www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2019

တိုင်းရင်းသား ပြည်သူ အားလုံး ပင်လုံစိတ်ဓာတ် အရင်းခံကာ ပြည်နယ်၊ ပြည်မ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက် မပျက် ထာဝရ ပူးပေါင်း လက်တွဲဆောင်ရွက်

တိုင်းရင်းသား ပြည်သူ အားလုံး ပင်လုံစိတ်ဓာတ် အရင်းခံကာ ပြည်နယ်၊ ပြည်မ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက် မပျက် ထာဝရ ပူးပေါင်း လက်တွဲဆောင်ရွက်
-
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး 
-
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် ချစ်ကြည် လေးစားအပ်ပါသော  ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူ ညီအစ်ကို မောင်နှမများ ခင်ဗျား- ယနေ့ကျ ရောက်သော (၇၂)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားသို့ ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခွင့်ရသည့် အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ပြည်ထောင်စုတစ်ဝန်းလုံးမှာရှိကြသည့်ရှမ်းတိုင်းရင်းသားများနှင့်တကွ ပြည်ထောင်စုဖွား တိုင်းရင်းသားများ အားလုံး ကောင်းကျိုးချမ်းသာမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံကြပါစေaကြာင်းနှုတ်ခွန်းဆက်သဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ 
-
မြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာ ကတည်းကပင် တိုင်းရင်းသားလူမျိုးစုအားလုံးတို့ အေးအတူပူအမျှ အခြေချ နေထိုင်ခဲ့ကြပါသည်။ နိုင်ငံတော်တွင် စည်းလုံးညီညွတ်မှု ပြိုကွဲ၍ အင်အား နည်းပါးချိန်တွင်မိမိထက် အဆ မတန် အင်အား ကြီးမားသော  ဗြိတိသျှကိုလိုနီ နယ်ချဲ့ တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရပြီး  အချုပ်အခြာအာဏာနှင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပါသည်။ထိုသို့နယ်ချဲ့လက်အောက်ကျရောက်ခဲ့သော်လည်း တိုင်းရင်းသားများ အပါ အဝင် မြန်မာနိုင်ငံ၏ ဒေသအသီးသီးမှ သူ့ကျွန်မခံလို သူများက မျိုးချစ် စိတ်ဓာတ်များဖြင့် မိမိတို့ အသက်ကို ပဓာနမထားဘဲနယ်ချဲ့တို့ကို တော်လှန်ပုန်ကန်ခဲ့ကြပါသည်။ ကိုလိုနီနယ်ချဲ့တို့ကလည်း တောင်တန်းနှင့်ပြည်မဒေသကို ခွဲခြားအုပ်ချုပ်ခြင်း၊ အောက်ခြေအုပ်ချုပ်ရေးအဆင့်ဆင့်တွင် ဒေသခံများကိုအသုံးပြုခြင်းစသည့်နည်းလမ်းပေါင်းစုံသုံး၍ သွေးခွဲအုပ်ချုပ်ခဲ့ကြပါသည်။ 
-
ဒုတိယကမ္ဘာစစ်ကြီး အပြီး ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့်  ဖဆပလ အဖွဲ့ချုပ် က လွတ်လပ်ရေးတောင်းဆိုခဲ့ရာ ကိုလိုနီနယ်ချဲ့တို့ က တောင်တန်း ဒေသများကို ချန်လှပ်ထားရန် ကြိုးစားခဲ့ကြပါသည်။ သို့သော် အမျိုးသား ခေါင်းဆောင်ကြီး၊ လွတ် လပ်ရေး ဗိသုကာကြီး၊ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းက တောင်တန်းဒေသများ အပါအဝင် တစ်နိုင်ငံလုံး အတူတကွ လွတ်လပ်ရေးရယူလိုကြောင်း ဆန္ဒဖော်ထုတ်ရန် ရှမ်းပြည်လူထု ခေါင်းဆောင်များနှင့် တောင်တန်းဒေသမှ ခေါင်းဆောင်များကို စုစည်းကာ ရှမ်းပြည်နယ် ပင်လုံမြို့တွင် တွေ့ဆုံဆွေး နွေးပြီး သဘောတူညီမှု ရရှိအောင် ကြိုးပမ်းခဲ့ပါသည်။
-
ထို့ကြောင့်ရှမ်းတိုင်းရင်းသားများနှင့် တောင်တန်းဒေသ တိုင်းရင်းသားများ ဖြစ်ကြသော ချင်း၊ ကချင်တို့သည် ပြည်မနှင့် အတူတကွ လွတ်လပ်ရေးရယူ မည်ဟူသော ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ် ခဲ့ကြပါသည်။  ထိုသို့ပြည်မနှင့်တောင်တန်းဒေသများ အတူတကွလွတ်လပ်ရေးရယူရန် ဆုံးဖြတ်နိုင်ခဲ့သော ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့်ရှမ်းပြည်နယ်နေ့အဖြစ်သတ်မှတ်ကာ  အထိမ်းအမှတ် အခမ်း အနားများ ကျင်းပလာခဲ့သည်မှာ ယခုဆိုလျှင် (၇၂)နှစ်မြောက် ရှိခဲ့ပြီဖြစ်ပါသည်။ 
-
ထို့ကြောင့် ရှမ်းပြည်နယ်နေ့သည် ပြည်ထောင်စုတည်ဆောက်ရန် ပြည်ထောင်စု တိုင်းရင်းသားအားလုံးက စိတ်တူကိုယ်တူဆန္ဒတူဖြင့် အနာဂတ်အတွက်အုတ်မြစ်ချခဲ့သောနေ့ဖြစ်ပေသည်။ ပြည်ထောင်စုဖွားတိုင်းရင်းသားများအားလုံးက အချုပ်အခြာအာဏာပိုင်သည့် လွတ်လပ်ရေး ရရှိအောင် အတူတကွ ဆောင်ကြဉ်းနိုင်ခဲ့သော်လည်း  နိုင်ငံရေးအယူအဆကွဲလွဲမှုများနှင့်ယုံကြည်နားလည်မှုပျက်ပြားခဲ့ရခြင်းများ ကြောင့် တိုင်းရင်းသား ညီအစ်ကိုများအကြား စိတ်ဝမ်း ကွဲပြားပြီး လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားခဲ့ရာ ယခုအချိန်ထိ အချို့သော ဒေသများတွင် သေနတ်သံများကြားနေရဆဲ၊ ယမ်းငွေ့များ ဝေနေဆဲပင်ဖြစ်သည်မှာ လွန်စွာ ဝမ်းနည်း ဖွယ်ရာ ကောင်းပါသည်။ လွန်ခဲ့သော (၇၂)နှစ်က ယနေ့လိုအချိန်အခါတွင် တိုင်းရင်းသားများ မျှော်မှန်း အိပ်မက်ခဲ့ကြသော ပင်လုံမြေမှပြည်ထောင်စု အိပ်မက်ကို ယနေ့အချိန် အခါတွင် အကောင်အထည်ဖော်ကြရန် အထူးလိုအပ်ပါသည်။ 
-
နှစ်ပေါင်း ၇ဝ ကျော် ကြာမြင့်အောင်ရှည်ကြာခဲ့သော ပဋိပက္ခများ ချုပ်ငြိမ်းစေရေးအတွက် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသား တန်းတူရေးနှင့် တိုင်းရင်းသား အခွင့်အရေးများ အပြည့်အဝရရှိစေမည့်ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရန် အထူအရေးကြီးလှပါသည်။ ယနေ့အချိန်အခါတွင် တိုင်းရင်းသားညီအစ်ကိုများ အစဉ်တစိုက်တောင်းဆိုခဲ့ကြပြီး အလှမ်းဝေးခဲ့ရသော နိုင်ငံရေး ဆွေးနွေးပွဲများမှာ သမိုင်းတစ်လျှောက် ကြုံတောင့်ကြုံခဲပထမဦးဆုံးအကြိမ် ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ပြီဖြစ်ပါသည်။ 
-
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံအစည်းအဝေးများသည် နိုင်ငံရေး ပြဿနာများကို နိုင်ငံရေး နည်းဖြင့် ညှိနှိုင်းဖြေရှင်းပြီး စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် သမိုင်းဝင် နိုင်ငံရေးဆွေးနွေးပွဲများဖြစ်ပါသည်။ ယခုအခါ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံ အစည်း အဝေး များကို ကျင်းပလျက်ရှိရာ တတိယအစည်းအဝေးအထိ အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။ 
-
တိုင်းရင်းသားပြည်သူတစ်ရပ်လုံးသည် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ သာတူညီမျှအခွင့်အရေးရရှိခြင်းနှင့် ကိုယ့်ကြမ္မာ ကို ဖန်တီးခွင့်ရှိခြင်း ဟူသည့် အနှစ်သာရများဖြင့် ပြည့်ဝသော ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ပန်းတိုင်ကို မလွဲ မသွေအောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် တိုင်းရင်းသား ပြည်သူအားလုံး ပြည်ထောင်စု စိတ်ဓာတ်(ဝါ)ပင်လုံစိတ်ဓာတ်အရင်းခံကာ ပြည်နယ်၊ ပြည်မ စည်းလုံးညီညွတ်စွာ ဥမကွဲသိုက်မပျက် ထာဝရ ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားကြရန် တိုက် တွန်း နှိုးဆော်လျက် သဝဏ်လွှာ ပေးပို့အပ်ပါသည်။ 
-
(ပုံ)ဝင်းမြင့် နိုင်ငံတော်သမ္မတ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger