www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ငလျင်သတင်း. Show all posts
Showing posts with label ငလျင်သတင်း. Show all posts

Thursday, August 16, 2018

ပုဂံရှေ့ဟောင်းယဉ်ကျေးမှုဇုန် မြေငလျင်အန္တရာယ်ပြ သီးသန့်မြေပုံယခုနှစ်ကုန် ထွက်ရှိမည်



ညောင်ဦး ၁၆-၈-၂ဝ၁၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဇုန်အတွက် သီးသန့်ရေး ဆွဲနေသည့် ပုဂံငလျင်အန္တရာယ် ပြမြေပုံမှာယခု နှစ်ကုန်တွင် ထွက်ရှိနိုင်မည်ဖြစ်ကြောင် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ဦးစီးအရာရှိ ဦးဖြိုးပြည့်ကိုကိုက ပြောပြ၍ သိရသည်။

အဆိုပါ ငလျင်ပြမြေပုံ ထွက်ရှိလာပါက ငလျင်နှင့်ပတ်သက်ပြီး ထိခိုက်နိုင်ဖွယ်ရှိသည့် နေရာများ၊ ဘုရားများ၏ ခံနိုင်ရည်များ၊ ဘုရားများကို ထိန်းသိမ်းနိုင်မည့် နည်းလမ်းများကို သိရှိလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

"မြေပုံရေးဆွဲဖို့အတွက် ပြီးခဲ့တဲ့ဇွန်လထဲကနေ မြေလွှာတိုင်းတာ စစ်ဆေးမှုတွေ လုပ်ခဲ့ပါတယ်။ အဆောက်အအုံ ခံနိုင်ရည်ပိုင်းတွေကိုလဲ စစ်ဆေးမှုတွေ ပြုလုပ်ပြီးစီး ခဲ့ပါတယ်။ မြေပုံကိုတော့ ဒီနှစ်ကုန်လောက်မှာ ထွက်ရှိလာ နိုင်ပါမယ်"ဟု ၎င်းက ပြောပြသည်။

"ကနဦးအနေနဲ့ ဘုရားတွေရဲ့ အောက်ခံမြေသား လှုပ်ရှားမှုတွေကို တိုင်းတာ တာဖြစ်ပါတယ်။ ဒီလိုတိုင်းတာ လိုက်တဲ့အတွက် ပုဂံဒေသရဲ့ဘယ်နေရာတွေ ငလျင်လှုပ်ရင် ထိခိုက်မှုများနိုင်မလဲဆိုတာ သိနိုင်လာပါမယ်"ဟု မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစောထွေးဇော်က ပြောပြသည်။

ပုဂံငလျင် အန္တရာယ်ပြမြေပုံ ထွက်ရှိရန်အတွက် တိုင်းတာခြင်း လုပ်ငန်းများကို မြန်မာနိုင်ငံ ငလျင်ကော်မတီ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်၊ စင်ကာပူနိုင်ငံရှိ နန့်ယန်းတက္ကသိုလ်ရှိ မြေကမ္ဘာလေ့လာ စောင့်ကြည့်ရေး အဖွဲ့နှင့်ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနရှိ ပညာရှင်များပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ မြေပုံထွက်ရှိရေးအတွက် ပုဂံယဉ်ကျေးမှု ဇုန်အတွင်းရှိ ဗူးဘုရား၊ နန်းတော်ရာနေရာ၊ ကန်တော့ပလ္လင်၊ မဟာဗောဓိစသည့် စေတီ၊ပုထိုးများနှင့် ပုဂံမြို့ဟောင်းမြို့ရိုးနှင့် သရပါတံခါးအနီးတို့တွင် မြေတုန်ခါနှုန်းတိုင်းတာခြင်း လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

Wednesday, August 1, 2018

နိုင်ငံတစ်ဝန်းရှိ ငလျင်အန္တရာယ်နှင့် ဆက်စပ်သည့် မြို့တစ်မြို့ချင်းစီ၏ မြေအန္တရာယ်ပြ မြေပုံအသစ် ထုတ်ဝေသွားမည်

၂ဝ၁၃ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မန္တလေးမြို့၏ ငလျင်အန္တရာယ်ပြမြေပုံ

မန္တလေး ၁-၈-၂ဝ၁၈

ကမ္ဘာ့မြေငလျင်ကြော ကြီးပေါ်တွင် တည်ရှိပြီး ငလျင်အန္တရာယ် ဇုန်အတွင်းကျရောက် နေသည့် မြန်မာနိုင်ငံတွင် ငလျင်အန္တရာယ်များနှင့် ဆက်စပ်သည့် မြို့တစ်မြို့ချင်းစီ၏ ငလျင်အန္တရာယ် ပြမြေပုံအသစ်များ ထုတ်ဝေသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီ (မန္တလေး) မှ သိရသည်။

မြန်မာ တစ်နိုင်ငံလုံး၏ ပြတ်ရွေ့ကြောများ ပေါ်အခြေခံ၍ မြေငလျင် အန္တရာယ်ပြမြေပုံကို ၂ဝ၁၂ခုနှစ်က စတင်ထုတ်ဝေခဲ့ပြီး ငလျင်လှုပ်ခတ်နိုင်သည့် ပြတ်ရွေ့ကြောများနှင့် ပတ်သက်၍ အချက်အလက်အသစ်များနှင့် မြန်မာ
နိုင်ငံအနောက်ဘက် အိန္ဒိယမြေထုချပ်နှင့် မြန်မာမြေထုချပ် တွန်းတိုက်နေသည့် အပိုင်းမှ အချက်အလက် အသစ်အချို့ထပ်မံ ဖြည့်စွက်ထားသည့် ငလျင်အန္တရာယ်ပြ မြေပုံအသစ်ကို ယခုနှစ် နှစ်ဆန်းပိုင်း၌ အသစ်ထပ်မံထုတ်ဝေ
လိုက်ကြောင်း သိရသည်။

တစ်နိုင်ငံလုံး၏ ငလျင်အန္တရာယ်ပြ မြေပုံကိုအသစ် ထုတ်ဝေပြီးနောက် တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုချင်း စီအလိုက် ငလျင်အန္တရာယ်နှင့် ဆက်စပ်သည့် မြို့တစ်မြို့ချင်း စီ၏ငလျင်အန္တရာယ် ပြမြေပုံများကို အသစ်ထပ်မံ ထုတ်ဝေသွားမည် ဖြစ်ကြောင်း အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောကြားသည်။

"တစ်နိုင်ငံလုံးရဲ့ အန္တရာယ်ပြမြေပုံကို Update လုပ်ပြီးတော့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တစ်ခုချင်း အလိုက်၊ မြို့အသီးသီးအလိုက် လုပ်ဖို့လိုအပ် လာတော့မယ်။ တစ်ဆင့်ချင်းစီ လုပ်သွားဖို့ ရည်မှန်းထားတယ်။ ရန်ကုန်နဲ့ မန္တလေး
တင်မကဘူး ကျန်တဲ့ မြို့တွေကိုပါ လုပ်သွားရမှာပါ။ ရန်ကုန်နဲ့ မန္တလေးရဲ့ ငလျင်အန္တရာယ်ပြမြေပုံက ထုတ်ပြီးသားရှိတယ်။ 

ဒါပေမဲ့ အခုက အချက်အလက် အသစ်တွေလဲ ထပ်ရထားတော့ Update ထပ်လုပ်ရမယ်။ ဒီမြို့နှစ်မြို့ကတော့ လူဦးရေများတဲ့ အတွက် ဦးစားပေးပြီး အရင်လုပ်ရမှာပါ"ဟု ၎င်းက ပြောပြသည်။

၂ဝ၁၃ခုနှစ်တွင် မန္တလေးမြို့၏ ငလျင်အန္တရာယ် ပြမြေပုံနှင့် ၂ဝ၁၄ခုနှစ်တွင် ရန်ကုန်မြို့၏ ငလျင်အန္တရာယ် ပြမြေပုံတို့ကို ထုတ်ဝေခဲ့ပြီး ဖြစ်သော်လည်း ယခုအချက်အလက် အသစ်များ ထပ်မံဖြည့်စွက်
၍ အသစ်ထုတ်ဝေသွားမည် ဖြစ်ကြောင်း သိရသည်။

မြေငလျင်အန္တရာယ်ပြ မြေပုံများကို အနာဂတ်တွင် ဆောက်လုပ်မည့် အဆောက်အအုံများ တည်ဆောက်ရာတွင် မည်သည့် ငလျင်ဇုန်၌ ကျရောက်နိုင်ကြောင်း အလွယ်တကူ သိရှိနိုင်စေရန်၊ နိုင်ငံတော် Projectsများ၊ ကျောင်း၊ ဆေးရုံ၊စက်မှုဇုန်၊ ဆည်၊ လမ်းတံတား အပါအဝင် မြို့ပြစီမံကိန်းများ ရေးဆွဲရာ၌ ငလျင်အန္တရာယ် လျော့ကျရေးအတွက် အသုံးပြုနိုင်စေရန်နှင့် Earthquakes Management Plan များရေးဆွဲရာတွင် ထည့်သွင်းအသုံးပြုရန် ထုတ်ပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

"မြေပုံအသစ်တွေကို ဆောက်လုပ်ရေး လုပ်ငန်းတွေ၊ ငလျင်အန္တရာယ် လျှော့ချရေး လုပ်ငန်းတွေမှာ အသုံးပြုမယ်ဆိုရင် ငလျင်အန္တရာယ်နဲ့ ပတ်သက်ပြီး ပိုကောင်းတဲ့ ရလဒ်တွေရနိုင်မယ်။ မြေပုံအသစ်တွေကိုလဲ အခုနှစ်အတွင်း စပြီးထုတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေပဲ ဖြစ်ဖြစ်၊ ငလျင်အန္တရာယ် လျှော့ချရေး လုပ်ငန်းတွေမှာ ပဲဖြစ်ဖြစ် အခုမြေပုံ အသစ်ကို သုံးမယ်ဆိုရင် ပိုပြီးတော့ကောင်းမွန်တဲ့ ရလဒ်တွေရနိုင်ပါမယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ကမ္ဘာ့မြေငလျင်ကြောကြီး နှစ်ခုအနက် တစ်ခုပေါ်တွင် တည်ရှိနေသည့်အတွက် ငလျင်ဘေးအန္တရာယ် စိုးရိမ်ရသည့် မြန်မာနိုင်ငံတွင် စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ ရန်ကုန်နှင့် မန္တလေးမြို့အပါအဝင် မြို့ကြီး၁ဝမြို့ခန့်တွင် စစ်ကိုင်းပြတ်ရွေ့၌ အင်အားပြင်းထန်သော ငလျင်လှုပ်ခတ်ပါက ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ကြောင်း ၂ဝ၁၇ခုနှစ် စက်တင်ဘာ၂၄ရက်တွင် မြန်မာနိုင်ငံမြေငလျင် ကော်မတီက သတင်းထုတ်ပြန် ထားကြောင်း သိရသည်။

#Themyawadydaily

Friday, June 29, 2018

နိုင်ငံတစ်ဝန်း သုံးနှစ်ကျော်အတွင်း ငလျင်လှုပ်ခတ်မှု နှစ်ဆကျော်မြင့်တက်


စစ်ကိုင်းပြတ်ရွေ့ပေါ်ရှိ မြို့များကို တွေ့ရစဉ်။

မန္တလေး ၂၉-၆-၂ဝ၁၈

ယခုနှစ် ငါးလကျော်အတွင်း နိုင်ငံတစ်ဝန်းတွင် ငလျင်လှုပ်ခတ်မှု အကြိမ်ရေ ၉ဝ ကျော်ထိရောက်ရှိနေပြီး ၂ဝ၁၅ခုနှစ်အတွင်း ငလျင်လှုပ်ခတ်မှု အကြိမ်များ ထက်သုံးနှစ်ကျော်အတွင်း နှစ်ဆကျော် ထိမြင့်တက်လာခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

နှစ်အလိုက် ငလျင်လှုပ်ခတ်မှုများ အနေဖြင့် ၂ဝ၁၅ခုနှစ်တွင် ငလျင် ၂၃ကြိမ်၊ ၂ဝ၁၆ခုနှစ်တွင် ၃၈ကြိမ်၊ ၂ဝ၁၇ ခုနှစ်တွင် ၆၅ကြိမ်ထိ လှုပ်ခတ်ခဲ့ပြီး ယခုနှစ်တွင် ဇန်နဝါရီ ၁ရက်မှ ယနေ့ထိ ငါးလကျော်အတွင်း မြန်မာနိုင်ငံပြည်တွင်းတွင် စုစုပေါင်း ငလျင် ၉၇ ကြိမ်ထိ လှုပ်ခတ်ထားသည်။

"ဒါက ပထမတစ်ချက် အနေနဲ့ ဖြစ်နိုင်တာက အရင်ကထက် မိုးဇလရဲ့ Local Network အရမ်းကောင်းလာ တာကြောင့်လဲ ဖြစ်နိုင်ပါတယ်။ အရင်က ငလျင်တိုင်းတာရေး စက်သုံးလေးလုံးနဲ့ လုပ်နေရာကနေ အခု စင်ကာပူနိုင်ငံမြေကမ္ဘာ စောင့်ကြည့်ရေး အဖွဲ့(EOS) ရဲ့ထောက်ပံ့မှုနဲ့ အလုံးရေတွေ ထပ်တိုးလာတယ်။ နောက်ထပ်လဲထပ်တိုး ဖို့ရှိနေတယ် လို့သိရပါတယ်။ ငလျင်အသေးလေးတွေ လှုပ်တာကအစ လှုပ်တဲ့ငလျင်တိုင်းကို သတင်းထုတ်ပြန် နိုင်ပါပြီ။ လှုပ်တာကတော့ အရင်ကတည်းက အခုလိုလှုပ်နေတာပဲလို့ ကျွန်တော်ထင်ပါတယ်။ အခုလို အားလုံးကိုဖမ်းမိတော့ အနာဂတ်မြေငလျင် အန္တရာယ် ခန့်မှန်းတွက်ချက်တဲ့ အခါမှာပိုကောင်းလာမယ်။ Data တွေအသုံးချပြီး တော့လုပ်စရာရှိတာ ပိုပြီးလုပ်လာနိုင်တာပေါ့။ ပြည်သူလူထုအနေနဲ့ ခုလိုမျိုးလှုပ်လာလို့ သိပ်စိုးရိမ်စရာမရှိပါဘူး။ ပြင်ဆင်စရာရှိတာတော့ ပုံမှန်ပြင်ဆင်ထားရမှာပါ"ဟု အဆိုပါကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်က ပြောသည်။

ကမ္ဘာ့မြေငလျင်ကြောကြီး နှစ်ခုအနက် တစ်ခုပေါ်တွင် တည်ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် ငလျင်ဘေးအန္တရာယ် ကျရောက်ရန် စိုးရိမ်ရသည့် ဒေသများနှင့် ပတ်သက်၍ ဗဟုသုတ၊ အဆောက်အအုံများ၏ ငလျင်ဒဏ်ခံနိုင်မှု စစ်ဆေးခြင်းများ၊ ငလျင်လှုပ်ခတ်ပြီးပါက စုဝေးရမည့်စုရပ်များ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကယ်ဆယ်ရေး၊ အပျက်အစီး ပြင်ဆင်ထိန်းသိမ်းမှုများ စသည်တို့တွင် အဆင်သင့်အနေအထား မရှိသေးကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ငလျင်နှင့်ပတ်သက်၍ ပြည်သူလူထုအား အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် စတင်လုပ်ဆောင်ရန် လိုအပ်လျက်ရှိပြီး ငလျင်မလှုပ်မီ၊ လှုပ်နေစဉ်၊ လှုပ်အပြီးတို့တွင် ပြုမူဆောင်ရွက်ရမည် တို့ကို Awarenes (နားလည် သဘောပေါက်မှု) ပေးခြင်းများ၊ မကြာခဏ လက်တွေ့လေ့ကျင့် ခြင်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။

#Themyawadydaily

Wednesday, March 15, 2017

မြန်မာနိုင်ငံသည် ကမ္ဘာ့အကြီးဆုံးငလျင်ကြောကြီး နှစ်ခုအနက် တစ်ခုပေါ်တွင်တည်ရှိနေ၍ ပြည်သူများအနေဖြင့် ငလျင်နှင့် ပတ်သက်၍ အမြဲသတိရှိရန်လိုအပ်



နေပြည်တော် ၁၅-၃-၂၀၁၇

မြန်မာ နိုင်ငံသည် ကမ္ဘာ့ အကြီးဆုံး ငလျင်ကြောကြီး နှစ်ခု အနက် တစ်ခု ပေါ်တွင် တည်ရှိပြီး စစ်ကိုင်း ပြတ်ရွေ့ အပြင် ပြတ်ရွေ့ငယ် များစွာ ရှိနေသည့် အတွက် ငလျင်နှင့် ပတ်သက်၍ ပြည်သူများ အနေဖြင့် အမြဲ သတိရှိရန် လိုအပ်ကြောင်း မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ ထံမှ သိရသည်။

ယခုနှစ် အတွင်း ဇန်နဝါရီလ မှစ၍ မတ် ၁၃ ရက်ထိ မြန်မာနိုင်ငံ ပြည်တွင်း၌ ငလျင် စုစုပေါင်း ၁၆ ကြိမ်ထိ လှုပ်ခတ် ခဲ့ပြီး ဖြစ်ကာ လက်ရှိ မတ် ၁ဝ ရက် အတွင်း ငလျင် လေးကြိမ်ထိ လှုပ်ခတ် ထားပြီး ငလျင် လှုပ်ခတ် မှုများ အကြိမ် ရေစိပ် လျက်ရှိ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (နေပြည်တော်) ၏ သတင်း ထုတ်ပြန်ချက် များအရ သိရသည်။

မတ် ၁၃ ရက် ညပိုင်းတွင် တိုက်ကြီး မြို့အနီး နာရီပိုင်း အတွင်း နှစ်ကြိမ် လှုပ်ခတ် ခဲ့သည့် ငလျင် များမှာ စစ်ကိုင်း ပြတ်ရွေ့မှ လှုပ်ခတ်ခြင်း မဟုတ်ဘဲ တိုက်ကြီး ဒေသရှိ ပြတ်ရွေ့ ငယ်တစ်ခုမှ လှုပ်ခတ် ခြင်းဖြစ် ကြောင်း မြန်မာ နိုင်ငံ မြေငလျင် ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မျိုးသန့်က ပြောပြသည်။

''အနောက် ပဲခူးရိုးမ ပြတ်ရွေ့ရဲ့ အခက် အလက် တစ်ခုပါ။ ဒီပြတ်ရွေ့နဲ့ ပတ်သက်ပြီး အသေးစိတ် လေ့လာ ထားတာ တွေတော့ မရှိ သေးဘူး။ မှတ်တမ်း တွေအရ ပြင်းအား ကြီးငလျင် လှုပ်ခတ် တာတွေ မတွေ့ရပါဘူး ''ဟု၎င်းက ပြောပြသည်။

အဆိုပါ ပြတ်ရွေ့ ငယ်မှ ငလျင် ငယ်များ (ပမာဏ ရစ်ခ်ျတာစကေး ငါးဝန်းကျင်)တစ်နှစ် လျှင်တစ်ကြိမ်၊ နှစ်ကြိမ်ခန့် လှုပ်ခတ် လေ့ရှိပြီး တိုက်ကြီးမြို့ ငလျင်ကြောင့် အဆောက် အအုံအချို့ ထိခိုက် ပျက်စီးခဲ့ရာ လူ ၂ဝ ကျော် ဒဏ်ရာ ရရှိ ခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံတွင် ၁၉၇၅ ခုနှစ် မှ ယနေ့ထိ အင်အား ပြင်းငလျင် ရှစ်ကြိမ် ထိလှုပ်ခတ် ခဲ့ပြီး ၂ဝ၁၁ ခုနှစ် တာလေမြို့တွင် လှုပ်ခတ်ခဲ့ သည့် အင်အား ရစ်ခ်ျတာ စကေး ၇ ဒသမ ၁ ရှိသည့် ငလျင်သည် အင်အား အပြင်းဆုံး ဖြစ်ပြီး လူပေါင်း ၇၆ ဦး သေဆုံး ခဲ့သည်။

စစ်ကိုင်း ပြတ်ရွေ့တစ်လျှောက် ရှိ ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအဝင် မြို့ကြီး ၁ဝ မြို့ခန့်တွင် စစ်ကိုင်း ပြတ်ရွေ့၌ အင်အား ပြင်းထန်သော ငလျင် လှုပ်ခတ် ပါက ဘေးအန္တရာယ် ကြီးမားစွာ ကျရောက် နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီက သတင်း ထုတ်ပြန် ထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးခဲ့သည့် နေရာများ၌ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်


ရန်ကုန်တိုင်းစစ်ဌာနချုပ် မှ နယ်မြေခံတပ်မတော်သားများက ငလျင်ကြောင့် ပျက်စီးသွားသည့်
 နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးစဉ်

ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ
 ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးစဉ်

နေပြည်တော် ၊ ၁၅-၃-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်း မတ် ၁၃ ရက် ည ၈ နာရီ မိနစ် ၅ဝ ခန့်မှ ည ၁၁ နာရီခန့်အထိ ငလျင်ငါးကြိမ် လှုပ်ခတ်မှုကြောင့် မြို့လယ် ဘုရားကြီး ကျောင်းမုခ်ဦးနှင့် ဆင်းတုတော်များ အက်ကွဲပြိုကျပြီး မြို့တွင်းရှိ အဆောက်အအုံ တချို့ ထိခိုက်ပျက်စီးခဲ့ရာ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် မှ နယ်မြေခံ တပ်မတော်သား များက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက် ပေးသည်။

ထို့ပြင် ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိပြီး တိုက်ကြီးမြို့နယ် ၊ ပြည်သူ့ဆေးရုံ ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူ ၂၄ ဦးအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁)

Thursday, August 25, 2016

ချောက်မြို့ အနောက်ဘက် ၁၂ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားပြင်းထန်သော မြေငလျင်လှုပ်ရှား ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများ အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့


ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ စေတီပုထိုးများ ငလျင်ဒဏ်ခံရမှုကို တွေ့ရစဉ်

ရေနံချောင်းမြို့နယ် ရှားပင်ရိုးကျေးရွာတွင် ကမ်းပါးပြိုကျမှုကို တွေ့ရစဉ်

နေပြည်တော် ၊ ၂၅-၈-၂၀၁၆

၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက် ညနေ ၅ နာရီ ၅ မိနစ်ခန့်တွင် မန္တလေး မြေငလျင်စခန်းမှ အနောက်ေ တာင်ဘက် ၁၂၃ မိုင်ခန့်အကွာ ချောက်မြို့၏ အနောက်ဘက် ၁၂ မိုင်ခန့် အကွာကို ဗဟိုပြု၍ အင်အား ရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အား  ပြင်းထန်သော မြေငလျင် တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ငလျင် လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ ရှေးဟောင်း ဘုရားစေတီ ၁၈၅ ဆူခန့် ထီးတော် ယိုင်ခြင်း၊ စိန်ဖူးတော် မြေခခြင်း၊ ဖောင်းရစ်များ အက်ကွဲခြင်း တို့ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။

ထို့အတူ စလေဒေသရှိ ဘုရားစေတီ ကိုးဆူ ၊ မြောက်ဦးဒေသ တွင် စေတီပုထိုး သုံးဆူ၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင် စေတီပုထိုး ခုနစ်ဆူတို့ ပျက်စီးမှုများ ရှိခဲ့ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ ကောက်ခံရရှိသော စာရင်းများအရ သိရသည်။

ထို့ပြင် မကွေးတိုင်း ဒေသကြီး ရေနံချောင်း မြို့နယ် မြို့မဈေးကြီး၏ အရှေ့ဘက် ကြမ်းကိုင်ကျွန်း ဘုရားဝင်းအတွင်း စေတီတော် ပြိုကျခြင်း၊ ရှားပင်ရိုး ကျေးရွာတွင် လူနှစ်ဦး သေဆုံးခြင်း၊ မင်းဘူးမြို့ နဂါးပွက်တောင် တွင် ရွှံ့ရေပူ လျှံကျလာခြင်း နှင့် အဆောက်အအုံ အချို့ ပျက်စီးခြင်း၊ ပခုက္ကူမြို့နယ် ၌ ပုဂ္ဂလိက ဆေးပေါင်းရုံ ပြိုကျ၍ လူတစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာ ရရှိခြင်း ၊ ကွမ်းရွာတွင် လူတစ်ဦး သေဆုံးခြင်း၊ မင်းလှမြို့နယ်တွင် ဘုရားစေတီ တစ်ဆူ စိန်ဖူးတော် မြေခခြင်း၊ အိမ်အချို့ ပြိုကျ ပျက်စီးခြင်း၊ ချောက်မြို့နယ် တွင် အဆောက်အအုံနှင့် နေအိမ်အချို့ ပျက်စီးခြင်း၊ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ရတနာ့ မာန်အောင် စေတီတော် ပြိုကျခြင်း၊ စစ်တွေမြို့နယ် တွင် ဝန်ကြီး ဌာန၏ သတင်း ထုတ်ပြန်ချက် အရသိရသည်။

ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာ ချထားရေး ဝန်ကြီးဌာန အနေဖြင့် ငလျင်သတင်း ရလျှင်ရချင်း အရေးပေါ် တုံ့ပြန်မှု လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတွက် ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်း ၊ အရေးပေါ် ထောက်ပံ့ရေး လုပ်ငန်းများ အတွက် ကြိုတင် စုဖွဲ့ထားခြင်း၊ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့များ နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပြည်တွင်း ပညာရှင်အဖွဲ့များဖြစ်သော မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၊ မြန်မာနိုင်ငံ မြေငလျင် ကော်မတီ ကဲ့သို့သော အဖွဲ့အစည်းများ၊ ပြည်ပ အဖွဲ့အစည်းများ ဖြစ်သော USGS, TMD အဖွဲ့အစည်း များမှလည်း သတင်းများ အဆက်မပြတ် ချိတ်ဆက် ရယူခြင်းများ ဆောင်ရွက်လျက် ရှိသည်။

အလားတူ ငလျင်ဒဏ် ခံစားခဲ့ရပြီး ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့် နယ်မြေ ဒေသများတွင် နယ်မြေခံ တပ်ရင်းများမှ တပ်မတော်သား များက ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများကို စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ငလျင်ကြီး ဖြစ်ပွားပြီး ချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များ ထပ်မံလှုပ်ခတ် နိုင်သည့် အတွက်လည်း ပြည်သူလူထု အနေဖြင့် သတိပြုနေထိုင် သင့်ကြောင်း၊ ပြည်သူလူထု အနေဖြင့် သဘာဝ ဘေးအန္တရာယ် များနှင့် ပတ်သက် သော သတင်း အချက်အလက် များကို ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၏ လူမှုကွန်ရက် စာမျက်နှာ (Relief and Resettlement Department-Myanmar) တွင်လည်း ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပြီး ယခုငလျင်ဘေး အန္တရာယ်သည် မြေအောက် အနက် ၈၄ ဒသမ ၁ ကီလိုမီတာတွင် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ လမှစ၍ ယခုလှုပ်ခတ် ခဲ့သည့် ငလျင်အထိ ငလျင် ၂၆ ကြိမ် လှုပ်ခတ်ခဲ့ပြီး ယမန်နေ့ လှုပ်ခတ်ခဲ့သည့် မြေငလျင်သည် အင်အား အပြင်းထန်ဆုံးနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်ပြီး ဧပြီ ၁၃ ရက်က ကလေးမြို့အနီး လှုပ်ခတ်ခဲ့သည့် ငလျင်မှာ ဒုတိယ အင်အား အပြင်းဆုံး ငလျင် ဖြစ်ကြောင်း သိရသည်။

ညွန့်ဇော်အောင် ၊ အောင်လင်းဦး

မြ၀တီနေ့စဉ် ၊ စာ(၁၁)

Saturday, November 28, 2015

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ပေါ်ရှိ ဘုရားစေတီအချို့ နှင့် သာသနိက အဆောက်အအုံများ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီး


မြေငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော ကနီမြို့ပေါ်ရှိ ရွှေမြင်းဖြူ အရံစေတီ
 နှင့် သီတာဦးစေတီ ထီးတော်မြေခမှုကို တွေ့ရစဉ်


ကနီ ၊ ၂၈-၁၁-၂၀၁၅

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ တိုင်းထွာချက်အရ ယမန်နေ့ ညနေ ၃ နာရီ ၄ မိနစ် ၁၈ စက္ကန့်အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့၏ အနောက် မြောက်ဘက် ၃၅ မိုင်ခန့်ကို ဗဟိုပြုပြီး အင်အား ရစ်ခ်ျတာ စကေး ၅ ဒသမ ၄ အဆင့် အင်အား အသင့်အတင့် ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ငလျင်လှုပ်ခတ် မှုကြောင့် ကနီမြို့ပေါ် အမှတ်(၁)ရပ်ကွက်ရှိ သီတာဦးစေတီ ထီးတော်မြေခ၍ သပိတ်မှောက် အောက်မှ ပြိုကျခြင်း၊ မြို့လယ် ဘုရားကြီး ထီးတော်ယိုင်ပြီး ငှက်ပျောဖူး အက်သွားခြင်း၊ ဓာတ်ပေါင်းစု စေတီတော် စိန်ဖူးတော် မြေခပြီး ထီးတော်ယိုင်ခြင်း၊ ဂန္ဓကုဋိတိုက် အဆောက်အအုံရုံ အတွင်း ပတ်လည်အက် သွားခြင်း၊ အမှတ်(၂) ရပ်ကွက် သမိုင်းဝင် ရွှေမြင်းဖြူ မြတ်စွာဘုရား လုံးတော် ဒေါင်လိုက် အက်ကွဲခြင်း၊ အရံ စေတီတစ်ဆူ စိန်ဖူးတော် မြေခပြီး တစ်ဆူမှာ ထီးတော် အောက်ဘက် ငှက်ပျောဖူးမှ ပြတ်ကျပြီး ထီးတော် မြေခခြင်း၊ အမှတ်(၂) ရပ်ကွက်ရှိ ရှင်ပင် စစ်သားဘုရား စိန်ဖူးတော် မြေခ၍ ထီးတော်မဏ္ဍိုင် အနည်းငယ် ယိုင်ခြင်း၊ ရွှေစည်းခုံစေတီ ငှက်ပျောဖူး အက်သွားခြင်း၊ နန်းကျောင်းတိုက် အတွင်းရှိ စေတီတော် ထီးတော် အနည်းငယ် ယိုင်ခြင်း ၊ အမှတ်(၃) ရပ်ကွက် အောင်သိဒ္ဓိစေတီ ကိုယ်လုံးတော် အက်ကွဲကျခြင်းများ ဖြစ်ပွားခဲ့သည်။

မြို့နယ်အတွင်းရှိ ကနဲကျေးရွာ ရွှေသိမ်တော်ဘုရား စိန်ဖူးတော်မြေခ၊ သင်္ကြန်ဘုရား စိန်ဖူးတော် မြေခပြီး သပိတ်မှောက် အက်ခြင်း၊ ဘုရားငါးဆူ ဘုရား စိန်ဖူးတော် မြေခ၍ သပိတ်မှောက် အက်ခြင်း၊ ညောင်ဝန်းကျေးရွာ အောင်သိဒ္ဓိစုံ ဘေးရန်လုံ ဘုရား စိန်ဖူးတော် မြေခပြီး သပိတ်မှောက် အက်ခြင်း၊ စိန်ကုန်းကျေးရွာ ငါးမာန်အောင် ဘုရား အပေါ်၊ အောက်အက်ကွဲခြင်း၊ ညောင်ဝန်း ကျေးရွာရှိ လူနေအိမ်မှ မီးဖိုချောင် အချို့နှင့် ကျောမကြား ကျေးရွာ မူလတန်းကျောင်း အုတ်နံရံ အက်ကွဲခြင်းများနှင့် ခိုတွင်ဒ ကျေးရွ ၊ မင်းအိုကျေးရွာ ၊ တပေါင်းကျေးရွာ၊ ကျောင်းလည် ကျေးရွာ၊ ကင်းကျေးရွာ၊ မိုးကောင်း ကျေးရွာ၊ သမင်ခြံကျေးရွာ၊ ကံဇိဘ ကျေးရွာ၊ ကျွဲတက်ကျေးရွာ၊ ဆူးလေကုန်း ကျေးရွာ၊ ဝယာကျေးရွာနှင့် ရွာသာကျေးရွာ တို့မှ ဘုရားစေတီများ နှင့် သာသနာ့ အဆောက်အအံများ အနည်းငယ် ပျက်စီးမှု ရှိခဲ့ကြောင်း သိရသည်။

ရတနာပုံနေ့စဉ် ၊ စာ(၁)

#Yadanarpondaily



Friday, October 30, 2015

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိအဓိကကျသည့် ငလျင်ကြောတစ်ခု ပေါ်၌ တည်ရှိနေပြီး ငလျင်ပြင်းထန်ဇုန်တွင် ပါဝင်နေ



မန္တလေး ၊ ၃၀-၁၀-၂၀၁၅

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အဓိကကျသည့် ငလျင်ကြော (Earthquakes Belt) နှစ်ခုအနက် တစ်ခုဖြစ်သော အယ်လ်ပိုက် (Alpide) ကြောပေါ်၌ တည်ရှိနေပြီး ငလျင် ပြင်းထန်ဇုန်တွင် ပါဝင်ကြောင်း ကယ်ဆယ်ရေး နှင့် ပြည်လည် နေရာချထားရေး ဦးစီးဌာနမှ သိရသည်။

အဆိုပါ အယ်လ်ပိုက် ငလျင်ကြောသည် အနောက်ဘက် မက်ဒီဘာရေးနီးယမ် မြောက်ပိုင်းမှ စတင်ကာ အရှေ့ဘက် လားရာဖြစ်သော တာကီ ၊ အီရန်၊ အာဖဂန်နစ္စတန် ၊ ဟိမဝန္တာ ၊ မြန်မာနှင့် အင်ဒိုနီးရှားတို့ ထိရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသည့် ပြတ်ရွေ့များမှာ နိုင်ငံအနောက် မြောက်ဘက်ရှိ အမည်မရှိသော ပြတ်ရွေ့များ၊ အနောက်ဘက် ကဘော်တောင်ကြား တစ်လျှောက်ရှိ ကဘော်ပြတ်ရွေ့၊ စစ်ကိုင်းပြတ်ရွေ့ နှင့် နောင်ချိုမြို့ အနောက်ဘက်ရှိ ကျောက်ကျန်း ပြတ်ရွေ့ တို့ဖြစ်သည်။

မြန်မာနိုင်ငံ (မြောက်ပိုင်း) မြစ်ကြီးနားနယ်မှ အစပြု၍ စစ်ကိုင်း၊ ဂန့်ဂေါတောင်တန်း ၏ အနောက်ဘက်ခြမ်း၊ ပဲခူးရိုးမ၏ အရှေ့ဘက်ခြမ်း ကိုဖြတ်၍ မုတ္တမပင်လယ်ဝ ထိ ကီလိုမီတာ ၁ဝဝဝ ခန့် ရှည်လျားသည့် စစ်ကိုင်းပြတ်ရွေ့ သည် အလျားလိုက် ပြတ်ရွေ့ဖြစ်ပြီး တစ်နှစ်ပျမ်းမျှ ၁၈ ဒသမ ၅ မီလီမီတာ ခန့်ရွေ့လျား နေကြောင်း ဘူမိဗေဒ ပညာရှင်များ၏ လေ့လာချက် အရ သိရသည်။

သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေအရ ငလျင်ဘေး အပါအဝင် သဘာဝဘေး အမျိုးမျိုး ဖြစ်ပွားပေါ်ပေါက် လာပါက လျင်မြန် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး အတွက် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ၊ စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီ ကို ဖွဲ့စည်းထားပြီး ဆပ်ကော်မတီ ၁၁ ခုဖြင့် သဘာဝ ဘေးကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို လျင်မြန် ထိရောက်စွာ အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

Tuesday, October 13, 2015

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ငလျင်လှုပ်ခတ် နိုင်ခြေရှိသည့် မြေပုံ ရေးဆွဲလျက်ရှိ



ရန်ကုန် ၊ ၁၃-၁ဝ-၂ဝ၁၅

မြန်မာနိုင်ငံရှိ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် ငလျင်လှုပ်ခတ် နိုင်ခြေရှိသည့် မြေပုံကို ရေးဆွဲလျက် ရှိပြီး ယခုအချိန်တွင် ရန်ကုန်၊ မန္တလေးနှင့် တခြားသော မြို့ကြီးများ အတွက် ငလျင် ဖြစ်နိုင်ခြေ မြေပုံကို ရေးဆွဲပြီးစီး သွားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ သိရသည်။

မြန်မာနိုင်ငံ၌ အင်အားပြင်းသော မြေငလျင် လှုပ်ခတ် ခဲ့သည်မှာ နှစ်ပေါင်း ၈ဝ ကျော် ကြာမြင့်ပြီ ဖြစ်သဖြင့် စစ်ကိုင်း ငလျင်ကြော ပေါ်ရှိ ဒေသများ ဖြစ်သော နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မိတ္ထီလာ၊ ဝန်းသို၊ ဖြူး၊ ဆွာနှင့် ပဲခူးမြို့ အပါအဝင် မြို့ကြီးများမှာ အင်အားပြင်း မြေငလျင် တစ်ဖန် ပြန်လည်လှုပ်ခတ် နိုင်သည့် အခြေအနေ ရှိကြောင်း မြေငလျင် ကျွမ်းကျင် ပညာရှင်များက သတိပေး ပြောကြားသည်။

မြန်မာနိုင်ငံ၏ အဓိက ငလျင်ကြောကြီး များဖြစ်သော ရခိုင်ငလျင်ကြော၊ စစ်ကိုင်း ငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ သံလွင် ငလျင်ကြော နှင့် ဟူးကောင်း ငလျင်ကြော ဟူ၍ ငလျင်ကြော ငါးခုရှိပြီး သဘာဝ ဘေးအန္တရာယ် အနေဖြင့် ပျက်စီးဆုံးရှုံးမှု များပြားသည့် နေရာမှာ စစ်ကိုင်းငလျင်ကြော ဖြစ်ကြောင်း မြေငလျင် ကော်မတီ မှတ်တမ်းများ အရ သိရသည်။

နီပေါနိုင်ငံ၌ ပြင်းအားမြင့် ငလျင်ကြီး လှုပ်ခတ်ခဲ့ကာ နှစ်ပေါင်း ၈ဝ ကျော်အကြာ ယခုနှစ် ဧပြီ ၂၅ ရက်တွင် အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ၈ အဆင့်ရှိ ဧရာမငလျင်ကြီး လှုပ်ခတ် ခဲ့ကြောင်း၊ ၁၉၃ဝ ပြည့်နှစ် ပဲခူး ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး နောက်နှစ်ပေါင်း ၈ဝ ကျော်အကြာ လက်ရှိ အချိန်သည် ပဲခူးမြို့ အပါအဝင် မြို့ကြီးတချို့၌ အင်အားပြင်း မြေငလျင် လှုပ်ခတ်နိုင်သည့် အန္တရာယ် ရှိသဖြင့် သတိပြုရန် လိုအပ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

စစ်ကိုင်း ပြတ်ရွေ့သည် မြောက်ဘက် ပူတာအို၊ မြစ်ကြီးနား၊ တကောင်းမှ ဧရာဝတီ မြစ်ကြောင်း အတိုင်း ပဲခူးရိုးမ အရှေ့ခြမ်းနှင့် သုံးခွမြို့ အနီးမှ ဖြတ်သန်း သွားပြီး မြန်မာနိုင်ငံ အတွင်း ကီလိုမီတာ ၁ဝဝဝ ခန့် ရှည်လျားသည့် ပြတ်ရွေ့တစ်ခု ဖြစ်ကာ ငလျင်လှုပ်ခတ် နိုင်သည့် အဆစ်အပိုင်း ၁ဝ ခုရှိကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ သိရသည်။

ယင်းသို့ မြေငလျင် အန္တရာယ်မှာ အချိန်အခါမရွေး ကျရောက် နိုင်သည့်အတွက် ရန်ကုန်မြို့ အပါအဝင် ဒေသ အသီးသီး၌ အဆောက်အအုံများ ဆောက်လုပ်ရာတွင် စံချိန်စံညွှန်း သတ်မှတ်ချက် နှင့်အညီ ငလျင်ဒဏ်ခံနိုင်ရည် ရှိစေရန် တည်ဆောက် သင့်ကြောင်း သိရသည်။ (၄၄၇)

မြ၀တီနေ့စဉ် ၊ စာ(၆)

#Themyawadydaily



Monday, April 27, 2015

နှစ်ပေါင်း ၈ဝ ကျော်အတွင်း လူသေမှုနှင့် ပျက်စီးဆုံးရှုံးမှု သမိုင်းတွင် ဒုတိယအများဆုံး ဖြစ်လာမည့် ဒါဇင်နှင့်ချီလှုပ်ခတ်ခဲ့သော နီပေါငလျင်


Nepal earthquake: Death toll rises above 3,000

ရှိန်းထက် (IN'D)

နီပေါနိုင်ငံ၌ နှစ်ပေါင်း ၈ဝ ကျော် အတွင်း လူအသေအပျောက် အများဆုံး ငလျင်ကြီး တစ်ခု ဧပြီ ၂၅ ရက် နေ့လယ် ဒေသစံတော်ချိန် ၁၁ နာရီ ၅၆ မိနစ်တွင် လှုပ်ခတ်ခဲ့ရာ ယခုအချိန်ထိ စာရင်းအရ လူပေါင်း ၃၀၀၀ ကျော် သေဆုံးနေပြီ ဖြစ်ကြောင်း ကမ္ဘာ့သတင်း မီဒီယာများက ဖော်ပြကြသည်။ ပြင်းအား ၇ ဒသမ ၉ ရှိ ယင်းငလျင်သည် နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူ အနောက်မြောက်ဘက် မိုင် ၅ဝ အကွာ မြေအောက်အနက် ၉ ဒသမ ၃ မိုင် ကို ဗဟိုပြု လှုပ်ခတ်သွားခြင်း ဖြစ်ပြီး နီပေါနိုင်ငံ၏ ထင်ရှားသော ရှေးဟောင်း သမိုင်းဝင် ယဉ်ကျေးမှု လက်ရာ အများအပြားလည်း ယင်း ငလျင်ကြောင့်ပင် ပြိုကျပျက်စီး ခဲ့ရသည်။

Local people have been using basic tools to dig through
rubble in badly hit towns like Bhaktapur
ထိုအထဲတွင် ၁၉ ရာစုနှစ် အတွင်း ၁၈၃၂ ခုနှစ်တွင် တည်ဆောက် ခဲ့သော အထပ်ကိုးထပ်ပါ ဒီဟာရာဟာရာ မျှော်စင်ကြီးလည်း ပါဝင်သွားခဲ့ကာ ယင်းမျှော်စင် ပြိုကျမှုကြောင့် ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် ယခုအခါ လူပေါင်း ၅ဝ ကျော် သေဆုံးခဲ့ကာ သေဆုံးသူ စာရင်းကို အတည်မပြု နိုင်သေးပေ။ ယင်းမျှော်စင်သည် နီပေါနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ နေရာများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သကဲ့သို့ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရရှိအောင် စွမ်းဆောင် ပေးခဲ့သော အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။

ထို့အပြင် ယင်းမျှော်စင် ဆုံးရှုံးမှုသည် ရှေးဟောင်း ကမ္ဘာ့အမွေအနှစ် များကို မြတ်နိုး တန်ဖိုးထားသူများ အတွက် တန်ဖိုးမဖြတ် နိုင်သည့် ဆုံးရှုံးမှု တစ်ခုလည်း ဖြစ်ခဲ့ကာ ယင်းကဲ့သို့ ၁၉ ရာစု၏ လက်ရာရှားပါး မျှော်စင်မျိုး ဘယ်သောအခါမှ ကမ္ဘာပေါ်တွင် ထပ်မံမြင်တွေ့ ရတော့မည် မဟုတ်ပေ။ ထို့အပြင် သမိုင်းဝင် ရှေးဟောင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များနှင့် ရှေးဟောင်း နန်းတော်များ လည်း ထို ငလျင်ကြောင့်ပင် မြေခ ခဲ့ရရှာသည်။

A team of Indian rescue personnel look for survivors in
a Kathmandu building - such searches are still
continuing but winding down
ခန့်မှန်းချက်များ အရ မြို့တော်၏ လမ်းကြားများနှင့် အဆောက်အအုံ ပျက်များကြားတွင် ပိတ်မိနေ သူဦးရေမှာ တစ်သန်းကျော် အထိရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ပြည်သူလူထုနှင့် ကယ်ဆယ်ရေး ၀န်ထမ်းများ ပူးပေါင်းကာ အပျက်အစီးများ ကြားမှ အသက်ရှင် ကျန်ရစ်သူများကို အမြန်ဆုံး ကယ်ထုတ် နိုင်ရေးကိုလည်း အပူတပြင်း ကြိုးစား နေကြကြောင်း သိရသည်။ အမေရိကန်နှင့် အိန္ဒိယ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း များလည်း နီပေါနိုင်ငံသို့ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ တုံ့ပြန် လုပ်ဆောင်ရေး အဖွဲ့များကို အမြန်ဆုံး ပို့လွှတ်နိုင်ရန် စီစဉ်နေကြပြီး အမေရိကန် အစိုးရက နီပေါအတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် လတ်တလော အသုံးပြုနိုင်ရေး အတွက် အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီ ပေးမည် ဖြစ်ကြောင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နီပေါမြို့တော် ခတ္တမန္ဒူ၏ အနီးပတ်ဝန်းကျင် ဆင်ခြေဖုံးဒေသ များရှိ အဆောက်အအုံ ၈ဝ ရာခိုင်နှုန်း မှာလည်း ပြိုကျပျက်စီး ခဲ့ရပြီး ငလျင်သည် အရှေ့ဘက်ထိ ရိုက်ခတ်ခဲ့ကာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင် အထိပါ လှုပ်ခတ်ခဲ့ သောကြောင့် ဧဝရက် တောင်ခြေရှိ တောင်တက် အခြေစိုက်စခန်း တစ်ခုလုံး ပျက်စီးခဲ့ရသည်။ ထို့ကြောင့် ဧဝရက် တောင်ကို တက်နေသော တောင်တက်သမား အနည်းဆုံး ၁၇ ဦး ရေခဲတုံးများ ပြိုကျမှုကြောင့် သေဆုံးခဲ့ရသည် ဟု နီပေါအစိုးရမှ အကြောင်းကြားချက် ထုတ်ပြန် ခဲ့သည်။

Rescuers have been able to take some injured people
off Mount Everest
နီပေါသည် မကြာခဏ ငလျင် အသေးစားများ လှုပ်ခတ်တတ်သည့် နိုင်ငံ ဖြစ်သော်လည်း ယခုကဲ့သို့ ဒါဇင်နှင့်ချီ၍ ဆက်တိုက် လှုပ်ခတ်သော ငလျင်မျိုး ရာစုနှစ် တစ်စုလျှင် တစ်ခုဆို သလောက် ရှားပါးလွန်း လှသည်။ အစောပိုင်း လှုပ်ခတ်ခဲ့သော ငလျင်သည် ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိကာ နောက်ထပ် နာရီဝက်အကြာ တွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပြီး မကြာမီတွင် ဆက်တိုက် ဆိုသလို နောက်ထပ် သုံးဒါဇင်ခန့် ရှိသော ငလျင်များ ဆက်တိုက် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS) က ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းငလျင် များသည် ခတ္တမန္ဒူမြို့တော် မြောက်ဘက် မိုင်ပေါင်းရာချီ ဝေးသော တိဗက်ဒေသ အပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နှင့် တရုတ်စသည့်နိုင်ငံ တို့အထိ ရိုက်ခတ်သွားခဲ့ပြီး လူအသေ အပျောက်များ ဖြစ်ပွားခဲ့သည်။ ထိုအထဲတွင် တရုတ်နှင့် အိန္ဒိယတို့တွင် လူအသေ အပျောက်အများ ဆုံး ဖြစ်ကာ အပျက်အစီး အများဆုံးလည်း ဖြစ်ခဲ့သည်။ တရုတ်တွင် လူ ၁၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၂ ဦး သေဆုံးပြီး အိန္ဒိယတွင် လူပေါင်း ၄၄ ဦး ထက်မနည်း သေဆုံးခဲ့ကာ ပြိုကျပျက်စီးမှု အများအပြား လည်း ရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့ကြကာ ယင်း ရိုက်ခတ်မှု ငလျင်၏ အရှိန်သည် ပြင်းအား ၅ အဆင့် သတ်မှတ်ချက် ရှိသည်ဟုလည်း ဆိုသည်။

ယခုအချိန်ထိ ရရှိထားသော သေဆုံးသူ စာရင်းမှာ ၂၄ဝဝ ကျော်အထိ ရှိနေပြီး ခန့်မှန်း၍ မရလောက်အောင် သေဆုံးသူ စာရင်းမှာ ဆက်လက်မြင့်တက် နိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့်လည်း နီပေါနိုင်ငံ အတွင်းသို့ ကယ်ဆယ်ရေး အစီအစဉ်များ အတွက် ဝန်ထမ်းများ စေလွှတ်ကာ လိုအပ်သည့် အကူအညီ များ ပေးရန် မေတ္တာရပ်ခံ ခဲ့သည်။ ထို့အပြင် နီပေါ၏ အဆောက်အအုံများ ပြိုကျမှုမှာ နိုင်ငံတကာ စံချိန်စံနှုန်းနှင့် ကိုက်ညီမှုမရှိ ခြင်း ကလည်း အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု ကုလသမဂ္ဂ သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အကြီးအကဲ ဒန်နီအမ်စီကလင်း က ပြောဆိုခဲ့ပြီး ယခုအခါ နီပေါတွင် ဆေးဝါး ပြတ်လပ်မှု ပြဿနာ၊ အစားအစာ ပြတ်လပ်မှု ပြဿနာနှင့် ဆေးရုံခုတင် မလုံလောက် သောကြောင့် လူနာများ ဆေးရုံအပြင် ဘက်တွင် အစုလိုက် အပြုံလိုက် ဖြစ်နေသည့် ပြဿနာကို ရင်ဆိုင် နေရသော ကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က နိုင်ငံတကာ အနေနှင့် အမြန်ဆုံး အကူအညီ ပေးကြပါရန် တိုက်တွန်းထားသည်။ နီပေါတွင် လှုပ်ခတ်သော ယခုငလျင်သည် ၈၁ နှစ်အတွင်း အကြီးမားဆုံး နှင့် လူအသေအပျောက် အများဆုံး ငလျင်တစ်ခု ဖြစ်ကာ ၁၉၃၄ ငလျင်သည် လူပေါင်း ၈၅ဝဝ ကျော် သေဆုံးမှုနှင့် နီပေါသမိုင်း တွင် သေဆုံးမှု အများဆုံး မှတ်တမ်းရရှိ ထားပြီး ပြင်းအား ၈ ဒသမ ၃ အဆင့်ရှိခဲ့ သည်။ ယခု ၂ဝ၁၅ ခုနှစ် ငလျင်မှာ နီပေါသမိုင်းတွင် ဒုတိယ အကြီးဆုံးနှင့် လူသေမှု၊ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်လာမည် ဖြစ်သည်။ 

ကမ္ဘာ့ငလျင် သမိုင်းတွင် လူသေပျောက်မှု အများဆုံး ငလျင်ငါးခုရှိ ခဲ့သည်။ ၄င်းတို့မှာ ၂ဝဝ၃ ခုနှစ်က လူပေါင်း ၂၆ဝဝဝ ကျော် သေဆုံးခဲ့သောပြင်းအား ၆ ဒသမ ၆ ရှိအီရန် ငလျင်၊ ၂ဝဝ၄ ခုနှစ်က အင်ဒိုနီးရှား ကိုဗဟိုပြုပြီး လှုပ်ခတ်မှုကြောင့် ဆူနာမီဒဏ် အပါအဝင် နိုင်ငံများစွာတွင် သေဆုံးမှု ၂၃ဝဝဝ ရှိခဲ့သော ပြင်းအား ၉ ဒသမ ၁ ရှိ အင်ဒိုနီးရှားငလျင်၊ ၂ဝဝ၅ ခုနှစ်က လူ သေပျောက်မှု ၁ဝဝဝဝဝ ရှိခဲ့သော ပြင်းအား ၇ ဒသမ ၉ ရှိ ကက်ရှ်မီးယား ငလျင်၊ ၂ဝဝ၈ ခုနှစ်တွင် လူပေါင်း ၉ဝဝဝဝ နီးပါး သေဆုံးခဲ့ ရသော ပြင်းအား ၇ ဒသမ ၉ရှိ တရုတ်ငလျင်နှင့် ၂ဝ၁ဝ ပြည့်နှစ်က လူပေါင်း ၂၂ဝဝဝဝ သေဆုံးခဲ့သော ပြင်းအား ၇ ရှိ ဟေတီငလျင် တို့ဖြစ်ကြသည်။

#Themyawadydaily

အင်အားကြီးငလျင် လှုပ်ခတ်လာပါက ရန်ကုန်တိုင်းဒေသကြီး အပါအ၀င် တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ၅ ခု၌ ဘေးအန္တရာယ်ရှိ


ရန်ကုန် ၊ ၂၇-၄-၂၀၁၅

မြန်မာနိုင်ငံအတွင်း အင်အားကြီး ငလျင်များ လှုပ်ခတ်လာပါက ရန်ကုန်တိုင်း ဒေသကြီး အပါအဝင် တခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီး ငါးခု၌ ဘေးအန္တရာယ် ရှိနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင် ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။ 

အဆိုပါ ဒေသငါးခုမှာ နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကချင်ပြည်နယ် တို့ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းရှိ အဓိက စောင့်ကြည့် လေ့လာနေသော စစ်ကိုင်း ပြတ်ရွေ့ကြော ၏ အစိတ်အပိုင်း ငယ်များသည် ယခုနှစ်တွင် မကြာခဏ လှုပ်ခတ်လေ့ ရှိကြောင်း၊ တချို့သော ပြတ်ရွေ့ကြော များမှာ ကြီးမားသော ငလျင်များ ဖြစ်ပေါ် နိုင်သော်လည်း လှုပ်ရှားမှုမရှိဘဲ နှစ်ပေါင်းများစွာ ငြိမ်သက်လျက် ရှိနေပြီး လှုပ်ခတ် လာပါက ကြီးမားသော ငလျင်များ ဖြစ်ပေါ် လာနိုင်ကြောင်း သိရသည်။

လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝ အတွင်းက မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းကို ဗဟိုပြု၍ ပြင်းအား (၆)နှင့် အထက်ရှိသည့် ငလျင်ကြီး ၃ဝ ခန့် လှုပ်ခတ်ခဲ့ရာ ယင်းငလျင် အများစု သည် ဘူမိဗေဒ ပညာရှင်များ ထောက်ပြထားသော လှုပ်ရှားမှု အစဉ်ရှိနေသည့် ပြတ်ရွေ့ကြီးများ၊ တက်တိုးနစ် ထိစပ်ဇုန် များနှင့် တစ်ထပ်တည်း ကျရောက် နေကြောင်း၊ တချို့ ပြတ်ရွေ့ကြော များသည် ယခုအချိန်ထိ လှုပ်ရှားမှု မရှိသောကြောင့် ယင်းအပိုင်းများ လှုပ်ရှားနိုင်မှု အခြေအနေ များကို စောင့်ကြည့် လေ့လာခြင်းများ ပြုလုပ်လျက် ရှိကြောင်း၊ ပြင်ဆင်မှုပိုင်းနှင့် စောင့်ကြည့်လေ့လာ ခြင်းများ အတွက်လည်း ဂျပန်နိုင်ငံမှ အကူအညီ ပေးလျက် ရှိကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှု ဖြစ်စဉ်များတွင် ပုံမှန်အားဖြင့် ငလျင်ဗဟိုပြု နေရာနှင့် ဝေးသွားသည်နှင့် အမျှ အားပျော့သွားတတ် သော်လည်း ရစ်ခ်ျတာစကေးပမာဏ (၇) ကဲ့သို့ အရွယ်အစား ကြီးမားသည့် ငလျင်များသည် ဗဟိုပြုရာ နေရာနှင့် ဝေးကွာသော နေရာများကိုပါ အကျိုးသက်ရောက် နိုင်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံ၌ ငလျင် ဘေးအန္တရာယ် ခံစားရနိုင်မှု များကို တောင်ငူ၊ စစ်ကိုင်းနှင့် မန္တလေးမြို့ တို့၌ သုတေသန လေ့လာရေး လုပ်ငန်းများ ပြုလုပ်ထားကြောင်း၊ ရန်ကုန်၌လည်း ငလျင် ဘေးအန္တရာယ် ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်နိုင်သည့် သက်ရောက်မှု များကို လေ့လာမှုများ စတင်ပြုလုပ်လျက် ရှိကြောင်း သိရသည်။

စိုးမိုး

#Themyawadydaily
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger