www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 10, 2018

ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၏ (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အခမ်းအနားတက်ရောက်လာကြသူများ မြန်မာ့ရိုးရာယဉ်ကျေးမှု(စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ နန်းဘုံသီဟာဘွေအိုးစည်ယိမ်းအကဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးစဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများအတွက် ချီးမြှင့်ငွေပေးအပ်စဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တာဝန်ရှိသူများကို ဆုပေးအပ်ချီးမြှင့်စဉ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အကောင်းဆုံးတံခွန်စိုက်ဆုရရှိသည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲကို တံခွန်စိုက်ဆုပေးအပ်စဉ်။

နေပြည်တော် ၁ဝ-၉-၂ဝ၁၈

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အကောင်းဆုံး တံခွန်စိုက်ဆုအားပေးအပ် ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးမောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ အကဲဖြတ်အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများတက်ရောက် ကြသည်။

ဦးစွာ မျက်လှည့်ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၃)နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ၊ ခေတ်ပေါ်တီးဝိုင်းပြိုင်ပွဲ(အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၄) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲနှင့် မြန်မာ့ဆိုင်းအတီးပြိုင်ပွဲ (အဖွဲ့လိုက်) ပထမဆုရရှိသည့် အမှတ်(၁) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေး တပ်တို့မှ စစ်သည်၊ စစ်သမီးများအား စိတ်ဓာတ်ရေးရာနှင့် လူထုဆက်ဆံရေး ကော်မတီဥက္ကဋ္ဌ၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦးကလည်းကောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှုယိမ်း အကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်မှ တေဇဂုဏ်ယိမ်းအဖွဲ့၊ မြန်မာ့ရိုးရာယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ နန်းဘုံသီဟာဘွေ အိုးစည်ယိမ်းအဖွဲ့နှင့် တိုင်းရင်းသားရိုးရာ ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ် (၂) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ ခွင့်လွှတ်ခြင်းများဖြင့် ယိမ်းအဖွဲ့တို့မှ စစ်သည်၊ စစ်သမီးများအား ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးက လည်းကောင်း၊ အငြိမ့်ပြိုင်ပွဲ ပထမဆုရရှိသည့် အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ စိန်သရဖူအငြိမ့်အဖွဲ့နှင့် ပြဇာတ်ပြိုင်ပွဲ ပထမဆုရရှိသည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ ရဲမာန်ဝံ့ကြွားပုဂံသား ပြဇာတ်မှ စစ်သည်၊ စစ်သမီးများအား ဒုတိယတပ်မတော် ကာကွယ်ရေးဦး စီးချုပ်ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ (၁၇)ကြိမ်မြောက် တပ်ဖွဲ့တွင်း အဆို၊ အက၊ အရေး၊အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲတွင်အကောင်းဆုံး တံခွန်စိုက်ဆုရရှိသည့် အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တံခွန်စိုက်ဆုအား ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ခေတ်ဟောင်းတေး အဆိုပြိုင်ပွဲ (အမျိုးသမီး)တွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီးအစားခန့် အေးသူဇာကျော်က စံပယ်တင်မှဲ့တေးသီချင်းဖြင့် လည်းကောင်း၊ကာလပေါ်တေးအဆိုပြိုင်ပွဲ (အမျိုးသား)တွင် ဒုတိယဆုရရှိခဲ့သည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ ဒုတိယအရာခံဗိုလ် စန်းလွင်က စာဆိုစစ်သည် တေးသီချင်းဖြင့် လည်းကောင်း၊ နှစ်ပါးသွားအကပြိုင်ပွဲတွင်ပထမဆုရရှိခဲ့သည့် အမှတ်(၁) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ တပ်သားအေးမင်းထွန်းနှင့် တပ်ကြပ်ကြီးအစားခန့် နွယ်နီဝင်းတို့က နှစ်ပါးသွားကကွက်များထဲမှ အကောင်းဆုံးနှစ်ပါးသွား ကကွက်များကိုလည်းကောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု (စိတ်ကြိုက်) ယိမ်းအကပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၂) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ စစ်သမီးများက နန်းဘုံသီဟာဘွေ အိုးစည်ယိမ်းအကဖြင့် လည်းကောင်း၊ အရေးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ် (၁) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ တပ်ကြပ်ကြီးကျော်ကျော်၏ ပြည်သူ့အတွက် တပ်မတော်သီချင်းအား တပ်ကြပ်ကြီးအစားခန့် အေးသူဇာကျော်က လည်းကောင်း၊ မျက်လှည့်(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၃)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အကောင်းဆုံးမျက်လှည့် ပြကွက်များအား လည်းကောင်း၊ မြန်မာ့ဆိုင်းဝိုင်း(အဖွဲ့လိုက်)ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁) တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်မှ စံတော်ချိန်တီးလုံး၊ နှဲထပ်ပတ်ထပ်နှင့် ဆိုင်းလက်စွမ်းပြ တီးခတ်ခြင်းကို လည်းကောင်း၊ အငြိမ့်(အဖွဲ့လိုက်) ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမှတ်(၁)နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ အငြိမ့်ကောက်နုတ်ချက်များ ဖြင့်လည်းကောင်း၊ ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများက မြန်မာပြည်သား တေးသီချင်းဖြင့်လည်းကောင်း အသီးသီးသီဆိုတီးမှုတ် ကပြဖျော်ဖြေကြရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများက ကြည့်ရှုအားပေးကြသည်။

ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ပြိုင်ပွဲဝင် စစ်သည်၊ စစ်သမီးများနှင့် အကဲဖြတ်အနုပညာရှင် ကြီးများအတွက် ချီးမြှင့်ငွေများပေးအပ်ရာ စစ်သည်၊ စစ်သမီးများကိုယ်စား တပ်သား အေးမင်းထွန်းနှင့် တပ်ကြပ်ကြီး အစားခန့် နွယ်နီဝင်းတို့က လက်ခံရယူကြပြီး အကဲဖြတ် အနုပညာရှင်ကြီးများ ကိုယ်စား အကြံပေးပညာရှင် ဦးတင်ထွန်းဦးနှင့် ဒေါ်စန်းနုတို့က လက်ခံရယူကြသည်။

၎င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် အကဲဖြတ်အနုပညာရှင် ကြီးများနှင့် စစ်သည်၊ စစ်သမီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

ဆက်လက်ပြီး ညနေပိုင်းတွင် ဆုချီးမြှင့်ပွဲ ဒုတိယပိုင်းအား ဆက်လက်ကျင်းပ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီနှင့် တပ်မတော်အရာရှိကြီးများ၊ အကဲဖြတ် အနုပညာရှင်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြိုင်ပွဲဝင် စစ်သည်၊စစ်သမီးများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲအလိုက် အထူးဆုများ ရရှိကြသည့် စစ်သည်၊ စစ်သမီးများနှင့် ပြိုင်ပွဲအလိုက် တတိယဆုရရှိကြသည့် စစ်သည်၊ စစ်သမီးများအား အကြံပေးပညာရှင် ဦးသက်ဆွေနှင့် ဒေါ်စန်းနုတို့ကလည်းကောင်း၊ ပြိုင်ပွဲအလိုက်ဒုတိယဆုရရှိသည့် စစ်သည်၊ စစ်သမီးများအား အကဲဖြတ်ပညာရှင် ဦးတင်ဦးလေးနှင့် ဦးအောင်တင်ဝင်း တို့ကလည်းကောင်း၊ ပြိုင်ပွဲအလိုက် ပထမဆုရရှိသူများအား အကြံပေးပညာရှင် ဦးတင်ထွန်းဦး၊ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် ဗိုလ်ချုပ်ထွန်းထွန်းညီတို့က လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့် ကြသည်။

ယင်းနောက် အကဲဖြတ် ပညာရှင်များကိုယ်စား အကြံပေးပညာရှင် ဦးတင်ထွန်းဦးက ပြိုင်ပွဲအပေါ်သုံးသပ် ချက်များအား ဆွေးနွေးတင်ပြသည်။ ထို့နောက် ဗိုလ်ချုပ်ထွန်းထွန်းညီက ပြိုင်ပွဲကျင်းပခဲ့မှုများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေး မှာကြားပြီး အကဲဖြတ် ပညာရှင်များအား ဗိုလ်ချုပ်ထွန်းထွန်းညီက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၏ တပ်ဖွဲ့တွင်း အဆို၊ အက၊အရေး၊ အတီး၊ အငြိမ့်၊ ပြဇာတ်နှင့် မျက်လှည့်ပြိုင်ပွဲများအား မြန်မာ့ရိုးရာယဉ်ကျေးမှုအနုသုခုမပညာရပ်များကို ထိန်းသိမ်းရန်၊ ပိုမိုတိုးတက်မြင့်မား လာစေရန်နှင့် နိုင်ငံတော်နှင့် တပ်မတော်အဆင့် ဖျော်ဖြေရေးများတွင် အဆင့်အတန်းမြင့်မားစွာ ဖျော်ဖြေနိုင်စေရန်အတွက် ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတ အဖွဲ့များနှင့် နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲများမှ စစ်သည်၊ စစ်သမီးများဖြင့် နှစ်စဉ်ကျင်းပပြုလုပ် နေခြင်းဖြစ်ပြီး ပြိုင်ပွဲတွင် ခေတ်ဟောင်းတေး၊ ကာလပေါ်တေး၊ ခေတ်ပေါ်တေး၊ အငြိမ့်ပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ မြန်မာ့ ဆိုင်းပြိုင်ပွဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှု(စိတ်ကြိုက်) ယိမ်းအက၊ နှစ်ပါးသွားအက၊ ပြဇာတ်ပြိုင်ပွဲ၊ ခေတ်ပေါ်တီးဝိုင်း၊ မျက်လှည့်ပြိုင်ပွဲနှင့် အရေးပြိုင်ပွဲ၊ စုစုပေါင်း ပြိုင်ပွဲအမျိုးအစား ၃၅ မျိုးအား ပြိုင်ပွဲဝင်စစ်သည်၊ စစ်သမီး စုစုပေါင်း ၂၆၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger