www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ကိုယ်ကျင့်တရား. Show all posts
Showing posts with label ကိုယ်ကျင့်တရား. Show all posts

Thursday, December 15, 2016

ပန်းသတင်း လေညင်းဆောင် လူ့သတင်း သတင်းစာကဆောင်


ပန်းသတင်း လေညင်းဆောင် လူ့သတင်း သတင်းစာကဆောင်

( သိင်္ခသူ )

မီဒီယာသည် နိုင်ငံတစ်နိုင်ငံတွင် မရှိမဖြစ် ကဏ္ဍတစ်ခု ဖြစ်သည်။ မီဒီယာက နိုင်ငံတကာနှင့် နိုင်ငံအတွင်း ဖြစ်ပေါ်နေသော နောက်ဆုံးရ သတင်းများ၊ အရေးကြီး သတင်းများနှင့် နိုင်ငံသားတိုင်း သိသင့်သိထိုက် သော သတင်းများ၊ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေသော ကိစ္စရပ်များ ကို မှန်ရမည်၊ မြန်ရမည်၊ မျှတရမည် ဟူသော မသုံးလုံး ဖြင့် ရေးသားရိုက်နှိပ် ဖော်ပြရလေသည်။ ထိုသို့ ဖော်ပြရာတွင် သတင်းစာ ကျင့်ဝတ်၊ စာနယ်ဇင်း ကျင့်ဝတ်ကို လေးစားလိုက်နာ စောင့်ထိန်း ရလေသည်။

ပုဂ္ဂိုလ်ရေး ထိခိုက်မှုကို ရှောင်၍ မိမိ၏ အထင်အမြင် အယူအဆ အကြံအတွေး တို့ကိုလည်း ထည့်သွင်းရေးသား ခြင်းမှ ရှောင်ရှား ရလေသည်။ ထို့ပြင် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးကိစ္စများ၌ အထင်အမြင် လွဲမှားစေသော အရေးအသား၊ မြှောက်ပင့်၊ နှိမ့်ချရေးသားခြင်း တို့ကိုလည်း မပြုရပေ။ ဂိုဏ်းဂဏစွဲ များဖြင့် ဂိုဏ်းကွဲ၊ ဝါဒကွဲ၊ စနစ်ကွဲသော တစ်ဖက်အသင်း အဖွဲ့များအား စောင်းမြောင်းခြင်း၊ ရန်လိုခြင်း၊ ရန်တိုက်ပေးခြင်း၊ ဂိုဏ်းကွဲအောင် သွေးထိုးခြင်း များကိုလည်း မရေးသား သင့်ပေ။ ထို့ပြင် နိုင်ငံ့ခေါင်းဆောင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို မိမိနှင့် ဘက်မတူတိုင်း အပြစ်ရှာ ရေးသားခြင်းလည်း မပြုအပ်ပေ။ မှန်ရာကိုသာ ထောက်ပြရေးသား ရသည်။

ဤနေရာ၌ မီဒီယာနှင့် ပတ်သက်သော သန် ၄ ကို (ကလောင်နာမည်) ရေးသားသည့် ပြည်တွင်းပြည်ပ ဟာသစာစုလေး တစ်ခုကို မူရင်းအတိုင်း ကိုးကားဖော်ပြ လိုပေသည်။ အဆိုပါ ဟာသစာစု ကလေး၏ ခေါင်းစီးက မီဒီယာဆိုသည်မှာ ဟူ၍ ဖြစ်သည်။

ဟိုရှေးရှေးတုန်းက မြန်မာနိုင်ငံမှာ ဝန်ကြီးချုပ်တစ်ပါး ရှိသတဲ့ကွယ်။ အဲဒီ ဝန်ကြီးချုပ်ဟာ စိတ်ညစ်နေတယ်။ ရေဘေးသင့် ဒေသလေး သွားစစ်မိပါတယ်။ လှေစီးတော့ စီးပြန်ပြီ၊ ရေထဲ ဆင်းလျှောက်တော့ လျှောက်ပြန်ပြီ၊ မီဒီယာတွေရဲ့အပြောကကို မလွတ်ဘူး။ ဒါနဲ့ လှေလည်း မစီးရ၊ ရေထဲလည်း ဆင်းမလျှောက် ရအောင် ရေပေါ်မှာ လမ်းလျှောက်နိုင်မှ ဖြစ်မယ်လို့ သူတွေးမိသတဲ့၊ အဲဒါနဲ့ ထူးခြားတဲ့ ကျင့်စဉ်တစ်ခုကို ပြင်းပြင်းထန်ထန် လေ့ကျင့် လိုက်တော့ အောင်မြင် သွားတယ်။ ခုရေပေါ်မှာ လမ်း လျှောက်တတ် သွားပြီ။ တစ်ရက်မှာ မီဒီယာတွေကို ဖိတ်လိုက်တယ်။ မြန်မာဘက်ကမ်း မြဝတီကနေ ထိုင်းဘက်ကမ်း မဲဆောက်ကို သောင်းရင်းမြစ် ရေပြင်ပေါ်က လမ်းဖြတ်လျှောက်ပြ လိုက်တယ်။ ထိုင်းဘက်က ပရိသတ်ကလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြပြီး လက်ဆောင်တွေ ပေးလိုက်ကြတယ်။ အပြန်ခရီး မှာလည်း ရေပေါ် ကနေပဲ လမ်းလျှောက်ပြန် လာတယ်။ ဝန်ကြီးချုပ်စိတ်ထဲ ကြုံးဝါးလိုက်တယ်။ ဒါလောက်တောင် အပြစ်ပြော ချင်တဲ့ မီဒီယာတွေ ပြောကြစမ်း၊ ဒီတစ်ခါ ဘာပြောနိုင် မလဲဆိုတာ ကြည့်ကြသေး တာပေါ့။ 

ဒီလိုနဲ့ နောက်ရက်ထုတ် သတင်းစာ တွေမှာ ခေါင်းကြီးသတင်းတွေ ပါလာတယ်။ သတင်းစာ တစ်စောင်မှာတော့ ''ဝန်ကြီးချုပ်တစ်ယောက် လုပ်နေပြီး ရေလေးတောင် မကူးတတ်''၊ တခြားသတင်းစာ တစ်စောင်မှာက ''ဝန်ကြီး ချုပ် အာဏာကို အလွဲသုံးစားလုပ်ပြီး ထိုင်းဘက်မှ တံစိုးလက်ဆောင် များယူ''၊ ကမ္ဘာကျော် သတင်းစာ တစ်စောင်မှာက ''ဝန်ကြီးချုပ် တရားမဝင် နယ်စပ်ဖြတ်ကျော်'' အထက်ပါ ဟာသတွင် မသုံးလုံး မကြေသော မီဒီယာ၏ အတွင်းသဘောကို အထင်းသား မြင်နိုင်လေသည်။

နိုင်ငံ၏ စတုတ္ထမဏ္ဍိုင် ဟု ဆိုအပ်သော မီဒီယာသည် သတင်း အချက်အလက် များကို ရေးသားဖော်ပြရုံမျှ သာမက နိုင်ငံအတွက် အကျိုးရှိစေမည့် နိုင်ငံဦးဆောင် အစိုးရအဖွဲ့၏ အားနည်းချက်များ၊ လုပ်နည်း လုပ်ဟန်များ၊ စီမံကိန်းများ၊ လာဘ်စားမှုများ၊ လူမှုရေး ဖောက်ပြန်မှုများ စသည်တို့ကိုလည်း အပြုသဘောဖြင့် ထောက်ပြ ရေးသားသည့် ဆောင်းပါးများကို ဖော်ပြရမည်။ မှန်ကန်တိကျ ဖို့လိုပြီး အထောက်အထား သက်သေသာဓက များလည်း ရှိဖို့လိုသည်။ ထိုမျှသာမက ပုဂ္ဂလိက စီးပွားရေး သမားများ၊ စက်ရုံ၊ အလုပ်ရုံများမှ သဘာဝ ပတ်ဝန်းကျင် ကိုထိခိုက် စေသော ကုန်ထုတ်လုပ်မှုများ၊ ပြည်သူလူထု ကျန်းမာရေး ကိုထိခိုက်စေသော အစားအစာ၊ ဆေးဝါးပစ္စည်း ထုတ်လုပ် ရောင်းချမှုများ ကိုလည်း တာဝန်ရှိသူတို့ စစ်ဆေး အရေးယူ နိုင်စေရန် အထောက်အထား ပြည့်စုံစွာ ရေးသားဖော်ပြဖို့ လိုသည်။ ပြည်သူများ၏ အိတ်ကပ်ထဲမှ ချွေးနှဲစာကို လိမ်ယူနေသော အစားအသောက်၊ ဆေးဝါးပစ္စည်း ကြော်ငြာများကို စုံစမ်းဖော်ထုတ် ပေးဖို့လိုသည်။ ဥပမာ- ကားကံစမ်းမဲ ဖောက်မည်ဟု ကြေညာသော်လည်း တကယ်ဖောက် မပေးခြင်း၊ ဘေးထွက် ဆိုးကျိုး ရှိသော်လည်း ချဲ့ထွင်၍ အလွန်အကြူး ကြော်ငြာသည့် ဆေးဝါးများ စသည်ဖြင့် မီဒီယာတွင် သတင်း၊ သုတ၊ ရသ ဆောင်းပါးများ၊ သတင်းမှတ်စု၊ တစ်ပတ်အတွင်း သတင်းပဒေသာ၊ မှုခင်းသတင်း၊ နိုင်ငံတကာ သတင်း၊ ဘာသာပြန် ဆောင်းပါး၊ ဖျော်ဖြေရေးကဏ္ဍ စသည်ဖြင့် စုံစုံလင်လင် ပါတတ်သော်လည်း ပြည်သူ့ဘဝကို ထင်ဟပ်စေသော ဆောင်းပါးများ၊ ယဉ်ကျေးမှု အနုပညာ နယ်ပယ်မှ ဆောင်းပါးများ၊ ဇာတိမာန်ကို ထက်သန် စေသော ဆောင်းပါးများကို ဦးစားပေး ဖော်ပြသင့်သည်။

သတင်းစာသည် တစ်ချိန်တွင် သမိုင်းရေးသားရန် အထောက်အကူ ဖြစ်လာနိုင် သောကြောင့် ခေတ်ကာလ၏ လူနေမှုစနစ်၊ စီးပွားရေး၊ နိုင်ငံရေးစသည့် အမှန်တကယ် ကိုးကားထိုက်သည့် အကြောင်းအရာ များပါဝင်အောင် ထည့်သွင်းဖော်ပြ နိုင်ရမည်။ သမိုင်းဟု ဆိုရာ၌ လူတို့၏ အကြောင်းအရာ များသာမက သတင်းရေးသား ဖော်ပြသော သဒ္ဒါ၊ ဝေါဟာရ၊ အသုံးအနှုန်း၊ စာလုံးပေါင်း သတ်ပုံ စသည့် မြန်မာစာပေ သမိုင်းကို လည်း ထင်ဟပ်စေမည် ဖြစ်သည်။ တချို့က သတင်း ရေးသားရာ၌ ပေါ့ပေါ့တန်တန် ရေးသားခြင်းဖြင့် လည်းကောင်း၊ မြန်မာစာ ရေးထုံးသတ်ပုံ များကို အလေးမထားဘဲ အသံထွက်ကိုသာ အလွယ်တကူ ရေးသားခြင်းဖြင့် လည်းကောင်း၊ ဝေါဟာရဟု မဆိုနိုင်သော ခေတ်စကား၊ ဗန်းစကား တို့ကို ထည့်သွင်း ရေးသားခြင်း ဖြင့်လည်းကောင်း မြန်မာစာကို ဖျက်ဆီးကြသည်။

မြန်မာဘာသာဖြင့် ဖော်ပြ၍မရသော အသုံးအနှုန်း များအား အင်္ဂလိပ်စာလုံး များဖြင့် ရောယှက်ဖော်ပြ ရသော်လည်း မြန်မာဘာသာဖြင့် အဓိပ္ပာယ်ဖွင့်ဆို ပြနိုင်ပါက အင်္ဂလိပ်စာ မတတ်သူတို့ နားလည် သဘောပေါက် အောင် မြန်မာလိုပင် ရေးသားဖော်ပြ ရပေမည်။ အထူးသဖြင့် ပါဠိ၊ ပါဌ်ဆင့် ရေးသားခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ကာ ခေတ်သုံး ဝေါဟာရများ ကိုသာ ရေးသားသင့်သည်။

သတင်းစာဟူသည် နေ့စဉ်နှင့်အမျှ လူ့ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လျက် ရှိသော အဖြစ်အပျက် များကို လိုရင်းနှင့်တိုရှင်း ဖြစ်အောင် တိတိကျကျ ရေးသားဖော်ပြ ခြင်းဖြင့် အများပြည်သူတို့ သတင်းပေး ရေးသားခြင်း ဖြစ်သည်။ ဂျာမန်စကားပုံ တစ်ခုတွင် စကား၌ သတင်းပါသည် ဟုဆိုထား သောကြောင့် သတင်းစာ မပေါ်မီကပင် လူသားတို့အနေဖြင့် တစ်ဦးမှတစ်ဦး သို့ သိသင့် သိထိုက်သော စကားများ၊ မိမိ ထင်မြင်ယူဆချက် များ၊ အချင်းချင်း နှီးနှောမှုများကို စကားဖြင့် သိစေခြင်းဖြင့် ပန်းသတင်း လေညင်းဆောင် လူသတင်း လူချင်းဆောင် ဟူသော မြန်မာဆိုရိုးစကား တစ်ခုပင် ဖြစ်လာသည်။ ထို့ကြောင့် သတင်းစာသည် လူ့လောက အတွင်းရှိ လူတို့၏ သတင်းကို ဖော်ပြရင်းဖြင့် အနာဂတ် ကာလတွင် တင်မည့် သမိုင်းအတွက် မြန်မာစာပေနှင့် မြန်မာ့လူနေမှု ပုံရိပ်တို့ကို အထောက်အကူ ပြုမည့် အထောက်အထား များကို ကြိုတင်ရေးသားခြင်း ဖြစ်ပါကြောင်း တင်ပြလိုက်ရ ပေသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Sunday, May 3, 2015

စည်းကမ်းနှင့် ပညာရေး


စည်းကမ်းနှင့် ပညာရေး

အောင်မြင်မှု ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိအောင် ကြိုးပမ်း စွမ်းဆောင်ကြ ရာ၌ ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရုံ သက်သက်ဖြင့် မရနိုင်ဘဲ ပညာဖြင့် မှန်ကန်စွာ စဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြား ခွဲခြား သိမြင် ကြိုးပမ်း ဆောင်ရွက်မှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ ပညာခေတ်တွင် ပညာဖြင့် ဝေဖန်ပိုင်းခြား သိမြင်စွမ်းဆောင် တတ်ရန် ပိုမို လိုအပ်သည်။

တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန် လူတိုင်း ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ထိုမှတစ်ဆင့် မိမိတို့ ရည်မှန်းချက် များကို ပြီးမြောက် အောင်မြင်အောင် သီလ၊ သမာဓိ၊ ပညာဖြင့် စွမ်းဆောင် ကြိုးပမ်း အားထုတ်မှသာ အောင်မြင် နိုင်မည် ဖြစ်သည်။ အမျိုးသား ပညာရေးကို မြှင့်တင်ရာ၌ ပညာဟူသော စဉ်းစားဆင်ခြင် ဝေဖန်ပိုင်းခြား သိမြင်နိုင်သည့် အလေ့အကျင့် ရရှိရန် သင်ကြား လေ့ကျင့် ပေးရန် လိုသည်။

ယနေ့ ပညာရေး လောကတွင် ပြုပြင်စရာ များစွာ ရှိနေသေးသည်။ မိဘ၊ ဆရာ၊ ကျောင်းသား အားလုံး ကိုယ်ကျင့်တရား ကောင်းမွန်ရေး ဦးစွာပထမ ကြိုးပမ်းကြ ရမည် ဖြစ်သည်။ ထိုမှတစ်ဆင့် မိဘနှင့် ဆရာတို့ ကလည်း ပညာရေးတွင် စိတ်ဝင်စားရန် လိုသကဲ့သို့ ကျောင်းသား၊ ကျောင်းသူ များကလည်း ပညာကို လိုလားစွာ သင်ယူကြရန် လိုသည်။ အလွတ် ကျက်မှတ်၍ အောင်လက်မှတ် ရရုံအဆင့်မှ လုပ်ငန်းခွင် အတွင်းနှင့် ဘဝ တစ်သက်တာ အတွက် လူမှုစီးပွား ဘဝနှင့် ပြဿနာ အရပ်ရပ်ကို ရင်ဆိုင်ဖြေရှင်း နိုင်စွမ်းရှိသော လူချွန် လူကောင်းများ ဖြစ်လာစေရေး ပျိုးထောင်ပေးရန် လိုသည်။

ထို့ကြောင့် အမျိုးသား စည်းကမ်းအစ စာသင်ကျောင်းက ဟူသော ဆောင်ပုဒ်နှင့် အညီ ကိုယ်ကျင့်တရား ကောင်းရန်အတွက် စိတ်ဓာတ်၊ စည်းကမ်း၊ အကျင စာရိတ္တ ကောင်းမွန်ရေး နှင့် စဉ်းစားဆင်ခြင် တီထွင်ကြံဆ နိုင်မည့် ဉာဏ်ပညာများ ဖွံ့ဖြိုး လာစေနိုင်မည့် ဘာသာရပ် များနှင့် သင်ကြား လေ့ကျင့်သည့် နည်းစနစ် များကို ပြုပြင်ပြောင်းလဲ ဆောင်ရွက် နေခြင်း ဖြစ်သည်။

ကောင်းမွန်သော လူ့အဖွဲ့အစည်း များကို လေ့လာပါက စည်းကမ်း ဥပဒေကို အထူး လိုက်နာကြကြောင်း လေ့လာတွေ့ရှိ ရသည်။ စည်းကမ်း၊ ဥပဒေကို လေးစားလိုက်နာ ကြသောကြောင့် တရား ဥပဒေ စိုးမိုး၍ နိုင်ငံတော် အေးချမ်း သာယာစေသည်။ နိုင်ငံတော် အေးချမ်း သာယာမှုနှင့် အတူ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု များလည်း လျင်မြန် လာသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ရာ၌ စဉ်းစားဆင်ခြင် တီထွင်ကြံဆ နိုင်စွမ်းရှိသည့် နိုင်ငံစွမ်းအား အရင်းအမြစ် များဖြင့် တည်ဆောက် ရသည်။

သို့ဖြစ်ရာ စဉ်းစားဆင်ခြင် တီထွင်ကြံဆ နိုင်စွမ်းရှိစေရန် ပညာရေးကို မြှင့်တင်ရမည်။ လူ့စွမ်းအား အရင်းအမြစ် များကို မွေးထုတ်ပေး ရမည်။ ထို့အတူ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများကို အေးချမ်းစွာ ဆောင်ရွက် နိုင်ရန် စည်းကမ်း၊ ဥပဒေကို လေးစား လိုက်နာသော ပြည်သူများ ဖြစ်လာ စေရန်လည်း လေ့ကျင့်ပြုစု ပျိုးထောင်သွားကြ ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

Monday, April 20, 2015

လောကဓံတို့လွန်သော်


လောကဓံတို့လွန်သော်

မဒါလေး

အကျိုးအကြောင်း၊ အဆိုးအကောင်း နှင့် အမြဲဒွန်တွဲ နေသော လောကကြီးတွင် လူသားတစ်ဦး ဖြစ်ရသည် ကိုက သင်ယူခြင်းများ များပြားလှသည်။ မိမိက တစ်ပါးသူကို သင်ပေးခြင်းထက် သင်ယူခြင်း အတွက်ကမူ အရင်းအနှီး များလွန်းလှသည်။ အချိန် (သို့မဟုတ်) ငွေ ဤနှစ်ခုတည်း နှင့် မလုံလောက် သောအခါ တစ်ခါတစ်ရံ ဘဝများကို စတေးရတတ် ပြန်သေးသည်။ တစ်ခါတစ်ရံ သိက္ခာတရား နှင့် အလဲအထပ် လုပ်ရသည်လည်း ရှိသည်။ မည်သို့သော အကြောင်းကြောင့် ဖြစ်စေ အကျိုးရလဒ် ကောင်းများကို လူအတော် များများက မျှော်လင့်တတ် ကြသည်။

တစ်ခါတစ်ရံ ကြမ်းတမ်းလွန်း လှသည့် လောကဓံ တရားများ အောက် မည်သည့် ဖြေရှင်းချက်၊ မည်သည့် အကျိုးရလဒ်၊ မည်သည့် မျှော်လင့်ချက်မျှ မရှိဘဲ အသက်စွန့် သွားရသူ များလည်း ရှိသကဲ့သို့ မဆိုသလောက် သော လောကဓံ လေအဝှေ့ကို ရင်မဆိုင်နိုင်ဘဲ ဘဝကို အရှုံးပေး သွားကြသူ များလည်း မနည်းပေ။ မည်သို့ပင် ကြုံစေ အကောင်းဆုံး၊ အကြံ့ခိုင်ဆုံး နှင့် သတ္တိရှိရှိ ရင်ဆိုင် ကျော်ဖြတ် နိုင်ရန်က လူသားတစ်ဦး၏ အရည်အချင်းပင်ဖြစ်သည်။ လေပြည်ပြီးလျှင် မုန်တိုင်းထန်တတ် သကဲ့သို့ မုန်တိုင်းပြီး လျှင်လည်း လေပြည် ရောက်လာ တတ်သည်မှာ သဘာဝပင် ဖြစ်သည်။ တစ်ခါတစ်ရံ မုန်တိုင်းထန်ပြီးမှ ပိုမိုသာယာ လာသည်များ ကိုလည်း တွေ့မြင်နိုင်သည်။ 

သဘာဝတရား၏ ဆန်းကြယ်မှု နောက်သို့ လိုက်ကာ တွေဝေ ငေးမော နေမည့်အစား သဘာဝက ပေးသော အကောင်းဆုံး ဆုလာဘ် အဖြစ် အရာအားလုံးကို အကျိုးရှိရှိ အသုံးပြု တတ်ရန်သာ လိုအပ်သည်။လူတွင်လည်း လူသားစွမ်းအင် အရင်းအမြစ် ရှိသကဲ့သို့ သဘာဝမှ ပေးသော အရာများ အားလုံး သည်လည်း သူ့ပင်ကို စွမ်းအင်နှင့် အရင်းအမြစ် ရှိပြီးဖြစ်သည်။ ထိုစွမ်းအင် အရင်းအမြစ် တို့သည် အသုံးချသူ အပေါ် မူတည်ပြီး တန်ဖိုး ပြောင်းလဲ သွားနိုင်သည်။ လူတစ်ဦး၏ အောင်မြင်မှု၊ တိုးတက်မှု စသည်တို့ကို ထိုသူ၏ လုပ်ဆောင်ချက်များ အပေါ်တွင် တိုင်းတာကြ သကဲ့သို့ အရာဝတ္တု များကို ပြောင်းလဲနိုင်မှု အပေါ် မူတည်၍လည်း လူတစ်ဦး၏ အရေးပါမှုကို ဖော်ပြတတ် ကြသည်။

စစ်မှန်သော ပျော်ရွှင်မှု၊ စစ်မှန်သော ခင်မင်မှု၊ စစ်မှန်သော အားကိုး ယုံကြည်မှု၊ စစ်မှန်သော ကူညီဖေးမမှု ထိုအရာများ မရှိပါဘဲ လူလူချင်း ဆက်ဆံရာတွင် တစ်နည်းမဟုတ် တစ်နည်း အချိန်ကာလ ကြာမြင့်လာ သည်နှင့်အမျှ ဝေးကွာ သွားတတ် ကြသည်မှာ ဖြစ်မြဲဓမ္မတာပင် ဖြစ်သည်။ ခိုင်မြဲသော အချစ်၊ သစ္စာရှိသော ဘဝဟု မည်သည့် အတွက်ကြောင့် လူအတော်များများ ပါးစပ်ဖျားတွင် ပြောနေကြ ပါသနည်း။ သစ္စာဖောက် ခံရသည် ဆိုသော ခံစားချက်ကို ဘာကြောင့် နာကြည်းကြ ရပါသနည်း။ ဘာမျှ မပြောပ လောက်သော ဘဝ ပင်လယ်ထဲမှ ရေပွက်ခန့် လေးကို ဘာကြောင့် ကြီးကျယ်သော မုန်တိုင်းအဖြစ် ထင်မြင်ခံစား နေကြသနည်း။ အတွေးများ ဖြာလျက် သောကလည်း ပွေခဲ့ဖူး ကြမည်။

ထိုသူများသည် အမှန်တကယ်ပင် လောကဓံကို အသေအချာ ရင်မဆိုင်ရဲကြ သူများ၊ လောကတွင် အခက်အခဲ များကို လက်တွေ့ ရင်မဆိုင်ဖူး သူများ ဖြစ်ကြသည်။ သဘာဝနှင့် စိတ်ခံစားမှုတွင် လက်တွေ့ ကျကျ မစဉ်းစားနိုင်ဘဲ စိတ်ခံစားမှုကို ရှေ့တန်းတင် လွန်းကြသူများ ဖြစ်ကြသည်။ သို့အတွက်ကြောင့် အသေးငယ်ဆုံး ကိစ္စတစ်ခုနှင့် ကြုံလျှင်ပင် လွယ်လွယ် အလျှော့ပေးကာ တွေးတတ် ကြသည်။ မိမိထက် သူတစ်ပါး အပြစ်ကို ပိုမြင်တတ် လာကြသည်။ မိမိ တာဝန်ယူ ရမည့် အပိုင်းများ တာဝန် မယူနိုင်သည်များ အပေါ်တွင် သံသယဖြင့် အခြားသူများကို ချိန်ထိုး မြင်တတ် လာကြသည်။ ထိုသို့ဖြင့် ထိုသူများမှာ လူအများနှင့် ဝေးသည်ထက် ဝေးသွား တတ်ကြ သကဲ့သို့ လူသား အရင်းအမြစ်၏ တန်ဖိုးကိုလည်း လျှော့တွက် လာကြသည်။ အလေးမထားသော ဆက်ဆံမှုမျိုး ဆက်ဆံတတ် လာကြသည်။ မထီမဲ့မြင် ပြုတတ် လာသည်။ ထိုသို့ မိမိဆက်ဆံ လိုက်သော သူများထံမှ တုံ့ပြန်မှု ခံရလျှင်တော့ အဆိုးရွားဆုံး တုံ့ပြန်ဖြေရှင်း တတ်ကြသည်။ လူသားချင်း စာနာမှု ဟူသည် ထိုသူတို့၏ သဏ္ဌာန်တွင် မရှိတတ်ကြ။ အရာအားလုံး လက်တွေ့မကျသော မိမိတို့ အတွေ့အကြုံ များက မှန်သည်ဟု တစ်သမတ်တည်း စွဲမှတ် ထားကြသည်။

ယုံကြည်မှု လွန်ကဲခြင်းသည် အဆိုးရွားဆုံး သံသယကို ဖြစ်ပေါ်စေနိုင် သကဲ့သို့ ယုံကြည်မှု မဲ့လွန်း ပါကလည်း အဆိုးရွား ဆုံးသော ဆုံးရှုံးမှုကို ဖြစ်ပေါ် စေသည်။ မိမိ၏ ယုံကြည်ရာ အတွက် သူတစ်ပါး၏ သိက္ခာကို နင်းမခြေ သင့်ပေ။ မိမိ ယုံကြည်ချက် ကို ပြန်လည် သုံးသပ်ရန် လိုအပ်သည်။ အချိန်ယူကာ အဘက်ဘက်မှ စဉ်းစား တွေးခေါ်ခြင်း (သို့မဟုတ်) ချိန်ထိုး တိုင်းတာခြင်းများ ပြုလုပ်ပြီး မှသာ ဖြစ်သင့်သည် နှင့် မဖြစ်သင့် သောအရာ၊ ဖြစ်လာသည် နှင့် လက်ရှိ ဖြစ်နေသော အရာများကို နှိုင်းယှဉ် မြင်တတ် လာမည် ဖြစ်သည်။ ထိုသို့ မိမိဘက်က အဘက်ဘက်မှ ပြည့်စုံအောင် တိုင်းတာပြီးမှ သာလျှင် ဖြစ်သင့်သည် မဖြစ်သင့်သည်၊ မှားသည် မှန်သည်ကို ဆုံးဖြတ် သင့်သည်။ သို့မှသာ လောကဓံလှိုင်း မည်မျှ ကြမ်းစေကာမူ အပြုံးမပျက်ဘဲ ရင်ဆိုင်နိုင်မည် ဖြစ်သည်။ ပတ်ဝန်းကျင် သည် မိမိကို အကောင်းဆုံး သင်ပြ ပေးနိုင်သော ဆရာတစ်ဦး ဖြစ်သကဲ့သို့ အဆိုးရွား ဆုံးသော မိတ်ဆွေ တစ်ဦးလည်း ဖြစ်သည်ကို အချိန်နှင့် အမျှ သတိပြု သင့်သည်။ ပတ်ဝန်းကျင်မှ ကောင်းသော အရာများကို သင်ယူ လေ့လာပြီး တာဝန်မဲ့စွာ ပြောဆိုမှု များကို ဉာဏ်နှင့်ယှဉ်ကာ ချင့်ချိန် မှတ်ယူသင့်သည်။ ပတ်ဝန်းကျင်မှ တိုက်ခိုက်မှု များလေလေ မိမိကိုယ်ကို ရင့်ကျက် သည်ထက် ရင့်ကျက်အောင် ပိုမိုသင်ယူ လေ့ကျင့် နိုင်ရမည်။ သို့မှသာ လောကဓံ မည်ကဲ့သို့ ကြမ်းကြမ်း ''နင်လားဟဲ့ လောကဓံ ကြမ်းချင်တိုင်း ကြမ်းလာစမ်း'' ဟု အပြုံးမပျက် ရင်ဆိုင်နိုင်မည် ဖြစ်သည်။ လူတစ်ဦးသည် ကိုယ့်လိပ်ပြာ ကိုယ်လုံရန်နှင့် ယုံကြည်ချက် ခိုင်မာရန်သာ အရေးကြီးသည်။ ဘဝရှိနေသရွေ့လောကဓံ လှိုင်းပေါ် နိမ့်ချည် မြင့်ချည် ကူးခပ်နေရဦးမည် ဖြစ်သဖြင့် အားစိုက်ကာ ကူးခပ်နေရန်သာ လိုအပ်သည်။ ပတ်ဝန်းကျင် ဟူသည် လက်တွေ့ မကျသော ကူညီမှုမျိုးဖြင့် သင့်ကို အမြဲတိုက်ခိုက်ရန် ချောင်းနေသည့် မိတ်ဆွေဆိုးကြီး ဖြစ်သည်။

သို့အတွက် လူသားတိုင်း ပတ်ဝန်းကျင်တွင် ကောင်းမွန်စွာ နေထိုင်ရင်း လောကဓံ တို့ကို အပြုံးမပျက် ရင်ဆိုင်နိုင်ကြ ပါစေဟု ဆန္ဒပြု ရေးသားလိုက်ရ ပါသည်။

#Yadanarpondaily

Monday, April 6, 2015

လက်ဖက်ရည်ဆိုင်မှ ကျကွဲသံများ


လက်ဖက်ရည်ဆိုင်မှ ကျကွဲသံများ

မဒါလေး

မန္တလေးမြို့ကို ရောက်သည်နှင့် နေရာ အနှံ့အပြားတွင် အတော်များများ တွေ့ရသည်က လက်ဖက်ရည်ဆိုင် များပင် ဖြစ်သည်။ လက်ဖက်ရည်ဆိုင် အတော် များများတွင် နယ်မှလာသော အလုပ်သမား များကိုသာ ခန့်ထား ကြသည်ကိုလည်း တွေ့မြင် ရသည်။ နေ၊ စား၊ငြိမ်း ငွေကျပ် သုံးလေးသောင်း ခန့်ရသဖြင့် ရွာတွင် အလုပ်အကိုင် မရှိသည်နှင့် စာလျှင် တစ်ဖက် တစ်လမ်းက မိဘကို ကူနိုင်သေးသည် မဟုတ်ပါလား။

ကျွန်တော် ကိုယ်တိုင်တက္ကသိုလ် မတက်မီက နယ်မှ တက်လာကာ လက်ဖက်ရည် ဆိုင်တွင် ဝင်လုပ် ဖူးသည်။ နေစရာ၊ စားစရာ ပူစရာမလိုဘဲ ငွေကျပ် တစ်သောင်း၊ နှစ်သောင်းခန့် ရသဖြင့် ကျွန်တော်တို့ ခေတ်တွင် တော်တော် အဆင်ပြေသည်။ နံနက် နှစ်နာရီခန့် ဆိုလျှင် အိပ်ရာမှ ထရသည်။ ရေ၊ မီး၊ ထင်း စုံအောင် ပြင်ဆင်ထား ရသည်။

အဖျော်ဆရာ ကဖျော်၊ အချက်ဆရာ ကချက်၊ အသုပ်ဆရာ ကသုပ် နှင့် မန္တလေး လက်ဖက်ရည် ဆိုင်က ကျွန်တော်တို့ နယ်မှ ဆိုင်များကဲ့သို့ မဟုတ်ဘဲ တော်တော် အလုပ်များ လှသည်။ ထိုဆိုင်တွင် ၂ နှစ်၊ ၃ နှစ်ခန့်
နေသဖြင့် နံပြားဖုတ်သည် ကအစ အသုပ်စုံထိ အတော် များများကို ကျွန်တော် လုပ်တတ် နေသည်။

ထိုဆိုင်မှပင် အဝေးသင် ပထမနှစ်ထိ ကျောင်းတက် ခဲ့သည်။ ဒုတိယနှစ်တွင် အကြောင်း အမျိုးမျိုးကြောင့် အဆောင်မှ ကျောင်းတက် ခဲ့သည်။ ထိုအထဲတွင် အဓိက အကြောင်းမှာ အလုပ်အကိုင် နှင့် ပတ်သက်၍ သူငယ်ချင်းများ နှင့်ပြောလျှင် ကျွန်တော့် အလုပ်က စားပွဲထိုး ဖြစ်သဖြင့် ကျွန်တော့် အလုပ်အပေါ်တွင် တဖြည်းဖြည်း ယုံကြည်ချက် မဲ့လာခဲ့သည်။ သို့အတွက် အဆောင်မှပင် ကျောင်းတက်ရန် ဆုံးဖြတ်ကာ အလုပ်မှ ထွက်ခဲ့သည်။

ထိုစဉ်က ကျွန်တော်တို့ ဆိုင်ပိုင်ရှင်မှာ အလွန်သဘော ကောင်းသည်။ အလုပ်သမား များကို တန်းတူညီတူ ဆက်ဆံသည်။ စည်းကမ်းနှင့် လူမှုရေးကို တစ်ကန့်စီ ကန့်ထားသည်။ အစားအသောက် ကအစ ထိုဆိုင်တွင် လုပ်နေစဉ်  အတွင်း အကျန်ဟူ၍ မစားဖူးခဲ့ပေ။ ဝန်ထမ်းများကို စည်းစနစ်နှင့် သေချာချက်ပြုတ် ကျွေးသည်။ နေရေး၊ ထိုင်ရေး ကအစ အဆင်ပြေ စေရန် ဂရုစိုက် ပေးသည်။

နောက်ဆုံး အိပ်လျှင် ခြင်ကိုက်မည် ကအစ ကိုယ်တိုင် ဂရုတစိုက်နှင့် သန့်ရှင်းရေးကို ဦးစားပေး နေစေသည်။ သူ၏ အလုပ်သမား အားလုံး ကလည်း အမြဲတက်ကြွ နေသည်။ ထိုစဉ်က တက္ကသိုလ် ကျောင်းသား စားပွဲထိုး အလုပ်နှင့် ပတ်သက်ပြီး ရှက်တတ်ခဲ့သော ကျွန်တော် ယနေ့ လက်ဖက်ရည် ဆိုင်များမှ အလုပ်ခေါ်သော ဘွဲ့ရ မန်နေဂျာ ရာထူးကို မြင်သောအခါ ပြုံးမိသည်။ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းပြီး၍ သူငယ်ချင်းများ အလုပ်ရှာရန် ဗျာများ နေချိန်တွင် သူငယ်ချင်း တစ်ဦးက မန္တလေးမြို့ရှိ နာမည်ကြီး ယူနီစန် လက်ဖက်ရည် ဆိုင်မှ '' (မန်နေဂျာ) ဘွဲ့ရပြီးသူ ဖြစ်ရမည်'' ဆိုသည့် ကြော်ငြာပါသော သတင်းစာကို ယူခဲ့ကာ ကျွန်တော့် အတွက်က အလုပ် အဆင်သင့်ပြီ၊ သူတို့မှာသာ အလုပ်ရှာဖို့ ပြေးလွှား ရဦးမည်ဟု ပြောဖူးသည်။

''ခွမ်း . ..'' ရုတ်တရက် အတွေးတို့ လွင့်မျော နေချိန်တွင် အသံ တစ်ခုကြောင့် လန့်သွားသည်။ အနီးရှိ စားပွဲဝိုင်းမှ ကလေးကြောင့် ရေနွေးခွက်များ ကျကွဲသွားခြင်း ဖြစ်သည်။ ဆိုင်ရှင်က စားပွဲထိုးလေး များကို သေချာရှင်းလင်း စေသည်။ ကလေးကိုလည်း ''ရေနွေးပူ သွားသေးလား'' ဟု ကိုယ်တိုင် ထမေးသည်။ မိဘများက အားနာစွာဖြင့် လက်ဖက်ရည် ဖိုးထဲတွင် ခွက်ဖိုး ထည့်တွက်ရန် ပြောရာ ဆိုင်ရှင်က ရယ်မောကာပင် ''ကလေးနဲ့ ရန်ဖက် မဖြစ်တော့ ပါဘူးဗျာ ဒါမျိုးက ဖြစ်တတ် ပါတယ်'' ဟုပြောကာ ကောင်တာဆီသို့ ပြန်သွားသည်။ ကျွန်တော့် ရင်ထဲမှ အဖြူရောင် အပြုံးတစ်ပွင့် သဘောကျစွာ ခြွေမိသွားသည်။ ခဏအကြာ ''ခွမ်း .. ခွမ်း .. ခွမ်း..'' ဆိုင်၏ အနောက်ဘက်မှ စားပွဲထိုးလေး ဖန်ခွက်များ ကျကွဲခြင်း ဖြစ်သည်။ ဆိုင်ရှင်မှာ အပြေးထ သွားသည်။ သူသွားရာသို့ အလောတကြီး ကျွန်တော် လိုက်ကြည့် မိသည်။ စားပွဲထိုး ကောင်လေးတော့ သေချာသည် အဆူခံ ရတော့မလား၊ အရိုက်ခံ ရတော့ မလားဟု စိုးရိမ်စိတ် များလည်း ဝင်မိသည်။ ထိုဆိုင်ရှင်က တံမြက်စည်းကို အပြေးဆွဲယူ လိုက်သည်။ သေချာပါသည် သူရိုက် တော့မည်ဆိုတာ။

ထို့နောက်မှ မြင်ကွင်းက ကျွန်တော့်ကို မှင်တက်သွား စေပါသည်။ ပိုင်ရှင် က ဖန်ကွဲစများကို တံမြက်စည်းဖြင့် လှည်းကာ စားပွဲထိုးလေး ကိုလည်း ထိခိုက်မိ သွားသေးလား၊ လန့်နေ သလားဟု ဖေးဖေးမမ မေးရှာသည်။ မျက်လုံးကလေး ကလယ် ကလယ်နှင့် ထို ကလေးငယ်မှာ ခေါင်းလေး ယမ်း နေသည်။ ပြီးမှအနားမှ ကလေးများကို ရေခပ်တိုက်ရန် ပြောလိုက်သည်။ ''ဖန်ကွဲစတွေ မစူးအောင် သေချာကြည့် ကြအုံး'' ဟု ပြောကာ ကောင်တာတွင် ပြန်လာထိုင် နေသည်။ ထိုမှပင် ကျွန်တော့် ရင်ထဲမှ ပင့်သက်များ ချနိုင်ကာ ထိုပိုင်ရှင် ကိုလည်း ရင်ထဲမှ လေးစားမိ သွားသည်။ ထိုနေ့က လက်ဖက်ရည်မှာ ခါတိုင်းထက်ပင် ပိုချိုသယောင် ထင်ရသည်။

တစ်နေ့ အလုပ်ကိစ္စ တစ်ခုနှင့် သူငယ်ချင်း တစ်ဦးကို တွေ့ရန် ထို သူငယ်ချင်း ပြောသော လက်ဖက်ရည် ဆိုင်တွင် ထိုင်စောင့် နေသည်။ နေ့လယ် ဖြစ်သဖြင့် မန္တလေး နေပူအောက်တွင် လက်ဖက်ရည် ဆိုင်မှ ပန်ကာများ ကလည်း အေးအောင် လုပ်မပေး နိုင်ပါ။ ဟိုကြည့် သည်ကြည့် ဖြင့် မမြင်တာ ကြာသော မန္တလေး နွေနေ့လယ်ခင်း များအောက် လူများ လှုပ်ရှား နေကြသည်ကို ရင်ပူပူဖြင့်ပင် ထိုင်ကြည့် မိသည်။ မည်မျှပင် အပူချိန်မြင့် ပါစေ။ လက်ဖက်ရည် ဆိုင်ထိုင် လျှင်တော့ လက်ဖက်ရည် ပူပူကိုပင် တစ်ရှိုက်မက်မက် သောက်တတ် သည်က ကျွန်တော့် အကျင့် ဖြစ်သည်။ သူငယ်ချင်း ရောက်လာသဖြင့် စကားစမြည် ပြောမည် အပြုတွင် '' ခွမ်း … ခွမ်း..ခွမ်း.. ဂလွမ်း ''ဆိုင်နောက်မှ လက်ဖက်ရည် ခွက်များ ကျကွဲသံ ဖြစ်သည်။ ထိုအသံပင် မဆုံးသေး အစောက ကောင်တာတွင် ထိုင်နေသော ပိုင်ရှင်အသံက ဟိန်းခနဲ ထွက်လာသည်။ ''မင်းတို့တွေ သေချာကို မလုပ်ဘူး၊ ဒါတွေ ဘယ်လောက် တန်လဲ သိလား၊ အခုကွဲကုန်ပြီ .. မင်း .. ဒီလ လစာတော့ ရမယ် မထင်နဲ့တော့။ မင်းတို့ လူဖြစ်ပြီး လူပီသအောင် မနေဘူး။ လူလို မလုပ်ကြဘူး။ အခု ကွဲကုန်ပြီ''။ သူ၏ စကားတန်း ရှည်ကြီး နောက်တွင် စားပွဲထိုး ကောင်လေးမှာ အသံများ တုန်ကာ မျက်ရည်များ ကျနေသည်။ အသား မည်းမည်း ပိန်ပိန်နှင့် ထိုကလေးမှာ အညာသား လေးပင် ဖြစ်မည် ထင်သည်။

တစ်ချိန်က ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မြင်မိသည်။ ရုတ်တရက် ကျွန်တော် ထလိုက်သည်။ ''အခု ကွဲသွားတဲ့ ပန်းကန်တွေ အတွက် ကျွန်တော် ပေးပါ့မယ် ဘယ်လောက် ကျလဲပြောပါ။ ကလေး လစာတော့ မဖြတ်ပါနဲ့'' ဟု ပြန်ပြော လိုက်မိသည်။ ထိုပိုင်ရှင်မှ ကျွန်တော့် မျက်နှာကို စိုက်ကြည့်လျက် ''ငွေက အဓိက မဟုတ်ပါဘူး၊ သူတို့တွေ လူလိုမနေလို့ သိအောင် ပြောရတာ၊ ပိုက်ဆံ ဖြတ်ခံရမှ နောင်ဒါမျိုး မဖြစ်မှာ'' ဟု ပြန်ပြောသည်။ ကျွန်တော့် အိတ်ကပ်ထဲမှ ငွေတစ်သောင်း ထုတ်ကာ ကောင်တာပေါ် တင်လိုက်သည်။ ''ယူလိုက်ပါဗျာ ကလေး ကိုတော့ လစာ မဖြတ်ပါနဲ့''။ ထိုသို့ပြောကာ လက်ဖက်ရည် ဆိုင်ကို ကျောခိုင်း လိုက်သည်။ ထို ဆိုင်ပိုင်ရှင် ပြောသော လူမပီသဘူး ဆိုသည့်စကား မှာ ကျွန်တော့် ရင်ထဲသို့ ထိုးနှက် လိုက်သည်။ ကျွန်တော် သိသည့် လူပီသသည့် လူဆိုသည်မှာ သူတစ်ပါး အပေါ် စာနာစိတ် ရှိသူဟုပင် နားလည် ထားသည်။

ရုတ်တရက် ပြေးထွက်လာရာ နောက်မှ ခေါ်သော သူငယ်ချင်း အသံကြားမှ ပြန်အသိဝင် လာသည်။ သူငယ်ချင်းနှင့် အလုပ်ကိစ္စ ပြောရန် ကျန်သေးသည်။ နောက် လက်ဖက်ရည်ဆိုင် တစ်ဆိုင် ပြောင်းကာ ပြောရန် ဦးတည် လိုက်သည်။ ထိုခဏ စိတ်ထဲမှလည်း နောက်ဆိုင်မှာ သည်လို အသံများ မကြားရ ပါစေနဲ့ဟု ဆုတောင်း မိသည်။

#Yadanarpondaily

Friday, February 27, 2015

မိတ်ဆွေကောင်း နှင့် ပေါင်းသင်းပါ


မိတ်ဆွေကောင်း နှင့် ပေါင်းသင်းပါ

ချမ်းသာခြင်း၏ အကြောင်းတရား များသည် မိတ်ကောင်း ဆွေကောင်း ရှိခြင်း၊ တင်းတိမ် ရောင့်ရဲခြင်း၊ ကုသိုလ်ဒါန ပြုလုပ်ခြင်းနှင့် တရားဓမ္မ ကျင့်ကြံ အားထုတ်ခြင်းတို့ ဖြစ်သည်။ ထို ချမ်းသာကြောင်း တရားတို့အနက် မိတ်ကောင်း ဆွေကောင်း ရှိရေးသည် ဦးစွာ လုပ်ဆောင်ရမည့် အချက် ဖြစ်သည်။
.
ချမ်းသာခြင်း၊ ကြီးပွား တိုးတက်ခြင်းသည် အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ ကြီးပွား တိုးတက် ချမ်းသာအောင် ကျင့်ကြံ ဆောင်ရွက်မှ၊ ကြိုးစားလုံ့လ ပြုမှသာ ဖြစ်ပေါ် လာသည်။ အကြောင်း နှင့် အကျိုးသည် ဆက်စပ်နေသည်။ အကြောင်း မရှိလျှင် အကျိုးလည်း ရှိမည် မဟုတ်ပေ။ ဤသည်မှာ လောကဓမ္မ ဖြစ်သည်။
.
လက်တွေ့ ဒိဋ္ဌဓမ္မ ဖြစ်သော ကောင်းကျိုး ချမ်းသာကို ရယူလိုသူ တိုင်းသည် မိတ်ကောင်း ဆွေကောင်း ပေါများရန် အရေးကြီးသည်။ မိတ်ကောင်း၊ ဆွေကောင်းကြောင့် ဘဝ တိုးတက်ရာ တိုးတက်ကြောင်း၊ ကြီးပွားရာ ကြီးပွားကြောင်း ဖြစ်ပေါ် စေနိုင်သည်။ အဆွေ ခင်ပွန်းကောင်း များစွာ ရှိသူသည် ကြီးပွား ချမ်းသာမှုကို များများ ရရှိနိုင်သည်။ အခက်အခဲ များကို အလွယ်တကူ ဖြေရှင်း နိုင်သည်။
.
ထို့ကြောင့် အဆွေ ခင်ပွန်းကောင်း ရှိရန် ဆောင်ရွက်ကြ ရမည်ဖြစ်သည်။ အဆွေ ခင်ပွန်းကောင်း ရရန် အချက်သုံးချက် လက်ကိုင်ပြု ကျင့်ကြံ သွားကြရမည် ဖြစ်သည်။ ထိုအချက် သုံးချက်တွင် ပထမဆုံး အချက်မှာ သူ့အကျိုးကို ဆောင်ရွက်တတ် ရမည် ဖြစ်သည်။ သူ့အကျိုး ဆောင်က ကိုယ့်အကျိုး အောင်သည်ဟု ဆိုရိုးစကား ရှိသည်။ သူ့အကျိုး စီးပွားကို ရွက်သယ် ပိုးခြင်းဖြင့် မိတ်ကောင်း ဆွေကောင်း ရရှိပြီး ထို မိတ်ဆွေကောင်း ကပင် မိမိ အကျိုးစီးပွားကို ပြန်လည် ဆောင်ရွက်ပေး ပါသည်။
.
ဒုတိယအချက်မှာ မိတ်ဆွေကောင်း ရရန် လူချစ်၊ လူခင် ပေါများအောင် ချိုသာသော စကား၊ ချစ်ဖွယ်သော အပြုအမူ၊ ကောင်းသော အလုပ်တို့ဖြင့် တည်ဆောက်ယူ ရမည်ဖြစ်သည်။ ဝေဖန်ခြင်း၊ အပြစ်ပြောခြင်း၊ အတင်းအဖျင်း ပြောဆိုခြင်းတို့ကို ရှောင်ကြဉ် အပ်သည်။ ဤသို့ဖြင့် မိတ်ဆွေ ကောင်းကို ရရှိနိုင်သည်။
.
တတိယ အချက်မှာ မိတ်ဆွေကောင်း ရှိသည့် အရပ်ဒေသ၌ နေထိုင်ခြင်း ဖြစ်သည်။ မိတ်ဆွေကောင်း ရှိသည့် ပတ်ဝန်းကျင်၌ နေထိုင်မှသာ မိတ်ကောင်းနှင့် တွေ့ဆုံ နိုင်သည်။ လူဆိုး၊ လူမိုက်တို့ ဝန်းကျင်တွင် နေထိုင်ခြင်းဖြင့် မိတ်ဆွေကောင်း ကို မရနိုင်ပေ။
.
သို့ဖြစ်ရာ မိတ်ဆွေကောင်း ပေါများ၍ ဘဝတိုးတက် ချမ်းသာမှုကို ရယူနိုင်ရန်မှာ အများအကျိုး ကို ဆောင်ရွက် တတ်ရမည်။ လူချစ်၊ လူခင်များအောင် နေထိုင်ကျင့်ကြံ ရမည်။ မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်း များရှိသည့် ဝန်းကျင်၌ နေထိုင်နိုင်ရန် ကြိုးစားကျင့်ကြံ သွားကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။
.
( အယ်ဒီတာ့အာဘော် )
.
#Yadanarpondaily
#ရတနာပုံနေ့စဉ်

Tuesday, February 10, 2015

အသက်ရှည် ကျန်းမာစေကြောင်း နည်းလမ်းကောင်း


အသက်ရှည် ကျန်းမာစေကြောင်း နည်းလမ်းကောင်း

လူတိုင်းလူတိုင်း သက်တမ်းစေ့ နေနိုင်ရေးနှင့် ရောဂါဘယ ကင်းရှင်းရေး တို့ကို လိုလား ကြသည်။ အသက်ရှည် အနာကင်း ပါစေဟု ဆုပေးကြသည်။ ဆုတောင်း ကြသည်။ သို့သော် ဆုတောင်းတိုင်း မပြည့်ပါ။ ပေးသည့်ဆုနှင့် ပြည့်စေရန်မှာ အသက်ရှည် စေကြောင်း နည်းလမ်းကောင်း၊ ကျန်းမာစေ ရန် အကျင့်ကောင်း တို့ကို ကျင့်သုံးနိုင် မှသာ ရရှိမည် ဖြစ်သည်။ လူတိုင်း ကိုယ်စီတွင် လိုအင်ဆန္ဒ များစွာ ရှိသည့်အနက် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကျန်းမာခြင်း တို့သည် အဓိက လိုလားချက် များ ဖြစ်သည်။

ထို လိုလားချက် များကို ဘာသာရေး ရှုထောင့်မှ ကြည့်လျှင် ကိုယ်ကျင့်သီလ နည်းပါးသဖြင့် လူတို့ သက်တမ်းတို လာသည်။ ရောဂါဘယ ထူပြော လာသည်ဟု သိရသည်။ ထို့ကြောင့် လူတိုင်း ကျန်းမာရန် ကိုယ်ကျင့် သီလများ စောင့်ထိန်း လိုက်နာ ကျင့်သုံးသင့် သည်ဟု ယူဆနိုင်သည်။ သတ္တ လောကတွင် လူနှင့် တိရစ္ဆာန် ကို ကွဲပြား သိသာစေသည့် အချက်များ၌ ဗြဟ္မစိုရ် တရား လေးပါးသည် အဓိက ဖြစ်သည်။အဆင့်အတန်း မြင့်သော၊ လူသားတို့ ကျင့်သုံး အပ်သော ဗြဟ္မာတို့ ကျင့်သုံး သည့် အကျင့်တရား ဖြစ်၍ လောကပါလ တရားဟုလည်း ခေါ်သည်။

လောကပါလ တရား လေးပါးတွင် မေတ္တာသည် ငြိမ်းချမ်းမှု၏ သင်္ကေတ၊ လူသား ပီသသည့် နှလုံးသား၏ အမြုတေ ရတနာ တစ်ပါး ဖြစ်သည်။ မေတ္တာတရား လွှမ်းခြုံသော နှလုံးသား ပိုင်ရှင်များ၏ အပြုအမူ၊ အပြောအဆို၊ အကြံအစည် တို့သည် ငြိမ်းချမ်းမှု အတိ အစဉ်ရှိနေ၍ ငြိမ်းချမ်းသူ အဖြစ်ကို ရရှိသည်။

ကရုဏာ ဟူသော လောကပါလ တရားသည် ဆူကြုံနိမ့်မြင့် လောက ဓမ္မတာအရ မိမိထက် နိမ့်ပါးသော သူများ အပေါ်တွင် သနား ကြင်နာသည့် မေတ္တာ ကိုယ်ပွား စိတ်ထား တစ်ရပ် ဖြစ်ပေသည်။ မိမိထက် နိမ့်ပါးသူ၊ နိမ့်ကျသူတို့ အပေါ်တွင် အထင်အမြင် သေးသည့် သဘောဖြင့် မထီလေးစား ပြုမူခြင်း မရှိဘဲ ကြင်နာသနား ပံ့ပိုးကူညီမှု ပြုခြင်းသည် ကရုဏာ တရား၏ သင်္ကေတ ဖြစ်သည်။ ကရုဏာ တရား ရင်ဝယ်ထား သူ၌ ပူလောင်မှု မရှိ၊ ငြိမ်းချမ်းမှု အတိသာ ရှိ၍ ငြိမ်းချမ်းသည့် ဘဝ ပိုင်ဆိုင်သူ အဖြစ် ရရှိသည်။

မုဒိတာ ဟူသော လောကပါလ တရားမှာ မိမိထက် အဆင့်မြင့်သူ၊ ရာထူး ဂုဏ်သိမ်၊ ဓနဥစ္စာ၊ ပညာအရာ၊ နေရာထိုင်ခင်း စသည်ဖြင့် လူကြီး၊ လူကောင်းများ နှင့် ထိတွေ့ဆက်ဆံမှု ပြုချိန်တွင် မနာလို ဝန်တို ဆန့်ကျင်ဘက် စိတ်မထားဘဲ လှိုက်လှဲ ဝမ်းသာပီတိ ဖြစ်ခြင်း ဖြစ်သည်။ ထို မုဒိတာ ဟူသည်လည်း မေတ္တာ တရား၏ ကိုယ်ပွားပင် ဖြစ်သည်။ မုဒိတာ ထားသူ၏ စိတ်ထားသည် ငြိမ်းချမ်း၍ အေးချမ်းသော ဘဝ ပိုင်ဆိုင်သူ အဖြစ်ကို ရရှိသည်။

ဥပေက္ခာ ဟူသော လောကပါလ တရားသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား တို့နှင့် ချဉ်းကပ် ဆက်ဆံ ပြုပြင်၍ မရသောအခါ လျစ်လျူရှု ခြင်းဖြင့် ငြိမ်းချမ်းမှုကို ရယူခြင်း ဖြစ်သည်။ ဆုံရ၊ ကြုံရ ဘုံဘဝတွင် မရှင်းနိုင်သော ပြဿနာ၊ မပေးနိုင်သော အတိုင်းအတာ တို့နှင့် ရင်ဆိုင် ရသောအခါ စိတ်ဆင်းရဲမှုကို ရင်ဝယ် မထားဘဲ မဖြေရှင်း နိုင်သည့် အမှန်ကို လက်ခံ၍ လျစ်လျူရှု ခြင်းဖြင့် ငြိမ်းအေးမှုကို ရယူသူ၏ ဘဝသည် ငြိမ်းအေး ချမ်းသာ ပေမည်။

သို့ဖြစ်ရာ သက်ရှည် ကျန်းမာ နေနိုင်ကြ စေရန်အတွက် ဆုတောင်း နေရုံနှင့် မရ၊ အသက်ရှည် စေကြောင်း နည်းလမ်းကောင်း၊ ကျန်းမာစေကြောင်း အကျင့်ကောင်း ဖြစ်သည့် ဗြဟ္မစိုရ် တရား လေးပါးကို နေ့စဉ်ကျင့်သုံး သွားကြရမည် ဖြစ်ပါကြောင်း အကြုံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

Monday, January 19, 2015

စိတ်ကိုပြင်မှ ဘ၀လှ


စိတ်ကိုပြင်မှ ဘ၀လှ

လောက၌ စိတ်သည် သာလျှင် ရှေ့သွားဖြစ်ပြီး စိတ်သည် သာလျှင် ဦးဆောင်မှု ဖြစ်သည်။ ဤ လောကကြီးကို စိတ်ကသာလျှင် ဆောင်ကြဉ်း အပ်၏။ စိတ်သည် သာလျှင် ဆွဲငင်အပ်၏။ လူသတ္တဝါ အားလုံး တို့သည် စိတ်တည်း ဟူသော တရားတစ်ခု၏ အလိုသို့ လိုက်နေ၏ ဟု တရားတော် ၌ ဆိုထားသည်။

ထို့ကြောင့် စိတ်သည် အရာရာကို ဖန်တီးနေ၏။ စိတ်သည်ပင် လောက၏ ကောင်းခြင်း၊ မကောင်းခြင်း တို့ကို စီမံလေသည် ဟု ဆိုကြသည်။ တရား အလိုအရ ထိုစိတ်ဖြင့် မိမိအကျိုး၊ လောက အကျိုး တို့ကို ဆောင်ရွက် ရာတွင် ဦးစွာ ဆောက်တည် သင့်သည့် အချက်မှာ မိမိ စိတ်နေ စိတ်ထား ကို ကောင်းအောင် ပြုပြင်ခြင်း ဖြစ်သည်။

ထိုသို့ ဆိုရသည်မှာ ကောင်းသော အမှုကို ပြုသည့် အခါ၌ မိမိတို့၏ ကုန်လွန်ခဲ့သော စိတ်ဟောင်း များသည် ကောင်းကျိုး ရှေးရှု၏။ ကောင်းမှု မြတ်နိုး၊ ကောင်းအောင် ကျိုး၍၊ ကောင်းကျိုး ကိုယ်၌ တည်စေသည့် မိမိစိတ်ကို ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ကြ ရမည် ဖြစ်သည်။ မိမိတို့၏ စိတ်နေ စိတ်ထား များကို ကောင်းအောင် ပြုပြင်ရာတွင် အကြောင်း များစွာရှိသည်။ မိမိစိတ်ထား ကောင်း ၊ မကောင်းကို မိမိသာလျှင် အသိဆုံး ဖြစ်သည်။ ထို့ကြောင့် ကောင်းအောင် ဆောင်ရွက် လိုလျှင်လည်း မိမိစိတ်သာ ဖြစ်ပြီး မကောင်းအောင် ဆောင်ရွက် လိုလျှင်လည်း မိမိစိတ်သာ ဖြစ်သည်။

လွဲမှားသော စိတ်ရှိနေသူ တစ်ဦးသည် လောကီဂုဏ် အတွက် အထက်တန်းသို့ ရောက်နေသူ တစ်ဦး ဖြစ်လင့်ကစား စိတ်နေ စိတ်ထားအရ အောက်တန်းသို့ ရောက်နေသူသာ ဖြစ်ပေမည်။ လောကုတ္တရာ ဂုဏ်တွင်လည်း အောက်တန်း၊ နောက်တန်းသို့ ပြန်လည် ရောက်တတ် ပေသည်။ ထို့ကြောင့် မိမိတို့၏ စိတ်နေ စိတ်ထား များကို ကြီးမား မြင့်မြတ်စေရန် အားထုတ် ပြုပြင် ကြရမည် ဖြစ်သည်။

ထို့ပြင် အထက်တန်းစား သို့ ရောက်လိုသော အမျိုးကောင်းသား၊ အမျိုးကောင်းသမီး တို့အနေဖြင့် လည်း မိမိတို့၏ ပတ်ဝန်းကျင်တွင် တစ်နေ့၊ တစ်မနက်၊ တစ်ရက် စသည်ဖြင့် ရက်ပိုင်းခြား၍ မိမိတို့၏ စိတ်သန္တာန် ၌ ဖြစ်လေ့ရှိသော အကုသိုလ် စိတ်ရိုင်းများ မဝင်ရောက် စေရန် မိမိတို့၏ စိတ်ကို အထူး စောင့်ကြပ် ကြရမည် ဖြစ်သည်။

ဤသို့ စောင့်ကြပ်ဖန် များလာ သောအခါ အကုသိုလ် စိတ်များ နည်းလာပြီး သူတော်ကောင်း အဖြစ်သို့ ရောက်ကာ သဒ္ဓါထူး၊ ပညာထူးများ ရရှိပြီး ရက်ပေါင်း ကြာလာသော အခါ နဂို ဖြစ်တတ်သော အကုသိုလ်စိတ် တို့သည် မိမိတို့၏ ကိုယ်တွင် မကပ်ငြိ တော့ဘဲ သူတော်ကောင်း အဖြစ်သို့ ရောက်ရှိ ကြမည် ဖြစ်သည်။

သို့ဖြစ်ရာ အကုသိုလ် စိတ်လွန်စွာ ပေါများ လွယ်သော ဤလောကကြီး ၌ အမျိုးကောင်းသား၊ အမျိုးကောင်းသမီး တို့ အနေဖြင့် မိမိတို့၏ စိတ်သန္တာန်၌ နေ့စဉ် ဖြစ်ပေါ် တတ်လေ့ရှိသော အကုသိုလ် စိတ်များ ကွယ်ပျောက် စေရန် သတ္တဝါ အားလုံးတို့ အပေါ်တွင် မေတ္တာစိတ် ပွားများ ပေးခြင်းဖြင့် မိမိ အကျိုး၊ လောကကောင်းကျိုး တို့ တိုးပွား ဝေဆာကာ လှပသော ဘဝများကို ရရှိပိုင်ဆိုင် ကြမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Saturday, December 27, 2014

စိတ်ကောင်းမွေးမြူခြင်းဆိုင်ရာ နည်းပညာ


စိတ်ကောင်းမွေးမြူခြင်းဆိုင်ရာ နည်းပညာ

နည်းပညာ ခေတ်ကြီးတွင် ရုပ်ပိုင်းဆိုင်ရာ ပညာများ အံ့မခန်း တိုးတက် လာသော်လည်း စိတ်ပိုင်းဆိုင်ရာ နည်းပညာများ တိုးတက်မှု အားနည်း နေသည်ကို တွေ့ရသည်။ စိတ်နှင့် ရုပ်ပိုင်းဆိုင်ရာ ဒွန်တွဲလွန်ဆွဲ နေကြရာတွင် စိတ်က အနိုင်ရရှိပြီး စိတ်သွားတိုင်း ကိုယ်ပါ စိတ်ထောင်း ကိုယ်ကြေ ဖြစ်နေကြ ရသည်။

လူ့သဘာဝအရ လူတိုင်း လူတိုင်းတွင် စိတ်အမျိုးမျိုး ပြောင်းလဲ ကွဲပြားတတ်သည်။ ''လူ့စိတ်ဟာ မျောက်စိတ် ဆိုသလို'' မတည်မငြိမ် နိုင်လှကာ အပေါ်ယံ ပြင်ပက ဣနြေ္ဒ သမ္ပတ္တိကြီး ဖြင့် နေသော်လည်း ရင်ထဲရှိစိတ်က တစ်ကိုင်းက လွှဲပြီး တစ်ကိုင်း ကူးသည့် မျောက်ပမာ ယောက်ယက်ခတ် ဖြစ်နေ တတ်သည်။ မိမိစိတ်ကို မိမိပြန်လည် ထိန်းသိမ်းနိုင်ရန် အလွန် အရေးကြီး လှသည်။

ထို့ပြင် လူတိုင်း လူတိုင်းတွင် မွေးကတည်းက ကပ်ပါလာသည့် အခြားသူ ကောင်းစား သည်ကို မနာလို မရှုဆိတ် ဖြစ်တတ်သော စိတ်ရှိ နေတတ်သည်။ အနှီစိတ် ရှိသူသည် သူကိုယ့်သူသာ ပြန်ပြီး ထိခိုက်တတ်ပြီး မနာလို အဖြစ်ခံ ရသူမှာ မည်သို့မျှ ဖြစ်လာမည် မဟုတ်ပေ။ အဆိုပါ စိတ်မျိုး မရှိသင့်သည်မှာ မှန်သော်လည်း ဖျောက်ဖျက်ရန် ခက်သော စိတ်မျိုးဖြစ်သည်။ မည်မျှ သဘောထား ကြီးသည် ဆိုစေကာမူ မနာလိုစိတ်မျိုး ရှိတတ်စမြဲ ဖြစ်သည်။

မနာလိုစိတ်ကို တတ်နိုင်သမျှ ကင်းရှင်းရန် ကြိုးစား အားထုတ်ရာတွင် မုဒိတာတရား ပွားများရမည်။ အခြားသူများ ကောင်းစားသည်ကို ကျေနပ်နှစ်လိုမှု ရှိရန် ကြိုးပမ်းဆည်းပူး ရမည့် တရားမျိုး ဖြစ်သည်။ မနာလိုစိတ် မျိုးသည် လူအများတွင် ရှိတတ် သောကြောင့် မဖြစ်သင့်သည့် ဒုက္ခများဖြင့် ရင်ဆိုင် ကြုံတွေ့ နေကြရသည်။

ကိုယ့်မှာရှိသည့် မနာလိုစိတ်ကို တွန်းလှန်ဖြိုလှဲ ဖျောက်ဖျက်နိုင်ရန် စိတ်ကောင်း မွေးမြူနည်း ကို သိထားကြ ရမည် ဖြစ်သည်။ ဥပမာအားဖြင့် ''ထမင်း စားသည့်အခါ သတ္တဝါ အပေါင်း တို့သည် ငါစားသလို စားနိုင်ကြ ပါစေ။ ငါ့ထက် ကောင်းသော အစားအစာကို စားနိုင်ကြ ပါစေ။ အဝတ်ဝတ် သည့်အခါ သတ္တဝါ အပေါင်းတို့သည် ငါဝတ်ဆင် ရသလို ကောင်းမွန်စွာ ဝတ်ဆင် နိုင်ကြပါစေ။ ငါ့ထက် ကောင်းမွန်စွာ ဝတ်ဆင် နိုင်ကြပါစေ ... '' စသည်ဖြင့် မိမိ စားသောက် နေထိုင် စီးပွားဥစ္စာ ရှာသည့် အခါတိုင်း သတ္တဝါ အနန္တကို မေတ္တာပို့ပေး ရမည် ဖြစ်သည်။

ထိုကဲ့သို့ မေတ္တာ ပို့ပေးသည့်အခါ အသံထွက်၍ စိတ်ပါပါ ပို့ပေးမှသာ ပိုမို ထိရောက် အောင်မြင် တိုးတက် လာမည်ဖြစ်သည်။ စိတ်အာရုံ မပျံ့လွင့်စေဘဲ မေတ္တာပို့ ပေးရပါမည်။ အမြဲထာဝရ လေ့ကျင့်ပေး ရပါမည်။ လေ့ကျင့်မှု များလာလျှင် မနာလိုစိတ်များ ကင်းစင် ပျောက်ကွယ်၍ စိတ်ကောင်း၊ စိတ်မြတ်များ တိုးတက် လာမည် ဖြစ်သည်။

သို့ဖြစ်ရာ လူတိုင်း လူတိုင်းတွင် ဖြစ်တတ်သော မနာလို မရှုဆိတ်များ ဖြစ်သော မကောင်းစိတ်၊ အနုပ်စိတ်၊ အညံ့စိတ်၊ အကုသိုလ်စိတ် တို့သည် ကိုယ့်ကိုယ်ကိုယ် အကျိုးမပြု၊ ကိုယ် မနာလိုမှု ကြောင့် တစ်ဖက်သား တွင်လည်း အကျိုးမမဲ့ စေဘဲ ကိုယ်သာ အကျိုးမဲ့ စေသည်။ ထို့ကြောင့် အကျိုးမဲ့ စေသော မနာလိုစိတ်ကို တွန်းလှန် ဖျောက်ဖျက်၍ စိတ်ကောင်း မွေးမြူနည်းများ ကျင့်ကြံပွားများ နိုင်ပါ စေကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ် 

Wednesday, December 24, 2014

မှန်ကန်သော ကြောက်ခြင်း၏ နောက်တွင်


မှန်ကန်သော ကြောက်ခြင်း၏ နောက်တွင်

သရက်တန်းစိုးရွှေ (စိတ်ပညာ)

အမြဲကြားဖူးသော စကားတစ်ခွန်း ရှိပေသည်။ ဘဝအတွက် အားပေးသော စကားပင် ဖြစ်သည်။ ထိုစကားကို လူတိုင်း ပြောဖူးကြ ပေလိမ့်မည်။ " မကြောက်နဲ့ " ဆိုသော စကားပင် ဖြစ်သည်။

တကယ်တော့ ကြောက်သင့် သည်ကို ကြောက်ရ ပေလိမ့်မည်။ မကောင်းတာ လုပ်ရမှာကို ကြောက်ရ ပေလိမ့်မည်။ မကောင်းတာ ပြောရမည်ကို ကြောက်ရပေမည်။ အသုံးမကျ သူဟု အပြောခံရ မည်ကို ကြောက်ရ ပေမည်။ 

လူပျင်း၊ လူညံ့ဟု အပြောခံ ရမည်ကို ကြောက်ရပေ လိမ့်မည် ဖြစ်သည်။ မကောင်းတာ လုပ်ရမည်ကို ကြောက်ပြီး ကောင်းတာ တွေကို လုပ်ကိုင် ရပေမည်။ ကောင်းတာ များစွာ လုပ်ကိုင်နိုင်ရေး အတွက် ကောင်းသော အတွေးအကြံများ တွေးတော ကြံစည်ကြ ရမည် ဖြစ်ပေသည်။

ကြောက်လိုက်ပါ။ အသုံးမကျသူ ဟု အပြောခံ ရမည်ကို ကြောက်ရွံ့သင့်လှ ပေသည်။ လူ့လောကတွင် အသုံးကျပါမှ အသုံးချတတ် ပေသည်။ အရေးပါမှ အရာပေးလိုကြ ပေသည်။ တာဝန်ကျေမှ တာဝန်ပေးလိုကြ ပေသည်။

လူတစ်ဦး၏ အရည်အချင်းကို ယာယီ တိုင်းတာသော အရာများထဲတွင် တာဝန်ကျေခြင်း၊ မကျေခြင်း ဆိုသော အရာလည်း ပါဝင် နေပေသည်။ လူသည် တာဝန်ကိုယ်စီ ကျေပွန်ရန် လိုအပ် ပေသည်။

တာဝန်မကျေသော သူဟု အပြောခံ ရမည်ကို ကြောက်ကြ ရပေမည်။ တစ်ဦးချင်း စီသာ တာဝန်တွေကျေ နေပါက တိုင်းပြည် သည်လည်း တိုးတက်နေမည် ဖြစ်သည်။ မတိုးတက်ခြင်း ၏ အဓိက အမှားမှာ တာဝန် မကျေခြင်း၊ စည်းကမ်းမဲ့ခြင်း များပင် ဖြစ်သည်။ တာဝန် မကျေပွန်မှုကို အလိုက်သင့် ကာကွယ်ခြင်း မှသည် နားလည်မှု ပေးသည် ဆိုသော ယဉ်ကျေးမှု တစ်ခု အကျင့်ပါသွား တတ်ပေသည်။ သို့အတွက် ကြောက်လိုက် ပါ။ တာဝန် မကျေသူဟု အပြောခံ ရမည်ကို ကြောက်ကြ ရပေမည်။

မှန်နေသောသူ အတွက် အမှန်တရား က ကာကွယ်သွားမည် ဖြစ်သည်။ အမှား လုပ်သူအတွက် အမှားများ ကပင် ခြောက်လှန့် နေတတ်ပေသည်။ လူသည် သင်ယူခြင်း များစွာကို သင်ယူ နေကြရ ပေသည်။ တာဝန် ကျေပွန်ခြင်းတွေ သင်ယူနေကြ ရသည်။ အခက်အခဲ ဖြေရှင်းနည်းတွေ သင်ယူ နေကြရသည်။ တိုးတက်မှု အတွက် သင်ယူနေကြ ရသည်။ ရိုးသားမှု အတွက် သင်ယူ နေကြရသည်။ ကျေးဇူး သိတတ်မှု အတွက် သင်ယူ နေကြရသည်။

တိုင်းပြည် ချစ်တတ်ရေး အတွက် သင်ယူ နေကြရသည်။ ထောက်ထား ညှာတာကာ လူသားချင်း စာနာရေး အတွက် သင်ယူခြင်း များမှအစ များလှစွာသော သင်ယူမှုများ အကြား နောက်ဆုံး ငြိမ်းချမ်းခြင်း၊ ငြိမ်းအေးခြင်းများ အထိ သင်ယူနေကြ ရမြဲပင် ဖြစ်သည်။

ကြောက်လိုက်ပါ။ ကောင်းမွန်စွာ သင်ယူလိုက်ပါ။ မှန်ကန်ခြင်းကို မြတ်နိုးလိုက်ပါ။ စာနာခြင်းကို မွေးယူလိုက်ပါ။ တာဝန် ကျေပွန်မှုကို ရင်မှာ ပိုက်ထား  လိုက်ပါ။ လူညံ့ဟု အပြောခံ ရမည်ကို ကြောက်လိုက်ပါ။ မှန်ကန်သော  ကြောက်ခြင်း များကို ကြောက်ကာ မှန်ကန်သော သတ္တိကို မွေးယူရမည် ဖြစ်ပေသည်။ မကောင်းတာ လုပ်ရမည်ကို ကြောက်ရွံ့ ခဲ့လျှင်၊ မကောင်းတာ တွေးရမည်ကို ကြောက်ရွံ့ ခဲ့လျှင်၊ မကောင်းတာ ကြံရမည်ကို ကြောက်ရွံ့ ခဲ့လျှင်၊ တာဝန် မကျေပွန် မှာကို ကြောက်ရွံ့ ခဲ့လျှင်၊ စာနာမှု ကင်းမဲ့မှာကို ကြောက်ရွံ့ ခဲ့လျှင် ထို လုပ်ဆောင်မှု များကို ရှောင်ကြဉ်ကြ ရမည် ဖြစ်သည်။

သို့ဆိုလျှင် ကြောက်ခြင်းသည် ကောင်းခြင်းဆီ သို့ တွန်းပို့စေကာ မိမိအတွက်၊ တိုင်းပြည် အတွက်၊ အနာဂတ် အတွက်၊ လူ့ဘောင်လောက အတွက် အဖိုးတန် လူတစ်ဦး ဖြစ်နေမည်မို့ စကားတစ်ခွန်း ဆိုလိုက်ချင် သည်က " ကြောက်လိုက်ပါ " ဟူ၍ပင် ဖြစ်သည်။ ။

#Themyawadydaily
#မြ၀တီနေ့စဉ်

Thursday, December 18, 2014

လူနှင့်ပတ်ဝန်းကျင် သာယာရေး


လူနှင့်ပတ်ဝန်းကျင် သာယာရေး

ဤကမ္ဘာ လောကတွင် လူအမျိုးအစား မြောက်မြားစွာ ရှင်သန်နေထိုင် ရပ်တည်လျက် ရှိနေသည်။ လူနှင့်လူချင်း တူသော်လည်း ဘဝအပေါ် ထားရှိသည့် သဘောထား အမြင်နှင့် ခံယူချက် ရပ်တည် ရှင်သန်ရာ ပတ်ဝန်းကျင် နှင့် အသိုင်းအဝိုင်း အပေါ် အကျိုးပြုနိုင်မှု၊ လူ့ကျင့်ဝတ် သိက္ခာ စောင့်ထိန်းနိုင်မှု အချက်များပေါ် မူတည်၍ လူတစ်ယောက်နှင့် တစ်ယောက်၏ ပုံသဏ္ဌာန် တန်ဖိုး ကွာခြား သွားသည်။

လူအချို့သည် လူနှင့်စိတ် မျှတ သင့်လျော်စွာ လိုက်ဖက်ညီသည်။ ပင်ကိုယ် စိတ်နေ သဘောထား နှင့် မြင်သမျှ တွေ့သမျှ လူတိုင်းကို ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်း တတ်သည်။ အာဃာတ နှင့် အငြိုးတရား ကင်းစင်၏။ 

ထိုလူမျိုးရှိရာ ပတ်ဝန်းကျင်သည် ချစ်ခင် စည်းလုံး၏ ကြီးပွား တိုးတက်၏။ ဒုတိယ တစ်မျိုးမှာ ကျီးအာသီးနှင့် တူသော လူမျိုးဖြစ်သည်။ နှုတ်ချိုသော်လည်း စိတ်ပုပ်သော လူစားမျိုး ဖြစ်သည်။ ထိုလူစားများ များပြားသော ပတ်ဝန်းကျင်သည် ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ဖြစ်သောကြောင့် အပေါ်ယံ ကြည့်ပါက သာယာသည်ဟု ထင်ရသော်လည်း အချိန်မရွေး ပျက်စီး သွားနိုင်သည်။

တတိယ တစ်မျိုးမှာ နှုတ်စွာ သော်လည်း အများအကျိုးနှင့် စပ်လျဉ်းရာ၌ အလွန် ကျေးဇူး ပြုတတ်သူ (သို့မဟုတ်) အလွန် ကျေးဇူးပြုချင် သူများ ဖြစ်သည်။ ထိုလူမျိုးသည် ကြက်ဟင်းခါးသီး နှင့်တူ၏။ ပေါင်းသင်း ဆက်ဆံရ ခက်ခဲသည်ဟု ထင်မြင်သုံးသပ် ရသော်လည်း အတွင်းမနော ဖြူစင်သူများ ဖြစ်၍ ကြက်ဟင်းခါးသီး သည် ခါးသက် သော်လည်း စားသုံးသူ အတွက် ဘေးမဖြစ် ဆေးဖက်ဝင် သကဲ့သို့ ဖြစ်သည်။ ထိုလူမျိုးများ များပြားသော ပတ်ဝန်းကျင်သည် ဘေးကင်း လုံခြုံသည်။

စတုတ္ထ တစ်မျိုးမှာ လက်ညှိုးထောင်၊ ခေါင်းညိတ် လူစားမျိုး ဖြစ်သည်။ ဘယ်တော့မှ ဘယ်သူ နှင့်မှ ဘာအကြောင်း ကြောင်းမှ အငြင်းအခုံ အတိုက်အခံ မလုပ်၊ ဘယ်သူ ဘာမေးမေး အားလုံး ကောင်းပါသည် ဟုသာ အဖြေပေးရန် ခေါက်ရိုးကျိုး နေသူများ ဖြစ်သည်။ တစ်စုံတစ်ယောက် က ကောင်းသည်ဟု ပြောလျှင် လိုက်၍ ကောင်းပါသည် ဟု ထောက်ခံမည်။ မကောင်းပါ ဟု အခြား တစ်ယောက်က ပြောလျှင် မကောင်းပါဟု ကန့်ကွက်မည့် လူစားမျိုးသည် လူ့လောက အတွက် အသုံးမဝင်သော အမှိုက်နှင့် တူသော လူစားမျိုး ဖြစ်သည်။

ပဉ္စမ တစ်မျိုးမှာ အသုံးမကျ ရုံမျှမက သူ့ ပတ်ဝန်းကျင်ကို အနှောင့်အယှက် ပေးရန် (သို့မဟုတ်) လောကကို ပျက်စီးရန် ဝါသနာပါ သူများ ဖြစ်သည်။ ထိုလူမျိုးသည် ပဒိုင်းသီးလို လူစားမျိုး ဖြစ်သည်။ ဆုပ်လည်းစူး၊ စားလည်းရူးဟု ဆိုရ လောက်အောင် မပေါင်းသင့် မပေါင်းအပ်သည့် လူစားမျိုး ဖြစ်သည်။ ထိုလူမျိုးများ လာလျှင် လူ့ပတ်ဝန်းကျင် သည် သာယာ ငြိမ်းချမ်းမှု ကင်းမဲ့ တတ်သည်။ ထိုထိုသော အမျိုးမျိုးသော လူများသည် ကျွန်ုပ်တို့  ပတ်ဝန်းကျင်တွင် မြောက်မြားစွာ ရှိနေသည်။

မိမိ ပတ်ဝန်းကျင်သည် အဘယ်လူမျိုး များသနည်း။ မိမိ၏ ပတ်ဝန်းကျင်သည် ကောင်းပါ၏လော၊ ဆိုးနေပါသလော စဉ်းစားရန် လိုသည်။ ထို့အတူ မိမိသည်လည်း မည်သည့် လူမျိုး ဖြစ်နေပါသလဲ စဉ်းစား သင့်သည်။

သို့ဖြစ်ရာ မိမိ၏ လူမှု ကွန်ရက်အရ မိတ်ဝတ်မပျက် ပေါင်းသင်း ဆက်ဆံတတ် စေရေးအတွက် အရာရာတွင် သတိတရား နှင့်ယှဉ်ကာ ပေါင်းသင်း ဆက်ဆံ တတ်ရန် လိုသကဲ့သို့ မိမိနှင့်မိမိ၏ ပတ်ဝန်းကျင်မှ လူများ ကောင်းသောစိတ် မနသိကာရ နှင့်ပြည့်စုံ၍ မိမိ နေထိုင်ရာ ဝန်းကျင်ကို ကောင်းကျိုးပြု စည်ပင်စေသူများ ဖြစ်အောင် ပြုပြင် သွားကြရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Sunday, December 7, 2014

တာဝန်သိသိ စည်းကမ်းရှိရှိ


တာဝန်သိသိ စည်းကမ်းရှိရှိ

မည်သည့် အလုပ်ကို လုပ်သည် ဖြစ်စေ မိမိလုပ်သော အလုပ်သည် လှပနေရန်၊ ဂုဏ်ရှိနေရန်၊ အောင်မြင်နေရန် အတွက် အဓိကကျသော အချက်မှာ စည်းကမ်း စနစ်ကျနခြင်း ဖြစ်သည်။

စည်းကမ်းဟူသည် မိမိတို့အတွက် သတ်မှတ် ထားသော စည်းကမ်း၊ မိမိ ပတ်ဝန်းကျင်မှ သတ်မှတ် ထားသော စည်းကမ်း၊ မိမိအလုပ်မှ သတ်မှတ် ထားသော စည်းကမ်း၊ မိမိနိုင်ငံမှ သတ်မှတ် ထားသော စည်းကမ်း စသည်ဖြင့် စည်းကမ်း အမျိုးမျိုး ရှိသည်။

ထို စည်းကမ်းများကို ကိုယ်စီ ကိုယ်စီ လိုက်နာကြ မှသာ အောင်မြင်သော အလုပ်၊ လှပသော ပတ်ဝန်းကျင်၊ ကောင်းမွန်သော လူမှုဘဝတစ်ခု ပေါ်ထွန်း လာမည့်အပြင် မိမိ ပတ်ဝန်းကျင် ရှိ လူအပေါင်း တို့သည်လည်း စိတ်နှလုံး ချမ်းမြေ့စွာ နေထိုင်ကြ ရမည် ဖြစ်သည်။

''စည်းကမ်းဟူသည် လူ၏တန်ဖိုး ''ဟု ဆိုထားရာ တန်ဖိုးရှိသော လူတစ်ဦး ဖြစ်စေရန် အတွက် သတ်မှတ် ထားသော စည်းကမ်းတို့ကို လိုက်နာကြ ရမည် ဖြစ်သည်။ လူတို့၏ လက်သုံး စကား ဖြစ်သော ''အမှုမဲ့ အမှတ်မဲ့၊ သတိမထား မိလို့''ဟု ဆိုကြခြင်း သည် လုပ်ငန်းတစ်ခု အပေါ် ပေါ့ပေါ့ တန်တန် တာဝန်မဲ့ ပြောသော စကား အသုံးအနှုန်းများ ဖြစ်သည်။

မျက်မှောက် ကာလတွင် လွတ်လပ်မှု နှင့် စည်းကမ်းကို ကွဲကွဲပြားပြား နားလည် ထားသင့် သကဲ့သို့ စည်းကမ်းနှင့် ချုပ်ချယ်မှု ကိုလည်း ခွဲခြားနားလည် ထားသင့်သည်။ သို့မှသာ လုပ်ငန်းများ အောင်မြင် အဆင်ပြေပြီး ကြီးပွား တိုးတက်မည် ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း လက်ရှိ ကာလတွင် မိမိတို့နှင့် တန်းတူ (သို့မဟုတ်) နောက်တန်းမှ အပြိုင် တိုးတက် လာသော အာဆီယံ နိုင်ငံများကို ကြည့်မည် ဆိုလျှင် နိုင်ငံသူ၊ နိုင်ငံသားများ ကိုယ်စီ စည်းကမ်း လိုက်နာကြ သောကြောင့် ထိုနိုင်ငံများ တစ်စတစ်စ တိုးတက်လာ သည်ကို တွေ့ရသည်။ စည်းကမ်းမဲ့ နေထိုင်သူများ ရှိနေခြင်းသည် မိမိနိုင်ငံ၏ ဂုဏ်သိက္ခာ ကျဆင်းစေမည့် အပြင် နိုင်ငံတကာ က လာရောက်ကြသော နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ မြင်တွေ့ပါက အထင်သေး မှတ်ချက်ပြုခြင်း ကိုလည်း ခံကြရမည် ဖြစ်သည်။

ထို့ကြောင့် မည်သူမဆို လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက် ရာတွင် မိမိ လုပ်ကိုင်သော အလုပ် တစ်ခုကို တာဝန်မဲ့၊ စည်းကမ်းမဲ့ လုပ်ကိုင် ဆောင်ရွက်ခြင်း မျိုး မပြုဘဲ တာဝန်သိသိ၊ စည်းကမ်း ရှိရှိ လုပ်ကိုင် ဆောင်ရွက်မှသာ မိမိလုပ်သော လုပ်ငန်း အနေဖြင့် အောင်မြင် ဖြစ်ထွန်းမည် ဖြစ်သည်။

သို့ဖြစ်ရာ လူတိုင်းလူတိုင်း အနေဖြင့် မိမိတို့၏ ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းများကို လုပ်ကိုင် ကြရာတွင် လည်းကောင်း၊ အခြားသော လုပ်ငန်းများ၊ အစိုးရရုံး ဌာနများတွင် လည်းကောင်း လုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်ကြ ရာတွင် တာဝန်သိသိ စည်းကမ်းရှိရှိ ဖြင့် လုပ်ငန်းအပေါ် စိတ်ပါဝင်စားစွာ လုပ်ကိုင် ဆောင်ရွက်သင့် ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Friday, December 5, 2014

ကိုယ်ကျင့်သီလ ထိန်းသိမ်း


ကိုယ်ကျင့်သီလ ထိန်းသိမ်း

တိုင်းပြည်နှင့် လူမျိုးတို့၏ ဘာသာ သာသနာ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ အစဉ်အလာ များသည် ထိုတိုင်းပြည် ထိုလူမျိုးတို့၏ စိတ်ဓာတ်၊ စရိုက်လက္ခဏာ နှင့် လူမှုဘဝ အခြေအနေ များကို ထင်ဟပ် ပေါ်လွင် စေသည်။

တစ်ဦးနှင့် တစ်ဦး ဆက်ဆံရာ၌ အရေးပါဆုံး ဖြစ်သည့် ကိုယ်အမူအရာ ယဉ်ကျေးခြင်း၊ အပြောအဆို နူးညံ့ သိမ်မွေ့ခြင်း၊ စိတ်ထားဖြူစင် မြင့်မြတ်ခြင်း များသည် ဘာသာ စာရိတ္တ ယဉ်ကျေးမှုများ ဖြစ်သည်။

ထိုကဲ့သို့ ပြုမူပြောဆို ပါက ကုသိုလ် မင်္ဂလာများ တိုးပွားကာ ဤဘဝတွင် ယဉ်ကျေး သိမ်မွေ့သော နိုင်ငံသားများ အဖြစ် ဂုဏ်ယူ ထင်ပေါ်မည် ဖြစ်ပြီး အခြားသူများ၏ အထင်ကြီး လေးစားမှု ကိုလည်း ခံကြရမည်  ဖြစ်သည်။ နောင်တမလွန် ဘဝတွင်လည်း ကိုယ်ကျိုး ချမ်းသာများ ဆင့်ကဲရရှိ နိုင်မည် ဖြစ်သည်။

ထိုကဲ့သို့ ပြုမူပြောဆိုခြင်း မရှိပါက ဂါရဝ၊ နိဝါတ သုဘာသိတ မင်္ဂလာများ ပျက်ပြား၍ အပြောအဆို ရိုင်းစိုင်း လာမည်။ စရိုက် လက္ခဏာများ ကြမ်းတမ်း လာမည် ဖြစ်သည်။ လူတို့ အနေဖြင့် ကောင်းမှုထက် မကောင်းမှု တို့တွင် ပျော်မွေ့ တတ်သည်မှာ ဓမ္မတာ ဖြစ်သည်။

ထိုသို့ မကောင်းမှုတွင် ပျော်မွေ့ကြပြီး ထိုမကောင်းမှု တို့ကို အားပေး တတ်သော အရက်သေစာ သောက်စားခြင်း၊ ယဉ်ကျေးမှု မရှိသော ဖျော်ဖြေ တင်ဆက်ခြင်း၊ ညစ်ညမ်းဖွယ်ရာ ဖော်ပြခြင်းနှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်း တို့ကြောင့် ယဉ်ကျေးမှု ပျက်ယွင်းခြင်းမှ ကျော်လွန်၍ ဒုစရိုက်မှုများ ကျူးလွန်သည် အထိ ဖြစ်ပေါ်လာကြ ရသည်။

မျက်မှောက် ကာလတွင် အကျင့်စာရိတ္တ ပျက်ယွင်းမှုနှင့် အတူ ကိုယ်ကျင့်သီလ ဖောက်ဖျက် ကျူးလွန်သည် အထိ လူမှုဘဝ နယ်ပယ်တွင် စက်ဆုပ်ရွံရှာ ဖွယ်ကောင်းသော အမှုများကို ကျူးလွန် လာသည်အထိ ကြားသိ နေရသည်။ အထူးသဖြင့် အသိပညာ ဗဟုသုတ နည်းသော ကျေးလက် ဒေသများတွင် အရွယ်မရောက် သေးသည့် မိန်းကလေးငယ် များကို အဓမ္မပြုကျင့် ကျူးလွန်မှုများ ဖြစ်ပွား နေသည်ကို ကြားသိနေ ရသည်။

ထိုသို့ဖြစ်ပွား ရခြင်းမှာ ကျေးလက်ဒေသ များအတွင်းသို့ မတော်လောဘ ရှိသူတို့၏ ဖြန့်ချိပေး လိုက်သော ညစ်ညမ်း စီဒီခွေ၊ ဒီဗွီဒီအခွေ များကြောင့် ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာ တာဝန်ရှိ သူတို့က အဆိုပါ ဖြစ်ပွားမှုနှုန်းများ လျော့ကျစေရန် ကျေးလက်ဒေသ များတွင် အသိပညာပေး ဟောပြောပွဲများ၊ ဆင်ဆာမဲ့ ဗီဒီယိုခွေ ရောင်းချနေမှု များကို အရေးယူခြင်း နှင့် ပြစ်ဒဏ်ချမှတ် ပေးခြင်းများ ဆောင်ရွက် ပေးနေ သော်လည်း ပြစ်မှုများ ထပ်မံဖြစ်ပွားလျက် ရှိသည်။

ထို့ကြောင့် မိမိတို့၏ အရွယ်မရောက် သေးသည့်ကလေးငယ် များကို ရင်အုပ်မကွာ ကြည့်ရှု စောင့်ရှောက် ကြရန်နှင့် ယုံကြည်စိတ်ချစွာ ထားရစ်ခဲ့ခြင်း၊ ကလေးငယ်များကို အဖော်မပါဘဲ ဝေးလံသော နေရာများသို့ တစ်ယောက်တည်း စေလွှတ်ခြင်းများ မပြုလုပ်ရန် လိုအပ်သည်။

သို့ဖြစ်ရာ လူတိုင်းလူတိုင်း မကောင်းမှု ဒုစရိုက်များကို ရှောင်ကြဉ်ကာ ကိုယ်ကျင့်သီလ ကို လုံအောင် စောင့်ထိန်းလျက် လူငယ်တို့၏ အကျင့်စာရိတ္တ ပျက်ပြားစေရန် လုပ်ဆောင် နေသူတို့ကို ပြည်သူ တစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းသွား ကြရမည် ဖြစ်ကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Wednesday, December 3, 2014

မိဘစကား


မိဘစကား

ဦးကျော်စိန် (မန္တလေး)

လောက၌ မိဘစကားကို နားထောင်သော သူများ ကြီးပွားတိုးတက် ကြသကဲ့သို့ မိဘစကား နားမထောင် မိကြ၍ နောင်တတစ်ဖန် ပူပန်ခြင်း များစွာဖြင့် ဒုက္ခပင်လယ် ဝေရသူများလည်း ရှိ၏။ မည်သည့် မိဘမဆို မိမိတို့ သားသမီးများ အပေါ် ဆိုးစေလိုသော ဆန္ဒမရှိ၊ ကောင်းစေလိုသော ဆန္ဒသာ ရှိ၏။ ကောင်းစေလိုသော သဘောဖြင့်သာ ပြောဆိုဆုံးမ တတ်ကြပါသည်။

သို့သော် အချို့သော သားသမီး တို့က ''အဖေက ဘာသိလို့လဲ။ အမေ မသိဘဲနဲ့ ပြောနေပြန်ပြီ၊ အဖေ နားမလည်ပါဘူး၊ အမေ မသိပါဘူး ... '' ဟု ဆိုကာ ကိုယ်ထင်ရာ ကိုယ်စိုင်း တတ်ကြသဖြင့် ဒုက္ခနှင့် ရင်ဆိုင်ရသူ ဒုနှင့်ဒေး ရှိ၏။

မြန်မာ ဆိုရိုးစကား၌ ''မိဘစကား၊ နားထောင်ငြား၊ သံပြား ကျောက်စောင်း၊ ကြိုသော်ပျောင်း'' မိဘစကား၊ နားထောင်လျှင် မိမိ သွားရမည့် လမ်းခရီးတွင် သံပြားကျောက်စောင်းများ ကြိုဆီးနေစေကာမူ မိဘ၏ ဂုဏ်ကျေးဇူး ကြောင့် ပျော့ပျောင်း သွားကြရသည်ဟု လည်းကောင်း၊ ''မိဘစကား နားမထောင်၊ သားတစ်ကောင် နှင့် တိုးလိုးတွဲလဲ '' မိဘစကား နားမထောင်သော သမီးသည် အိမ်ထောင်ရေး၌ ဒုက္ခ ရောက်တတ်သည် ဟု လည်းကောင်း ပြဆိုထား ပါသည်။

မိဘစကား နားမထောင်မိ၍ ခိုးသားဓားပြ တို့၏ ရိုက်ပုတ်ခြင်း ခံရပြီး ပစ္စည်းများလုယူ ခံရသူ တစ်ဦးအကြောင်း ကို စာပေကျမ်းဂန် မှ ထုတ်နုတ် တင်ပြလို ပါသည်။

ရှေးအခါ ဗာရာဏသီပြည် ဗြဟ္မဒတ် မင်းကြီး လက်ထက်တွင် အလှူ မင်္ဂလာပွဲ၊ နတ်ပွဲများ၌ စည်တီး၍ အသက်မွေး ဝမ်းကျောင်း ပြုသော သားအဖရှိ၏။ တစ်နေ့သော အခါ သူတို့ သားအဖသည် နတ်ပွဲ တစ်ခုသို့ သွားရောက် တီးရသဖြင့် ခိုးသား ဓားပြတို့ ခိုအောင်းရာ တောအုပ်ကြီး အတွင်း ဖြတ်သန်း ရလေသည်။

သားဖြစ်သူသည် တောအုပ်တွင်း ဖြတ်သန်းစဉ် ပြည့်ရှင် မင်းကြီး၏ စည်တီးသံဟု မှတ်ယူပြီး ခိုးသားဓားပြတို့ ထွက်ပြေး စေရန် လမ်းတစ်လျှောက် စည်ကို အဆက်မပြတ် ကျယ်လောင်စွာ တီး၍ လိုက်လာ လေသည်။ ထိုအခါ ဖခင်ဖြစ်သူက မင်းကြီး၏ စည်သည် ရံဖန်ရံခါမှ တီးသည် ဖြစ်၍ စည်ကို အဆက်မပြတ် မတီးရန် သားဖြစ်သူကို သတိပေး ဆုံးမ၏။ သို့သော် သားဖြစ်သူက ဖခင်၏ သတိပေး ဆုံးမမှုကို မနာယူဘဲ စည်ကို အဆက်မပြတ် တီးခတ် လိုက်ပါ လာလေသည်။

ထိုစဉ်တွင် တောအုပ် အတွင်းရှိ ခိုးသားဓားပြ တို့စုရုံး ရောက်ရှိလာပြီး ထိုသားအဖကို ရိုက်ပုတ်၍ စည်တီး ဖျော်ဖြေရာမှ ရရှိလာသော ငွေအသပြာ များကို လုယက် ထွက်ပြေးကြ လေသည်။ ဤကား ငါးရာ့ငါးဆယ် နိပါတ်တော် လာ ဇာတ်တော် ဖြစ်ပါသည်။ အလားတူ သာဓကများ၊ အဖြစ်အပျက်များ လောက၌ များစွာ ရှိလေသည်။

ပစ္စုပ္ပန် မျက်မှောက်ခေတ် တွင်လည်း မိမိတို့ ပတ်ဝန်းကျင်ကို လေ့လာကြည့် ပါလျှင် မိဘစကား နားထောင်သူ များနှင့် နားမထောင် သူများ ဘဝ အနေအထား ခြားနားပုံကို တွေ့မြင်ရမည် ဖြစ်၏။ မိဘတို့ မည်သည် လမ်းကောင်း ကိုသာ ညွှန်ပြ တတ်၏။ လမ်းမှားကို ပြလေ့ မရှိပေ။ ကောင်းသောလမ်း၊ ကောင်းသော အဆုံးအမ စကားတို့ဖြင့် သားသမီးတို့ အပေါ် ပြောဆိုဆုံးမ တတ်ကြ ပါသည်။ မိဘစကား မြေဝယ်မကျ နားထောင် တတ်သော သားသမီး တို့သည် ဘဝ အဆင့်ဆင့် တက်လှမ်း နိုင်ကြကုန်၏။

သို့ပါ၍ လူငယ်လူရွယ် တို့သည် မိဘ၊ ဆရာသမား တို့၏ ဆိုဆုံးမမှုများ အပေါ် ရိုသေ လေးစားစွာ နာခံ ဆောင်ရွက် ခြင်းဖြင့် ဘဝလမ်းကြောင်း ဖြောင့်ကာ တစ်ဆင့်ထက် တစ်ဆင့် တက်လှမ်းလျက် ဘဝတွင် တိုးတက် အောင်မြင် ကြမည်သာ ဖြစ်ပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Monday, December 1, 2014

အလုပ်နှင့် သိက္ခာ


အလုပ်နှင့် သိက္ခာ

မဒါလေး

ဖူးဖူး အိမ်ကို ရောက်လာသည်မှာ သုံးလကျော် နေပေပြီ။ တစ်နေ့တစ်မျိုး မရိုးနိုင် အောင်ပင် သူမထံမှ ကျွန်မ စကားဆန်းများ ကြားရသည်။

တစ်ခါတစ်ရံတွင် ကျွန်မ၏ အတွေ့အကြုံ များမှာ သူမလောက်ပင် မရင့်ကျက် သေးဟု ကိုယ့်ကိုယ်ကိုယ် သံသယ ဖြစ်မိသည်။ ဖူးဖူး အသက်မှာ (၁၈)နှစ် ပြည့်ပြီးခါစ ဖြစ်သည်။ ဖူးဖူး ၏ဇာတိမှာ မုံရွာ တစ်ဖက်ကမ်းမှ ဖြစ်သည်။ 

စိုက်ပျိုးရန် ခက်ခဲပြီး ရေရှားပါးသော သူတို့ရွာမှ အရွယ်ရောက်သူ အတော် များများမှာ မြို့ပေါ်တက် အလုပ်လုပ်၊ ဒါမှမဟုတ် နိုင်ငံရပ်ခြားကို သွားရောက် အလုပ်လုပ် ကြသည်။ သူမ၏ အစ်ကို၊ အစ်မများ အပါအဝင် သူတို့ရွာမှ နိုင်ငံရပ်ခြားသို့ အလုပ် သွားလုပ်ကြသူ အတော်များ သည်ကို ဖူးဖူး ပြောပြသဖြင့် သိခဲ့ရသည်။

ဖူးဖူးမှာ ပညာ အရည်အချင်း ကိုးတန်းထိ တက်သည်။ အခြေအနေ အကြောင်း ကြောင်းကြောင့် ကျောင်းဆက် မတက်နိုင်ဘဲ မိမိဘဝ မိမိကျောင်း ရသော အခြေအနေကို ရောက်လာခြင်း ဖြစ်သည်။ ကျွန်မထံ ရောက်လာသော သူမ၏ ရည်ရွယ်ချက်မှာ ကျွန်မကို တစ်ဖက် တစ်လမ်းမှ ကူညီရန်နှင့် ကျွန်မဆီက ကွန်ပျူတာ ပညာကို သင်ယူလို သောကြောင့် ဖြစ်သည်။

ကျွန်မနှင့် ရင်းနှီးသော အစ်မ တစ်ယောက်၏ အဆက်အသွယ်ဖြင့် ဖူးဖူး ၏ စာရိတ္တကို အာမခံသဖြင့် ကျွန်မ ခေါ်ထားခြင်း ဖြစ်သည်။ စရောက် ကတည်းက သွက်သွက် လက်လက် နှင့် တက်တက် ကြွကြွရှိလှသော ဖူးဖူး မှာ ကျွန်မနှင့်တော့ အတော် အဆင်ပြေသည်။ ဖူးဖူးမှာ အရွယ်နှင့် မလိုက်အောင် စကားပြောလျှင် ကျွန်မကျွန်မ နှင့်လည်း ပြောတတ် သေးသည်။

သူမကို ဘာလို့ နိုင်ငံခြားမှာ အလုပ် သွားမလုပ် တာလည်း ငွေတွေ အများကြီး ပိုရလျှင် မိသားစုကို ဒီထက်မက ပိုမိုပံ့ပိုး နိုင်မည်ဟု ပြောကြည့်သည်။ ''ကျွန်မ အစ်မတွေလဲ နိုင်ငံခြား သွားလုပ်ဖူး တာပဲ ဆရာမ ရယ်။ ဒါပေမဲ့ ရတာနဲ့ ပြန်ကုန်တာ မထူးပါဘူး။ အိမ်ကို ပို့တော့လဲ ရွာမှာက ဘာအလုပ်မှ သိပ်မဖြစ်တော့ ပို့တဲ့သူ မောရုံပဲ၊ နိုင်ငံခြား သွားတယ်သာ အမည်တွင်တယ်။ ဘာမှ မပြောင်းလဲ ပါဘူး။ မိဝေးဖဝေး မှာ နေရတာသာ ပိုပါတယ် .. '' ဟု ဖြေသည်။ ဖူးဖူး၏ စိတ်ဓာတ်လေးမှာ အတော်ပင် ချစ်စရာ ကောင်းသကဲ့သို့ သူမ၏ ရည်ရွယ်ချက် ကလည်း ကြီးလှသည်။ နိုင်ငံခြားကို သွားလုပ်သော အစ်မတွေကို ကြည့်ပြီး မသွားချင်ကြောင်း။ ပညာ အရည်အချင်း မရှိသည့် အတွက် စက်ရုံ၊ အလုပ်ရုံများမှာ လုပ်ရသည် ထားအုံးတော့ အိမ်အကူဟု ပင် အပြောခံ ရကြောင်း။ မည်သူ့ကို ပြောလိုက် ပြောလိုက် အိမ်အကူ သွားလုပ်တာလား ဟုပင် အမေးခံ ရကြောင်း။ အိမ်ဖော်လုပ်ပြီး ပြန်လာသည်ဟု အထင်ခံ ရသည့် အပြင် ဘာမျှ တိုးတက်မှု မရှိသည့်အတွက် ရွာတွင်လည်း ရှက်စရာ ကောင်းသဖြင့် ဖူးဖူး ကတော့ မသွားဘူးဟု ပြောသည်။ အချို့က စကားလုံး လှအောင် အိမ်အကူဟု ပြောသော်လည်း အတူတူပါပဲ ဟုလည်း ကလေး အတွေးဖြင့် ပြောတတ် သေးသည်။

ကွန်ပျူတာ သင်လိုခြင်း အကြောင်းကလည်း ဆိုင်အတော် များများတွင် ကွန်ပျူတာ ရိုက်သည့် သူများက ထိုင်ပြီး အလုပ်လုပ် ရကြောင်း။ အနည်းဆုံးတော့ စာရိုက်မည့် သူများက ညီမ၊ အစ်မ ခေါ်ကာ ရိုက်ခိုင်း ကြသည်ကို သူမတွေ့မြင် ရသဖြင့် သင်ချင်ကြောင်း တဖွဖွ ပြောသည်။ သူများခိုင်းခံ ရချင်းတူ တာတောင် ကိုယ့်နေရာ လေးနှင့်ကိုယ် သိက္ခာ ရှိရှိ လုပ်ရတာပေါ့ ဟုလည်း ပြောတတ် သေးသည်။ ကွန်ပျူတာ ကိုလည်း ကြိုးစား သင်ကာ အိမ်အလုပ် များလည်း အကွက် စေ့အောင် လုပ်ပေး တတ်သည်။

ဖူးဖူး ကိုမြင်တော့ တစ်ခါက ကွန်ပျူတာ သင်တန်း တစ်ခုမှ ဆရာမလေး ကို သွားသတိရ မိသည်။ ကွန်ပျူတာ သင်တန်းတွင် အလုပ်သင် အနေဖြင့် အလုပ်ဝင်ကာ သင်တန်းသား၊ သင်တန်းသူ များအကြား ''ဆရာမ'' ဟု တွင်တွင် ခေါ်ကာ လေးစားခံ ရသည်။

အလုပ်ဝင်ပြီး ခြောက်လတွင်ပင် လစာနည်းသည် ဟုဆိုကာ အလုပ်ထွက်လိုက် သည်။ အခြား လုပ်ငန်း တစ်ခုတွင် အရောင်းစာရေး ဝင်လုပ်သည်။ ထိုလုပ်ငန်းမှ လစာမှာ ယခင်အလုပ် ထက်တော့ ပိုပါသည်။ သို့သော် ထို လုပ်ငန်းတွင် သူမကို လေးစားမည့် သူမရှိ၊ စနစ်တကျ ခိုင်းမည့်သူများ တော့ ရှိသည်။ ဈေးဝယ်သူ များ၏ တန်ဖိုးထား ဆက်ဆံခြင်းထက် ဝန်ထမ်းပီပီ ဆက်ဆံခံ ရသည်။ တစ်နေ့ ထိုဆရာမနှင့် သိသော သင်တန်းသား တစ်ဦးနှင့် လမ်းမှာ ဆုံမိသည်။

''ကျွန်တော်တို့ ဆရာမလေ.. အရင်ကသင်တဲ့ ဆရာမကို ပြောတာ၊ အခုလုပ်နေတဲ့ အလုပ်မှာ ပစ္စည်းတွေ သယ်နေတာ၊ သန့်ရှင်းရေး လုပ်နေတာ တွေ့ခဲ့တယ်။ သူနဲ့ရွယ်တူ အချင်းချင်း အခိုင်းခံ နေရတာ ကျွန်တော်လဲ အားနာ သွားတယ်'' ဟု ပြောသွားသည်။ ထိုစကားကို ကြားတော့ ကျွန်မစိတ်ထဲ တွေးမိသည်က လူတစ်ဦး၏ အလုပ်ဆိုတာ ထိုလူ တစ်ယောက်၏ သိက္ခာနှင့် လည်း သက်ဆိုင် နေပါလား ဆိုသည်ကို ဖြစ်သည်။ ကျွန်မတို့ အလုပ် ကောင်းကောင်း ဘာလို့ ရှာခဲ့ကြ ပါသလဲ။ အလုပ်ရှာ လျှင်လည်း ထိုအလုပ်၏ ခိုင်မာမှုနှင့် ကောင်းသတင်း ကို ဘာကြောင့် ထည့်တွက် ခဲ့ကြတာလဲ။ အကြောင်းမှာ ကိုယ် ရပ်တည် ရမည့် နောက်ခံသည် သန့်ရှင်း ခိုင်မာရန် လိုအပ်သည်။ ထို့နောက် မိမိ တာဝန်ယူ ရမည့်အပိုင်း နှင့် ထမ်းဆောင် ရမည့် တာဝန်မှာလည်း အရေး ကြီးသည်။ အဲဒီ အချက်တွေပြီးမှ ငွေရေး ကြေးရေးကို ထည့်စဉ်းစား သင့်သည်။ 

ယနေ့ အလုပ်ရှာကြသော လူအတော် များများမှာ တာဝန်ယူမှု နည်းနည်းနှင့် လစာများများ ကို ကြည့်သည်က လွဲပြီး ဘာမျှ အတော် များများ မစဉ်းစား သည်ကို တွေ့မြင် နေရသည်က များသည်။ ထိုသို့ တွေ့မြင်တိုင်း မြင်တိုင်း ကျွန်မကတော့ အိမ်က ဖူးဖူး ကိုသာ ပြေးပြေးမြင်မိ တော့သည်။ ဖူးဖူးလို စိတ်လေးများဖြင့် ယနေ့ ကလေးများ အလုပ်ကို ရွေးချယ် စေချင်သည်။ ငွေများများ ရသော အလုပ်မှ တန်ဖိုးထက် သိက္ခာရှိသော အလုပ်၏ တန်ဖိုး ကိုလည်း သိစေချင် ပါသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Tuesday, November 4, 2014

ပစ်မှတ်ထိသော မြားကဲ့သို့


ပစ်မှတ်ထိသော မြားကဲ့သို့

မြားပစ်သမား တစ်ဦး၏ အဓိက ရည်မှန်းချက် သည် မိမိ ပစ်လိုက်သော မြားသည် ပစ်မှတ် ဗဟိုချက်ကို တည့်တည့် ထိမှန်စိုက်ဝင် စေရန်ဖြစ်သည်။ ဤသို့ ဗဟိုချက်ကို ထိမှန်အောင် ပစ်ရန်ကား တော်ရုံ တန်ရုံ လေ့ကျင့်မှုဖြင့် မဖြစ်နိုင်ပေ။ ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်း၊ အယူအဆ အနေအထား မှန်ကန်ခြင်း၊ စိတ်တည်ငြိမ်ခြင်း စသည့် မြားပစ် သမားကောင်း တစ်ဦး၏ အရည်အချင်း များနှင့် ပြည့်ဝ နေမှသာလျှင် ပစ်မှတ်ကို ထိမှန်အောင် ပစ်နိုင်မည် ဖြစ်သည်။

ထိုနည်းတူ လူသားအားလုံး သည်လည်း ကိုယ်စီ ရည်မှန်းချက်၊ ရည်ရွယ်ချက်၊ ပစ်မှတ်များ ရှိကြသည်။ လူတိုင်း အနေဖြင့် ကိုယ်စီ ပစ်မှတ်များ ထိမှန်ရန် လိုလားကြသည်။ သို့သော် ပစ်မှတ်တိုင်း သည် အတော်အတန် ကြိုးစား အားထုတ်မှုဖြင့် မဖြစ်နိုင်ပေ။ လုံ့လ၊ ဝီရိယ လက်နက်ကောင်း များကို စွဲကိုင်လျက် ကြိမ်ဖန်များစွာ လေ့ကျင့်ခြင်း၊ အားထုတ်ခြင်း၊ အတွေ့အကြုံ ဗဟုသုတများ ရှာမှီးခြင်း စသည်တို့ဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက် များကို အောင်မြင် စေနိုင်သည့် အရည်အချင်းများ ပြည့်စုံအောင် ကြိုးစားရမည် ဖြစ်သည်။

စီးပွားရေး၊ လူမှုရေး လုပ်ငန်းများ၊ စီမံကိန်း လုပ်ငန်းများ အထမြောက်ေ အာင်မြင်ရန် မှာလည်း မြားပစ်သမား ဥပမာ ကဲ့သို့ပင် ဖြစ်သည်။ လုပ်ငန်း အသီးသီးတွင် ပါဝင်သူ အားလုံး ရိုးသားခြင်း၊ ကြိုးစားခြင်း၊ အဂတိတရား ကင်းရှင်း၍ ကိုယ်ကျင့်တရား ကောင်းများ ပြည့်စုံကာ ဝိုင်းဝန်းကြိုးစား အားထုတ်ကြ မှသာ အောင်မြင်မှု ပန်းတိုင်ကို လှမ်းကိုင် နိုင်မည် ဖြစ်သည်။

ယနေ့ မြန်မာ နိုင်ငံသည် ဒီမိုကရေစီ နိုင်ငံတော်သစ် ပန်းတိုင်ကို ရည်မှန်း ဖော်ဆောင်လျက် ရှိသည်။ ထိုသို့ ဖော်ဆောင်ရာတွင် လူတိုင်း ဥပဒေကို လေးစား တန်ဖိုးထား ကြရမည် ဖြစ်သည်။ ဆောင်ရွက်မှု လုပ်ငန်းစဉ် တိုင်း ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့် အညီ ကိုက်ညီမှုရှိ၊ မရှိ ဆန်းစစ် ဆောင်ရွက်ကြ ရမည်။ သို့မှသာ ဥပဒေကို လေးစား တန်ဖိုးထားရာ ရောက်သည့် အပြင် ဆောင်ရွက်သည့် လုပ်ငန်းများ အထစ်အငေါ့ မရှိ လျင်မြန် ချောမွေ့ စွာဖြင့် ရည်မှန်းချက် များ အောင်မြင်မည် ဖြစ်သည်။ 

ဒီမိုကရေစီ အနှစ်သာရ သည် လွတ်လပ်စွာ ရေးသား၊ ပြောဆို လုပ်ကိုင် နိုင်ခွင့်ဖြစ်ပြီး ထိုသို့ လွတ်လပ်စွာ ပြောဆို၊ ရေးသား လုပ်ကိုင်ရာတွင် အခြားသူ တစ်ဦး တစ်ယောက်၏ အကျိုး စီးပွားကို ထိခိုက် နစ်နာမှုများ မဖြစ်စေရန် ချမှတ် ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ များကို လေးစား လိုက်နာမှု သည် အဓိက ဖြစ်သည်။

သို့ဖြစ်ရာ ဒီမိုကရေစီ နိုင်ငံတော်သစ် ဖော်ဆောင်ရာတွင် လူတိုင်း အမှန်တရားကို လက်ကိုင် ထား၍ အများအကျိုး အတွက် ချမှတ် ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ များကို လေးစား လိုက်နာကြ ရမည်ြ ဖစ်သည်။ ထိုသို့ ဆောင်ရွက် လုပ်ကိုင်၊ လိုက်နာ နိုင်ကြခြင်းဖြင့် လူတိုင်း၏ ရည်မှန်းချက် ဖြစ်သော ဒီမိုကရေစီ နိုင်ငံ ဖော်ဆောင်ရေး အဆင်ပြေ ချောမွေ့ကာ ပစ်မှတ် ထိသော မြားကဲ့သို့ ဒီမိုကရေစီ ပန်းတိုင်ကို လှမ်းကိုင် ဆွတ်ခူး နိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

http://themyawadydaily.blogspot.com/2014/11/blog-post_32.html

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Saturday, October 25, 2014

စိတ်အလို မလိုက်ကြစေဖို့


စိတ်အလို မလိုက်ကြစေဖို့

လူမှုလောက ၌ ကျင်လည် လျှောက်လှမ်း ကြရာတွင် စိတ်ချမ်းသာမှု ကို ခံစားရယူ ပိုင်ဆိုင်နိုင်ကြ သကဲ့သို့ စိတ် မချမ်းသာ ဖွယ်ရာ ကိစ္စများ ကိုလည်း ကြုံတွေ့ ခံစားကြ ရမည် ဖြစ်သည်။ လူတို့၏ စိတ်ဆန္ဒအရ စိတ်ဆင်းရဲ ခြင်းကို မခံစားနိုင်၊ လိုချင်တပ်မက် စိတ်များ လာလျှင် စိတ်ဖိစီးမှု များလာလျှင် စိတ်ကျရောဂါ များပင် စွဲကပ် တတ်သည်။

ထိုမှ စိတ်၏ စေစားရာ အတိုင်း လိုက်ကကြ ရသည်။ စိတ်ဟူသည် လူ့ဘဝ၏ ထွက်ပေါက်ဟု ဆိုထားရာ စိတ်ထွက်ပေါက် ရှာရာတွင် လူတစ်ဦးနှင့် တစ်ဦး မတူကွဲပြား ကြသည်ကို တွေ့ရမည် ဖြစ်သည်။

လူ အမျိုးမျိုး စိတ် အထွေထွေ ဖြင့် ဘဝကို ကျင်လည် ကြရာတွင် လူကြီးများမှာ မိမိတို့၏ စိတ်ခံစား မှုကို ဖြေသိမ့်နိုင်စွမ်း မရှိသော်လည်း ကလေးများ မှာမူ စိတ်၏ စေလိုရာ အတိုင်း ခံစား တတ်ကြသည်။ လိုချင်တာ မရလျှင် စိတ်ကောက်၊ စိတ်ဆိုးတတ် ကြသည်။

စိတ်အလို မလိုက်မိ ကြဖို့ အထူး လိုအပ်သည်။ စိတ်အလို လိုက်မိပါက အမှား ကျူးလွန်မိ ကြပေ လိမ့်မည်။ လူတိုင်း အမှားနှင့် မကင်းနိုင် ကြဘဲ အမှား နည်းတာနှင့် များတာ ကွာခြားမည် ဖြစ်သည်။ လူ့အလို နတ်မလိုက် နိုင် ဆိုသကဲ့သို့ လူတို့၏ စိတ်သည် အမြဲ ဖောက်လွဲ ဖောက်ပြန် ဖြစ်တတ်သည်။ အထူးသဖြင့် ကလေးငယ် များကို ထိန်းကျောင်း သွန်သင် ဆုံးမရာတွင် ကလေးငယ်၏ လိုချင် တပ်မက်သည့် စိတ်ကို အလို မလိုက်မိ ကြစေရန် အထူး လိုအပ်လှ ပေသည်။ အလိုလိုက် အကြိုက်ဆောင် လွန်းပါက အမိုက်ဆောင် သည့် ဘဝသို့ ရောက်ရ သူများလည်း ရှိသည်။

မိဘဟူသည် သားသမီး များ၏ စိတ်ကို အလိုလိုက် အကြိုက်ဆောင် တတ်ကြသည်။ သားသမီး များ၏ မျက်နှာ အညှိုးမခံကြ၊ သားသမီး၏ အလိုကို ဖြည့်ဆည်း ပေးတတ် ကြသည်။ အလိုလိုက် အကြိုက်ဆောင် လွန်းလေလေ သားသမီး များ၏ ဘဝကို အမိုက်တွင်း ထဲသို့ ပို့ပေးရာ ရောက်လေလေ ဖြစ်တတ်သည်။ လူ့စိတ်ဟူသည် ဆားငန်ရေ သောက်ရသည့် အလား သောက်လေ သောက်လေ ငတ်မပြေ ဖြစ်သကဲ့သို့ လူတို့၏ လိုချင်တပ်မက် စိတ်သည် အတောမသတ် နိုင်ပေ။

ယနေ့ အချိန်အခါ တွင် လိုချင် ရမ္မက်ခိုး များဖြင့် ပြည့်နှက် နေသည့် လူအများအပြား ရှိလာသည်။ မိမိတို့၏ အကျိုးစီးပွား တစ်ခုတည်း ကိုသာကြည့်ကာ လူမှု အသိုင်းအဝိုင်း ကြားတွင် နေရာ ယူလာကြ သည်။ လောဘ၊ ဒေါသ၊ မောဟများ မိမိတို့၏ အတ္တစိတ် နောက်သို့ မရောက်စေရန် သတိပြု ကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ လူ့ဘဝတွင် လူချမ်းသာ ဖို့ထက် စိတ်ချမ်းသာ ဖို့ကသာ အဓိက အရေးကြီး သည်ဟု ဆိုထားရာ စိတ်ပျော်ရွှင် နိုင်ရန်မှာ ရွှေဖြုန်း၊ ငွေဖြုန်း၊ ဒုစရိုက် လုပ်ငန်းများ အပေါ် မွေ့လျော်ခြင်း မျိုးမဟုတ်ဘဲ ဘဝ အစစ်အမှန်ပျော်ရွှင်စရာ များကို ရှာဖွေ၍ ရယူ ပျော်ရွှင်ကြ ရမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Thursday, October 23, 2014

အဖြူရောင် ရွှေမန္တလေး အရောင် မဆိုးစေချင်



အဖြူရောင် ရွှေမန္တလေး အရောင် မဆိုးစေချင်

ရွှေမိ (မန်းတက္ကသိုလ်)

ရွှေမိတို့ မန္တလေး ရွှေမြို့တော်ကြီး ဟာဆိုရင် ဗြိတိသျှ ကိုလိုနီတို့ လက်သို့ လွှဲပြောင်း ပေးအပ် လိုက်ရတဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်ရဲ့ နောက်ဆုံး မင်းနေပြည်တော် ဖြစ်သလို လက်မှုပညာ အနုပညာ လက်ရာ တွေနဲ့အတူ ဗုဒ္ဓဘုရား ယဉ်ကျေးမှု အမွေအနှစ် လက်ရာတွေ၊ မန္တလေးတောင်၊ လှပခံ့ညား လှတဲ့ မန္တလေး ကျုံးမြို့တော်၊ ကျုံးရေပြင် တို့နဲ့ သာယာ လှပတဲ့ မြို့တော်ကြီး ဖြစ်ပါတယ်။ အထက် မြန်မာပြည် တစ်ခုလုံးရဲ့ စီးပွားရေး အချက်အချာ မြို့ကြီး ဆိုရင်လဲ မမှားပါဘူး။ နိုင်ငံခြားသား တွေ ဥဒဟို လာရောက်ပြီး စိတ်ဝင်စားစွာ လေ့လာကြည့်ရှု ကြတာမြင်ရင် ရွှေမိတို့ အားရကျေနပ် လှစွာ ဂုဏ်ယူ နေမိတယ်။

ဒါပေမဲ့ အခုအခါ ရွှေမန္တလေးကို အရောင်ဆိုး ဖျက်ဆီး လာကြတဲ့ သူကောင်းသား လူမိုက်တွေကြောင့် ရွှေမန္တလေးရဲ့ အလှအပတရား ပျက်စီးစပြု လာပြီ ဖြစ်ပါတယ်။ အကျည်းတန် လာခဲ့ပါပြီ။ လူခြေတိတ်၊ လူပြတ်တဲ့ နေရာတင် မကတော့ဘဲ ဆိုင်ကယ် တစ်စီးကို နှစ်ယောက်စီး၊ တစ်ယောက်က မောင်း၊ နောက်က ထိုင်တဲ့ တစ်ယောက်က ဆွဲကြိုးဖြတ်၊ ပိုက်ဆံအိတ်လုကြလို့ ပါသွားကြတဲ့ လူတွေလဲ မနည်းလှ တော့ပါဘူး။

ဆွဲကြိုးဖြတ်၊ ပိုက်ဆံအိတ် လုကြတဲ့ လူတွေရဲ့ အဓိက ပစ်မှတ်ကတော့ အမျိုးသမီးလေး တွေပါပဲ။ ပိုက်ဆံအိတ် ကို ဘဏ်က ငွေထုတ်အပြန်၊ ပွဲရုံငွေကိုင် တာဝန်ခံတွေ ညနေ ငွေခံ၊ သိမ်းပြန် အလာကို အဲဒီ လူတွေက ကြိုတင် လေ့လာ ထားကြ ပါတယ်။ ဆိုင်ကယ်နဲ့ နှစ်ယောက် နောက်ကနေ မသိမသာ ကပ်လိုက် လာတတ်ပြီး ကူညီမယ့်သူဝေးလောက်တဲ့ နေရာ လောက်ကျမှ နောက်ကလူက ဆွဲကြိုးဖြတ် ရင်ဖြတ်၊ ပိုက်ဆံအိတ် လုရင်လု ရရာကိုကျူးလွန်တတ်ကြ ပါတယ်။ ဒါ့ပြင် အမျိုးသမီးလေး တွေရဲ့ ဆိုင်ကယ်ကို ခြေထောက်နဲ့ ကန်ခဲ့ တတ်ကြတဲ့ အထိ ပြုမူလာကြ ပါတယ်။ အခု လောလောဆယ် ကြုံတွေ့ နေရတာက ပွဲရုံတွေကနေ ငွေခံ( ငွေကောက်ဖို့) တာဝန်ပေးခံရတဲ့ မိန်းကလေးတွေ သွားတဲ့အချိန်၊ သွားတတ်တဲ့ လမ်းကြော ကနေ ကြိုတင် အကွက်ချ လေ့လာစီစဉ် လုယက် တတ်ကြတော့ အမျိုးသမီး လေးတွေ အနေနဲ့ ရွှေငွေ လက်ဝတ်ရတနာ တွေ သတိပြု ဝတ်ဆင်ကြဖို့၊ ပိုက်ဆံအိတ်၊ စလင်းဘက်အိတ် တို့ကို လုလို့ လွယ်ကူမယ့် နေရာမှာ မထားကြဖို့ လိုပါတယ်။ ဆိုင်ကယ် လက်ကိုင်မှာ ချိတ်ရင် ဆောင့်ဖြတ် ယူပြေးတတ်ကြ ပါတယ်။ လူပြတ်တဲ့ နေရာကို ပေါ့တီးပေါ့ဆ မသွားမိ ပါစေနဲ့။ အဖုံးမပါတဲ့ ဆိုင်ကယ် ရှေ့ခြင်းထဲမှာ လွယ်ကူစွာ မထည့်မိ ပါစေနဲ့၊ ဖြစ်နိုင်ရင် ဆိုင်ကယ် အဖုံးပါတဲ့ ရှေ့ခြင်းတပ် ထားပါ၊ လုံးဝတော့ စိတ်မချရပါ။ အဖိုးတန် ရွှေ၊ ငွေ လက်ဝတ် ရတနာတွေ ဝတ်ဆင်ခြင်းဟာ ရာဇဝတ်သား တွေကို လက်ယပ်ခေါ် နေသလိုပါပဲ။

ရွှေမိ သတိပေးချင် တာက ဘဏ်က ငွေထုတ်ပြီး အပြန်နဲ့ ညနေ ပွဲရုံမှငွေခံ အမျိုးသမီး လေးတွေကို ပါပဲ။ အလုခံရရင် ပြန်ရဖို့က မသေချာ တော့ပါ။ မိမိ အလုပ်လုပ်တဲ့ ကုမ္ပဏီ၊ ပွဲရုံကို မိမိကပဲ ပေးလျော်ရမှာ တော့ သေချာပါတယ်။ အမျိုးသား နှစ်ယောက် ဆိုင်ကယ်နဲ့ အနားကပ် လာရင် သတိ သေချာထားပါ။ အမြဲ ဂရုစိုက်ပါ။ (ဆိုင်ကယ်နဲ့ အမျိုးသားတိုင်း ကိုတော့ မဆိုလိုပါ)။

နောက်ထပ် သတိပေး လိုတာ တစ်ခုက ကိုယ့်အိမ်ရှေ့ ကိုယ်ထားတာ ပဲဆိုပြီး ဆိုင်ကယ်ကို ဇက်သော့ မခတ်ဘဲ ဖြစ်သလို ထားတတ် ကြတဲ့ အမျိုးသား၊ အမျိုးသမီးငယ် လေးတွေကို ပါပဲ၊ ဇက်သော့ခတ် မထားတဲ့ ဆိုင်ကယ်ကို သူတို့ သော့တူနဲ့ နှိုးလို့ရရင် နှိုးစီး သွားတတ်ကြ သလို နှိုးလို့မရရင် ဆိုင်ကယ်ကို ခပ်တည်တည်နဲ့ တွန်းသွားပြီး အဝေးရောက်မှ စောင့်နေတဲ့ အဖွဲ့နဲ့ သော့တူဖွင့်စီး ရင်စီး၊ မစီးရင် အသင့် စောင့်နေတဲ့ ကားပေါ် ဝိုင်းမတင် သွားတတ်ကြ ပါတယ်။ ဆိုင်ကယ်ကို ဇက်သော့ မခတ်မိရင် သူတို့အတွက် အကွက်ကောင်း ပါပဲ။ ဇက်သော့ ခတ်ကြဖို့ ဖြစ်နိုင်ရင် ကြိုးသော့ ထပ်ခတ်တာ သေချာပါတယ်။ ပါသွားပြီးပြီ ဆိုရင်တော့ 'တာ့တာ'ပါပဲ။ ခဏလေးပဲ ဖြစ်ဖြစ် လက်ဖက်ရည် ဆိုင်ထဲဝင်ဝင်၊ အိမ်ထဲဝင်ဝင် ဇက်သော့ ခတ်ဖို့ မမေ့ကြဖို့ သတိပေးချင် ပါတယ်။

ဒါကြောင့် ခြုံငုံပြီး သတိပေး ရမယ်ဆိုရင် အဖုံးပါတဲ့ ဆိုင်ကယ် ရှေ့ခြင်း တပ်ဆင်ခြင်း၊ ကြိုးသော့တွေ တပ်ဆင်ခြင်းဖြင့် ကာကွယ်ပါ။ အလုခံရရင် ပြန်ရတော့မှာ မဟုတ်ပါဘူးလို့ စိတ်လျှော့ပြီး အဆုံးမခံ ပါနဲ့။ သက်ဆိုင်ရာ ရဲစခန်းကို ဖြစ်စဉ်နဲ့ လုယက်သူ တွေရဲ့ ပုံပန်း သဏ္ဌာန်ကို ပြောပြပြီး တိုင်ချက်ဖွင့် ထားပါ။ ဆိုင်ကယ် သူခိုးတွေ၊ ဆိုင်ကယ် သူခိုးဂိုဏ်းတွေ ရံဖန်ရံခါ မိခဲ့လို့ တိုင်ချက်ဖွင့် ထားမိရင် ကံကောင်း ထောက်မစွာ ပြန်ရတတ် ပါတယ်။ ရဲစခန်း မတိုင်ဘဲ စိတ်လျှော့ပြီး အဆုံးခံ မယ်ဆိုပါက အဆိပ်ပင် ရေလောင်းသလို လုယက်သူ တွေကို အားပေးသလို ဖြစ်နေမှာ အမှန်ပါ။ ပိုမို အတင့်ရဲ လာကြမှာ ဧကန်မလွဲပါ။

ပြီးတော့ ဆိုင်ကယ်စီးရင် လိုင်စင် ပါပါစေ။ ဦးထုပ် ဆောင်းခြင်းဖြင့် မိမိရဲ့ အသက်အန္တရာယ် ကို ကာကွယ်ပါ။ ည အချိန်မတော် ကိစ္စ အရေး မကြီးရင်လဲ အပြင်မထွက် ပါက အကောင်းဆုံး ဖြစ်ပါတယ်။ အချိန်မတော် ညထွက်ခြင်း ကြောင့် မလိုလား အပ်တဲ့ ပြဿနာတွေ ဖြစ်ပွားတတ် ပါတယ်။ စိတ်ကြွဆေး၊ မူးယစ်ဆေး သုံးစွဲသူတွေရဲ့ အန္တရာယ်မှ ကိုယ့်ကိုယ်ကိုယ် ကာကွယ် နေတတ်ဖို့ လိုပါတယ်။

ထို့ကြောင့် အလွန် လှပပြီး နေချင်စဖွယ်၊ သာယာလှပတဲ့ ရွှေမန္တလေး မြို့ကြီးကို ရာဇဝတ်မှုတွေ ကင်းစင် ပပျောက်တဲ့ အဖြူရောင် မြို့တော်ကြီး အဖြစ် မြို့သူမြို့သား တွေက ဝိုင်းဝန်း စောင့်ရှောက် ကာကွယ်ကြဖို့ လိုပြီး အရောင်မဆိုးမိ ကြစေဖို့ သတိပေး လိုက်ရပါတယ်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Tuesday, October 21, 2014

မန္တလေးသား နဲ့ ဆတ်သား


မန္တလေးသား နဲ့ ဆတ်သား

ယဉ်အောင်ဟိန်း

မန္တလေးမြို့က ဘာသာရေးကို နေရာတိုင်းမှာ အခြေခံ ထားတယ်။ အပြောအဆို၊ အနေအထိုင်၊ အရောင်းအဝယ် ကအစ စားသောက်တာ အဆုံး ဘာသာတရားနဲ့ ငြိနေရင်၊ ဆန့်ကျင်နေမယ် ဆိုရင် မလုပ်ကြဘူး။ ရှောင်ကြတယ်။ ဥပမာ ကြက် ဝက် အစရှိသဖြင့် သားတိုးမွေးတာ မန္တလေးသား၊ မန္တလေးသူ စစ်စစ်တွေ မလုပ်ကြ ပါဘူး။ မန္တလေးသား၊ မန္တလေးသူ အများစု က ဘာသာတရား တကယ်ကို ကိုင်းရှိုင်းပါတယ်။ ဟင်းစား တာတောင် အမဲသား (နွားသား) ဆိုရင် မစားကြဘူး။ စားသူနည်း ပါတယ်။ ဝက်သား၊ ကြက်သား ပဲ စားကြတယ်။ အစား အများဆုံးက ဝက်သားပါပဲ။ အလှူအတန်း အစရှိတဲ့ အကျွေးအမွေး ပြုလုပ်တဲ့ နေရာတိုင်းမှာ ဝက်သား၊ ကြက်သားပဲ ကျွေးတယ်။ အမဲသား ကျွေးတဲ့ အလှူအတန်း မရှိဘူး။ မတွေ့ကြ ရပါဘူး။

ဈေးထဲ အသားရောင်းတဲ့ ဆိုင်တန်း သွားရင်လဲ အမဲသားဆိုင် အတော် ရှာယူရတယ်။ ဈေးတစ်ခုလုံးမှ တစ်ဆိုင် နှစ်ဆိုင် ဆိုတာ အများဆုံးပဲ။ ထမင်းဆိုင် အတော်များများ ကလဲ အမဲသားဟင်း မေးရင်း ခေါင်းခါကြ ပါလိမ့်မယ်။

အမဲသားစားတဲ့ နယ်မြို့တွေက ပြောင်းလာခါစ လူတွေ ဆိုရင် အတော် အခက်ကြုံကြ ရပါတယ်။ နွားတွေဟာ လူနဲ့ဖက်ပြီး နွေ၊ မိုး၊ ဆောင်း ထွန်ထယ်တွေနဲ့ ခြေကန်ရုန်းပြီး လူတွေစားတဲ့ ဆန်စပါးတွေ၊ သီးနှံတွေ၊ လူတွေဝတ်မယ့် အဝတ်အထည် ရက်လုပ်တဲ့ ဝါဂွမ်းတွေ ထွက်အောင် လုပ်ပေးတာမို့ ကျေးဇူးရှင်လို့ မြင်ကြပါတယ်။ ဒါကြောင့် ဗြဟ္မစိုရ် စိတ်ထားပြီး နွားသားကို ရှေးက မန္တလေးသား၊ မန္တလေးသူ တို့ ရှောင်ခဲ့ ကြပါတယ်။ မွန်မြတ်တဲ့ စိတ်ဓာတ်၊ မွန်မြတ်တဲ့ အသိတရား နဲ့ အမဲသား ရှောင်ခဲ့တဲ့ မန္တလေးမြို့သူ၊ မြို့သားတွေ ဘယ်အချိန်က စပြီး အညာခံ၊ အလိမ်ခံ ရတယ် မသိဘူး။ ကျွန်တော်တို့ လူမှန်း သိတတ်တော့ အညာခံ နေရပါပြီ။ ဆတ်သားခြောက် ရောင်းနေကြပါပြီ။ ဝိသမသမား တွေရဲ့ စီးပွားရေး ဈေးကွက်ရှာ ရာမှာ အမဲသားက မန္တလေး မြို့ပေါ်မှာ ရောင်းအား နည်းတော့ ဆတ်သားခြောက် ဆိုတဲ့ နာမည်တစ်မျိုး နဲ့ပြောင်းပြီး ဈေးတွေမှာ ရောင်းလာ ပါတယ်။ တဖြည်းဖြည်း ထမင်းဆိုင်တွေ၊ လက်ဖက်ရည်ဆိုင် တွေမှာပါ ရောင်းလာကြ ပါတယ်။ အမဲသား ရောင်းသူ ရှားပေမယ့် ဆတ်သားခြောက် ကတော့ ဈေးတွေထဲမှာ ပေါလိုက်သမှ တောင်ပုံ၊ ရာပုံပါ။ ဘယ်နှပိဿာ ယူမလဲ။ အချိန် ဘယ်လောက် ယူမလဲ။ ပေါလိုက်တဲ့ ဆတ်သား ခြောက်တွေ။ လူအတော် များများလဲ ဆတ်သားခြောက် စားမိကြ ပါတယ်။

ကလေးဘဝ အတွေးနဲ့ တွေးမိတယ်။ ဒီအကောင် (ဆတ်)တွေကို ဘယ်လို နေရာကများ ဖမ်းကြသလဲလို့ မန္တလေးတောင်၊ စစ်ကိုင်းတောင် လိုနေရာ တွေကများ ဖမ်းကြသလား။ ဒါမှမဟုတ် ပြင်ဦးလွင် ဘက်တောင်တွေ ကများ လား။ နောက်နည်းနည်း အရွယ်ရောက်လို့ ခရီးလေး ဘာလေးသွားမှ ဆတ်အကြောင်း နားလည် ပါတော့တယ်။ ဆတ်ဆိုတာ ကချင်ပြည်နယ် လို တောထူထပ်တဲ့ နေရာမှာသာ ရှိနိုင်တဲ့ ရှားပါး တိရ စ္ဆာန်မျိုးပါ။ နောက်ပိုင်း ပြည်နယ်တွေမှာ ဆတ်က ရှားပါး လာပါတယ်။ ဒါပေမဲ့ မန္တလေးမြို့ ဈေးတွေမှာတော့ ဆတ်သား အလွယ်တကူ ရနိုင်တုန်း ပါပဲ။ ပထမတော့ မန္တလေး ဆတ်သားက အတုံး နည်းနည်းကြီးပြီး ကြပ်တင် ထားပါတယ်။ ခပ်မည်းမည်း ပါ။ 

နောက်ပိုင်း ဆိုးဆေးတွေ ခေတ်စားလာတော့ အမဲသားကို ဆိုးဆေးနယ်ပြီး ကပ်ကြမ်းတွေ ပေါ်တင် ယင်တဝီဝီ နဲ့ လှန်းထားတာ ရပ်ကွက် အချို့မှာ တွေ့နေရ ပါတယ်။ ဆေးရောင်ကြောင့် အမဲသားနဲ့ မတူတဲ့ နီရဲရဲအရောင် ဖြစ်သွားပါတယ်။ မန္တလေးမြို့ ဈေးတွေထဲက ဘုရားစူး ဆတ်သား၊ မိုကြိုးပစ် ဆတ်သားပါ။

နွားများကို သနားသော၊ နွားသားကို မစားသော မေတ္တာ ထားသော ဗြဟ္မစိုရ်တရား ပွားများသော ထိုမြို့သားများ အတွက်ပါရမီ ဖြည့်ဆည်းရန်၊ ကုသိုလ်ယူ နိုင်ရန် အမဲသားကို ဆတ်သား လုပ်ရောင်းခြင်း တော့ မဖြစ်နိုင် ပါဘူး။ ကိုယ်ကျိုး စီးပွားအတွက် အတ္တကို ရှေ့တန်းတင်ပြီး ဘယ်သူသေသေ ငတေမာရင် ပြီးတာပဲ၊ ငါ့ အကျိုးစီးပွား အတွက် ဘယ်သူ့ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး ထိခိုက်ထိခိုက် ငါအမြတ်ရရင် ရောင်းကြမှာပါ။ ဆတ်သား မဟုတ်ဘူး ဆိုတာ ထူတဲ့ပြိန်းတဲ့ လူအနည်းစု လောက်သာ မသိပေမယ့် လူတော်တော် များများကတော့ သိကြပါတယ်။ ဒါပေမဲ့ ဆတ်သားခြောက် ဆိုတဲ့ အမှတ်နဲ့ ဝိနည်းကို လက်တစ်လုံးခြား ကပ်ရှောင်ပြီး ဝါးလက်စ ဆက်ဝါး၊ စားလက်စနဲ့ ဆက်စားကြ ပါတယ်။ တို့ကတော့ အမဲသား မစားဘူး၊ ဆတ်သားခြောက် ဝယ်တာပဲ မစစ်ရင် သူတို့ရောင်းတာ သူတို့ ခံလိမ့်မယ် ဆိုတဲ့ ဆင်ခြေနဲ့ စားသူက စားပါတော့တယ်။ မူလ ရည်ရွယ်ရင်းတွေ စောင့်ထိန်းမှုတွေ ပျောက်ကွယ်ကုန် ပါတယ်။

မန္တလေးမြို့ နာမည်ကြီး ထမင်းဆိုင် အတော်များများ က ထမင်းစားပြီး ထန်းလျက်ခဲ၊ လက်ဖက်သုပ်၊ ဆတ်သားခြောက်ဖုတ် ရေနွေးကြမ်း တို့ဖြင့် တထီးတနန်း ဧည့်ခံတတ် ကြခြင်းက ဓလေ့ထုံးစံ တစ်ခုပါပဲ။ ချပေးတတ်ပါ သေးတယ်။ ကြိုက်လို့ကတော့ စားပါ။ ဆတ်သား ခြောက်ဖုတ် ကတော့ ပေါပေါပဲ။ နောက်ထပ် လိုက်ပွဲချပေး တတ်ပါတယ်။ အမဲသား မစားသူများ အတွက် အမှတ်ရစရာ လေးတစ်ခုပါ။ ဆတ်သားခြောက် ရောင်းသူ အတော်များများ ကလဲ ရောင်းအား ကောင်းခဲ့ကြ ပါတယ်။

အခုအချိန် မှာတော့ ဆတ်သားခြောက် ပျောက်ကွယ် သွားပါပြီ။ ဆတ်သားခြောက် ရောင်းသူတွေရဲ့ ပဉ္စလက် အတတ်ပညာနဲ့ မျက်လှည့် ဆရာ ဒေးဗစ် ကော်ပါဖီး တို့လို ဆတ်ကို ဟိုက်ချလောင်း လုပ်ပြီး ဆိတ်ဖြစ်သွား ပြန်ပါပြီ။ဆတ်သားခြောက် ကတော့ ဆေးဆိုးတာ၊ ကပ်ကြမ်းပေါ် လှန်းတာ မြင်နိုင် တွေ့နိုင်တယ်။ အသားချင်း ကလဲ ကွာတယ်။ မန္တလေး မြို့ကြီးမှာ ဆတ် လွယ်လွယ် ကူကူ မရနိုင်ဘူး ဆိုတာလဲ သိနိုင်တဲ့ အတွက် တကယ် စဉ်းစားပြီး ရှောင်ရင် ဆတ်သားက မစားမိ နိုင်ပါဘူး။ ဆိတ်သား ခြောက်ကတော့ ဈေးကိုယ်တိုင် ဝယ်လို့ အမြီး တန်းလန်းနဲ့ မြင်ရရင် ဆိတ်သားစစ် ပါလိမ့်မယ်။ မမြင်ရ ရင်တော့ စစ်ဖို့ မသေချာ၊ စားဖို့ သတ္တိမရှိ တာလဲ အမှန်ပါ။ မစားရဲ ပါဘူး။

စာရေးသူက မနက်စောစော အိပ်ရာထတဲ့ အကျင့် ရှိပါတယ်။ တစ်နေ့မနက် လေးနာရီ လောက် အိပ်ရာ ထချိန်မှာ မြင်းခွာသံ တခွပ်ခွပ် နဲ့ မြင်းလှည်း တစ်စီး မောင်းနှင် လာပါတယ်။ မိမိ အရှေ့နား အရောက်မှာ မြင်းဇက် သတ်ပြီး ရပ်လိုက် ပါတယ်။ အင်္ကျီချွတ်နဲ့ အသား မည်းမည်း ခပ်သန်သန် လူတစ်ယောက် တုတ်ကြီး တစ်ချောင်းကို ကျောတွင် လက်ပြန် ကပ်ပြီး ဆင်းလာ ပါတယ်။ မိမိလဲ သူ့ကိုကြည့်ပြီး ကိုယ့်ကို အန္တရာယ် ပြုတော့မယ့် အထင်နဲ့ အတော် ကြောက်လန့် သွားပါတယ်။ နောက်တော့ မဟုတ်ဘဲ လမ်းဘေးက ခွေးတစ်ကောင်ရဲ့ ဦးခေါင်းကို တုတ်ခနဲ ရိုက်ချ လိုက်ပါတယ်။ ကိန်ဆိုတဲ့ အသံ တစ်ချက်ပဲ ထွက်လိုက် နိုင်ပါတယ်။ ခွေးက ဆန့်နေပါပြီ။ ခြေထောက် နှစ်ချောင်းဆွဲ လှည်းပေါ် ပစ်တင်ပြီး ဒုန်းစိုင်း မောင်းထွက် သွားပါတယ်။ နောက် မကြာမကြာ လဲ ဒီလှည်းနဲ့ ဒီလူတွေ ဒီလို ခွေးတွေ လိုက်ရိုက် နေတာ တွေ့ရပါတယ်။ လှည်းက အမိုးတပ် မထားတော့ အလားတူ ခွေး အတော်များများ ကိုလဲ လှုပ်တုတ် လှုပ်တုတ်နဲ့ အပုံလိုက် ပါသွားတာ တွေ့လိုက် ရပါတယ်။ တကယ်လို့ ဒီအသားတွေ ဈေးထဲ ရောက်ပြီး ဘုရားစူး ဆိတ်သား မိုးကြိုးပစ် ဆိတ်သား တွေ ဖြစ်ကုန်ရင် ဆိုတဲ့ အတွေးနဲ့ ဆိတ်သား နဲ့ ဆိတ်သားခြောက် ဆိုရင် (ဝေရာမဏိ) ရှောင်ကြဉ်မိ ပါတော့တယ်။

အချို့ ဆတ်သားခြောက် မဟုတ်ဘူး။ ဆိတ်သားခြောက် မဖြစ်နိုင်ဘူး ဆိုတာ တွေးခေါ် နိုင်တယ်။ ယုတ္တိ ဘယ်လိုမှ မရှိဘူး ဆိုတာလဲ သိတယ်။ သိရက်နဲ့ စားကြ ပါတယ်။ အမဲသား လုံးဝ ရှောင်ထားကြ သူတွေပါ သူများ မိုးခါးရေ သောက်လို့ မိမိတို့လဲ လိုက်သောက်ကြ တာလား။ တကယ်လို့ အပြစ်ရှိမယ်၊ ငရဲကြီးမယ် ဆိုရင် ဆတ်သားခြောက်၊ ဆိတ်သားခြောက် ဆိုတဲ့ နာမည် ပြောင်းထားရုံနဲ့ အပြစ်လွတ် မှာလား။ အမဲသား စားချင်တာ အမဲသားပဲ စားပါ တော့လား။ သူများ လိမ်တာ သိသိကြီးနဲ့ အလိမ်မခံ ပါနဲ့။ မိမိ ကိုယ်ကိုလဲ ပြန်မလိမ်ချင် ပါနဲ့။ မုသာဝါဒ အပြစ်တစ်ခု ထပ် မကျူးလွန် ပါနဲ့တော့လား။ အမဲသားကို အမဲသားလို့ စားတာက ဈေးလဲပိုချို ကိုယ်ကြိုက်တဲ့ နေရာက အသား၊ မိုးခိုသား၊ ပေါင်သား၊ လိုချင်တဲ့ အသား၊ ကြိုက်တဲ့အသား၊ ကောင်းပေ့ ညွန့်ပေ့ ဆိုတဲ့ အသားကို စားလို့ ရပါတယ်။ စားကြ စမ်းပါ။

အခုခေတ်မှာ ဆတ်သားခြောက် ကတော့ မရောင်းကြ တော့ပါဘူး။ ဆိတ်သားခြောက် ကတော့ အခုခေတ် စားဆဲပါ။ ထမင်းဆိုင် မှာလဲ ဆိတ်သားဟင်း၊ ဆိတ်သားခြောက်၊ လက်ဖက်ရည် ဆိုင်မှာလဲ ဆိတ်သား ခြောက်ဖုတ်၊ ထမင်းဆီဆမ်း၊ ဆိတ်ကီးမား၊ ဆိတ်ပလာတာ၊ ဆိတ်ခပတ်၊ ဆိတ်စွပ်ပြုတ်၊ ဆိတ်နာမည် တပ်ထားတဲ့ အစားအစာ အတော် များများ တွေ့နေ ရပါတယ်။ မန္တလေးသူ၊ မန္တလေးသား တွေက ရှေးက ဘိုးဘွားတွေ လက်ထက် ကလို တကယ် ယုံကြည်လို့ တကယ် မေတ္တာထားလို့ တကယ် ရှောင်မယ် ဆိုရင်တော့ တိတိကျကျ လိုက်နာ ရှောင်ကြဉ်သင့် ပါတယ်။ သူများ လိမ်တာလဲ မခံချင်ပါနဲ့။ မိမိ ကိုယ်ကိုလဲ ပြန်မလိမ်ချင်ပါနဲ့။ သူများ ယောင်လို့ လိုက်ယောင်တာ လူအထင် ကြီးအောင် လုပ်တာ ဘာအကျိုး မှ မရှိပါဘူး။ ကုသိုလ်လဲ ရမှာ မဟုတ်ပါဘူး။ အသားမစားဘူး ဆိုမှတော့ အာရုံ ပြတ်ပြတ် နေစမ်းပါ။ ဂျုံကို အသားတု လုပ်မစားချင် ပါနဲ့တော့လား .. ဗျာ။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

Monday, October 20, 2014

မြန်မာဘောလုံးချစ် ပရိသတ်အချို့၏ အပြုအမူများကြောင့် အာရှဘောလုံး အဖွဲ့ချုပ်မှ ဒဏ်ငွေနှင့် ကွင်းပိတ် ပြစ်ဒဏ်ချမှတ်


မြန်မာဘောလုံးချစ် ပရိသတ်အချို့၏ အပြုအမူများကြောင့် အာရှဘောလုံး အဖွဲ့ချုပ်မှ 
ဒဏ်ငွေနှင့် ကွင်းပိတ် ပြစ်ဒဏ်ချမှတ်

မြန်မာနိုင်ငံ မှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပလျက် ရှိသော AFC U-19 Championship Myanmar 2014 ဘောလုံးပြိုင်ပွဲ တွင် ပရိသတ် အချို့၏ မလိုလား အပ်သော အပြုအမူများ ကြောင့် အာရှ ဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် ဒဏ်ကြေးငွေ အမေရိကန် ဒေါ်လာ ၂၄၀၀၀ နှင့် ၂ နှစ်အတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် နိုင်ငံတကာ ပြိုင်ပွဲများမှ ပွဲစဉ်(၁)အား ပရိသတ် မပါဘဲ ကစားစေရန် အောက်တိုဘာ ၁၉ ရက်က မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား ပြစ်ဒဏ်ချမှတ် အရေးယူ ခဲ့သည်။

အဆိုပါ ပြိုင်ပွဲအား နေပြည်တော် နှင့် ရန်ကုန်မြို့ တို့တွင် အောက်တိုဘာ ၉ ရက်မှ ၂၃ ရက်အထိ ကျင်းပလျက် ရှိပြီး ရန်ကုန်မြို့ သုဝဏ္ဏ ဘောလုံးကွင်း ၌ အောက်တိုဘာ ၁၃ ရက် အီရန်နှင့် ကစားခဲ့သည့် အုပ်စု နောက်ဆုံး ပွဲစဉ်တွင် ပရိသတ် အချို့က ပွဲကြည့် ထိုင်ခုံများအား ရိုက်ချိုး ဖျက်ဆီး၍ ကွင်းအတွင်းသို့ ပစ်ပေါက်ခြင်း၊ သတ်မှတ်နေရာ များတွင် အားပေးမှု မရှိခြင်း စသည့် အပြုအမူများ ပြုလုပ်ခဲ့ ကြသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက် ယူအေအီး အသင်းနှင့် ကစားခဲ့သည့် ကွာတားဖိုင်နယ် ပွဲစဉ် အနိုင်ရရှိခဲ့ပြီး မြန်မာ့ဘောလုံး သမိုင်းတွင် ပထမဆုံး ကမ္ဘာ့ဖလား ယူ -၂ဝ ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သည့် အတွက် ပရိသတ်အချို့ ကွင်းအတွင်း မြက်ခင်းပြင် ပေါ်သို့ ဝင်ရောက်၍ အောင်ပွဲခံ ခဲ့ကြသည်။

အဆိုပါ ပွဲစဉ်တွင် ကွင်းအတွင်း ဝင်ရောက် ခဲ့သည့် အချို့သော ပရိသတ်များ အနေဖြင့် ပြိုင်ဘက် အသင်းအား မလိုလား အပ်သော နောက်ပြောင်မှု ပြုလုပ်ခြင်း၊ ကွင်းအတွင်းရှိ အားကစား ဆိုင်ရာ ပစ္စည်းအချို့ ဖျက်ဆီးခဲ့ခြင်း တို့ကြောင့် အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီက ပြိုင်ပွဲ စည်းမျဉ်း စည်းကမ်းအရ အထက်ပါ အတိုင်း ပြစ်ဒဏ်များ ချမှတ် အရေးယူ ခဲ့ခြင်း ဖြစ်သည်။

အာရှဘောလုံး အဖွဲ့ချုပ်၏ အရေးယူမှု သတိပေးချက် အရ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အနေဖြင့် ဒဏ်ကြေးငွေ ဒေါ်လာ ၂၄ဝဝဝ ပေးဆောင် ရမည့်အပြင် ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲတစ်ပွဲ ကစားစေရန် ဆိုင်းငံ့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး အကယ်၍ အောက်တိုဘာ ၂ဝ ရက် (ယနေ့) တွင် ကာတာအသင်း နှင့် ကစားရမည့် ဆီမီးဖိုင်နယ် ပွဲစဉ်တွင် ပရိသတ် များ၏ အလားတူ ဖြစ်ရပ်မျိုး သို့မဟုတ် စည်းကမ်း ချိုးဖောက်မှုမျိုး တစ်ခုခု ထပ်မံပြုလုပ် ခဲ့ပါက ဗိုလ်လုပွဲတွင် ပရိသတ် မပါဘဲ ကစားရမည် ဖြစ်သည့်အပြင် သီးခြား ပြစ်ဒဏ်များ ထပ်မံချမှတ် ခံရမည် ဖြစ်သည်။

အာရှဘောလုံး အဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီသည် AFC U-19 Championship 2014 Regulations  ပြိုင်ပွဲ ကျင်းပရေး စည်းမျဉ်း ဥပဒေများ ဖြစ်သည့် Article 65 နှင့် Article 3 (a)(ii) အရ ဒေါ်လာ ၁ဝဝဝဝ၊ Article 67.1 နှင့် 67.3 အရ ဒေါ်လာ ၉ဝဝဝ၊ Article 40.1 နှင့် Article 15.3 အရ ဒေါ်လာ ၅ဝဝဝ စုစုပေါင်း ဒေါ်လာ ၂၄ဝဝဝ အား ပေးဆောင် စေရန်နှင့် Article 24 နှင့် Article 33.5  အရ ပရိသတ် မပါဘဲ နိုင်ငံတကာ ပြိုင်ပွဲတစ်ပွဲ ကစားစေရန် (နှစ်နှစ်တာ ကာလအတွင်း အိမ်ရှင်အဖြစ် ကျင်းပမည့် မည်သည့် နိုင်ငံတကာပွဲ မဆို) ပြစ်ဒဏ်ချမှတ် ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အဆိုပါ ပြစ်ဒဏ်များအား လျှော့ပေါ့ ပေးစေရန် အာရှဘောလုံး အဖွဲ့ချုပ်သို့ ထပ်မံရှင်းလင်း ပန်ကြား၍ အယူခံဝင် သွားမည် ဖြစ်ကြောင်း သိရသည်။

ကွာတားဖိုင်နယ် ပွဲစဉ်သည် အာရှအဆင့် ပြိုင်ပွဲကြီး ဖြစ်သည့် အတွက် ရုပ်သံ တိုက်ရိုက် ထုတ်လွှင့်မှုအား အာရှတိုက် နိုင်ငံများ အပြင် အခြားနိုင်ငံ အသီးသီးမှလည်း စိတ်ဝင်တစား အားပေးကြည့်ရှု လျက်ရှိရာ ပရိသတ် အချို့၏ ဖော်ပြပါ အတိုင်း မလိုလား အပ်သည့် အပြုအမူမျိုး ပြုလုပ် ခဲ့ခြင်းကြောင့် ယခုကဲ့သို့ အရေးယူ အပြစ်ပေး မှုမျိုး ခံခဲ့ရသည့် အပြင် နိုင်ငံ အတွက်လည်း အနည်းနှင့် အများ ဂုဏ်သိက္ခာ ထိခိုက် စေခဲ့သည်။ အလားတူ ဖြစ်ရပ်မျိုး ထပ်မံဖြစ်ပေါ် ပါက နိုင်ငံတကာ ပြိုင်ပွဲမျိုးကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့်များ ဆုံးရှုံး စေနိုင်သည်။

၂ဝ၁၁ ခုနှစ်က အိုမန်အသင်း နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တွင်လည်း မလိုလား အပ်သည့် အပြုအမူ များကြောင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) မှ မြန်မာ့ လက်ရွေးစင် အသင်းအား ခြေစစ်ပွဲ ကစားခွင့် ပိတ်ပင်ခြင်း၊ ဒဏ်ငွေများ ချမှတ်ခြင်း စသည့် အရေးယူ အပြစ်ပေး မှုများကို ဂုဏ်သိက္ခာ ကျဆင်းစရာ အဖြစ် ခံခဲ့ရဖူး သည်မှာလည်း ပရိသတ်များ အားလုံး သိရှိပြီး ဖြစ်သည်။

မြန်မာ့ လက်ရွေးစင် ယူ- ၁၉ အသင်းမှာ ယခု အာရှပြိုင်ပွဲတွင် မိမိတို့ထက် အတွေ့အကြုံ၊ ကြံ့ခိုင်မှု ပိုမို ကောင်းမွန် တောင့်တင်းသည့် အာရှအဆင့် ထိပ်တန်း အသင်းများကို ကျော်ဖြတ်၍ ဆီမီးဖိုင်နယ် အဆင့်ထိ တက်လှမ်း နိုင်ခဲ့ခြင်းကြောင့် ၂ဝ၁၅ ဖီဖာ ယူ-၂ဝ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို အာရှတိုက် ကိုယ်စားပြု အသင်းအဖြစ် သွားရောက် ယှဉ်ပြိုင်ခွင့် ရသည်အထိ သမိုင်းသစ် ရေးထိုး နိုင်ခဲ့ပြီးဖြစ်ရာ ယနေ့ အောက်တိုဘာ ၂ဝ ရက် ည ၇ နာရီတွင် ကစားရမည့် ကာတာအသင်း နှင့် ဆီမီးဖိုင်နယ် တွင် မည်သည့်ရလဒ် ထွက်ပေါ်သည် ဖြစ်စေ ဘောလုံးချစ် ပရိသတ်များ အနေဖြင့် မြန်မာအသင်း ၏ ကြိုးစား အားထုတ် အောင်မြင်ခဲ့မှု ကို ချီးကျူး အသိအမှတ်ပြု နားလည်သည့် အနေဖြင့် မလိုလား အပ်သော မည်သည့် အပြုအမူ ကိုမျှ မပြုလုပ် မိစေရန် အချင်းချင်း ဝိုင်းဝန်းထိန်းသိမ်း ကူညီ ဆောင်ရွက် ပေးကြပါရန် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အနေဖြင့် အထူး မေတ္တာရပ်ခံ ပန်ကြား ထားကြောင်း သိရှိရသည်။

ဖိုးသော်ဇင်

#Themyawadydaily
#မြ၀တီနေ့စဉ်

Tuesday, October 14, 2014

ငြိမ်းချမ်းသာယာသော လူ့ဘောင်လောက ဖြစ်စေဖို့


ငြိမ်းချမ်းသာယာသော လူ့ဘောင်လောက ဖြစ်စေဖို့

ယနေ့ လူ့လောကကြီးတွင် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတို့ ကြီးထွား လာသည်ကို တွေ့မြင် ကြားသိ နေကြရသည်။ ယခင်နှင့် မတူ အနိဋ္ဌာရုံများ၊ ရက်စက် ကြမ်းကြုတ်မှုများ၊ ဖောက်ဖျက် ကျူးလွန်မှုများ မကြာခဏ ဖြစ်ပေါ် နေပေသည်။

ယခင်က ဆိတ်ကွယ်ရာ၊ လူသူ ကင်းမဲ့ရာသို့ သွားလာပြီး အေးချမ်းစွာ စိတ်လွတ်၊ ကိုယ်လွတ် နေထိုင်နိုင် ကြသည်။ ယခု အချိန်အခါတွင် သွားလာ နေထိုင်ကြ ရမည်မှာ အထူးဝန်လေး နေကြရသည်။ အကြောင်းမှာ ဆိတ်ကွယ် ရာသည် ဘေးအန္တရာယ် မျိုးစုံ၊ မတော် မတရားမှု မျိုးစုံ ဖြစ်စေနိုင်သော ကြောင့် ဖြစ်သည်။

မြန်မာလူမျိုး များသည် ပင်ကိုယ် အားဖြင့် ရိုင်းပင်း ကူညီတတ်သူ၊ စာနာ ထောက်ထားတတ်သူ၊ ဖော်ရွေတတ်သူ၊ သည်းခံတတ်သူ၊ ရောင့်ရဲ တတ်သူများ ဖြစ်ကြသည်။ သို့သော် မကောင်းမှုများ အဘယ်ကြောင့် ဖြစ်ကြ ရသနည်း။ အကြမ်းဖျင်း အားဖြင့် သုံးသပ် ကြည့်သော် လူတို့သည် ယခင် နှင့်မတူဘဲ ရုန်းကန် လှုပ်ရှား လာကြ ရသည်။

''မကောင်းမြစ်တာ၊ ကောင်းရာ ညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြား ခြင်းလျှင် ဝတ်ငါးအင်'' တည်းဟူသော မိဘ ဝတ္တရားများ နည်းပါး ခဲ့သည်။ တစ်ဖက်မှ ''အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပံမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့'' ဟူသည့် ဆရာ့ကျင့်ဝတ် လည်း နည်းပါး လာသည်။ ထို့ပြင် အခြားသော သား၊ သမီးကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ မိတ်ဆွေ ကျင့်ဝတ်၊ အလုပ်ရှင် ကျင့်ဝတ်၊ အလုပ်သမား ကျင့်ဝတ်၊ ဒါယကာ ကျင့်ဝတ်၊ ရဟန်း ကျင့်ဝတ်၊ နာယက ကျင့်ဝတ် တို့သည်လည်း နည်းပါး လာခဲ့သည်။

အဆိုပါ ကျင့်ဝတ် များသည် မြန်မာတို့၏ ထုံးတမ်းစဉ်လာ လိုက်နာ အပ်သော လူတို့၏ ကျင့်ဝတ်များ (သို့မဟုတ်) လူမှုရေး ကျင့်ဝတ်များ ဖြစ်သည်။ ထို ကျင့်ဝတ်များကို လူတို့ မသိရှိ၍ ဖြစ်စေ၊ မနာယူ လိုက်ရ၍ ဖြစ်စေ၊ အကြောင်း ကြောင်းကြောင့် မကျင့်ကြံ နိုင်၍ ဖြစ်စေ လူတို့၏ စာရိတ္တများ ချို့ယွင်း လာခြင်း ဖြစ်သည်။

ထိုမျှနှင့်ပင် မပြီးသေးဘဲ ကာလဒေသ ပယောဂဟု ဆိုနိုင်သည့် မတော်လောဘ နှင့် မှားယွင်းသော အယူအဆ ရှိသူအချို့ တို့ကြောင့် မီးလောင်ရာ လေပင့် ဖြစ်ကြရသည်။ အသိအမြင် ခံယူချက် နည်းပါးသူ တို့ကို မကောင်းမှုသို့ တွန်းပို့ သကဲ့သို့ ဖြစ်စေသည်။

လူတိုင်း လူတိုင်းသည် အေးချမ်း သာယာသော လူ့ဘောင် လောကတွင် နေထိုင်လို ကြသည်။ မည်သူမျှ မိမိကိုယ်တိုင် သော်လည်းကောင်း၊ သူတစ်ပါးကို သော်လည်းကောင်း ဘေးဒုက္ခ မရောက် စေလိုကြ သူများ ဖြစ်သည်။ ဗုဒ္ဓ အဆုံးအမ အရ ပင်ကိုယ် ဆိုးသွမ်းခြင်း အရင်းခံ ရှိသူကိုပင် ချေချွတ် တော်မူနိုင် သဖြင့် အကြောင်းကြောင်း ကြောင့်သာ မဖြစ်သင့် မဖြစ်ထိုက် သည်များ ဖြစ်လာ ကြရသည်။

သို့ဖြစ်ရာ ငြိမ်းချမ်း သာယာသော လူ့ဘောင် လောကတွင် သာမက ချမ်းမြေ့စွာ အတူတကွ နေထိုင်နိုင်ကြ စေရန်အတွက် မကောင်းမှုကို ဖြစ်စေနိုင်သည့် တွန်းအား များကို ရှောင်ရှားကြပြီး မိမိကိုယ် မိမိ မကောင်းမှု မပြုမိအောင် ဆင်ခြင် နေထိုင် သွားကြရမည် ဖြစ်ပါကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger