပူလွန်ကဲခြင်း၊ အအေးများခြင်း မရှိသည့်အတွက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာစသည့်မြို့ကြီးများမှ လာရောက်ဝယ်ခြင်း၊ ငှားရမ်းနေထိုင် ခြင်းများရှိကြကြောင်း၊ ၂ဝ၁၇ခုနှစ် နောက်ပိုင်းတွင် အိမ်ခြံမြေ အရောင်းအဝယ် အေးသွားကာ အိမ်ငှားနေထိုင်သူများ များပြားလာကြောင်း သိရသည်။

#Themyawadydaily

Wednesday, January 31, 2018

မြို့ကွက်သစ် ဖော်ဆောင်ရေး မြေဧက ၁ဝဝ စီမံကိန်း အကောင်အထည် ဖော်လျက်ရှိရာ အိမ်ငှားဖြင့် နှစ်ပေါင်းများစွာ နေထိုင်သူများကို ဦးစားပေးနေရာ ချထားမည်



ဟားခါး ၃၁-၁-၂ဝ၁၈

ချင်းပြည်နယ် ဟားခါးမြို့၌ မြို့ကွက်သစ် ဖော်ဆောင်ရေး မြေဧက ၁ဝဝ စီမံကိန်း အကောင်အထည် ဖော်လျက်ရှိရာ အိမ်ငှားဘဝဖြင့် နှစ်ပေါင်းများစွာ နေထိုင်သူများကို အဆိုပါစီမံကိန်းတွင် ဦးစားပေးမဲနှိုက် နေရာချထားပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရ အဖွဲ့မှ သိရသည်။

အဆိုပါမြေဧက ၁ဝဝ အတွက်ခွင့်ပြုချက် ရရှိပြီးဖြစ်၍ မြေကွက်ဖွင့်ထားပြီး ဖြစ်ကြောင်း၊ ဟားခါးမြို့တွင် နှစ်ရှည်လများနေထိုင်၍ ကိုယ်ပိုင်မြေကွက်မရှိဘဲ အိမ်ငှားအနေဖြင့် နေထိုင်သူများကို ပထမဦးစားပေး ရောင်းချပေးမည် ဖြစ်ကြောင်း၊ တစ်ကွက်လျှင် ငွေကျပ်တစ်သိန်းနှင့် နှစ်သိန်းခန့် ပေးဆောင်ရမည် ဖြစ်ကြောင်း၊ ရရှိလာမည့် ငွေကြေးများကိုလည်း မြို့သစ်စီမံကိန်းအတွက် လိုအပ်မည့်လမ်း၊ မြောင်းနှင့် အခြားလိုအပ်မည့် နေရာများ၌ အသုံးပြု သွားမည်ဖြစ်ကြောင်း၊ မြေကွက်မရှိသူများကို ကိုယ့်ခြံကိုယ့်ဝင်း ဖြစ်လာစေရန် ရည်ရွယ်၍ အဓိကလုပ်ဆောင် ပေးခြင်းဖြစ်ကြောင်း၊ အကွက်များ ရိုက်ပြီးဖြစ်၍ လပိုင်းအတွင်း နေရာချမှုများ လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ၊ယခုအခါ စည်ပင်ဧရိယာ ဖြစ်သွားပြီဖြစ်သဖြင့် ဟိုတယ်နှင့် အခြားရင်းနှီးမြှုပ်နှံ လိုသူများကိုလည်း ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ဟားခါး မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

"ပြည်နယ်အစိုးရအနေနဲ့ အဲဒီမြေဧက ၁ဝဝ ကွက်သစ်မှာ ဟားခါးမြို့ပေါ်မှာ အိုးပိုင်အိမ်ပိုင်မရှိကြဘဲ မုဆိုးမ ဦးဆောင်တဲ့ မိသားစုတွေ၊ ဆင်းရဲတဲ့မိသားစုတွေ၊ ဆင်းရဲတဲ့ စစ်မှုထမ်းဟောင်းတွေ အပါအဝင် အငြိမ်းစားဝန်ထမ်း မိသားစုတွေ၊ သင်းအုပ်ဆရာတော်တွေကို မြို့မိမြို့ဖတွေရဲ့ သဘောထားညှိနှိုင်း တိုင်ပင်ရယူပြီးတော့ နေရာချထား ပေးနိုင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်"ဟု ဟားခါးမြို့ပြဖွံ့ဖြိုးရေး စီမံကိန်းကော်မတီမှ တာဝန်ရှိသူတစ်ဦးက ဆက်လက် ပြောပြသည်။

ချင်းပြည်နယ် အစိုးရအနေဖြင့် မြို့ပြစီမံကိန်းများ ရေးဆွဲလျက်ရှိရာ ဟားခါး၊ ဖလမ်း၊ ပလက်ဝဟူ၍ မြို့သုံးမြို့ကို မြို့သစ်စီမံကိန်း၊မြို့ပြ စီမံကိန်းဖွံ့ဖြိုး တိုးတက်ရန်အတွက် အရှိန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ မြေဧက ၁ဝဝ မြို့သစ်စီမံကိန်း အကောင်အထည် ဖော်ဆောင်ပြီးပါက နောက်ထပ်မြေဧက ၁ဝဝကို ထပ်မံဖော်ဆောင် သွားမည်ဖြစ်ကာ စုစုပေါင်းမြေကွက်ပေါင်း ထောင်ဂဏန်းကျော်ထိ နေရာချထားပေးနိုင်ရန် စီစဉ်ထားကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

#Yadanarpondaily

Wednesday, January 24, 2018

ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၌ တည်ရှိသော 68 Residence ကွန်ဒို အရောင်းပြပွဲ ကျင်းပမည်



ရန်ကုန် ၂၄-၁-၂ဝ၁၈

ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းနှင့် ဆရာစံလမ်းထောင့်၌ တည်ရှိသော 68 Residence ကွန်ဒိုအရောင်းပြပွဲကို ဆရာစံလမ်းအမှတ် (၄၄/က) ၌ တည်ရှိသော 68 Residence Show Room တွင် ဇန်နဝါရီ ၂၆ ရက်မှ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အရောင်းပြပွဲကို နေ့စဉ်နံနက် ၉ နာရီမှ ညနေ ၆ နာရီအထိ ကျင်းပမည်ဖြစ်ပြီး အခန်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးမည် ဖြစ်သည့်အပြင် ၁ဝ နှစ်မှ ၁၅ နှစ်အထိ အရစ်ကျငွေ ပေးသွင်းဝယ်ယူနိုင်သော စနစ်ဖြင့်လည်း ရောင်းချပေးမည် ဖြစ်သည်။ တိုက်ခန်း တန်ဖိုးအနေဖြင့် တစ်စတုရန်းပေလျှင် အမေရိကန်ဒေါ်လာ ၃၁၅ ဒေါ်လာဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အထူးအစီအစဉ်အနေဖြင့် ပြပွဲရက်အတွင်း ဝယ်ယူမည့်သူများအား လက်ဆောင် အနေဖြင့်ငွေကျပ် သိန်း ၂ဝဝ တန်ဖိုးရှိ ပရိဘောဂပစ္စည်းများ ပြန်လည်ပေးအပ်မည် ဖြစ်သည်။

''အရောင်းပြပွဲပြုလုပ် ရောင်းချပေးတာက ဝယ်ယူချင်တဲ့ပြည်သူ တွေအနေနဲ့ ပြပွဲရက်အတွင်းမှာ စိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်အောင် ရည်ရွယ်ပြီး ကျင်းပတာပါ။ ဝယ်သူစိတ်ကြိုက် အကောင်းဆုံးပုံစံနဲ့ ရောင်းချပေးမှာဖြစ်တဲ့ အတွက် စိတ်ချမ်းသာမှု အပြည့်ရမှာပါ''ဟု 68 Residence Show Room ၏ အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

68 Residence သည် ရန်ကုန်မြို့၌ နိုင်ငံတကာအဆင့်မီ W ပုံစံဖြင့် တည်ဆောက်ထားသော ကွန်ဒိုမီနီယံ တစ်ခုဖြစ်ပြီး စတုရန်းပေ ၁ဝ၈ဝ ပေရှိသောအခန်းနှင့် ၂ဝ၇၅ စတုရန်းပေ ရှိသောအခန်းဟူ၍ အမျိုးအစားနှစ်မျိုးပါဝင်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, January 10, 2018

စစ်ကိုင်းမြို့ရှိ ပြည်သူ့အငှားအိမ်ရာတွင် နေထိုင်ခွင့်လျှောက်လွှာများ ဇန်နဝါရီ ၁၂ ရက်တွင် လျှောက်လွှာပိတ်မည်



စစ်ကိုင်း ၁ဝ-၁-၂ဝ၁၈

စစ်ကိုင်းမြို့ ကောင်းမှုတော် စေတီအနီး ဆွမ်းချက် ရပ်ကွက်အတွင်းရှိ ပြည်သူ့အငှားအိမ်ရာတွင် နေထိုင်လိုသူများကို လျှောက်လွှာများ ခေါ်ယူလျက်ရှိရာ ဇန်နဝါရီ ၁၂ ရက်တွင် လျှောက်လွှာပိတ်မည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် မြို့ပြနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ပြည်သူ့အငှား အိမ်ရာတွင် နေထိုင်လိုသူများကို ၂ဝ၁၇ခုနှစ် ဒီဇင်ဘာလ တတိယပတ်မှစတင်၍ လျှောက်လွှာထုတ်ပေး ခေါ်ယူလျက်ရှိပြီး ခေါ်ယူရာတွင် ဝင်ငွေနည်းပြီး အိမ်ပိုင်မရှိသည့်သူများ၊ လုပ်သက် ၂၅ နှစ်ပြည့် အစိုးရဝန်ထမ်းများ၊ အစိုးရဝန်ထမ်း ပင်စင်စားများကို ခေါ်ယူလျက်ရှိပြီး လက်ရှိတွင် ပြည်သူ့အငှားအိမ်ရာ၌ နေထိုင်လိုကြောင်း လာရောက်လျှောက်ထားသည့် ဦးရေမှာဝင်ငွေနည်းပြီး အိမ်ပိုင်မရှိသည့် သူများထဲမှ ဦးရေ ၁၅ဝကျော်၊ လုပ်သက် ၂၅ နှစ်ပြည့် အစိုးရဝန်ထမ်းများ ထဲမှဦးရေ ၁၅ဝကျော်နှင့် ပင်စင်စားများထဲမှ ဦးရေ ၁ဝဝ ကျော်ရှိပြီး နေထိုင်လိုကြောင်း လျှောက်လွှာထုတ်ယူသူများ အနေဖြင့် အချက်အလက်စုံလင်စွာဖြည့်ပြီး ဇန်နဝါရီ ၁၂ရက် နောက်ဆုံးထား၍ လျှောက်လွှာများ လာရောက်အပ်နှံရမည် ဖြစ်ကြောင်းစစ်ကိုင်း မြို့နယ်မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။

ပြည်သူ့အငှား အိမ်ရာတွင် နေထိုင်လိုသူများ အနေဖြင့် လျှောက်လွှာများကို သတ်မှတ်ရက်အတွင်း လာရောက်အပ်နှံ ရမည်ဖြစ်ပြီး သက်မှတ်ရက် ကျော်လွန်ပါက လက်ခံသွားမည် မဟုတ်ကြောင်း၊ ထိုသို့ လာရောက် လျှောက်ထားသည့် လျှောက်လွှာများကို သက်ဆိုင်ရာတိုင်း ဒေသကြီးဌာနများသို့ ပြန်လည်တင်ပြ သွားမည်ဖြစ်ပြီး နေထိုင်ခွင့်အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် လျှောက်ထားသူများရှေ့တွင် ပွင့်လင်းမြင်သာစွာ မဲဖောက်ချ ထားပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက သိရသည်။

ပြည်သူ့အငှားအိမ်ရာကို စစ်ကိုင်းမြို့ ဆွမ်းချက်ရပ်ကွက်၊ နွားပွဲဈေးအနီးရှိ မြေဧက ၁ ဒသမ ၁ ဧကပေါ်တွင် ၂ဝ၁၆ခုနှစ် ဒီဇင်ဘာ ၁၆ ရက်က စတင်တည်ဆောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ငွေလုံးငွေရင်းအသုံးစရိတ် ခွင့်ပြုရန်ပုံငွေဖြင့် အဆောက်အအုံ တစ်လုံးလျှင် ငွေကျပ်သိန်း ၄၈၂ဝဖြင့် ၁၂ခန်းတွဲပါ လေးထပ် အဆောက်အအုံ နှစ်လုံးတည်ဆောက်လျက်ရှိရာ အဆောက်အအုံတစ်လုံးလျှင် အခန်းအရေအတွက် ၄၈ ခန်း ပါဝင်မည်ဖြစ်ကာ အခန်းတစ်ခန်းလျှင် ၄၄၁ စတုရန်းပေ အကျယ်အဝန်းရှိကြောင်း သိရသည်။

#Yadanarpondaily

မန္တလေးမြို့ အပါအဝင် မြို့ကြီးသုံးမြို့တွင် တန်ဖိုးနည်းအိမ်ရာနှင့် အငှားအိမ်ရာ ၇ဝဝ ကျော် ဖော်ဆောင်သွားမည်



နေပြည်တော် ၁ဝ-၁-၂ဝ၁၈

မန္တလေးမြို့အပါအဝင် နေပြည်တော်၊ ရန်ကုန်မြို့တို့တွင် တန်ဖိုးနည်းအိမ်ရာနှင့် အငှားအိမ်ရာ ၇ဝဝကျော်ကို ယခုနှစ်အတွင်း ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

ပြည်တွင်းရှိ အများပြည်သူများ အိမ်ရာပိုင်ဆိုင်ခွင့် ရရှိစေရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံတော်အစိုးရတို့ ပူးပေါင်း၍ တန်ဖိုးနည်း၊ တန်ဖိုးမျှတနှင့် အငှားအိမ်ရာများ ဖော်ဆောင်ပေးလျက်ရှိရာ မြို့ကြီး သုံးမြို့ဖြစ်သည့် မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် ယခုနှစ်အတွင်း တန်ဖိုးနည်းအိမ်ရာနှင့် အငှားအိမ်ရာ ၇ဝဝ ကျော်ကို ဖော်ဆောင်ပေးသွားမည် ဖြစ်သည်။

အဆိုပါစီမံကိန်းများ၏ Pilot Project အနေဖြင့် အကြမ်းအားဖြင့် ရန်ကုန်တွင် ယူနစ် ၄ဝဝခန့်၊ မန္တလေးတွင် ယူနစ်၁ဝဝ၊ နေပြည်တော်တွင် ယူနစ်၂ဝဝဖော်ဆောင်ရန် ရည်မှန်းထားကာအိမ်ရာ ၇ဝဝခန့်တည်ဆောက်ရန် လျာထားကြောင်း သိရသည်။

"ဒီစီမံကိန်းတွေကို ရန်ကုန်မှာရော မန္တလေးနဲ့ နေပြည်တော်မှာပါ စတင်နေပါပြီ။ မြေကြီးလုပ်ငန်းတွေ စနေပါပြီ။ မနှစ်ကစပြီး အကောင်ထည်ဖော်ခဲ့တာ သုံးလလောက်တော့ရှိပါပြီ။ ဒီနှစ်ထဲမှာ ၅ဝ ရာခိုင်နှုန်းလောက်ထိ တည်ဆောက်သွားမှာပါ" ဟု အဆိုပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါစီမံကိန်း အကောင်အထည် ဖော်ပြီးပါက ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်နှင့်ချိတ်ဆက်ကာ နှစ်ရှည်အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။

#Yadanarpondaily

Tuesday, January 9, 2018

စစ်ကိုင်းမြို့မသုသာန် အနီးရှိမြေကွက်များပေါ်တွင် အဆောက်အအုံ ဆောက်လုပ်ထားခြင်း၊ ခြံစည်းရိုးခတ်ကာရံ ထားခြင်းများကို ဖျက်သိမ်းပေးရန် စည်ပင်ညွှန်ကြား



စစ်ကိုင်း ၉-၁-၂ဝ၁၈

စစ်ကိုင်းမြို့ တင်းတိပ်ရပ်ကွက် မြို့မသုသာန်အနီး လမ်းဘေး ဝဲ/ယာရှိ မြေကွက်များပေါ်တွင် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ရယူခြင်း မရှိဘဲ ခြံစည်းရိုးကာရံခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ကွန်ကရစ်တိုင်များ စိုက်ထူထားခြင်းနှင့် အဆောက်အအုံ ဆောင်ရွက်ထားခြင်းများ စစ်ဆေးတွေ့ရှိရသဖြင့် ခွင့်ပြုချက်မရှိဘဲ ဆောင်ရွက်ထားသော အဆိုပါ ခြံစည်းရိုး တိုင်စိုက်ခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းများကို ဖျက်သိမ်းပေးရန် ဇန်နဝါရီ ၂ ရက်က စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီက သတိပေးစာထုတ်ပြန် ခဲ့ကြောင်း သိရသည်။

ယခင်က စစ်ကိုင်းမြို့တွင် မြို့ပေါ် ရပ်ကွက် (၁၈) ရပ်ကွက်ရှိခဲ့ရာမှ ၂ဝ၁၆ ခုနှစ်အောက်တိုဘာ ၆ ရက်က တင်းတိပ်ကျေးရွာ အုပ်စုအပါအဝင် စီတီး၊ပဲကတိုး၊သောတပန်၊ ပြူကံကျေးရွာတို့ကို ရပ်ကွက်အဖြစ် တိုးချဲ့ဖွဲ့စည်းခဲ့ပြီး စည်ပင်သာယာ နယ်နိမိတ်အတွင်း ထည့်သွင်းခဲ့သဖြင့် လက်ရှိတွင် တင်းတိပ်ရပ်ကွက် မြို့မသုသာန်အနီးရှိ မြေကွက်များပေါ်၌ စည်ပင်သာယာ၏ ခွင့်ပြုချက်ရယူခြင်းမရှိဘဲ ခြံစည်းရိုးကာရံခြင်း၊ အုတ်တံတိုင်းကာရံခြင်း၊ ကွန်ကရစ်တိုင်များ စိုက်ထူထားခြင်းနှင့် အဆောက်အအုံဆောင်ရွက် ထားခြင်းများ စစ်ဆေးတွေ့ရှိရသဖြင့် ဇန်နဝါရီ ၅ရက် နောက်ဆုံးထား၍ ဖျက်သိမ်းပေးရန် စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေး ကော်မတီက ဇန်နဝါရီ၂ ရက်က သတိပေးစာထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်းမရှိပါက စစ်ကိုင်းတိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေအခန်း (၁၈) ပုဒ်မ၇၁၊ ပုဒ်မခွဲ ၁၆(ခ)အရ တရားစွဲဆိုအရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။

တင်းတိပ်ရပ်ကွက်ကို စည်ပင်သာယာ နယ်နိမိတ်သတ်မှတ်ခဲ့သည့် နောက်ပိုင်းတွင် မြို့မသုသာန်အနီးရှိ မြေကွက်များပေါ်၌ ခြံစည်းရိုးကားရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းများကို ခွင့်ပြုမပေးခဲ့ဘဲ သက်ဆိုင်ရာ မြို့နယ် စည်ပင်သာယာရေး ကော်မတီ၏ ခွင့်ပြုချက်ကို ရယူခိုင်းခဲ့ကြောင်း၊ ယခုလက်ရှိ မြို့နယ်စည်ပင် သာယာရေးကော်မတီက ဖျက်သိမ်းခိုင်းသည့် အဆောက်အအုံများ၊ ဝန်းခြံခတ်ထားမှုများသည် စည်ပင်သာယာ နယ်နိမိတ်အဖြစ် မသတ်မှတ်ခင်ကတည်းက ဆောင်ရွက်ထားသည့် အရာများဖြစ်သဖြင့် ပြန်လည် ဖျက်သိမ်းပေးသွားမည် မဟုတ်ဘဲတရား ဥပဒေအရ ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း တင်းတိပ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်က ပြောပြသည်။

''သူတို့ စည်ပင်နယ်နိမိတ် သတ်မှတ်လိုက်တဲ့ ရက်ကနေ နောက်ပိုင်းမှာဆိုရင် သုဿန်ရှေ့မှာ မြေပိုင်ရှင်တစ်ယောက်က ဝန်းခြံခတ်တယ်။ သူတို့က ဖျက်သိမ်းခိုင်းလို့ကျွန်တော်တို့ ဖျက်သိမ်းပေးလိုက်တယ်။ သူတို့ သတ်မှတ်ပြီးတဲ့အချိန်မှာ ခွင့်ပြုချက်မရဘဲနဲ့ ဘာမှလုပ်လို့မရဘူးလေ။ ခုဟာက စည်ပင်နယ်နိမိတ် မသတ်မှတ်ခင်ကတည်းက နေထိုင်လာခဲ့တဲ့သူတွေ ဥပဒေနဲ့မညီလို့ ဖျက်ရမယ်ဆိုရင် ရပ်ကွက်သူ၊ ရပ်ကွက်သား တွေ နစ်နာမှာပေါ့။ မဖျက်သိမ်းလို့ တရားစွဲမယ်ဆိုရင်လဲ တရားစွဲပါ ဥပဒေနဲ့အညီ ဖြေရှင်းမယ်လို့ ကျွန်တော်ပြောလိုက်ပါတယ်''ဟု ၎င်းက ဆက်လက်ပြောပြသည်။

စစ်ကိုင်းမြို့ မြို့မသုသာန်အနီးတွင် မြေကွက်များပေါ်၌ လက်ရှိ အဆောက်အအုံ ဆောက်လုပ်နေထိုင်သူ တချို့ရှိကာတချို့မှာ ဝန်းခြံခတ်ထားလျက်ရှိပြီး စုစုပေါင်း ၁ဝ ဦးခန့်ရှိကြောင်း၊ လက်ရှိမြို့မသုသာန်ကို စစ်ကိုင်း-ရွှေဘိုခရိုင်ချင်း ဆက်လမ်းနှင့် မြစ်ကြီးနား မီးရထားလမ်းဆုံရာ နေရာသို့ ရွှေ့ပြောင်းပြီး မြို့မသုဿန်နေရာကို ကားကြီးကွင်းအဖြစ် ပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#Yadanarpondaily

Thursday, December 7, 2017

အထူးအိမ်ရာအရောင်းပြပွဲတွင်ငွေကျပ် ၁ ဒသမ ၂ ဘီလီယံခန့် ရောင်းချနိုင်




ရန်ကုန် ၇-၁၂-၂၀၁၇

iMyanmarHouse.com မှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး ဒဂုံ (မြောက်ပိုင်း) မြို့နယ်ရှိ Pinlon Village Residence အထူးအိမ်ရာအရောင်းပြပွဲတွင် ငွေကျပ် ၁ ဒသမ ၂ ဘီလီယံခန့် ရောင်းချနိုင်ခဲ့ကြောင်း
iMyanmarHouse.com  ၏ မန်နေးဂျင်းဒါရိုက်တာ ဦးနေမင်းသူထံမှ သိရသည်။

အဆိုပါ အထူးအိမ်ရာအရောင်းပြပွဲကို ဒီဇင်ဘာ ၂ ရက်နှင့် ၃ ရက်တို့တွင် City Mall ဈေးဝယ်စင်တာ၌ ကျင်းပပြီး ပြပွဲနှစ်ရက်အတွင်း ပထမဆုံးဝယ်ယူ သူများအတွက် ငွေကျပ်သိန်း ၁၅ဝ အထိ သက်သာခွင့်နှင့် အထူးငွေချေ မှုပုံစံသုံးမျိုးဖြင့် ရောင်းချပေးခဲ့ရာ ငွေကျပ် ၁ ဒသမ ၂ ဘီလီယံခန့် ရောင်းချနိုင်ခဲ့သည်။

Pinlon Village Residence ကို ငါးဧကကျယ်ဝန်းသော ဂရန်မြေပေါ်၌ ဆောက်လုပ်ထားပြီး Phase (1) တွင် အဆောက်အအုံခုနစ်လုံးနှင့် Phase (2) တွင် အဆောက်အအုံသုံးလုံး ပါဝင်မည်ဖြစ်သည်။ Phase (1) မှ အခန်း များကို ၂ဝ၁၈ ခုနှစ် ဇွန်လတွင် သော့အပ်မည်ဖြစ်ပြီး Phase (2) မှအခန်းများကို ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလတွင် သော့အပ်မည်ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့ iMyanmarHouse.com ကကြီးမှူးကျင်းပတဲ့ Pinlon Village Residence အထူးအရောင်းပြပွဲမှာ ဝယ်သူတွေ အဆင်ပြေအောင် ငွေချေမှု ပုံစံသုံးမျိုး စီစဉ်ပေးထားပါတယ်။ ကုမ္ပဏီနဲ့ တိုက်ရိုက်ဝယ်ယူ ချင်တဲ့သူတွေအတွက် Down payment ကို ညှိနှိုင်းပေးပြီး အတိုးမပါ နှစ်နှစ်အထိ အရစ်ကျပေးချေနိုင်ပါတယ်။ KBZ Bank နဲ့ ချိတ်ဆက်ဝယ်ယူ ချင်သူတွေအတွက် ခြောက်နှစ်အထိ အရစ်ကျ ပေးချေနိုင်မှာဖြစ်ပြီး AYA Bank နဲ့ ဝယ်ယူချင်သူတွေ အတွက်ကတော့ ၁ဝ နှစ်အထိ အရစ်ကျပေးချေ နိုင်မှာဖြစ်ပါတယ်'' ဟု ဦးနေမင်းသူက ပြောသည်။

Pinlon Village Residence ကို Universal Construction မှ တည်ဆောက်လျက်ရှိပြီး ယင်းဆောက်လုပ်ရေးကုမ္ပဏီသည် ရွှေဟင်္သာကွန်ဒိုနှင့် ပင်လုံဆေးရုံ တို့ကိုလည်း တည်ဆောက်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

ရန်ကုန်မြို့ အိမ်အငှားဈေးကွက် ငြိမ်သက်နေ



ရန်ကုန် ၇-၁၂-၂၀၁၇

ရန်ကုန်မြို့ရှိ အိမ်အငှားဈေးကွက် အနေဖြင့် ယခင်လများအတွင်းက ဈေးကွက် ကောင်းမွန်နေသော်လည်း ယခုရက်သတ္တပတ်အတွင်း ပြန်လည်ငြိမ်သက် နေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်မို့မို့အောင်ထံမှ သိရသည်။

အဆိုပါအငှား ဈေးကွက်သည် ယခင်လများအတွင်းက ဈေးကွက်ကောင်းမွန်သဖြင့် ရင်းနှီးမြှုပ်နှံ လိုသူများပြားခဲ့ပြီး အဓိကအားဖြင့် ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူ၍ အငှားစနစ်ဖြင့် ပြန်လည်လုပ်ကိုင်ကြခြင်း ဖြစ်သည်။

ထို့ပြင် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းရှင်များ ပြည်တွင်းသို့ ဝင်ရောက်မှုများရှိလာ သည့်အတွက် ရုံးခန်းအငှားများ၊ ကွန်ဒို အခန်းအငှားများလာပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သောနေရာများ၌ အငှားဈေးကွက် ပိုမိုဖြစ်ထွန်းခဲ့သည်။ လက်ရှိတွင် နှစ်ကုန်ပိုင်းအခြေအနေ ဖြစ်သောကြောင့် အငှားဈေးကွက် ငြိမ်သက်နေခြင်းဖြစ်ပြီး လာမည့်နှစ်ဆန်းပိုင်းတွင် အငှားဈေးကွက် ပြန်လည်ဦးမော့ လာနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များက သုံးသပ်ထားသည်။

ရန်ကုန်မြို့အတွင်း ယခုနောက်ပိုင်း ကာလတွင် ရန်ကင်းမြို့နယ်သည် အငှားဈေးကွက် အထူးကောင်းမွန် သောမြို့နယ် ဖြစ်ပြီး ယင်းအတွက် ရန်ကင်းမြို့နယ်အတွင်းရှိ တိုက်ခန်းများကို အငှားလုပ်ငန်းလုပ်ကိုင် လိုသော အိမ်ခြံမြေလုပ်ငန်းရှင်များက ဝယ်ယူမှုများပြား လာကြောင်း သိရသည်။

ပြည်တွင်းတိုက်ခန်း ငှားရမ်းမှုအနေဖြင့် မြို့နယ်နှင့်နေရာအလိုက် တစ်လလျှင် အနည်းဆုံး ငွေကျပ်တစ်သိန်းခွဲမှ ငွေကျပ်လေးသိန်းဝန်းကျင် အထိရှိနေပြီး ရုံးခန်းဖွင့်လှစ်သော ကွန်ဒိုတိုက်ခန်းများဖြစ်ပါက တစ်လလျှင် ငွေကျပ် ၁ဝ သိန်းဝန်းကျင်နှင့် အထက်တွင်ရှိကြောင်း သိရသည်။

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger