www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label တိုက်ပွဲသတင်း. Show all posts
Showing posts with label တိုက်ပွဲသတင်း. Show all posts

Monday, January 14, 2019

သရက်ပြင် ကျေးရွာအနီး တပ်မတော် စစ်ကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့မှုဖြစ်ပွား

သရက်ပြင် ကျေးရွာအနီး တပ်မတော် စစ်ကြောင်းနှင့် AA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့မှုဖြစ်ပွား
-
နေပြည်တော်   ဇန်နဝါရီ  ၁၃
-
တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် အတွင်း တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသခံ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များအား ကာကွယ် စောင့်ရှောက်ရန် အတွက်နယ်မြေလုံခြုံရေး လုပ်ငန်း များအား ဆောင်ရွက် လျက် ရှိသည်။
-
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ဘူးသီးတောင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော  တပ်မတော် စစ်ကြောင်းသည် ယနေ့ နံနက်ပိုင်းတွင်သရက်ပြင် ကျေးရွာ၏ အရှေ့ဘက် မီတာ၁၃ဝဝ ခန့်အကွာ သို့ အရောက်၌ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးကို အနှောင့်အယှက်ပြုလျက် ရှိသည့် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့မှ အင်အား ၅ဝဦးခန့်နှင့် နံနက် ၈နာရီခွဲမှ မွန်းလွဲ ၁၂နာရီခွဲခန့်ထိ ထိတွေ့တိုက်ပွဲဖြစ် ပွားခဲ့ပြီး AA အကြမ်းဖက် သောင်းကျန်းသူများသည် တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့သည်။
-
-
ဖြစ်စဉ်တွင် AA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ယာယီအခြေပြုထားသော စခန်းအား သိမ်းပိုက်ရရှိခဲ့ပြီး ၎င်းစခန်းမှ AA အကြမ်းဖက် သောင်းကျန်းသူ  ယူနီဖောင်း ဝတ်ဆင်ထားသည့် အလောင်းငါးလောင်း ရရှိခဲ့ကြောင်းနှင့် မိမိဘက်မှ အရာရှိ၊ စစ်သည် တချို့ကျဆုံး၊ ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရှိရသည်။
-
တပ်မတော် အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေး၊ တရား ဥပဒေ စိုးမိုးရေးနှင့်  AA အကြမ်းဖက် သောင်း ကျန်းသူ အဖွဲ့၏ ရခိုင်ပြည်နယ် အတွင်း ဥပဒေမဲ့ အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်များဆောင်ရွက်နေမှုအား ကာကွယ်တားဆီးရေးတို့ အတွက် ဒေသခံ ပြည်သူများနှင့် ပူးပေါင်းပြီး နယ်မြေလုံခြုံရေး လုပ်ငန်းများအား ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

Saturday, April 22, 2017

မြန်မာ-တရုတ်နယ်စပ် ပွိုင့်-၂၀၃၃ နေရာရှိ MNDAA အကြမ်းဖက်သောင်းကျန်းသူများ မရှုမလှ ဆုတ်ခွာထွက်ပြေးခြင်း


ပွိုင့်-၂၀၃၃ တောင်ကုန်းတိုင်ပွဲဖြစ်စဉ်တွင် တပ်မတော်က ရရှိသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ ခဲယမ်းအချို့ကို တွေ့ရစဉ်

တပ်မတော်သားများကို ပွိုင့်- ၂၀၃၃ တောင်ကုန်းအား သိမ်းပိုက်အပြီး တွေ့ရစဉ်။

ပွိုင့်-၂၀၃၃ တောင်ကုန်းနေရာတစ်ဝိုက်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၂-၄-၂၀၁၇

ယမန်နေ့နံနက် ဧပြီ ၂၁ ရက်တွင် တပ်မတော် စစ်ကြောင်းနှစ်ခုက နှစ်နိုင်ငံနယ်စပ် အနီး ပွိုင့်-၂ဝ၃၃ တောင်ကုန်း၌ အခိုင်အမာ နေရာယူထားသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ စခန်းနှစ်ခုကို လက်နက်ကြီး ပစ်ကူရယူပြီး မိုးထဲရေထဲမှာ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လျက် တက်ရောက်ချေမှုန်း သိမ်းပိုက်ရာ ပထမကုန်းအား ၁ဝ နာရီ မိနစ် ၂ဝ တွင် လည်းကောင်း၊ ဒုတိယကုန်းအား ၁၁ နာရီ ၂၅ မိနစ်တွင် လည်းကောင်း သိမ်းပိုက်ရရှိပြီး ဆုတ်ခွာ ထွက်ပြေးသည့် ရန်သူအုပ်စု အတွင်းသို့ မိမိလက်နက်ကြီး များဖြင့် စုပြုံပစ်ခတ်မှု များကြောင့်လည်း ရန်သူတို့သေကျေ ဒဏ်ရာရမှု များပြားခဲ့၍ မိမိဘက်မှ စစ်သည် တစ်ဦးသာ လက်နက်ငယ် ဒဏ်ရာ (မစိုးရိမ်ရ )ရရှိခဲ့ကာ စခန်းနှစ်ခုမှ အာရ်ပီဂျီနှစ်လက် အပါအဝင် လက်နက်မျိုးစုံ ခြောက်လက်နှင့် ခဲယမ်း၊ လက်ပစ်ဗုံး အမြောက်အမြား ရရှိခဲ့ကြောင်း သိရှိရသည်။

ယခု သိမ်းပိုက်ရရှိသည့် ပွိုင့်-၂ဝ၃၃ နေရာသည် နှစ်နိုင်ငံနယ်စပ် လမ်းကြောင်းအား အခွင့်ကောင်း ယူ၍ ဘီပီ(၁၁၂)မှ ဘီပီ(၁၁ဝ) သို့ MNDAA အကြမ်းဖက် သောင်းကျန်းသူ များ၏ အုပ်ချုပ်မှု ကိစ္စရပ်များ ဆောင်ရွက်သည့် လမ်းကြောင်းများ အနက် တစ်ခုအပါအဝင် ဖြစ်၍ ပိတ်ဆို့ ဟန့်တားသည့် အခွင့်ကောင်းကို တပ်မတော် စစ်ကြောင်းများမှ ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် အဆိုပါနယ်မြေ တစ်ဝိုက်အပါအ၀င် ပွိုင့်- ၂၁၄၅ အရှေ့ဘက်ခြမ်း နှစ်နိုင်ငံ နယ်စပ်နေရာ အချို့ရှိ ကြွင်းကျန်နေသော အကြမ်းဖက် သောင်းကျန်းသူ စခန်းများကိုလည်း တပ်မတော် စစ်ကြောင်း အသီးသီးက ဆက်လက် ရှင်းလင်းလျက် ရှိနေသေးကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Thursday, March 16, 2017

လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်းလမ်းကြောင်း ကို စိုးမိုးသည့် ပွိုင့်-၁၂၆၉ တောင်ကုန်းအား တပ်မတော်မှ သိမ်းပိုက်ရရှိ


နေပြည်တော် ၊ ၁၆-၃-၂၀၁၇

၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက်မှစတင်၍ လောက်ကိုင်မြို့နှင့် နှစ်နိုင်ငံ နယ်စပ်ကြားတွင် MNDAA အကြမ်းဖက် သောင်းကျန်းသူများ ဝင်ရောက်နေရာယူ ထားသော ပွိုင့်-၁၂၆၉၊ ပွိုင့်-၁ဝ၈၈၊ ဘီပီ-၁၂၆ နှင့် ဘီပီ ၁၂၇ အနီးတစ်ဝိုက် တွင် တပ်မတော် စစ်ကြောင်းများက နယ်မြေအေးချမ်း တည်ငြိမ်ရေး ရှင်းလင်း ဆောင်ရွက်လျက် ရှိရာ မတ် ၆ ရက်မှ ၁၄ ရက်အထိ တိုက်ပွဲကြီး/ငယ် ၅၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း ၁၇ လောင်းနှင့် လက်နက် ၂၇ လက် သိမ်းဆည်းရရှိ ခဲ့ပြီးဖြစ်သည်။

အဆိုပါနယ်မြေရှိ လောက်ကိုင်နှင့် နှစ်နိုင်ငံနယ်စပ် ရန်လုံကျိုင်း သို့ ဆက်သွယ်ထားသော လမ်းကြောင်းအား စိုးမိုးနေသည့် တောင်ကုန်းများ၌ အခြေပြုကာ ပိတ်ဆို့ထားသော MNDAA အကြမ်းဖက် သောင်းကျန်းသူ များကို တပ်မတော် စစ်ကြောင်းများက လက်နက်ကြီးပစ်ကူ ပစ်အားရယူ၍ စွန့်လွှတ်စွန့်စား စွာဖြင့် ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့ရာ မတ် ၁၅ ရက် နံနက် ၁ နာရီချိန်တွင် ပွိုင့်-၁၂၆၉ တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့သည်။ ဖြစ်စဉ်တွင် ရန်သူ့ထံမှ အလောင်း သုံးလောင်းနှင့် အာရ်ပီဂျီ နှစ်လက် အပါအဝင် လက်နက်မျိုးစုံ ရှစ်လက် သိမ်းဆည်းရရှိခဲ့ပြီး မိမိ အရာရှိ၊ စစ်သည်တချို့ ကျဆုံး/ဒဏ်ရာ ရရှိခဲ့သည်။

ထိုသို့ ပွိုင့်-၁၂၆၉ တောင်ကုန်းအား သိမ်းပိုက်ရရှိမှုကြောင့် လောက်ကိုင်-ရန်လုံကျိုင်း လမ်းကြောင်းကို ထိန်းချုပ် နိုင်ခဲ့ပြီး လောက်ကိုင် အရှေ့ခြမ်းနယ်မြေ အမြန်ဆုံး အေးချမ်း တည်ငြိမ်နိုင်ရေး အတွက် တပ်မတော် စစ်ကြောင်းများက မဆုတ်မနစ်သော ရဲစွမ်းသတ္တိ၊ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဟူသော တပ်မတော် စိတ်ဓာတ်တို့ဖြင့် MNDAA အကြမ်းဖက် သောင်းကျန်းသူ များအား ဆက်လက် ရှင်းလင်းလျက် ရှိကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Tuesday, March 14, 2017

လောက်ကိုင်မြို့အတွင်း MNDAA အကြမ်းဖက်သောင်းကျန်းသူ များ၏ အကြမ်းဖက်မှုလုပ်ရပ်များနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်


MNDAA အကြမ်းဖက် သောင်းကျန်းသူများ၏ လောက်ကိုင်ဒေသအတွင်း အကြမ်းဖက်မှု 
လုပ်ရပ်များကြောင့် ပျက်စီးဆုံးရှုံးခဲ့သော အဆောက်အအုံများကို တွေ့ရစဉ်


နေပြည်တော် ၊ ၁၄-၃-၂၀၁၇

ဖုန်ကြားရှင်နှင့် ဖုန်တာရွှင် ဦးဆောင်သည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း တရားမဝင်စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ခြင်းနှင့် မူးယစ်ဆေးဝါးများ ထုတ်လုပ် ရောင်းဝယ် ဖြန့်ဖြူးခြင်းတို့မှ ရရှိသည့်ဝင်ငွေ များဖြင့် အင်အားများ တိုးချဲ့ တည်ဆောက်ပြီး ၂ဝဝ၉ ခုနှစ်နှင့် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၈ ရက်အတွင်း လောက်ကိုင်သို့ လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှ ဒီဇင်ဘာ ၅ ရက်အတွင်း မုံးကိုးဒေသသို့ လည်းကောင်း၊ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီလဆန်း ပိုင်းမှစ၍ ပွိုင့်-၂၁၄၅ သို့လည်းကောင်း၊ ၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက်တွင် လောက်ကိုင်မြို့သို့ လည်းကောင်း ဝင်ရောက် တိုက်ခိုက်ပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရ အဖွဲ့အား ထိခိုက်နစ်နာ ဆုံးရှုံးစေရန်နှင့် တိုက်ပွဲများကြောင့် ငွေကြေး လိုအပ်ချက် ရရှိစေရေး ပြန်ပေးဆွဲ၊ လူသတ်၊ ဓားပြတိုက်ရန် ရည်ရွယ်ချက်ဖြင့် ၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက် နံနက် အစောပိုင်းတွင် လောက်ကိုင် မြို့ပေါ်ရှိ တပ်စခန်းများ၊ ရဲစခန်းများနှင့် အများပြည်သူပိုင် အဆောက်အအုံ နေရာ များကို လက်နက်ကြီး၊ လက်နက်ငယ် များဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ ဓားပြတိုက်ခြင်း၊ ပြန်ပေးဆွဲ လူသစ် စုဆောင်းခြင်းများ စသည့် အကြမ်းဖက် လုပ်ရပ်များ လောက်ကိုင်ဒေသ အတွင်း ထပ်မံ လုပ်ဆောင်လာခဲ့ သဖြင့် တပ်မတော် စစ်ကြောင်းများက ပြန်လည်တိုက်ခိုက် နယ်မြေရှင်းလင်း ခဲ့ရသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၃ဝဝ ခန့်သည် မတ် ၆ ရက် နံနက် ၁ နာရီ ၄၅ မိနစ်ခန့်မှ နံနက် ၃ နာရီခန့်အတွင်း အင်အားများ ဖြန့်ခွဲ၍ ရန်လုံကျိုင်းရှိ တပ်စခန်းနှင့် ရဲစခန်းများ၊ လောက်ကိုင်မြို့ရှိ ကိုးကန့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံး၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဦးဝေဆန်း ၏ နေအိမ်နှင့် နှစ်နိုင်ငံနယ်စပ် မှတ်တိုင်များအနီး လုံခြုံရေး ဆောင်ရွက်နေသည့် တပ်စခန်းများ အား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက် တိုက်ခိုက်ပြီး အင်အား ၅ဝ ဦးခန့်သည် အင်အား သုံး၊ လေးဦးခန့်ပါ အဖွဲ့ငယ်များခွဲ၍ လောက်ကိုင်မြို့ အတွင်းရှိ ဖူလီလိုက်ဟိုတယ်၊ ကျင်ဖုဟိုတယ်နှင့် ကျင်ကျန်းဟိုတယ် တို့အား ဝင်ရောက်မီးရှို့ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ ပြည်သူများအား ပြန်ပေးဆွဲခြင်းနှင့် ဓားပြတိုက်ခြင်း တို့အား အကြမ်းဖက် လုပ်ဆောင်ခဲ့ပြီး ပယ်စိမ်းဟိုတယ် ရှေ့ရှိ အများပြည်သူပိုင် မော်တော်ယာဉ် ၂ဝ စီးခန့်အား မီးရှို့ဖျက်ဆီး ခဲ့သည်။

ဖူလီလိုက်ဟိုတယ် အကြမ်းဖက်မှု ဖြစ်စဉ်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၄၅ ဦးခန့်သည် နံနက် ၃ နာရီခန့်တွင် အဆိုပါဟိုတယ်သို့ ရောက်ရှိလာခဲ့ပြီး ဟိုတယ်ဂိတ်ပေါက်ရှိ လုံခြုံရေးခန်းတွင်
ချိတ်ဆွဲထားသည့် မော်တော်ယာဉ်သော့ များအား သိမ်းဆည်းပြီး ဟိုတယ်မှ ယွမ်ငွေ သိန်း ၃ဝဝဝ ခန့်အား ဓားပြတိုက် ယူဆောင်၍ ဟိုတယ်ရှေ့တွင် ရပ်ထားသည့် မော်တော်ယာဉ် များဖြင့် ဝန်ထမ်း အမျိုးသား ၁၂ဝ ဦး၊ အမျိုးသမီး ၂ဝဝ ဦး စုစုပေါင်း ဟိုတယ် ဝန်ထမ်း ၃၂ဝ ဦးခန့်တို့ကို ပြန်ပေးဆွဲဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း၊ ထိုသို့ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်စဉ် လိုက်ပါရန် ငြင်းဆန်ခဲ့သည့် ဝန်ထမ်းတစ်ဦး (အမည်စိစစ်ဆဲ) အား သေနတ်ဖြင့် ပစ်သတ်ခဲ့ပြီး အမျိုးသမီး ဝန်ထမ်းတစ်ဦး (အမည်စိစစ်ဆဲ) ကိုလည်း MNDAA အကြမ်းဖက် သောင်းကျန်းသူ များက မုဒိမ်းကျင့်ခဲ့ကြောင်း၊ ထို့နောက် တောလမ်းမှတစ်ဆင့် ဖမ်းဆီးခေါ်ဆောင် ခဲ့ရာ တောင်ကုန်း တစ်ခုသို့ အရောက်၌ ခေတ္တရပ်နားစဉ် MNDAA အကြမ်းဖက် သောင်းကျန်းသူများက ဖမ်းဆီးထားသည့် ဝန်ထမ်းအမျိုးသမီး များအား ၄င်းတို့အဖွဲ့အတွင်း တာဝန် ထမ်းဆောင်ရန် ဆန္ဒရှိ၊ မရှိ မေးမြန်းခဲ့ရာ အမျိုးသမီး လေးဦးသာသဘောတူခဲ့ သော်လည်း တစ်ဖက်နိုင်ငံသား အမျိုးသမီး များမှအပ ကျန်အမျိုးသမီး ၅ဝ ဦးတို့ကို ၄င်းတို့ အဖွဲ့အတွင်း တာဝန် ထမ်းဆောင်ရန် ရွေးချယ်ခဲ့ ကြောင်း၊ ဖမ်းဆီးခံရသည့် ဝန်ထမ်း အမျိုးသား ၁၂ဝ ဦးအနက် တစ်ဖက် နိုင်ငံသား ၁ဝ ဦးကို ပြန်လည်လွှတ်ပေး ခဲ့ပြီး ကျန် ၁၁ဝ ဦးနှင့် အမျိုးသမီး ၁၅ဝ ခန့်တို့ကို နမ့်ဆန်မြို့သို့ မော်တော်ယာဉ် များဖြင့် ဖမ်းဆီး ခေါ်ဆောင်သွား ခဲ့ကြောင်း၊ အခြားဆက်စပ် သတင်းများအရ ဖမ်းဆီးသွားသူ များအား MNDAA အကြမ်းဖက် သောင်းကျန်းသူ များ လှုပ်ရှားနေသည့် ကုန်းကြမ်းမြို့နယ်၊ ဟုန်အိုင်ဒေသ ခန့်မှန်း မြေပုံညွှန်း (MG- ၈၆၄ ၆၃ဝ) သို့ နမ့်ဆန်မြို့ မှတစ်ဆင့် ပို့ဆောင်၍ အကြမ်းဖက် သင်တန်းများ တက်ရောက်စေမည် ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ MNDAA အကြမ်းဖက် သောင်းကျန်းသူ များ၏ လောက်ကိုင်ဒေသ အတွင်း အကြမ်းဖက်မှု လုပ်ရပ်များကြောင့် အများပြည်သူပိုင် အဆောက်အအုံများ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ပြီး အပြစ်မဲ့အရပ်သား တိုင်းရင်းသား ပြည်သူ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကာ အပြစ်မဲ့ အရပ်သား တိုင်းရင်းသား ပြည်သူ ၃၂ဝ ဦး ပြန်ပေးဆွဲ လူသစ်စုဆောင်း ခံခဲ့ရကြောင်း၊ အပြစ်မဲ့ အရပ်သား တိုင်းရင်းသား ပြည်သူငါးဦးနှင့် ကိုးကန့် ယာဉ်ထိန်းရဲငါးဦး သေဆုံးခဲ့ရပြီး ကိုးကန့် ယာဉ်ထိန်းရဲ လေးဦး ဓားစာခံအဖြစ် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံခဲ့ရကြောင်း သိရှိရသည်။

မတ် ၆ ရက်မှ ၁၂ ရက်အထိ တပ်မတော် စစ်ကြောင်းများက လောက်ကိုင်ဒေသ အကြမ်းဖက် သောင်းကျန်းသူ များ၏ အကြမ်းဖက် လုပ်ရပ်များ ထပ်မံမဖြစ်ပွား စေရေးနှင့် ဒေသ တည်ငြိမ်အေးချမ်းရေး အတွက် နယ်မြေ ရှင်းလင်းရေးများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ ရာတွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ များနှင့် ထိတွေ့ တိုက်ပွဲကြီး/ ငယ် စုစုပေါင်း ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး မိမိဘက်မှ အရာရှိ၊ စစ်သည်အချို့ အကြမ်းဖက် လုပ်ရပ် များကို လိုက်လံ တားဆီးရင်း နိုင်ငံတော် အတွက် အသက်စွန့်လွှတ် ပေးလှူခဲ့ရကာ အချို့ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

သတင်းရေးသားချိန် အထိ နှစ်နိုင်ငံနယ်စပ် အနီး ပွိုင့်-၁ဝ၈၈၊ ပွိုင့်-၁၂၆၉၊ ဘီပီ ၁၂၆ နှင့် ဘီပီ ၁၂၇ အနီးတစ်ဝိုက် MNDAA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နှစ်နိုင်ငံနယ်စပ် နီးကပ်မှု တစ်လျှောက် တောင်ကုန်း တောင်ကြောနှင့် မြေအနေအထား အသာစီးရမှု အခွင့်ကောင်း ရယူ၍ နယ်မြေရှင်းလင်း လျက်ရှိသည့် တပ်မတော် စစ်ကြောင်းများအား ရင်ဆိုင်ခုခံလျက် ရှိရာ တပ်မတော် စစ်ကြောင်း များကလည်း နယ်မြေ အမြန်ဆုံး အေးချမ်း တည်ငြိမ်နိုင်ရေး အကြမ်းဖက် သောင်းကျန်းသူ များအား ရှင်းလင်းလျက် ရှိကြောင်း သိရသည်။

ပြည်သူလူထု တစ်ရပ်လုံးက ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် မျှော်လင့်တောင့်တ နေချိန်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ များက ရည်ရွယ်ချက်ရှိရှိဖြင့် လောက်ကိုင် ဒေသရှိ တပ်စခန်းများနှင့် အရပ်ဘက်ပစ်မှတ် များအား နှောင့်ယှက် ပစ်ခတ်ခြင်း၊ အလစ်အငိုက် ချောင်းမြောင်း တိုက်ခိုက်ခြင်းနှင့် အများပြည်သူပိုင် အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခြင်း များကို နေရာအနှံ့အပြား၌ ထပ်မံဆောင်ရွက် လာ၍ တိုက်ပွဲများဖြစ်ပွား လာခဲ့ပြီး ပုံမှန်လည်ပတ်လျက် ရှိကြသည့် စီးပွားရေးလုပ်ငန်းများ ရပ်တန့်လာသဖြင့် ပြည်သူလူထု၏ အကျိုးစီးပွား ဥစ္စာကိုများစွာ ထိခိုက်ပျက်စီးပြီး စိုးရိမ်ထိတ်လန့် ကြောက်ရွံ့မှုများ ဖြစ်ပေါ်လျက် ရှိကြောင်းနှင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်မှုအတွက် စိတ်အနှောင့်အယှက် ဖြစ်နေကြပြီး မတည်ငြိမ်မှုမှတစ်ဆင့် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြားနိုင်မှုကို မလိုလားကြဘဲ တည်ငြိမ်မှု အမြန်ဆုံး ရရှိနိုင်ရေး အကြမ်းဖက် သောင်းကျန်းသူ များ၏ တရားမဝင် အုပ်ချုပ်မှု လမ်းကြောင်းများအား နှစ်နိုင်ငံပူးပေါင်း တားဆီး ဆောင်ရွက်ပေးနိုင်ရေး လိုလားလျက် ရှိကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Tuesday, March 7, 2017

MNDAA အကြမ်းဖက်သောင်းကျန်းသူများ သိမ်းပိုက်ထားသည့် ပွိုင့်-၂၁၄၅ တောင်ကုန်းအား တပ်မတော်စစ်ကြောင်း များက သိမ်းပိုက်ရရှိ ၊ လောက်ကိုင်မြို့အား MNDAA အကြမ်းဖက်သောင်းကျန်းသူ များက ၀ိုင်းဝန်းတိုက်ခိုက်






နေပြည်တော် ၊ ၇-၃-၂၀၁၇

ဖုန်ကြားရှင်နှင့် ဖုန်တာရွှင် ဦးဆောင်သည့်  MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် ၂ဝ၁၅ ခုနှစ်၊ ဖေဖော်ဝါရီ ၉ ရက်မှ ဧပြီ ၁၈ ရက် အတွင်း လောက်ကိုင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ အစိုးရအဖွဲ့၊ ဒေသခံပြည်သူ များနှင့် တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့များအား အလစ်အငိုက် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ပြီး လွတ်မြောက်နယ်မြေ ထူထောင်ရန် ကြံရွယ်ခဲ့သော်လည်း တပ်မတော်စစ်ကြောင်း များနှင့် အစိုးရအဖွဲ့၊ ဒေသခံပြည်သူများ လက်တွဲ ပူးပေါင်း ဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံနယ်စပ် ဒေသများသို့ ဆုတ်ခွာထွက်ပြေး ခဲ့ပြီး လောက်ကိုင်ဒေသအား တည်ငြိမ်အေးချမ်းစွာ ဖြစ်စေရေး ထိန်းချုပ်ထား နိုင်ခဲ့ပြီး ဖြစ်ပါသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် လောက်ကိုင် ဒေသအား ၄င်းတို့၏ လွတ်မြောက်နယ်မြေ ဖြစ်စေရေး အကြံအစည်အား အမြဲမပြတ် ကြံစည်လျက်ရှိရာ ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက်မှ ဒီဇင်ဘာ ၅ ရက်နေ့ အထိ မုံးကိုးဒေသအား မြောက်ပိုင်းမဟာမိတ် အဖွဲ့ ဖွဲ့စည်း၍ သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ပြီး မုံးကိုးဒေသ ရရှိပါက ၄င်းနေရာအား အခြေခံလျက် လောက်ကိုင်ဒေသ သို့ ထိုးဖောက် ဝင်ရောက်ရန် ကြံစည်လုပ်ဆောင် ခဲ့သော်လည်း တပ်မတော်သား များ၏ မဆုတ်မနစ်သော ရဲစွမ်းသတ္တိ၊ ရင်ကို မြေကတုတ် စိတ်ဓာတ်၊ ရဲ(၃)ရဲနှင့် မြဲ(၃)မြဲတို့ကြောင့် မရှုမလှဖြင့် နှစ်နိုင်ငံနယ်စပ် အနီး ခြေရာဖျောက် ခဲ့ကြရပြန်သည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ တို့၏ ကြံစည်တိုင်း မအောင်မြင်မှုကြောင့် ထပ်မံ၍ သွေးတိုးစမ်းမှု အနေဖြင့် ပွိုင့်-၂၁၄၅ ဒေသ ခန့်မှန်း မြေပုံညွှန်း (MG-717557) တစ်ဝိုက် မြေအသာစီး ရရှိမှုနှင့် နှစ်နိုင်ငံနယ်စပ် အလွန်နီးကပ်မှု အပေါ် အမြတ်ထုတ်လျက် ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ လဆန်းပိုင်းမှစ၍ ကွန်ကရစ် ဘန်ကာများ၊ သစ်တုံးဘန်ကာများ အပြင် ဆက်သွယ်ရေး မြောင်းများဖြင့် အခိုင်အမာစခန်း တည်ဆောက် တပ်စွဲလျက် ဆောင်ရွက် လာကြောင်း မြေပြင်/ဝေဟင် သတင်းဖော်ထုတ် ရရှိခဲ့ပါသည်။

အဆိုပါ ပွိုင့်-၂၁၄၅ တောင်ကြော တစ်လျှောက် အခိုင်အမာတပ်စွဲ အခြေပြုလျက် ရှိသည့် MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များအား တပ်မတော် စစ်ကြောင်းများမှ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်မှ စတင်၍ အဆင့်ဆင့် ခြေကုပ်ယူချဉ်းကပ် တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ တိုက်ပွဲကြီး/ငယ် ၅၆ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ခန့်မှန်း မြေပုံညွှန်း (MG-717562) တစ်ဝိုက်၌ ရန်သူအား ရင်ဆိုင် ထိန်းချုပ်လျက် လိုအပ်သည့် အထောက်အကူပြု ကိစ္စရပ်များ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များအား ပြင်ဆင်ခြင်း လုပ်ဆောင်ခဲ့ ရပါသည်။

၂ဝ၁၇ ခုနှစ်၊ မတ် ၆ ရက်နံနက် ၂ နာရီခန့်တွင် MNDAA အကြမ်းဖက် သောင်းကျန်းသူ များသည် လောက်ကိုင်ဒေသ အား တစ်ကျော့ပြန် အဖြစ် လည်းကောင်း၊ ပွိုင့်-၂၁၄၅ ရှိ မိမိတပ်မတော် စစ်ကြောင်းများအား အာရုံ လွှဲစေရန် အတွက်လည်းကောင်း၊ ရန်လုံကျိုင်း ရဲစခန်း ခန့်မှန်း မြေပုံညွှန်း (MG-813266)၊ ရန်လုံကျိုင်း တပ်စခန်း ခန့်မှန်း မြေပုံညွှန်း (MG-808268) ၊ နယ်စပ်မှတ်တိုင် ဘီပီ(၁၂၅)လမ်းဆုံ ခန့်မှန်းမြေပုံညွှန်း (MG-815221) ၊ ဘီပီ(၁၂၇)လမ်းဆုံ ခန့်မှန်း မြေပုံညွှန်း (MG-799192)၊ ရွှေဆင်အဝိုင်း ခန့်မှန်းမြေပုံညွှန်း (MG-784214)၊ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးဝေဆန်း ၏နေအိမ် ခန့်မှန်းမြေပုံညွှန်း (MG-813778208) နှင့် ဘီပီ(၁၂၇)အနီး ခန့်မှန်းမြေပုံညွှန်း (MG-813197) စုစုပေါင်း ခုနစ်နေရာအား တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက် ခဲ့သော်လည်း ၄င်းတို့၏ ထင်မှတ်မထားသော တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ၏ ခုခံ တိုက်ခိုက်မှုကြောင့် လက်ရှိ ရန်လုံကျိုင်း ခန့်မှန်း မြေပုံညွှန်း (MG-813266) အပါအဝင် ငါးနေရာ၌ ရန်သူနှင့် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်လျက် ရှိနေဆဲဖြစ်ပြီး ၄င်းတို့၏ လောက်ကိုင်မြို့တွင်း ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ရေး အကြံအစည် မှာလည်း ရပ်တန့်ခဲ့ ပါသည်။

ဖြစ်စဉ်ဖြစ်ချိန်နှင့် တစ်ပြိုင်နက် ပွိုင့်-၂၁၄၅ အနီး ရင်ဆိုင်ထိန်းချုပ် ထားသော တပ်မတော် စစ်ကြောင်းများက ရရှိသည့် အခွင့်အရေးကို လက်လွတ်မခံဘဲ အမြောက်၊ သံချပ်ကာနှင့် ခြေလျင် လက်နက်ကြီး ပစ်ကူများ ရယူ၍ အနီးကပ် တိုက်ပွဲဆင်နွှဲခဲ့ရာ ပွိုင့်-၂၁၄၅ တောင်ကုန်းအား မွန်းလွဲ ၁၂ နာရီ ၁ဝ မိနစ်ခန့်တွင် လည်းကောင်း ၊ ခန့်မှန်းမြေပုံညွှန်း (MG-717555) နေရာအား မွန်းလွဲ ၂ နာရီခွဲခန့်တွင် လည်းကောင်း၊ ခန့်မှန်းမြေပုံညွှန်း (MG-717533) နေရာအား ညနေ ၄ နာရီခန့်တွင် လည်းကောင်း သိမ်းပိုက်ရရှိ ခဲ့ကြောင်းနှင့် အောင်မြေချဲ့အမြတ်ထုတ် ရှင်းလင်းဆဲ ဖြစ်ကြောင်း ယခုသတင်း ရေးသားချိန်အထိ သတင်းရရှိ ပါသည်။

ယမန်နေ့ မတ် ၆ ရက်နေ့ လောက်ကိုင်ဒေသ ဖြစ်စဉ်၌ ရန်သူ့ထံမှ မီးလောင်ထားသည့် အလောင်း ၂ဝ လောင်း၊ RPG နှစ်လက်အပါအဝင် လက်နက်မျိုးစုံ ၁၃ လက်နှင့် ခဲယမ်းဆက်စပ် ပစ္စည်းများ၊ ပွိုင့်-၂၁၄၅ တောင်ကြော ဖြစ်စဉ်၌ MNDAA အကြမ်းဖက် သောင်းကျန်းသူများ ထံမှ အလောင်း ခြောက်လောင်း၊ လက်နက်ကြီး/ လက်နက်ငယ် ခြောက်လက် ရရှိခဲ့ပြီး မိမိ အရာရှိ၊ စစ်သည်အချို့ ကျဆုံး/ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

MNDAA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၏ ဝင်ရောက် တိုက်ခိုက်မှုကြောင့် သတင်းထုတ်ပြန်ချိန် အထိ အ-မ-က (လောင်အဲချီ)မှ မူလတန်းပြ ဆရာမ ဒေါ်ပြာမှီ အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ အများအပြား ရှိနေပြီး ဝင်ရောက် တိုက်ခိုက်ရာတွင် MNDAA လက်နက်ကိုင်အဖွဲ့နှင့် အတူ အခြား ပူးပေါင်းအဖွဲ့များ ပါရှိဖွယ်ရာ ရှိကြောင်း ကနဦး သတင်းများအရ သိရှိရကာ ကိုးကန့် ယာဉ်ထိန်းရဲ ငါးဦး၊ ပြည်သူငါးဦး သေဆုံးကြောင်း နှင့် ကိုးကန့် ယာဉ်ထိန်းရဲ လေးဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

ယခုဖြစ်စဉ်ဖြစ်ရပ် များသည် နိုင်ငံတော်အစိုးရနှင့် တပ်မတော်မှ အဆိုပါ MNDAA ၊ TNLA နှင့် AA အကြမ်းဖက် သောင်းကျန်းသူ များအား လက်နက်ကိုင် လမ်းစဉ်စွန့်လွှတ်သည့် ကြေညာချက် ထုတ်ပြန်ပါက NCA တွင် လက်မှတ် ရေးထိုးရန် မလိုအပ်ဘဲ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သို့ တက်ရောက်ပြီး နိုင်ငံရေး ဆွေးနွေးပွဲများ၌ တိုက်ရိုက်ပါဝင် ဆွေးနွေးခွင့် ပြုမည်ဖြစ်ကြောင်း ကမ်းလှမ်းစည်းရုံး ဆောင်ရွက် သော်လည်း အဆိုပါ အဖွဲ့များမှ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုအာဏာ ပျက်ပြားစေရေး နှင့် ပြည်သူများ အထိတ်တလန့်နှင့် တည်ငြိမ်မှု ပျက်ပြားစေရန် နည်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက် ရှိနေကြောင်း ပေါ်လွင်လျက် ရှိနေသဖြင့် ထာဝရ ငြိမ်းချမ်းရေးမှ တစ်ဆင့် တည်ငြိမ် အေးချမ်းရေး သည်လည်း အလှမ်းဝေး နေဦးမည် ဖြစ်ကြောင်း တွေ့ရှိရပါသည်။

သို့ရာတွင် နိုင်ငံတော်အစိုးရနှင့် တပ်မတော် အနေဖြင့် စိတ်ရှည် သည်းခံလျက် တပ်မတော်၏ ငြိမ်းချမ်းရေးမူဝါဒ (၆)ရပ်အတိုင်း လက်ကိုင်ထား၍ Nationwide Ceasefire Agreement–NCA မှတစ်ဆင့် ထာဝရ ငြိမ်းချမ်းရေး ရရှိသည်အထိ NCA တွင် လက်မှတ်ရေးထိုးခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ၊ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အစည်းများအား လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Monday, January 23, 2017

နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းနှင့် KIA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွား



နေပြည်တော် ၊ ၂၃-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ မူဆယ်မြို့နယ် အတွင်း နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းအား ယမန်နေ့နံနက် ၈ နာရီခွဲခန့်တွင် KIA အကြမ်းဖက် သောင်းကျန်းသူ များက မော်တောင်း ကျေးရွာ၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာ၌ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ် တိုက်ခိုက်သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်တိုက်ခိုက် ခဲ့ရာ ရန်သူသည် အနောက်တောင် ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

ဖြစ်စဉ်တွင် စစ်သည်တစ်ချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ရန်သူ့ဘက်မှ KIA တပ်ရင်း ၃၆ လည်စည်းပါ ယူနီဖောင်းဝတ် ရန်သူ့အလောင်း ၁ လောင်း၊ အမ် -၂၂ သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၄ ခုနှင့် ၎င်းကျည် ၂၀၀ တောင့်၊ အာပီဂျီဒုံးသီး ၅ လုံး၊ အာပီဂျီပို့ကျည် ၁ တောင့်၊ ဗုံးသီး ၁ လုံး၊ KIA ဘက်တံဆိပ်ပါ ယူနီဖောင်း ၂ စုံ၊ KIA တပ်ရင်း ၃၆ တံဆိပ်ပါလည်စည်း ၄ ခု၊ KIA ဘက်တံဆိပ် ၁ စုံ၊ KIA အဆင့်တံဆိပ် ၁ စုံနှင့် KIA ရှာထိုးဦးထုပ် ၁ လုံးတို့ကို ရရှိခဲ့သည်။

အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာနောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Thursday, January 19, 2017

အဖိုးတန် သယံဇာတသစ်များကို တရားမ၀င် ခိုးထုတ်ရာလမ်းကြောင်း၌ အဓိကထိန်းချုပ်လုပ်ကိုင် ဆောင်ရွက်နေသည့် KIA အကြမ်းဖက် သောင်းကျန်းသူများ၏ စခန်းများအား သိမ်းပိုက်ရရှိ


တပ်မတော်သားများကို KIA အကြမ်းဖက် သောင်းကျန်းသူများ၏ တပ်မဟာ(၃) ၊ တပ်ရင်း(၁၂) ဌာနချုပ်စခန်းအား သိမ်းပိုက်အပြီး တွေ့ရစဉ်

စခန်းသိမ်းတိုက်ပွဲတွင် သိမ်းဆည်းရမိ ယာဉ်များနှင့် သစ်များကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၉-၁-၂၀၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက မန်ဝိန်းကြီး ကျေးရွာ၏ အနောက်တောင်ဘက် ၂၄ မိုင်ခန့်အကွာ၊ မံဂမ်ကျေးရွာ အနီး ခန့်မှန်း မြေပုံညွှန်း (LG-၁၉ဝ၂၆ဝ) နေရာ၌ တရားမဝင် သစ်မှောင်ခို လုပ်ငန်းများကို အဓိကထိန်းချုပ် လုပ်ကိုင်ဆောင်ရွက် နေသည့် KIA အကြမ်းဖက် သောင်းကျန်းသူ ၏ တပ်မဟာ (၃)၊ တပ်ရင်း(၁၂) ဌာနချုပ်စခန်း အပါအဝင် စခန်းသုံးခု နေရာများအား ဇန်နဝါရီ ၁၃ ရက်မှ စတင်ချဉ်းကပ် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၁၇ ရက် နေ့လယ်ပိုင်းမှ စတင်၍ လေကြောင်း၊ အမြောက်နှင့် လက်နက်ကြီးပ စ်ကူရယူ တိုက်ခိုက်ခဲ့ရာ ဇန်နဝါရီ ၁၈ ရက် နံနက် ၁ဝ နာရီ ၄၅ မိနစ် ခန့်တွင် အဆိုပါ ဌာနချုပ်အား သိမ်းပိုက်ရရှိ ခဲ့သည်။

စခန်းသိမ်း တိုက်ပွဲများတွင် တပ်မတော်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ရန်သူ့ထံမှ လူနေ အဆောက်အအုံ ၂ဝ လုံး၊ သစ်မျိုးစုံ ၁ဝ၈ တန်ခန့်၊ သစ်တင်ယာဉ် လေးစီး၊ ဂျစ်ကားနှစ်စီး နှင့် ဆိုင်ကယ်တစ်စီး၊ ငွေစာရင်း စာအုပ်များ၊ ဆက်ကြေး ကောက်ခံရရှိသည့် ပြေစာဖြတ်ပိုင်းများ၊ ၆ဝ မမစိန်ပြောင်း တစ်လက် အပါအဝင် လက်နက်ငါးလက် နှင့် ခဲယမ်း အမြောက်အမြား တို့အား သိမ်းပိုက်ရရှိ ခဲ့ကာ ရန်သူတချို့ သေဆုံး ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တပ်ရင်း(၁၂)မှ KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူနှင့် တပ်ရင်း(၂၇)မှ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အင်အား ပူးပေါင်း ၂ဝဝ ခန့်သည် ၂ဝ၁၆ ခုနှစ်၊ နိုဝင်ဘာ ၂ဝ ရက် မုံးကိုးဖြစ်စဉ် နှင့်တစ်ပြိုင်တည်း နိုဝင်ဘာ ၂၁ ရက်တွင် မံစီမြို့နယ်၊ မန်ဝိန်းကြီး ကျေးရွာ၏ အနောက်ဘက် ၄ မိုင်ခွဲခန့်အကွာ၊ ကောင်းငုယန် ကျေးရွာ ခန့်မှန်း မြေပုံညွှန်း (LG-၄၉၂၃၄၆) ရှိ တပ်မတော် စစ်ကြောင်းမှ တပ်စုတစ်စုခန့် နယ်မြေစိုးမိုးရေး နှင့် နယ်မြေ လုံခြုံရေး အတွက် ပိတ်ဆို့ထားသည့် စခန်းနေရာကို သာလွန်အင်အား များဖြင့် နိုဝင်ဘာ ၂၃ ရက် အထိ အကြမ်းဖက် ဝင်ရောက် တိုက်ခိုက်ခဲ့သည့် အဖွဲ့များလည်း ဖြစ်သည်။ သို့ရာတွင် ကောင်းငုယန် စခန်းရှိ တပ်မတော်သား များက မဆုတ်မနစ်သော ဇွဲလုံ့လများဖြင့် ရွပ်ရွပ်ချွံချွံ ခုခံခဲ့ခြင်း၊ စစ်ကူနှင့် ပစ်ကူများ အချိန်မီ ရောက်ရှိခဲ့ခြင်း တို့ကြောင့် အကြမ်းဖက် သောင်းကျန်းသူ များ နိုဝင်ဘာ ၂၈ ရက်တွင် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။ ဆုတ်ခွာသွားသည့် ရန်သူ့နောက်သို့ မြေပြင်နှင့် ဝေဟင် အဆက်မပြတ် သတင်းဖော်ထုတ် ထောက်လှမ်းချက်များ အရ မံဂမ်ကျေးရွာ အနီး ခန့်မှန်းမြေပုံညွှန်း (LG-၁၉ဝ၂၆ဝ) တစ်ဝိုက်၌ အခြေပြုလှုပ်ရှား နေသည်ကို ဖော်ထုတ်ရရှိ သဖြင့် တပ်မတော် စစ်ကြောင်းများက ၄င်းနယ်မြေ အတွင်းရှင်းလင်း ခဲ့ရာ ဇန်နဝါရီ ၁၃ ရက်မှ ၁၇ ရက်အထိ ထိတွေ့တိုက်ပွဲ ငါးကြိမ်ဖြစ်ပွား ခဲ့ပြီးနောက် KIA တပ်ရင်း(၁၂) ဌာနချုပ်စခန်း များကို သိမ်းပိုက်ရရှိ ခဲ့ခြင်း ဖြစ်သည်။

KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၂) ဌာနချုပ် စခန်းနေရာသည် ၄င်းတို့အတွက် သတ်မှတ် ထားသည့် နယ်မြေမဟုတ်ဘဲ ရှမ်းပြည်နယ်၊ နယ်နိမိတ် အစပ်ထိ ဝင်ရောက် တပ်စွဲကာ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် အတွင်းမှ ထွက်ရှိသည့် အဖိုးတန်သစ်များ၊ ကျွဲနွားများကို တစ်ဖက်နိုင်ငံသို့ တရားမဝင် ပို့ဆောင်ရာ လမ်းကြောင်း တွင် အဓိကတည်ရှိ နေသည့်နေရာ ဖြစ်ကြောင်း ဖော်ထုတ် ရရှိသည်။

ကချင်ပြည်နယ်၊ မံစီမြို့နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မဘိမ်းမြို့နယ် များကို ဖြတ်သန်း၍ တရားမဝင် အဖိုးတန်သစ်များ တစ်ဖက် နိုင်ငံသို့ ခိုးထုတ်ရန် ကြိုးပမ်းမှုများ အပေါ် တပ်မတော်နှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ များဖြင့် နယ်မြေရှင်းလင်း ဖော်ထုတ်ဖမ်းဆီး ခဲ့ရာ ၂ဝ၁၁ ခုနှစ်တွင် သစ် ၂၂၆ တန်ခန့်၊ ယာဉ်/ယန္တရား ၂၉ စီး၊ ဆိုင်ကယ် ၄ဝ စီး၊ လူနှစ်ဦးတို့ကို လည်းကောင်း၊ ၂ဝ၁၂ ခုနှစ်တွင် ယာဉ်တစ်စီး၊ လူတစ်ဦးတို့ ကိုလည်းကောင်း၊ ၂ဝ၁၃ ခုနှစ်တွင် သစ် ၁ဝ၃ တန်၊ ယာဉ် ၁၁ စီး၊ ဆိုင်ကယ် ၂ဝ စီး၊ စက်လှေ ၁၉ စင်း၊ လူ ၁၃ ဦးတို့ကို လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်တွင် သစ် ၁၁၅ တန်၊ ယာဉ် ၁၃ စီး၊ ဆိုင်ကယ် ၆၇ စီး၊ လူ ၂၅ ဦးတို့ကို လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်တွင် သစ် ၄၈၉ တန်၊ ယာဉ်/ယန္တရား ၄၉ စီး၊ ဆိုင်ကယ် ၁၁ စီး၊ သစ်စက်သုံးလုံး၊ လူ ၁ဝ ဦးတို့ကို လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်တွင် သစ် ၃ဝ၇ တန်၊ ယာဉ် ၅၄ စီး၊ လူနှစ်ဦး တို့ကို လည်းကောင်း၊ စုစုပေါင်း ခြောက်နှစ်တာ ကာလအတွင်း သစ် ၁၂၄ဝ တန်ကျော်၊ ယာဉ်/ ယန္တရား ၁၅၇ စီး၊ ဆိုင်ကယ် ၁၃၈ စီး၊ စက်လှေ ၁၉ စင်း၊ သစ်စက်သုံးလုံး နှင့် တရားမဝင် မှောင်ခို လုပ်ငန်းဝင်ရောက် လုပ်ကိုင်နေသည့် တစ်ဖက် နိုင်ငံသား ၁၈ ဦးအပါအဝင် လူ ၅၃ ဦးတို့ကို အသီးသီး ဖော်ထုတ်ဖမ်းဆီး ရမိခဲ့သည့် အပြင် သစ်မှောင်ခို ယာဉ်တန်းများ အနီးကပ် လုံခြုံရေး လိုက်ပါလုပ်ဆောင် ပေးနေသည့် KIA အကြမ်းဖက် သောင်းကျန်းသူ များနှင့် ထိတွေ့တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ KIA တပ်မဟာ(၃)၊ တပ်ရင်း(၁၂) ဌာနချုပ်စခန်း နေရာကို တပ်မတော်မှ သိမ်းပိုက်ရရှိခြင်း အားဖြင့် မိုးမိတ်မြို့နယ် နှင့် မဘိမ်းမြို့နယ် အတွင်းမှ တရားမဝင် ဖြတ်သန်း၍ မြန်မာ့အဖိုးတန် သယံဇာတ သစ်များကို တစ်ဖက်နိုင်ငံသို့ တရားမဝင် ခိုးထုတ်မည့် အဓိက လမ်းကြောင်းနေရာ တစ်ခုအား ပိတ်ဆို့ ထိန်းချုပ် ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်းနှင့် တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာ ထွက်ပြေးလျက် ရှိသည့် အကြမ်းဖက် သောင်းကျန်းသူများ နောက်သို့ လည်းကောင်း၊ အခြားသော တရားမဝင် လမ်းကြောင်းများ အပါအဝင် အဓိကနေရာ များအား လည်းကောင်း ဆက်လက်ရှင်းလင်း ဖော်ထုတ် ဆဲ ဖြစ်ကြောင်း သိရှိရသည်။


မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Thursday, January 12, 2017

နမ်ဆန်မြို့နှင့် ကျောက်မဲမြို့နယ် အတွင်းရှိ မိုင်းငေါ့တပ်စခန်း တို့အား TNLA အကြမ်းဖက် သောင်းကျန်းသူများက အကြိမ်ကြိမ်လာရောက် နှောင့်ယှက်ပစ်ခတ်


နေပြည်တော် ၊ ၁၂-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နမ့်ဆန်မြို့ အနီးနှင့် ပတ်ဝန်းကျင် တစ်ဝိုက်အား တပ်မတော် စစ်ကြောင်းက နယ်မြေ လုံခြုံရေး ကို ပုံမှန် ဆောင်ရွက်လျက် ရှိစဉ် ဇန်နဝါရီ ၁ဝ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ဆန်မြို့၏ အရှေ့တောင်ဘက် မီတာ ၁၃ဝဝ ခန့် အကွာသို့ အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၂ဝ ဦးခန့်နှင့်ထိ တွေ့တိုက်ပွဲဖြစ်ပွား ခဲ့ပြီး ည ၇ နာရီခွဲခန့်တွင် ရန်သူများ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။ ဆုတ်ခွာသွားသည့် ရန်သူ့နောက် သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်း လင်းစဉ် ည ၈ နာရီခန့်တွင် နမ့်ဆန်မြို့ အဝင်ရှိ မန်ခိုက် နတ်စင်ကုန်း တစ်ဝိုက်၌ TNLA အကြမ်းဖက် သောင်းကျန်း သူများက ခေတ္တ ခြေကုပ်ယူ၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရန်သူ့ပစ်ခတ်မှု ရပ်တန့်သွား ခဲ့သည်။

ထို့ပြင် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် TNLA အကြမ်းဖက် သောင်းကျန်းသူ များက နမ့်ဆန်မြို့၊ နမ္မဝေါရပ်ကွက် အနီးရှိ တာဝါတိုင်ကုန်း နေရာနှင့် ပတ္တမြား စေတီနေရာတို့ မှ နမ့်ဆန်မြို့ အတွင်းနှင့် တပ်မတော် လက်ဖက်ခြောက် စက်ရုံနေရာ သို့ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ခဲ့ရာ ည ၇ နာရီ ၅၅ မိနစ်ခန့်တွင် ရန်သူ့ နှောင့်ယှက် ပစ်ခတ်မှု ခေတ္တရပ်တန့် သွားခဲ့ပြီး ည ၈နာရီခွဲမှ စတင်၍ ၁ဝ မိနစ်ခန့်လျှင် တစ်ကြိမ် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် မကြာခဏ နှောင့်ယှက် ပစ်ခတ်လျက် ရှိသဖြင့် တပ်မတော် စစ်ကြောင်းက နမ့်ဆန်မြို့ လုံခြုံရေးကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်းနှင့် TNLA အကြမ်းဖက် သောင်းကျန်းသူ များ၏ ပစ်ခတ်မှု များကြောင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး နမ့်ဆန်မြို့၊ မန်ခိုက်ရပ်ကွက် ၌ လူနေအိမ်ငါးလုံး၊ ရိပ်သာတစ်လုံး၊ စာသင်ကျောင်း တစ်ကျောင်းနှင့် ကွန်ပျူတာ တစ်စုံ၊ ဇယန်းကြီးရပ်ကွက် ၌ လက်ဖက်ခြောက် စက်ရုံတစ်ရုံ၊ လူနေအိမ် တစ်လုံးနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး လူငယ် သင်တန်းကျောင်း တစ်ကျောင်းတို့ ဗုံးသီးအစများ ထိမှန်၍ ပျက်စီးမှုများ ရှိခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ၄င်းနေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်တွင်လည်း ကျောက်မဲမြို့နယ် အတွင်းရှိ မိုင်းငေါ့ တပ်စခန်းအား TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်က ၆ဝ မမစိန်ပြောင်း၊ RPG ၊ စက်လတ်များဖြင့် နှောင့်ယှက်ပစ်ခတ် တိုက်ခိုက် ခဲ့သဖြင့် စခန်းရှိ တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရပြီး လုံခြုံရေး တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

ဖြစ်စဉ်များတွင် ရန်သူလာရောက် နှောင့်ယှက်ပစ်ခတ် ခဲ့သည့်နေရာများ၊ ခေတ္တ အခြေပြုလျက် ရှိသည့်နေရာ များနှင့် အနီး ပတ်ဝန်းကျင် တစ်ဝိုက်တို့အား တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေးများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။



မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၁)

Monday, January 9, 2017

KIA အကြမ်းဖက် သောင်းကျန်းသူများ၏ ပွိုင့်-၇၆၈ (KIA အခေါ် လိုင်ဖောင်) စခန်းအနီးရှိ ပတ်ဝန်းကျင်စခန်းငယ် များအား တပ်မတော်စစ်ကြောင်း များက ဆက်လက်သိမ်းပိုက်ရရှိ



နေပြည်တော် ၊ ၉-၁-၂၀၁၇

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်းရှိ KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ ပွိုင့်-၇၆၈ (KIA အခေါ် လိုင်ဖောင်) စခန်းအပါအဝင် စခန်းခုနစ်ခု တို့ကို တပ်မတော် စစ်ကြောင်းများက သိမ်းပိုက်ရရှိ ခဲ့ပြီးနောက် နယ်မြေ ရှင်းလင်းရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ ပွိုင့်-၇၆၈ စခန်း၏ အရှေ့တောင်ဘက် မီတာ ၅၅ဝဝ အကွာ၊ ဖောတော ခန့်မှန်းမြေပုံညွှန်း (LH-၇၁၂ ၇၇၂) အနီးရှိ KIA အကြမ်းဖက် သောင်းကျန်းသူများ ခေတ္တအခြေပြု ထားသည့် စခန်းများအား ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ေ လကြောင်း၊ အမြောက်နှင့် လက်နက်ကြီးပစ်ကူ ရယူတိုက်ခိုက် ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့် တွင် ခန့်မှန်း မြေပုံညွှန်း (LH-၇၁၅ ၇၇၇) ရှိစခန်းအား လည်းကောင်း၊ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင် ခန့်မှန်း မြေပုံညွှန်း(LH-၇၁၉ ၇၈၇)ရှိ စခန်းကို လည်းကောင်း၊ ညနေ ၃ နာရီခန့်တွင် ခန့်မှန်း မြေပုံညွှန်း (LH- ၇၂၂ ၇၉၇) ရှိစခန်းနှင့် ညနေ ၃ နာရီ ၁၃ မိနစ်ခန့်တွင် ခန့်မှန်း မြေပုံညွှန်း (LH-၇၂၅ ၈ဝ၇) ရှိ စခန်း စုစုပေါင်း လေးခုတို့ကို ထပ်မံသိမ်းပိုက် ရရှိခဲ့ပြီး ဆက်လက် ရှင်းလင်းဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းရေးသား ချိန်ထိ ရန်သူ့ထံမှ အလောင်းခုနစ်လောင်း၊ ၆ဝ မမ စိန်ပြောင်း သုံးလက်၊ ၄ဝ မမ ဒုံးပစ်လောင်ချာ တစ်လက်၊ အမ် ၂၁ သေနတ်တစ်လက် အပါအဝင် ခဲယမ်းအချို့ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်မှ ကျဆုံး/ ဒဏ်ရာရရှိမှု အနည်းငယ် ရှိခဲ့ကြောင်း သိရှိရသည်။

KIA အကြမ်းဖက် သောင်းကျန်းသူ များအနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် ပြည်သူ တစ်ရပ်လုံးမှ လိုလားတောင့်တ နေကြသည့် ထာဝရ ငြိမ်းချမ်းရေးကို မျက်ကွယ်ပြု၍ ခေါင်းဆောင်ပိုင်း အချို့၏ တစ်ဦးချင်း ကိုယ်ကျိုးစီးပွား အလို့ငှာ လက်အောက်ငယ် သား များအပေါ် အကာအကွယ် ပြု၍ ဒေသ တည်ငြိမ် အေးချမ်းရေးနှင့် နယ်မြေဖွံ့ဖြိုး တိုးတက်မှုများ မရှိစေရေး ရည်ရွယ်လျက် အပြစ်မဲ့ ပြည်သူအချို့နှင့် ၄င်းတို့၏ ဆွေမျိုးသားချင်း များအား ဒုက္ခသည်စခန်း အမည်ခံပြီး လူသားတံတိုင်း အဖြစ် အသုံးချကာ အကြမ်းဖက် လုပ်ရပ်များကို ဆက်တိုက် ကျူးလွန်လျက် ရှိသဖြင့် တပ်မတော် စစ်ကြောင်းများ ကလည်း နယ်မြေရှင်းလင်း ခြင်းအား စဉ်ဆက်မပြတ် ဆောင်ရွက် နေရလျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

တပ်မတော်စစ်ကြောင်းနှင့် TNLA အကြမ်းဖက် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲဖြစ်ပွား ၊ အကြမ်းဖက် သောင်းကျန်းသူများထံမှ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ



နေပြည်တော် ၊ ၉-၁-၂၀၁၇

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းသည် နယ်မြေလုံခြုံရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၈ နာရီ ၂၅ မိနစ်ခန့်တွင် ဟိုနောင်ကျေးရွာ ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာသို့ အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၃ဝ ဦးခန့်က လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် နံနက် ၈ နာရီ မိနစ် ၄ဝ ခန့်တွင် တောင်ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

ဆုတ်ခွာရာ နောက်သို့ တပ်မတော် စစ်ကြောင်းက လိုက်လံရှင်းလင်း ခဲ့ရာ နံနက် ၉ နာရီခန့်တွင် ဟိုနောင်ကျေးရွာ ၏အရှေ့ဘက် ၁ မိုင်ခွဲခန့် အကွာသို့ အရောက်၌ အကြမ်းဖက် သောင်းကျန်းသူ များက လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ထပ်မံ ပစ်ခတ်တိုက်ခိုက် သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် တောင်ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။

အဆိုပါဖြစ်စဉ်များ အတွင်း အကြမ်းဖက် သောင်းကျန်းသူများ ထံမှ အေကေ ၄၇ ကျည်အိမ် တစ်ခုနှင့် ၄င်းကျည် ၃ဝ တောင့်၊ ဗုံးသီးခြောက်လုံး၊ ကျောပိုးအိတ် လေးလုံး၊ ပြောက်ကျား ယူနီဖောင်း နှစ်စုံ၊ TNLA လည်စည်းတစ်ခု၊ ဆန်စလွယ်နှစ်ခု၊ စောင်ထူ သုံးထည်၊ အရပ်ဝတ်နှစ်စုံ၊ ဘက်ထရီအိုး နှစ်လုံး၊ ဒီတိုနေတာ တစ်ခုနှင့် ရေပုံးနှစ်ပုံး တို့ကို သိမ်းဆည်းရမိ ခဲ့သည်။

အကြမ်းဖက် သောင်းကျန်းသူများ နောက်သို့ တပ်မတော် စစ်ကြောင်းများက ဆက်လက် နယ်မြေ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ (၁၁)

Wednesday, December 28, 2016

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့နယ် အတွင်းရှိ KIA အကြမ်းဖက် သောင်းကျန်းသူများ၏ ပွိုင့် ၇၆၈ ( KIA အခေါ် လိုင်ဖောင် ) စခန်းနှင့် ပတ်ဝန်းကျင်စခန်းငယ် များအား တပ်မတော်စစ်ကြောင်း များက ဆက်လက်သိမ်းပိုက် ရရှိ




နေပြည်တော် ၊ ၂၈-၁၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် အတွင်း KIA အကြမ်းဖက် သောင်းကျန်းသူများ အခိုင်အမာ တပ်စွဲထားသည့် ဂီဒုန် စခန်း အပါအဝင် ကာကင်းစခန်း များအား မြန်မာ့တပ်မတော် က သိမ်းပိုက်ရရှိ ခဲ့ပြီးနောက် မြစ်ကြီးနား-ဗန်းမော် ကားလမ်း၏ အရှေ့ဘက် ၇ မိုင်ခန့်အကွာရှိ KIA အကြမ်းဖက် သောင်းကျန်းသူ တပ်မဟာ ၅ လက်အောက် တပ်ရင်း ၃ ဌာနချုပ် ရှိရာ ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖောင်) စခန်းကို သိမ်းပိုက်ရရှိရေး အတွက် ဒီဇင်ဘာ ၂၁ ရက်တွင် တပ်မတော် စစ်ကြောင်းများက သွေးတိုးစမ်း တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှု အပေါ်မူတည်၍ လိုအပ်သည်များ ကြိုတင်ပြင်ဆင်ကာ အသေးစိတ် စီမံချက်ချပြီး ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက် နံနက်ပိုင်းမှ စတင်၍ လေကြောင်းနှင့် ခြေလျင်၊ အမြောက်၊ တင့်၊ လက်နက်ကြီး ပစ်ကူရယူ၍ တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲတွင် ပထမဆုံး စခန်းကို သိမ်းပိုက်ရရှိ ခဲ့သည်။ ထို့နောက် ဆက်လက်တိုက်ခိုက် ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် အဓိကခံစစ်ကုန်း နှင့်စခန်းငယ် ခြောက်ခုတို့ကို သိမ်းပိုက်ရရှိ ခဲ့သည်။

ယမန်နေ့ သိမ်းပိုက်ရရှိ သည့် ပွိုင့်-၇၆၈ ( KIA အခေါ် လိုင်ဖောင်) စခန်းမှာ ဒီဇင်ဘာ ၁၆ ရက်က KIA တို့လက်လွှတ်ခဲ့ ရသည့် တပ်ရင်း ၂၅၂ ၏ ဂီဒုန်စခန်းနှင့် အပြိုင် နန့်တဘက်ချောင်း ၏ တစ်ဖက်တစ်ချက် စီတွင် တပ်စွဲ အခြေပြု ထားသည့် စခန်းကြီး တစ်ခုဖြစ်ပြီး KIA ဗဟိုဌာနချုပ် လိုင်ဇာ၊ လိုင်စင်ပို့နှင့် အမှတ် ၆ နယ်ခြားမှတ်တိုင် ခန့်မှန်းေ မြပုံညွှန်း (MJ-ဝ၂၂ ၉၉၅) တစ်ဝိုက်ရှိ ၄င်းတို့စခန်း များနှင့် ဆက်သွယ်သည့် လမ်းကြောင်းအား စိတ်ချလုံခြုံမှု ရှိစေရေးနှင့် မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်အား ခြိမ်းခြောက်နိုင်ရေး ဆောင်ရွက်ချက် တစ်ခုဖြစ်ကြောင်း နှင့် ၄င်း လမ်းကြောင်းမှ တစ်ဆင့်လည်း တပ်မဟာ ၁ နယ်မြေ အင်ဂွန်လ ဒေသသို့ ဆက်သွယ်ရာ အတွင်းလမ်းကြောင်း တစ်ခုလည်း ဖြစ်ကြောင်း သိရှိရသည်။

KIA စခန်းများကို သိမ်းပိုက်ရရှိပြီး ဖြစ်သော်လည်း အချိန် ကန့်သတ်ချက် အရ ပြန်လည်စုဖွဲ့ နေရာယူခြင်းနှင့် အတူ နှစ်ဖက်ထိခိုက် ဆုံးရှုံးမှုများနှင့် ပတ်သက်၍ အသေးစိတ် စစ်ဆေးလျက် ရှိကြောင်းနှင့် သိရှိရပါက ဆက်လက် သတင်းထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

TNLA အကြမ်းဖက်သောင်းကျန်းသူ များ အခြေပြုထားသည့် တော့စန်ဘုရားကုန်း အား တပ်မတော်စစ်ကြောင်း များက သိမ်းပိုက် ၊ အကြမ်းဖက်သောင်းကျန်းသူ များ ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် အရပ်သားများ ထိခိုက်ဒဏ်ရာရရှိ


လက်နက်ကြီးဗုံးသီးစ ထိမှန်ဒဏ်ရာရရှိသူ ဒေသခံတစ်ဦးအား တွေ့ရစဉ်

နေပြည်တော် ၊ ၂၈-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကျောက်မဲမြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများကို ပုံမှန် ဆောင်ရွက်လျက် ရှိစဉ် ယမန်နေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် ကျောက်မဲ မြို့နယ်၊ တော့စန်ကျေးရွာသို့ ရောက်ရှိစဉ် ကျေးရွာရှိ ဘုရားကုန်းနေရာ မှ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၁၅ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ နံနက် ၁၁ နာရီခန့်တွင် တော့စန် ဘုရားကုန်း အားသိမ်းပိုက် ရရှိခဲ့ပြီး ရန်သူများ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်းများက ဆုတ်ခွာသွားသော ရန်သူ့နောက်သို့ လိုက်လံရှင်းလင်း ခဲ့ရာ မွန်းလွဲ ၂ နာရီခန့်တွင် ညောင်မောင်းကျေးရွာ၏ တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာ ပွိုင့် ၁၂၉၂ တောင်ကုန်းပေါ် မှ TNLA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၇ဝ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များ၊ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် ရန်သူများ မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။

TNLA အကြမ်းဖက် သောင်းကျန်းသူများ သည် ဆုတ်ခွာထွက်ပြေးစဉ် ညောင်မောင်း ကျေးရွာအတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျေးရွာရှိ နေအိမ်ခုနစ်လုံး လက်နက်ကြီးဗုံးသီး ထိမှန်ခဲ့၍ အမိုး၊ အကာများ ပျက်စီးခဲ့ကာ အရပ်သားသုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦးထိခိုက် ဒဏ်ရာရရှိ ခဲ့သည်။

တိုက်ပွဲဖြစ်စဉ်များတွင် မိမိစစ်ကြောင်းမှ စစ်သည်တချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ရန်သူ့ထံမှ ပွိုင့် ၃ဝ ကာဘိုင်တစ်လက်၊ အေကေ ၄၇ သေနတ် တစ်လက်၊ ကျည်အိမ်နှစ်ခု၊ ကျည်မျိုးစုံ ၂၉၃ တောင့်၊ ကျောပိုးအိတ် တစ်လုံး၊ ယူနီဖောင်း ပြောက်ကျား တစ်စုံနှင့် Jammer တစ်လုံးတို့ကို သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော် စစ်ကြောင်းများက နယ်မြေ ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၀)

Saturday, December 24, 2016

မန်လွယ် နှင့် နမ့်ဖလွန်းကြား ကားလမ်းမကြီးပေါ်၌ တပ်မတော်စစ်ကြောင်း နှင့် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွား


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ မန်လွယ်နှင့် နမ့်ဖလွန်းကြား ကားလမ်းမကြီး ပေါ်၌ KIA အကြမ်းဖက် သောင်းကျန်းသူ များက မော်တော်ယာဉ် များအား ပိတ်ဆို့ထားသဖြင့် ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေကြောင်း သတင်းအရ တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ သည် ယမန်နေ့ နံနက် ၆ နာရီခန့်တွင် အဆိုပါ နေရာသို့ သွားရောက် ရှင်းလင်းရာ KIA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၁ဝ ဦးခန့်က လက်နက်ငယ် များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ သဖြင့် ပူးပေါင်းအဖွဲ့က ပြန်လည်ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် သောင်းကျန်းသူ များ တောင်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။

ဖြစ်စဉ်တွင် ပြည်သူ့စစ် (ဌာနေ)အဖွဲ့ဝင် တစ်ဦး နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ရပြီး တပ်မတော် စစ်ကြောင်းနှင့် ပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်းများနှင့် အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွား


နေပြည်တော် ၊ ၂၄-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ ကွတ်ခိုင်မြို့နယ် အတွင်း တပ်မတော် စစ်ကြောင်းများသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ယမန်နေ့နံနက် ၇ နာရီ မိနစ် ၂ဝ ခန့်တွင် ပန်ဖိတ်ရွာ၏ အနောက်ဘက် မီတာ ၃၅ဝဝ ခန့်အကွာသို့ အရောက်၌ KIA/ TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၄ဝ ဦးခန့်မှ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ အရှေ့တောင်ဘက် နှင့် အနောက် တောင်ဘက် သို့လည်းကောင်း၊ ယမန်နေ့ နံနက် ၇ နာရီခွဲခန့်တွင် တပ်မတော် စစ်ကြောင်းသည် ကုန်းကြမ်းမြို့၏ အနောက် မြောက်ဘက် ၂ မိုင်ခန့်အကွာသို့ အရောက်၌ MNDAA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၅ဝ ဦးခန့်က သုံးနေရာဖြန့်ခွဲ၍ လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူများ အနောက်ဘက် နှင့် အနောက် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့သည်။ 

အဆိုပါဖြစ်စဉ်များ အတွင်း တပ်မတော် မှ စစ်သည်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းရာ ညနေ ၄ နာရီ ၅ မိနစ်ခန့်တွင် ကုန်းကြမ်းမြို့၏
အနောက် မြောက်ဘက် ၂ မိုင်ခန့်အကွာ တောင်ယာဟောင်း ရှိ ကောက်ရိုးပုံ အတွင်း မှ ပလတ်စတစ်ဖြင့် ထုပ်ထားသည့် ပန်းရောင် စိတ်ကြွရူးသွပ်ဆေး အမှုန့်တစ်ထုပ် ၁၈၅ ဂရမ် (ဒေသတန်ဖိုး ၃၅ သိန်းကျော်)အား ပိုင်ရှင်မဲ့သိမ်းဆည်း ရမိခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၄)

Monday, December 19, 2016

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့နယ်အတွင်း KIA အကြမ်းဖက် သောင်းကျန်းသူများ၏ စခန်းကုန်းအား တပ်မတော် စစ်ကြောင်းများက ဆက်လက်သိမ်းပိုက်ရရှိ



နေပြည်တော် ၊ ၁၉-၁၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်များတွင် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ အမာခံစခန်း ဖြစ်သည့် ဂီဒုန်စခန်းနှင့် ပတ်ဝန်းကျင် စခန်းကုန်းများအား သိမ်းပိုက်ခဲ့ပြီး နယ်မြေဆက်လက် ရှင်းလင်းခြင်းအား ဆောင်ရွက်ခဲ့သည်။ ထိုသို့ ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ဂီဒုန်စခန်း၏ မြောက်ဘက် မီတာ ၈ဝဝဝ ခန့်အကွာရှိ KIA အကြမ်းဖက် သောင်းကျန်းသူ အင်အား ၇ဝ ခန့်အခြေပြုထားသည့် စခန်းခန့်မှန်း မြေပုံညွှန်း (LH-၆၉၃၈၂၈) နေရာအား တပ်မတော်စစ်ကြောင်း တစ်ခုမှ ချဉ်းကပ်ချေမှုန်း ခဲ့ရာ ညနေ ၃ နာရီခွဲခန့်၌ ထပ်မံသိမ်းပိုက် ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် တပ်မတော်မှ အရာရှိ၊ စစ်သည်တချို့ နိုင်ငံတော် အတွက် အသက် စွန့်လွှတ်ခဲ့ရပြီး ရန်သူ့ထံမှ ၆ဝ မမစိန်ပြောင်း တစ်လက် အပါအဝင် လက်နက် နှစ်လက်၊ ခဲယမ်းဆက်စပ် ပစ္စည်းများနှင့် မိုင်းမျိုးစုံ ၂၆ လုံးအား သိမ်းဆည်းရရှိ ခဲ့သည်။

KIA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရ အုပ်ချုပ်မှုအာဏာ တည်ရှိသည့် မြို့၊ ရွာများအတွင်း လူသစ်စု၊ ဆက်ကြေး ကောက်ခံခြင်း နှင့် မူးယစ်ဆေးဝါး အကြောင်း ပြချက်ဖြင့် ဥပဒေမဲ့ လုပ်ရပ်များအပြင် ကျောက်စိမ်းနှင့် ရွှေလုပ်ကွက်များ အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များကို အလစ်အငိုက် တိုက်ခိုက်ခြင်း၊ အကြောင်းမဲ့ မိုင်းထောင် ဖောက်ခွဲခြင်း၊ မီးရှို့ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင် ငွေညှစ်ခြင်းတို့အား လက်လွတ်စပယ် ဆောင်ရွက်ခြင်း အပြင် မြို့၊ ရွာများအနီး ဂီဒုန်စခန်း ကဲ့သို့ အရေးပါသော နေရာများ၊ မြေအနေအထား အသာစီးစိုးမိုးမှု ရနိုင်သော နေရာများသို့ ၄င်းတို့ စခန်းဌာနချုပ် များမှတစ်ဆင့် နယ်မြေချဲ့ထွင်၍ လျှို့ဝှက်စခန်း တည်ဆောက်ခြင်း များကြောင့်  တပ်မတော် စစ်ကြောင်းများ နှင့် မကြာခဏ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်ကြောင်း သိရှိရပြီး သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် မှလည်း ယခုကဲ့သို့ နယ်မြေတိုးချဲ့ လျှို့ဝှက် တည်ဆောက်သည့် စခန်းများအား ထပ်မံစိစစ်၍ နိုင်ငံတော် အစိုးရနှင့် ကချင်ပြည်နယ် အစိုးရတို့၏ အုပ်ချုပ်မှု ယန္တရား နယ်မြေအတွင်း လုံခြုံရေးနှင့် နယ်မြေတည်ငြိမ် အေးချမ်းရေး အတွက် ဆက်လက် ရှင်းလင်းချေမှုန်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Sunday, December 18, 2016

ကချင်ပြည်နယ် ၊ ၀ိုင်းမော်မြို့နယ်အတွင်းရှိ KIA အကြမ်းဖက် သောင်းကျန်းသူများ အခိုင်အမာတပ်စွဲထားသည့် ပွိုင့်-၁၁၀၃ ၊ ဂီဒုန်စခန်း (KIAအမည်) နှင့် ဆက်စပ်တောင်ကုန်းများအား တပ်မတော် စစ်ကြောင်းများက ရှင်းလင်း သိမ်းပိုက်ရရှိ


ပွိုင့်-၁၁၀၃ ဂီဒုန်စခန်း ကို တပ်မတော်က သိမ်းပိုက်ရရှိစဉ်


KIA အကြမ်းဖက် သောင်းကျန်းသူများ အခိုင်အမာ တပ်စွဲထားသည့် 
ပွိုင့်-၁၁၀၃ ဂီဒုန်စခန်း ကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၈-၁၂-၂၀၁၆

၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက် နံနက် ၇ နာရီ ၁ဝ မိနစ်ခန့်မှ စတင်၍ မြန်မာ့တပ်မတော် စစ်ကြောင်းများက လေကြောင်းနှင့် လက်နက်ကြီးပစ်ကူ ရယူ၍ KIA အကြမ်းဖက် သောင်းကျန်းသူများ အခိုင်အမာ တပ်စွဲထားသည့် ဂီဒုန်စခန်းအား ချဉ်းကပ်တိုက်ခိုက် ချေမှုန်းခြင်း ဆောင်ရွက်ခဲ့ရာ KIA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မြေအနေအထား အသာစီး ရှိမှုကိုရယူ၍ အပြင်းအထန် ခုခံခဲ့သော်လည်း ရှေ့ကာကင်း ခန့်မှန်း မြေပုံညွှန်း (LH- ၆၃၇၇၅၅)အား မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် လည်းကောင်း၊ ပင်မကုန်း ပွိုင့်-၁၁ဝ၃ ဂီဒုန်စခန်း နေရာ ခန့်မှန်း မြေပုံညွှန်း (LH-၆၃၉၇၅၅) အား မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း အသီးသီးသိမ်းပိုက် ရရှိခဲ့သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်း များက ဆုတ်ခွာသွားသည့် KIA အကြမ်းဖက် သောင်းကျန်းသူများ နောက်သို့ လက်နက်ကြီး ပစ်ကူရယူ၍ ထက်ကြပ်လိုက်လံ ချေမှုန်းခဲ့ရာ ခန့်မှန်းမြေ ပုံညွှန်း (LH-၆၄၂၇၆ဝ) စခန်းနေရာအား ညနေ ၆ နာရီတွင် လည်းကောင်း၊ ခန့်မှန်း မြေပုံညွှန်း (LH-၆၄၂၇၆၂) နှင့် ခန့်မှန်း မြေပုံညွှန်း (LH-၆၄၂၇၆၃) နေရာ စခန်းများအား ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် နံနက် ဝ၉ဝဝ နာရီနှင့် နောက်ဆုံး ခန့်မှန်း မြေပုံညွှန်း (LH-၆၄၅၇၆၅) လိပ်ပြာကုန်း စခန်းအား နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် လည်းကောင်း အသီးသီး သိမ်းပိုက် ရရှိခဲ့ပါသည်။

ဖြစ်စဉ်တွင် မိမိ တပ်မတော်ဘက်မှ အရာရှိ နှင့်စစ်သည်တချို့ ကျဆုံး၊ ဒဏ်ရာရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား သက်ဆိုင်ရာ တပ်မတော်စစ်ဆေးရုံကြီး များသို့ နေ့ချင်းပြီး ပို့ဆောင်ကုသမှု ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း သိရှိရသည်။ KIA အကြမ်းဖက် သောင်းကျန်းသူများ ဘက်၌ လက်ရှိသတင်း ရေးသားသည့် ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီအချိန်အထိ သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု များပြားကြောင်း သိရှိရပြီး ၁၂ဝ မီလီမီတာ စိန်ပြောင်းကြီး နှစ်လက် အပါအဝင် လက်နက်မျိုးစုံ ၄၁ လက်နှင့် ခဲယမ်း ဆက်စပ်ပစ္စည်း များ သိမ်းပိုက်ရရှိခဲ့ပြီး ပတ်ဝန်းကျင် နေရာများအား အသေးစိတ် ဆက်လက် ရှင်းလင်းဆဲ ဖြစ်ကြောင်း သိရှိရသည်။

ဂီဒုန်စခန်းမှာ KIA အကြမ်းဖက် သောင်းကျန်းသူ တပ်ရင်း(၂၅၂)၏ နေရာဖြစ်ကြောင်း ဖော်ထုတ်ရရှိ သော်လည်း ၂ဝ၁၃ ခုနှစ်၊ လဂျားယန် ဒေသရှိ ၄င်းတို့၏ ပွိုင့်-၇၇၁ နှင့် ပွိုင့်-၁၁ဝ၂ စခန်းများအား တပ်မတော်က သိမ်းပိုက်ပြီး သည့် အချိန်တွင် တည်ရှိခဲ့ခြင်း မရှိကြောင်း၊ ၂ဝ၁၄ ခုနှစ်/ ၂ဝ၁၅ ခုနှစ် အတွင်း၌လည်း နယ်မြေချဲ့ထွင် တပ်စွဲထားသော နေရာ မဟုတ်ကြောင်း၊ ၂ဝ၁၆ ခုနှစ်မှ စ၍ ဆွမ်ပရာဘွမ်၊ မလိယန်ဒေသ၊ ဖားကန့်ဒေသ၊ ရှာဒူဇွပ်ဒေသ၊ မိုးညှင်းဒေသ များနှင့် မိုးကောင်း၊ ဆားမှော်ဒေသ တစ်ဝိုက် KIA အကြမ်းဖက် သောင်းကျန်းသူ များ၏ နယ်မြေချဲ့ထွင် စခန်းတိုးယူမှု ကြောင့် တပ်မတော် စစ်ကြောင်းများနှင့် ထိပ်တိုက်တွေ့ဆုံ နေစဉ်အတွင်း ဝိုင်းမော်မြို့နယ် နှင့် အနီးဆုံး မြေအနေအထား အရ အရေးကြီးပြီး ဝိုင်းမော်မြို့မှ တစ်ဆင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော် လမ်းကြောင်းနှင့် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံး လမ်းကြောင်းအား ထိန်းချုပ်ခြင်း နှင့် မြစ်ကြီးနားမြို့အား အနာဂတ် တွင် ဝိုင်းမော်မှ တစ်ဆင့် ရေလမ်း၊ ကားလမ်း တို့မှ စိမ့်ဝင်ထိုးဖောက် ခြိမ်းခြောက်ခြင်း စသည့် ရည်ရွယ်ချက် များဖြင့် စခန်းတိုးချဲ့ လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြား ကြောင်း သိရှိရသည်။

၎င်းအပြင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ လှုပ်ရှားတပ်မ၊ ဖလပ်ဘွမ် ခန့်မှန်း မြေပုံညွှန်း (LH-၆၉၄၆၃၈) နှင့် ၂ဝ၁၃ ခုနှစ်နောက် ပိုင်း စံပိုင် ခန့်မှန်း မြေပုံညွှန်း (LH-၆၁၃၈၈၅) တစ်ဝိုက်မှ တရုတ် မြန်မာ နယ်စပ်မှတ်တိုင် အမှတ်(၆)အနီး ခန့်မှန်း မြေပုံညွှန်း (MJ-ဝ၂၂၉၉၅) သို့ ပြောင်းရွှေ့ သွားသည့် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့တပ်ရင်း(၃) နှင့် နယ်စပ်မျဉ်း အခြေခံလျက် အလွယ်တကူ လွတ်လပ်စွာ သွားလာနိုင်ရေး၊ အုပ်ချုပ်မှု လမ်းကြောင်း လုံခြုံမှုရှိစေရေး အတွက် ရည်ရွယ်သည့် အရေးကြီး စခန်းကြီးတစ်ခု အဖြစ်လည်း တည်ဆောက်ထား သည်ဟု ယူဆရကြောင်း သိရှိရသည်။

တပ်မတော်လှုပ်ရှား စစ်ကြောင်းများနှင့် စခန်းထိုင် လှုပ်ရှား စစ်ကြောင်းငယ် များမှလည်း မိမိ အမာခံ သတင်းပေးများ ထံမှ ရရှိသည့်သတင်း အချက်အလက် များအရ နယ်မြေ စိုးမိုးရေးနှင့် ရန်သူစခန်း ဖော်ထုတ် ရရှိရေး မနေမနား ဆောင်ရွက်သော်လည်း ဂီဒုန်စခန်းမှာ မြေ အနေအထား အသာစီးရှိခြင်း၊ သစ်ပင်၊ သစ်တော နှင့်ဝါးရုံများ ထူထပ်စွာ ပေါက်ရောက်ခြင်း များအပြင် မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ် အနီး ဖုံးကွယ်မှု၊ အကာအကွယ် ကောင်းတို့ဖြင့် လျှို့ဝှက်စွာ စိမ့်ဝင် ဆောင်ရွက်ခြင်း ကြောင့် ဖော်ထုတ်သတင်း ရရှိမှု အားနည်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လတွင် လှုပ်ရှား စစ်ကြောင်းငယ် တစ်ခု မှ အင်ခရန် ခန့်မှန်း မြေပုံညွှန်း (LH-၆၃၄၇၄၅) တစ်ဝိုက်ရှိ ဂီဒုန်စခန်း၏ ရှေ့ကာကင်း တပ်စိတ် နေရာအား စတင်တွေ့ရှိ၍ ရှင်းလင်းခဲ့ရာမှ ယမန်နေ့ ဒီဇင်ဘာလ ၁၆ ရက်အထိ ထိတွေ့မှု ပေါင်း ၄၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

KIA အကြမ်းဖက် သောင်းကျန်းသူများ အနေဖြင့် မြောက်ပိုင်း မဟာမိတ်အသွင်ဖြင့် စုဖွဲ့၍ အစိုးရနှင့် တပ်မတော်အား နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး အကျပ်အတည်း ဖြစ်စေရန် ရည်ရွယ်၍ မိမိတပ်မတော် မုံးကိုးစခန်းအား နိုဝင်ဘာလ ၂ဝ ရက်မှ ဒီဇင်ဘာလ ၆ ရက်အထိ ၁၇ ရက် တိုင်တိုင် သာလွန်အင်အား စုဖွဲ့ပြီး အပြီးတိုင် ချဉ်းကပ်တိုက်ခိုက် ခဲ့သော်လည်း အောင်မြင်မှု မရှိသည့်အပေါ် ဂီဒုန်စခန်းသို့ မြောက်ပိုင်း မဟာမိတ် အဖွဲ့အချို့ကို ထပ်မံခေါ်ယူ အားဖြည့်လျက် ၄င်းတို့၏ မူလ ရည်ရွယ်ချက်ကို အကောင်အထည် ဖော်ရေး လှုပ်ရှားလာမှု များကြောင့် တပ်မတော် အနေဖြင့် ရင်ဆိုင် ထိန်းချုပ်ခြင်းမှ ထိုးစစ်အသွင် ဖြင့် တပ်မတော်(လေ) မှ လေကြောင်းပစ်ကူ၊ အနီးကပ်ပစ်ကူ အပါအဝင် လက်နက်ကြီး မျိုးစုံတို့ဖြင့် KIA အကြမ်းဖက် သောင်းကျန်းသူတို့ က အမာခံစခန်း အဖြစ် ကြွေးကြော် သတ်မှတ်ထားသည့် ဂီဒုန်စခန်း နှင့် ပတ်ဝန်းကျင် စခန်းငယ်များအား ရက်ပိုင်းအတွင်း အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက် နိုင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ မိမိသိမ်းပိုက် ရရှိမှုကြောင့် ဝိုင်းမော်နယ်မြေမှ တစ်ဆင့် မြစ်ကြီးနား-ဗန်းမော် ဆက်သွယ်ရေး လမ်းကြောင်း၊ မြစ်ကြီးနား-ဝိုင်းမော် -ဆဒုံး ဆက်သွယ်ရေး ကားလမ်း အပါအဝင် နယ်စပ်မျဉ်းအား အခြေခံလျက် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၊ လှုပ်ရှားတပ်မ၊ ဖလပ်ဘွမ် နှင့် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့၊ တပ်ရင်း(၃)၊ မှတ်တိုင်(၆) အကြား KIA အကြမ်းဖက် သောင်းကျန်းသူ တို့၏ အမာခံ ဆက်သွယ်ရေး လမ်းကြောင်းအား ဖြတ်တောက် နိုင်ခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)

Friday, December 16, 2016

KIA/TNLA/MNDAA/AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က အဖျက်လုပ်ငန်းများ လုပ်ဆောင်


နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မှ လားရှိုးသို့ ပြန်လာသည့် တပ်မတော်ရိက္ခာပို့ ယာဉ်တန်းအား လားရှိုး-သိန်းနီ ပြည်ထောင်စု လမ်းမကြီး မိုင်တိုင် ၁၉၆/၇ အနီး စံလောင်းကျေးရွာ နှင့် နားဆော့ကျေးရွာ အကြားတွင် ဒီဇင်ဘာ ၁၄ ရက် ည ၆ နာရီ ၁၅ မိနစ်၌ KIA/TNLA/MNDAA/AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ က မိုင်းသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ကြောင်း သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်တန်းကြားတွင် လိုက်ပါလာသည့် Nissan ခြောက်ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း နိုင်ထွန်း သေဆုံးခဲ့ပြီး တပ်မတော်သား တစ်ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရသည်။

မိုင်းထောင်ဖောက်ခွဲ ခဲ့သည့် အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့အား တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့သို့ ထွက်ခွာလာသော တပ်မတော် ယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းတွင် ကွတ်ခိုင်မြို့နယ် ရှုခင်းသာရွာ အနီး မိုင်တိုင် ၂၃၃/၁-၂ ကြား၌ KIA လက်နက်ကိုင်အဖွဲ့က အာရ်ပီဂျီ/၄ဝ မမ/
လက်နက်ငယ် များဖြင့် ပစ်ခတ်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပြန်လည်ပစ်ခတ် ရှင်းလင်းရာ အဆိုပါအဖွဲ့သည် မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားကြသည်။

KIA/TNLA/MNDAA/AA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ များ၏ ပစ်ခတ်မှုကြောင့် တပ်မတော်ပိုင် မော်တော်ယာဉ် တစ်စီး ရှေ့ဘီးပေါက်ပြီး အင်ဂျင်အဖုံး လက်နက်ငယ် ထိမှန်ပျက်စီးကာ ယာဉ်တန်းကြား တွင် လိုက်ပါလာသော ၂၂ ဘီးယာဉ်မှ ယာဉ်မောင်း ဦးသန်းဌေးဦး နှင့် ယာဉ်နောက်လိုက် ဦးမင်းမင်းအောင် တို့သည် ဝဲဘက် ခြေဖမိုး၊ ဝဲယာ လက်မောင်း တို့တွင် လက်နက်ငယ် ကျည်ရှပ်မှန် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ဝ ရက် ည ၇ နာရီတွင် TNLA လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် ကျောက်မဲမြို့နယ် ပန်ကွမ် ကျေးရွာသား ၂၁ ဦးအနက် ဦးငြိမ်းပါ ၁၃ ဦးသည် ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီတွင် ပန်ကွမ်ကျေးရွာသို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၁ဝ ရက်က ရွာသား ၂၁ ဦးအား ဖမ်းဆီးခေါ်ဆောင် သွားစဉ် ပန်ကွမ်ရွာသား အောင်မြင့်စိုး အား ထပ်မံဖမ်းဆီး ခေါ်ဆောင် သွားခဲ့၍ ထိုနေ့က ဖမ်းဆီးခံရသူ ၂၂ ဦးဖြစ်ပြီး ၁၃ ဦး ပြန်လည် လွတ်မြောက်ခဲ့ကာ ကျန်ကိုးဦးအား TNLA လက်နက်ကိုင် အဖွဲ့က ဆက်လက် ဖမ်းဆီးထားဆဲ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၃)

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း နှင့် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား


နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ အတွင်း တပ်မတော် စစ်ကြောင်းများသည် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ဖတ်ကာ ၏ အရှေ့ မြောက်ဘက် ၄ မိုင်ခန့် အကွာသို့ အရောက် တောင်ကုန်းများ၌ နေရာယူထားသည့် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့အင်အား ၂ဝဝ ဦးခန့်မှ လက်နက် ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော်မှ အမြောက်ပစ်ကူ၊ လေကြောင်းပစ်ကူ များပေး၍ ပြန်လည်တိုက်ခိုက် ခဲ့ရာ မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် အကြမ်းဖက် သောင်းကျန်းသူ များသည် အရှေ့မြောက် ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

အဆိုပါဖြစ်စဉ် အတွင်း ရန်သူ့ထံမှ အမ် ၂၂ သေနတ် တစ်လက်၊ ကျည်အိမ်တစ်ခု၊ ကျည် ၂၁ တောင့် သိမ်းဆည်းရမိ ခဲ့ပြီး တပ်မတော်မှ စစ်သည်တစ်ဦး နိုင်ငံတော် အတွက် အသက်ပေးလှူ ခဲ့ရကာ စစ်သည်တစ်ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့သည်။ တပ်မတော် စစ်ကြောင်းများက အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

တပ်မတော်စစ်ကြောင်း များအား KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့က လက်နက်ကြီး/ လက်နက်ငယ်များ ၊ ရီမုမိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်


KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ များ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် 
မိုင်းစများထိမှန် ထားသည့်ယာဉ်ကို တွေ့ရစဉ်

နေပြည်တော် ၊ ၁၆-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသ၊ နမ္မတူမြို့၏ မြောက်ဘက် ၁ဝ မိုင်ခန့်အကွာရှိ ပန်ဝါကျေးရွာ အနီး၌ ခေတ္တအခြေပြု နေသည့် တပ်မတော် စစ်ကြောင်း များအား ဒီဇင်ဘာ ၁၄ ရက် နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၈၅ ဦးခန့်က နေရာနှစ်နေရာ ဖြန့်ခွဲ၍ လာရောက် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက် ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် အရှေ့ဘက်သို့ ဆုတ်ခွာသွား ခဲ့သည်။

အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ လိုက်လံရှင်းလင်း တိုက်ခိုက်စဉ် မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ပန်ဝါကျေးရွာ အနီး တစ်ဝိုက်ရှိ တောင်ကုန်းများမှ KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၁၆ဝ ဦးခန့်က နေရာသုံးနေရာ ဖြန့်ခွဲ၍ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော်က လေကြောင်းပစ်ကူ ရယူ၍ ပြန်လည် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သောင်းကျန်းသူ များသည် အနောက်ဘက် နှင့် အရှေ့ဘက်သို့ ဖြန့်ခွဲ ဆုတ်ခွာသွား ခဲ့သည်။

အလားတူ သိန်းနီ-လားရှိုး သို့ ပုံမှန် အုပ်ချုပ်မှုကိစ္စများ ဆောင်ရွက်ရန် ထွက်ခွာလာသည့် တပ်မတော်ယာဉ်တန်း သည် ဒီဇင်ဘာ ၁၄ ရက် ည ၆ နာရီ မိနစ် ၂ဝ ခန့်တွင် စံလောင်းရွာ၏ တောင်ဘက် မီတာ ၁ဝဝဝ ခန့်အကွာ သို့ရောက်ရှိစဉ် KIA/TNLA အကြမ်းဖက် သောင်းကျန်းသူ များက ရီမုမိုင်းနှစ်လုံး ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဖြစ်စဉ်နေရာ အနီးတွင်ရှိသော ၁၂ ဘီးယာဉ် တစ်စီးအား မိုင်းစများထိမှန် ခဲ့ပြီး ယာဉ်မောင်းဖြစ်သူ မောင်နိုင်ထွန်းမှာ  မိုင်းစ ထိမှန်ဒဏ်ရာ များဖြင့် သေဆုံးခဲ့သည်။

ဖြစ်စဉ်များအတွင်း အရာရှိ၊ စစ်သည်တချို့ နိုင်ငံတော်အတွက် အသက်ပေးလှူ ခဲ့ရပြီး တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ အဆိုပါ နေရာတစ်ဝိုက် သို့ တပ်မတော် စစ်ကြောင်း များက နယ်မြေ ရှင်းလင်းခြင်းများ ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Thursday, December 15, 2016

နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း နှင့် KIA, TNLA အကြမ်းဖက် သောင်းကျန်းသူပူးပေါင်းအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွား ၊ အကြမ်းဖက် သောင်းကျန်းသူများ အခြေပြုနေသည့် စခန်းတောင်ကုန်းကို သိမ်းပိုက်ရရှိ


နေပြည်တော် ၊ ၁၅-၁၂-၂၀၁၆

ရှမ်းပြည်နယ် အရှေ့မြောက် ဒေသအတွင်း တပ်မတော် စစ်ကြောင်း များသည် နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် ဒီဇင်ဘာ ၁၃ ရက် နံနက် ၇ နာရီခွဲခန့်တွင် နမ္မတူမြို့၏ မြောက်ဘက် ၁၆ မိုင်ခန့်သို့ အရောက် တောင်ကုန်း များတွင် နေရာယူ ထားသည့် KIA, TNLA အကြမ်းဖက် သောင်းကျန်းသူ ပူးပေါင်းအဖွဲ့ အင်အား ၁၄ဝ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် သောင်းကျန်းသူ များမှ လက်နက်ကြီး/ လက်နက်ငယ် များဖြင့် ပစ်ခတ်တိုက်ခိုက် သဖြင့် တပ်မတော်မှ လေကြောင်းပစ်ကူ ပေး၍ ပြန်လည်တိုက်ခိုက် ခဲ့ရာ ညနေ ၅ နာရီခွဲခန့်တွင် အကြမ်းဖက် သောင်းကျန်းသူ များသည် မြောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေး သွားခဲ့သည်။

အဆိုပါထိတွေ့မှု ဖြစ်စဉ်အတွင်း တပ်မတော်မှ စစ်သည်တစ်ဦး နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ ရပြီး စစ်သည်တချို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကာ အကြမ်းဖက် သောင်းကျန်းသူများ အခြေပြုနေသည့် စခန်းတောင်ကုန်းကို တပ်မတော်က သိမ်းပိုက်ရရှိ ခဲ့သည်။

တပ်မတော် စစ်ကြောင်းများက အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာရာ နောက်သို့ နယ်မြေလိုက်လံ ရှင်းလင်းခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃၂)
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger