www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, February 7, 2019

သံလွင်မြစ်ကူး တံတား(တာဆန်း) တည်ဆောက်ရေး စီမံကိန်း ပန္နက်တော် တင်နှင့် တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနား ကျင်းပ

သံလွင်မြစ်ကူး တံတား(တာဆန်း) တည်ဆောက်ရေး စီမံကိန်း ပန္နက်တော် တင်နှင့်  တွင်းတော်ဝန်းမင်္ဂလာ အခမ်းအနား ကျင်းပ
-
မိုင်းတုံ  ဖေဖော်ဝါရီ   ၆ 
-
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းတွင် သံလွင်မြစ်ကူးတံတား (တာဆန်း) တည်ဆောက်ရေး စီမံကိန်းပန္နက်တော်တင်နှင့် တွင်းတော်ဝန်း မင်္ဂလာ အခမ်းအနားသို့တက်ရောက်၍ ပန္နက်တော်တင် တွင်းတော်ဝန်းပေးသည်။ 
-
အခမ်းအနားတွင်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အဖွင့်အမှာ စကားပြောကြားသည်။ ယင်းနောက် နိုင်ငံတော် ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည်  မိုင်းတုံမြို့နယ်နှင့် မိုင်းပန်မြို့နယ်တို့မှ ဒေသခံပြည်သူများအတွက် စားနပ်ရိက္ခာ ထောက်ပံ့ ပစ္စည်းများ ပေးအပ်ရာ ဒေသခံ တိုင်းရင်းသားများက  ရိုးရာဝတ်စုံနှင့် ပန်းစည်း လက်ဆောင်ပြန်လည်ပေးအပ်ကြသည်။ 
-
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်  ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူနှင့် ဦးဟန်ဇော်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့် ရှမ်းပြည်နယ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးခွန်ရဲထွေးတို့က သံလွင်မြစ်ကူး တံတား (တာဆန်း)တည်ဆောက်ရေး စီမံကိန်း ပန္နက်တော်တင်မည့် သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး မင်္ဂလာအချိန် ကျရောက်သည်နှင့် ပန္နက်တော်တင်ပြီး တွင်းတော်ဝန်း ပေးကြသည်။ 
-
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် သံလွင်မြစ်ကူးတံတား(တာဆန်း) တည်ဆောက်ပြီးစီးပါက  တွေ့မြင်ရမည့် ပုံစံအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးများ၊ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းရင်း သား ဒေသခံများ နှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။ ယင်းနောက်  နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စီမံကိန်းရှုရပ်မှနေ၍တံတားတည်ဆောက်မည့်နေရာနှင့် ဆောင်ရွက်ထားမှု အခြေအနေကို ကြည့်ရှုသည်။ 
-
သံလွင်မြစ်ကူး တံတား(တာဆန်း)သည် ရှမ်းပြည်နယ် တောင်ပိုင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အကြား လမ်းပန်း ဆက်သွယ်ရေးအတွက် အရေးပါသော တံတားဖြစ်ပြီး နမ့်စန်- မိုးနဲ- မိုင်းတုံ- မိုင်းဆတ်လမ်းတွင်တည်ရှိကာ နယ်စပ်မြို့ဖြစ်သော တာချီလိတ်မြို့နှင့် အလွယ်တကူ ချိတ်ဆက်နိုင်မည်ဖြစ်သည်။ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသောတံတားဖြစ်ပြီး တံတား တည်ဆောက်ပြီးစီးပါက ဒေသတွင်းလမ်းပန်းဆက်သွယ်ရေး ပိုမို မြန်ဆန် ချောမွေ့လာမည်ဖြစ်သောကြောင့် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေးများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger