www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 6, 2019

ပလိပ်အင်း အတွင်း ကျက်စားနေသည့် ဆောင်းခိုငှက်များကို လည်ပြတ်ဆေးချ၍ သတ်ဖြတ် ဖမ်းဆီးမှု များပြားနေ

ပလိပ်အင်း အတွင်း ကျက်စားနေသည့် ဆောင်းခိုငှက်များကို  လည်ပြတ်ဆေးချ၍ သတ်ဖြတ် ဖမ်းဆီးမှု များပြားနေ
-
မန္တလေး ဖေဖော်ဝါရီ ၅ 
-
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဥ့်ကိုင်မြို့နယ် ပလိပ်အင်းရေတိမ်ဒေသ အတွင်း ကျက်စားသည့် ဆောင်းခိုငှက် (ရေငှက်) များကို လည်ပြတ်ဆေးချကာ သတ်ဖြတ်ဖမ်းဆီးမှုများ နေ့စဉ်ပြုလုပ်နေသည့်အတွက် ရှားပါး  ငှက်မျိုးများပင် သေဆုံးနေကြောင်း  တစ်နှစ်ပတ် လုံး ငှက်အလှ ဓာတ်ပုံရိုက်ကူးသည့် ငှက် ချစ်သူ တစ်ဦးထံမှ သိရသည်။ 
-
လက်ရှိကာလ ပလိပ်အင်းအတွင်း  လည်ပြတ်ဆေးမိကာ သေဆုံးနေပြီး ငှက်ဖမ်းသူများ ကောက်မသွားနိုင်သည့် ငှက်များတွင် ရှားပါးငှက်မျိုးစိတ်ဖြစ်သည့် Eurasian Teal အမ၊ တောင်ပံ အစိမ်းရောင်နှင့် နှုတ်သီး အပြားကြီးကြီး သဏ္ဌာန်ရှိ သည့် Northern Shoveler ငှက်အချို့ ပါ ဝင်နေကြောင်း သိရသည်။ 
-
ငှက်များကို တစ်နှစ်ပတ်လုံး မှတ်တမ်းတင် ရိုက်ကူးနေသည့် မန္တလေးမြို့မှ  ငှက်ချစ်သူတစ်ဦး၏ မှတ်တမ်းများအရ ဇန်နဝါရီ ဒုတိယပတ်မှ စတင်ကာ  ပလိပ်အင်းအတွင်း ရှားပါး ငှက်မျိုးဖြစ်သော Baer's  Pochard ငှက်မျိုး၊  Ferruginous Pichard ငှက်အချို့ ကျက်စားနေ သည်။  ဆေးချကာ ငှက်ဖမ်းသူများသည် ယခင်ပလိပ်အင်း မြောက် ပိုင်း  လူအရောက် အပေါက်နည်းသည့် နေရာများတွင် ညအချိန် ခိုးကာ ဆေးချဖမ်းဆီးကြရာမှ ယခုနှစ် တွင် မွန်းလွဲပိုင်း လူမြင်ကွင်းထိ လာရောက်ဆေးချကာ ဖမ်းဆီးနေကြောင်း သိရသည်။ ပလိပ်အင်းအတွင်းဆေးချကာ ငှက်များသတ်ဖြတ် ဖမ်းဆီးနေသည့်အတွက် ကမ္ဘာပေါ်တွင် ကောင်ရေ၁၅ဝ မှ ၅ဝဝ လောက်အထိသာ ကျန်ရှိပြီး မျိုးသုဉ်းတော့မည်အထိ အန္တရာယ်ကျရောက်နေသော Baer's Pochard ငှက်အချို့ပါ ဆေးမိသည့် အထဲပါဝင်နေသဖြင့် မျိုးသုဉ်းမည့်အခြေအနေနှင့် နီးစပ်နေပြီဖြစ်သည်။ 
-
မြန်မာနိုင်ငံတွင် မျိုးသုဉ်းမည့် အန္တရာယ်မှ ကာကွယ်ထားသော  ငှက်အုပ်စု ၅ဝ ကျော်အထိရှိသည်။ လက်ရှိ ကာလတွင် ပလိပ်အင်း အတွင်းကျက်စားနေသည့် ဆောင်းခိုငှက် ရှားပါး မျိုးစိတ်များ အပါအဝင်အမြဲနေထိုင် သည့် ဒေသ ငှက်မျိုးများပါ  ဆေးချဖမ်းဆီး သတ်ဖြတ်ခံနေရကြောင်း သိရသည်။      
-
နွေနဒီ၊ မြစ်ငယ်
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger