www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 18, 2019

အင်္ဂလိပ် စာအုပ်ပေါင်း ၁ သန်းကျော် ပါဝင်သည့် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပ

အင်္ဂလိပ် စာအုပ်ပေါင်း ၁ သန်းကျော် ပါဝင်သည့် စာအုပ်ဈေးရောင်း ပွဲတော် ကျင်းပ
-
ရန်ကုန် ဇန်နဝါရီ ၁၇ 
-
မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် အင်္ဂလိပ်စာအုပ်ပေါင်း တစ်သန်းကျော် ရောင်းချပေးသည့် The Big Bad Wolf Book (2019) စာအုပ်ဈေးရောင်းပွဲတော်ကို ယနေ့တွင် ရန်ကုန်မြို့ ဓမ္မလမ်းရှိ Myanmar Event Park ၌ ကျင်းပသည်။ 
-
''အဓိကကတော့ လူငယ်လူရွယ်တွေ စာဖတ်စေချင်လို့ အခုလို ကျင်းပပေးရတာပါ။ စာများများဖတ်မှလည်း အသိပညာများမယ်။ အလုပ်အကိုင်တွေအကြောင်း ပိုနားလည်မယ်။ ကျွမ်းကျင်လုပ်သားတွေများလာမယ်။ ပြန်ကြားရေးဝန်ကြီးဌာန ကလည်း စာဖတ်ဖို့ နှိုးဆော်နေသလို ကျွန်တော်တို့ ကိုယ်တိုင်ကလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးခြင်း ဖြစ်ပါတယ်။ ဒါ့ပြင် ဒီပွဲကနေ တစ်ဆင့် Save the Library နဲ့ပူးပေါင်းပြီး စာကြည့်တိုက်တွေမှာလည်း လှူဒါန်းသွားဖို့ ရှိပါတယ်'' ဟု The Big Bad Wolf စာအုပ်အရောင်းပြပွဲ စီစဉ်ကျင်းပသူ ဦးမျိုးသူက ပြောသည်။ 
-
အဆိုပါ စာအုပ်အရောင်းပြပွဲတွင် အင်္ဂလိပ်စာအုပ် အမျိုးအစားပေါင်း ၂၂ဝဝဝ ခန့် ပါဝင်ပြီး အုပ်ရေတစ်သန်း ရှိကြောင်း၊ ထို့ပြင် အင်္ဂလန်နှင့် အမေရိကန်နိုင်ငံတို့မှ အင်္ဂလိပ်ဘာသာဖြင့်ပုံနှိပ်ထားသော စာအုပ်များ ပါဝင်ပြီး ဇန်နဝါရီ ၁၈ ရက်မှ ၂၈ ရက်အထိ ၂၄ နာရီပြသ ရောင်းချပေးမည် ဖြစ်ကြောင်းနှင့် ဒုတိယအကြိမ် ပြုလုပ်မည့် မန္တလေးစာအုပ် အရောင်းပြပွဲတွင် မြန်မာစာအုပ်များပါ ထည့်သွင်း ရောင်းချပေးမည် ဖြစ်ကြောင်း သိရသည်။ 
-
ယင်းစာအုပ်အရောင်းပြပွဲသို့ တက်ရောက်လာသူများ အနေဖြင့်လည်း ကိုယ်တိုင်ကိုယ်ကျ စာအုပ်များ လှူဒါန်းနိုင်ပြီး ရောင်းချထားသည့် စာအုပ်များကိုလည်း ၅ဝ ရာခိုင်နှုန်းမှ ၉ဝ ရာခိုင်နှုန်းအထိ လျှော့ချပေးထားသည့်အတွက် စိတ်ကြိုက် ဝယ်ယူနိုင်ကြောင်း၊ နိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်ပေါင်း ၇ဝဝ ခန့်ရှိသည့်အနက် လိုအပ်သည့် စာကြည့်တိုက်များသို့ လှူဒါန်းမည်ဖြစ်ရာစာအုပ်လှူဒါန်း လိုသူများအနေဖြင့် ယင်းပြပွဲမှစ၍ ပြပွဲပြီးဆုံးသည့်နေ့အထိ လာရောက် လှူဒါန်းနိုင်ကြောင်း သိရသည်။ 
-
''နိုင်ငံပေါင်း ၃ဝ လောက်က ပါဝင်တယ်လို့ သိရတယ်။ ဒီပွဲကနေ အလှူခံလို့ ရလာတဲ့ စာအုပ်တွေကိုလည်း လိုအပ်နေတဲ့နေရာတွေ၊ စာကြည့်တိုက်တွေမှာ လှူဒါန်းသွားမှာပါ။ ကျွန်တော်တို့ စာကြည့်တိုက်နဲ့ ကိုက်ညီတဲ့ စာအုပ်ဆိုရင်ဝယ်တာရှိတယ်။ အင်္ဂလိပ်စာအုပ်က အားနည်းနေသေးတယ်။ ဒီပွဲမှာဆိုရင် ကလေးတွေအတွက် တော်တော်လေး ကောင်းတဲ့ စာအုပ်တွေပါတယ်။ ဒါတွေကိုလည်း အဆင်ပြေသလို လှူဒါန်းသွားမှာပါ။ အဓိကကတော့ လိုအပ်လို့ ဆက်သွယ်လာတဲ့အပေါ် မူတည်ပြီး လှူမယ်'' ဟု Save the Libraryမှ တာဝန်ခံ ဦးမောင်မောင်စိုးက ပြောသည်။
-
ဇွန်သီတာ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger