www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 27, 2015

နှစ်ပေါင်း ၈ဝ ကျော်အတွင်း လူသေမှုနှင့် ပျက်စီးဆုံးရှုံးမှု သမိုင်းတွင် ဒုတိယအများဆုံး ဖြစ်လာမည့် ဒါဇင်နှင့်ချီလှုပ်ခတ်ခဲ့သော နီပေါငလျင်


Nepal earthquake: Death toll rises above 3,000

ရှိန်းထက် (IN'D)

နီပေါနိုင်ငံ၌ နှစ်ပေါင်း ၈ဝ ကျော် အတွင်း လူအသေအပျောက် အများဆုံး ငလျင်ကြီး တစ်ခု ဧပြီ ၂၅ ရက် နေ့လယ် ဒေသစံတော်ချိန် ၁၁ နာရီ ၅၆ မိနစ်တွင် လှုပ်ခတ်ခဲ့ရာ ယခုအချိန်ထိ စာရင်းအရ လူပေါင်း ၃၀၀၀ ကျော် သေဆုံးနေပြီ ဖြစ်ကြောင်း ကမ္ဘာ့သတင်း မီဒီယာများက ဖော်ပြကြသည်။ ပြင်းအား ၇ ဒသမ ၉ ရှိ ယင်းငလျင်သည် နီပေါနိုင်ငံ မြို့တော် ခတ္တမန္ဒူ အနောက်မြောက်ဘက် မိုင် ၅ဝ အကွာ မြေအောက်အနက် ၉ ဒသမ ၃ မိုင် ကို ဗဟိုပြု လှုပ်ခတ်သွားခြင်း ဖြစ်ပြီး နီပေါနိုင်ငံ၏ ထင်ရှားသော ရှေးဟောင်း သမိုင်းဝင် ယဉ်ကျေးမှု လက်ရာ အများအပြားလည်း ယင်း ငလျင်ကြောင့်ပင် ပြိုကျပျက်စီး ခဲ့ရသည်။

Local people have been using basic tools to dig through
rubble in badly hit towns like Bhaktapur
ထိုအထဲတွင် ၁၉ ရာစုနှစ် အတွင်း ၁၈၃၂ ခုနှစ်တွင် တည်ဆောက် ခဲ့သော အထပ်ကိုးထပ်ပါ ဒီဟာရာဟာရာ မျှော်စင်ကြီးလည်း ပါဝင်သွားခဲ့ကာ ယင်းမျှော်စင် ပြိုကျမှုကြောင့် ကမ္ဘာလှည့် ခရီးသည်များ အပါအဝင် ယခုအခါ လူပေါင်း ၅ဝ ကျော် သေဆုံးခဲ့ကာ သေဆုံးသူ စာရင်းကို အတည်မပြု နိုင်သေးပေ။ ယင်းမျှော်စင်သည် နီပေါနိုင်ငံ၏ ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်ရာ နေရာများတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သကဲ့သို့ နိုင်ငံခြားဝင်ငွေ အမြောက်အမြား ရရှိအောင် စွမ်းဆောင် ပေးခဲ့သော အထင်ကရ နေရာတစ်ခုလည်း ဖြစ်သည်။

ထို့အပြင် ယင်းမျှော်စင် ဆုံးရှုံးမှုသည် ရှေးဟောင်း ကမ္ဘာ့အမွေအနှစ် များကို မြတ်နိုး တန်ဖိုးထားသူများ အတွက် တန်ဖိုးမဖြတ် နိုင်သည့် ဆုံးရှုံးမှု တစ်ခုလည်း ဖြစ်ခဲ့ကာ ယင်းကဲ့သို့ ၁၉ ရာစု၏ လက်ရာရှားပါး မျှော်စင်မျိုး ဘယ်သောအခါမှ ကမ္ဘာပေါ်တွင် ထပ်မံမြင်တွေ့ ရတော့မည် မဟုတ်ပေ။ ထို့အပြင် သမိုင်းဝင် ရှေးဟောင်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း များနှင့် ရှေးဟောင်း နန်းတော်များ လည်း ထို ငလျင်ကြောင့်ပင် မြေခ ခဲ့ရရှာသည်။

A team of Indian rescue personnel look for survivors in
a Kathmandu building - such searches are still
continuing but winding down
ခန့်မှန်းချက်များ အရ မြို့တော်၏ လမ်းကြားများနှင့် အဆောက်အအုံ ပျက်များကြားတွင် ပိတ်မိနေ သူဦးရေမှာ တစ်သန်းကျော် အထိရှိနေပြီး ကယ်ဆယ်ရေး လုပ်ငန်းများကို ပြည်သူလူထုနှင့် ကယ်ဆယ်ရေး ၀န်ထမ်းများ ပူးပေါင်းကာ အပျက်အစီးများ ကြားမှ အသက်ရှင် ကျန်ရစ်သူများကို အမြန်ဆုံး ကယ်ထုတ် နိုင်ရေးကိုလည်း အပူတပြင်း ကြိုးစား နေကြကြောင်း သိရသည်။ အမေရိကန်နှင့် အိန္ဒိယ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်း များလည်း နီပေါနိုင်ငံသို့ သဘာဝ ဘေးအန္တရာယ် ဆိုင်ရာ တုံ့ပြန် လုပ်ဆောင်ရေး အဖွဲ့များကို အမြန်ဆုံး ပို့လွှတ်နိုင်ရန် စီစဉ်နေကြပြီး အမေရိကန် အစိုးရက နီပေါအတွက် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများတွင် လတ်တလော အသုံးပြုနိုင်ရေး အတွက် အမေရိကန်ဒေါ်လာ တစ်သန်း အကူအညီ ပေးမည် ဖြစ်ကြောင်းကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နီပေါမြို့တော် ခတ္တမန္ဒူ၏ အနီးပတ်ဝန်းကျင် ဆင်ခြေဖုံးဒေသ များရှိ အဆောက်အအုံ ၈ဝ ရာခိုင်နှုန်း မှာလည်း ပြိုကျပျက်စီး ခဲ့ရပြီး ငလျင်သည် အရှေ့ဘက်ထိ ရိုက်ခတ်ခဲ့ကာ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင် အထိပါ လှုပ်ခတ်ခဲ့ သောကြောင့် ဧဝရက် တောင်ခြေရှိ တောင်တက် အခြေစိုက်စခန်း တစ်ခုလုံး ပျက်စီးခဲ့ရသည်။ ထို့ကြောင့် ဧဝရက် တောင်ကို တက်နေသော တောင်တက်သမား အနည်းဆုံး ၁၇ ဦး ရေခဲတုံးများ ပြိုကျမှုကြောင့် သေဆုံးခဲ့ရသည် ဟု နီပေါအစိုးရမှ အကြောင်းကြားချက် ထုတ်ပြန် ခဲ့သည်။

Rescuers have been able to take some injured people
off Mount Everest
နီပေါသည် မကြာခဏ ငလျင် အသေးစားများ လှုပ်ခတ်တတ်သည့် နိုင်ငံ ဖြစ်သော်လည်း ယခုကဲ့သို့ ဒါဇင်နှင့်ချီ၍ ဆက်တိုက် လှုပ်ခတ်သော ငလျင်မျိုး ရာစုနှစ် တစ်စုလျှင် တစ်ခုဆို သလောက် ရှားပါးလွန်း လှသည်။ အစောပိုင်း လှုပ်ခတ်ခဲ့သော ငလျင်သည် ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိကာ နောက်ထပ် နာရီဝက်အကြာ တွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်တစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ပြီး မကြာမီတွင် ဆက်တိုက် ဆိုသလို နောက်ထပ် သုံးဒါဇင်ခန့် ရှိသော ငလျင်များ ဆက်တိုက် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒ လေ့လာရေးအဖွဲ့ (USGS) က ထုတ်ပြန် ကြေညာခဲ့သည်။

ယင်းငလျင် များသည် ခတ္တမန္ဒူမြို့တော် မြောက်ဘက် မိုင်ပေါင်းရာချီ ဝေးသော တိဗက်ဒေသ အပါအဝင် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နှင့် တရုတ်စသည့်နိုင်ငံ တို့အထိ ရိုက်ခတ်သွားခဲ့ပြီး လူအသေ အပျောက်များ ဖြစ်ပွားခဲ့သည်။ ထိုအထဲတွင် တရုတ်နှင့် အိန္ဒိယတို့တွင် လူအသေ အပျောက်အများ ဆုံး ဖြစ်ကာ အပျက်အစီး အများဆုံးလည်း ဖြစ်ခဲ့သည်။ တရုတ်တွင် လူ ၁၈ ဦးနှင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၂ ဦး သေဆုံးပြီး အိန္ဒိယတွင် လူပေါင်း ၄၄ ဦး ထက်မနည်း သေဆုံးခဲ့ကာ ပြိုကျပျက်စီးမှု အများအပြား လည်း ရှိခဲ့ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြခဲ့ကြကာ ယင်း ရိုက်ခတ်မှု ငလျင်၏ အရှိန်သည် ပြင်းအား ၅ အဆင့် သတ်မှတ်ချက် ရှိသည်ဟုလည်း ဆိုသည်။

ယခုအချိန်ထိ ရရှိထားသော သေဆုံးသူ စာရင်းမှာ ၂၄ဝဝ ကျော်အထိ ရှိနေပြီး ခန့်မှန်း၍ မရလောက်အောင် သေဆုံးသူ စာရင်းမှာ ဆက်လက်မြင့်တက် နိုင်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောကြားခဲ့ပြီး နိုင်ငံတကာ အသိုင်းအဝိုင်း အနေနှင့်လည်း နီပေါနိုင်ငံ အတွင်းသို့ ကယ်ဆယ်ရေး အစီအစဉ်များ အတွက် ဝန်ထမ်းများ စေလွှတ်ကာ လိုအပ်သည့် အကူအညီ များ ပေးရန် မေတ္တာရပ်ခံ ခဲ့သည်။ ထို့အပြင် နီပေါ၏ အဆောက်အအုံများ ပြိုကျမှုမှာ နိုင်ငံတကာ စံချိန်စံနှုန်းနှင့် ကိုက်ညီမှုမရှိ ခြင်း ကလည်း အဓိက အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု ကုလသမဂ္ဂ သဘာဝ ဘေးအန္တရာယ် လျှော့ချရေး အကြီးအကဲ ဒန်နီအမ်စီကလင်း က ပြောဆိုခဲ့ပြီး ယခုအခါ နီပေါတွင် ဆေးဝါး ပြတ်လပ်မှု ပြဿနာ၊ အစားအစာ ပြတ်လပ်မှု ပြဿနာနှင့် ဆေးရုံခုတင် မလုံလောက် သောကြောင့် လူနာများ ဆေးရုံအပြင် ဘက်တွင် အစုလိုက် အပြုံလိုက် ဖြစ်နေသည့် ပြဿနာကို ရင်ဆိုင် နေရသော ကြောင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ က နိုင်ငံတကာ အနေနှင့် အမြန်ဆုံး အကူအညီ ပေးကြပါရန် တိုက်တွန်းထားသည်။ နီပေါတွင် လှုပ်ခတ်သော ယခုငလျင်သည် ၈၁ နှစ်အတွင်း အကြီးမားဆုံး နှင့် လူအသေအပျောက် အများဆုံး ငလျင်တစ်ခု ဖြစ်ကာ ၁၉၃၄ ငလျင်သည် လူပေါင်း ၈၅ဝဝ ကျော် သေဆုံးမှုနှင့် နီပေါသမိုင်း တွင် သေဆုံးမှု အများဆုံး မှတ်တမ်းရရှိ ထားပြီး ပြင်းအား ၈ ဒသမ ၃ အဆင့်ရှိခဲ့ သည်။ ယခု ၂ဝ၁၅ ခုနှစ် ငလျင်မှာ နီပေါသမိုင်းတွင် ဒုတိယ အကြီးဆုံးနှင့် လူသေမှု၊ ပျက်စီးဆုံးရှုံးမှု အများဆုံး ဖြစ်လာမည် ဖြစ်သည်။ 

ကမ္ဘာ့ငလျင် သမိုင်းတွင် လူသေပျောက်မှု အများဆုံး ငလျင်ငါးခုရှိ ခဲ့သည်။ ၄င်းတို့မှာ ၂ဝဝ၃ ခုနှစ်က လူပေါင်း ၂၆ဝဝဝ ကျော် သေဆုံးခဲ့သောပြင်းအား ၆ ဒသမ ၆ ရှိအီရန် ငလျင်၊ ၂ဝဝ၄ ခုနှစ်က အင်ဒိုနီးရှား ကိုဗဟိုပြုပြီး လှုပ်ခတ်မှုကြောင့် ဆူနာမီဒဏ် အပါအဝင် နိုင်ငံများစွာတွင် သေဆုံးမှု ၂၃ဝဝဝ ရှိခဲ့သော ပြင်းအား ၉ ဒသမ ၁ ရှိ အင်ဒိုနီးရှားငလျင်၊ ၂ဝဝ၅ ခုနှစ်က လူ သေပျောက်မှု ၁ဝဝဝဝဝ ရှိခဲ့သော ပြင်းအား ၇ ဒသမ ၉ ရှိ ကက်ရှ်မီးယား ငလျင်၊ ၂ဝဝ၈ ခုနှစ်တွင် လူပေါင်း ၉ဝဝဝဝ နီးပါး သေဆုံးခဲ့ ရသော ပြင်းအား ၇ ဒသမ ၉ရှိ တရုတ်ငလျင်နှင့် ၂ဝ၁ဝ ပြည့်နှစ်က လူပေါင်း ၂၂ဝဝဝဝ သေဆုံးခဲ့သော ပြင်းအား ၇ ရှိ ဟေတီငလျင် တို့ဖြစ်ကြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger