www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 7, 2018

မပြတ်ဝေဖြာ စေတနာ ကျန်းမာစေရေး ကုသပေး


အယ်ဒီတာ့အာဘော် ၇-၉-၂ဝ၁၈

မြန်မာနိုင်ငံအတွင်း ရွာသွန်းသော မုတ်သုံမိုးသည် မြေပြန့်ဒေသ များ၌ ဝါဆိုဝါခေါင်ရေ ဖောင်ဖောင် စာဆိုနှင့်အညီ ဖန်တီး နေခြင်းကြောင့် ရေကြီးရေလျှံသည့် သတင်းများကို တွေ့မြင်ကြား သိနေရသည်။ တိုင်းဒေသကြီး အချို့တွင် ရေကြီးရေလျှံ မှုကြောင့် ပြည်သူများ အန္တရာယ် ကြုံတွေ့ နေရခြင်း နှင့်အတူ မိုးတွင်းကာလ အဖြစ် များသော ကျန်းမာရေး အန္တရာယ်မှ ကာကွယ်ပေးရန် ကျန်းမာရေး ဦးစီးဌာနနှင့် စေတနာ့ ဝန်ထမ်း ကျန်းမာရေး ပညာရှင်တို့က လက်လှမ်း မီသမျှ စောင့်ရှောက် ကုသ ပေးနေကြသည်။

စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဒုံဟီးမြို့နယ် ဝမ်ယုတ်ကျေးရွာရှိ ဒေသခံပြည်သူများသည် သြဂုတ် ၁၉ ရက်တွင် တုပ်ကွေး ဖျားနာခြင်းနှင့် အသက်ရှူ လမ်းကြောင်း ပိုးဝင်ရောဂါများ ဖြစ်ပြီး ရောဂါ ဖြစ်သူ တစ်ဦး နှင့်တစ်ဦး ဝေဒနာ ခံစားနေရမှု မတူညီဘဲ ကလေးသူငယ်များ၊ သက်ကြီး ရွယ်အိုများ၊ ရောဂါအခံရှိသူများ၊ ခုခံအား နည်းသူများတွင် ဖြစ်ပွားပါက ရောဂါ အခြေအနေ ပြင်းထန်ကြောင်း သိရသည်။ အဆိုပါ ရောဂါ ဖြစ်ပွားနိုင်သည့် အခြေအနေမှာ တစ်ကိုယ်ရေသန့်ရှင်းရေး အားနည်းခြင်း၊ အာဟာရချို့တဲ့ ခြင်းများကြောင့် ဖြစ်ပွားတတ်ပြီး ထိရောက်သော ကုသမှု မရှိပါက အသက်ဆုံးရှုံး နိုင်ကြောင်း သိရသဖြင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် အတွင်းရှိ နယ်မြေခံ တပ်မတော် ဆေးရုံမှ ပါရဂူများ ပါဝင်သော ဆေးကုသရေး အဖွဲ့သည် သြဂုတ် ၂၆ ရက်တွင် ရောဂါဖြစ်ပွားရာ ကျေးရွာများသို့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရန် ထွက်ခွာ သွားကြသည်။

စစ်ကိုင်းတိုင်း ဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသသည် တောင်အထပ်ထပ် တော အသွယ်သွယ်နှင့် ရှုမောဖွယ် ဖြစ်သော်လည်း လမ်းခရီး ဆက်သွယ် သွားလာရေး ခက်ခဲသော ဒေသဖြစ်သည်။ တပ်မတော် ဆေးကုသရေး အဖွဲ့များသည် ကားလမ်းပေါက်သည့် နေရာ အထိသာ မော်တော်ယာဉ် များဖြင့် ခရီးဆက် နိုင်ခဲ့ပြီး ကျန်နေရာများ၌ တစ်တောဝင် တစ်တောထွက် တစ်ကုန်းတက် တစ်တောင်ကျော် တစ်ချောင်းကူးဖြင့် ခြေကျင်ခရီး ဆက်ကြရာ သြဂုတ် ၂၉ ရက်တွင် ရောဂါ ဖြစ်ပွားခဲ့သည့် ဝမ်ယုတ်ကျေးရွာသို့ ရောက်ရှိကြသည်။ ဒုံဟီးတိုက်နယ် ဆေးရုံမှ ဆရာဝန်များနှင့် တပ်မတော် ဆေးကုသရေး အဖွဲ့တို့ပူးပေါင်း၍ သြဂုတ် ၃ဝ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ဒေသခံပြည်သူ ၁၈၅ ဦးတို့ကို လိုအပ်သော စစ်ဆေးမှုများ၊ ဆေးဝါးကုသမှုများ၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ဆောင်ရွက် ပေးကြသဖြင့် ဝမ်ယုတ်ကျေးရွာ ပြည်သူများ ရောဂါဖြစ်ပွားမှု အခြေအနေကို ထိန်းချုပ်နိုင်ခဲ့သည်။ ဆေးကုသရေး အဖွဲ့သည် စက်တင်ဘာ ၁ ရက်နှင့် ၂ ရက်တို့တွင် နန်းယွန်းမြို့နယ် လန်ပန် ကျေးရွာရှိ ဒေသခံပြည်သူ ၁၄၇ ဦး၊ စက်တင်ဘာ ၂ ရက်တွင် ဒုံဟီးမြို့နယ် ဘိုတဲကျေးရွာရှိ ဒေသခံ ပြည်သူ ၃၈ ဦး၊ စက်တင်ဘာ ၃ ရက်တွင် ဝမ်ယုတ်ကျေးရွာ၊ နောက်ပါကျေးရွာနှင့် လန်ပန်ကျေးရွာ တို့ရှိ ဒေသခံပြည်သူ ၁၂၇ ဦးတို့ကို လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေး ခဲ့ကြသည်။ ထို့ပြင် နန်းယွန်းမြို့နယ် လန်ပန်ကျေးရွာမှ အသက်တစ်နှစ် အရွယ်ကလေးငယ် တစ်ဦးမှာ ရောဂါမသက်သာသဖြင့် လဟယ်မြို့ ပြည်သူ့ဆေးရုံသို့ တက်ရောက် ကုသစေလျက်ရှိသည်။

အဆိုပါ ရောဂါ ဖြစ်ပွားခဲ့သည့် ကျေးရွာများသည် ဝေးလံခေါင်းပါး၍ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် နေရာများတွင် တည်ရှိပြီး ၂ဝ၁၆ ခုနှစ် အောက်တိုဘာလ အတွင်းက နန်းယွန်းမြို့နယ် ဒဂါးကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများ ၌လည်း လူဦးရေ ၃ဝဝ ခန့် သာမန်ရာသီ တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ကာ ကျန်းမာရေး အသိပညာနှင့် စောင့်ရှောက်မှု အားနည်း ခြင်းကြောင့် လူကြီးသုံးဦးနှင့် ကလေးသုံးဦး သေဆုံးမှု ဖြစ်စဉ်ဖြစ်ပွားသဖြင့် တပ်မတော် ဆေးကုသရေး အဖွဲ့က အချိန်မီ ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးခဲ့ရသည်။ ယခု ရောဂါ ဖြစ်ပွားမှု အခြေအနေမှာ သာမန်ရာသီ တုပ်ကွေးရောဂါ ဖြစ်ပွားမှုသာ ဖြစ်ပြီး တပ်မတော်ဆေး ကုသရေး အဖွဲ့သည် ရောဂါဖြစ်ပွားသည့် ကျေးရွာများသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုနှင့် အသိပညာပေး ဟောပြောမှု လုပ်ငန်းများ ဆောင်ရွက် ပေးကြသဖြင့် ရောဂါဖြစ်ပွားမှု အခြေအနေကို ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ ခန္တီးခရိုင်မှ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ် တို့ကို စုစည်းပြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂ဝဝ၈ ခုနှစ်) ပုဒ်မ ၅၆ အပိုဒ်ခွဲ(က) အရ သတ်မှတ် ပေးထားသည်။ နန်းယွန်းမြို့နယ်နှင့် လဟယ်မြို့နယ် တို့သည် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ မြောက်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး လမ်းခရီး ဆက်သွယ် ရေးခက်ခဲသော ဒေသများ ဖြစ်သဖြင့် ဒေသခံများ၏ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍတို့အတွက် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်။

သို့သော် အဆင်းခက်ခက် အတက်ကြမ်းကြမ်း ခရီးလမ်းကို မမောမပန်း သွားလာနိုင်အောင် လေ့ကျင့်သား ပြည့်ဝပြီးသော တပ်မတော်သားတို့မှာ တိမ်ခိုးဝေဝေမြူခြေ ဆိုင်းဆိုင်းကို ကသိုဏ်းရှုရင်း ခရီးပြင်းနှင်ကာ စေတနာထား၍ ပြည်သူတို့အား ကျန်းမာရေးကုသ စောင့်ရှောက် မှုများ ဆောင်ရွက် ပေးခဲ့ကြသည်ကို မြဝတီက မုဒိတာပွားလိုက် ရပါသည်။ ။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger