www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 17, 2019

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကယားပြည်နယ် အတွင်းရှိ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ကယားပြည်နယ် အတွင်းရှိ  အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင် တို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ
-
လွိုင်ကော်  ဇန်နဝါရီ  ၁၆ 
-
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဦးမင်းသူ၊ ဒေါက်တာ အောင်သူ၊ ဦးအုန်းဝင်း၊ ဦးဝင်းခိုင်၊ နိုင်သက်လွင်၊ တာဝန်ရှိသူများနှင့်အတူယနေ့နံနက် ၉ နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ် ခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရ အဖွဲ့၊ ပြည်နယ် လွှတ်တော်၊ ပြည်နယ်တရားလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ်များ (ပြည်သူ့၊ အမျိုးသား၊ ပြည်နယ်)နှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်တို့မှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက် လမ်းညွှန် အမှာ စကား ပြောကြားသည်။
-
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက မိမိ အနေဖြင့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသို့ သွားရောက်ပြီး  ဒီမိုကရေစီ အသွင် ကူးပြောင်းရေးနှင့် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် နိုင်ရန် တိုက်တွန်းနှိုးဆော်လျက် ရှိကြောင်း၊ မိမိတို့သည် ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ် သစ်ကို ကူးပြောင်း နေသည့်နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ ထိုသို့ကူးပြောင်းရာတွင် ရှေးရိုးစွဲ လမ်းဟောင်းများမှ  လမ်းသစ်များ ဖောက်ထွက်ရခြင်းများရှိကြောင်း၊ ယခုအချိန်ကာလတွင် တာဝန်ရှိသူများ အားလုံး တက်ညီလက်ညီ ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်မှသာမိမိတို့၏ရည်ရွယ်ချက် ပန်းတိုင်ကို  ရောက်ရှိမည်ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံကို ''ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်''အဖြစ် တည်ဆောက်မည်ဟု ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထား ကြောင်း၊ ဒီမိုကရေစီနိုင်ငံ တွင် နိုင်ငံသူနိုင်ငံသားအားလုံး သာတူညီမျှမှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု  အခွင့်အရေး များ ရှိကြောင်း၊ မိမိတို့နိုင်ငံသည်  တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် ဖွဲ့စည်းထားသည့်နိုင်ငံဖြစ်သည့်အတွက် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ မပါဘဲ ပြည်ထောင်စု ဟု ပြော၍မရကြောင်း၊ ထို့ကြောင့် မိမိတို့ နိုင်ငံကို ဒီမိုက ရေစီ ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်မည်ဟုပြောခြင်းဖြစ်ကြောင်း။
-
အချို့သည် အပြောင်းအလဲကို တွန့်ဆုတ် နေမှု၊ ဝန်လေးနေမှု၊ စိုးရိမ်ပူပန်မှုများရှိနေနိုင်ကြောင်း၊ အပြောင်းအလဲကို လောကနိယာမ တရားဖြင့် ပြောရမည်ဆိုပါက မပြောင်းလဲသည့် အမှန်ကန်ဆုံးတရားမှာပြောင်းလဲ ခြင်းပင်ဖြစ်ကြောင်း၊ သက်ရှိသက်မဲ့အားလုံး သည် အချိန်နှင့်အမျှပြောင်းလဲနေကြောင်း၊ ယင်းပြောင်းလဲမှုအရှိန်တွင် လိုက်ပါ ဆောင်ရွက်နိုင်မှသာ  ရှင်သန်ရပ်တည်နိုင်မည်ဖြစ်ကြောင်း၊ပြောင်းလဲရာတွင် တိုင်းသူပြည်သား များ အတွက်၊ နိုင်ငံတော် အတွက် အခြေခံ အုတ်မြစ်မှာ   ဒီမိုကရေစီ အခြေခိုင် ရန်ဖြစ်ကြောင်း၊   ပြည်ထောင်စု အစိုးရ တစ်ဖွဲ့လုံး ပြောင်းသွားရုံဖြင့်၊တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရတစ်ဖွဲ့လုံးပြောင်းလိုက်ရုံဖြင့် ယင်းကို ဒီမိုကရေစီ ပြောင်းလဲမှုဟု ပြော၍မရကြောင်း၊ အစိုးရအဖွဲ့ပြောင်းလဲရုံဖြင့်     အုပ်ချုပ်မှု ယန္တရားတစ်ခုလုံး ပြောင်းလဲသွားခြင်းမဟုတ် ကြောင်း၊ အောက်ခြေမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ အားလုံးက နိုင်ငံတော်၏   ပြောင်းလဲလာသည့် မူဝါဒများကို အကောင်အထည် ဖော်ပြီး လိုက်ပါပြောင်းလဲ နိုင်မှသာ အပြောင်းအလဲဖြစ်ပေါ်လာမည် ဖြစ်ကြောင်း။
-
အပြောင်းအလဲတစ်ခုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးက တက်ညီလက်ညီ အကောင် အထည်ဖော်ရန် လိုအပ်ကြောင်း၊  မိမိတို့၏ ပုံစံကျနေသည့်အလေ့အထများကို ပြုပြင် ပြောင်းလဲ ပေးနိုင်မှသာ တိုင်းပြည်နှင့် နိုင်ငံသူ နိုင်ငံသားများကလည်း ပြောင်းလဲလာမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများ အနေဖြင့် အပြောင်းအလဲတစ်ခု ဖော်ဆောင်ရန်အတွက်မိမိကိုယ်ကို မည်မျှပြောင်းလဲနိုင်ပြီကိုလည်း ဆန်းစစ် ကြရန် လိုအပ်ကြောင်း၊ မိမိကိုယ်ကိုပြောင်းလဲ နိုင်မှသာ အခြားသူများ ကို ပြောင်းလဲပေးနိုင် မည်ဖြစ်ကြောင်း၊  ထို့ကြောင့် ဌာနဆိုင်ရာတာဝန်ရှိသူများအားလုံးက  လက်အောက်ရှိ အမှုထမ်း၊ အရာထမ်းများ၏ စိတ်ဓာတ် များ၊  အလေ့အကျင့်များ  ပြောင်းလဲစေရေး ဆောင်ရွက်ပေးရန်၊  လမ်းညွှန်ပေးရန်နှင့်  ပြုပြင်ပေးရန် လိုအပ်ကြောင်း၊ ပြုပြင် ပြောင်းလဲမှုသည် စိုးရိမ်စရာ၊  ကြောက်ရွံ့စရာမဟုတ် ကြောင်း၊ အားလုံးက တက်ညီလက်ညီဖြင့် မိမိကိုယ် တိုင်၏  အသိတရား၊  ဆင်ခြင်တုံ တရားဖြင့်  လိုက်ပါဆောင်ရွက်ရန်  လိုအပ်ကြောင်း။
-
မိမိတို့သွားလိုသည့်  အုပ်ချုပ်ရေးသည် နိုင်ငံသူနိုင်ငံသား အားလုံး ဆူကြုံနိမ့်မြင့် မရွေး၊ ဆင်းရဲချမ်းသာ မရွေး၊ ရာထူးဂုဏ် သိမ်မရွေး၊ လူမှုရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှုရှိရမည်ဖြစ်ကြောင်း၊ ထို့အတူ အခွင့်အလမ်းညီမျှမှု၊ အဆင့်အတန်း ညီမျှမှု၊ ဥပဒေအရညီမျှမှုရှိရမည်ဖြစ်ကြောင်း၊ ဥပဒေ၏အထက်တွင် မည်သူမျှမရှိရကြောင်း၊ အားလုံးသည် ဥပဒေရှေ့မှောက်တွင်ဥပဒေပါအတိုင်း၊  ဥပဒေနှင့်အညီ  ဖြစ်ရမည်ဖြစ် ကြောင်း၊ သို့မှသာ ဒီမိုကရေစီတိုင်းပြည်နှင့် ညီညွတ်မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီဟုဆိုရာ တွင်လည်း တာဝန် ယူမှု၊ တာဝန်ခံမှု ရှိရမည် ဖြစ်ကြောင်း၊ ဒီမိုကရေစီသည် စည်းကမ်းကို လိုက်နာရမည်၊ ဥပဒေကို လိုက်နာရမည်ဖြစ် ကြောင်း၊ ယင်းသည် ဒီမိုကရေစီ၏ အခြေခံ မဏ္ဍိုင်ပင်ဖြစ်ကြောင်း။
-
ယခုအခမ်းအနားသို့ တက်ရောက်လာသူအားလုံးသည် အခြားသူများထက်ပို၍အလုပ် လုပ်နိုင်ရမည်၊ အနစ်နာခံနိုင် ရမည်၊ စွန့်လွှတ် နိုင်ရမည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့်  ပြည်သူက ပေးအပ်သည့် တာဝန်ကို ကျေပွန် စွာ ထမ်းဆောင်ကြရန်ဖြစ်ကြောင်း၊ ပြည်သူကို ကောင်းစွာအလုပ်အကျွေးပြုရန် လိုအပ်ကြောင်း၊ မိမိတို့သွားချင် သည့် အုပ်ချုပ် ရေးသည် တရားမျှတပြီးတရားဥပဒေစိုးမိုးရေးကို အထောက်အပံ့ပြုသည့် အုပ်ချုပ်ရေး ဖြစ်ရ မည်ဖြစ်ကြောင်း၊ ပြည်သူလူထုကို ဖိနှိပ် ချုပ်ချယ်သည့်အုပ်ချုပ်ရေးမဖြစ်စေရန်လိုအပ်ကြောင်း၊ မိမိတို့ သွားချင် သည့် ယန္တရားသည်ပြည်သူလူထုကို ဝန်ဆောင်မှုပေးသည့်၊ ပြည်သူကိုဗဟိုပြု၊ ပြည်သူကို မျက်နှာမူသည့် ယန္တရား ဖြစ်ရန် ထမ်းဆောင်ကြစေလိုကြောင်း။
-
ဥပဒေပြုရေးမဏ္ဍိုင်သည် ပြဋ္ဌာန်းထားသည့် လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ညွှန်ကြားချက်များ၊ စည်း မျဉ်း စည်းကမ်း များအတိုင်း လိုက်နာဆောင်ရွက် စေချင်ကြောင်း၊  ထိုသို့လိုက်နာဆောင်ရွက်မှသာ မိမိတို့၏  အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား စီရင်ရေး မဏ္ဍိုင်ကြီး (၃)ရပ်သည် ဟန်ချက် ညီမည်ဖြစ်ကြောင်း၊   ဒီမိုကရေစီ ကျင့်စဉ်အတိုင်း အပြန်အလှန် သဘောထားကြီးခြင်း၊ သည်းခံခွင့်လွှတ်ခြင်းနှင့်  အပြန်အလှန်ထိန်း ကျောင်းခြင်း တို့ဖြင့် ဆောင်ရွက်မှသာ လုပ်ငန်းများ အဆင်ပြေချောမွေ့ မည်ဖြစ်ကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အတ္တကို ဗဟိုပြုပြီး လုပ်ဆောင်ခြင်းထက် ပရကိုဗဟိုပြုပြီး လုပ်ဆောင်ကြပါက အောင်မြင်မည်ဖြစ်ကြောင်း။ ယခုတက်ရောက်လာကြသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးမှ   တာဝန်ရှိသူများ အနေဖြင့် မိမိဌာနနှင့် သက်ဆိုင် သည့် လုပ်ငန်း များနှင့်စပ်လျဉ်းပြီး  သက်ဆိုင်ရာ  အထက်အဖွဲ့အစည်းသို့ မှန်မှန်ကန်ကန် သတင်း အချက် အလက်များပေးစေလိုကြောင်း၊   သို့မှသာ မှန်ကန်သည့်  ဆုံးဖြတ်ချက်များချမှတ်နိုင် မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်တွင် ဥပဒေနှင့် အညီ ပြီးပြတ်အောင် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း။
-
တရားစီရင်ရေးမဏ္ဍိုင်သည် ဒီမိုကရေစီ နိုင်ငံတစ်ခုအတွက်  အရေးကြီးသည့်မဏ္ဍိုင်တစ်ခုဖြစ်ကြောင်း၊ ဥပဒေ၏ စံနှုန်း၊ စံထား များဖြင့် မှန်မှန်ကန်ကန်စိစစ်နိုင်မှသာ တရား ဥပဒေစိုးမိုးမည်ဖြစ်ကြောင်း၊  တရားဥပဒေ စိုးမိုးမှ  ဒီမိုကရေစီ နိုင်ငံတော်ကို အထောက်အပံ့ဖြစ်မည်ဖြစ်ကြောင်း၊ တရားစီရင်ရေးနှင့် စပ်လျဉ်း၍ ပြဋ္ဌာန်းထားသော ဥပဒေ များကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မှတရားမျှတသည့် လူ့အဖွဲ့ အစည်း   ဖြစ်လာမည်ဖြစ်ကြောင်း၊ တရားမျှတသည့် လူ့အဖွဲ့အစည်း ခိုင်မာမှ ဒီမိုကရေစီခိုင်မာ မည်ဖြစ်ကြောင်း၊ ဒီမိုကရေစီ တည်တံ့ခိုင်မြဲခြင်းသည် ဖက်ဒရယ်စနစ်ကို အထောက်အပံ့ဖြစ်ကြောင်း၊ ဖက်ဒရယ်စနစ် တည်ထောင် ခြင်းသည်လည်း ဒီမိုကရေစီကို အားပေးကြောင်း။ မိမိတို့ကြုံတွေ့နေရသည့် အခက်အခဲများထက် ပြည်သူလူထု နေ့စဉ်ကြုံတွေ့နေရသည့် အခက်အခဲများကို ဦးစားပေးဖြေရှင်းပေးစေ လိုကြောင်း၊ ယခုသွားနေသည့် နိုင်ငံတော်၏ မူဝါဒများကို တက်ညီလက်ညီ စုပေါင်း အင်အားဖြင့် အားလုံးကပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း၊  သို့မှသာ  အောင်မြင်မည်ဖြစ်ကြောင်း ပြောကြားသည်။
-
ယင်းနောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ် အစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက် နေမှုများကိုလည်းကောင်း၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးက လွှတ်တော် ရေးရာ လုပ်ငန်း ဆောင်ရွက်မှုများကို လည်း ကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျော်လင်း မောင်က တရားလွှတ် တော်ရေးရာ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။
-
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရားစီရင်ရေးတွင် အမှုများကို မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် စစ်ဆေးဆုံးဖြတ်ဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ အမှုစစ်ဆေးစဉ်ကာလ အတွင်း အမှုသည်တို့၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး  နစ်နာမှုများမဖြစ်စေရေးအတွက် မှန်မှန်နှင့် မြန်မြန်စစ်ဆေး စီရင်ရန် လိုအပ်ကြောင်း၊ သက် သေခံ ပစ္စည်းများနှင့် စပ်လျဉ်းပြီး နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုမရှိစေရေး ဆောင်ရွက်သွားရန် လိုကြောင်း၊ တရားစီရင် ရေးတွင် လွတ်လပ်သော တရားစီရင်ရေးဖြစ်၍ အုပ်ချုပ်ရေးနှင့်  ဥပဒေပြုရေးအပိုင်းမှ ဝင်ရောက် မစွက် ဖက် စေလိုကြောင်း၊ အဆင့်ဆင့်သော တရားသူကြီးများက တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း၊ မူးယစ် ဆေးဝါး ကိစ္စများတွင် ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးမှ ပါဝင် ပတ်သက်မှု မရှိစေရန်၊ မူးယစ်ဆေးဝါး သတင်းများနှင့် စပ်လျဉ်း၍ ဖုံးကွယ်လျစ်လျူရှု မထားစေရန် လိုအပ်ကြောင်း၊ မူးယစ် ဆေးဝါး ဖမ်းဆီးရာတွင်လည်း အဓိက ပင်ရင်း လုပ်ကိုင်နေသူများကို ဖမ်းဆီးရမိရန် လိုအပ်ကြောင်း။
-
ဥပဒေပြုရေး အပိုင်းတွင် မေးခွန်း၊ အဆိုများနှင့် စပ်လျဉ်း၍ သတ်မှတ်ထားသည့် စည်းကမ်းချက်များ၊ ကန့်သတ်ချက်များနှင့် အညီ တင်သွင်းကြရမည်ဖြစ်ကြောင်း၊ ဒေသနှင့်ကိုက်ညီပြီး အကျိုးရှိသည့်ဥပဒေများကိုသာ ပြဋ္ဌာန်း ရန် လိုအပ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၊  ဝန်ထမ်းများ  အရည်အချင်းမြင့်မားမှ  လွှတ်တော် ဖွံ့ဖြိုး တိုးတက် မည်ဖြစ်ကြောင်း။
-
မဏ္ဍိုင် (၃)ရပ်သည် တစ်ခုနှင့်တစ်ခု ဝင်ရောက်စွက်ဖက်မှုမရှိဘဲ  အပြန်အလှန်ထိန်းကျောင်း ယှဉ်တွဲလုပ် ဆောင်ရန် လိုအပ်ပြီး ယှဉ်ပြိုင်လုပ်ဆောင်မှုမျိုးမလုပ်စေ လိုကြောင်း၊ အစိုးရ ကောင်းတစ်ရပ်သည် တာဝန်ယူမှု၊  တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှု၊ ကြိုတင်ခန့်မှန်း တွက်ချက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ရှိရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်မှုယန္တရား  တရားမျှတကောင်းမွန်သည်နှင့်အမျှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည် ဖြစ်ကြောင်း၊   တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ၏ စီမံခန့်ခွဲမှုညံ့ဖျင်းပါက ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို  အဟန့်အတားဖြစ် စေကြောင်း၊ နိုင်ငံသူ နိုင်ငံသားအားလုံးက ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာ၌  ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
-
-
တွေ့ဆုံပွဲအပြီးတွင်  နိုင်ငံတော်သမ္မတသည်  တွေ့ဆုံပွဲသို့  တက်ရောက်လာကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့သည်။
-
ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် လွိုင်ကော်မြို့ သီရိမင်္ဂလာတောင်တော်ရှိ တောင်ကွဲစေတီတော် မြတ်ကြီးနှင့် မြို့နာမ် စေတီတော်တို့သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး  ပန်း၊  ရေချမ်းနှင့် ဆီမီးတို့ကပ်လှူ ပူဇော် ကာ ဂေါပကများထံ အလှူငွေများ ကို ပေးအပ်လှူဒါန်းခဲ့ သည်။ ထို့နောက် နိုင်ငံတော် သမ္မတနှင့်အဖွဲ့သည် ကယားပြည်နယ် လွိုင်ကော်မြို့မှ တပ်မတော် အထူးလေယာဉ်ဖြင့်ပြန်လည်ထွက်ခွာကြရာ နေပြည်တော်သို့  မွန်းလွဲပိုင်းတွင် ပြန်လည် ရောက်ရှိကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger