www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily
Showing posts with label ဆေးဘက်ဆိုင်ရာ. Show all posts
Showing posts with label ဆေးဘက်ဆိုင်ရာ. Show all posts

Thursday, December 28, 2017

မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီး အရေးပေါ်ဌာနများနှင့် လူနာဆောင်လေးခုတွင် ဝန်ထမ်းအင်အား တိုးမြှင့်ချထားမည်



မန္တလေး ၂၈-၁၂-၂ဝ၁၇

လာမည့် ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူးညတွင် မန္တလေးအထွေထွေရောဂါ ကုဆေးရုံကြီးရှိ ERC,OPD ဌာနများနှင့် လူနာဆောင်လေးခုတွင် ဝန်ထမ်းအင်အားတိုးမြှင့် ချထားမည်ဖြစ်ကြောင်း ဆေးရုံကြီးရှိ ဆေးလူမှုဆက်ဆံရေးဌာနမှ သိရသည်။

နှစ်သစ်ကူးညတွင် ဆေးရုံကြီးသို့ ရောက်ရှိလာမည့် အရေးပေါ် လူနာများအတွက် ကြိုတင်ပြင်ဆင်နိုင်ရန် အစည်းအဝေးပြုလုပ်ခဲ့ပြီး ERC,OPD ဌာနများနှင့် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ဆောင်၊အရိုးနှင့် ထိခိုက်ဒဏ်ရာဆောင်၊ မျက်နှာနှင့် မေးရိုးဆောင်နှင့် ခွဲစိတ်ဆောင်တို့၌ ဝန်ထမ်းအင်အားတိုးချဲ့ ချထားရန်ပြင်ဆင်ထားကြောင်း အဆိုပါဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းလွင်က ပြောပြသည်။

''ERC ဌာနကနေ လူနာတွေ အများဆုံးပို့ပေးရတဲ့ ဆက်နွှယ်ဌာနတွေမှာပါ အင်အားတိုးချထားမှာပါ။ ဝန်ထမ်း၊ ဆေးဝါး၊ ကိရိယာအားလုံး ပြင်ဆင်ထားပါတယ်။ လူမှုရေးအသင်းတွေကိုလဲ ဖိတ်ထားတယ်။ ပိုပြီးအားစိုက် ကူညီပေးကြဖို့ နှိုးဆော်ထားပါတယ်'' ဟု ၎င်းက ပြောပြသည်။

ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ် နှစ်သစ်ကူးညတွင် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ အတွင်းလူနာနှင့် အပြင်လူနာ စုစုပေါင်းဦးရေ ၂၄ဝကျော် ရောက်ရှိခဲ့ပြီး သေဆုံးသူ လေးဦးရှိခဲ့ကြောင်း သိရသည်။

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ အထင်ကရပွဲတော် ရက်များဖြစ်သည့် သီတင်းကျွတ်၊ တန်ဆောင်မုန်း၊ နှစ်သစ်ကူးသင်္ကြန် ပွဲတော်ရက်များတွင် ယာဉ်တိုက်မှု၊ ခိုက်ရန်ဖြစ်ပွားမှုတို့ကြောင့် ရောက်ရှိသည့်လူနာဦးရေ မြင့်တက်လေ့ရှိပြီး ယာဉ်တိုက်မှုကြောင့် ရောက်ရှိသည့် လူနာမှာအများဆုံး ဖြစ်ကာဒုတိယအနေဖြင့် ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရောက်ရှိသည့် လူနာအများဆုံး ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

#Yadanarpondaily

Wednesday, July 26, 2017

ဘီပီအိုင် ဆေးဝါးစက်ရုံမှ New BPI Project အစီအစဉ်ဖြင့် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးထိ တိုးမြှင့် ထုတ်လုပ်သွားမည်



ရန်ကုန် ၂၆-၇-၂၀၁၇

ဘီပီအိုင် ဆေးဝါးစက်ရုံမှ New BPI Project အစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့ရာ ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးထိ တိုးမြှင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီး ဌာနသတင်းများအရ သိရသည်။

ဘီပီအိုင်ဆေးဝါး စက်ရုံအနေဖြင့် စွမ်းရည် အာနိသင်ပြည့်ဝသည့် ဆေးဝါးများကို ဈေးနှုန်းချိုသာစွာဝယ်ယူ အသုံးပြုနိုင်ရေး အတွက်ဆေးဝါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရာတွင် ဘီပီအိုင် ဆေးဝါးစက်ရုံမှ စက်ပစ္စည်းများနှင့် အဆောက်အအုံများမှာ လက်ရှိနိုင်ငံတကာ တွင်ကျင့်သုံးနေသည့် ဆေးဝါးထုတ်လုပ်မှု ကျင့်စဉ် (GMP) နှင့် ကိုက်ညီမှုမရှိသဖြင့် အဆောက်အအုံ အသစ်များ၊ စက်ကိရိယာအသစ်များ လဲလှယ်တပ်ဆင်ကာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ စတင်ကာ ခေတ်မီဆေးဝါး တိုးမြှင့်ထုတ်လုပ်မှု စီမံကိန်း (New BPI Project) ကို စတင် အကောင်အထည် ဖော်ဆောင်ရွက် ခဲ့သည်။

လက်ရှိတွင် ဘီပီအိုင်ဆေးဝါး စက်ရုံမှ ထုတ်လုပ်ရောင်းချ ပေးနေသည့် ဆေးဝါးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အလုပ်သမား ဆေးရုံကြီးများအတွက် အမှာစာများ ရရှိထားပြီး ဖြစ်သည်။

ထို့ကြောင့် ယခုဘဏ္ဍာနှစ်တွင် ငွေကျပ် ၄ဝ ဘီလီယံဖိုးအထိ တိုးမြှင့်ထုတ်လုပ်ရန် လျာထား ဆောင်ရွက်မှုများမှ အမှာစာများအတွက် ငွေကျပ် ၂၈ဘီလီယံဖိုးခန့် ထုတ်လုပ်ကာ အများပြည်သူအား ငွေကျပ် ၁၂ဘီလီယံဖိုး ရောင်းချပေး သွားမည်ဖြစ်ကြောင်း သိရသည်။

#yadnarpondaily

Monday, May 22, 2017

မြန်မာ့ဆေးဝါးလုပ်ငန်းမှ အရည်အသွေးပြည့်စက်ရုံထုတ် BPI ဆေးဝါးများကို အလွယ်တကူဝယ်ယူနိုင်ရန် ဆိုင်ခွဲများ တိုးချဲ့ဖွင့်လှစ် ရောင်းချပေးနေ



နေပြည်တော် ၂၂-၅-၂၀၁၇

စက်မှုဝန်ကြီး ဌာနမြန်မာ့ဆေးဝါး လုပ်ငန်းမှ ထုတ်လုပ်လျက်ရှိသည့် အရည်အသွေး ပြည့်ဝသည့် BPI ဆေးဝါးများကို ပြည်သူများဈေးနှုန်း သက်သာစွာနှင့် စစ်မှန်စွာဝယ်ယူ စားသုံးနိုင်ရန်အတွက် အရောင်းဆိုင်များ ထပ်မံတိုးချဲ့ ဖွင့်လှစ်၍ ရောင်းချပေးနေပြီ ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း မှသိရသည်။

စက်မှုဝန်ကြီးဌာန အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့်ပူးပေါင်း၍ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို မြှင့်တင်ဆောင်ရွက် နိုင်ရန်အတွက် ဈေးနှုန်းချိုသာပြီး အရည်အသွေး ကောင်းမွန်စိတ်ချ ရသော BPI စက်ရုံ ထုတ်ဆေးဝါးများကို မေ ၁၅ ရက်မှစတင်၍ ရန်ကုန်မြို့အမှတ် (၅၆/၅၈/၆ဝ)၊ ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်၊ ကျောက်တံတား မြို့နယ်တွင် ပန်းဆိုးတန်းလမ်း အရောင်းဆိုင်ကို လည်းကောင်း ၊ရန်ကုန်မြို့ အမှတ် (၅၆/၅၇)၊ ဗိုလ်ဆွန်ပက်လမ်း အလယ်ဘလောက၊် ပန်းဘဲတန်းမြို့နယ်တွင် ဗိုလ်ဆွန်ပက်လမ်း အရောင်းဆိုင်ကို လည်းကောင်း ရန်ကုန်မြို့တွင် နှစ်ဆိုင်နှင့် နေပြည်တော်စည်ပင်ရိပ်သာ (၂) တွင် တစ်ဆိုင် စုစုပေါင်းအရောင်းဆိုင် သုံးဆိုင်ဖွင့်လှစ် ရောင်းချပေးနေပြီဖြစ်ကာ ပြည်သူများမှလည်း ဝယ်ယူအားပေး နေပြီဖြစ်ကြောင်း သိရသည်။

''အရင်ကတော့ ဈေးကွက်ထဲမှာ အရည်အသွးမမီတဲ့ BPI ဆေးဝါး အတုတွေပါ ထွက်ပေါ်လာတော့ ပိတ်ပင်တားဆီးရတဲ့ အခြေအနေတွေထိ ဖြစ်ခဲ့ပါတယ်။ အခုတော့ မြန်မာ့ဆေးဝါးလုပ်ငန်း BPI စက်ရုံကနေ အရည်အသွေး ပြည့်မီတဲ့ BPI ဆေးဝါးတွေကို ဆိုင်အသစ်တွေပါ ဖွင့်ပြီးရောင်းချ ပေးနေပါပြီ။ ရန်ကုန်နဲ့ နေပြည်တော်မှာ ဖွင့်ပြီးပြီ။ မန္တလေးမှာလဲ လာမယ့် ရက်ပိုင်းအတွင်း BPI ဆေးဆိုင် ဖွင့်လှစ်ရောင်းချသွား ဖို့စီစဉ်နေပါတယ်။ BPI ဆေးတွေကို ဈေးမှန်၊ ဆေးမှန်ဝယ်ချင်ရင် ကျွန်တော်တို့ မြန်မာ့ဆေးဝါးလုပ်ငန်း ကဖွင့်တဲ့ဆိုင်တွေမှာ ဝယ်တာစိတ် ချရပါတယ်''ဟု မြန်မာ့ဆေးဝါး လုပ်ငန်းမှမန်နေဂျာ ဦးမိုးကျော်သိန်းက ပြောပြသည်။

ထို့အတူ ယခင်ကတည်းက ဖွင့်လှစ်ရောင်းချ လျက်ရှိသည့် နေပြည်တော်မြို့မဈေး ဆိုင်ခွဲနှင့် မင်းသီဟ ကဖီးအနီး ဇေယျဌာနီလမ်းပေါ်ရှိ စက်မှုဝန်ကြီးဌာန အရောင်းဆိုင်တို့ တွင်လည်း BPI စက်ရုံထုတ် ဆေးဝါးများကို ၀ယ်ယူနိုင်ကြောင်း သိရသည်။

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်းမှ ထုတ်လုပ်သည့် BPI ဆေးဝါးများကို ပြည်သူများ ဝယ်ယူရန် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိ နေပြီးပြည်သူများ အနေဖြင့် စစ်မှန်သည့် BPI ဆေးဝါးများကို အလွယ် တကူဝယ်ယူ နိုင်ရန်အတွက် စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ဆိုင်ခွဲများစွာ တိုးချဲ့ဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်သည်။

စက်မှုဝန်ကြီး ဌာန မြန်မာ့ဆေးဝါး လုပ်ငန်းမှ ဆေးဝါးပေါင်းအမျိုး ၁၈ဝခန့် ထုတ်လုပ်ပေး လျက်ရှိပြီး BPI ဆေးဝါးများကို ကိုယ်စားလှယ် ငါးဦးကလည်း ဖြန့်ဖြူးရောင်းချပေး လျက်ရှိကြောင်း သိရသည်။

#Themyawadydaily

Thursday, March 9, 2017

မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ဆက်လက်ကျင်းပ


မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကျင်းပစဉ်

နေပြည်တော် ၊ ၉-၃-၂၀၁၇

(၂၄)ကြိမ်မြောက်၊ မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ကို ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး ခုတင်-၅ဝဝ၊ ဆင်ဖြူရှင်ခန်းမ၌ ဆက်လက် ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း နှင့် တပ်မတော် အရာရှိကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာ ဆေးပညာရှင်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဆေးတက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ဖိတ်ကြားထား သူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက် ကြသည်။

နှီးနှောဖလှယ်ပွဲ ဒုတိယနေ့တွင် Major Symposium အဖြစ် Kidney Transplantation in Military Medicine: Past, Present & Future တစ်ခု ၊ Clinical Session တစ်ခု ၊ Symposium အဖြစ် Reviewing Nursing Documentation Practice in Myanmar Military Health Care Setting တစ်ခုနှင့် Current Concept in Diagnosis and Management of Osteoarthritis တစ်ခု၊ Buliding Shared Vision in Myanmar Military Medicine: Health Related Quality of Life တစ်ခုနှင့် Special Talk တစ်ခုတို့အား ဆွေးနွေးကြသည်။

ထို့ပြင် အဏုဇီဝဗေဒ ဆိုင်ရာ သုတေသန စာတမ်း ခြောက်စောင်၊ ပြန်လည် သန်စွမ်းမှု ဘာသာရပ်ဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ အရိုးရောဂါ ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ ရောဂါဗေဒ ဆိုင်ရာ သုတေသန စာတမ်း လေးစောင်၊ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ သုတေသန စာတမ်း ငါးစောင်တို့ကို ဖတ်ကြား တင်သွင်းကြပြီး တက်ရောက် လာကြသူများ၏ မေးမြန်းချက်များ အပေါ် ပြန်လည်ဖတ်ကြား ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Wednesday, March 8, 2017

မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကျင်းပ



နေပြည်တော် ၊ ၈-၃-၂၀၁၇

(၂၄)ကြိမ်မြောက်၊ မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) ၌ ကျင်းပ ပြုလုပ်သည်။

အဆိုပါဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲသို့ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) မှစစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဇော်သိန်း၊ တပ်မတော် ဆေးသုတေသန နှင့်ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း နှင့် တပ်မတော်အရာရှိ ကြီးများ၊ ပါရဂူများ၊ နိုင်ငံတကာ ဆေးပညာရှင်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအောက်ရှိ ညွှန်ကြားရေးမှူးချုပ်များ၊ ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ဖိတ်ကြားထားသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ဦးစွာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက အဖွင့်အမှာစကား ပြောကြားပြီး ပညာရပ်ဆိုင်ရာ အဖွင့်အမှာစကား အား ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်း က ပြောကြားသည်။ ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးနှင့် ဗိုလ်ချုပ် စိုးဝင်း တို့သည် ဖွင့်ပွဲသို့တက်ရောက် လာကြသည့် နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ဆေးဝန်ထမ်းတပ်ဖွဲ့မှ တပ်မတော် အရာရှိကြီးများ နှင့်အတူ ခန်းမအတွင်း ခင်းကျင်းပြသ ထားသည့် ဆေးပညာရပ် ဆိုင်ရာ သုတေသန ပိုစတာများ၊ ဆေးနှင့်ဆေးရုံ၊ ဆေးခန်းသုံး ပစ္စည်းများအား လှည့်လည်ကြည့်ရှု ကြသည်။

နှီးနှောဖလှယ်ပွဲ ပထမနေ့တွင် Symposium of the Conference အဖြစ် Reducing Mortality among Servicemen: A Focus on Liver Diseases ၊ Symposium အဖြစ် Moving Towards Better Octcome Congenital Heart Diseases တစ်ခု၊ What's New in Osteoporosis ? တစ်ခုနှင့် Special Talks လေးခုတို့အား ဆွေးနွေးကျင်းပမည် ဖြစ်ပြီး ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ Global Malaria Programme ၏ညွှန်ကြားရေးမှူး Dr. Pedrol Alonso မှ အပူပိုင်းငှက်ဖျား ရောဂါ ကာကွယ်ထိန်းချုပ်ရေး သုတေသန ဆိုင်ရာ ကိစ္စရပ်များအား ပါဝင်ဆွေးနွေး ကြမည် ဖြစ်သည်။

၎င်းအပြင် ခွဲစိတ်ကုသမှုဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ မေ့ဆေးဆိုင်ရာ သုတေသနစာတမ်း နှစ်စောင်၊ ဆေးပညာရပ် ဆိုင်ရာ သုတေသန စာတမ်းလေးစောင် ကိုလည်း ဖတ်ကြားတင်သွင်း ကြမည်ဖြစ်ပြီး အဆိုပါ ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို မတ် ၁ဝ ရက်ထိ ဆက်လက်ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၂)

Tuesday, March 7, 2017

(၂၄)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်



နေပြည်တော် ၊ ၇-၃-၂၀၁၇

(၂၄)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် ဆေးတက္ကသိုလ် စုပေါင်းစာသင်ခန်းမ၌ ပြုလုပ်ရာ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးကြီး ကိုကိုလွင်နှင့် ဌာနမှူးများ၊ ဂုဏ်ထူးဆောင် ပါမောက္ခများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

ဦးစွာ တပ်မတော် ဆေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါ်လှရီရီက ကြိုဆိုနှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထို့နောက် ဂုဏ်ထူးဆောင် ပါမောက္ခ ဒုတိယ ဗိုလ်မှူးကြီး ဒေါ်ရင်ရင်ဇော် (အငြိမ်းစား)က  The Practical Guide to the OSCE: As A Performance Assessment နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး အဖွဲ့ငယ်များ ခွဲ၍ အပြန်အလှန် ဆွေးနွေး တင်ပြခြင်းများ ပြုလုပ်ကြသည်။

အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲသည် တပ်မတော် ဆေးတက္ကသိုလ်မှ စစ်ဆေးသည့် ဆေးပညာရပ်ဆိုင်ရာ စာမေးပွဲများကို နိုင်ငံတကာ အဆင့်မီ အရည်အသွေး ပြည့်မီစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၁၅)

Wednesday, February 22, 2017

၂၀၂၀ ပြည့် နှစ်တွင် ပြည်တွင်း ဆေးဝါး လိုအပ်ချက် ၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရန် စီမံဆောင် ရွက်နေ



ရန်ကုန် ၊ ၂၂-၂-၂၀၁၇

၂ဝ၂ဝပြည့်နှစ်တွင် ပြည်တွင်း သုံးစွဲမှု ဆေးဝါး လိုအပ်ချက်၏ ၅ဝ ရာခိုင်နှုန်း ကိုအပြီးသတ် ဖြည့်ဆီး ဆောင်ရွက် ပေးနိုင်ရန်အတွက် စီမံ ဆောင်ရွက် နေကြောင်း စက်မှုဝန်ကြီး ဌာန၏ ဖေဖော်ဝါရီ ၁၈ရက်က ထုတ်ပြန်သော သတင်းများအရ သိရသည်။

စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါး လုပ်ငန်းအနေဖြင့် ၂ဝ၂ဝပြည့်နှစ် တွင် ပြည်တွင်းဆေးဝါး လိုအပ်မှု၏ ၅ဝရာခိုင်နှုန်းကို ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရေးအတွက် တစ်နှစ်ကို ထိုးဆေး သန်း၂ဝတိုးမြှင့် ထုတ်လုပ်သွား မည်ဖြစ်သည်။

အဆိုပါဆေးဝါး များကို စက်မှု ဝန်ကြီးဌာန လက်အောက်မှ အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ယခင်ဘီပီအိုင် ဆေးဝါးစက်ရုံကို အခြေပြု တည်ဆောင် ထားသည့် မြန်မာ့ဆေးဝါး လုပ်ငန်း၏ ဆေးဝါး စက်ရုံ(အင်းစိန်)မှ ထုတ်လုပ်ပေး သွားမည်ဖြစ်သည်။

နိုင်ငံသားများ ဈေးနှုန်းချိုသာ ပြီး အရည်အသွေး ကောင်းမွန်သည့် အသည်းရောင် အသားဝါ(ဘီပိုး) ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရေး အတွက် အဆိုပါစက်ရုံကို ၂ဝဝ၂ ခုနှစ်က စတင်တည် ဆောက်ခဲ့ပြီး ၂ဝ၁၆ခုနှစ်က ကိုရီးယားနိုင်ငံ LG Life Science (LGLS) ကုမ္ပဏီ နှင့်ပူးပေါင်း၍ နိုင်ငံတကာအဆင့် မီအသည်း ရောင်အသားဝါ(ဘီပိုး) ကာကွယ်ဆေးများကို ထုတ်လုပ်ခဲ့ ခြင်းဖြစ်သည်။ ယခုအခါ ဆေးဝါး စက်ရုံ(အင်းစိန်)နှင့် ပူးပေါင်းကာ Euvax BTM အမည်ဖြင့် ဘီပိုး ကာကွယ်ဆေး များကို ပြည်တွင်း ဈေးကွက်များသို့ ထုတ်လုပ်ဖြန့်ချိ ပေးနေပြီဖြစ်ကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ

#Yadanarpondaily

Thursday, February 9, 2017

ဖန်ပြွန်သန္ဓေသားနည်းဖြင့် ရင်သွေးယူနိုင်မည့် IVF စင်တာဖွင့်လှစ်မည်



ရန်ကုန် ၊ ၉-၂-၂၀၁၇

အကြောင်း အမျိုးမျိုးကြောင့် ရင်သွေးမရ နိုင်သူများ ဖန်ပြွန်သန္ဓေသား နည်းဖြင့် ရင်သွေးယူနိုင်ရန် ရန်ကုန်မြို့၌ ထိုင်းနိုင်ငံမှ ကုမ္ပဏီတစ်ခု လာရောက် ဖွင့်လှစ် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။

''သဘာဝနည်းနဲ့ ကလေးမရနိုင်တဲ့ မိခင်တွေအတွက် IVF (In-Vitro Fertilization) နည်းပညာနဲ့ ကလေးရအောင် ကျွန်တော်တို့ ကုသပေးမှာပါ။ မြန်မာနိုင်ငံမှာပဲ ဒီနည်းနဲ့ကုသ နိုင်မယ်ဆိုရင် အချိန်ရော၊ လူရော၊ေ ငွကြေးကုန်ကျမှု တွေပါ လျော့နည်း သက်သာပြီး အကျိုးဖြစ်ထွန်း စေပါတယ်။ နိုင်ငံခြားမှာ အကြာကြီး သွားနေစရာ မလိုဘဲနဲ့ မြန်မာနိုင်ငံမှာပဲ ဒီနည်းပညာကို မိတ်ဆက်ပေး ပါမယ်။ ပြီးရင် မြန်မာနိုင်ငံက ဆရာဝန်တွေကိုလည်း လေ့ကျင့် ပေးသွားမှာပါ'' ဟု ထိုင်းနိုင်ငံ အခြေစိုက် Phloenchit Medical Center Co.,Ltd. ၏ Life Science Center တာဝန်ရှိပုဂ္ဂိုလ် Mr. Chad Teo က ပြောသည်။

''ဒီက သားဖွားမီးယပ် ဆရာဝန်တွေကို ထိုင်းနိုင်ငံမှာ Training နှစ်နှစ်လောက်တော့ အနည်းဆုံး ပေးရပါမယ်။ ဒီ IVF Center ဖွင့်ဖို့အတွက် ဆရာဝန်တွေ အနေနဲ့လည်း နိုင်ငံတော်ရဲ့ ခွင့်ပြုချက်ကို ယူပြီး နိုင်ငံခြားက Training ပြီးတော့မှ ဒီမှာ အလုပ်လုပ်ဖို့ စီစဉ်ထားပါတယ်။ လောလောဆယ် Treatment ပေးဖို့ကတော့ Medical Council ကနေ ခွင့်ပြုချက် ရပြီးရင် လုပ်ပေးလို့ရ ပါတယ်။ တကယ်လို့ လူနာတွေက Contact လုပ်ချင်တယ်ဆိုရင် ရုံးဖွင့်ချိန်ကျရင် ဖုန်းနံပါတ်တွေကို မီဒီယာမှာ ကြော်ငြာပေး ပါမယ်'' ဟု Mr. Chad Teo က ဆက်လက် ပြောသည်။

လက်ရှိတွင် ဖန်ပြွန်သန္ဓေသားနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆောင်ရွက်လိုသူ များနှင့် ဆွေးနွေးတိုင်ပင် လိုသူများကို ရှင်းလင်းဆွေးနွေး ပေးမည်ဖြစ်ပြီး ၄င်းလူနာများ အနက် IVF မလုပ်မီဆောင်ရွက် သင့်သည်များ ကိုလည်း ကြိုတင် ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

လူနာများ အနေဖြင့် နိုင်ငံခြားသွား လိုပါက ပို့ဆောင်ပေး မည်ဖြစ်ပြီး ၄င်းတို့၏ Science Center တွင် သန္ဓေသား ထည့်ကာ သားလောင်းသည် မိခင်ကိုယ်တွင်း၌ ကျန်းကျန်းမာမာ ရှိချိန်တွင် မိခင်အား ပြန်လည်ပို့ဆောင် ပေးမည် ဖြစ်ကြောင်းနှင့် မိခင်အနေ ဖြင့်လည်း ရန်ကုန်၌ ကျန်းကျန်းမာမာ မွေးဖွားနိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း သိရသည်။

ဝန်းရံခ

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၃)

Friday, December 9, 2016

အမျိုးသမီးမျိုးဥအိတ်၏ ဇီဝနာရီကို ဓာတုကုထုံးဖြင့် နောက်ပြန်ရွှေ့ နိုင်အောင်ကြိုးပမ်း



လန်ဒန် ၊ ၉-၁၂-၂၀၁၆

အမျိုးသမီးများတွင် မျိုးဥ အရေအတွက် သည် အကန့် အသတ် ရှိသည်ဟု မူလက ယုံကြည်မှတ်ယူ ထားသော်လည်း လေ့လာ ဆန်းစစ်မှု တစ်ရပ်တွင် ဓာတုကထုံး တစ်မျိုးရယူ နေသော အမျိုးသမီးများ၌ မျိုးဥ အရေအတွက် ပြန်တိုးလာ သည်ကို တွေ့ ရှိခဲ့ရပြီး သည့်နောက် အမျိုးသမီး မျိုးဥအိတ်၏ ဇီဝနာရီကို ဓာတုကထုံးဖြင့် နောက်ပြန်ရွှေ့ နိုင်အောင် ကြိုးပမ်းကာ မျိုးဥများကို ထပ်မံထုတ်လုပ် စေနိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း UK ရှိ ဧဒင်ဘတ် တက္ကသိုလ်မှ သုတေသီများက ပြောသည်။ 

" ဓာတုကုထုံးကြောင့် မျိုးဥအသစ်တွေ ထပ်ထုတ်လာအောင် လှုံ့ ဆော်ပေးတာ ဖြစ်နိုင်ပါတယ်။ အရွယ်ရောက်ပြီး အမျိုးသမီးတွေမှာ မျိုးဥအသစ် ထပ်ထွက်လာတာ ဒါပထမဆုံးအကြိမ် ပါပဲ။ ဒါကြောင့် ကိုယ်ဝန်မရနိုင်တဲ့ အမျိုးသမီး တွေကို ကုသမှုပေးတဲ့အခါ ဓာတုကုထုံးကို တွဲဖက် အသုံးပြုမယ့်သဘော သက်ရောက် နေပါတယ်။ ဒါပေမယ့် ဓာတု ကုထုံးကြောင့် ထပ်တိုးလာတဲ့ မျိုးဥတွေက သန္ဓေဆောင်နိုင် လောက်အောင် အရည်အသွေး ပြည့်ဝတယ်၊မပြည့်ဝဘူး ဆိုတာကို ဆက်လက်စူးစမ်း လေ့လာရပါဦးမယ်။ ဒီတွေ့ ရှိမှုကို အတည်ပြု နိုင်ခဲ့ပြီဖြစ်တဲ့ အတွက် အနာဂတ်မှာ လူတွေ ရဲ့ အကျိုးအတွက် ကျယ်ပြန့် စွာ အသုံးပြုနိုင်အောင် ဆက်လက်စူးစမ်း လေ့လာနေပြီ ဖြစ်ပါတယ်။ အဓိကကတော့ ဓာတုကုထုံးမှာ အသုံးပြုတဲ့ ဆေးဝါးတွေနဲ့  မျိုးဥတွေ ထပ်ထွက်လာတာနဲ့  ဘယ်လို ဆက်စပ်မှုတွေ ရှိတယ်ဆိုတဲ့ ကွင်းဆက်ကို ဖော်ထုတ်ရမှာဖြစ်ပါတယ် " ဟု သုတေသီ တစ်ဦးက ပြောပြသည်။ 

" အမျိုးသမီးတစ်မှာ မျိုးဥဘယ်နှစ်လုံး ရှိမယ်ဆိုတာ မွေးကတည်းက သတ်မှတ်ချက် ပါရှိပြီးသားပါ။ ဒါပေမယ့် အဲဒီဥ တွေက follicle လို့ ခေါ်တဲ့ အရာတွေထဲမှာ ရှင်သန်ကြီးထွား ရပါတယ်။ ပုံမှန်အားဖြင့် တစ်လကို follicle တစ်လုံးနှုန်း အရွယ်ရောက်ပြီး ဥတစ်လုံး ထုတ်လွှတ်ပါတယ်။ အမျိုးသမီးတွေ အသက်ရ လာတာနဲ့ အမျှ မျိုးဥအိတ် ထဲမှာရှိတဲ့ follicle အရေအတွက် ကလည်း ကျဆင်းသွားလေ့ ရှိပါတယ်။ အဲဒီ follicle အရေအတွက် ကျဆင်းသွားတဲ့ အခါ ကိုယ်ဝန် ရနိုင်ခြေလည်း နည်းသွားပါတယ် " ဟု ၄င်းက ဆက်လက် ပြောပြသည်။ 

အချို့ သော ကင်ဆာကုထုံး များက follicle ဆုံးရှုံးမှုကို မြန်ဆန်စေကြောင်း၊ ထိုအခါ အမျိုးသမီး၏ ကိုယ်ဝန်ရနိုင်ခြေ ကို ထိခိုက်စေကြောင်း၊ သို့ သော် ယင်းမျိုးဥအိတ်၊ Follicle နှင့် မျိုးဥ အရည်အသွေးကို အကျိုးပြုသော ကင်ဆာ ကုထုံးလည်း ရှိနေသည်ကို ယခု တွေ့ ရှိရခြင်း ဖြစ်ကြောင်း၊ ထို့ ကြောင့် အနာဂတ်တွင် အမျိုးသမီးများ၏ မျိုးဥ အရေအတွက် ထပ်တိုးလာအောင် လုပ်ဆောင် လာနိုင်ဖွယ် ရှိနေကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

Monday, November 28, 2016

မြွေဆိပ်ဖြေဆေးကို ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ်နိုင်


မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးစက်ရုံ (အင်းစိန်)

ရန်ကုန် ၊ ၂၈-၁၁-၂၀၁၆

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်)၏ မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရေး စက်ရုံ၌ ယခုနှစ်အတွင်း မြွေဆိပ်ဖြေဆေး ကို ပြည်တွင်း လိုအပ်ချက် ပြည့်မီအောင် တိုးမြှင့်ထုတ်လုပ် နိုင်ပြီဖြစ်ကြောင်း သိရသည်။

''ပြည်တွင်း လိုအပ်ချက်က နှစ်စဉ် မြွေဆိပ်ဖြေဆေး အလုံးရေ ၈ဝဝဝဝ လောက်လိုအပ် ပါတယ်။ ဒီနှစ်မှာတော့ အလုံးရေ တစ်သိန်း အထိ ထုတ်လုပ်နိုင်တယ်။ နီပေါနိုင်ငံက သူတို့ဆီမှာ မထုတ်လုပ် နိုင်သေးတဲ့ အတွက် ဝယ်ယူဖို့ ကမ်းလှမ်းထား ပါတယ်။ နိုင်ငံခြားကို တင်ပို့မယ်ဆိုရင် နှစ်ပိုင်းရှိ တယ်။ မြွေဆိပ်ဖြေဆေးကို အသင့်ထိုးနိုင်ဖို့ အလုံးလိုက် တင်ပို့မယ်ဆိုရင် ဟိုဘက်မှာ ရှိတဲ့ မြွေအမျိုးအစားချင်း၊ မျိုးစိတ်ချင်း တူချင်မှတူမယ်။ မတူရင် မြွေဆိပ်ဖြေဆေး က ထိုးလို့မရဘူး။ အဲဒီတော့ ယူချင်မှယူမယ်။ နောက်တစ်ခုက သူတို့ဘက်က သူတို့နိုင်ငံက မြွေအမျိုးအစား ရဲ့အဆိပ်ကို ထုတ်ပေးပြီး အဲဒီအဆိပ်နဲ့ ကျွန်တော်တို့ဆီက ဆေးဝါးစက်ရုံမှာ မြွေဆိပ်ဖြေဆေး ပြန်ထုတ်မယ်။ ဒါဆိုရင် အဲဒီ မြွေဆိပ်ဖြေ ဆေးကို သူတို့သုံး လို့ရမယ်'' ဟု စက်မှုဝန်ကြီး ဌာန မြန်မာ့ ဆေးဝါးလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြွေဆိပ်ဖြေဆေး ကို မြင်း၏ သွေးရည်ကြည် မှတစ်ဆင့် ထုတ်လုပ်ခြင်း ဖြစ်၍ မြန်မာနိုင်ငံ၌ စီးပွားဖြစ် မြင်းမွေးမြူမှု နည်းပါးပြီး မြင်းလှည်းကျ မြင်းများသာ ရှိခြင်းကြောင့် မြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း) အထိ ရှာဝယ် ရကြောင်း သိရသည်။

မြွေဆိပ်ဖြေဆေးကို ၁၉၆၂ ခုနှစ် ကတည်းက ဘီပီအိုင် စက်ရုံမှ မြင်း သွေးရည်ကြည် ဖြင့် ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အလုံးရေ ထောင်ဂဏန်းခန့်သာ ထုတ်လုပ်နိုင်ကာ ယခုအခါ သိုးမှတစ်ဆင့် ထုတ်လုပ် နိုင်သည့် နည်းပညာ များလည်း ရှိလာပြီ ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၅)

Tuesday, August 9, 2016

နေပြည်တော်ရှိ တပ်မတော်ဆေးရုံ၌ ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုအား ပထမဆုံးအကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်



နေပြည်တော် ၊ ၉-၈-၂၀၁၆

နေပြည်တော်ရှိ တပ်မတော်ဆေးရုံ၌ ပထမဆုံးအကြိမ် ကျောက်ကပ် အစားထိုးခွဲစိတ် ကုသမှုကို ယမန်နေ့ နံနက်ပိုင်းတွင် တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့မှ အထူးကု ဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့ဖြင့် အောင်မြင်စွာ ခွဲစိတ်ကုသပေး နိုင်ခဲ့သည်။

အဆိုပါ ကျောက်ကပ် အစားထိုးခွဲစိတ် ကုသမှုကို နေပြည်တော် (တပ်ကုန်း)မှ ဒေါ်ချိုသဲ အတွက် လိုအပ်သော ကျောက်ကပ်ကို အစ်မဖြစ်သူ ဒေါ်ခင်ငြိမ်းဦး မှ ပေးလှူ ခွဲစိတ်ကုသ ခြင်းဖြစ်ပြီး နေပြည်တော်ရှိ တပ်မတော် ဆေးရုံ အနေဖြင့် ပထမဆုံးအကြိမ် အောင်မြင်စွာ ခွဲစိတ်ကုသ နိုင်ခဲ့ခြင်း ဖြစ်သည်။

တပ်မတော်အနေဖြင့် ကျောက်ကပ် အစားထိုးခွဲစိတ် ကုသခြင်းကို ၁၉၉၇ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ နိုင်ငံခြားသား ဆရာဝန်များနှင့် ပူးပေါင်းပြီး ကျောက်ကပ် ဝေဒနာရှင် ၂၅ ဦးကို မင်္ဂလာဒုံ တပ်မတော် ဆေးရုံ၌ အောင်မြင်စွာ ခွဲစိတ်ကုသပေး နိုင်ခဲ့သည်။ ထို့အတူ ၂ဝ၁ဝ ပြည့်နှစ်၊ ဒီဇင်ဘာမှ စ၍ ယနေ့အထိ နိုင်ငံခြားသား ဆရာဝန်များ မပါဘဲ တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့မှ အထူးကု ဆရာဝန်များ အဖွဲ့ဖြင့် ကျောက်ကပ် ဝေဒနာရှင် ၁၂၂ ဦးကို မင်္ဂလာဒုံရှိ တပ်မတော် ဆေးရုံ၌ လည်းကောင်း၊ ရှစ်ဦးကို ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံ၌ လည်းကောင်း အောင်မြင်စွာ အစားထိုး ခွဲစိတ်ကုသ ပေးခြင်းများ ဆောင်ရွက်ပေး နိုင်ခဲ့သည်။

ဆက်လက်ပြီး သြဂုတ် ၉ ရက်တွင်လည်း စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး မှ တပ်ကြပ်ကြီး ဆန်းညွန့် ၏ဇနီး ဒေါ်အေးအေးစန်း အတွက် အစ်မဖြစ်သူ ဒေါ်ချိုချိုစန်း မှ လှူဒါန်းသော ကျောက်ကပ် အစားထိုး ခွဲစိတ် ကုသခြင်း ကို ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Friday, February 26, 2016

အရေပြားဆဲလ်များကို အသုံးပြုပြီး ဦးနှောက်ကင်ဆာကို ကုသနိုင်တော့မည်



( ကောင်းထက် )

Glioblastomas ဆိုသည်မှာ ဦးနှောက် ကင်ဆာပုံစံ တစ်မျိုးဖြစ်ပြီး လွန်ခဲ့သည့် နှစ်နှစ်အတွင်း ယင်းကင်ဆာ ရောဂါ ခံစားရသူ ၇ဝ ရာခိုင်နှုန်းမှာ အသက် ရှင်သန်ခွင့် မရရှိခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ဦးနှောက် ကင်ဆာရောဂါ သည် ဆေးပညာရှင်များ အတွက် ကုသရန် ခက်ခဲသော ရောဂါတစ်မျိုး ဖြစ်နေသော ကြောင့်ပင် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ မြောက်ကယ်ရိုလိုင်းနား တက္ကသိုလ်မှ သုတေသန ပညာရှင် များသည် အရေပြားဆဲလ် များကို ကင်ဆာဆဲလ် များအား ရှာဖွေတိုက်ဖျက် နိုင်သော ပင်မဆဲလ်များ အဖြစ် ပြောင်းလဲ နိုင်သည့် နည်းလမ်းကို တွေ့ရှိထားပြီ ဖြစ်ပြီး ယင်းနည်းလမ်းဖြင့် ပြုပြင်ပြောင်းလဲ ထားသော ပင်မဆဲလ် များသည် ဦးနှောက် ကင်ဆာဆဲလ် များကို ရှာဖွေချေမှုန်း နိုင်စွမ်းရှိသည်။

ယခုကဲ့သို့ ကင်ဆာရောဂါ ကုသရာတွင် ဆဲလ်များကို တိုက်ရိုက် ပြန်လည် ပြုပြင်ခြင်း၊ နည်းပညာ အသုံးပြု နိုင်ခြင်းသည် နှစ်ပေါင်း ၃ဝ အတွင်း ပထမဆုံးအကြိမ် ဖြစ်သည့် အပြင် ၂ဝ၁၂ ခုနှစ်က ဆေးပညာ နိုဘယ်လ် ဆု ရရှိခဲ့သည့် ပင်မဆဲလ် နည်းပညာကို တိုးတက် လုပ်ဆောင် ထားခြင်း ဖြစ်သည်။

သုတေသန ပညာရှင် များသည် အရေပြားဆဲလ်များ ဖြစ်ပေါ်စေသည့် ကိုလာဂျင်နှင့် တစ်သျှူးများကို အာရုံကြော ဆိုင်ရာ ပင်မဆဲလ် များအဖြစ် ပြောင်းလဲကာ ကြွက်များကို စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ယင်း အာရုံကြော ဆိုင်ရာ ပင်မဆဲလ် များသည် ကင်ဆာဆဲလ် များ တိုက်ဖျက်ရေး ပရိုတိန်းများကို ထုတ်လုပ်ပြီး ဦးနှောက် အတွင်းရှိ ကင်ဆာဆဲလ်များ အားလုံးကို အကြွင်းအကျန် ပင်မရှိရ လေအောင် သုတ်သင်နိုင်ခဲ့ သည်ကို တွေ့ရှိရသည်။

ထို့ကြောင့် သုတေသန ပညာရှင် များသည် လူသားများတွင် ယင်းကဲ့သို့ ဆဲလ်များ အသုံးပြု၍ ကင်ဆာအကျိတ် များကို ချေမှုန်းနိုင်သည့် အာရုံကြော ဆိုင်ရာ ပင်မဆဲလ် များကို ဖန်တီးပြီး ပိုမို ထိရောက်သည့် ကင်ဆာ တိုက်ဖျက်ရေး ကုသမှု နည်းလမ်းများ ဖော်ထုတ် သွားရန် ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ပြီး အဆိုပါ ဆဲလ်များ ခန္ဓာကိုယ် အတွင်း ရေရှည်တည်တံ့ နိုင်ရေးအတွက် နည်းလမ်း များကိုလည်း ရှာဖွေသွားမည် ဖြစ်ကြောင်း ဆေးပညာ သိပ္ပံ၏ ဖွံ့ဖြိုး တိုးတက်မှု သတင်းကောင်း အား ရေးသား တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၁)

Friday, February 19, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ ဆက်လက်ကျင်းပ


(၂၃)ကြိမ်မြောက် တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ ကျင်းပစဉ်

နေပြည်တော် ၊ ၁၉-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ တတိယနေ့ကို ရန်ကုန် တိုင်း ဒေသ ကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင်-၅ဝဝ)ရှိ ဆင်ဖြူရှင်ခန်းမ ၌ ယမန်နေ့ နံနက် ၈ နာရီတွင် ဆက်လက် ကျင်းပပြုလုပ်ရာ Symposium အဖြစ် Value, Place and Effectiveness of Implementing Research Culture in Undergraduate Curriculum in DSMA တစ်ခု ၊ Nursing Professional Standards in Myanmar: A Military Perspective တစ်ခု ၊ Current Trends in Management of Primary Glaucoma တစ်ခု ၊ Development of Primary Trauma Care in Myanmar Military Services တစ်ခု ၊ Special Talk နှစ်ခု ၊ Clinico -Pathological Conference တစ်ခုနှင့် Building Shared Vision in Military Medicine "Cancer Care Continuum: Shared Care" တစ်ခု တို့အားဆွေးနွေး ခဲ့ကြသည်။

ထို့ပြင် ဆေးပညာဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ ဆေးပညာ သင်ကြားရေး ဆိုင်ရာ သုတေသန စာတမ်းတစ်စောင်၊ ရောဂါဗေဒ ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ နား၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ သုတေသန စာတမ်းတစ်စောင်၊ သားဖွားမီးယပ် ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ ခန္ဓာဗေဒဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ မှုခင်းဆေး ပညာရပ်ဆိုင်ရာ သုတေသန စာတမ်း နှစ်စောင်၊ စာတမ်း စုစုပေါင်း ၁၆ စောင် ဖတ်ကြားတင်သွင်း ခဲ့ပြီး တက်ရောက် လာသူများမှ သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီ တို့က ရှင်းလင်း ဖြေကြား ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။(၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Thursday, February 18, 2016

အဆင့်မြှင့်ထားသည့် T-cells များဖြင့် သွေးကင်ဆာကို ပျောက်ကင်းအောင် ကုသနိုင်



ကောင်းထက်

စိုးရိမ်ဖွယ်ရာ သွေးကင်ဆာ ရောဂါ သို့မဟုတ် သွေးဖြူဥကင်ဆာ (Acute Lymphoblastic Leukemia - ALL) ကုသရေး အတွက် စမ်းသပ်မှုတစ်ခု လုပ်ဆောင်ခဲ့ပြီး ယင်း နည်းလမ်းဖြင့် ကုသပေးခဲ့ရာ သွေးကင်ဆာ ဝေဒနာရှင် ၉၄ ရာခိုင်နှုန်းမှာ ရောဂါသက်သာ ပျောက်ကင်းသွား သည်ကို တွေ့ရကြောင်း သုတေသန ပညာရှင်များက ထုတ်ပြန်ထားသည်။

ယေဘုယျ အားဖြင့် အသက် ၂၅ နှစ်မှ ၆၄ နှစ်အကြားရှိ ALL ရောဂါဝေဒနာရှင် ၄ဝ ရာခိုင်နှုန်း သာလျှင် ငါးနှစ်ခန့် ဆက်လက် အသက်ရှင် နိုင်ဖွယ်ရှိပြီး အသက် ၆၅ နှစ် နှင့် အထက်ဆိုပါက အသက်ရှင်သန် နိုင်သည့် ပမာဏမှာ ၁၅ ရာခိုင်နှုန်း အထိ လျော့ကျ သွားသည်။

ယခု အမေရိကန် Fred Hutchinson ကင်ဆာ သုတေသန ဌာနမှ သိပ္ပံပညာရှင်များ တွေ့ရှိ ထားသည့် သွေးကင်ဆာ ကုသရေး နည်းလမ်းသစ် သည် လူများတွင် သဘာဝ ကိုယ်ခံစွမ်းအား စနစ်အတွက် အဓိက အရေးကြီးသော အစိတ်အပိုင်း ဖြစ်သည့် T-cells များကို မျိုးရိုးဗီဇ အဆင့်မြှင့်တင် မှုများ ပြုလုပ်ကာ လူနာ၏ ခန္ဓာကိုယ်အတွင်း ပြန်လည်ထည့်သွင်း ပေးခြင်း ဖြစ်သည်။

အဆိုပါဆဲလ် များသည် သာမန်အားဖြင့် လူ့ခန္ဓာကိုယ်တွင် ဗက်တီးရီးယား ပိုးများအား ရှာဖွေ သတ်ဖြတ်ခြင်းကို လုပ်ဆောင်ခြင်း ဖြစ်သည်။ သို့သော် ယင်း T-cells များကို မျိုးရိုးဗီဇ အဆင့်မြှင့်တင် လိုက်ပါက ၄င်းတို့သည် ကင်ဆာဆဲလ် များကို ရန်သူအဖြစ် သတ်မှတ်ပြီး ရှာဖွေချေမှုန်းခြင်း တို့ကို လုပ်ဆောင်ခြင်း ဖြစ်သည်။

ထို့ပြင် T-cells များသည် ခန္ဓာကိုယ်အတွင်း နှစ်ရှည်လများ စွာကြာ တည်ရှိပြီး ကင်ဆာဆဲလ်များ ပြန်လည် ဝင်ရောက်ခြင်း မရှိစေရန် ခုခံကာကွယ် နိုင်သည့်အတွက် ကင်ဆာရောဂါ ကုသရေးတွင် လက်ရှိ အသုံးပြုလျက် ရှိသည့် ဓာတုကုထုံးနှင့် ရေဒီယို သတ္တိကြွ ကုထုံးများနေရာတွင် ယခုကုသမှုက အစားထိုး နေရာယူလာမည် ဖြစ်သည်။

ပညာရှင်များက ယင်းကုသမှုကို သွေးကင်ဆာ ဝေဒနာရှင်များ အတွက် ကိုယ်ခံအား ထည့်သွင်းပေးခြင်း ကုထုံးဟု အမည်ပေး နိုင်ရန် ကြိုးပမ်းလျက် ရှိသည်။

မြ၀တီနေ့စဉ် ၊ စာ(၂၂)

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ဆက်လက်ကျင်းပ


(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ကျင်းပစဉ်

နေပြည်တော် ၊ ၁၈-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ ကို ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅ဝဝ) ရှိ ဆင်ဖြူရှင် ခန်းမ၌ ယမန်နေ့နံနက် ၈ နာရီခွဲတွင် ဆက်လက် ကျင်းပရာ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဋ္ဌ၊ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ တပ်မှူးများ၊ တပ်ရင်းမှူး များ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများ၊ နိုင်ငံတကာမှ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ဖိတ်ကြား ထားသူများ၊ စိတ်ပါဝင်စား သူများ တက်ရောက်ကြပြီး ယမန်နေ့တွင် Major Symposium အဖြစ် Current Practice in Breast Imaging တစ်ခု၊ Clinical Session တစ်ခု Symposium အဖြစ် Comprehensive Care of Diabetes Mellitus တစ်ခု၊ Life with Caries Free Teeth တစ်ခုနှင့် Alcohol, Alcohol  Related Diseases and Alcohol Addiction တစ်ခုတို့အား ဆွေးနွေး ကျင်းပပြုလုပ် ခဲ့သည်။

ထို့ပြင် အဏုဇီဝဗေဒ ဆိုင်ရာ သုတေသန စာတမ်းငါးစောင်၊ ခွဲစိတ်ကုသမှု ဆိုင်ရာ သုတေသန စာတမ်းငါးစောင်၊ သူနာပြုစုမှု ဆိုင်ရာ သုတေသန စာတမ်း ခြောက်စောင်၊ ပြန်လည် သန်စွမ်းမှု ဘာသာရပ် ဆိုင်ရာ သုတေသန စာတမ်းနှစ်စောင်၊ အရိုးရောဂါ ပညာရပ်ဆိုင်ရာ သုတေသန စာတမ်းသုံးစောင်၊ ဆေးဝါးဗေဒ ဆိုင်ရာ သုတေသန စာတမ်းငါးစောင် တို့ ပါဝင်ဖတ်ကြား တင်သွင်းခဲ့ရာ စာတမ်း စုစုပေါင်း ၂၆ စောင် ဖတ်ကြား တင်သွင်းပြီး တက်ရောက် လာသူများမှ သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာ သုတေသီတို့က ရှင်းလင်းဖြေကြား ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Wednesday, February 17, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ


စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး ပြခန်းအတွင်း ခင်းကျင်းပြသထားသော ဆေးနှင့် ဆေးပစ္စည်းများကို လှည့်လည်ကြည့်ရှုစဉ်

နေပြည်တော် ၊ ၁၇-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး ၊ မင်္ဂလာဒုံမြို့နယ် ရှိ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး၌ ကျင်းပ ပြုလုပ်ရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦး၊ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးဇော်သိန်း၊ တပ်မတော် ဆေးသုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် စိုးဝင်း၊ ဆေးဝန်ထမ်း တပ်ဖွဲ့မှ တပ်ရင်း/ တပ်ဖွဲ့မှူးများ နှင့်ပါရဂူများ၊ နိုင်ငံတကာ မှ ဆေးပညာရှင်များ၊ ကျန်းမာရေး ဝန်ကြီးဌာန မှ ဖိတ်ကြား ထားသူများနှင့် စိတ်ပါ ဝင်စားသူ များ တက်ရောက် ကြသည်။

ဦးစွာ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာကြ သူများသည် ခန်းမအတွင်း ပြသထားသော ဆေးပညာရပ် ဆိုင်ရာ သုတေသန ပိုစတာများနှင့် ပြခန်းတွင် ခင်းကျင်းပြသ ထားသော ဆေးနှင့် ဆေးပစ္စည်း များအား လှည့်လည် ကြည့်ရှု ကြသည်။

ထို့နောက် (၂၃)ကြိမ်မြောက် မြန်မာ့ တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ၏ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲကို ဆက်လက် ပြုလုပ်ရာ ဗိုလ်ချုပ် စိုးဝင်း က အဖွင့် အမှာစကား ပြောကြားပြီး သက်ဆိုင်ရာ ဘာသာရပ် အလိုက် သုတေသန စာတမ်းများ ဖတ်ကြားခြင်း နှင့် ဘာသာရပ် ဆိုင်ရာ ဟောပြောမှု များကို ဆက်လက် ပြုလုပ်ကြသည်။

အဆိုပါ နှီးနှောဖလှယ် ပွဲတွင် သုတေသန စာတမ်းပေါင်း ၄၆ စောင်၊ သုတေသန ပိုစတာပေါင်း ၅၃ စောင်၊ Symposium ၁၃ ခု၊ Clinico-Pathological Conference တစ်ခု၊ Clinical Session တစ်ခု၊ Special Talks လေးခု၊ Debate တစ်ခုနှင့် Building Shared Vision in Military Medicine တစ်ခုတို့အား ဖေဖော်ဝါရီ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၃၂)

Tuesday, February 16, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ



နေပြည်တော် ၊ ၁၆-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ အကြို အလုပ်ရုံ ဆွေးနွေးပွဲ (PRE-Conference Workshop) ကို ယမန်နေ့ နံနက် ၉ နာရီတွင် မင်္ဂလာဒုံမြို့နယ် ရှိ တပ်မတော် ဆေးတက္ကသိုလ် စာပေဆောင်၌ ကျင်းပရာ တပ်မတော် ဆေးတက္ကသိုလ် မှ ဆေးပညာ သင်ကြားရေး ကော်မတီ နာယက ပါမောက္ခ ဒေါက်တာ ဒေါ်မာလာသန်း နှင့် ဌာနမှူးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများနှင့် ဖိတ်ကြားထား သူများ တက်ရောက် ကြသည်။

အခမ်းအနားတွင် တပ်မတော် ဆေးတက္ကသိုလ်မှ ဆေးပညာ သင်ကြားရေး ကော်မတီ နာယက ပါမောက္ခ ဒေါက်တာ ဒေါ်မာလာသန်း က အဖွင့် အမှာစကား ပြောကြားပြီး တက်ရောက် လာသူများမှ ဆေးပညာ သင်ကြားရေး ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်ရေး နှင့် နိုင်ငံတကာ အဆင့် အရည်အသွေး ပြည့်မီရေး ဆိုင်ရာများကို အပြန်အလှန် ဆွေးနွေးခဲ့ ကြကြောင်း သတင်း ရရှိသည်။ (၁ဝဝ)

မြ၀တီနေ့စဉ် ၊ စာ(၁၅)

Wednesday, February 10, 2016

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်


နေပြည်တော် ၊ ၁၀-၂-၂၀၁၆

(၂၃)ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲကို ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင် ၅ဝဝ)၊ ဆင်ဖြူရှင်ခန်းမ ၌ ဖေဖော်ဝါရီ ၁၆ ရက်မှ ၁၉ ရက်ထိ ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

အဆိုပါ ဆေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် သုတေသန စာတမ်း ၄၆ စောင်၊ သုတေသန လုပ်ဆောင်ချက် ပိုစတာ ၄၄ ခု၊ Symposium ၁၃ ခု၊ Clinicopathological Conference တစ်ခု၊ Clinical Session တစ်ခု၊ Special Talks လေးခု၊ Building Shared Vision Military Medicine တစ်ခု၊ Debate တစ်ခုတို့ကို ပြည်တွင်း/ပြည်ပမှ သုတေသီများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ သုတေသီများနှင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူ/ဆေးမှူး၊ သူနာပြု အရာရှိများ က ဖတ်ကြားတင်သွင်း ဆွေးနွေးကြမည် ဖြစ်ပါသည်။

ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက်ရောက် လိုပါက တပ်မတော် ဆေးတက္ကသိုလ်၊ စာပေဌာန ဖုန်း ဝ၃၁-၃၅ဝ၆၂ ၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး (ခုတင် ၁ဝဝဝ) ဖုန်း ဝ၃၁- ၃၅၂၄၇ ၊ အမှတ်(၂) တပ်မတော် ဆေးရုံကြီး (ခုတင် ၁ဝဝဝ) ဖုန်း ဝ၃၆- ၅၁ဝဝဝ ၊ အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင် ၅ဝဝ) ဖုန်း ဝ၃၁- ၃၁၂၇၇ နှင့် တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင် ၅ဝဝ) ဖုန်း ဝ၃၁- ၃၅၂၇ဝ တို့တွင် ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၅ ရက်ထိ မှတ်ပုံတင်စာရင်း ပေးသွင်းနိုင်ကြောင်း အသိပေးအပ် ပါသည်။

နှီးနှောဖလှယ်ပွဲသို့ ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု အရာရှိများ၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ စိတ်ပါဝင်စား သူများလည်း တက်ရောက် နိုင်ကြောင်း သိရသည်။

မြ၀တီနေ့စဉ် ၊ စာ(၁၉)

Thursday, February 4, 2016

မြန်မာနိုင်ငံ၌ ဦးနှောက်သွေးကြော ရောဂါကို ခွဲစိတ်ရန်မလိုဘဲ ကုသပေးနိုင်ပြီ



ရန်ကုန် ၊ ၄-၂-၂၀၁၆

ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာန နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (Japan International Medical Cooperation Organization - JIMCO)တို့ ပူးပေါင်း ဆောင်ရွက်မှုဖြင့် ဦးနှောက်သွေးကြော ရောဂါများကို ခွဲစိတ် စရာမလိုဘဲ မြန်မာနိုင်ငံ၌ ပထမဆုံး ကုသပေးနိုင်ပြီ ဖြစ်ကြောင်း ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

''ဂျပန်နိုင်ငံ JIMCO အဖွဲ့က ပါမောက္ခ ဒေါက်တာ ဟာရာကာဝါ ဦးဆောင်တဲ့ အဖွဲ့နဲ့ မြန်မာနိုင်ငံက ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ဆရာဝန်တွေ ပူးပေါင်းပြီး ဦးနှောက်အတွင်းက မည်သည့် သွေးကြောကိုမဆို ခွဲစိတ်စရာ မလိုဘဲ ပေါင်မှာရှိတဲ့ သွေးကြောကတစ်ဆင့် ပိုက်သွင်းကုသတဲ့ နည်းနဲ့ ကုသ ပေးနိုင်ခဲ့ပါတယ်။ ဒါက မြန်မာနိုင်ငံမှာ ပထမဆုံးကုသတဲ့ နည်းဖြစ်ပါတယ်'' ဟု ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာန မှ ဒေါက်တာ အောင်သူစိုးမြင့် က ပြောသည်။

ယင်းကုထုံးကို NEUROE DOVASCULRA THERAPY ဟုခေါ်ပြီး ဦးနှောက် အတွင်း သွေးကြောဆိုင်ရာ ရောဂါ ခံစား နေရသူများကို ခွဲစိတ်စရာမလိုဘဲ ဝေဒနာ သက်သာ ပျောက် ကင်းစေရန် ကုသနိုင်သော ကုထုံးဖြစ်သည်။

''ကျွန်မတို့ JIMCO အနေနဲ့ မြန်မာနိုင်ငံမှာ Training Centre ဖွင့်လှစ်ပြီး ဒီကုထုံး နည်းပညာကို လက်ဆင့်ကမ်း ပို့ချနိုင်အောင် စီစဉ်နေပါတယ်။ ပုဂ္ဂလိက ဆေးရုံ တွေမှာလည်း ကုသနိုင်မယ့် အစီအစဉ်ကို စီစဉ်ထားပါတယ်။

အရေးတကြီး ဆေးဝါး ကုသပေးရမယ့် အခြေအနေ ရောက်ရှိနေတဲ့ လူနာတွေ အတွက် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကုသပေးဖို့ စီစဉ်ထားပါတယ်'' ဟု ဂျပန် အပြည်ပြည် ဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ အထွေထွေ အတွင်းရေးမှူး တိုရှီကိုတာကာဟာရှိ က ပြောသည်။

အဆိုပါ ကုသနည်းဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုသဌာန၌ ယမန်နှစ်က လူနာလေးဦး အား ကုသပေး နိုင်ခဲ့ကြောင်း သိရသည်။

သဲသဲ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

Thursday, January 28, 2016

ဆေးဝါးစက်ရုံ(အင်းစိန်) ရှိ အဆင့်မြင့်မြွေဆိပ်ဖြေဆေး စက်ရုံသစ်ကြီး မှဆေးပုလင်း အလုံးပေါင်းတစ်သိန်းကျော် ထုတ်လုပ် နိုင်တော့မည်



ရန်ကုန် ၊ ၂၈-၁-၂၀၁၆

စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါး လုပ်ငန်း ဆေးဝါးစက်ရုံ (အင်းစိန်) ဝင်း၌ အသစ်တည်ဆောက် ပြီးစီးတော့မည့် အဆင့်မြင့် မြွေဆိပ်ဖြေဆေး စက်ရုံသစ်ကြီး သည် ယခုအခါတွင် ရာနှုန်းပြည့် ပြီးစီးလာပြီ ဖြစ်ရာ ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ တစ်နှစ်လျှင် မြွေဆိပ်ဖြေ ဆေးပုလင်း အလုံးရေ တစ်သိန်းကျော် ထုတ်လုပ်ပေး သွားမည် ဖြစ်ကြောင်း စက်ရုံမှူး/ အထွေထွေ မန်နေဂျာ ဦးကိုကိုအောင် က ပြောသည်။

''၂ဝ၁၁-၂ဝ၁၂ ခုနှစ်မှာ မြွေဆိပ်ဖြေဆေး ပုလင်းအလုံး ၁၂ဝဝဝ သာ ထုတ်လုပ် နိုင်ခဲ့တယ်။ အခုဒီစက်ရုံ သစ်ကြီး ပြီးစီးရင်တော့ ဆေးပုလင်း အလုံးရေ တစ်သိန်းကျော် ထုတ်လုပ်ပေး နိုင်တော့မှာပါ။ ဒီဆေးက စက်စွမ်းအားနဲ့ ထုတ်လုပ်လို့ မရပါဘူး။ မြင်းတွေ၊ လားတွေ၊ သိုးတွေ ရဲ့သွေးရည်ကြည် ကနေ BIO နည်းနဲ့ အဆင့်ဆင့် ထုတ်လုပ်ရတာ ဖြစ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ တိုးချဲ့မွေးမြူ နေပါတယ်'' ဟုဆက်လက် ပြောသည်။

ယခုအခါတွင်  မြွေဆိပ်ဖြေဆေး စက်ရုံအပါအဝင် အခြားဆေးဝါး ထုတ်လုပ်ရေး စက်ရုံများကို ဧက ၈ဝ ကျယ်ဝန်းသော ရန်ကုန်မြို့ အင်းစိန် ဆေးဝါးလုပ်ငန်း စက်ရုံဝင်း အတွင်း၌ တည်ဆောက်ေ နခြင်း ဖြစ်သည်။

စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် သက်ဆိုင်ရာ ကုမ္ပဏီအသီးသီးမှ ကဏ္ဍအလိုက် ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် အတွင်း စီမံကိန်းစတင် ခဲ့ပြီး ယခုအခါ မြွေဆိပ်ဖြေဆေး စက်ရုံမှာ တည်ဆောက်ရေး လုပ်ငန်း ၁ဝဝ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်၍ ဖေဖော်ဝါရီလတွင် မြွေဆိပ်ဖြေဆေးများ စတင်ထုတ်လုပ် လည်ပတ်သွားမည် ဖြစ်ကြောင်းသိရသည်။ စက်ရုံအတွက် လိုအပ်သော မြင်း၊ လား၊ သိုး တိရစ္ဆာ န် များ၏ သွေးရည်များ ရယူနိုင်ရန် အတွက် ရန်ကုန်တိုင်း ဒေသကြီး မှော်ဘီမြို့နယ်ရှိ မြင်း၊ သိုး မွေးမြူရေး စခန်းမှ လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးရှိ မြင်းနှင့် လား မွေးမြူရေး စခန်းမှ လည်းကောင်း၊ မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့နယ် ရန်ပယ်မြင်း၊ သိုး မွေးမြူရေး စခန်းမှ လည်းကောင်း လိုအပ်သော BIO Product သွေးရည်များအား ထုတ်ယူကာ  အဆင့်ဆင့် ထုတ်လုပ်ရယူရေး အတွက် မွေးမြူလျက် ရှိကြောင်း သိရသည်။

ထို့ပြင် စက်ရုံဝင်း အတွင်း၌ မြွေပွေး၊ မြွေဟောက်နှင့် အခြား မြွေအမျိုးမျိုး တို့အား သဘာဝ အတိုင်း မွေးမြူထားရှိ နိုင်စေရန် မြွေခြံကို တည်ဆောက် နေပြီဖြစ်ရာ မကြာမီ ပြီးစီးတော့မည် ဖြစ်သည်။ အဆိုပါ မြွေခြံသို့ ဆေးတက္ကသိုလ် ကျောင်းသားများ၊ ဆေးဝါးဆိုင်ရာ ပညာသင်ကြား နေသူများ လာရောက်လေ့လာ နိုင်မည်ဖြစ်သည်။ အလားတူ ယခု တည်ဆောက်လျက် ရှိသော ဆေးပြားတောင့် စက်ရုံ အဆောက်အဦနှင့် ပဋိဇီဝဆေးဝါး ထုတ်လုပ်ရေး စက်ရုံတို့ကို မတ်လကုန်တွင် အပြီး တည်ဆောက်ကာ ၂ဝ၁၇ ခုနှစ် ဧပြီလတွင် ဆေးများစတင် ထုတ်လုပ်နိုင်မည် ဖြစ်ကြောင်း စက်ရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မြ၀တီနေ့စဉ်
Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger