www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဘ၀မြှင့်တင်ရေး. Show all posts
Showing posts with label ဘ၀မြှင့်တင်ရေး. Show all posts

Monday, November 30, 2015

စေ့၍ထားသော စိတ်တံခါး


စေ့၍ထားသော စိတ်တံခါး

မဒါလေး

မိဘဆိုသည်မှာ တံခါးပိတ်ထားသော အိမ်ထဲတွင် ထိုင်နေသူများ နှင့်တူပြီး သားသမီး ဟူသည်မှာ ထို မိဘများထံသို့ ပြင်ပမှ ကောင်းသတင်း၊ ဆိုးသတင်း ဟူသမျှကို သယ်ဆောင် လာသောသူနှင့် တူသည်။ သားသမီးအပေါ် ထားသော မိဘ၏ အချစ်သည် သိမ်မွေ့နူးညံ့ လွန်းလှသည်။ ထိုနူးညံ့သော အရာတို့သည် အထိန်းအသိမ်း မတတ်လျှင် လွယ်ကူ လျင်မြန်စွာ ပျက်စီး သွားနိုင်သည်။ ပျက်စီး သွားသည့်တိုင်လည်း တည်မြဲတတ်သည့် သဘောရှိသည်။

တစ်ခါတစ်ရံ မြင်တွေ့ နေလျက်ပင် ချောင်းကြည့် လိုက်ရသည့် အနေအထားများ ရှေ့တည့်တည့်တွင် ရှိနေသည့်တိုင် မျက်စိမှိတ် လိုက်ရသည့် တဒင်္ဂများ၊ တွေ့မြင်နေလျက် တံခါးနောက် ပုန်းလျှိုး ကွယ်ဝှက် လိုက်ရသည့် အချိန်များ၊ အမှောင် တစ်ဖက်တွင် တိတ်တဆိတ် ကြေကွဲဝမ်းနည်း ရသည့်အချိန်များ အချိန်များ အချိန်များ များလွန်း လှသည်။ ထိုအချိန်များကို ပိုင်ဆိုင်သူကား မည်သူများ ဖြစ်မည်နည်း။

ဒေါ်မှီ တစ်ယောက် အိမ်ထဲတွင်ပင် အိမ်မှုကိစ္စ အဝဝကို ကုန်းရုန်း လုပ်နေရှာသည်။ နံနက် မိုးမလင်းမီကပင် သားသမီးများ အလုပ်သွား၊ ကျောင်းတက်ရန် ထမင်းချိုင့်မီရေး ထချက်ရသည်။ ဟင်းစား ကြေးများလှသော သားသမီးများ ကြားတွင် ဒေါ်မှီ တစ်ယောက် မိုးမလင်းမီကပင် ဗျာများ နေရသည်။ ချစ်လင် မောင်ကြီး အတွက်ကား ဤမျှလောက် မစဉ်းစားရ။ မစဉ်းစားရဆို အသက်က ကြီးလာပြီ ဖြစ်သဖြင့် သူ့တာဝန် ကိုယ့်တာဝန် သိကာ တစ်ဦးနှင့်တစ်ဦး အပြစ်တင် မနေတော့ပေ။ ဤအချိန်တွင်မူ တစ်ဦးအကြောင်း တစ်ဦး အရာအားလုံးကို နားလည် နေလေပြီ။ ၄င်းတို့ နားမလည်နိုင် ဖြစ်နေရသည်က သားသမီး များ၏ တစ်ယောက်တစ်မျိုး ဖြစ်နေကြပုံ များကိုဖြစ်သည်။ အသက်အရွယ် တို့သည် သင်ပေးခဲ့ ချိန်များမှ ပြန်လည် သင်ယူရမည့် အချိန်သို့ပင် ပြောင်းလာခဲ့ လေပြီလားဟု ဒေါ်မှီ တစ်ယောက် အမြဲတစေ ပြောတတ်သည်။

သားသမီးများကို ၄င်းတို့ လမ်းညွှန်သင်ပြ ခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုကျော်ခဲ့ပြီ။ အားလုံး အရွယ်ရောက် လာခြင်းနှင့်အတူ ခေတ်စနစ်၏ ပြောင်းလဲခြင်း ကိုလည်း ၄င်းတို့ ဇနီးမောင်နှံ မျက်ဝါးထင်ထင် တွေ့မြင်ရင်ဆိုင် နေရပြီ။ ယခုထက် ဆိုးသည်က ဒေါ်မှီ ၏ခင်ပွန်းသည် အစိုးရဝန်ထမ်း ဖြစ်သဖြင့် ရုံးနှင့်အိမ်သာ အသွားအလာ ရှိသည်။ ဒေါ်မှီကမူ အိမ်မှုကိစ္စ များဖြင့်သာ အချိန်ကုန် နေသဖြင့် ပြင်ပ ဗဟုသုတနှင့် ခေတ်အမြင်မှာ အလွန်နည်းပါး လွန်းလှသည်။ သားသမီးများ ပြောပြသည့် ကမ္ဘာကြီး အတွင်းမှ အကြောင်းအရာ များကို တအံ့တသြ နားထောင်ရသည် ကိုက ဒေါ်မှီအတွက် အရသာ တွေ့နေသည်။ သို့သော် မနက်ဖြန် အာလူး၊ ကြက်သွန် ဘယ်ဈေး၊ ဆီက ဘယ်လောက်၊ ဆန်ကတော့ ဘယ်ဈေး စသည့် မီးဖိုချောင် ကိစ္စလောက်သာ အရေးထားသော ဒေါ်မှီအတွက် ထိုအရာ များသည် ရင်ထဲမစွဲ ဖြစ်ခဲ့ရသည်။ ဈေးတက်လျှင် ချွေတာကာ မည်သို့ သုံးရမည်။ ဈေးကျလျှင် မည်သို့ ဝယ်စုရမည်သာ အမြဲ တွက်ချက်လျက် လင်ယောက်ျား နှင့် သားသမီးအတွက် တာဝန်မပျက်ယွင်း စေရန်သာ အမှတ်တရ ရှိနေတတ်သည်။

သားသမီးများ ကလည်း ဟင်းသီးဟင်းရွက် ဈေးနှုန်း၊ သားငါးဈေး များကို စိတ်မဝင်စား အဝတ်အစားနှင့် မိတ်ကပ်က ဘယ်လောက် ဖိနပ်က ဘယ်လို၊ လက်ကိုင်အိတ် က ဘယ်သို့သာ စိတ်ဝင်စား ကြသည်။ ထို စိတ်ဝင်စားခြင်း စိတ်မဝင်စားခြင်း များမှာ အဖေ ဝန်ထမ်းဖြစ် နေတုန်းကတော့ ဝန်ထမ်းလစာ နှင့် အပိုစရိတ်များ ရသဖြင့် မသိသာ သော်လည်း အနားယူပြီး ပင်စင်လစာ တစ်ခုနှင့် နေရတော့မည် ဆိုသောအခါ စကားပြော လာကြလေပြီ။ ပြောလည်း ပြောရလေပြီ။ ခေတ်နှင့်အညီ လိုက်နေသော သားသမီးများနှင့် မိဘအကြား အတိုက် အခိုက်များ စလေပြီ။ သားသမီး များ၏ အဝတ်ဗီရိုမှ ပြည့်လျှံထွက် နေသော အဝတ်များကို ကြည့်ကာ ဒေါ်မှီမှာ စိတ်မသက်မသာ ဖြစ်ရသည်။ ၄င်းတို့ ခေတ်တုန်းက အဝတ်သုံးလေးစုံ လောက်ရှိလျှင် လူရာဝင်ဝင် သွားလာ နေနိုင်သည်။ ယခုမူ ဒီလောက် ရှိတာတောင် သားသမီး များသည် အသစ်ဝယ်၍ မဆုံးနိုင်သေးဟုသာ အမြဲ အပြစ်တင်မိသည်။ ထိုအဝတ်အစား ဝယ်သော ပိုက်ဆံများကိုသာ စုလျှင်ဟုလည်း စုတ်တ သပ်သပ် တွေးနေမိသည်။ တစ်ဖက်က ကြည့်လျှင်လည်း ယနေ့သစ်လျှင် မနက်ဖြန် အဟောင်း ဖြစ်ချင် ဖြစ်နေသော ခေတ်ရေစီးကြောင်း ပေါ်တွင် လူနှင့်သူနှင့် တူအောင်တော့ ဝတ်စားသင့် သည်ဟု မှတ်ယူ ထားကြသည်။

ယခင်က ပုံမှန် အပ်နေသော လစာကို ယခုမူ နည်းသည်ဟု ထင်မြင်လာသည်။ ယခင်က သုံးနေသော ငွေကြေးကို ယခုမူ ဖြုန်းသည်ဟု မြင်လာသည်။ ယခင်ကထက် ပိုလိုချင်လာသည်။ သားသမီး အပေါ်တွင် မည်သို့မျှ မမျှော်လင့်ဟု ပြောသော်လည်း ရင်ထဲတွင်မူ လစာအပြည့် အပ်သည်ကိုပင် လိုလား တောင့်တ နေမိသည်။ သားသမီး များ၏ လူမှုရေးကို ရှုပ်သည်ဟု ယူဆလာသည်။ ထိုသို့ဖြင့် တစ်စတစ်စ အိမ်တွင်းရေးတွင် သွေးအေး သွားကြသည်။ ၄င်းကြားနေကျ ကမ္ဘာကြီး အကြောင်းလည်း ပြောပြသူ မရှိတော့။ သားသမီး ဆို၍ အနားကပ်သူ မရှိသလောက် ဖြစ်နေတော့သည်။ အချိန်တန်လျှင်မူ လစာများ အပ်ကြသည်။ ဤသည်ကို တာဝန်တစ်ခု အနေဖြင့်ပင် အားလုံးသိထား လိုက်ကြသည်။ ထိုတာဝန်မှာ ပေးသူယူသူ တစ်စတစ်စ ကြီးလေးသော ဝန်ကြီးဖြစ်လာ တော့သည်။ နောက်ဆုံး မခံစားနိုင် တော့သည့် အချိန်တွင် ငယ်ပေါင်း ချစ်လင်နှင့်ပင် ခေါင်းချင်းဆိုင် ရင်ဖွင့်မိသည်။ အိမ်ထဲ တွင် နေရင်းပင် ဖုန်းတစ်လုံးနှင့်ကမ္ဘာပတ် နေသော ချစ်လင်ယောက်ျား က ဒေါ်မှီ၏ အတ္တများကို လျှော့ချရန် နှစ်သိမ့်ရှာသည်။ ဒေါ်မှီပြောတိုင်း ပြန်ပြောသည့် စကားတစ်ခုက ''သူတို့ခေတ်နဲ့ တို့ခေတ် မတူတော့ ဘူးကိုးကွ၊ ပြီးတော့ မင်းလဲ အိမ်ပြင်လေး ဘာလေး ထွက်လေ့လာအုံး'' ဟူ၍ ဖြစ်သည်။

ဒေါ်မှီတစ်ယောက် မိမိ သားသမီးများနှင့် ပတ်သက်၍လည်း တံခါးပိတ် နှုတ်ဆိတ် နေခဲ့သည်မှာ ကြာခဲ့လေပြီ။ ယခုတော့ ချစ်လင် ယောက်ျား၏ အားပေးမှုဖြင့် ထိုသို့ မနေနိုင်တော့ပြီ။ ပတ်ဝန်းကျင် မှအသံများ၊ ပြောင်းလဲနေသော ခေတ် အခြေအနေ များကို ကိုယ်တိုင်သိရန် ကြိုးစား ရပေတော့မည်။ စိတ်ထဲတွင် သံမှိုစွဲနေသော ကုန်ဈေးနှုန်း ပြောင်းလဲမှုများကို ဖျက်ကာ ခေတ်ရေစီးကြောင်း ၏ ပြောင်းလဲမှု အသစ်များ ထပ်ထည့် ရပေမည်။ သို့မှသာ သားသမီးများနှင့် ပတ်ဝန်းကျင်တွင် ယခင်ကဲ့သို့ အဆင်ပြေပြေ လိုက်လျောညီထွေ နေနိုင်မည် ဖြစ်ပြီး သားသမီးများ တိုင်ပင် ပြောဆိုသည် များကိုလည်း သုံးသပ်ချင့်ချိန် နိုင်မည် ဖြစ်သည်။ ဒေါ်မှီ တစ်ယောက် ယခင်ကကဲ့သို့ ဘာပြောပြော ဘုတောရန်၊ ဆူငေါက်ရန် စိတ်ကူး မရှိတော့ပေ။ အကြောင်းမှာ ၄င်း၏ စိတ်တံခါးကို စေ့ထားရန် ဆုံးဖြတ် လိုက်သောကြောင့် ဖြစ်သည်။

ရတနာပုံနေ့စဉ် ၊ စာ(၁၃)



Monday, November 16, 2015

လည်ချင်းယှက်ပါလို့ နွှဲခါပျော်စံ


လည်ချင်းယှက်ပါလို့ နွှဲခါပျော်စံ

မဒါလေး

အိမ်ထောင်တစ်ခု ထူထောင်ရန် ခက်ခဲသကဲ့သို့ ထူထောင်ပြီးသော အိမ်ထောင်တစ်ခု ရေရှည်တည်တံ့ ရန်မှာလည်း လွန်စွာပင် ခက်ခဲပြီး နက်နဲလွန်းသည်။ အိမ်ထောင်ရေးကို အနုပညာနှင့် တင်စားလျှင် ထို အနုပညာကို ပါဝင် တင်ဆက်ရန် အတွက် သရုပ်ဆောင် များစွာလည်း လိုအပ်သည်။ ထို သရုပ်ဆောင် များထဲတွင် လင်နှင့်မယား ဆိုသူမှာ အဓိက ဇာတ်ဆောင်များ ဖြစ်ကြသည်။ ထိုသို့သော အနုပညာ ဆန်သည့် အိမ်ထောင်ရေးကို ဖြတ်သန်းကြမည့် သူများသည်လည်း အနုပညာ မြောက် ဖန်တီး တတ်သော စွမ်းအားများစွာ လိုအပ်သည်။ သို့သော် တကယ်လက်တွေ့ ကြုံတွေ့ရသော အိမ်ထောင်ရေး သည် သရုပ်ဆောင် သလောက် မလွယ်ကူပေ။ ထိုထက်ပိုပြီး ခက်ခဲသော၊ နက်နဲသော လျှို့ဝှက် ဆန်းကြယ်မှု များစွာ ကြုံတွေ့ နိုင်သည်။

အိမ်ထောင်ရေးတွင် အသက်အရွယ် ကွာဟမှုများလျှင် မဖြစ်သင့်သော စိုးရိမ်ပူပန်မှုများ တတ်သည်ဟု လူကြီးသူမ များက ပြောတတ်ကြသည်။ ယနေ့ခေတ်တွင် ယောက်ျားနှင့် မိန်းမ အသက်အရွယ်က အဓိက မကျဟု ဆိုသော်လည်း အသက်အရွယ် ထက် အတွေးအခေါ် အမြော်အမြင် က ပို အရေးကြီးသည်။ အသက်ငယ်သည် ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အိမ်ထောင် တစ်ခုကို ထိန်းသိမ်း နိုင်သည့် အရည်အချင်း ရှိရမည်။ ထို့ပြင် အိမ်ထောင်တစ်ခုကို တည်ဆောက် လိုသော် မိမိကိုယ်ကို ယုံကြည်ချက် ရှိရမည်။ ထို့နောက် မိမိလက်တွဲဖော် အပေါ်တွင် ယုံကြည်ချက် ရှိရမည်။ ထိုအရာများ၏ နောက်တွင်ကား စီးပွားရေးနှင့် လူမှုရေးတို့ တွဲကပ်လိုက်လျက် ရှိနေကြသည်။

လင်နှင့်မယား ဆိုသည်မှာ သာမန်ကြည့်လျှင် သူစိမ်းနှစ်ဦး ဘဝတစ်ခုကို အတူ ပေါင်းဖက်ရန် လျှောက်လှမ်းပြီး အတူ နေထိုင်ကြခြင်း ဖြစ်သည်။ လူနှစ်ဦး အတူ နေထိုင်ခြင်းသည် ဘာမျှ မပြောပ လောက်သော ကိစ္စဟု ဆိုနိုင်သော်လည်း ထိုသို့ အတူနေနိုင်ရန် ဝိုင်းဖွဲ့ထားသော လူမှု အခင်းအကျင်း ကမူ ကျယ်ပြန့်လွန်း လှသည်။ တူနှစ်ကိုယ် တဲအိုပျက် မှာ နေရဆိုသည်မှာ သီချင်းထဲတွင် ကျန်ခဲ့ရုံမက ကွယ်ပျောက် သွားသော ယုံတမ်းစကား ဖြစ်နေပေပြီ။ သို့အတွက် လင်နှင့်မယား ဖြစ်လာကြသော အိမ်ထောင် တည်ဆောက်သူ များသည် လူမှု အသိုင်းအ၀ိုင်း တစ်ခုတွင် တန်းတူ လျှောက်လှမ်းနိုင်ရေး အတွက် အပြိုင်အဆိုင် ကြိုးစား ရမည်ဖြစ်သည်။ ယနေ့ခေတ် တွင်မူ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုသည်မှာ တွင်ကျယ်လွန်း ရုံမက လက်တွေ့ ကျင့်သုံးရမည့် ဆောင်ပုဒ်တစ်ခု ဖြစ်နေသည်။ ယခင့် ယခင်က ကဲ့သို့ အိမ်ထောင်ဦးစီး ယောက်ျား ရှာဖွေသည်ကို ဇနီးမယားနှင့် သားသမီးများ ဇိမ်ကျကျ ထိုင်စားနိုင်သော ခေတ် မဟုတ်တော့ပါ။ ထိုသို့ထိုင်စား နိုင်လောက်အောင် ကံကောင်းသော အိမ်ထောင် ရှင်မများ ရှားလာပြီ ဖြစ်သည်။

အိမ်ထောင် တစ်ခုတွင် လင်နှင့်မယား ဆိုသည်မှာ တစ်ခါတစ်ရံ တွင် မောင်နှမကဲ့သို့ သော်လည်းကောင်း၊ တစ်ခါတစ်ရံတွင် သားအဖ ကဲ့သို့ သော်လည်းကောင်း၊ တစ်ခါတစ်ရံ တွင် သူငယ်ချင်း ကဲ့သို့ သော်လည်းကောင်း ပွင့်လင်း ရိုးသားရန် လိုအပ်သည်။ ရိုးသားခြင်း ကိုပင် ရှက်စရာ ထင်နေသော အချိန်အခါ အခြေအနေတွင် လင်နှင့်မယား ကြားတွင် အရိုးသားဆုံး စိတ်ရင်းဖြင့် ဆက်ဆံရန် ပိုလိုအပ်သည်။ ယောက်ျား၏ ကိစ္စအဝဝကို မိန်းမကသိရန် လိုအပ် သကဲ့သို့ မိန်းမလုပ်သော အလုပ် အကိုင်နှင့် လူမှုရေးကိစ္စ အဝဝကိုလည်း ယောက်ျားက သိရန် လိုအပ်သည်။ ထိုသို့ ပြုမူနေထိုင်မှ သာလျှင် သာယာသော အိမ်ထောင် တစ်ခု ဖြစ်လာမည် ဖြစ်သည်။ 

အချို့အချို့သော အိမ်ထောင် များတွင် တစ်ဦး နှင့်တစ်ဦး ဘာလုပ်လို့ ဘယ်သွားသည် ကိုပင်မသိဘဲ အမြဲ အပြစ်တင်ကာ အဖြေညှိ နေရသည် များကို တွေ့မြင် နေရသည်။ ထိုသို့ သံသယဖြင့် အမြဲတစေ တစ်ဦးနှင့်တစ်ဦး စောင့်ကြည့် နေပါလျှင် မည်သို့သော ပျော်ရွှင်ချမ်းမြေ့ မှုမျိုးမှ တွေ့လာလိမ့်မည် မဟုတ်ပါ။ ယောက်ျား၏ လုပ်ငန်းသည် မိန်းမနှင့် မဆိုင်ဟု ဆိုကာ အချိန်တန် လစာ အပ်ရေးသာ တွေးနေပါလျှင် လင်နှင့်မယားဟု အဘယ်ကြောင့် ခေါ်တော့ မည်နည်း။

အိမ်ထောင်တစ်ခု တည်ဆောက် ရာတွင် အဓိကကျသည့် အချက် တစ်ခုမှာ နေရေးထိုင်ရေးပင် ဖြစ်သည်။ ပထမဦးစွာ အိမ်ထောင်တစ်ခု မတည်ဆောက်မီ ကပင် မိဘများနှင့် အတူ နေမည်လော။ မိမိမိသားစု ကိုယ်ပိုင်နေရာ တစ်ခု ထူထောင်ပြီး နေမည်လော ထိုအချက် သည်လည်း အရေးကြီးသည်။ မိဘနှင့်အတူ နေလျှင် မည်သူ၏ မိဘများနှင့် အတူ နေမည်နည်း။ အတူနေမည့် မိဘများ၏ စိတ်သဘောနှင့် အပြုအမူ အကျင့်တို့ကို ကြိုတင်သိထား သင့်သည်။ ရေရှည် အတူနေထိုင် ရမည့် သူများ၏ အကျင့်စရိုက် တို့ကို ကြိုတင် သိထားမှ ရှောင်ရန် ဆောင်ရန်နှင့် အတူနေပါက ဖြစ်နိုင်၊ မဖြစ်နိုင် ချင့်ချိန် နိုင်မည်ဖြစ်သည်။ အတူနေပြီးမှ မိဘနှင့် အဆင်မပြေ သဖြင့် ဟိုပြောင်း သည်ပြောင်းနှင့် စိတ်ညစ်မှုပေါင်း များစွာကြုံတွေ့ ရသူများလည်း ရှိသည်။ ထိုသို့ ဖြစ်လာပါကလည်း လင်နှင့်မယား ကြားတွင် မလိုလားအပ်သော စိတ်ဝမ်းကွဲမှု များသာ ဖြစ်ပေါ်စေမည် ဖြစ်သည်။

မိမိကိုယ်တိုင် တည်ဆောက်သော ဘဝသည် အပျော်ရွှင် ရဆုံးနှင့် စိတ်ကျေနပ်မှု အပေးနိုင်ဆုံး ဖြစ်သည်။ ဘဝ၏ ဒုက္ခများကို ကိုယ်တိုင်ရင်ဆိုင် ဖြေရှင်းရင်း၊ တစ်ဦးကိုတစ်ဦး အားပေး နှစ်သိမ့်ရင်း သံယောဇဉ် ပိုတိုးစေမည် ဖြစ်သည်။ ယောက်ျားဖြစ်သူ အနေနှင့်လည်း ယောက်ျား တစ်ဦး၏ တာဝန်ယူမှု အပိုင်းများကို ပိုနားလည် လာမည် ဖြစ်သကဲ့သို့ မိန်းမတစ်ဦး၏ ထိန်းသိမ်း စောင့်ရှောက် နိုင်မှုများ ကိုလည်း ပိုမြင်နိုင် လာမည် ဖြစ်သည်။မည်သူတစ်ဦး တစ်ယောက်၏ အကူအညီမျှ မပါသဖြင့် မိမိကိုယ်ပိုင် ဘဝကို တန်ဖိုးထား တတ်လာမည်မှာ အမှန်ပင် ဖြစ်သည်။

ကိုယ်တိုင် တည်ဆောက်ရသော ဘဝ၏ အရသာနှင့် အောင်မြင်မှုသည် မိမိတို့ မိသားစုအတွက် ငြိမ်းချမ်းမှု တစ်ခု ရှိစေမည်မှာ အမှန်ပင် ဖြစ်သည်။ မိမိကိုယ်တိုင် တယုတယ မွေးမြူရှင်သန် စေခဲ့သော ဘဝတစ်ခုကို ဖျက်ဆီးရန်မှာ လူတိုင်းပင် ဝန်လေးကြမည် ဖြစ်သော်လည်း တစ်ခါတစ်ရံ ဖျက်ဆီးချင်သည့် စိတ်ရိုင်း စိတ်မိုက်များ ဝင်လာ တတ်သည်။

လူတိုင်းကိုယ်စီ မိမိဘဝ၊ မိမိ၏ မိသားစုဘဝ၊ မိမိကိုယ်တိုင် တည်ဆောက် ထားသောဘဝ တို့ကို ပိုမိုတန်ဖိုးထား စေချင်သည်။ ထို့ပြင် မိမိမပိုင်သော သူတစ်ပါး ဘဝများကို နှိမ့်ချ စော်ကားခြင်း၊ စာနာမှု ကင်းမဲ့သည့် အပြုအမူများ၊ မေတ္တာမဲ့စွာ ပြောဆို ဆက်ဆံခြင်းများ ကိုလည်း တန်ဖိုးထား ထိန်းသိမ်း စေချင်သည်။ မိမိကိုယ်တိုင် ရွေးချယ် ထားသည့် အိမ်ထောင်ဖက် ကိုလည်း ကြင်နာမှု ပေါင်းများစွာ၊ စာနာမှုပေါင်း အနန္တဖြင့် ဆက်ဆံ စေလိုသည်။ သို့မှသာ ''သောင်ယံမှာ မောင်နှံငှက်ကယ် တို့ လည်ချင်းယှက် ပါလို့ နွှဲခါပျော်စံ ဆိုသည့် ယမုန်နာ သီချင်းမှ ရွှေဟင်္သာမောင်နှံ ကဲ့သို့ တစ်ဦးကို တစ်ဦး ကယုကယင် ချစ်တုံ့တင် နိုင်မည် ဖြစ်ပြီး အိမ်ထောင်ရေး သည်လည်း ရေရှည်တည်တံ့ နိုင်ပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

#Yadanarpondaily

Friday, November 6, 2015

ဂျပန်တို့၏ အလေ့အကျင့်ကောင်းများ



ဇော်နောင်ဟိန်း ( Guitar )

မတူညီတဲ့ ဓလေ့ထုံးစံတွေ၊ အမူအကျင့်တွေ ဆိုတာ နိုင်ငံအလိုက် ကွဲပြားစွာ ရှိနေတတ် ပါတယ်။ အမေရိကန်က စားသောက်ဆိုင် တွေမှာ ဝိတ်တာတွေကို စားသုံးသူ တွေက Tip လို့ခေါ်တဲ့ ဘောက်ဆူးပေးတဲ့ အလေ့အထ ရှိပါတယ်။ နယူးဇီလန် မှာတော့ ကိုယ့်မိတ်ဆွေ ရှိလို့ဆိုပြီး ဝမ်းသာမစော လေနဲ့။ စားသောက်ဆိုင် ထိုင်တဲ့အခါ ကိုယ်စားတာ ကိုယ်ရှင်းရမှာပါ။ ဘရာဇီးနိုင်ငံ မှာဆိုရင် မိတ်ဆွေ သူငယ်ချင်းတွေ တွေ့ကြရင် ပါးကို သုံး၊ လေးချက်လောက် နမ်းပြီး အားပါးတရ နှုတ်ဆက်တတ် တာမျိုးကို တွေ့လို့လဲ အထင်မလွဲ လိုက်နဲ့အုံး။ ဒါ သူတို့ ထုံးစံတစ်ခုပါ။ ပြင်သစ် ရောက်တဲ့အခါ အမေရိကန်မှာလို Tip သွားမပေး လေနဲ့။ ဝိတ်တာတွေရဲ့ ဝန်ဆောင်ခကို ကျသင့်ငွေထဲမှာ ထည့်ပေါင်းထားပြီး သားပါ။ ဂျပန်နိုင်ငံကို ရောက်ရင်တော့ သင်ဘယ်လို နိုင်ငံကပဲ လာလာ ခါးလေးကုန်းပြီး အရိုအသေ ပေးကြ ပါလိမ့်မယ်။

တစ်ချိန်က ပါးရိုက်၊နားရိုက်နဲ့ အလွန်ကြမ်းတမ်း ခဲ့တဲ့ ဂျပန်တွေ အခုတော့လဲ အံ့သြစရာ ကောင်းလောက်အောင် ပြောင်းလဲသွားပြီ။ ချစ်စရာ အပြုံးလေးနဲ့ နှုတ်ဆက် တတ်ပုံများ မြင်ရသူတိုင်း ကြည်နူးစရာပါ။ Homeless ဆိုတဲ့ အိမ်ယာမဲ့တွေ ရှိနေပေမယ့် ဣနြေ္ဒရရ ပါပဲ။ နေ့ခင်းမှာ စားဝတ်နေရေး အတွက် လုပ်စရာရှိတာ လုပ်ပြီး ညပိုင်း အနားယူချိန် မှာတော့ တိတ်ဆိတ်တဲ့ နေရာတစ်ခုကို သွားပြီး ကားကို ရပ်ထားမယ်။ ပြီးရင် ဂက်စ်မီးဖိုလေးနဲ့ ချက်ပြုတ် စားသောက်မယ်။ ပြီးရင် ကားထဲမှာပဲ အိပ်စက် အနားယူမယ်။ တချို့ Homeless တွေကတော့ စာအုပ်အဟောင်းတွေ စုဆောင်းပြီး ရောင်းချတဲ့ အလုပ်လုပ်တာ တစ်လ မြန်မာငွေကျပ် သိန်း ၄ဝ လောက်ထိ ဝင်တဲ့လတွေ ရှိပါတယ်။

ဂျပန်နိုင်ငံ ချမ်းသာသလို နိုင်ငံသားတွေလဲ လောက်ငတဲ့ ဝင်ငွေနဲ့ အဆင်ပြေပြေ နေနိုင်ကြ ပါတယ်။ ဒါပေမဲ့ အိမ်ဖော်ဆိုတဲ့ လူတန်းစား အတော်ရှား ပါတယ်။ စက်ရုံ ၁၀ ရုံလောက်ပိုင်တဲ့ သူဌေးကလဲ တံမြက်စည်း ကိုယ်တိုင်လှည်းမှာ ဖြစ်သလို အိမ်သာ ကိုယ်တိုင်ဆေး မှာပါ။ အိမ် သန့်ရှင်းရေး ကိုယ်တိုင် လုပ်မှာပါ။ အသက် ၇ဝ၊ ၈ဝ အဘိုး၊အဘွား တွေကလဲ လုပ်ငန်းခွင်က အနားယူသွား ရင်တောင် အိမ်က စိုက်ခင်း လေးတွေမှာ ကြက်သွန်စိုက်မယ်။ မုန်လာဥ စိုက်မယ်ဆိုတဲ့ အလုပ်တွေနဲ့ အနားမယူနိုင် ကြပါဘူး။ ''သူတို့ လုပ်နိုင်သေးတယ်'' ဆိုတာကို ဂုဏ်ယူကြတာ မျိုးပါ။ စိုက်ခင်းက ရတဲ့ အသီးအနှံတွေကို ခင်မင်တဲ့ မိတ်ဆွေတွေကို ပေးကမ်းလေ့ ရှိပါတယ်။

နှစ်စဉ်လိုလို၊ လစဉ်လိုလို ငလျင်လှုပ်လေ့ ရှိပေမယ့် သူတို့အတွက် တော့ မထူးဆန်း တော့တဲ့ ဖြစ်စဉ်တစ်ခု ပါ။ တစ်ခါတစ်ရံ ၄၊၅ ရက်လောက် ဆက်တိုက် လှုပ်တတ် ပါသေးတယ်။ လာမယ့်ဘေး ပြေးတွေ့ ဆိုသလို ငလျင်ငယ်လေး တွေအတွက် ခံနိုင်ရည် ရှိမယ့် အဆောက် အအုံတွေ ပြင်ဆင်ထားပြီး ပါပြီ။ တွင်းထွက် ပစ္စည်းရယ်လို့ ပီပီပြင်ပြင် မရှိတဲ့ ဂျပန်နိုင်ငံ အနေနဲ့ သဘာဝ ဘေးကြောင့် သူတို့ စီးပွားရေးကို အထိခိုက် မခံဘဲ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံအဖြစ်က ကျမသွား စေခဲ့ပါဘူး။

ဂျပန်နိုင်ငံက စာသင်ကျောင်း တွေမှာ နေ့စဉ် ၁၅ မိနစ်ခန့် ကျောင်းသား၊ ကျောင်းသူ တွေကို ကျောင်း သန့်ရှင်းရေး လုပ်စေပါတယ်။ ရံဖန်ရံခါ ရပ်ကွက်ထဲ လှည့်ပြီး သန့်ရှင်းရေး ဆောင်ရွက်စေ ပါတယ်။ ''အမှိုက်မပစ်ရ'' လို့ ပြောစရာ မလိုတော့ဘဲ ''ဒီလို စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် သူတွေရှိလို့ တို့ကျောင်းသားတွေ လိုက်ကောက် နေကြရတာ။ တို့လဲ အမှိုက်မပစ် မိအောင် ဆင်ခြင်ရမယ် '' ဆိုတဲ့ ကိုယ်ချင်းစာ တရားရှိတဲ့ သူတွေ ဖြစ်အောင် ပျိုးထောင် ပေးလိုက်တာ ပါပဲ။ အမှိုက်ကောက်တာ ကနေ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးထိ တွေးနိုင်အောင် လုပ်ပေး လိုက်တာပါ။ သတ်မှတ်ထားတဲ့ အမှိုက်အိတ်မှာ အမှိုက်ပစ် တတ်အောင် သင်ကြားပေး ပါတယ်။ 

အဖြူ၊ အနီ၊ အပြာ ဆိုတဲ့ ရောင်စုံ ပလတ်စတစ်အိတ် တွေမှာ စားကြွင်းစားကျန် အမှိုက် ၊ ပလတ်စတစ် အမှိုက်၊ သံဘူး သံထည်အမှိုက် စသည်ဖြင့် ခွဲခြားပြီး စွန့်ပစ်ရပါတယ်။ သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ အမှိုက်အိတ်ကို သွားချထား၊ သတ်မှတ်ရက် ရောက်ရင် အမှိုက်သိမ်းကားက လာယူသွား တာပါ။ အမှိုက်သိမ်းရင်း လမ်းတစ်လျှောက် ကားပေါ်က အမှိုက်တွေ ကျကျန် ခဲ့တာမျိုး မရှိစေရပါဘူး။

ဂျပန်လူမျိုး တွေက ခွေးချစ်ကြ ပါတယ်။ အိမ်အများစုမှာ ခွေးမွေး ကြပါတယ်။ ခွေးတစ်ကောင်ကို မြန်မာငွေကျပ် သိန်း ၅ဝ တန်လောက်ထိ ရှိပါတယ်။ ဒီထက် တန်ဖိုးကြီး တာတွေလဲ ရှိအုံးမှာပါ။ ခွေးကျန်းမာရေး အတွက် ခွေးကျောင်း ထွက်တဲ့အခါ ခွေးလေးတွေက စွန့်ပစ်တဲ့ အညစ်အကြေး တွေကို သန့်ရှင်းရေး လုပ်ဖို့ တစ်ရှူးထုပ်နဲ့ အမှိုက်အိတ် တို့ကို တစ်ပါတည်း ယူဆောင်သွားကြ ပါတယ်။ လမ်းပေါ်မှာ အညစ်အကြေး တွေကို ဒီအတိုင်း မထားခဲ့ပါဘူး။ ကိုယ့်သား၊ သမီးရဲ့ အညစ်အကြေး လိုမျိုး ပြုံးပြုံးရွှင်ရွှင် တစ်ရှူးနဲ့ ကောက်ပြီး အိတ်ထဲထည့် ပြီးရင် အနီးအနားက အမှိုက်ပုံးထဲ စနစ်တကျ ထည့်ကြတာပါ။

ဂျပန်လူမျိုး တွေဟာ အချိန်ကို လေးစားကြ ပါတယ်။ ဂျပန်နိုင်ငံမှာ ရထား နောက်ကျတဲ့ အချိန်ကြာနှုန်းဟာ တစ်လလုံးမှာ ခုနစ်စက္ကန့်ပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒီထက် နောက်ကျမှု နည်းတဲ့ လတွေလဲ ရှိပါတယ်။ အချိန်ကို အလွန် လေးစားတဲ့ ဂျပန်လူမျိုး တွေဟာ သူတို့ နှစ်သက်တဲ့ အရာတစ်ခု အတွက် ဆိုရင်တော့ စိတ်ရှည်ရှည်နဲ့ အချိန်ပေးတတ် ပြန်ပါတယ်။ မနက် ၈ နာရီစမယ့် အလုပ်ချိန် အတွက် နာရီဝက် လောက်စောပြီး ရောက်နေတတ် ပါတယ်။ အလုပ်စချိန် အချက်ပေး ဥသြသံ မတိုင်ခင် လုပ်ငန်းခွင်ထဲ ရောက်နေလေ့ ရှိပါတယ်။ တစ်ခါ သူတို့ အလွန်ကြိုက်တဲ့ စားစရာ တစ်ခုခုအတွက် တန်းစီပြီး စောင့်ရမယ် ဆိုရင်လဲ အချိန်အကုန်ခံပြီး စောင့်ကြပါတယ်။ 

ဂျပန်နိုင်ငံက ရွှေတံဆိပ်ဆုရ လမယ် ခေါက်ဆွဲဆိုင် တွေမှာဆိုရင် ဆိုင်ရဲ့အပြင် ကနေ မတ်တတ်ရပ်ပြီး စောင့်ရတဲ့ အခြေအနေမျိုး တွေထိ ရှိတတ်ပါတယ်။ အားလပ်ရက် တွေမှာဆိုရင် ငါးကြိုက်တဲ့ ဂျပန်လူမျိုး တွေက ကားနောက်ခန်းမှာ ငါးမျှားတံထည့်၊ ထီးကြီးကြီး တစ်ချောင်းယူ၊ ပြီးရင် ဂက်စ်မီးဖိုနဲ့ ဂက်စ် အလုံအလောက် ထည့်ပြီး ငါးမျှားထွက် ပါတယ်။ တစ်နေကုန် ငါးမျှားလိုက်၊ ရတဲ့ငါး ကင်စားလိုက်နဲ့ အားလပ်ရက်ကို ဖြတ်သန်းကြလေ့ ရှိပါတယ်။ ငါးမျှားတံ တစ်ချောင်းကို မြန်မာငွေ လေး၊ ငါးသောင်းထိ တန်ဖိုး ရှိပါတယ်။

တချို့နိုင်ငံ တွေမှာ ဥပဒေအရ ကန့်သတ်ထား ပေမယ့် ဂျပန်နိုင်ငံ မှာတော့ ဆွံ့အ နားမကြား တွေကို ကားမောင်းခွင့်ပြု ထားပါတယ်။ ဆွံ့အ နားမကြား တစ်ယောက် အနေနဲ့ ယာဉ်မောင်း လိုင်စင် လျှောက်ထားခွင့် ရှိပါတယ်။ ယာဉ်မောင်းလိုင်စင် ရရှိပြီးရင် အလုပ်သွား၊ အလုပ်ပြန် ကိုယ်တိုင် ကားမောင်း သွားရုံပါပဲ။ ဆွံ့အ နားမကြား တစ်ယောက်ဟာ တစ်လကို မြန်မာငွေကျပ် ၁၉ သိန်းလောက် ရရှိပါတယ်။ တခြား ဝန်ထမ်းတွေလို အကျိုးခံစားခွင့် ရရှိပေမယ့် အချိန်ပို အလုပ်ချိန်ကို ကန့်သတ်ချက် ထားပါတယ်။

ဂျပန်နိုင်ငံမှာ မိုဘိုင်းလ်ဖုန်း သုံးစွဲခွင့် မရှိတဲ့ နေရာတွေ ရှိပါတယ်။ ရထားပေါ်မှာ၊ ဘတ်စ်ကားပေါ်မှာ မဖြစ်မနေ ဖုန်းပြောရမယ် ဆိုရင် ညင်သာစွာ ပြောဆိုကြ ပါတယ်။ အင်္ဂလိပ်လို SOFTBANK ၊ ဂျပန်လို ''ဆိုတိုဘဲန့်ခု'' လို့ ခေါ်တဲ့ ဖုန်းကုမ္ပဏီ တစ်ခုက ဖုန်းသုံးစွဲသူ တွေကို ပေးထားတဲ့ ဝန်ဆောင်မှုက ဝမ်းမြောက် ဖွယ်ရာပါ။ သုံးစွဲသူ တစ်ယောက်က သူ့နာမည်၊ မှတ်ပုံတင်နဲ့ SIM CARD ငါးခုဝယ်တယ် ဆိုရင် မိသားစုဖုန်းလို့ ခေါ်ပါတယ်။ မိသားစုဖုန်း အချင်းချင်း ပြောဆိုသမျှ ဘေလ် မထွက်ပါဘူး။ တစ်ခါ ည ၉ နာရီနောက်ပိုင်း ဆိုရင် ဖုန်းအားလုံး အခမဲ့ပြောဆိုခွင့် ပေးထားပါတယ်။ နိုင်ငံခြားသားတွေ အနေနဲ့ ဂျပန်နိုင်ငံကနေ ကိုယ့်နိုင်ငံကို ဖုန်းခေါ်ဆိုမယ် ဆိုရင် ငွေဖြည့်ကတ် လေးတွေ ဝယ်ယူကြ ရပါတယ်။ ဒီကတ်လေးတွေ အတွက် ဗုဒ္ဓဟူးနေ့ ဖြစ်စေ သတ်မှတ်ထားတဲ့ ရက်တစ်ရက်မှာ အသုံးပြုမယ် ဆိုရင် ကတ်တန်ဖိုးထက် နှစ်ဆ အသုံးပြုခွင့် ရမှာ ဖြစ်ပါတယ်။

အလေ့အကျင့်တွေ၊ ဓလေ့ထုံးစံတွေ ဆိုတာ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ၊ မိသားစုတစ်စုနဲ့ တစ်စု ကွဲပြားမှုတွေ ရှိနေတတ် ပါတယ်။ ဒီနေရာမှာ ဘယ်နိုင်ငံက ဘာကြောင့် တိုးတက်တာလဲ၊ ဘယ် မိသားစုက ဘာကြောင့် တိုးတက်တာလဲ ဆိုတဲ့ အဖြေကို ရအောင်ရှာ ရမှာပါ။ ရလာတဲ့ အဖြေတစ်ခုကို အတုယူ ကြိုးစားရင်း အောင်မြင်မှုတွေ ရယူနိုင်ကြ စေဖို့ ရေးသားလိုက်ရ ပါတယ်။

#Yadanarpondaily

Wednesday, November 4, 2015

အထက်မြန်မာပြည်၏ ပထမဦးဆုံးသော မသန်စွမ်းကလေးများ အခမဲ့ပညာသင်ကျောင်း ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် ဖွင့်လှစ်မည်


မန္တလေး ၊ ၄-၁၁-၂၀၁၅

မြန်မာနိုင်ငံအတွင်းရှိ မသန်စွမ်းမှုများကို အမျိုးအစား လေးမျိုးခွဲခြား ထားရာ အဆိုပါ အမျိုးအစားများမှ ဉာဏ်ရည် မသန်စွမ်း ကလေးငယ်များကို ဦးစားပေး သင်ကြားပေးမည့် အထက် မြန်မာပြည်၏ ပထမဦးဆုံးသော မသန်စွမ်း ကလေးငယ်များကို သင်ကြား ပေးမည့် အခမဲ့ ပညာသင်ကျောင်း ကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု ဖွင့်လှစ်မည့် အခမဲ့ပညာ သင်ကျောင်းကို စမတ်တစ် ကောလိပ်၏ ဦးဆောင်မှုဖြင့် မန္တလေး အောင်မြေသာစံ မြို့နယ် အတွင်းရှိ အိုးဘိုပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း၌ ဖွင့်လှစ်မည် ဖြစ်သည်။

''လက်ရှိ အနေအထားမှာ မသန်စွမ်း ကလေးတွေနဲ့ ပတ်သက်ပြီး မိဘ ၊ ညီအစ်ကို မောင်နှမ တွေက ပြုစုစောင့်ရှောက် ပေးဖို့ပဲ ဦးစားပေး နေကြတယ်။ နောက်ပြီး ကလေးတွေကို မသန်စွမ်းတဲ့ အတွက် ပညာ သင်ကြားပေးလို့ မရနိုင်ဘူးလို့ မှတ်ယူထား ကြတယ်။ ဒါကြောင့် မသန်စွမ်း ကလေးငယ် တွေရဲ့ပညာသင်ကြား မှုနဲ့အတူ အခြား အခွင့်အရေး တွေလဲ ဆုံးရှုံးနေကြ ရတယ်။ မသန်စွမ်း ကလေးတွေ ဆိုရင် သူတို့နဲ့ ပတ်သက်သူ တွေက ပြုစုစောင့်ရှောက် ပေးကြဖို့ပဲ ဦးတည်နေတယ်။ စောင့်ရှောက်ပေးတာ ကောင်းမွန် ပေမယ့် သင်ကြားပေး နိုင်ဖို့ လိုအပ်ပါတယ်။ စောင့်ရှောက်မှု ဘယ်လောက် ကောင်းကောင်း သင်ကြားမှု မပေးနိုင်ရင် ကိုယ့်ဘာသာကိုယ် ရပ်တည် နိုင်မှုတွေ ပျောက်ဆုံး သွားနိုင် ပါတယ်။ဒါကြောင့် မသန်စွမ်း ကလေးတွေကို ကိုယ့်ဘာသာ ရပ်တည် နိုင်စေဖို့ ဦးတည်ချက်နဲ့ အခုကျောင်းကို ဖွင့်လှစ်ပေး မှာပါ'' ဟု အခမဲ့ပညာ သင်ကျောင်း ဖွင့်လှစ်နိုင်ရန် စီစဉ် နေသည့်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

လက်ရှိအချိန်တွင် မန္တလေးမြို့၌ မသန်စွမ်း ကလေးငယ် များကို အခကြေးငွေ ယူ၍ သင်ကြားပေး နေသည့်ကျောင်းများ ရှိသော်လည်း ယခု ဖွင့်လှစ်မည့် ကျောင်းသည် အထက် မြန်မာပြည် ၏ ပထမဦးဆုံးသော အခမဲ့ ပညာသင် ကျောင်းဖြစ်ပြီး မသန်စွမ်း အုပ်စု လေးမျိုးမှ ဉာဏ်ရည် မသန်စွမ်း ကလေးငယ်များ စာဖတ်တတ် လာ စေရန်နှင့် မိမိဘာသာ ရပ်တည်နိုင် စေရန်ကို ရည်ရွယ်၍ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဟု သိရသည်။

မသန်စွမ်း ကလေးများ အခမဲ့ပညာ သင်ကျောင်းကို ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ် မည်ဖြစ်ကာ ကျောင်းသားများ ကျောင်းအပ် လက်ခံပေး မှုကို ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ တွင် လက်ခံမည် ဖြစ်ပြီး ကျောင်းသားဦးရေ ၁၅ဝ ခန့် လက်ခံသင်ကြား ပေးသွားမည် ဖြစ်သည်။ ကျောင်းဖွင့်လှစ်မည့် အိုးဘိုပရဟိတ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်းကို ၁၉၉၅ ခုနှစ်က စတင်ဖွင့်လှစ် ခဲ့ပြီး ယခု ပညာသင်နှစ်တွင် ရှင်သာမဏေ အပါးတစ်ရာ ကျော် အပါအဝင် ကျောင်းသား လေးရာကျော်ကို ကျောင်းပညာ သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

ရတနာပုံနေ့စဉ်

Monday, October 26, 2015

တန်ဖိုးရှိသောစကား


တန်ဖိုးရှိသောစကား

လူ့လောက နယ်ပယ်တွင် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံ ကြရာ၌ စကားပြော ခြင်းသည် အလွန် အရေးပါသော အဓိက အကြောင်းရင်း ဖြစ်သည်။ မိမိပြောဆို လိုက်သည့် စကား တစ်လုံးကြောင့် တစ်ဖက်လူ ၊ တစ်စုံ တစ်ယောက်အပေါ် (သို့မဟုတ်) အများပြည်သူ တို့အပေါ် အနှောင့်အယှက် မဖြစ်စေရန်၊ စိတ်နာစရာ မဖြစ်စေရန် ပြောဆို ဆက်ဆံခြင်း များကို အထူး သတိထား ရှောင်ကြဉ်ကြ ရမည် ဖြစ်သည်။

''အမှားအများဆုံး ဖွင့်ဆိုသော အရာသည် နှုတ်ခမ်း ဖြစ်နေခြင်းကြောင့် ဆိတ်ဆိတ်နေပါ (သို့မဟုတ်) ဆိတ်ဆိတ် နေခြင်းထက် ပိုပြီး တန်ဖိုးရှိသော စကားကို ဆိုပါ''ဟု စာရေး ဆရာကြီး ပိုက်သာဂိုးရပ်စ် က ဆိုထား သကဲ့သို့ ဂျပန်စကားပုံ တစ်ခုတွင်လည်း ''လျှာဟူသည် သုံးလက်မသာ ရှည်၏။ သို့သော် အရပ်ခြောက်ပေ ရှိသော လူတစ်ယောက်ကို သေစေရန် ဖန်တီးနိုင်သည်'' ဟု ဆိုထားသည်။

တန်ဖိုးရှိသော စကားကို ပြောတတ်ရန် အရေးကြီးသည်။ မိမိပြောဆို လိုက်သော စကား တစ်ခွန်းကြောင့် တစ်ဖက်လူကို မီးလိုပူလောင် စေနိုင် သကဲ့သို့ ရေလိုလည်း အေးမြ စေနိုင်သည်။ လူတစ်ဦး၊ တစ်ယောက်ကို ချစ်အောင်၊ မုန်းအောင် လုပ်နိုင်သည်မှာ စကားဖြစ်သည်။ ထို့ကြောင့် စကားကို မပြောမီကပင် ဆင်ခြင်တုံတရား လက်ကိုင် ထားကာ စဉ်းစားတွေးတော ပြီးမှသာ ပြောသင့်၊ မပြောသင့်ကို ချင့်ချိန်၍ ပြောသင့်မှသာ ပြောကြရန် လိုသည်။

စကားများများ ပြောပါက အမှား ပါတတ်သည်။ ''စကား စကားပြောပါများ စကားထဲက ဇာတိပြ၊ စကားနောက် တရားပါ၊ စကားနည်းရန်စဲ၊ စကားများ အမှားပါ'' စသည့် စကားနှင့် ပတ်သက်သော ဆိုရိုးများကို ရှေးလူကြီး များက ဖွဲ့ဆိုထား ခဲ့ကြသည်။ ထို့ကြောင့် လူတိုင်းလူတိုင်း အနေဖြင့် အလုပ်များ နေသော၊ မအားလပ်သော ကြားကပင် စကားပြော နေကြရသည်။ ရုံးဌာန အသီးသီးမှ ဝန်ထမ်းများ အချင်းချင်း၊ ကျောင်း စာသင်ခန်း များမှ ကျောင်းသား၊ ကျောင်းသူများ အချင်းချင်း၊ မိသားစု အချင်းချင်း မပြောမဖြစ်သော စကားများကို ပြောဆို နေကြရသည်။ ထိုသို့ ပြောဆိုကြ ရာတွင် ကိုယ့်အသိ၊ ကိုယ့်အတွေး၊ ကိုယ့်အမြင် များကို ရှုထောင့်  အမျိုးမျိုးမှ ပြောဆိုနေကြ သော်လည်း မိမိပြောဆို လိုက်သော စကား တစ်လုံးသည် တန်ဖိုးရှိသော စကားဖြစ်ရန် လိုသည်။

ထို့ပြင် စကားပြောဆို ရာတွင် ပြောချိန် ၊ ပြောခွင့်သင့်မှ ပြောခြင်း ၊ ဟုတ်မှန်သည့် စကားကိုသာ ပြောခြင်း၊ အကျိုးစီးပွားနှင့် ဆက်နွှယ် ပြောခြင်း၊ တရားနှင့် စပ်သော စကားပြောခြင်း၊ ချစ်ဖွယ်သော စကားကို ပြောခြင်း၊ ပြုံးရွှင်မှု ရှေ့ထား၍ ပြောခြင်း၊ အဆောတလျင် မပြောရခြင်း၊ မြို့ကြီးသူတို့ အသုံးအနှုန်း ဓလေ့ကို ယူပြီးပြောခြင်း၊ မတိုမရှည်၊ မပိုမလို၊ ချင့်ချိန်ပြောခြင်း၊ သန့်ရှင်းသေချာ၊ တိကျ ပြတ်သားစွာ ပြောခြင်း ဟူသည့် စကားအင်္ဂါ ၁ဝ ပါးနှင့် ညီညွတ်စွာ ပြောဆိုကြ ရမည် ဖြစ်သည်။

သို့ဖြစ်ရာ ''ပါးစပ်မှာဓား၊ သတိထား၊ စကား ဆင်ခြင်ပြော၊ အကျိုးရှိ၊ မရှိ ဆင်ခြင်ကြည့်၊ အကျိုးရှိမှပြော၊ ပြောသင့်၊ မပြောသင့် ပြောသင့်ခါ မှပြော''ဟူသည့် ဆုံးမစကားကို လက်ကိုင် ထားကာ တန်ဖိုးရှိသော စကားများကိုသာ ပြောသင့်ပါကြောင်း စေတနာထား ရေးသား လိုက်ရပေသည်။

(အယ်ဒီတာ့အာဘော်)

#Yadanarpondaily

Friday, October 9, 2015

ရန်ကုန်မြို့ရှိ ဗြိတိသျှကောင်စီ တွင် ကလေးငယ်များ စာဖတ်ပြိုင်ပွဲ ကျင်းပမည်


ရန်ကုန် ၊ ၉-၁၀-၂၀၁၅

မြန်မာနိုင်ငံရှိ ကလေးငယ်များ အတွက် Reading Challenge စာဖတ်ပြိုင်ပွဲ တစ်ခုကို နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ ဗြိတိသျှ ကောင်စီ၌ ကျင်းပရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အင်္ဂလန်နိုင်ငံ၌ နှစ်စဉ် ကျင်းပသော Summer Reading Challenge ပြိုင်ပွဲကို နမူနာယူကာ မြန်မာနိုင်ငံရှိ ကလေးငယ် များနှင့် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သော အလေ့အထ ရင့်သန် လာစေရန်
ရည်ရွယ်ချက်ဖြင့် ရန်ကုန်မြို့ရှိ ဗြိတိသျှ ကောင်စီမှ ဦးစီး ကျင်းပမည့် Reading Challenge စာဖတ်ပြိုင်ပွဲတွင် အဆင့် နှစ်ဆင့်ခွဲပြီး ကျင်းပရန် စီစဉ်ထားသည်။

ပြိုင်ပွဲ ပထမအဆင့် တွင် စာကြည့်တိုက်ရှိ Knowledge Garden ၌ ခင်းကျင်း ပြသထားသည့် စာအုပ်များထဲမှ အနည်းဆုံး စာအုပ် ခြောက်အုပ်ကို ရွေးချယ် ဖတ်ရမည် ဖြစ်သည်။

ယင်းပြိုင်ပွဲ ဒုတိယအဆင့် တွင် မိမိ ဖတ်ထားသော စာအုပ်များထဲမှ စာအုပ် တစ်အုပ်ကို ရွေးချယ်ကာ အကျဉ်းချုပ် ရေးရမည့် အပြင် စာအုပ်ထဲတွင် ပါဝင်သော မိမိ နှစ်သက်ရာ ဇာတ်ကောင် တစ်ကောင်၏ ပုံကိုလည်း ရေးဆွဲ၍ ပြိုင်ပွဲဝင် ရမည် ဖြစ်သည်။

ပြိုင်ပွဲတွင် ထူးချွန်စွာ စာဖတ်စွမ်းရည် ပြသနိုင်သော ပြိုင်ပွဲဝင် ကလေးငယ်များကို ဒီဇင်ဘာလတွင် ဆုပေးပွဲ အခမ်းအနား ကျင်းပကာ ဆုများနှင့် ဂုဏ်ပြုလွှာများ ထိုက်ထိုက် တန်တန် ပေးအပ်ချီးမြှင့် သွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါ Reading Challenge စာဖတ် ပြိုင်ပွဲတွင် အသက် ခုနစ်နှစ်မှ ၁၅ နှစ်အတွင်း ရှိ ကလေးငယ်များနှင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး အသေးစိတ် သိရှိလိုပါက ဖုန်း – ဝ၁- ၃၇ဝ၉၃၃ လိုင်းခွဲ - ၃၃၁၆ သို့ ဆက်သွယ်စုံစမ်း မေးမြန်း နိုင်ကြောင်း သိရသည်။

ကိုဆောင်း (ဥက္ကလာ)

မြ၀တီနေ့စဉ် ၊ စာ(၄)

#Themawadydaily

Wednesday, September 16, 2015

eTekkatho ဒီဂျစ်တယ် စာကြည့်တိုက်စနစ် စတင် အသုံးပြုနိုင်


 http://www.etekkatho.org/

ရန်ကုန် ၊ ၁၆-၉-၂၀၁၅

ဗြိတိသျှကောင်စီ စာကြည့်တိုက် (ရန်ကုန်)တွင် မန်ချက်စတာ တက္ကသိုလ်မှ ပြုလုပ် ထားသည့် eTekkatho ဒီဂျစ်တယ် စာကြည့်တိုက် စနစ်ကို စက်တင်ဘာလ ၁ဝ ရက်မှ စတင် အသုံးပြု နိုင်ကြောင်းသိရသည်။ 

အဆိုပါ ဒီဂျစ်တယ် စာကြည့်တိုက်တွင် ဘာသာရပ် ပေါင်းစုံမှ လေ့လာ ကိုးကားစရာ စာအုပ်၊ စာတမ်းပေါင်း ၁၇ဝဝ ကျော်နှင့် အထူးစုဆောင်း ထားသော သင်ခန်းစာများ ပါဝင်ပြီး မြန်မာနိုင်ငံ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းများတွင် အထောက်အကူ ပြုစေရန် အတွက် ရည်ရွယ် ဖွင့်လှစ်ခြင်း ဖြစ်သည်။

eTekkatho ဒီဂျစ်တယ် စာကြည့်တိုက်ကို အင်တာနက်လိုင်း ချိတ်ဆက်ရန် မလိုဘဲ အော့ဖ်လိုင်း အနေဖြင့် အသုံးပြုနိုင် သကဲ့သို့ အင်တာနက် ကွန်နက်ရှင် မမြန်သော နေရာများ တွင်လည်း အွန်လိုင်း အနေဖြင့် အသုံးပြုနိုင်ရန် တည်ဆောက် ထားခြင်း ဖြစ်ကြောင်း သိရသည်။

စာကြည့်တိုက်တွင် ပါဝင်သော အဓိက ဘာသာရပ် များမှာ Geography, Earth Sciences, Environment, English Language, Education, Teacher Training, Information Technology, Mathematics စသည်တို့ ဖြစ်သည်။ အထူး စုဆောင်းထားသော သင်ကြား လေ့လာရေး ဆိုင်ရာ အထောက် အကူပြု သင်ခန်းစာများ ကိုလည်း လေ့လာနိုင်မည် ဖြစ်သည်။

eTekkatho ဒီဂျစ်တယ် စာကြည့်တိုက်ကို အင်တာနက်လိုင်း ချိတ်ဆက်ရန် မလိုဘဲ အော့ဖ်လိုင်း စနစ်ဖြင့် တက္ကသိုလ် ၁၂ ခုနှင့် အများပြည်သူသုံး စာကြည့်တိုက် သုံးခုတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ အော့ဖ်လိုင်း စာကြည့်တိုက် တပ်ဆင်ထားသော နေရာများတွင် ဝိုင်ဖိုင် ကွန်ရက် တည်ဆောက်ပြီး ဝိုင်ဖိုင်လွှင့်ထား သဖြင့် eTekkatho ဒစ်ဂျစ်တယ် စာကြည့်တိုက်ကို ကွန်ပျူတာ လက်တော့ပ်၊ မိုဘိုင်းဖုန်း များဖြင့်လည်း ဝင်ရောက် ကြည့်ရှု နိုင်မည် ဖြစ်သည်။

ဗြိတိသျှကောင်စီ အသင်းဝင်များ အနေဖြင့် စာအုပ်စာတမ်း ၁၇ဝဝ ကျော်နှင့် ဗီဒီယို သင်ခန်းစာ များကို စာကြည့်တိုက်တွင် အင်တာနက် ချိတ်ဆက်ရန် မလိုဘဲ ဒေါင်းလော့ရယူ အသုံးပြု နိုင်မည် ဖြစ်သည် စာကြည့်တိုက် ပြင်ပတွင်လည်း အင်တာနက် ကွန်နက်ရှင် ရှိသော မည်သည့် နေရာမှ မဆို eTekkatho ဝက်ဘ်ဆိုက် http://www.etekkatho.org/ သို့ သွားရောက်၍ အွန်လိုင်းစာအုပ် စာတမ်းအချို့ ကိုလည်း ဖတ်ရှု လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကျော်လွင်

ရတနာပုံနေ့စဉ် ၊ စာ(၁၁)

#Yadanarpondaily

Monday, September 7, 2015

ဆိပ်ကမ်းအင်ဂျင်နီယာ အထူးပြု ကျောင်းသား ကျောင်းသူ ၁ဝ ဦးအတွက် အမေရိကန် ဒေါ်လာ ၂ဝဝဝ ပေးအပ်


ရန်ကုန် ၊ ၇-၉-၂ဝ၁၅

မြန်မာ အပြည်ပြည် ဆိုင်ရာ ဆိပ်ကမ်း (MITT) မှ မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၁ဝ ဦးအား ယခုနှစ်အတွက် ပညာသင်ဆု အဖြစ် အမေရိကန် ဒေါ်လာ ၂ဝဝဝ ပေးအပ်ခဲ့ကြောင်း သိရသည်။

''MITT ဆိပ်ကမ်း အင်ဂျင်နီယာ ကျောင်းသား၊ ကျောင်းသူ တွေကို နှစ်စဉ် ပညာသင်ဆု ချီးမြှင့်ခဲ့တာ အခုဆိုရင် ၁ဝ ကြိမ်ရှိခဲ့ပါပြီ။ ကျောင်းသား၊ ကျောင်းသူ ၁ဝဝ ဦးအတွက် ပညာသင်ဆု ပေးအပ်ခဲ့ပြီး ပါပြီ။ ပညာသင်ဆု ပေးရုံမကဘဲ သုတေသန လုပ်ငန်းတွေ အတွက်လည်း ပံ့ပိုးငွေတွေ ပေးပါတယ်'' ဟု မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ မြတ်လွင် က ပြောသည်။

MITT မှ ၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်၊ ရေကြောင်း သိပ္ပံဌာန၊ ရေကြောင်း စက်မှု အင်ဂျင်နီယာ ဌာနနှင့် ဆိပ်ကမ်း အင်ဂျင်နီယာ ဌာနများမှ ဆောင်ရွက်သည့် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၆၅ဝဝ ကိုလည်းကောင်း၊ ယခုနှစ် အတွက် ရေကြောင်းသိပ္ပံ ပညာဌာန၊ မြစ်ချောင်းနှင့် ကမ်းရိုးတန်း အင်ဂျင်နီယာ ပညာဌာနနှင့် ဆိပ်ကမ်း အင်ဂျင်နီယာ ဌာနများမှ ဆောင်ရွက် ပြုလုပ်သွားမည့် စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၅၅ဝဝ ကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ရေကြောင်း ပညာ တက္ကသိုလ်၏ နှစ်စဉ် ဘွဲ့နှင်းသဘင် အခမ်းအနား တွင်လည်း ဆိပ်ကမ်း အင်ဂျင်နီယာ အထူးပြု ဘာသာရပ် ပထမဆု ရရှိသည့် ကျောင်းသား၊ ကျောင်းသူ တစ်ဦးအား Hutchison Port Holding (Hong Kong) ၏ HPH ရွှေတံဆိပ်ဆုနှင့် အမေရိကန် ဒေါ်လာ ၁ဝဝဝ ကိုပေးအပ် ချီးမြှင့်လျက် ရှိရာ ယနေ့ အချိန်ထိ ၁ဝ ကြိမ်ပေးအပ် ချီးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သုနန္ဒာ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

#Themyawadydaily

Friday, September 4, 2015

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်၌ ပြောင်းလဲမည့် kg+12 ပညာသင်စနစ် အတွက်ဆရာ ဆရာမများအား သီးသန့်လေ့ကျင့်မှုများ ပြုလုပ်ပေးမည်




ရန်ကုန် ၊ ၄-၉-၂ဝ၁၅

၂ဝ၁၆ -၂ဝ၁၇ ပညာသင်နှစ်၌ ပြောင်းလဲမည့် kg+12 ပညာသင်စနစ် အတွက် ဆရာ၊ ဆရာမများအား သီးသန့် လေ့ကျင့်မှုများကို ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးဌာနမှ ခေတ္တ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သန်းဦး က ပြောသည်။

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် ၌ သူငယ်တန်း ပညာရေးအား စတင် ပြောင်းလဲမည် ဖြစ်ပြီး အဆိုပါ ပြောင်းလဲမည့် ပညာရေးစနစ် တွင်အံဝင်ခွင်ကျ ဖြစ်စေရန် ဆရာ၊ ဆရာမ များကို သီးသန့် လေ့ကျင့်မှုများ လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အတွက် ဆရာ၊ ဆရာမဦးရေ ၈ဝဝဝဝ ခန့်အား သီးသန့် လေ့ကျင့်မှုများ အဖြစ် ဆရာ အတတ်သင် သင်တန်းကျောင်းမှ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာ အရ အခြေခံပညာ ကျောင်းပေါင်း ၄၅ဝဝဝ ခန့်ရှိပြီး အကယ်၍ သင်ရိုးညွှန်းတမ်း အသစ်အတွက် ဆရာ၊ ဆရာမများ လိုအပ်ပါက ထပ်မံခေါ်ယူ ဖြည့်ဆည်းမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြောင်းလဲ ပြင်ဆင်မည့် kg+12 ပညာသင်စနစ်၌ သူငယ်တန်း ပညာရေးတွင် ကလေးကိုင် စာအုပ်မထားရှိဘဲ ဆရာကိုင် စာအုပ်သာထားရှိ သင်ယူစေမည် ဖြစ်သည်။ သင်ယူမှု၌လည်း ကလေးများအား သင်ကြားရာတွင် အက္ခရာစဉ် နည်းဖြင့် သင်ကြားပေးမည် မဟုတ်ဘဲ ကလေးများ နားလည် စေနိုင်မည့် လေ့ကျင့်မှုများနှင့် သင်ထောက်ကူပြု ပစ္စည်းများကို အသုံးပြု၍ သင်ကြားပေး သွားမည် ဖြစ်သည်။

ယခုအခါ ကလေးများ စာသင်ကြားရန် သင်ထောက်ကူ ပစ္စည်းများလည်း ရရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ပညာရေးစနစ် ပုံစံပြောင်းလဲ ရာ၌လည်း ၂ဝ၁၆-၂ဝ၁၇ ပညာသင် စနစ်မှ စတင် တက်ရောက်မည့် ကျောင်းသား သစ်များသာ တစ်ဆင့်ပြီး တစ်ဆင့် တက်ရောက်မည့် ပညာရေးအား ပြောင်းလဲသင်ယူ သွားရမည် ဖြစ်ပြီး နဂို တက်ရောက်ဆဲ ကျောင်းသားများမှာ သင်ကြားမြဲ သင်ရိုးအတိုင်း သင်ယူ သွားရမည် ဖြစ်သည်။

kg+12 ပညာသင် စနစ်သည် ပညာသက် ရှည်သွားမည် ဖြစ်သော်လည်း အဆိုပါ ပညာရေးမှာ ပညာသင်ရုံ သက်သက် မဟုတ်ဘဲ အသက်မွေး ဝမ်းကျောင်း ပညာကို သင်ယူလိုသူ များမှလည်း အသက်မွေးမှု ပညာရပ်များကို ဆက်လက် သင်ကြားသွား စေမည် ဖြစ်ကြောင်း သိရသည်။ 

ကေကေ

မြ၀တီနေ့စဉ် ၊ စာ(၃)

#Themyawadydaily

Friday, August 28, 2015

တာဝန်ကျေတဲ့ အံသွားတစ်ချောင်း


တာဝန်ကျေတဲ့ အံသွားတစ်ချောင်း

ကြယ်စင်စိုး (မန္တလေး)

ညညဆို အိပ်လို့မရ ခဲ့တာ တစ်ပတ်လောက် ရှိခဲ့ပြီ။ မနက် လင်းအားကြီး ချိန်လောက်မှ အိပ်ပျော် သွားခဲ့တယ်။ အိပ်မရခဲ့တဲ့ အကြောင်းက ကျွန်တော့်ရဲ့ ဘယ်ဘက် အောက်အံသွား တစ်ချောင်းက တစစ်စစ်နဲ့ နာကျင်ကိုက်ခဲ နေလို့ ဖြစ်တယ်။ မှန်ထောင်ပြီး ပါးစပ်ကို ဟကြည့် လိုက်တော့ ဘယ်ဘက်အောက် အံသွားလေး တစ်ချောင်း က အနက်ရောင် ပေါက်နေပြီး ပိုးစား ထားတာကို တွေ့မြင် လိုက်ရသလို အခေါင်းပေါက် ဖြစ်နေတာ ကိုလဲ တွေ့ရပြန်တယ်။ အတော်လေးလဲ ယိုင်နဲ့နေပြီး အံသွားလေးကို လက်နဲ့ အသာအယာ ချိုးဖဲ့ကြည့်ဖို့ ကြိုးစားတော့ အလွန်နာကျင် နေတယ်။ တစ်ခါတစ်ခါ အစာစား မိတိုင်း အံသွားက အံဝင်ခွင်ကျ မူလ အနေအထားမှာ ရှိမနေ ပြန်တော့ ထိခိုက်မိ ပြန်တယ်။ ဘယ်လိုမှ မနေနိုင်ဘူး။ ဒီလိုနဲ့ သွားကိုက်လို့ နာကျင်တဲ့ ဝေဒနာကို တစ်ပတ်လောက် ခံနေရတော့ အိပ်မပျော်တဲ့ ရက်တွေလဲ တိုးလာခဲ့တယ်။

တစ်နေ့ကတော့ သွားကိုက်တာကို မခံနိုင်တော့လို့ သွားဆေးခန်းကို သွားလိုက် ရတယ်။ ဆေးခန်းပြတဲ့ အခါ သွားနုတ်ပစ် ရလောက်အောင်ထိ စိတ်မကူးမိ၊ ဆေးလေး ဘာလေးထည့်ပြီး လိုအပ်ရင် ဖာထေးဖို့တော့ မျှော်လင့် ထားခဲ့ မိတယ်။

ဆေးခန်း ရောက်တော့ ဆရာဝန်က ပါးစပ်ထဲကို ဖြဲကြည့်ပြီး စတီးချောင်းလေး တစ်ချောင်းနဲ့ အံသွားဆီကို ထိုးကြည့် လိုက်တယ်။ သွားက ပိုးစားနေပြီမို့ နုတ်ပစ်မှ ရမယ်လို့ ဆရာဝန်လေး က ပြောပါတယ်။ သတ္တိနည်းပါး လှတဲ့ ကျွန်တော်က နုတ်လိုက်ရင် နာမလားလို့ ဆရာဝန်လေး ကိုမေးတော့ ဆရာဝန်လေး က ပြုံးပြီး ထုံဆေးထိုးရင် မနာပါဘူးလို့ ပြန်ပြောတယ်။

အံသွားကို နုတ်ပစ်လိုက်ဖို့ သဘော တူညီချက် ရသွားတော့ ဆရာဝန်လေး က နုတ်မယ့် အံသွားရဲ့ ဘေးတစ်ဖက် တစ်ချက်စီကို ဆေးထိုးအပ်နဲ့ နှစ်ချက် ထိုးလိုက်တယ်။ သွားနုတ်ရင် မနာအောင် ထုံဆေးထိုး ပါမှ ဆေးထိုးအပ် ကြောင့် နာကျင်မှု ဒဏ်ကို ခံလိုက်ရပြီး ပါးစပ်ထဲ ရောက်လာတဲ့ ဆေးရည်တွေ ကလဲ ခါးသက်သက် အရသာရှိတာ ကို ခံစားလိုက် ရတယ်။

ဆေးထိုးပြီး ဘာမှ မကြာလိုက်၊ ခဏနေတော့ ဆရာဝန်လေးရဲ့ ကျွမ်းကျင်မှုနဲ့ သွားကို နုတ်ပြီးသား ဖြစ်နေခဲ့တယ်။ ကျွန်တော့် ခန္ဓာကိုယ် အတွင်းက အစိတ်အပိုင်း တစ်ခု ထုတ်ယူသွား တာကို မျက်စိနဲ့ မြင်ချင်ပေမယ့် ကျွန်တော် ခုတင်ပေါ်က မထခင် ဆရာဝန်လေး က အံသွားလေးကို သိမ်းဆည်း ပြီးသား ဖြစ်နေခဲ့တယ်။ ကျသင့်ငွေ ကိုပေး၊ သောက်ရမယ့် ဆေးထုပ်ကို ယူပြီး ဆရာဝန်လေး နားကနေ ထွက်လာ ခဲ့တော့ ဆရာဝန်လေး ဆီမှာ ကျွန်တော့် ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ အံသွားလေး တစ်ခု ကျန်နေရစ် ခဲ့တယ်။ သွားဆေးခန်း က အပြန်လမ်း တစ်လျောက် မှာတော့ နုတ်ပစ်ခဲ့ရတဲ့ အံသွားလေးနဲ့ ပတ်သက်ပြီး အကြောင်းအရာ တစ်ခုကို စဉ်းစားတွေးတော နေမိခဲ့တယ်။

''လူတွေမှာ သွား ဘယ်နှချောင်းစီ ရှိကြသလဲ။ သွားတွေက ဘယ်အလုပ်ကို အဓိက လုပ်ဆောင်သလဲ။ နောက်ပြီး သွားတွေထဲ မှာ အရေးပါ အရာရောက်ဆုံး သွားက ဘယ်သွားလဲ'' စတဲ့ မေးခွန်းတွေ ကိုလဲ ကိုယ့်ကိုယ်ကိုယ် ပြန်မေး နေမိခဲ့တယ်။

ကျွန်တော်တို့ လူသားတွေမှာ လူတစ်ယောက်ချင်း စီအတွက် သွား အချောင်းရေ သုံးဆယ့်နှစ်ချောင်း ပါရှိတယ်လို့ ကြားဖူးနားဝ ရှိထားခဲ့ ပါတယ်။ လွဲချင်လဲ လွဲနိုင် ပါတယ်။ အရင်က တစ်ကြိမ် တစ်ခါမှ ရေတွက် မကြည့်ဖူးပါ။ သွားနုတ်ပြီး အပြန်မှာတော့ ဗီရိုမှာ တပ်ထားတဲ့ မှန်ပေါ်ကို ပါးစပ်ဖြဲလို့ ရေတွက်ကြည့် လိုက်တော့ နုတ်ပစ် လိုက်ရတဲ့ အံသွားလေးပါ ထည့်တွက်ရင် အမှန်တကယ် သွားအချောင်းရေ သုံးဆယ့်နှစ်ချောင်း ရှိနေတာကို သိလိုက် ရတယ်။ အခု သုံးဆယ့်နှစ် ချောင်းသော သွားတွေ ထဲကနေ ကျွန်တော့်ရဲ့ သွားတစ်ချောင်းကို ပထမဆုံးအကြိမ် အဖြစ် ဆုံးရှုံး လိုက်ရပြီ။

ကျွန်တော်တို့ နေ့စဉ် စားသောက် နေကြရတဲ့ အစားအစာ တွေကို ကြိတ်ခြေဖျက် နိုင်အောင်၊ မာကြောမှုရှိတဲ့ အစားအစာ တွေကို နူးညံ့ပြီး ရှောရှောရှူရှူ နဲ့ အစာအိမ် အတွင်း ရောက်ရှိနိုင်ဖို့ သွားတွေက အဓိက လုပ်ဆောင် ကြတယ်။ ဘယ်လောက်ပဲ မာကျောတဲ့ အစား အသောက် ဖြစ်ပါစေ သွားတွေက အတတ်နိုင်ဆုံး ကျေညက်ဖို့ တာဝန် ကျေပွန်အောင် ဆောင်ရွက်ခဲ့ ကြတာ ဖြစ်တယ်။ သုံးဆယ့် နှစ်ချောင်းရှိတဲ့ သွားတွေထဲက အဓိက အရေးပါ အရာရောက်ဆုံး သွားရယ်လို့ မရှိဘဲ အားလုံးကတော့ တန်းတူညီမျှ ဆောင်ရွက် ကြတာချည်း ပါပဲ။

''ကြာကြာ ဝါးမည့်သွား အရိုးကြည့်ရှောင်'' သွားနဲ့ ပတ်သက်တဲ့ ကျွန်တော် ကြားဖူးနေတဲ့ စကားပုံတစ်ခု ဖြစ်တယ်။ သွားတွေမှာလဲ ရှောင်ကြဉ်ရမယ့် အရာတွေ၊ အန္တရာယ် ဖြစ်စေနိုင်မယ့် အရာတွေ ကလဲ ရှိနေတတ်တယ်။ အဲဒီအရာ တွေကို သတိကြီးစွာ ရှောင်ရှားနိုင်ပါမှ ရေရှည်တည်တံ့ နိုင်မှာ ဖြစ်တယ်။ အခုတော့ ကျွန်တော့်ရဲ့ နမော်နမဲ့ နိုင်မှုကြောင့် လို့ပဲ ဆိုပါရစေတော့။ လူ့သက်တမ်း ခုနစ်ဆယ့် ငါးနှစ်တာ ကာလရှိတဲ့ အထဲကမှ ကျွန်တော်ဟာ အခု ဆယ်စုနှစ် သုံးစုအတွင်းမှာ တင်ပဲ အံသွား တစ်ချောင်းကို နုတ်ပစ် ခဲ့ရပါပြီ။ နှစ်ပေါင်း သုံးဆယ် အတွင်းမှာ အံသွား တစ်ချောင်းက တာဝန်ကျေစွာ လုပ်ဆောင်သွား ခဲ့ပါတယ်။ ဖျက်ခြေသင့် တာတွေကို ဖျက်ခြေပြ နိုင်ခဲ့တယ်။

ကျွန်တော့်ကိုယ် ကျွန်တော် ပြန်မေး နေမိတယ်။ အသက် သုံးဆယ်ကျော် ရှိပြီဖြစ်တဲ့ ကျွန်တော်က ဘယ်လို ရည်ရွယ်ချက် မျိုးနဲ့ လူ့ပြည် လူ့လောကကို ရောက်ရှိလာခဲ့ ရတာလဲ။ မွေးဖွားတာ ကနေစလို့ ဒီနေ့အချိန်ထိ ကျွန်တော်ဘာတွေ လုပ်ဆောင် ခဲ့ပြီးပြီလဲ။ ဘာတွေ တာဝန်ကျေ ခဲ့ပြီလဲ။ 'လဲ' နဲ့ဆုံးတဲ့ မေးခွန်းတွေကို တရစပ် မေးမိခဲ့တာ ဖြစ်တယ်။ သွား သုံးဆယ့် နှစ်ချောင်းထဲက တစ်ချောင်း အပါအဝင် ဖြစ်တဲ့ အံသွားလေး တစ်ချောင်း ကတော့ သူ့တာဝန်သူ ကျေပွန်စွာ ဆောင်ရွက်ပြီး အနုတ်ခံလိုက် ရပြီ။ အံသွား တစ်ချောင်းရဲ့ ဘဝတစ်ခု အဆုံးသတ် သွားပြီလို့ ပြောချင်လဲ ပြောလို့ရတယ်။

ကျွန်တော်ကိုယ်တိုင် ကရော အခုအချိန်မှာ ဒီအံသွားလေး လိုမျိုး တာဝန်ကျေ ခဲ့ပြီလား၊ ဘာတွေများ လုပ်ဆောင် ခဲ့ပြီးပြီလဲ။ ကျွန်တော့် အသက် အခုသုံးဆယ်ကျော် ခဲ့ပြီ။ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ဆိုတဲ့ စကားကလဲ ရှိနေတယ်လေ။ ကျွန်တော် ဘယ်လောက်ထိ လောကမှာ အသက်ရှင် နေထိုင် နိုင်မယ်လို့ ဘယ်သူကများ ယတိပြတ် ပြောနိုင်မှာလဲ။ ကျွန်တော့်ကိုယ် ကျွန်တော်လဲ အာမ မခံရဲပါဘူး။ အခု အချိန်များ တစ်စုံတစ်ရာ ကြောင့် လောကထဲက ပျက်စီးဆုံးရှုံး သွားခဲ့ရင်ဆိုတဲ့ အတွေး ကျွန်တော်မတွေး ရဲအောင်ပါပဲ။

အံသွားလေး တစ်ချောင်းက တာဝန်ကျေပွန် ခဲ့သလိုမျိုး ကျွန်တော်က လောကကြီး အတွက်၊ အမျိုးဘာသာ၊ သာသနာ အတွက် တာဝန်မကျေ ခဲ့ဘူးဆိုရင် ကျွန်တော်ဟာ ဒီလောကကြီး ထဲကို ရောက်ရှိ လာတာဟာ အချည်းအနှီး ရောက်ရှိလာတဲ့ လူတစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။ အခု အချိန်ထိတော့ ကျွန်တော် ဘာမှလဲ ဟုတ်တိပတ်တိ လုပ်ဆောင်ထားတာ မရှိသလို အားလုံးအတွက် တာဝန်မကျေ သေးဘူး ဆိုတာကိုလဲ သိနေတယ်။ ကျွန်တော့် ပါးစပ်ထဲက အနုတ်ခံ လိုက်ရတဲ့ အံသွားလေးလို ကျွန်တော် တာဝန်တွေ ကျေချင်လိုက်တာ။ အံသွားလေးလို တာဝန်ကျေစွာနဲ့ လောကကြီးထဲ ကနေ ကွယ်ပျောက် သွားချင်လိုက်တာ။ ကျွန်တော် အဲဒီအံသွားလေး တာဝန်ကျေ သလိုမျိုး လောကကြီး အတွက် တာဝန်ကျေတဲ့ လူတစ်ယောက် ဖြစ်ချင်လိုက်တာ။ ကျွန်တော် ကြိုးစားရအုံး မယ်လေ။ နောက်များ ကျနေပြီလား...။

ရတနာပုံနေ့စဉ် ၊ စာ(၁၃)

#Yadanarpondaily

နိုင်ငံတော်အဆင့် ဘက်စုံပညာထူးချွန် လူငယ်အဖွဲ့ ၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် အမှတ်အများဆုံး ရရှိသော ကျောင်းသား၊ ကျောင်းသူများနှင့် ၂ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည်များ တောင်ကိုရီးယား နိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ လေ့လာရေး ခရီးစဉ်မှ ပြန်လည်ရောက်ရှိ



နေပြည်တော် ၊ ၂၈-၈-၂ဝ၁၅

မျိုးဆက်သစ် ထူးချွန်လူငယ် မောင်မယ်များအား နိုင်ငံတကာ ဗဟုသုတ တိုးပွားစေရန်၊ နိုင်ငံတကာ ယဉ်ကျေးမှု နှင့် အသိပညာ များအား အတုယူလေ့လာ နိုင်စေရန် အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ ဒုတိယ ဗိုလ်မှူးကြီး အောင်သန်း ဦးဆောင်သော ၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ ၂ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည်များ ပါဝင်သော လေ့လာရေး အဖွဲ့သည် တောင်ကို ရီးယား သမ္မတနိုင်ငံ နှင့် စင်ကာပူ နိုင်ငံသို့ သွားရောက် လေ့လာခဲ့ပြီး ယမန်နေ့ ညနေပိုင်းတွင် လေကြောင်း ခရီးဖြင့် ရန်ကုန် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း နှင့် တပ်မတော် အရာရှိကြီးများ၊ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက် မှ တာဝန်ရှိ သူများ၊ ထူးချွန် ကျောင်းသား၊ ကျောင်းသူ များ၏ မိဘများက လေဆိပ်တွင် ကြိုဆိုနှုတ်ဆက် ကြသည်။

အဆိုပါလေ့လာရေးအဖွဲ့သည် ကိုရီးယားသမ္မတ နိုင်ငံရှိ အထင်ကရ နေရာများ ဖြစ်သော Changteok Palace, Bukchon Halok Village, Trick Eye Museum, Ice Museum, University School Tour, N-Seoul Tower အစရှိသည့် နေရာများ ၊ စင်ကာပူနိုင်ငံရှိ  Merlion Park, Universal Studio နှင့် Aquariul (Under Water World) အစရှိသည့် နေရာများအား လေ့လာခဲ့ ကြသည်။

အဆိုပါ လေ့လာရေး အဖွဲ့တွင် ၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်ပြီး နိုင်ငံတော်အဆင့် ဘက်စုံပညာ ထူးချွန်လူငယ် ရွေးချယ်ခံရသည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင် သား၊ သမီးများ ဖြစ်သော ကျောင်းသား၊ ကျောင်းသူ သုံးဦး၊ အမှတ်အများဆုံး ရရှိသော စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်း မိသားစုဝင်သား၊ သမီးများ ဖြစ်သော ကျောင်းသား၊ ကျောင်းသူ ၂၄ ဦး၊ ၂ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သော စစ်သည်သုံးဦး၊ ကျောင်းအုပ်ကြီး/ ကျောင်းအုပ်ချုပ်မှု တာဝန်ခံ အရာရှိ နှစ်ဦး၊ စစ်သူနာပြု အရာရှိ တစ်ဦး၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ အငြိမ်းစား အရာရှိတစ်ဦး အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၃၅ ဦးဖြင့် ကိုရီးယားသမ္မတ နိုင်ငံနှင့် စင်ကာပူနိုင်ငံ တို့တွင် သြဂုတ် ၂၁ ရက်မှ ၂၆ ရက်အထိ သွားရောက် လေ့လာခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၁)

#Themyawadydaily

Tuesday, August 18, 2015

ကျိုင်းတုံမြို့၌ ထူးချွန်ဆရာ၊ ဆရာမ ရွေးချယ်ရေး စာမေးပွဲနှင့် ထူးချွန်ကျောင်းသား ရွေးချယ်ရေး စာမေးပွဲကျင်းပ



ကျိုင်းတုံ ၊ ၁၈-၈-၂ဝ၁၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ၌ ထူးချွန်ဆရာ၊ ဆရာမ ရွေးချယ်ရေး စာမေးပွဲနှင့် ထူးချွန် ကျောင်းသား ရွေးချယ်ရေး အရည်အချင်းစစ် စာမေးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

အဆိုပါ အရည်အချင်းစစ် စာမေးပွဲသို့ အထက်တန်းပြ ဆရာ၊ ဆရာမ ၅၈ ဦး၊ အလယ်တန်းပြ ဆရာ၊ ဆရာမ ၅၃ ဦး၊ မူလတန်း ကျောင်းအုပ်၂၈ ဦး၊ မူလတန်းပြ ဆရာ၊ ဆရာမ ၃၄ ဦး၊ ကွန်ပျူတာ စာရေးသုံးဦး၊ ကာယ နည်းပြ သုံးဦး၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၁၆၅ ဦး၊ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၁ဝ၈ ဦး ဝင်ရောက် ဖြေဆိုကြသည်။

အင်္ဂလိပ်စာ ရေးဖြေမှုကို နံနက် ၉ နာရီမှ ၁၂ နာရီအထိ လည်းကောင်း၊ အထွေထွေ ဗဟုသုတ ကို မွန်းလွဲ ၁ နာရီတွင် လည်းကောင်း ဖြေဆိုကြ ရပြီး အဆိုပါ စာမေးပွဲ ဖြေဆိုမှုကို ပြည်နယ် ပညာရေး ဦးစီးဌာနမှူးရုံး (ရုံးခွဲ)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်၊ ခရိုင် ပညာရေးမှူး ဦးခင်ကျော်ဝင်း နှင့် တာဝန်ရှိ သူများက ကြပ်မတ် ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။ (၄၁၁)

မြ၀တီနေ့စဉ် ၊ စာ(၂)

#Themyawadydaily

Thursday, August 13, 2015

ဘ၀မှာ အောင်မြင်စေဖို့


ဘ၀မှာ အောင်မြင်စေဖို့

လူတိုင်းလူတိုင်း လောကလူ့ဘောင်၌နေထိုင်ကြရာတွင် ဘဝကိုချမ်းချမ်းသာသာဖြင့် နေထိုင်နိုင်ရန် အခြေခံအားဖြင့် ဝင်ငွေကောင်းသောအလုပ်အကိုင်ကောင်းရှိရမည်ဖြစ်သည်။ အလုပ်အကိုင် ကောင်းရရှိရန်အတွက် စိတ်နေစိတ်ထားကောင်းရှိရမည်ဖြစ်သည်။ ထို့ကြောင့် လူတို့၏ စိတ်ကို အမြဲပြောင်းလဲနေရမည်ဖြစ်သည်။

ခေတ်သည် ရေအလျင်ကဲ့သို့ပြောင်းလဲနေသည်ဖြစ်ရာ လူတို့၏စိတ်နေစိတ်ထားသည်လည်း အမြဲပြောင်းလဲနေကြရမည်ဖြစ်သည်။ စိတ်နေစိတ်ထားကို မည်သို့ပြောင်းလဲရမည်ဆိုသော် အခြေခံအားဖြင့် အချက်သုံးချက်ဖြစ်သော အတွေးအခေါ်၊ အလုပ်နှင့်အပြောတို့ဖြစ်သည်။

လက်ရှိအနေအထားနှင့်မကိုက်ညီသော အတွေးအခေါ်အဟောင်းတို့ကို ပယ်ဖျောက်၍ တီထွင်ဆန်းသစ်သောအမြင်၊ မှန်ကန်သောအတွေးအခေါ်အယူအဆ၊ ဖြောင့်မတ်သောစိတ်ထား၊ ဖြူစင်သောနှလုံးသားစွမ်းရည်တို့ဖြင့် အစားထိုးရမည်ဖြစ်သည်။ ဤသည်မှာ စိတ်နေစိတ်ထား ပြောင်းလဲခြင်း၏ အရေးအကြီးဆုံးသော အစိတ်အပိုင်းဖြစ်သည်။

မှန်ကန်သောအတွေးအခေါ်အယူအဆမရှိဘဲ မှန်ကန်သောအလုပ်မဖြစ်နိုင်ပေ။ မှန်ကန်သော အလုပ်၊ တိုးတက်သောအလုပ်ဖြစ်ရန်မှာ သမားရိုးကျအမြင်၊ မှန်ကန်သောအတွေးအခေါ်ရှိရမည် ဖြစ်သည်။ 


လူသည်ရိုးသားဖြောင့်မတ်စွာနေထိုင်ပြောဆိုခြင်းသည် ကောင်း၏။ သို့သော်အတွေး အခေါ်အယူအဆပိုင်းတွင် ခေတ်နောက်ပြန်နေ၍မရပါ။ အမြဲဆန်းသစ်ကာ ခေတ်နှင့်အညီ တွေးခေါ်စဉ်းစားနိုင်ရမည်ဖြစ်သည်။

ဤဆန်းသစ်သော အတွေးအခေါ်အယူအဆတိုင်းသည် မှန်ကန်နေရမည်ဖြစ်ပြီး တစ်ပါးသူ အပေါ်ခေါင်းပုံဖြတ်လိုသော၊ ဗိုလ်ကျစိုးမိုးလိုသော စိတ်ယုတ်စိတ်ညံ့များမဝင်အောင်ထိန်းသိမ်း နိုင်စွမ်းရှိရမည်ဖြစ်သည်။ 


ဖြူစင်သောနှလုံးသားထားရှိ၍ တီထွင်ဆန်းသစ်သော အတွေးအခေါ် အယူအဆ၊ အမြင်နှင့်ရိုးသားဖြောင့်မတ်မှု၊ မှန်ကန်မှုတို့ဖြင့် ဒွန်တွဲနေရမည်ဖြစ်သည်။ တီထွင် ဆန်းသစ်သောအတွေးအခေါ်ရှိပြီး ရိုးသားဖြောင့်မတ်မှုမရှိလျှင် စိတ်နေစိတ်ထားပြောင်းလဲနိုင် မည်မဟုတ်သည်ကို သတိပြုကြရမည်ဖြစ်သည်။

အချို့သောလုပ်ငန်းထူထောင်လိုသူတို့သည် ရိုးသားဖြောင့်မတ်မှုနှင့် မှန်ကန်သောအယူအဆ များရှိသော်လည်း တီထွင်ဆန်းသစ်သော အတွေးအခေါ်အယူအဆသစ်များ ပြောင်းလဲမှုမျိုး မရှိသောကြောင့် အောင်မြင်တိုးတက်သော လမ်းကြောင်းပေါ်ရောက်ရှိရန် ခဲယဉ်းကြရသည်။

အချို့သောလုပ်ငန်းရှင်များသည် စိတ်ကူးအတွေးÓဏ်အလွန်ကောင်းမွန်သော်လည်း ရိုးသား ဖြောင့်မတ်မှုမရှိသောကြောင့် လုပ်ငန်းအောင်မြင်တိုးတက်မှုဆုတ်ယုတ်ကြရသည်။ ထို့ကြောင့် လုပ်ငန်းတစ်ခုလုပ်ရာတွင် အတွေးသစ်၊ အမြင်သစ်တို့နှင့် ရိုးသားမှုတို့ဖြင့် စိတ်နေစိတ်ထား ပြောင်းလဲကာ လုပ်ဆောင်သွားကြမှသာ ကြီးပွားချမ်းသာမှုကို ရရှိကြမည်ဖြစ်သည်။

သို့ဖြစ်ရာ လူတိုင်းလူတိုင်းကြီးပွားရာကြီးပွားကြောင်း၊ ချမ်းသာရာချမ်းသာကြောင်း လုပ်ငန်း များ လုပ်ကိုင်ကြသောအခါ အဓိကအားဖြင့် စိတ်နေစိတ်ထားပြောင်းလဲလုပ်ကိုင်ကြရမည်ဖြစ် သည်။ ထို့ပြင် တီထွင်ဆန်းသစ်သောအတွေးအခေါ်သစ်၊ အမြင်သစ်တို့နှင့် ရိုးသားမှုတို့ဖြင့် ပေါင်းစပ်ကာ လုပ်ကိုင်သွားပါက အောင်မြင်တိုးတက်ကြီးပွားချမ်းသာခြင်းသို့ ရောက်ကြရမည် ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

ရတနာပုံနေ့စဉ် ၊ စာ(၂)

#Yadanarpondaily

Friday, July 24, 2015

" အပစာယန " အကျင့်မြတ်


" အပစာယန " အကျင့်မြတ်

လူ့ဘောင် လောက၌ ကျင်လည် ကျက်စားကြ ရာတွင် ယဉ်ကျေး သိမ်မွေ့၍ စည်းကမ်း ကောင်းမွန်သော လူတစ်ဦး ဖြစ်လာစေရန် လက်ဦးဆရာများ ဖြစ်သော မိဘများက ဆိုဆုံးမကြ ရမည် ဖြစ်သည်။ သို့မှသာ ယဉ်ကျေးသော သူ၊ စည်းကမ်း ကောင်းမွန်သော သူတစ်ဦး ဖြစ်လာ ပေမည်။

ယနေ့ လူငယ်လေးများ အနေဖြင့် အိမ်မှာနေလျှင် အိမ်စည်းကမ်း၊ ကျောင်းသို့ သွားလျှင် ကျောင်းစည်းကမ်း မှသည် နိုင်ငံ တစ်နိုင်ငံ၊ ဘာသာ တစ်ခုသည် ပင်လျှင် လိုက်နာ စောင့်ထိန်း ကျင့်ကြံရမည့် စည်းကမ်းများ၊ အကျင့်မြတ် အကျင့်ကောင်း များရှိရမည် ဖြစ်သည်။ မိမိ၏ အိမ်တွင် လူကြီးများ၏ ရှေ့၌ မလုပ်သင့် မလုပ်ထိုက် သည်များကို ရှောင်ကြဉ် ရမည် ဖြစ်သကဲ့သို့ ကျောင်းတွင်လည်း ဆရာ၊ ဆရာမ များ၏ရှေ့၌ မည်သို့ နေထိုင်ပြောဆို ရမည်ကို သိထားရမည် ဖြစ်သည်။

''စည်းကမ်းအစ စာသင်ကျောင်း က'' ဟု ဆိုသည့်အတိုင်း လူငယ် မောင်မယ် တို့သည် ကျောင်းတွင် ဆရာ၊ ဆရာမ များ၏ ဆုံးမမှုဖြင့် ယဉ်ကျေး သိမ်မွေ့၍ စည်းကမ်း ကောင်းမွန်သော လူငယ်လေး များအဖြစ် လူမှု အသိုက်အဝန်း သို့ ဝင်ဆံ့လာကြ ရသည်။ မိမိရပ်ရွာ အတွင်း၌ ဖြစ်စေ၊ ခရီးသွား ဟန်လွဲဖြစ်စေ ကျောင်းဆရာ၊ ဆရာမများနှင့် ကြုံကြိုက် လာပါက ရိုသေ လေးစားမှု သရုပ်ကို ပြသခြင်း၊ ကူညီဖေးမ ပေးခြင်းတို့ကို ဆောင်ရွက် ပေးကြရမည် ဖြစ်သည်။

အဆိုပါ ကိုယ်အမူအရာ၊ နှုတ်အမူအရာ အကျင့်ကောင်း များ၏ အစကို လေ့လာ ကြည့်လျှင် မြတ်ဗုဒ္ဓ ဟောကြား တော်မူခဲ့သော အဘိဓမ္မာ တရားတော်၏ ပုညကိရိယာ ဝတ္ထု ဆယ်ပါးမှ တစ်ပါး အပါအဝင် ဖြစ်သော 'အပစာယန' အကျင့်မြတ်ကို စောင့်ထိန်းခြင်း ပင် ဖြစ်သည်။ 'အပစာယန' အကျင့်မြတ် အကြောင်းကို လေ့လာ ကြည့်လျှင် အသက်အရွယ် အားဖြင့် လည်းကောင်း၊ ဉာဏ်ပညာ အားဖြင့် လည်းကောင်း၊ သီလအားဖြင့် လည်းကောင်း၊ ဂုဏ်အားဖြင့် လည်းကောင်း၊ သိက္ခာ အားဖြင့် လည်းကောင်း ကြီးမြတ်သူ တို့ကို ရိုသေ ကြရမည် ဖြစ်သည်။

ယခုအခါ လူငယ် အများစုသည် ကိုယ်အမူအရာ၊ နှုတ်အမူအရာ စောင့်စည်း စောင့်ထိန်း ခြင်းများ တဖြည်းဖြည်း လျော့နည်း လာသည်ကို တွေ့ရသည်။ ထိုသို့ ဖြစ်ရခြင်းမှာ မသိရှိ၍ လည်းကောင်း၊ ဆုံးမရာ၌ အသေးစိတ် လိုက်နာ ရမည်များကို ပြောပြ၊ ညွှန်ပြခြင်း အားနည်း၍ လည်းကောင်း ဖြစ်ကြ ရသည်။

လူကြီးများ ရှေ့တွင် ခြေချိတ်၍ ထိုင်ခြင်း၊ ဒူးပေါ်၊ ပေါင်ပေါ် အမြင် မတင့်တယ်စွာ နေထိုင်ခြင်း၊ မျက်နှာ အမူအရာ ခက်ထန်ခြင်း၊ အရိုအသေ တန်ခြင်း စသည့်ပြုမူ နေထိုင်ခြင်း များမှ ရှောင်ကြဉ်ခြင်း သည် ကိုယ် အမူအရာ အားဖြင့် စောင့်စည်း စောင့်ထိန်းခြင်း ဖြစ်သည်။ ထို့ကြောင့် 'အပစာယန' ဟူသည် လိုက်နာ ကျင့်ကြံ အားထုတ်ပါက ကုသိုလ် အရာတွင် အမြတ်ဆုံး ကုသိုလ် မဟာ ကုသိုလ် မြောက်သည်။

သို့ဖြစ်ရာ ဗုဒ္ဓဘာသာဝင် လူငယ် မောင်မယ်များ အနေဖြင့် ဗုဒ္ဓမြတ်စွာ ဆိုဆုံးမ ခဲ့သည့် ကုသိုလ်တော်မြတ် တစ်နည်း အားဖြင့် မြန်မာတို့၏ ချစ်ခင်မြတ်နိုး လေးစားဖွယ် ကောင်းသော ယဉ်ကျေးမှု ဓလေ့များကို သိရှိလိုက်နာ ကျင့်ကြံ နိုင်စေရန် 'အပစာယန' သီလတော် မြတ်ကို သိရှိပြီး ပွားများ နိုင်စေရန် စေတနာထား တိုက်တွန်း ရေးသား လိုက်ရပေသည်။

အယ်ဒီတာ့အာဘော်

#Yadanarpondaily

Tuesday, July 21, 2015

စစ်မှန်သောအပြုံး

စစ်မှန်သောအပြုံး

လူတစ်ဦးနှင့် တစ်ဦး ဆက်ဆံရာတွင် မျက်နှာမြင် ချစ်ခင်ပါစေ ဟူသော ဆုနှင့် ပြည့်ဝသည့် မျက်နှာသည် အပြုံးနှင့် တန်ဆာဆင် ထားသော မျက်နှာ ဖြစ်သည်။ အရှုံးလည်း မရှိ၊ အမြတ်လည်း ရသော ရင်းနှီးရသော အလုပ်သည် ပြုံးခြင်းဖြစ်သည်။ မျက်နှာလေး နှင့် မျက်လုံးလေး များကို အပြုံးလေး များဖြင့် တန်ဆာဆင် ပါက ကျက်သရေ ရှိ၍ မြင်သူ၊ တွေ့သူ တို့က ချစ်ခင်နှစ်သက် ကြလေသည်။ ထို့ကြောင့် မျက်နှာနှင့် မျက်လုံးတွင် အပြုံးဖြင့် တန်ဆာဆင် သင့်သည်။

သို့သော် အချို့သော သူများသည် ပြုံးရသော အလုပ်ကိုပင် အလွန် ခက်ခဲသော အလုပ်ဟု ယူဆ နေကြသည်။ ပြုံးချင်စိတ်မှ မရှိ ပြုံးလည်း အာညောင်း ရုံသာဟု ဆိုကြသည်။ အချို့က အမြဲ ပြုံးနေပါက ပေါသည်ဟု ထင်မှာစိုးရိမ် သည်ဟုလည်း ဆိုကြသည်။ ဤတွင် အပြုံးနှင့် ပတ်သက်၍ တွေးတော စရာများစွာ ရှိနေသည်။ စစ်မှန်သော အပြုံးနှင့် အပြုံးတု ဟူ၍ ရှိသည်ဟု ဆိုချင်သည်။

မုန်းသောသူနှင့် ဆက်ဆံ ရသောအခါ နှလုံးသားတွင် ဒေါသစိတ်နှင့် ယှဉ်၍ ထိုသူ၏ အပြုံးသည် ဟန်ဆောင်ပြုံးသာ ဖြစ်၍ အပြုံးတု မချိပြုံး ဖြစ်သည်။ သူတစ်ပါး အပေါ်၌ ကောက်ကျစ်သော စိတ်ဖြင့် လုပ်ကိုင် ဆောင်ရွက် နေချိန်တွင် ပြုံးပါက ထိုအပြုံးသည် မစစ်မှန်၍ စဉ်းလဲသော အပြုံးသာ ဖြစ်မည်။ ကာမရာဂ စိတ်ဖြင့်ပြုံးသော အပြုံးသည် ရမ္မက် အပြုံးသာ ဖြစ်မည်။ ထိုအပြုံး များသည် ရင်မှလာသော သန့်ရှင်းသော စိတ်စေတနာ မပါ၍ အပြုံးတု များသာ ဖြစ်သည်။ အမှန်မှာ ပါးစပ်ကို ဖြဲပြတိုင်း အပြုံးမဟုတ်၊ သူတစ်ပါးအပေါ် စေတနာ သန့်သန့်နှင့် ရိုးရိုးသားသား ခင်မင်သော နှစ်လိုဖွယ် အပြုံးသာလျှင် ကျက်သရေ ရှိသော၊ လှပသော အပြုံးစစ် ဖြစ်သည်။ 

ဆေးသိပ္ပံ၏ တွေ့ရှိချက် အရလည်း ပြုံးနေစဉ် ပြုံးသူ၏ အကြောငယ်များ လှုပ်ရှားကြသည်။ ထို အကြောလေး များသည် နုပျိုမှုကို ပေးစွမ်း စေနိုင်သည်ဟု ဆိုသည်။ ထို့အတူ မဲ့နေသော အခါ တွင်လည်း မျက်နှာပေါ်ရှိ အကြောလေးများ လှုပ်ရှားကြသည်။ မဲ့ခြင်းကြောင့် လှုပ်သော အကြော များသည် အိုစာမှုကို ဖြစ်ပွား စေသည်ဟု ဆိုသည်။

ထို့ကြောင့် ပြုံးနေနိုင်ရန် ကြိုးစားကြရမည် ဖြစ်သည်။ ပြုံးရန် ကြိုးစားရာတွင် စိတ်နှလုံးကို မေတ္တာဖြင့် ပြည့်ဝနေရန် အလျင် ပြုပြင်ရမည် ဖြစ်သည်။ မုဒိတာတရား နှလုံးသားတွင် ပြည့်နေရန် ပြုပြင်ရမည် ဖြစ်သည်။ ကရုဏာ တရားနှင့် ပြည်စုံနေရန် ပြုပြင် ထားရမည် ဖြစ်သည်။

ထိုသို့ မေတ္တာ၊ ကရုဏာ၊ မုဒိတာစိတ် တို့ဖြင့် ပြည့်လျှမ်း နေသောသူ၏ အပြုံးသည် ဒေါသထွက်သူ၏ စိတ်နှလုံးကို အေးချမ်း သွားစေမည်။ စိုးရိမ်ကြောင့်ကြ နေသူအတွက် ခွန်အားကို ဖြစ်စေသည်။ ဝမ်းနည်း နေသူကို ပျော်ရွှင်ချမ်းမြေ့ စေမည်ဖြစ်သည်။ သို့ဖြစ်ရာ တစ်ဦးနှင့် တစ်ဦးကြား အမုန်းတရားများ ပျောက်စေ၍ ချစ်ခြင်းတရား များသာ ပွားများ စေသော၊ လှပသော အပြုံးပန်းများ ဖြစ်စေရန် နှလုံးသားတွင် မေတ္တာ၊ ကရုဏာ၊ မုဒိတာတို့ ထုံမွမ်းရမည် ဖြစ်ပြီး လောက အေးချမ်းသာယာ စိုပြည်စေရန် လူတိုင်း နှုတ်ဖျားတွင် စစ်မှန်သည့် နှစ်လိုဖွယ် အပြုံးများ ဆင်မြန်း ကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။

(အယ်ဒီတာ့အာဘော်)

ရတနာပုံနေ့စဉ် ၊ ၂၁-၇-၂၀၁၅ ၊ စာ(၂)

#Yadanarpondaily

Friday, July 17, 2015

ဈေးကွက်အတွင်းသို့ တွင်ကျယ်စွာ ထိုးဖောက် ၀င်ရောက်လာသော မင်းကွန်း မှ ပန်းချီ ရွှေရေး ငွေရေး အထည်များ



ရန်ကုန် ၊ ၁၇-၇-၂၀၁၅

မာဆရိုက် ချည်ထည်များ နှင့် ယိုးဒယား အထည်ပိတ်စ များတွင် မင်းကွန်း ဒေသမှ ရွှေရေး၊ ငွေရေးပန်းချီများ ရေးဆွဲထားသည့် ဆေးရေး အထည်များကို မန္တလေး ဈေးကွက်နှင့် ရန်ကုန်ဈေးကွက် တို့မှ မှာယူမှုများ များပြားပြီး ဝယ်လိုအား များစွာ ရှိနေကြောင်း သိရသည်။

''သီတင်းကျွတ် ရင် မင်္ဂလာပွဲတွေ ဆင်နွှဲတော့မယ့် ရာသီဖြစ်တဲ့ အတွက် ရွှေရေး၊ ငွေရေး အထည်တွေ အရောင်း သွက်မယ်။ မရမှာစိုးလို့ အခု ကတည်းက လာအပ်ကြ တယ်။ ကထိန်ရာသီ ဆိုရင်လည်း မန္တလေးမှာ အကြီးဆုံး ဖောက်သည် သုံးဦး ရှိတယ်။ မန္တလေးဈေးချို က အထည်ရောင်းတဲ့ သူတွေ ကလည်း မှာကြတယ်။ ရန်ကုန်ဘက်က လည်း မှာကြတယ်။ ဒါကြောင့် ဒီက ပန်းချီဆရာ တချို့ကို ရန်ကုန်လွှတ်ပြီး အထည် ပန်းချီသွားဆွဲခိုင်း နေရပါတယ်။ ဒီအလုပ်က အခု တော်တော်ကို တွင်ကျယ် လာပါတယ်။ လက်နဲ့ ဆွဲရတော့ လက်ဝင်တဲ့ အတွက် အထည်များများ ထွက်ဖို့ အချိန်ပေး ရပါတယ် '' ဟု မင်းကွန်း အထည်များကို ပန်းချီဆွဲ ပုံဖော်ပေးနေသော ကိုငြိမ်း က ပြောသည်။

ယခင် အရောင်တူ ဝမ်းဆက်များ အစား ဆန့်ကျင်ဘက် အရောင်များကို ဒီဇိုင်းဆွဲကာ ရွှေမှုန်ငွေမှုန် ဖြင့်ကပ်၍ ဒီဇိုင်းဆန်းများ ပြုလုပ်ကြသည်။ ထို့အပြင် လုံချည်တွင် ထိုးထားသော ဒီဇိုင်း အရောင်များ အတိုင်း အင်္ကျီ အရောင်ခံထည် အဖြစ် အရောင်စပ်ပြီး ပြုလုပ်ကြသည်။ ဒီဇိုင်း အသစ်အဆန်း များကို ဝတ်ဆင်မှု များပြား လာသောကြောင့် လုပ်ငန်းများကို ရန်ကုန်၌ တိုးချဲ့ဖွင့်လှစ် နေကြောင်း သိရသည်။

အဆိုပါ ပညာရပ်ကို တတ်ကျွမ်းသော မင်းကွန်းမှ လူငယ်များ အတွက် အလုပ်လည်း ရပြီး ပညာလည်း ရသဖြင့် စိတ်ဝင်တစား လာရောက် သင်ယူမှု များပြား လာကြောင်း သိရသည်။ အထည်ဆေးရေး ပန်းချီ ၀မ်းဆက်တစ်ထည် ရေးဆွဲလျှင် လက်ရာ အစိပ်အကျဲ အပါအဝင် အသုံးပြု ရသော ပစ္စည်းများပေါ် မူတည်၍ လက်ခ ငွေကျပ် ၄၅ဝဝ မှ ၁၅ဝဝဝ ကြားအထိ ရရှိကြောင်း သိရသည်။

သီရိ

#Themyawadydaily

Thursday, July 9, 2015

ကလေးများ အနာဂတ် လှပရေး


ကလေးများ အနာဂတ် လှပရေး

''ကလေးများ၏ နောင်ရေး မိဘတွေကို စာသင်ပေး'' ဟူသည့် ဆောင်ပုဒ် တစ်ခု နိုင်ငံတကာ ကလေးများနေ့ အထိမ်းအမှတ် အဖြစ် ရှိခဲ့ဖူးသည်။ မိဘများ ဟူသည် ပုခက်လွှဲသော ပန်းပျိုးလက် ပိုင်ရှင်များ ဖြစ်သည်။ 'အလိမ္မာ စာမှာရှိ' ဟူသော ဆိုရိုးစကား ကဲ့သို့ တတ်သိလိမ္မာ ရှိစေရန် မိဘတိုင်း စာတတ်၊ စာဖတ်ရန် လိုအပ်ကြောင်း ညွှန်းဆို ခဲ့ခြင်း ဖြစ်သည်။

ကလေးများ အနာဂတ် သာယာလှပ စေရန် ပဲ့ကိုင်ရှင်များ ဖြစ်သည့် မိဘနှစ်ပါးသည် စာပေ ဗဟုသုတနှင့် ပြည့်ဝနေရန် လိုအပ်သည်။ ငါးနှစ်အောက် ကလေးများသည် မိဘ အုပ်ထိန်းသူ များ၏ မေတ္တာရိပ် အောက်တွင် အပြည့်အဝ ရှိနေသူများ ဖြစ်ကြသည်။ ထို့ကြောင့် မိဘများ၏ မေတ္တာနှင့် ယှဉ်သော ကျန်းမာရေး အသိအမြင် ဗဟုသုတ အနိမ့်အမြင့်သည် ကလေးများ၏ ဘဝကို အဆုံးအဖြတ် ပေးသွားမည် ဖြစ်သည်။

ကလေးများကို မိခင်ရင်ခွင် ထဲတွင် နွေးနွေးထွေးထွေး ပွေ့ထားခြင်း၊ မိခင်နို့တိုက် ကျွေးခြင်းတို့ ဆောင်ရွက်လျှင် ငါးနှစ်အောက် ကလေးငယ် သေဆုံးမှု သိသာစွာ လျော့ကျ စေနိုင်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေးငယ် သေဆုံးမှု စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းသည် အသက်တစ်လ မပြည့်သေးမီ အရွယ်ကလေးများ ဖြစ်သည်ဟု သိရသည်။ ထိုသို့ ဖြစ်ရသည်မှာ နွေးထွေးမှုနှင့် မိခင်နို့ရည် မရခြင်းသည် တစ်ခု အပါအဝင် ဖြစ်သည်။

အသက် ငါးနှစ်အောက် ကလေးငယ် သေဆုံးခြင်း ထိန်းချုပ်ရန် အတွက် ကလေး မွေးဖွားပြီး ပထမ ရက်တစ်ထောင် အတွင်း အာဟာရ လုံလောက်စွာ စားသုံးခြင်း၊ လက်ကို ဆပ်ပြာဖြင့် ဆေးကြောခြင်း ကဲ့သို့ တစ်ကိုယ်ရေ သန့်ရှင်းမှု ပြုလုပ်ခြင်း တို့ကို လိုအပ်ကြောင်း သိရသည်။

တစ်ကိုယ်ရေ သန့်ရှင်းမှု အားနည်းခြင်းနှင့် အာဟာရ မပြည့်ဝခြင်း တို့ကြောင့် မြန်မာနိုင်ငံတွင် ငါးနှစ်အောက် ကလေး တစ်ထောင်လျှင် ၆၆ ဦးခန့် နှစ်စဉ် သေဆုံးနေကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) ၏ စာရင်းများ အရ သိရသည်။ ထိုသို့ မဖြစ်စေရန် အတွက် ၂ဝ၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ငါးနှစ်အောက် ကလေး တစ်ထောင်လျှင် ၃၇ ဦးထိ လျော့ကျအောင် ဆောင်ရွက်လျက် ရှိသည်။

အချို့ သေဆုံးမှု များသည် ကာကွယ်၍ ရနိုင်သည်။ ဝမ်းပျက် ဝမ်းလျှော ရောဂါသည် သန့်ရှင်းမှု မရှိသော အလေ့အကျင့်၊ လူနေမှု ဝန်းကျင်နှင့် ကျန်းမာရေး ကောင်းမွန်ရေး အတွက် လုံလောက်သော ဆောင်ရွက်မှု မရှိခြင်း၊ စွန့်ပစ် အညစ်အကြေး များနှင့် တိုက်ရိုက် ထိတွေ့ခြင်း၊ အိမ်သာများ၊ သန့်ရှင်းမှု မရှိသောရေ၊ အစားအသောက်များ စသည်တို့ကြောင့် ဖြစ်ရသည်။ ထို့ကြောင့် အဆိုပါ ရောဂါ မဖြစ်ပွားစေရန် ကျန်းမာရေး ဌာနက ဦးဆောင်၍ လက်သန့်၊ အစာသန့်၊ အိမ်သာသန့်၊ ရေသန့်ဟူသည့် သန့်လေးသန့်နှင့် ညီညွတ်စွာ နေထိုင်နိုင်ရေး အသိပညာပေး ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်၍ ငါးနှစ်အောက် ကလေးငယ်များ သေဆုံးမှု လျော့ကျရေး ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာန တစ်ခုတည်းဖြင့် လုပ်ဆောင်၍ မရပေ။ UNICEF ၏ ပံ့ပိုးကူညီမှု ဖြင့်လည်း ပြီးမြောက် အောင်မြင်မည် မဟုတ်ပေ။ ကလေးများ၏ မိဘတိုင်းက ကျန်းမာရေး အသိဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက် ကြမှသာ အောင်မြင်နိုင်မည် ဖြစ်သည်။ ကလေးငယ် များ၏ အနာဂတ် သာယာလှပ ရေးအတွက် မိဘများ အသိပညာ ပြည့်ဝနေရန် လိုသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံမှ ကလေးငယ်များ အနာဂတ် သာယာလှပရေး နှင့် နောင်ရေး ကောင်းစေရန် စီမံကိန်း၊ စီမံချက်များ ချမှတ်၍ ပညာပေး ဆောင်ရွက် နေသကဲ့သို့ မိဘပြည်သူများ ကလည်း လူထုလှုပ်ရှားမှု အသွင်ဖြင့် အသိပြည့်ဝစွာ ပူးပေါင်း ပါဝင် ဆောင်ရွက် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

Friday, June 19, 2015

ကလေးတွေကို ဆင်ခြင်တုံတရားနဲ့ ဆုံးမပါ


ကလေးတွေကို ဆင်ခြင်တုံတရားနဲ့ ဆုံးမပါ

ကြယ်စင်စိုး (မန္တလေး)

မကြာခဏ ဆိုသလို နေ့စဉ် သတင်းစာ တွေထဲမှာ လူပျောက် ကြော်ငြာ တွေကို မြင်တွေ့ နေရတယ်။ လူပျောက် ကြော်ငြာတွေကို ကြည့်လိုက်တဲ့ အခါမှာ အမျိုးအစား စုံလင်သလို ပျောက်ကြတဲ့ အကြောင်းအရာ ကလဲ စုံလင်လှတယ်။ တချို့က အသက် ခပ်ကြီးကြီး အရွယ်တွေ၊ တချို့က လူပျို၊ အပျို အရွယ်တွေ၊ တချို့က ကျောင်းသား၊ ကျောင်းသူ အရွယ်လေး တွေပဲဖြစ်တယ်။

ပျောက်ကြရတဲ့ အကြောင်းအရာ တွေကလဲ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြဘူး။ တချို့က စိတ်ရောဂါကြောင့် မျက်စိလည် လမ်းမှားပြီး ပျောက်ကြတာတွေ ရှိသလို၊ တချို့ ကျပြန်တော့ မိဘဖြစ်သူ၊ အုပ်ထိန်းသူ လူကြီးသူမ တွေနဲ့ စိတ်ဆိုး စိတ်ကောက်ပြီး အိမ်ကို ပြန်မလာ ကြတော့ဘဲ ပျောက်သွား ကြတာတွေလဲ ရှိနေတတ် ကြတယ်။ စိတ်ရောဂါ ချို့ယွင်းမှုကြောင့် ပျောက်သွား ကြတဲ့ လူပျောက် ကြော်ငြာချက်တွေ မျက်စိလည် လမ်းမှားကာ သက်ဆိုင်ရာ အိမ်ကို ပြန်မလာ တတ်ကြတော့လို့ ပျောက်သွားကြတဲ့ လူပျောက် ကြော်ငြာချက် တွေနဲ့ ပတ်သက်ပြီး ဘာမှ စိတ်ထဲမှာ ထွေထွေထူးထူး မဖြစ်ပေါ်မိ ပေမယ့် မိဘ ဖြစ်သူတွေနဲ့ စိတ်ဆိုး စိတ်ကောက်ပြီး အိမ်ကို ပြန်မလာ ကြတော့ဘဲ ပျောက်သွားတာ ဆိုတဲ့ ကြော်ငြာလေး တွေကို တွေ့လိုက်ရ ချိန်မှာတော့ ခေါင်းထဲမှာ အတွေးလေးတွေ တစ်ဆက်တည်း ရောက်ရှိ လာခဲ့တယ်။

နည်းပညာတွေ တိုးတက်လာတဲ့ ဒီဘက်ပိုင်း တွေမှာ အဲဒီလို အဖြစ်အပျက် လေးတွေ အများအပြား ရှိလာခဲ့တယ်။ အထူးသဖြင့် ကျောင်းသား၊ ကျောင်းသူ လေးတွေ၊ လူပျို၊ အပျို အရွယ်လေးတွေ ပျောက်တာလေး တွေကို ဖေ့စ်ဘွတ်ခ်လို့ ခေါ်တဲ့ အင်တာနက် စာမျက်နှာ တွေထက်မှာလဲ အတွေ့များ လာရတာ ဖြစ်တယ်။ တချို့က ကျောင်းသွားရင်း အိမ်ကို ပြန်မလာကြ တော့ဘဲ ပျောက်သွား ကြသလို တချို့က မိဘတွေနဲ့ စိတ်ဆိုးပြီး သဘောထားချင်း မတိုက်ဆိုင်လို့ အိမ်ကို အသိမပေးဘဲ ထွက်သွား ကြတာ ဖြစ်တယ်။

'လက်ဦးဆရာ မည်ထိုက်စွာ၊ ပုဗ္ဗာစရိယ မိနှင့်ဖ' ဆိုတဲ့အတိုင်း မိဘဆိုတာ သား၊ သမီး တွေရဲ့လက်အဦးဆုံး ဆရာတွေပါပဲ။ လက်ဦးဆရာ ဖြစ်တဲ့ မိဘဖြစ်သူ တွေဟာ သား၊ သမီးတွေ အပေါ်မှာ ဆိုဆုံးမရမယ့် တာဝန်ဝတ္တရား ကတော့ ရှိတာ အမှန်ပါပဲ။ ဒါပေမဲ့ အဲဒီလို ဆိုဆုံးမတဲ့ နေရာမှာ နည်းလမ်းတကျ၊ အသိရှိရှိ နဲ့ ဆိုဆုံးမတတ် ဖို့က သိပ် အရေးကြီးတယ်။

မိဘဖြစ်သူ တွေက သား၊ သမီးတွေကို ဆိုဆုံးမတဲ့ နေရာမှာ တချို့က နှုတ်နဲ့ဆုံးမတာတွေ ရှိသလို တချို့လက်နဲ့ ဆိုဆုံးမတာတွေ ကိုလဲ တွေ့ရတတ်တယ်။ တချို့က သား၊ သမီး တွေကို ဆုံးမတဲ့ နေရာမှာ လူကြားသူကြား ရိုက်နှက် ဆုံးမလေ့ ရှိကြသလို တချို့ကလဲ နှုတ်ကနေ သား၊ သမီးတွေ အပေါ်မှာ နင်ပဲငဆ မကြားဝံ့ မနာသာ စကားလုံးတွေနဲ့ ဆုံးမတတ်ကြ ပါတယ်။ မိဘတိုင်း ကတော့ ဘယ် မိဘတိုင်း မဆို အပြစ်လုပ်တဲ့ ကိုယ့်သား၊ သမီးကို လိမ္မာရေးခြား ရှိလာအောင်၊ မဖြစ်သင့်တာ မဖြစ်ရ လေအောင်ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ဆိုဆုံးမ ကြတာပဲ ဖြစ်တယ်။ လမ်းမှားကို မရောက်မိအောင် ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ ဆိုဆုံးမ ကြတာ ဖြစ်တယ်။

အရှက်အကြောက် ကြီးတတ်တဲ့ ကလေး တစ်ယောက်ဟာ လူကြား သူကြားမှာ အထူးသဖြင့် သူငယ်ချင်း အပေါင်းအသင်း တွေကြားမှာ မိဘတွေရဲ့ အဆူအပူ အကြိမ်းအမောင်း ခံရတာကို ရှက်စိတ် လွန်ကဲပြီး မပြုလုပ် သင့်တာတွေကို ပြုလုပ်လေ့ ရှိကြတယ်။ တချို့လူကြီး သူမတွေ ကျပြန်တော့လဲ သူတို့ကို မော်မကြည့်ရဲ အောင်ကို အရိုက်အနှက် အထုအထောင်း နဲ့ဆိုဆုံးမလေ့ ရှိကြတယ်။ လူငယ်ဆိုတဲ့ သဘောက အရာရာကို စူးစမ်းလိုစိတ် ရှိကြပြီး အတတ်ဆန်း လေးတွေကိုလဲ တီထွင်ကြံဆဖို့ ဆန္ဒပြင်းပြ ကြတယ်။ လူကြီးသူမ တွေက မလုပ်နဲ့ဆိုတဲ့ အရာကို ပိုပြီးတော့ လုပ်ဆောင်လို ကြတယ်။ အဲဒီတော့ ဒီနေ့လူငယ် တော်တော် များများရဲ့အပြုအမူကို မိဘတွေက သဘော မတွေ့တာ ကတော့ မဆန်းတော့ ပါဘူး။

အဲဒီလို နေ့စဉ်နဲ့အမျှ သား၊ သမီးတွေကို ဆိုဆုံးမတဲ့ အခါမှာ ပညာရှိ ဆန်ဆန်၊ လူကြီးလူကောင်း ဆန်ဆန်နဲ့ ပြောဆိုဆုံးမ တတ်ဖို့က သိပ်အရေးကြီး ပါတယ်။ လူကြား သူကြားမှာ ဆူပူငေါက်ငမ်းတဲ့ အဆုံးအမ မျိုးကို ရှောင်ရှားသင့် သလို ရိုက်နှက် ဆုံးမတဲ့ အပြုအမူ မျိုးကိုလဲ ရှောင်သင့်တယ်။ အထူးသဖြင့် မိဘတွေ အနေနဲ့ သား၊ သမီးတွေရဲ့ စရိုက်ကို ကြိုတင်သိရှိ နားလည်နိုင်ဖို့ အရေးကြီးတယ်။ ကိုယ့်သား၊ သမီးကို ဘယ်လိုပုံစံ မျိုးနဲ့ ဆိုဆုံးမရင် နားလည် သဘောပေါက် နိုင်မလဲဆိုတာ ကို ကြိုတင် သိထား သင့်တယ်။

ကလေးတွေဟာ ငယ်ရွယ်စဉ် အချိန်မှာ အမှတ် သည်းခြေလဲ ကြီးမားတတ်ကြ သလို အစွဲအလမ်း အငြိုးအတေး လဲ ကြီးမား တတ်ကြတယ်။ ကလေးတွေကို ဆုံးမတဲ့အခါမှာ နားလည် သဘောပေါက် စေနိုင်တဲ့ စကားလုံးမျိုးကို ရှာကြံကာ ပြောဆိုဆုံးမ သင့်ပြီး သူတို့စိတ်မှာ နာကြည်း စေနိုင်မယ့် စကားလုံးမျိုးကို မသုံးမိဖို့ လိုအပ်ပါတယ်။ ကိုယ်က ဆုံးမလိုက်တဲ့ စကား တစ်ခွန်းဟာ ကလေးအတွက် နာကြည်းဖွယ်ရာ စကားမျိုး မဖြစ်ပါ စေနဲ့။

နောက်တစ်ချက်က ရိုက်နှက် ဆုံးမတဲ့ နည်းလမ်း ဟာလဲ ကလေးတွေ အတွက် ဆုံးမစရာ နည်းလမ်းကောင်း တစ်ရပ်လဲ မဟုတ်ပါဘူး။ အရိုက်အနှက် ခံရပါများတဲ့ ကလေး တစ်ယောက်ဟာ အမြဲတမ်း အကြောက်တရား နဲ့ချည်းပဲ ရှင်သန် ရတတ်တယ်။ ကိုယ်က ရိုက်နှက်ပြီး ဆိုဆုံးမတဲ့ အတွက်ကြောင့် အရာရာ တိုင်းမှာ အကြောက် တရားက ကြီးစိုး နေတတ်ပြီး ဘယ်နေရာမှ လူတော မတိုးရဲတဲ့ အဖြစ်မျိုး တွေနဲ့ ကြုံတွေ့ ရတတ်တယ်။

အထူးသဖြင့် မိဘဖြစ်သူ အုပ်ထိန်းသူတွေ အနေနဲ့ မိမိတို့ရဲ့ သား၊ သမီးတွေကို လက်လွတ် စပယ်၊ စိတ်လိုက်မာန်ပါ မဆုံးမမိဖို့ သိပ်ကို လိုအပ်တယ်။ မိဘတွေရဲ့ အဆုံးအမကို ခံရပါများတဲ့ ကလေး တစ်ယောက်ဟာ အိမ်မှာ မနေချင် လောက်အောင် မိဘတွေ့နဲ့ မျက်နှာချင်း မဆိုင်ချင် လောက်အောင်ထိ လူကြီးတွေ အပေါ်မှာ စိတ်နာသွား တတ်လေ့ ရှိတယ်။ အဲဒီတော့ မိဘတွေနဲ့ မျက်နှာချင်း မဆိုင်ချင် တော့တဲ့အဆုံး အိမ်မှာ မနေချင် တော့ဘဲ လွတ်ရာ ကျွတ်ရာကို ထွက်ခွာသွား တတ်ကြတယ်။ စာရေးသူတို့ ရပ်ကွက်ထဲက ဆယ်တန်း ကျောင်းသား တစ်ယောက်ဟာ အဲဒီလိုပဲ အရိုက်အနှက် အားကြီးတဲ့ မိဘတွေ အပေါ်မှာ အကြောက်တရား အားကြီးပြီး အိမ်ကနေ ထွက်ပြေး သွားခဲ့တာ မျက်မြင် ကိုယ်တွေ့ တွေ့ခဲ့ ရဖူးတယ်။ ဒီနေ့ချိန် ထိအောင် အဲဒီ ကလေးဟာ မိဘတွေနဲ့လဲ အဆက်အသွယ် မလုပ်ခဲ့သလို ဘယ်မှာနေပြီး ဘာတွေ လုပ်နေသလဲ ဆိုတာကိုလဲ ရေရေရာရာ မသိရတော့ဘူး။

အဲဒီလို မိဘဖြစ်သူ အုပ်ထိန်းသူ တို့ရဲ့ သား၊ သမီးတွေ အပေါ်မှာ နည်းလမ်းတကျ ဆိုဆုံးမမှု မရှိတာတွေ၊ အရိုက်အနှက် အထုအထောင်း မျိုးနဲ့ ဆိုဆုံးမတတ် တာတွေကြောင့် ဒီနေ့အချိန်မှာ လူပျောက် တာတွေကို မကြာခဏ ဆိုသလို ကြားသိ မြင်တွေ့နေခဲ့ ရတာဖြစ်တယ်။ သဘာဝ အတိုင်း ပျောက်တာ မဟုတ်ဘဲ အများစုသော ကလေးတွေဟာ လူကြီး သူမတွေရဲ့ ဆိုဆုံးမမှုကို ရှက်စိတ်မွှန်ပြီး အိမ်က ထွက်ပြေးလို့ ပျောက်ကြတာနဲ့ လူကြီးသူမတွေ အပေါ်မှာ အကြောက် တရားတွေ အားကြီး လွန်းလို့ ပျောက်သွား ရတာတို့ ဖြစ်တယ်။ အဲဒီတော့ မိဘတွေ၊ အုပ်ထိန်းသူတွေ အနေနဲ့ ဆင်ခြင်တုံတရား လက်ကိုင်ထားပြီး မိမိတို့ သား၊ သမီးတွေကို ပြောဆိုဆုံးမ သင့်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပါတယ်။

#Yadanarpondaily

Thursday, June 18, 2015

ကိုရီးယားငလျင် ကို ဘယ်လို ကာကွယ်ကြမလဲ



ကိုရီးယားငလျင် ကို ဘယ်လို ကာကွယ်ကြမလဲ

နှောင်း

ကိုရီးယားငလျင် လို့ ကျွန်မကတော့ ဒီလိုပဲ နာမည်တပ် လိုက်ချင်ပါတယ်။ ဒီငလျင်က တသိမ့်သိမ့်နဲ့ နေ့စဉ်မပြတ် လှုပ်ခတ်နေတဲ့ ငလျင်ပါ။ လူတွေ အလွန်ကြိုက်တဲ့ ငလျင်ပေါ့။ ဒါပေမဲ့ သူ့ရဲ့ အရှိန်က မသေးဘူး။ ဒီငလျင်ရဲ့လှုပ်ခတ်မှု အောက်မှာ ကျွန်မတို့ ယဉ်ကျေးမှုတွေ အတုံးအရုံး ပြိုလဲကျ ကုန်တယ်။ ကိုရီးယား ဇာတ်ကားတွေကို ကျွန်မတို့ မြန်မာနိုင်ငံမှာ ရှိတဲ့ ရုပ်မြင်သံကြား လိုင်းပေါင်းစုံက လွှင့်နေကြတယ်။ ကလေး၊လူကြီး၊ လူငယ်၊ လူလတ် မကျန် ကြည့်ကြတယ်။ ဒီလို ကြည့်လာတဲ့ သက်တမ်း၊ လွှင့်လာတဲ့ သက်တမ်းကလဲ ၁ဝ နှစ်ကျော် ကြာပြီဆိုတော့ ယဉ်ကျေးမှု တွေလဲ ရောထွေး၊ သူ့ ယဉ်ကျေးမှုကို ကိုယ့် ယဉ်ကျေးမှု အလား လက်ခံကျင့်သုံး နေကြပါပြီ။ တကယ်တော့ ရုပ်ရှင်ဆိုတာ ပြည်သူကို အလွှမ်းမိုး နိုင်ဆုံး အရာတစ်ခုပါ။ ရုပ်ရှင်မင်းသား၊ ရုပ်ရှင် မင်းသမီး ဝတ်သမျှကို အပြင်မှာ လိုက်ဝတ်တတ် ကြတယ်။ ရုပ်ရှင်ထဲက မင်းသား၊ မင်းသမီးရဲ့ နေပုံထိုင်ပုံ၊ အပြုအမူ၊ အပြောအဆို၊ အဝတ်အစား၊ အကုန်လုံးကို လိုက်လုပ်တတ် ကြတယ်။ အခုနောက်ပိုင်း လွှင့်နေတဲ့ ကိုရီးယား ဇာတ်ကား တော်တော် များများမှာ လူမှုရေး ဖောက်ပြန် တာတွေကို ဇာတ်အိမ် တည်ပြီး ရိုက်ထားတာ တွေ့ရတယ်။

အခုလွှင့်နေတဲ့ ဇာတ်လမ်း တစ်ပုဒ်ရှိ ပါတယ်။ ဇာတ်လမ်းထဲမှာ ပညာတော်သင် သွားတဲ့ မင်းသမီးက နိုင်ငံခြားမှာ လက်မထပ်ဘဲ ကလေး တစ်ယောက် ရခဲ့ပါတယ်။ သူနိုင်ငံကို ပြန်လာတဲ့  အချိန် မင်းသားနဲ့ တွေ့ပြီး မင်းသားက ကလေးအမေ မင်းသမီးကို တမ်းတမ်းစွဲ ကြိုက်ပါတယ်။ ကလေး အဖေကို လူဆိုးဖြစ်အောင် ဇာတ်အိမ် တည်ပြီး လူပျို မင်းသားနဲ့ ကလေး တစ်ယောက်အမေ မင်းသမီးကို ခုမှပဲ အချစ်စစ် တွေ့တာလိုလို နဲ့ လူငယ်တွေ အတုယူ မှားအောင် ရိုက်ပြထားတယ်။ မြန်မာ့ ယဉ်ကျေးမှု နဲ့ သိပ်ကို ဆန့်ကျင် နေတယ်။ လူငယ်တွေရဲ့ စိတ်မှာ အတွေးမှားတွေ ဝင်သွား နိုင်တယ်။ တချို့ ဇာတ်လမ်းတွေ ပိုဆိုး ပါသေးတယ်။ ဇနီး မောင်နှံနှစ်ယောက် ယောက်ျားကလဲ တခြားမိန်းမ နဲ့ ဖောက်ပြန်၊ မိန်းမကလဲ တခြား ယောက်ျားနဲ့ ဖောက်ပြန်၊ ဖောက်ပြန် နေတဲ့သူတွေ ကလဲ အိမ်ထောင်ရှိတဲ့ သူတွေ၊ သိပ်ကို ကြောက်စရာ ကောင်းတဲ့ ဇာတ်လမ်း တွေပါ။ ဒီလို ဇာတ်လမ်းတွေကို ကြည့်ရင်း ကြီးပြင်းလာ ရတဲ့ လူငယ်တွေ အတွက် လူမှုရေး ဖောက်ပြန် တာတွေဟာ မဆန်းတဲ့ ကိစ္စတွေလို့ ထင်မြင် ယူဆ သွားနိုင်ပါတယ်။

အခုဆိုရင် ကလေးတွေဟာ စာဖတ်အား အလွန်နည်း သွားပြီး ကွန်ပျူတာ၊ အင်တာနက်၊ တီဗွီ ဇာတ်လမ်းတွဲ တွေနဲ့ပဲ အားလပ်ချိန်ကို ကုန်ဆုံး နေကြတာ တွေ့မြင်ရတယ်။ ကလေး သဘာဝ အတုမြင် အတတ်သင် တတ်တဲ့ အရွယ်မှာ မမြင်သင့်တာ တွေမြင်ပြီး မတတ်သင့် တာတွေ တတ်သွားမှာ စိုးရိမ်ရတယ်။ အင်တာနက်ကို သွားပိတ်လို့ မရသလို လွှင့်နေတဲ့ ဇာတ်လမ်းတွဲ တွေကိုလဲ မကြည့်နဲ့လို့ ပိတ်ပင်ဖို့ မလွယ်ပါဘူး။ ဒီ အခြေအနေမှာ ကျွန်မတို့ မိဘ၊ ဆရာတွေ အကောင်းဆုံး လုပ်ပေးနိုင်မယ့် နည်းလမ်းကတော့ ကလေးတွေကို စာဖတ်ဖြစ် လာအောင် ဘေးကနေ ဝိုင်းဝန်း ကြိုးစား ပေးဖို့ပါပဲ။ စာအုပ်ကောင်း တစ်အုပ်ဟာ ဆရာကောင်း တစ်ယောက်နဲ့ ညီမျှပါတယ်။ ကလေးအရွယ် ဖတ်ရှုဖို့ ကောင်းမွန်တဲ့ စာအုပ်တွေ အများအပြားကို ဈေးကွက်မှာ တွေ့မြင် နေရတယ်။ ဝယ်ယူ ဖတ်ရှုတဲ့သူ အရေအတွက် ကတော့ အလွန်ကို နည်းပါး လွန်းတယ်။ စာအုပ်ရဲ့ မာတိကာကို ကြည့်လိုက်ရင် စာအုပ် ဖြန့်ချိတဲ့ အရေအတွက် အုပ်ရေ ၅ဝဝ၊ အလွန်ဆုံးမှ ၁ဝဝဝ သာ ရှိတာကို တွေ့ရတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကလေး အရေအတွက်နဲ့ နှိုင်းယှဉ်ရင် အဆပေါင်း များစွာ နည်းပါး ပါတယ်။

ကလေးတွေ အတွက် လေးစား အားကျရတဲ့ လူပုဂ္ဂိုလ်တွေ၊ ဇာတ်ကောင်တွေ ရှိသင့်ပါတယ်။ ဒီ ဇာတ်ကောင်တွေ အကြောင်းကို စာအုပ်တွေက တစ်ဆင့် ကလေးတွေ တွေ့ရှိ နိုင်တယ်။ ဗုဒ္ဓဝင်နဲ့ ပတ်သက်တဲ့ ကလေးဖတ် ရုပ်ပြ စာအုပ်တွေ၊ ငါးပါးသီလ အကြောင်း၊ ငရဲအကြောင်း၊ ငါးရာ့ငါးဆယ် ဇာတ်နိပါတ် တွေအကြောင်း ကလေးဖတ် ပညာပေး ရုပ်ပြ စာအုပ်တွေ အများကြီး ရှိပါတယ်။ ဒီစာအုပ် တွေကို ဖတ်မိတဲ့ ကလေး တစ်ယောက်ဟာ ဗုဒ္ဓမြတ်စွာ အပေါ်မှာ ရိုသေ ကိုင်းညွတ်တဲ့ စိတ်တွေဖြစ် ပေါ်လာမယ်။ ကိုယ်ကျင့်တရား ကောင်းမွန်မှု နဲ့ ပတ်သက်တဲ့ စိတ်ထားတွေ ကိန်းဝပ် လာနိုင်တယ်။ ကလေး သဘာဝ သူတို့ အားကျတဲ့ ဇာတ်ကောင်တွေ အတိုင်း လိုက်လံပြုမူ တတ်တာ ဖြစ်လို့ ဘုရားလောင်းရဲ့ စိတ်ထားတွေ ကလေးရင်ထဲ ထည့်ပေး နိုင်ခဲ့ရင် ဒါဟာ ဆရာ၊ မိဘတွေ အတွက် အကောင်းဆုံး အမွေပေးမှု တစ်ခုပါပဲ။ ဗိုလ်ချုပ် အောင်ဆန်းကို အားကျတဲ့ ကလေး တစ်ယောက်က ဗိုလ်ချုပ်ရဲ့ အမူအကျင့် တွေကို အတုယူမယ်။ စိတ်ဓာတ်ကို အတုယူမယ်။ ဒါဟာ ကလေးရဲ့ စိတ်ထဲမှာ ဗိုလ်ချုပ်ရဲ့ ဝိညာဉ် ကိန်းဝပ်သွား တာပါပဲ။ မာသာထရီဇာ ကို အားကျတဲ့ ကလေး တစ်ယောက်က ပရဟိတ စိတ်ဓာတ်တွေ ကိန်းဝပ် လာမယ်။ အများအကျိုး အတွက် လုပ်ချင် လာမယ်။ ပေါ်လီယာနာ စာအုပ်ကို ဖတ်မိလို့ ပေါ်လီယာနာ ကို အားကျသွားတဲ့ ကလေး တစ်ယောက်က ရင်ထဲမှာ အကောင်းမြင် တတ်တဲ့ စိတ်တွေ ကိန်းဝပ် လာပါလိမ့်မယ်။

စာဖတ်ခြင်းကို အလေ့အကျင့် တစ်ခုအနေနဲ့ အစဉ်အမြဲ ကျင့်သုံးသွားရင် ကောင်မွန်တဲ့ အလေ့အကျင့် ကောင်းတစ်ခု ဖြစ်လာနိုင်တယ်။ ကျွန်မတို့ အနေနဲ့ ကလေး တစ်ယောက် စာဖတ်ဖြစ် လာအောင် စွမ်းဆောင် ပေးနိုင်ဖို့ပဲ လိုတယ်။ ပထမပိုင်း မှာတော့ မိဘ၊ ဆရာသမား တွေက ကောင်းမွန်တဲ့ စာပေတွေ ဖတ်မိစေဖို့ ရွေးချယ်ပေး ရမယ်။ နောက်ပိုင်း မှာတော့ မိဘက ရွေးချယ်ပေးစရာ မလိုဘဲ စာအုပ်စာပေတွေ ဖတ်ရင်း ရလာတဲ့ အသိ ဉာဏ်နဲ့ ကလေးတွေ ကိုယ်တိုင် ရွေးချယ်သွား ပါလိမ့်မယ်။ ကလေး တစ်ယောက်ကို အချိန်ပြည့် အနီးကပ် လိုက်ပါ စောင့်ရှောက်ဖို့ က မလွယ်ကူ ပါဘူး။ ကလေးတွေကို တကယ် အပြည့်အဝ လိုက်လံ စောင့်ရှောက် ပေးနိုင်တာက သူတို့ရဲ့ ကိုယ်ပိုင် အသိဉာဏ် ပါပဲ။ သုတစာပေ တွေက လူတစ်ယောက်ရဲ့ အသိဉာဏ်ကို အဆင့်မြှင့်တင် ပေးပြီး ရသစာပေ တွေကတော့ နှလုံးသား နူးညံ့ သိမ်မွေ့မှုနဲ့ ကိုယ်ကျင့်တရား ဖြောင့်မတ် ခိုင်မာမှုကို ဦးတည် ပါတယ်။ စာဖတ်တဲ့သူဟာ စာမဖတ်တဲ့ သူထက် အမြဲတမ်း ခေါင်းတစ်လုံး ပိုမြင့်ပါတယ်။ အနာဂတ် ကာလမှာ အသိဉာဏ် မြင့်မားပြီး နူးညံ့သိမ်မွေ့တဲ့ လူ့အဖွဲ့အစည်း တစ်ခုကို ပုံဖော်နိုင်ဖို့ အတွက် မိဘနဲ့ဆရာ ပူးပေါင်းပြီး ကျွန်မတို့ရဲ့ မျိုးဆက်သစ် လူငယ်တွေကို ခေါင်းတစ်လုံး ပိုမြင့်အောင် ဆောင်ရွက်ကြ ရအောင်၊ ဒီလို ဆောင်ရွက် နိုင်ကြရင် လူငယ်တွေဟာ ထိုးဖောက် ဝင်ရောက် လာတဲ့ နိုင်ငံခြား ယဉ်ကျေးမှု တွေကို အလိုလို ရှောင်ကွင်း တတ်လာမှာ ဖြစ်ကြောင်း ရေးသား တင်ပြလိုက်ရ ပါတယ်။

#Yadanarpondaily

Thursday, June 4, 2015

သင်ကြားပေးရမည့် အလေ့အကျင့်ကောင်း


သင်ကြားပေးရမည့် အလေ့အကျင့်ကောင်း

မြို့တော် သန့်ရှင်းသာယာ လှပရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းခြင်း တို့တွင် အမှိုက် စွန့်ပစ်ခြင်းနှင့် သန့်ရှင်းရေး ပြုလုပ်ခြင်း တို့သည် အရေးပါသောကဏ္ဍမှ ပါဝင်နေသည်။ မြန်မာနိုင်ငံ သည် အစားအသောက် ထုပ်ပိုးမှုစနစ် နိမ့်ကျ နေသေးကြောင်း ဖွံ့ဖြိုးသည့် နိုင်ငံများမှ ပညာရှင် များက သုံးသပ်ကြသည်။ အစားအစာများ ထုပ်ပိုးရာတွင် ထုပ်ပိုး ထားသည်က များ၍ စားရသည့် အစားအစာက နည်းနည်း ဖြစ်နေသောကြောင့် အမှိုက်များကို ရောင်းချ နေသကဲ့သို့ ဖြစ်နေသည်။

ဖွံ့ဖြိုးပြီး နိုင်ငံများတွင် ပဲနို့ကဲ့သို့ အရည်များကို ပလတ်စတစ်ဘူး များအစား သဘာဝ ပတ်ဝန်းကျင် မထိခိုက်သော စက္ကူသား ဖြင့်သာ အဆင့်မြင့် ထုပ်ပိုးရောင်းချ နေကြသည်။ မြန်မာနိုင်ငံတွင် ထိုကဲ့သို့ ထုပ်ပိုးရောင်းချ နိုင်မှု မရှိသည့် အပြင် အချို့စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်သော ရေဆိုးများ သည်လည်း အမှိုက်တစ်မျိုး ဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင်ကို ပျက်စီးစေသည်။

ဤတွင် မြန်မာပြည်၌ လွယ်လွယ် ထုပ်ပိုး၍ ရသော ပလတ်စတစ်များ၊ ကြွပ်ကြွပ် အိတ်များ သုံးစွဲမှု များပြားလာခြင်း နှင့်အတူ အမှိုက် သန့်ရှင်းရေး လုပ်ဆောင် ရာတွင်လည်း အသိပညာ ပေးမှု များစွာလိုအပ် လာလျက် ရှိကြောင်း သိရသည်။ စင်ကာပူနိုင်ငံ လမ်းမပေါ်တွင် လမ်းလျှောက်ရင်း မြန်မာ စာရေးဆရာ တစ်ဦးက သကြားလုံးခွံ စွန့်ပစ်ရာ ကလေးငယ် တစ်ဦးက စာရေးဆရာကို အမှိုက်ပုံး ညွှန်ပြ၍ အမှိုက်ပုံးတွင် စွန့်ပစ်ရန် ခိုင်းခဲ့သည်။ ဂျပန်နိုင်ငံတွင် မူလတန်း ကလေးငယ် များကို အမှိုက် စွန့်ပစ်နည်း နှင့် အခြေခံ လူမှုနီတိများ သင်ပေးလျက် ရှိသည်။

ထို့ကြောင့် ဂျပန်နိုင်ငံတွင် ကလေးငယ် များသည် အမှိုက်ကို စနစ်တကျ စွန့်ပစ်သည့် အလေ့အထ ရရှိစေပြီး ပတ်ဝန်းကျင် သန့်ရှင်းရေး အတွက် အထောက်အပံ့များ ဖြစ်စေသည်။ ရန်ကုန်၊ မန္တလေး စသည့် မြို့တော်များတွင် လူဦးရေ တိုးတက်များပြား လာသည်နှင့် အမျှ အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး၊ စွန့်ပစ် အမှိုက်များ စီမံခန့်ခွဲမှု ပြုလုပ်နိုင်ရေး လုပ်ငန်းများ ပိုမိုလိုအပ် လာသည်။

သြစတြေးလျ နိုင်ငံတွင် ပန်းခြံများ အတွင်း အပန်းဖြေ ပြီးနောက် အမှိုက်များ ထားခဲ့ခြင်း မပြုရ၊ ပန်းခြံထဲမှ အရာများ ကိုလည်း ယူဆောင်ခြင်း မပြုရဟု စည်းကမ်း သတ်မှတ် လိုက်နာ ကျင့်သုံးလျက် ရှိသည်။ အမေရိကန် နိုင်ငံတွင်လည်း ဆောင်းရာသီ၌ အိမ်ရှေ့တွင် ရှိသော ဆီးနှင်းများကို စည်ပင်မှ အခကြေးငွေဖြင့် ရှင်းပေး ရသည်။ စည်ပင်မှ ရှင်းလင်းချိန် မရောက်သေးမီ လမ်းသွား လမ်းလာများ မချော်လဲ စေရန် အိမ်ရှင်က ရှင်းပေးရသည်။မြန်မာကျေးလက် ဒေသအချို့ တွင်လည်း စည်ပင် မရှိဘဲ မိမိတို့အိမ် ပတ်ဝန်းကျင်ကို မိမိတို့ အသိ စိတ်ဓာတ်ဖြင့် သန့်ရှင်းရေး ဆောင်ရွက် ကြသည်။ ထိုသို့ ကျေးလက်ဒေသ များတွင် အသိ ကိုယ်စီဖြင့် ပတ်ဝန်းကျင် သန့်ရှင်းရေးကို လုပ်ဆောင် ကြသည်မှာ ငယ်စဉ် ကတည်းက သန့်ရှင်းရေး လုပ်ခြင်းကြောင့် မိမိစိတ်ကို စင်ကြယ်စေခြင်း၊ သူတစ်ပါး၏ စိတ်ကို စင်ကြယ်စေခြင်း၊ နတ်တို့ ချစ်မြတ်နိုးခြင်း၊ ရုပ်ရည်လှပ စေခြင်းနှင့် သေဆုံးပြီး နောက် ကောင်းရာ သုဂတိသို့ လားရခြင်း ဟူသည့် အကျိုး ကျေးဇူးများ ရစေသည်ဟု ငယ်စဉ် ကတည်းက ဘာသာရေး အသိခံယူ ရရှိထားသော ကြောင့်ဖြစ်သည်။ မြို့ပြများတွင် အမှိုက် စွန့်ပစ်မှု ပြဿနာတစ်ရပ် ဖြစ်ပေါ် လာရသည်မှာ မြို့နေ လူတန်းစားများ ဘာသာရေး အသိနှင့် တာဝန်သိစိတ် လျော့နည်း လာမှုကြောင့် ဖြစ်သည်။

အမှိုက် စနစ်တကျ စွန့်ပစ်ခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းရာ ရောက်သကဲ့သို့ ဂေဟစနစ်ကို ကာကွယ်နိုင်ပြီး စနစ်တကျ စွန့်ပစ်သည့် အမှိုက်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူ နိုင်သောကြောင့် သဘာဝ ပတ်ဝန်းကျင် သန့်ရှင်း သာယာလှပ စေပြီး အကျိုးရှိ စေသော လူတိုင်းကိုယ်စီ အမှိုက် သန့်ရှင်းရေး ဆောင်ရွက်ခြင်း နှင့် စနစ်တကျ စွန့်ပစ် စေသည့် အလေ့အကျင့် ကောင်းကို အခြေခံပညာ ကျောင်းမှ အစပြု၍ အလေ့အကျင့် ပြု သင်ကြား ပေးရန် လိုအပ်ကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

#Yadanarpondaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger