www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 4, 2018

စာပေ၊ ဂီတ၊ သုခုမနှင့်အားကစားတို့သည် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်တို့ကိုခိုင်မာစေသည့် တွန်းအားများဖြစ်၊ ထိုပညာရပ်နယ်ပယ်များကို တိုင်းပြည်အတွက် အကျိုးရှိရှိ အသုံးချရမည်ဖြစ်



တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အဖွင့်အမှာစကားပြောကြားစဉ်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခမ်းအနားတက်ရောက် လာကြသူများက ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများ၏ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အခမ်းအနားတက်ရောက်လာကြသည့် အကဲဖြတ်အဖွဲ့ အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်စဉ်။

နေပြည်တော် ၄-၉-၂ဝ၁၈

နိုင်ငံတော်တည်ဆောက်ရေး၊ ကာကွယ်ရေးစသည့်နယ်ပယ်များကိုအောင်အောင်မြင်မြင် စီမံလုပ်ဆောင် နိုင်ရန်အတွက်ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်တစ်နည်းအားဖြင့် စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်များကို လှုံ့ဆော်မှုပြုနိုင်သည့်အရည်အသွေးစစ်မှန်မြင့်မားသော ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များသည် မရှိမဖြစ်လိုအပ်ကြောင်း၊ စာပေ၊ ဂီတ၊ သုခုမနှင့်အားကစားများသည် မျိုးချစ်စိတ်၊ တိုင်းချစ်ပြည် ချစ်စိတ် ဓာတ်၊ အမျိုးသားရေးစိတ်ဓာတ်တို့ကိုခိုင်မာစေသည့် တွန်းအားများဖြစ်ကြောင်း၊ ထိုပညာရပ် နယ်ပယ် များကိုတိုင်းပြည်အတွက် အကျိုးရှိရှိအသုံးချရမည်ဖြစ်ပြီး တိုးတက်သည့်နိုင်ငံတိုင်း၊ ခိုင်မာမှုရှိသည့် နိုင်ငံတိုင်းတွင် စနစ်တကျအားပေးဆောင်ရွက်နေကြသည်ကိုတွေ့နိုင်ကြောင်းဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေး နှင့်တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည် သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်း ကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အကဲဖြတ်အဖွဲ့အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများတက်ရောက်ကြသည်။

ဦးစွာစိတ်ဓာတ်ရေးရာနှင့်လူထုဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီ တို့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ၏(၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်းအဆို၊ အက၊ အရေး၊ အတီး၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာကြီးသည် နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့်ရွာကြီးသဖွယ်ဖြစ်ပြီး ယဉ်ကျေးမှုများ ဆက်စပ်ယှက်နွယ်နေကြပြီ ဆိုသော်လည်း ကမ္ဘာ့နိုင်ငံတိုင်း၊ လူမျိုးတိုင်းသည်မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဆက်လက်ထိန်းသိမ်းပြီးမြှင့်တင် နေကြသည်ကို အထင်အရှားတွေ့နိုင်ကြောင်း၊ မိမိတို့မြန်မာနိုင်ငံသည် လည်းပထမမြန်မာနိုင်ငံတော်ဟု မပေါ်ပေါက်သေးမီကာလကတည်းက ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမ ပညာရပ်များနှင့် ခိုင်မာသည့်သမိုင်းကြောင်းရှိခဲ့သည့်နိုင်ငံတစ်ခုဖြစ်ကြောင်း၊ နှစ်ပေါင်းထောင်ချီရှည်လျား ခဲ့သည့်သမိုင်းကြောင်းပေါ်တွင်ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ်ကြငှန်းနှင့်မျိုးရိုးဂုဏ်သိက္ခာ ထည်ဝါမြင့်မားစွာ တည်ရှိလာခဲ့သူများလည်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံသည်ကမ္ဘာ မှာကိုယ်ပိုင်ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း များနှင့်ကိုယ်ပိုင်အချုပ်အခြာအာဏာပိုင်စစ်စစ် နိုင်ငံတစ်ခုအဖြစ်ရပ်တည်သွားနိုင်ရန် မျိုးချစ်စိတ်ဆိုသည် မှာအခရာကျကြောင်း၊ မြန်မာ့သမိုင်းဖြစ်စဉ်များတွင် အမျိုးဘာသာ၊ သာသနာတော်ကို ထိန်းသိမ်း စောင့်ရှောက် အလေးထားသည့် မင်းဧကရာဇ်များပေါ်ထွန်းခဲ့ခြင်းသည် အမျိုးဘာသာ၊ သာသနာတော် နှင့်ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးသည့် မြန်မာနိုင်ငံသားများ၏မျိုးချစ်စိတ်ဓာတ်ကို ဖော်ပြနေခြင်း ပင်ဖြစ်ကြောင်း၊ နိုင်ငံတော်စည်းလုံးညီညွတ်မှုနှင့် ထက်မြက်မြင့်မားသည့် ကာကွယ်ရေးအင်အားကို တည်ဆောက်ရာတွင်လည်း မျိုးချစ်စိတ်ဓာတ်သည်မရှိမဖြစ် လိုအပ်သည့်အရာပင်ဖြစ်ကြောင်း၊ လက်ရုံးရည်၊ နှလုံးရည်ထက်မြက်မြင့်မားသည့် နိုင်ငံ့ခေါင်းဆောင်တိုင်းသည် ရိုးရာယဉ်ကျေးမှု အစဉ်အလာ များကို မြတ်နိုးတန်ဖိုးထား ကြသကဲ့သို့ နိုင်ငံသားတိုင်း၏ရိုးရာယဉ်ကျေးမှုအစဉ်အလာမြတ်နိုးစိတ်ကိုလည်း အားပေး မြှင့်တင်ခဲ့ကြသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုများအပေါ်မြတ်နိုး တန်ဖိုးထားသည့် စိတ်မြင့်မားချိန်တိုင်းတွင် ထက်သန်မြင့်မားသည့်မျိုးချစ်စိတ်ဓာတ်များ ဖြစ်ပေါ်လာခဲ့သည်ကိုမြန်မာ့ သမိုင်းတွင် အထင်အရှားသက်သေခံလျက်ရှိကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့်ရိုးရာယဉ်ကျေးမှုများအပေါ် မြတ်နိုးတန်ဖိုးထားစိတ်နည်းပါးချိန်တွင် ဘာသာတရားကိုမျက်ကွယ်ပြုပြီး ဆိုးသွမ်းကြမ်းတမ်းသည့် စိတ်နေ စိတ်ထားစရိုက်ဆိုးများ ကြီးစိုးကြသည်ကိုတွေ့ရသကဲ့သို့ နိုင်ငံသူ၊ နိုင်ငံသားများ၏ဇာတိသွေး၊ ဇာတိမာန် စိတ်ဓာတ်များယုတ်လျော့ခြင်း၊ အမျိုးသစ္စာတရားပျက်ယွင်းခြင်း၊ နိုင်ငံတော်စည်းလုံးညီညွတ်မှုယုတ် လျော့ခြင်း စသည်များဖြစ်ပေါ်ပြီး တိုင်းပြည်နှင့်လူမျိုးအနေဖြင့် ကြီးမားသည့်အန္တရာယ် များကိုရင်ဆိုင်ကြရ မြဲဖြစ်သည်ကိုအတိတ်သမိုင်းတွင်တွေ့ရမည်ဖြစ်ကြောင်းပြောကြားသည်။

မိမိတို့မြန်မာနိုင်ငံသည်ဗုဒ္ဓဘာသာကို ကိုးကွယ်သည့်နိုင်ငံဖြစ်သည်နှင့်အညီ သမိုင်းစဉ် တစ်လျှောက်ပေါ် ပေါက်ဖွံ့ဖြိုးခဲ့သည့် စာပေ၊ ဂီတအနုသုခုမပညာနှင့် ဗိသုကာလက်ရာများ သည်လည်း ဗုဒ္ဓ၏အဆုံးအမများ လွှမ်းမိုးနေသည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ မြန်မာ့စိတ်ရင်း ပီပီသည်းခံခွင့်လွှတ်စိတ်ရှိသူများဖြစ်ကြသကဲ့သို့ သူတစ်ပါးအပေါ်ရန်စောင်ခြင်းကင်းသူများ လည်းဖြစ်ကြောင်း၊ သို့သော်မိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ အပေါ် ထိပါးစော်ကားလာသည့် အချိန်တွင် မိမိတို့အသက်ကိုပဓာနမထားဘဲ တရားသောစစ်ပွဲအတွက် အသက် စွန့်လွှတ်တိုက်ပွဲဝင်တတ်ကြသူများဖြစ်ကြောင်း၊ မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား အားလုံး၏ ဓလေ့စရိုက်များ၊ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထက်သန်သည့်စိတ်ထားများ နီးစပ်တူညီနေခြင်းသည် နက်နဲသိမ်မွေ့သောဆွေမျိုးညာတိ ရိုးရာဓလေ့အမြုတေစိတ်ထားများက သန္ဓေတည်ပေးထားခြင်း ကြောင့် ဖြစ်ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုများသည် မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုအားလုံး၏ ရတနာ တစ်ပါးဖြစ်သည်ဆိုသည်ကို နားလည်သဘောပေါက်ထားကြရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်ရိုးရာယဉ်ကျေး မှုကို ထိန်းသိမ်းမြှင့်တင်ကြရမည့်တာဝန်သည် မိမိတို့နိုင်ငံသား တိုင်းရင်းသားညီအစ်ကိုအားလုံး၏ မွေးရာပါ အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီးမိမိတို့နိုင်ငံအနေဖြင့် နယ်ချဲ့သူ့ကျွန်ဘ၀လက်အောက်မှလွတ်မြောက်ခဲ့ခြင်းသည် မိမိတို့ နိုင်ငံသားများ၏စိတ်နှလုံးထဲတွင် ရိုးရာယဉ်ကျေးမှုကိုချစ်မြတ်နိုးသည့်စိတ် တစ်နည်းအားဖြင့် ဇာတိသွေး၊ ဇာတိမာန်စိတ်ဓာတ်ကိုအခြေခံသည့် သူ့ကျွန်မခံလိုသည့် မျိုးချစ်စိတ်ဓာတ်များ ပျက်စီးသွားခြင်း မရှိခဲ့ခြင်း ကြောင့်လည်းဖြစ်ကြောင်း၊ ကိုလိုနီခေတ် မြန်မာ့လွတ်လပ်ရေးကိုကြိုးပမ်းဆောင်ရွက်ရာတွင် ပထမဆုံး စုစည်းညီညွတ်စွာပေါ်ပေါက်ခဲ့သည့် အမျိုးသားနိုင်ငံရေးအဖွဲ့အစည်းကြီးမှာ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး (YMBA- Young Men's Buddhist Association) ပင်ဖြစ်ကြောင်း၊ ထိုအသင်းကြီးသည် ၁၉၀၆ ခုနှစ်(လွတ်လပ်ရေးမရမီ ၄၂ နှစ်အလို) ကတည်းကပေါ်ပေါက်ခဲ့ပြီး မြန်မာ့မျိုးချစ်စိတ်နှင့် ကိုယ်ပိုင် ယဉ်ကျေးမှုကိုမြှင့်တင်ပေးခြင်းဖြင့် မြန်မာ့လွတ်လပ်ရေးတိုက်ပွဲကိုစတင်ဆင်နွှဲခဲ့သည့် နိုင်ငံလုံးဆိုင်ရာ အဖွဲ့ကြီးဖြစ်ကြောင်း၊ ထိုအဖွဲ့ကြီး၏မူလရည်ရွယ်ချက်မှာ အမျိုး၊ ဘာသာနှင့် ပညာကိုမြှင့်တင်ရန် ဖြစ်ပြီး ကြွေးကြော်သံများကတော့ “အမျိုးကိုချစ်ပါ”၊ “ဘာသာကိုလေးစားပါ”၊ “သာသနာကိုချီးမြှင့်ပါ”၊ “ပညာ ရေးကိုအားပေးပါ” တို့ဖြစ်ကြောင်း၊ မြန်မာ့လွတ်လပ်ရေးသည် ထိုအကြောင်းအရာများ၊ မျိုးချစ်စိတ်ဓာတ် များနှင့် အခြေခံခဲ့ခြင်းဖြစ်သဖြင့် ယနေ့ခေတ်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးမှာလည်း ထိုအကြောင်းတရားများကိုပင် အခြေခံသွားနိုင်ရန်လိုအပ်ကြောင်း၊ အနုသုခုမပညာရပ်ဆိုသည်မှာလည်း လူသားတစ်ဦး၏ စိတ်နေ စိတ်ထားအပေါ် အလွယ်ကူဆုံးနှင့်အလျင်မြန်ဆုံးလှုံ့ဆော်မှုပြုနိုင်သည့် အင်အားတစ်ရပ်ဖြစ်ကြောင်း၊ ကျွမ်းကျင်ပိုင်နိုင်သည့်အရည်အချင်းရှိသော အနုပညာသည်ပညာရှင်များဖြစ်ရန်အတွက် စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်သွား ကြရမည်ဖြစ်ကြောင်းမှာကြားသည်။

ယင်းနောက်ယနေ့ခေတ်ကဲ့သို့ တိုးတက်မြန်ဆန်သည့် ခေတ်မီဆက်သွယ်ရေးနည်း ပညာရပ်များ ထွန်းကား နေချိန်တွင် ဖျော်ဖြေရေးနှင့်ဆက်သွယ်ရေးနည်းပညာကဏ္ဍပိုင်းကိုဟန်ချက်ညီညီအကွက်မြင်မြင် အသုံး ချပြီး ထိရောက်အောင်မြင်သည့် ဖျော်ဖြေမှုပုံစံတစ်ရပ်အဖြစ် တီထွင်ကြံဆကြိုးပမ်းသွားရန်လိုအပ် လာပြီ ဖြစ်ကြောင်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကိုအခြေပြုသည့် အနုသုခုမပညာရပ်များမှ တစ်ဆင့် ထက်သန်ပြင်းပြသော မျိုးချစ်စိတ်ဓာတ်အခြေခံကောင်းများကို မိမိတို့တပ်မတော်သားများနှင့် မိသားစု ၀င်များ သာမကမိမိတို့နိုင်ငံသူ၊ နိုင်ငံသားများ၏စိတ်ထဲ၊ နှလုံးသားထဲရောက်သည်အထိ စွမ်းဆောင်နိုင် စေရန်အတွက် တပ်ဖွဲ့တွင်းပြိုင်ပွဲများကိုယခုကဲ့သို့ကျင်းပနေရခြင်းဖြစ် ကြောင်း၊ ယခုကျင်းပပြုလုပ်သည့် ပြိုင်ပွဲသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ဇာတိသွေး၊ ဇာတိမာန်စိတ်ထားများပြင်းထန်တက်ကြွနေစေရန်၊ အမျိုး ဘာသာ၊ သာသနာချစ်စိတ်များ နိုးကြားတက်ကြွနေစေရန်အတွက် အမျိုးသားရေးအားဆေး တိုက်ကျွေး သည့် အနေဖြင့် ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း၊ မြန်မာ့ယဉ်ကျေးမှုအနုသုခုမပညာရပ်များနှင့် ဖော်စပ်ထားသည့်ပညာရပ်များကိုပိုမိုထက်မြက်လာစေရန်အတွက်လည်းပညာရှင်များအနေဖြင့် အစဉ် လေ့ကျင့်မြှင့်တင်နေကြရန်လိုအပ်ကြောင်း၊ ရိုးရာယဉ်ကျေးမှုဆိုသည်မှာ နိုင်ငံတိုင်း၊ လူမျိုးတိုင်း၏ ထူးခြား သည့် ၀ိသေသကိုဖော်ညွှန်းပြသနေသည့် ကိုယ်ပိုင်အမျိုးသားရေးသင်္ကေတဖြစ်သကဲ့သို့ ရုပ်ရည်သွင်ပြင် လက္ခဏာ၊ ၀တ်စားဆင်ယင် ထုံးဖွဲ့မှု၊ ဘာသာစကားအသုံးအနှုန်း၊ ယဉ်ကျေးမှုဓလေ့စရိုက်အစဉ်အလာနှင့် လူမှုကျင့်ဝတ် စံနှုန်းတို့သည် နိုင်ငံနှင့်လူမျိုးများ၏အမျိုးသားရေးဥပဓိရုပ်များဖြစ်သည့်အတွက် ထိုအရာများ ပျောက်ဆုံးပျက်ယွင်းသည့်နေ့သည် နိုင်ငံနှင့်လူမျိုးပျောက်ကွယ်မည့်နေ့ဖြစ် သည်ကိုအားလုံးသတိပြုကြရန် လိုအပ်ကြောင်းမှာကြားသည်။

ယင်းနောက်ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြား ရေးမှူးရုံးကွပ်ကဲမှုအောက် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများက ကြိုးတပ် တူရိယာခေတ်ပေါ်တီးဝိုင်းနှင့်မြန်မာ့ဆိုင်းဝိုင်းတို့ဖြင့် မှုံရွှေရည်သီချင်းအားတီးမှုတ်ခြင်း၊ ပေဖူးလွှာတေး သီချင်းအားသီဆိုခြင်း၊ ဒေ၀စ္ဆရာ ယိမ်းအကအားကပြဖျော်ဖြေခြင်း၊ မင်္ဂလာနေ့ပါရှင် တေးသီချင်းအား စောင်း၊ ပတ္တလားတို့ ဖြင့်တီးခတ်ဖျော်ဖြေခြင်း၊ မျက်လှည့်ပြကွက်များပြသဖျော်ဖြေခြင်းနှင့် တပ်မတော် အင်အား ရှိမှတိုင်းပြည်အင်အားရှိမည် တေးသီချင်းတို့အား သီဆိုတီးမှုတ်ကပြဖျော်ကြရာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ကြည့်ရှုအား ပေးကြသည်။

အခမ်းအနားအပြီးတွင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အခမ်းအနားတက် ရောက် လာကြသည့် အကဲဖြတ်အဖွဲ့အနုပညာရှင်ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

အဆိုပါကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေး မှူးရုံး၏တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများအား မြန်မာ့ ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကိုထိန်းသိမ်းရန်၊ ပိုမိုတိုးတက် မြင့်မားလာစေရန်နှင့် နိုင်ငံတော် နှင့်တပ်မတော်အဆင့်ဖျော်ဖြေရေးများတွင် အဆင့်အတန်းမြင့်မားစွာ ဖျော်ဖြေနိုင်စေရန်အတွက် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲ မှုအောက် မြ၀တီတေးဂီတအဖွဲ့များနှင့် နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများ ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်နေခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ဆိုင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(စိတ်ကြိုက်)ယိမ်းအက၊ နှစ်ပါးသွား အက၊ ပြဇာတ်ပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့်အရေးပြိုင်ပွဲများအား စက်တင်ဘာ ၈ ရက် အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger