www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 15, 2019

ရွှေစက်တော်ဘုရားနှင့် သုံးမိုင်သာ ကွာဝေးသည့်နေရာတွင် မန်းချောင်း ဆင်စခန်း ဖွင့်လှစ်မည်

ရွှေစက်တော်ဘုရားနှင့် သုံးမိုင်သာ ကွာဝေးသည့်နေရာတွင် မန်းချောင်း ဆင်စခန်း ဖွင့်လှစ်မည်
-
မကွေး  ဇန်နဝါရီ  ၁၄ 
-
သစ်ထုတ်ဆင်များကို ထိန်းသိမ်းရင်း  ခရီးသွား လုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ပေါ် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အတွင်း၌  ဆင်စခန်းတစ်ခု တည်ထောင်လျက်ရှိပြီး ဖေဖော်ဝါရီ ၉ ရက်တွင် ကျင်းပမည့် ရွှေစက်တော်ဘုရား ပွဲတော်ဖွင့်ပွဲနေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။ 
-
အဆိုပါဆင်စခန်းသည်  မင်းဘူးခရိုင် ပန်းတောင်း-ပျော်ဘွယ် ကြိုးပြင် ကာကွယ်တော အတွင်း၌ ရွှေစက်တော်ဘုရားပွဲ အထက်စက်တော်ရာ သွားသည့်လမ်း ကိုးခန်းကြီး လမ်းခွဲမှ သုံးမိုင်အကွာ၌ရှိသည်။ ပဒါန်းဒေသ အနီး ပုသိမ်-မုံရွာလမ်းမှခွဲထွက်သည့် ၈ မိုင်လမ်းမှလာလျှင် ၅ မိုင်ခန့် လာရသည်။ 
-
မြေအကျယ်  ၈ ဧကပေါ်၌  တည်းခိုဆောင်၊ နားနေဆောင်၊ စားသောက်ဆောင်၊ ဆင်ထားရာနေရာ စသည့် အဆောက်အအုံများ ပါဝင်ပြီး ဆင်စားကျက်မြေ  ဧက  ၇ဝဝ နှင့်ဆင်စခန်း၏ရှေ့လုပ်ငန်းစဉ်တွင် သစ်ပင်စိုက်ပျိုးရန်၊ လူထုအပန်းဖြေနေရာနှင့် ကစားကွင်းများ တည်ဆောက်ရန် တို့အတွက် မြေလွတ်မြေရိုင်းဧက ၁၂ဝ ကို ဆင်စခန်းက ရရှိထားသည်။
-
''မန်းချောင်းဆင်စခန်းဆိုတာက   ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားလုပ်ငန်းပါ။ ဒီမှာက ဆင်တွေကြည့်လို့ရမယ်။ စီးလို့ရမယ်။  အပန်းဖြေအနားယူလို့ရမယ့် တည်းခိုဆောင် ဘန်ဂလိုလေးတွေ  ၁၁ လုံး ဆောက်ပြီးပါပြီ။ အထဲမှာ အိမ်သာပါမယ်။ ရေချိုးခန်းပါမယ်။  နှစ်ယောက်စာ မွေ့ရာ၊ ခေါင်းအုံး၊ ခြင်ထောင်ပါမယ်။  ငါးဦးလောက် ချောင်ချောင်ချိချိ တည်းခိုလို့ရပါတယ်။ ဌာနကဝန်ထမ်းတွေ ဖွင့်လှစ်မယ့် လက်ဖက်ရည်နဲ့ အစားအသောက်ရောင်းတဲ့ ဆိုင်တစ်ဆိုင် ထားရှိပါတယ်''ဟု ဆင်စခန်း ဒုတိယတာဝန်ခံ ဦးအောင်ကိုကိုထက် က ပြောသည်။ 
-
ဆင်စခန်းတည်းခိုခဈေးနှုန်းမှာ ရွှေစက်တော် တည်းခိုဆောင်များကို သတ်မှတ်ထားသည့် ရေစပ် ငွေကျပ် ၃ဝဝဝဝ၊ ကုန်းတွင်းခန်းငွေကျပ် ၂ဝဝဝဝ  ဆိုသည့် ဈေးနှုန်းကဲ့သို့ သင့်တင့်သည့်ဈေးနှုန်း သတ်မှတ်မည်ဖြစ်ပြီး အခမဲ့နားနေဆောင် ၁၅ လုံး ထားရှိပေးမည်ဖြစ်ကာ သုံးလုံး တည်ဆောက်ပြီးဖြစ်သည်။ ဆင်များကို    ရွှေစက်တော်ပွဲတော်ထိ စီးနင်းသွားလာနိုင်သည့် အခြေအနေမျိုး မဟုတ်ဘဲ ဆင်စခန်းပတ်ဝန်းကျင်  မန်းချောင်းရိုးတစ်လျှောက် တောတောင် သဘာဝအလှများကိုသာ ဆင်စီးရင်း ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း၊ ဆင်စီးခမှာ လူကြီးတစ်ဦး ငွေကျပ် ၅ဝဝဝ ဖြစ်ပြီး   မိနစ် ၂ဝ မှ ၃ဝ အတွင်း ကြာမြင့်မည်ဖြစ်ကြောင်း  ဆင်စခန်းမှ သိရသည်။ 
-
ဆင်စခန်းတွင် လတ်တလော ဆင်ခုနစ်ကောင် ရောက်ရှိနေပြီး ဆင် ၁၅ ကောင် ထားရှိသွားမည်ဖြစ်ရာ ဆင်ထိန်းသိမ်းရေး အဖွဲ့၌ ဆင်ခေါင်း၊ လက်ထောက်ဆင်ခေါင်း အပါအဝင် ဝန်ထမ်း ၂၂ ဦးနှင့် အုပ်ချုပ်စီမံအဖွဲ့များ၊    ဆင်ကျန်းမာရေး ဆရာဝန်တို့   ပါဝင်မည် ဖြစ်သည်။ မကွေးတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် မြန်မာ့သစ်လုပ်ငန်းတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်  ထူထောင်နေသည့်မန်းချောင်းဆင်စခန်းကို  ပြည်ထောင်စု ဘတ်ဂျက်ငွေနှင့်တိုင်းဒေသကြီး ဘတ်ဂျက်ငွေတို့ဖြင့် သုံးစွဲဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger