www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, March 15, 2018

ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့် ခွာသူများ ပြန်လည် စိစစ်လက်ခံရေး ဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကျင်းပ



နေပြည်တော် ၁၅-၃-၂ဝ၁၈

ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ် လက်ခံရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။ သတင်းစာ ရှင်းလင်းပွဲတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက အမှာစကား ပြောကြားရာတွင် ''ဒီသတင်းစာ ရှင်းလင်းပွဲ လုပ်ရခြင်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေကို စနစ်တကျ ပြန်လည်ခေါ်ယူရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံဘက်က အဆင်သင့်ဖြစ်နေမှု အနေအထားကို နိုင်ငံတကာ အသိုက်အဝန်းသို့ အသိပေးလိုတဲ့ ကိစ္စပဲဖြစ်ပါတယ်။

ပြန်လည်ခေါ်ယူရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ နိုင်ငံဘက်က အားလုံးအဆင်သင့် ဖြစ်နေခဲ့တာ အတော်ကြာခဲ့ပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ တစ်ဦးတစ်ယောက်ကိုမှ လက်ခံနိုင်ခြင်း မရှိသေးပါဘူး။ ဘာကြောင့်ပါလဲ။ ကျွန်တော်တို့ အဖွဲ့ဝင်တွေက အသေးစိတ်ကို ရှင်းလင်းပြကြပါလိမ့်မယ်။ အဲဒါမတိုင်ခင် လူအစုလိုက် အပြုံလိုက် ထွက်ပြေးသွားရခြင်းရဲ့ အဓိက အကြောင်းရင်းတွေကို ကျွန်တော် တင်ပြလိုပါတယ်။

ပြဿနာ ဖြစ်ခဲ့တဲ့ နေရာက ခိုင်လုံစိတ်ချရတဲ့ လူတွေဆီက ရရှိခဲ့တဲ့ သတင်းတွေအရ သူတို့အများစုဟာ စိုးရိမ်ကြောက်လန့်စိတ်ကြောင့် ထွက်ပြေးသွားခဲ့ ကြတာဖြစ်ပါတယ်။ အကြမ်းဖက် တိုက်ခိုက်မှုတွေ နောက်ပိုင်း တပ်မတော်က ရှင်းလင်းမှုတွေ ဆောင်ရွက်တဲ့အခါ သူတို့ရဲ့အကြမ်းဖက်မှုမှာ ပါဝင်ခဲ့ခြင်းကြောင့်သော် လည်းကောင်း၊ သံသယဖြင့်သော် လည်းကောင်း ဖမ်းဆီးခံရမှာကို စိုးရိမ်လို့ ထွက်ပြေးသွားကြတာပါ။ ဒုတိယ အကြောင်းကတော့ ARSA နဲ့ သူ့ရဲ့ထောက်ခံသူတွေရဲ့ ခြိမ်းခြောက်မှုကြောင့် ဖြစ်ပါတယ်။ သူတို့ အများအပြားဟာ ထွက်ပြေးဖို့အတွက် ခြိမ်းခြောက်မှု ရရှိခဲ့တယ်လို့ သိရပါတယ်။ တတိယ အကြောင်းကတော့ ယင်းတို့အနက် အများအပြားဟာ တတိယ နိုင်ငံတစ်ခုမှာ အခြေချခွင့်ရမယ်၊ ဒါမှမဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက စခန်းတွေမှာ စားဝတ်နေရေး ပိုမိုပြေလည်မယ် ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ထွက်ပြေးဖို့စည်းရုံး ခံခဲ့ကြရတယ်လို့ သိရပါတယ်။ အခုတော့ ပြန်လည်ခေါ်ယူရေးနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ သဘော တူညီချက်တွေထဲက အရေးကြီးတဲ့ အချက်အလက် အချို့ကို အနည်းငယ်တင်ပြလိုပါတယ်။ အားလုံးသိပြီး ဖြစ်တဲ့အတိုင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AH Mohamad Ali တို့ဟာ နေရာရွှေ့ပြောင်းသွား ခဲ့ကြတဲ့သူတွေကို ပြန်လည်ခေါ်ယူရေးနဲ့ ပတ်သက်လို့ သဘော တူညီချက်တစ်ရပ်ကို နေပြည်တော်မှာ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြပါတယ်။ ဒီသဘောတူညီချက်ရဲ့ အဓိက သတ်မှတ်ချက်တွေကတော့ ၁၉၉၃ ခုနှစ်က နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်နဲ့ အတူတူပဲ ဖြစ်ပါတယ်။ သဘောတူညီချက်ရဲ့အရေးကြီးတဲ့ အချက်တစ်ခုကတော့ ''မြန်မာပြည်မှာ နေထိုင်ခဲ့ကြောင်း အထောက်အထား တင်ပြနိုင်တဲ့သူကို ပြန်လည်ခေါ်ယူမှာ ဖြစ်ပါတယ်''။

ကျွန်တော်နားလည်သလောက် နေထိုင်ခဲ့ကြောင်း အထောက်အထားဆိုတာ တော်တော် ကျယ်ပြန့်ပြီး အမျိုးသား မှတ်ပုံတင်ကတ်၊ ယာယီမှတ်ပုံတင်ကတ်၊ စီးပွားရေး လုပ်ငန်းတစ်ခုခု ပိုင်ဆိုင်မှု စာရွက်စာတမ်း၊ ကျောင်းတက်ရောက်နေကြောင်း ထောက်ခံချက်နှင့် နေထိုင်ခဲ့တဲ့ ရပ်ကွက်နာမည် စသည်တို့ ဖြစ်ပါတယ်။ ပြန်လည်ခေါ်ယူမှုကိုတော့ လက်မှတ်ရေးထိုးပြီး နှစ်လအတွင်း (၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မတိုင်မီ) စတင်ဖို့ သဘောတူခဲ့ကြ ပါတယ်။ ကျွန်တော်တို့ အစိုးရ အနေနဲ့ ကိုယ့်ရဲ့ကတိကဝတ်တွေကို ဖြည့်ဆည်းပေးဖို့ ရည်ရွယ်ချက်နဲ့ ပြင်ဆင်မှုတွေ အချိန်မီပြီးဖို့ အစွမ်းကုန် အားထုတ်ခဲ့ပါတယ်။ ပြင်ဆင်မှု အားလုံးဟာ အချိန်မီပြီးစီး ခဲ့ပါတယ်။ ချစ်ကြည်ရင်းနှီးမှုကို ပြသသည့် အနေဖြင့် ဟိန္ဒူဘာသာဝင် ၇ဝဝ ကျော်နဲ့ မူဆလင် ဘာသာဝင် ၅ဝဝ တို့ကို အမြန်ဆုံး ခေါ်ယူနိုင်ဖို့ အတွက် စိစစ်ပြီး လူ ၁၂ဝဝ ကျော်စာရင်းကို မြန်မာက ဘင်္ဂလားဒေ့ရှ် အစိုးရဆီကို ပေးပို့ခဲ့ပါတယ်။ ဖေဖော်ဝါရီ လလယ်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရက ပုံစံ ၈ဝဝဝ ကျော်ကို ပြန်လည်ပေးပို့ လာခဲ့ပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ အချက်အလက်တွေနဲ့ လက်ဗွေစစ်ဆေးမှု လုပ်ဖို့ လိုအပ်ချက်တွေ ဘာမှပါမလာခဲ့ပါဘူး။ ဥပမာပြောရရင် အိမ်ထောင်ဦးစီးရဲ့ လက်ဗွေ၊ ကိုယ်ပေါ်ထင်ရှားတဲ့ အမှတ်အသားနဲ့ ရှင်းလင်းပြတ်သားတဲ့ ဓာတ်ပုံတို့ ပါမလာခဲ့ပါ။ ကျွန်တော်တို့ အံ့သြတုန်လှုပ် ခဲ့ရတာက မတ်လ ၇ ရက်နေ့မှာ အဆင့်မြင့် ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ပါးက ပြန်လည်ခေါ်ယူရေးနဲ့ ပတ်သက်လို့ ကျွန်တော်တို့ရဲ့ အားထုတ်မှုတွေကို အပျက်မြင်ရှုထောင့်က သုံးသပ်ဝေဖန်ပြီး နိုင်ငံတကာ မီဒီယာတွေကို ပြောခဲ့တာပါပဲ။ ဒီပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ်ကို မည်သူတစ်ယောက်ကမှ နိုင်ငံရေး အမြတ်မထုတ်သင့်ပါ။ ဒီလုပ်ငန်းစဉ် အောင်မြင်ဖို့အတွက် ကျွန်တော်တို့ အစွမ်းကုန် ဆောင်ရွက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရကလည်း အဲဒီလိုပဲ ဆောင်ရွက်လိမ့်မယ်လို့ ရိုးသားစွာ ယုံကြည်ပါတယ်။ အခြားတစ်ဖက်မှာ နိုင်ငံတကာ မီဒီယာတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်နဲ့ အခြေအနေကို မျှမျှတတနဲ့ လုံလုံလောက်လောက် ရေးသားဖော်ပြ ပေးကြပါလို့ မေတ္တာရပ်ခံလိုပါတယ်။

နောက်ဆုံးအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အရေးကြီးတဲ့ တိုးတက်ဖြစ်ပေါ်မှု အချို့ကို ပြောပြလိုပါတယ်။ ပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ်မှာ မြန်မာအစိုးရကို ကူညီပံ့ပိုးဖို့အတွက် UNHCR နဲ့ UNDP တို့နဲ့ ဆွေးနွေးနေပါတယ်။ တစ်ချိန်တည်းမှာပဲ သတင်းမီဒီယာတွေ အတွက် ရခိုင် မြောက်ပိုင်းသို့ ခရီးစဉ်တွေကို နှစ်ပတ်တစ်ကြိမ် ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ကျွန်တော်တို့မှာ ခရီးသွားလာရေး၊ တည်းခိုနေထိုင်ရေး အကန့်အသတ်တွေနဲ့ လုံခြုံရေး စိုးရိမ်ရမှု စသည်တို့ရှိတဲ့အတွက် လူဦးရေနဲ့ သွားရောက်တဲ့ နေရာတွေကို ကန့်သတ်ထားရှိ ရပါတယ်။ လူတော်တော်များများကို ARSA က လက်လုပ်မိုင်းတွေ လုပ်တတ်အောင် လေ့ကျင့် ထားခဲ့ပြီးဖြစ်လို့ လုံခြုံရေးကို အလေးအနက်ထား စဉ်းစားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ အနေအထားနဲ့ အခက်အခဲကို အားလုံးနားလည် လာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်လာမယ့် ခရီးစဉ်ကတော့ နိုင်ငံတကာ မီဒီယာသမားတွေ အတွက်ဖြစ်ပြီး မတ်လ ၁၆ ရက်နေ့ ကနေ ၁၈ ရက်နေ့အထိ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ ရှင်းလင်းပြောကြားချက်ကို အဆုံးမသတ်ခင် ဒီပြန်လည်ခေါ်ယူရေး လုပ်ငန်းစဉ် အောင်မြင်ရေးအတွက် ဝိုင်းဝန်းကူညီ လာကြဖို့ နိုင်ငံတကာ အသိုက်အဝန်းနဲ့ မီဒီယာကို ကျွန်တော်ပန်ကြား လိုပါတယ်''ဟု ပြောကြားသည်။ ယင်းနောက် နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လာမည့်သူများ လက်ခံရေးနှင့် ပတ်သက်ပြီး မိမိတို့ဘက်မှ အသင့်အနေအထား ရှိကြောင်းကို ပြောကြားရာတွင် အချက် သုံးချက်ရှိကြောင်း၊ တစ်အချက်မှာ ပြန်လာမည့် သူများနှင့် နယ်စပ်ဒေသတွင် နေထိုင်သည့်သူများ၊ နှစ်အချက်မှာ နိုင်ငံတကာ အသိုက်အဝန်း၏ ပါဝင်ပတ်သက်မှုနှင့် သုံးအချက်မှာ UNHCR နှင့် WFP တို့၏ ပါဝင်ပတ်သက် မှုများဖြစ်ကြောင်း၊ မကြာသေးမီက နိုင်ငံတကာ အသိုက်အဝန်းက စိတ်ဝင်စားလေ့ရှိသော တစ်အချက်နှင့် ပတ်သက်ပြီး ရှင်းပြလိုသည်မှာ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၅ - ၁၆ ရက်နေ့က နေပြည်တော်တွင် ကျင်းပသော ပထမအကြိမ် ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးတွင် ဟိန္ဒူဘာသာဝင် ၅ဝ၈ ဦးနှင့် အစ္စလာမ်ဘာသာဝင် ၇၅ဝ အပါအဝင် အမည်စာရင်း ၁၂၅ဝ ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ မိမိတို့ ပေးပို့ခဲ့ကြောင်း၊ ယခုအခါ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်မှ ပြန်လာမည့် သူများကို မိမိတို့ စောင့်မျှော်နေကြောင်း။ ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က ဒါကာမြို့တွင် ကျင်းပသည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးများ အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးအပ်သည့် လူပေါင်း ၈ဝ၃၂ ၏ အမည်စာရင်းကို မိမိတို့ ရရှိခဲ့ကြောင်း၊ စိစစ်ရေး လုပ်ငန်းများကို လူဝင်မှု ကြီးကြပ်ရေးမှ တာဝန်ရှိသူများက လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော်လည်း ဘင်္ဂလားဒေ့ရှ် ဘက်မှ လက်ခံရရှိသော ဖြည့်စွက်ရမည့် စာရွက် (Form) များမှာ နှစ်ဦးနှစ်ဖက် သဘောတူညီထားသည့် စိစစ်ရေး (Form) များ မဟုတ်သည်ကို တွေ့ရှိရကြောင်း၊

ထို့ပြင် အဆိုပါ စိစစ်ရေး (Form) များမှာ နေထိုင်ရာအရပ်၊ မိသားစု တစ်ဦးချင်း၏ လက်မှတ်နှင့် လက်ဗွေ၊ ဓာတ်ပုံနှင့် အခြားသော အထောက်အထား အပါအဝင် အခြေခံ သတင်းအချက်အလက်များ ပါဝင်မှု မရှိကြောင်း၊ ထို့ကြောင့် သဘော တူညီထားသည့် စိစစ်ရေး (Form) ဖြင့်သာ အသုံးပြုရေးအတွက် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံရုံးနှင့် ဒါကာရှိ မြန်မာသံရုံးမှတစ်ဆင့် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်က ဘင်္ဂလားဒေ့ရှ် ဘက်ကို မိမိတို့ အကြောင်းကြားခဲ့ကြောင်း။ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်းပေါ် ယာယီနေထိုင်သော လူများနှင့် ပတ်သက်ပြီး နိုင်ငံတကာ မီဒီယာများက ရေးသားဖော်ပြမှုများ ရှိခဲ့ကြောင်း၊ အမှန်တကယ်မူ နှစ်နိုင်ငံ အစိုးရအကြား လက်မှတ်ရေးထိုးခဲ့သည့် စာချုပ်ပါ အပိုဒ်(၁၄)ကို ရှင်းရှင်းလင်းလင်း သိရှိရန် ခရိုင်အာဏာပိုင် များနှင့်အတူ စောစောကတည်း ကပင် ရှင်းပြထားခဲ့ပြီး ဖြစ်ကြောင်း၊ ဥပမာ အနေဖြင့် ဘင်္ဂလားဒေ့ရှ် အပါအဝင် အိမ်နီးချင်း နိုင်ငံများမှ သံတမန်များနှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်က နယ်စပ်ဒေသသို့ သွားပြီး ရွာသူရွာသားများ၊ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြောင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ်များသည် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်က အဆိုပါနယ်စပ်သို့ သွားရောက်ခဲ့သည့် ကျေးရွာအကြီးအကဲ များနှင့်တွေ့ဆုံကာ မိမိတို့ နေရပ်သို့ပြန်လာ ကြရန်နှင့် နှစ်နိုင်ငံ အစိုးရအကြား ၁၉၉၈ ခုနှစ်က ချုပ်ဆိုထားသော စာချုပ်ပါ အချက်များကို လိုက်နာကြရန် တိုက်တွန်းခဲ့ကြောင်း၊ နယ်စပ်ဒေသတွင် ရှိနေသူများကို ပြန်လည် ပို့ဆောင်နိုင်ရန်၊ မြန်မာအာဏာပိုင်များက အကြမ်းဖက် သမားများ၏ အန္တရာယ်မှ တာဝန်ရှိသူများကို ကာကွယ်ရန် နယ်စပ်ဒေသတွင် နေထိုင်သော သူများနှင့် စေ့စပ်ညှိနှိုင်းခြင်း၊ အင်အားပြခြင်း ဟူသည့် နည်းလမ်းကို အသုံးပြုခဲ့ကြောင်း၊ မြန်မာ အစိုးရသည် အဆိုပါဒေသအား ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့၏ ခြေကုပ်စခန်း အဖြစ်မခံနိုင်ကြောင်း။ မိမိတို့ အနေဖြင့် ချမှတ်ထားသည့် အစီအစဉ်များ အတိုင်း စိစစ်ရေး လုပ်ငန်းများ ပြီးဆုံးပါက ၎င်းတို့ကို ပြန်လည်ပို့ဆောင်ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊

သူတို့ဘက်ကလည်း ဥပဒေကို လိုက်နာပြီး မူလနေရာသို့ ပြန်လာလိုသည်ဟု ပြောကြားခဲ့ကြောင်း၊ မြန်မာအာဏပိုင်များက ၎င်းတို့၏ အရေးကိစ္စများကို ဆောင်ရွက်ရန် လုပ်သည့်အခါ ၎င်းတို့က ကြိုတင်သတ်မှတ်ချက် များဖြင့် တောင်းဆိုမှုများ ပြုလုပ်လာခဲ့ကြောင်း၊ ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ရေးနှင့် ပတ်သက်မှု မရှိဘဲ နိုင်ငံရေးနှင့် နွှယ်သည့် တောင်းဆိုမှုများကို ပေါ်ပေါ်တင်တင် တောင်းဆိုခဲ့သော Dil Mohamed ပြောကြားချက်များကို မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ခဲ့ကြကြောင်း၊ နယ်စပ်ဒေသ စာချုပ်နှင့် ဥပဒေအရ ၎င်းတို့နေထိုင်သည့် နယ်စပ်ဒေသမှာ မည်သူတစ်ဦး တစ်ယောက်မျှ နေထိုင်ခွင့် မရှိကြောင်း၊ ယင်းဒေသသည် ARSA အစွန်းရောက် အကြမ်းဖက် အဖွဲ့၏ ခြေကုပ်စခန်း ဖြစ်လာမည့် အခြေအနေရှိ၍ အန္တရာယ်ကြီးမားကြောင်း၊ ထို့ကြောင့် မြန်မာအစိုးရ အနေဖြင့် ကန့်သတ်ထားသော အဆိုပါဒေသတွင် ဝင်ရောက်နေထိုင်မှု များကို ခွင့်ပြုမည် မဟုတ်ကြောင်း၊၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က နေပြည်တော်တွင် နှစ်နိုင်ငံ သဘောတူထားသည့် ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းများကို ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့က ပျက်ပြားသွားအောင် လုပ်ဆောင်ခဲ့စဉ် ကတည်းက နယ်စပ်ဒေသတွင် တရားမဝင် နေထိုင်မှုကို မိမိတို့ ခွင့်မပြုခဲ့ကြောင်း။ နယ်စပ်ဒေသတွင် နေထိုင်သူများနှင့် ရောနှောကာ အကြမ်းဖက် သမားများ ရှိနေနိုင်သဖြင့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်ဒေသ ရှိနေထိုင်သူများ ဘေးကင်းရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်ခဲ့ရကြောင်း၊ အဓိက ရည်ရွယ်ချက်မှာ တရားဥပဒေ စိုးမိုးရေးအတွက် ဖြစ်သည့် ပြန်လည်ပို့ဆောင်ရေး အစီအစဉ်ကို မထိခိုက်ရန်ဖြစ်ကြောင်း၊ ယခုအခါ လုံခြုံရေး တပ်ဖွဲ့ဝင် အချို့ကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး နယ်စပ်ရှိ လုံခြုံရေးနှင့် အစိုးရ ဝန်ထမ်းများကို ကာကွယ်ရန် အနည်းငယ်သော လုံခြုံရေး တပ်ဖွဲ့ဝင်များကိုသာ ထားရှိခဲ့ကြောင်း။ ရခိုင်ဒေသတွင် မိမိတို့၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် အပြုသဘော ပါဝင်နိုင်သည့် အခန်းကဏ္ဍများစွာ ရှိကြောင်း၊မိမိတို့ လက်ရှိအဓိက လုပ်ဆောင်ချက်မှာ လူသားချင်း စာနာထောက်ထားရေး၊ ပြန်လည်ပို့ဆောင်ရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြန်လည် သင့်မြတ်ရေးနှင့် အဖွဲ့အစည်း နှစ်ရပ်အကြား ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နိုင်ရေးတို့ ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ပကတိ အခြေအနေကို သိရှိနားလည်ပြီး ပြန်လည် သင့်မြတ်ရေးနှင့် ရခိုင်ပြည်နယ်တွင် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးခြင်းဖြင့် မိမိတို့ကို အကူအညီ ပေးနိုင်ကြောင်း၊ မြန်မာ အာဏာပိုင်များသည် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က နေပြည်တော်တွင် UNHCR ကိုယ်စားလှယ်နှင့် UN ဌာနေညှိနှိုင်းရေးမှူးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်က နှစ်နိုင်ငံအကြား သဘောတူညီခဲ့သော ရခိုင်ဒေသမှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး အစီအစဉ်နှင့်အညီ ပြန်လည် ပို့ဆောင်ရေး အစီအစဉ်များတွင် ပါဝင်ကူညီရန် အဆိုပါ အဖွဲ့အစည်းနှစ်ခုနှင့် မိမိတို့ ဆွေးနွေးခဲ့ကြောင်း၊ ပြန်လည်ပို့ဆောင်ရေး၊ ပြန်လည်နေရာ ချထားရေးအပြင် ရခိုင်ပြည်နယ်ရှိ လူအဖွဲ့အစည်းများ အားလုံး အသက်မွေးဝမ်းကျောင်း လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် ဝိုင်းဝန်းလုပ်ဆောင်ရန် UNHCR နှင့် UNDP တို့အနေဖြင့် အသင့်တော်ဆုံး အချိန်ဟု မိမိတို့ ယူဆကြောင်း၊ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီရန် ၎င်းတို့၏ ကမ်းလှမ်းချက် များနှင့်အတူ ၂ဝ၁၈ ခုနှစ် မတ် ၉ ရက်က ပြန်လည်ရောက်ရှိ ခဲ့ပြီဖြစ်ရာ အစိုးရ အနေဖြင့် ၎င်းတို့၏ ကမ်းလှမ်းချက်များကို စဉ်းစားသုံးသပ်လျက် ရှိကြောင်း၊ လောလောဆယ် အနေဖြင့် Red Cross Movement, AHA Centre, Philippines Red Cross, Thai Red Cross Societies နှင့် ဒေသခံ လုပ်အားပေးများမှ တစ်ဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို ပေးအပ်နေကြောင်း၊ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ လကတည်းကပင် ရခိုင်ပြည်နယ်၌ ၎င်းတို့၏ အစားအသောက် ထောက်ပံ့သည့် လုပ်ငန်းများ ပြန်လည်စတင်ရန် WFP ကို မိမိတို့ ခွင့်ပြုခဲ့ပါကြောင်း၊ ယင်းမှာ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၆-၂၈ ရက်က ရောမတွင် ကျင်းပသော အမှုဆောင်အဖွဲ့ အစည်းအဝေးတွင် တင်သွင်းခဲ့သည့် Myanmar Country Strategic Plan (2018-2022) ဆိုင်ရာ WFP ၏ အစီရင်ခံစာအရ ဖြစ်ပါကြောင်း၊ ၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၆ ရက် WFP ဝင်ခွင့်ရရှိကတည်းက မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တို့တွင် လစဉ် စားနပ်ရိက္ခာ ဖြန့်ဝေ ပေးခဲ့ပါကြောင်း၊ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလတွင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၅၇ဝဝ၊ အသက်ငါးနှစ်အောက် ကလေး ၁၄ဝဝ အပါအဝင် လူပေါင်း ၃၉ဝဝဝ ကို WFP ကပံ့ပိုးမှု ပြုလုပ်ခဲ့ပါကြောင်း၊ မြန်မာအစိုးရ အနေဖြင့် ဘင်္ဂလားဒေ့ရှ် အစိုးရနှင့် ပြုလုပ်ခဲ့သော ကတိကဝတ်များ အပေါ် တာဝန်ရှိသည့် နှစ်နိုင်ငံ သဘောတူညီချက်နှင့် အညီ စိစစ်ရေး လုပ်ငန်းများ ပြီးဆုံးပြီးနောက် စနစ်တကျ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းအတွက် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၂၃ ရက်ကတည်းက ပင်စတင်ရန် အသင့်ရှိနေခဲ့ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် အတွင်း လူသားချင်း စာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာ ချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD) ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာ အောင်ထွန်းသက်က ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ် လက်ခံရန် အားလုံးအဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း၊ ပြန်လာမည့်သူများ အဆင်သင့်ဖြစ်အောင် UEHRD အနေဖြင့် ကြိုဆိုရေး စခန်းများ၊ လက်ခံရေး စခန်းများနှင့် နေရာချထားရေး စခန်းများကို ဆောင်ရွက် ထားရှိပြီးဖြစ်ကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လူ့အခွင့်အရေး ကာကွယ်ရေး၊ မတူကွဲပြားမှု များ၏ အလှတရားကို ဖော်ဆောင်ရေး၊ သည်းခံစိတ် ထားရှိရေးနှင့် လူတိုင်းအတွက် လုံခြုံမှုများကို ဖော်ဆောင်ရေး စသည့်အဓိက အချက်များကို လုပ်ဆောင်ထားပါကြောင်း၊ နိုင်ငံတော် အစိုးရက မိမိကို တာဝန်ပေးထားသည့် အတွက် ပြန်လာမည့် သူများကို လက်ခံရေး၊ ကြိုဆိုရေး၊ နေရာချထားရေးနှင့် ၎င်းတို့အတွက် အသက်မွေးဝမ်းကျောင်း စသည့် လုပ်ငန်းများကိုလည်း မိမိတို့ဘက်က ဆောင်ရွက်ပေးရန် ရှိပါကြောင်း၊ UEHRD အနေဖြင့် စီးပွားရေး အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန် ပြန်လည် ဖန်တီးပေးမည်ဖြစ်ပြီး လူသားချင်း စာနာထောက်ထားမှုနှင့် ပတ်သက်၍လည်း မိမိတို့ UEHRD အနေဖြင့် လုပ်ကိုင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ထိရောက်စွာ ပေးအပ်ရေး၊ ပြန်လည်နေရာ ချထားရေး လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းကြရေး၊ လူမှုစီးပွား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေးကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ UEHRD ၏ ထူးခြားချက်သည် နိုင်ငံတော် အစိုးရက စလုပ်ဆောင်ခြင်း မဟုတ်ဘဲ အမျိုးသား တုံ့ပြန်မှု အနေဖြင့် ပုဂ္ဂလိကရော၊ ပြည်သူရော အားလုံးပေါင်းပြီး လုပ်ဆောင်ခြင်း ဖြစ်ပါကြောင်း၊ UEHRD နှင့်ပတ်သက်သည့် လုပ်ငန်းများကို ခွဲလျှင် ၁ဝ ခုလောက်ရှိကြောင်း၊ အရေးကြီးဆုံးကတော့ လုပ်ငန်းရှင်ကြီးများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတော် အစိုးရ၊ ပြည်သူ၊ တိုင်းဒေသကြီး အစိုးရနှင့် ခရိုင်တာဝန်ရှိသူများ အားလုံးပေါင်းစပ်ပြီး လုပ်ကိုင်ဆောင်ရွက်လျက် ရှိပါကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် သတင်းမီဒီယာ များက သိရှိလိုသည်များကို မေးမြန်းရာ၌ ယနေ့သတင်းစာ ရှင်းလင်းပွဲတွင် နိုင်ငံတကာသို့ အဓိက ပေးလိုသည့် အကြောင်းအရာ၊ အချက်အလက်က ဘာဖြစ်မလဲဆိုသည့် မေးခွန်းနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ကျွန်တော်တို့ကို ကူညီပေးပါ။ နားလည်ပေးပါ။ ကျွန်တော်တို့ နိုင်ငံဟာ နိုင်ငံတကာ မီဒီယာရဲ့ ပံ့ပိုးမှုကြောင့် ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ခဲ့ပြီ။ အဲဒီ လမ်းကြောင်းပေါ်မှာ ရှေ့ဆက်ပြီးတော့ လျှောက်လှမ်းနိုင်ဖို့အတွက် ကူညီပါလို့ မေတ္တာရပ်ခံချင် ပါတယ်ဟု ဖြေကြားသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ဖမ်းဆီးရမိသူများအား မည်သည့်ပုဒ်မများနှင့် အရေးယူထားသည်၊ မည်သည့်ပြစ်ဒဏ်များ ချမှတ်သည်၊ လက်ရှိအရေအတွက် မည်မျှရှိသည် စသည့်မေးခွန်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲရေးချုပ် ရဲမှူးချုပ် ဝင်းထွန်းက ''ဖမ်းဆီးထားတဲ့ ၃၈၄ ဦးထဲမှာ အကြမ်းဖက်မှု ဥပဒေနဲ့ အရေးယူထားတာ ၂၄၈ မှု၊ လက်နက်ဥပဒေနဲ့ အရေးယူထားတာ ငါးမှုရှိပါတယ်။ အချို့သူတွေကျတော့ တစ်ဦးတည်းကနေ နှစ်မှု၊ သုံးမှု စသည်အားဖြင့် ထပ်နေတာလည်း ရှိပါတယ်။ ဒါကြောင့် စုစုပေါင်းအမှု ၂၅၃ မှုရှိပါတယ်။ ဆက်စပ်ဖြစ်စဉ်တွေ ဆိုတာကတော့ မီးရှို့မှု၊ မီးပေါ့ဆမှု၊ ဆဲဆိုခြိမ်းခြောက်မှု၊ ပုန်းလျှိုးကျော်နင်းမှု၊ ယာဉ်တိမ်းမှောက်မှု၊ နာကျင်မှု၊ ခိုးမှု၊ မတရားအသင်း၊ လူသတ်မှု၊ မုဒိမ်းမှု၊ လက်နက်မှု၊ လုယက်မှု စတာတွေနဲ့ အရေးယူထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဖမ်းဆီးခဲ့တဲ့ ၃၈၄ ဦးကို အမှုစစ်ကြော လိုက်တဲ့အခါမှာ မပေါ်လို့ လွတ်သွားတဲ့ ဦးရေက ၂၉ ဦးရှိပါတယ်။ ချုပ်နှောင် ထားတဲ့အခုလက်ရှိ တရားခံပေါင်းက ၃၅၅ ဦး ရှိနေပါသေးတယ်''ဟုဖြေကြားသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ဆက်လက်ဖြေကြားရာတွင် ''မောင်တောဖြစ်စဉ် ဖြစ်ခဲ့တဲ့ ၂ဝ၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက်နေ့ကနေ ပြီးတော့ ယနေ့ အချိန်အထိ မောင်တောခရိုင် အတွင်းမှာ မူလလူဦးရေ ကတော့ ၁ဝဝ၅၄၂၉ ဦးရှိပါတယ်။ လက်ရှိနေထိုင်လျက် ရှိတာက ၄၆၉၆၆၅ ဦး နေထိုင်လျက် ရှိပါတယ်။ နေရပ်စွန့်ခွာသွားတာ ၅၃၅၇၆၄ ဦးရှိပါတယ်''ဟုဖြေကြားသည်။ ပြန်လည်လက်ခံရေး အတွက် စိစစ်ပြီးသည့် လူဦးရေ ၃ဝဝ ကျော်နှင့် ပတ်သက်၍ မေးခွန်းကို လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဌေးလှိုင်က ဖြေကြားရာတွင် ''ဘင်္ဂလားဒေ့ရှ် ဘက်ကနေပြီး ပြည်ထဲရေးကို ဖေဖော်ဝါရီလထဲမှာ လူဦးရေ ၈ဝဝဝ ကျော်စာရင်းကို ပေးလိုက်တယ်။ ကျွန်တော်တို့ ပေးတဲ့ပုံစံနဲ့ ပြန်ပေးတာ မဟုတ်ပါဘူး။ သူတို့ပြုလုပ်ထားတဲ့ ပုံစံတစ်ခုနဲ့ ပေးလိုက်ပါတယ်။ အဲဒီထဲမှာ အိမ်ထောင်စု ၁၆၇၃ စုပါဝင်ပါတယ်။

လူဦးရေက ၈ဝ၃၂ ဦးဖြစ်ပါတယ်။ ကျွန်တော်တို့ ပြန်ပြီးစိစစ်တဲ့အခါ မနေ့ကအထိ အိမ်ထောင်စု ၉၃ ခု စိစစ်ပြီး ဖြစ်ပါတယ်။ လူဦးရေအားဖြင့် ၄၅၆ ဦး စိစစ်ပြီး ဖြစ်ပါတယ်။ အဲဒီအထဲမှာ အကြမ်းဖက်မှု ထဲမှာ ပါဝင်နေတာ သုံးဦးတွေ့ရှိ ရပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်တွေ အရ ဒီကနေ ပုံစံတွေကို ပို့ထားခဲ့ပါတယ်။ အဲဒီပုံစံတွေကို ဖြည့်ပေးဖို့ ပြောထားပါတယ်''ဟုဖြေကြားသည်။ တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူများ ပြန်လည်လက်ခံမည့် အစီအစဉ်၊ ကျေးရွာများတွင် အုပ်ချုပ်ရေး စခန်းများ တည်ဆောက်နေသည်ဟု စွပ်စွဲမှုနှင့် မြန်မာနိုင်ငံကို အရေးယူရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာမှ ဖိအားပေးနေသည့် အပေါ် အစိုးရအနေနှင့် မည်သို့တုံ့ပြန်မည်ကို သိရှိလိုကြောင်း မေးခွန်းအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူက ''ကျွန်တော်တို့ စောစောက ရှင်းပြသလိုပဲ ဇန်နဝါရီလ ၂၃ ရက်နေ့ ကတည်းက လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ။ တောင်ပြိုလက်ဝဲနဲ့ ငါးခူရစခန်းမှာ ပြန်လည် လက်ခံပေးဖို့ ကျွန်တော်တို့ ဝန်ထမ်းတွေ အားလုံးအဆင်သင့် ဖြစ်နေပါပြီ'' ဟုဖြေကြားသည်။ ဆက်လက်၍ ဒေါက်တာ အောင်ထွန်းသက်က ''လက်ခံတဲ့ပုံစံ အဆင့်သုံးဆင့်ကို သိဖို့လိုပါတယ်။ ပထမဆုံး အဆင့်ကတော့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရမှာ ကြိုဆိုရေးစခန်း ရှိပါတယ်။ အဲဒီစခန်းမှာ စစ်ဆေးပြီးပြီးချင်း လက်ခံပြီး သူတို့အတွက် နေရာချထားဖို့ စီစဉ်ပေးတာပါ။ အခုအပြောအဆို ခံနေရတာတော့ အဲဒီနေရာချထားတဲ့ နေရာတွေမှာ ဘယ်လိုဘယ်နည်း ဆောင်ရွက်နေတယ် ဆိုတာ သိချင်ကြတာပါပဲ။ ကျွန်တော်တို့ အမြင်ကတော့ ရိုးရိုးသားသား ရှင်းလင်းနေတာပါ။

လာတဲ့သူတွေ အတွက် အဆောင်တွေ ဆောက်ပေးဖို့လိုတယ်။ အဲဒီလိုဆိုတော့ရှိတဲ့ အခြေအနေကို အဆင်ပြေဆုံးဖြစ်အောင် မြေယာရှင်းလင်းရေး လုပ်တာရှိပါတယ်။ မြေယာရှင်းလင်းရေး လုပ်တဲ့ သွေးရိုးသားရိုး ကိစ္စကို တခြားအဓိပ္ပာယ် ကောက်တဲ့ ပုံစံတွေ ရှိတာတွေ့ရတယ်။ ကိုယ့်ဘက်ကတော့ လိပ်ပြာသန့်ပါတယ်။ အခုအကွက်တွေ ချနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ရွာတွေကို စနစ်တကျ ပြန်လည်တည်ဆောက်ဖို့ ဆိုရင် မြေကြီးတွေ ရှင်းမှရမှာပါ။ ဒါကိုယ့်ရဲ့ လက်ရှိ အနေအထားကို ပြောတာပါ။ ပြီးသွားရင်တော့ အဆောက်အဦတွေ ဆောက်ဖို့လုပ်နေတာ ရှိပါတယ်။ အဆောက်အဦတွေဆောက်ဖို့ အဆောက်အဦ ပစ္စည်းတွေကို အဆင်သင့် ဖြစ်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ ပြန်လာတဲ့သူတွေ အားလုံးကိုကြိုဆိုတယ်။ လုံခြုံမှုရှိအောင်၊ သိက္ခာရှိအောင် ကြိုးစားကြည့်မှာပါ။ ဒါပေမဲ့ အဲဒီလိုကြိုးစားတာက ကိုယ့်ဘက်က လုပ်နိုင်တာ။ ဖိအားပေးတာကတော့ သူတို့က ပေးတာပါ။ အလုပ်နဲ့ သက်သေ ပြကြည့်တာပေါ့။ မြန်မာနိုင်ငံကို အရေးယူဖို့ နိုင်ငံတကာ ဖိအားကို ဘယ်လိုလုပ်မလဲ ဆိုတော့ အက်ရှင်နဲ့ လုပ်ပါမယ်''ဟုဖြေကြားသည်။ ရခိုင်ပြည်နယ်သို့ Media Trip များ စေလွှတ်ရာတွင် အစိုးရစီစဉ်သည့် နေရာကို သာသွားရမည် (သို့) သွားလိုသည့်နေရာကို စီစဉ်ပေးမည်(သို့) မိမိအစီအစဉ်ဖြင့် သွား၍ ရ၊ မရ ကိစ္စနှင့် ပတ်သက်၍ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက ''ကျွန်တော်ပြောတဲ့ အထဲမှာ ပါပါတယ်။ လောလောဆယ်မှာ လုံခြုံရေး စိုးရိမ်ရတယ်။ သွားရေးလာရေး အခက်အခဲရှိတယ်။

တချို့နေရာတွေ ဆိုရင် ရဟတ်ယာဉ်နဲ့ သွားရတယ်။ တည်းဖို့ပြုဖို့ကလည်း အခက်အခဲရှိတယ်။ လောလောဆယ်မှာတော့ Title Trip ပဲ လုပ်ပေးနိုင်တယ်။ သို့သော် သွားသင့်သွားထိုက်တဲ့ နေရာတွေတော့ ထည့်ဖြစ်အောင် လုပ်နေပါတယ်။ တောင်းဆိုမှုတွေ ရှိပါတယ်။ လုံခြုံရေး တာဝန်ယူရတဲ့ ပုဂ္ဂိုလ်တွေရဲ့ သူတို့ရဲ့ သဘောထားပေါ်မှာ မူတည်ပြီးတော့ စီစဉ်ဆောင်ရွက်ပေးပါမယ်'' ဟုဖြေကြားသည်။ မောင်တောဒေသရှိ ကလေးငယ်များ အာဟာရချို့တဲ့ နေခြင်းအား Slow Ethnic Cleansing ဟု စွပ်စွဲနေခြင်းအပေါ် အစိုးရ အနေဖြင့် မည်သို့တုံ့ပြန်မည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းက ''ရခိုင်ပြည်နယ်မှာ ရှိတဲ့ ဘင်္ဂါလီ ကလေးငယ်တွေနဲ့ အာဟာရ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီး အမျိုးမျိုး ပြောကြတာတွေ ရှိပါတယ်။ တချို့ဟာတွေကလည်းပဲ တိကျမှန်ကန်တဲ့ Data အထောက်အထားတွေနဲ့ ပြောတာမဟုတ်ပါဘူး။

အဲဒီအတွက်ကြောင့် ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ဦးစီးပြီးတော့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကလေးတွေအတွက် Nutritional Statistics Survey Micro Nutrient Survey တစ်ခု ဆောင်ရွက်နေတာ ရှိပါတယ်။ ဒါဟာဆိုရင် တစ်နိုင်ငံလုံးမှာ ရှိတဲ့ ကလေးတွေရဲ့ Nutritional Statistics ကိုကြည့်ရင် ရခိုင်ပြည်နယ် တစ်ခုတည်း မဟုတ်ဘူး။ တခြားပြည်နယ်တွေမှာရော ဘယ်လို အခြေအနေ ရှိလဲဆိုတာ သိလာနိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် တစ်ခုတည်း ကွက်ကွက်ကွင်းကွင်း သတ်သတ်မှတ်မှတ် Malnutrition ၊ Under Nutrition ဖြစ်နေတာ မဟုတ်ဘူး ဆိုတာကို ကျွန်တော့် အနေနဲ့ တင်ပြလိုပါတယ်။ ဒါ့ပြင် ရခိုင်ပြည်နယ်အတွက်ကို အထူးဦးစားပေး အစီအစဉ်အနေနဲ့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန အနေနဲ့ Nutrition နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို အများကြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒီကလေးတွေ အတွက် လိုအပ်တဲ့ အစားအသောက် ဆိုလည်း World Food Programme-WFP ကနေ လိုအပ်တဲ့ Food တွေ Supply လုပ်နေသလို၊ လိုအပ်တဲ့ Supplementary တွေ၊ လိုအပ်တဲ့ Vitamin တွေ၊ Micro-Nutrient တွေ ဒါတွေကိုလည်း အပြည့်အဝ ထောက်ပံ့ဆောင်ရွက် လျက်ရှိကြောင်း ပြောကြားလိုပါတယ်။

ဒါ့ပြင် Malnutrition ကိစ္စဟာ ဦးစီးဌာန တစ်ခုတည်းနဲ့ သက်ဆိုင်တာ မဟုတ်ပါဘူး။ Multi Ministry နဲ့ သက်ဆိုင်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ ဦးစီးဌာနတွေ၊ ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ရဲ့ Master Plan တွေဆွဲပြီး ဆောင်ရွက်နေတာ တွေလည်းပဲ ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့အခါမှာ ကလေးတွေမှာ ဖြစ်တတ်တဲ့ ကူးစက်ရောဂါ တွေကြောင့်လည်းပဲ Malnutrition တွေ ဖြစ်နိုင်တဲ့ အတွက် ကူးစက်ရောဂါတွေ အတွက် လိုအပ်တဲ့ ကာကွယ်ဆေးထိုး လုပ်ငန်းတွေကိုလည်း အထူးမြှင့်တင်ပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ ဒါ့ပြင် Malnutrition ကို ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုကတော့ သန်ကောင်၊ တုတ်ကောင်၊ Infestation ရဲ့ Infectionတွေပါ။ ဒါတွေအတွက်လည်း ကျွန်တော်တို့တွေက ပုံမှန်သန်ချတဲ့ လုပ်ငန်းတွေ လုပ်ပေးနေတာတွေ လည်းပဲ ဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့ပြင် တစ်ဆက်တည်းမှာပဲ တင်ပြ လိုတာကတော့ ပြန်လည် ဝင်ရောက်လာမယ့် ပြန်လည် ဝင်ရောက်လာသူတွေမှာ ပါဝင်လာမယ့် ကလေးတွေ၊ ကိုယ်ဝန်ဆောင်တွေ အတွက်လည်း ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက ကြိုတင်ပြင်ဆင်မှုများ လုပ်ထားပါတယ်။

Nutrition နဲ့ ပတ်သက်တဲ့ Survey တွေ၊ လိုအပ်တဲ့ ကိုယ်အရပ်တိုင်းတာ၊ အလေးချိန်တိုင်းတာ ဒါတွေကိုလည်း Monitor လုပ်ထားပါမယ်။ အဲဒီမှာ Malnutrition တွေပါလာရင် ချက်ချင်း Treatment ပေးနိုင်အောင်လည်း Facilities တွေ ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ Nutrition နဲ့ပတ်သက်ပြီးတော့ ချက်ချင်း တစ်ရက်နှစ်ရက်နဲ့ လုပ်ဆောင်ခွင့် ရတဲ့ကိစ္စ မဟုတ်ပါဘူး။ နှစ်ရှည်လများ ဆောင်ရွက်မှ ဒီ Nutrition ကိစ္စဟာ ဆောင်ရွက် အောင်မြင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအခြေအနေတွေကို တိတိကျကျ သိသာနိုင်ဖို့အတွက် ဒီ Survey ကို လုပ်နေတာ ဖြစ်ပါတယ်။ ဒီ Survey ဟာ ဒီ April မှာ ပြီးပါမယ်။ အဲဒါ ပြီးတဲ့အခါမှာ ထွက်ရှိလာတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီးတော့ ဝန်ကြီးဌာနမှာရှိတဲ့ Nutrition Project ကို ကိုင်တွယ်နေတဲ့ ဌာနကနေပြီးတော့ လိုအပ်တဲ့ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေထက် ပိုမိုကောင်းမွန်တဲ့၊ ပီပြင်တဲ့၊ အကျိုးရှိတဲ့ လက်တွေ့အသုံးကျနိုင်တဲ့ လုပ်ငန်းတွေကို ထပ်ပြီးတော့ ဖြည့်တင်းပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်တဲ့ အခါမှာလည်း ကျွန်တော်တို့ တစ်ခုတည်း မဟုတ်ပါဘူး။

International က ဖြစ်တဲ့ WHO ၊ UNICEF တို့နဲ့ Support တွေနဲ့လည်း ဆောင်ရွက်လျက်ရှိကြောင်း ကျွန်တော့်အနေနဲ့ တင်ပြလိုပါတယ်''ဟုဖြေကြားသည်။ ရခိုင်အရေးနှင့် ပတ်သက်၍ Ethnic Cleansing ၊ Genocide ဖြစ်သည်ဟု အနောက်နိုင်ငံများက သတ်မှတ်နေမှုအပေါ် မည်သို့ တုံ့ပြန်မည်နှင့် စစ်တွေနှင့် ကျောက်ဖြူရှိ IDP စခန်းများကို ပိတ်သိမ်း၍ မည်သို့နေရာ ချထားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒေါက်တာ အောင်ထွန်းသက်က ''ဒီနှစ်ခုလုံးက နိုင်ငံတကာ စွပ်စွဲချက်ထဲမှာ အပြင်းထန်ဆုံး စွပ်စွဲချက်နှစ်ခု ဖြစ်ပါတယ်။ Ethnic Cleansingç Genocide ဆိုတာဟာ ကျွန်တော်တို့ လွန်ခဲ့တဲ့ အပတ်က ဂျီနီဗာမှာရော၊ ဘာလင်မှာရော ဒီမေးခွန်း မေးကြပါတယ်။ ဒီလိုမေးတဲ့အခါမှာ ကျွန်တော့်အနေနဲ့ နိုင်ငံတော် အနေနဲ့ ပြတ်ပြတ်သားသား အဖြေပေးတာတော့ Ethnic Cleansing မရှိပါဘူး။ ဒါက ပြတ်ပြတ်သားသား အာမခံတဲ့ အခြေအနေကို တင်ပြတာပါ။ ဒါကတော့ ရှင်းပါတယ်။ ဘာမှမေးခွန်းလည်း ထုတ်စရာ မရှိဘူး။ တစ်ခုရှိတာက ကိုယ့်နိုင်ငံမှာ ဖြစ်တာတွေ အားလုံးကို Ethnic Cleansing လို့ပြောလိုက်တာနဲ့၊ Genocide လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို အခြေအနေ လုံးဝမရှိပါဘူး။ မဟုတ်ပါဘူးလို့ ပြောရတာ အင်မတန် ခက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ့်လိပ်ပြာ ကိုယ်သန့်ပါတယ်''ဟုဖြေကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက '' ရခိုင်ပြည်နယ်မှာ စစ်တွေ၊ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ ကျောက်ဖြူ စုစုပေါင်း IDP စခန်း ၁၉ ခုရှိပါတယ်။ ဒါတွေကို ၂ဝ၁၄၊ ၂ဝ၁၅ ခုနှစ်ကနေ စပြီးတော့ နှစ်အလိုက်စခန်းတွေကို ဖျက်သိမ်းပြီးတော့ မူလအနေအထား ရောက်အောင် ပြောင်းရွှေ့ခဲ့ပါတယ်။ ၂ဝ၁၄-၂ဝ၁၅ ခုနှစ်မှာ ပေါက်တောမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မင်းပြားမြို့နယ် စခန်းလေးခုကနေ အိမ်ခြေ ၁၆၈ဝ ကို ကျွန်တော်တို့ ရွှေ့ပြောင်းနိုင်ခဲ့ပါတယ်။ အလားတူ ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှာလည်း အိမ်ခြေပေါင်း ၂၅၁၃ ကို စခန်းခုနစ်ခုကနေ ရွှေ့ပြောင်းနိုင်ခဲ့ ပါတယ်။ ၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ ပေါက်တော IDP က ၃၆၅ အိမ်ကို ရွှေ့ပြောင်းပေးနိုင် ခဲ့ပါတယ်။ အချုပ်အားဖြင့် ပြောမယ်ဆိုရင် IDP စခန်းဟာ ရခိုင်ပြည်နယ် အတွင်းမှာ စစ်တွေမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ် နှစ်နေရာမှာပဲ ကျန်ပါတယ်။ ဒီနှစ်နေရာမှာ စစ်တွေခရိုင်ထဲမှာ ရှိတဲ့ မြေပုံတောင်ပေါ် IDP စခန်းကို ရွှေ့ပြောင်းဖို့ အတွက် စီစဉ်ဆောင်ရွက်လျက် ရှိပါတယ်။

IDP စခန်းတွေကို ဖျက်သိမ်းတဲ့ အခါမှာ မူလနေရာမှာ ပြန်လည်နေရာ ချထားဖို့ဆိုတဲ့ အချက်က အဓိက အရေးကြီးတာ ဖြစ်တဲ့အတွက် ဒီအချက်ကို ရရှိဖို့ ပေါင်းစပ်ညှိနှိုင်းပြီးတော့ ဆောင်ရွက်နေရတာတွေ ရှိပါတယ်။ ဒါကြောင့် အချိန်ယူပြီး ဆောင်ရွက်ရတာ ဖြစ်ပါတယ်။ ဒီနှစ်မှာ ကျောက်ဖြူ IDP စခန်းကို မူလနေရာမှာ ပြန်လည်နေရာ ချထားဖို့အတွက် ကျွန်တော်တို့အနေနဲ့ မြေပြင်မှာ ညှိနှိုင်းလျက်ရှိကြောင်း တင်ပြအပ်ပါတယ်'' ဟု ရှင်းလင်းပြောကြားသည်။ ပြန်လည်လက်ခံရေး ဆောင်ရွက်ရာတွင် နေရပ်ပြန်သူများ အနေဖြင့် လုံခြုံမှု မရှိမည်ကို စိုးရိမ်ခြင်းအပေါ် ဆောင်ရွက်ပေးမည့် အခြေအနေနှင့် စပ်လျဉ်း၍ ဒေါက်တာ အောင်ထွန်းသက်က ''ဒီဖြစ်စဉ်မှာ အပိုင်းသုံးပိုင်း ရှိပါတယ်။ ပထမအပိုင်းက အကြမ်းဖက် တိုက်ခိုက်တာ၊ တကယ်တမ်း တိုက်ခိုက်တာ တော်ရုံတန်ရုံ လွယ်တာမဟုတ်ဘူး။ စခန်း ၃ဝ ကို တစ်ပြိုင်တည်း တိုက်ခိုက်တာ။ ဘာမှမပြောဘူး။

ဒါပေမဲ့ ဒုတိယ အပိုင်းဖြစ်တဲ့ တပ်ဖွဲ့ဝင်တွေရဲ့ တုံ့ပြန်မှု၊ လိုတာတို့၊ ပိုတာတို့ ဒါတွေပြောကြတာရှိတယ်။ တတိယအပိုင်း အနေနဲ့ နိုင်ငံတော် အစိုးရ အနေနဲ့ရော၊ ပြည်သူတွေ အနေနဲ့ရော အဆင်ပြေအောင် ပြန်လည်ထူထောင်ရေး လုပ်နေတဲ့အကြောင်းကို လုံးဝအာရုံ မရှိကြဘူး။ ဒါကြောင့် မီဒီယာတွေကို ပန်ကြားချင်တာတော့ တစ်နဲ့သုံးကို ပြောပါလို့ မပြောပါဘူး။ နှစ်ကိုပြောတဲ့ အချိန်မှာ တစ်နဲ့သုံးကို သတိထားဖို့ လိုပါတယ်။ အားလုံးမျှမျှတတ စဉ်းစားတတ်ဖို့ လိုပါတယ်။ အထူးသဖြင့် ပြည်တွင်းမီဒီယာက သတိထားဖို့ လိုပါတယ်။

နိုင်ငံခြား မီဒီယာကတော့ သူတို့ရဲ့ သဘောထားတွေနဲ့ တစ်၊ နှစ်၊ သုံး ရှိတာကို သိလျက်နဲ့ ဖော်ထုတ်တာတို့၊ ဦးစားပေးတာ တစ်မျိုးပါ။ တတ်နိုင်ရင်တော့ တစ်ရော၊ နှစ်ရော၊ သုံးရော အပိုင်းသုံးပိုင်း စလုံးကို တင်ပြပေးပါလို့ တောင်းပန်ချင်ပါတယ်''ဟုဖြေကြားသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်း နေရပ်စွန့်ခွာသူများ၏ လယ်ကွင်းများတွင် ဆက်လက် စိုက်ပျိုးမည့်ကိစ္စ သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာတင်ထွဋ်က ''ခုနက မေးမြန်းတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အနေနဲ့ ပြင်ဆင်ထားရှိတာက မောင်တောမြို့နယ် အတွင်း စုစုပေါင်းဧက ၇၁ဝဝဝ ရှိပါတယ်။ ဧက ၇၁ဝဝဝ လုံးတော့ မစိုက်နိုင်ဘူး။ ဒါပေမဲ့ အခြေအနေ ပေးတဲ့ နေရာဒေသတွေမှာ မောင်တောမြို့နယ်မှာ မိုးစပါးစိုက်ဧက တစ်သောင်းအတွက် ကျွန်တော်တို့ စီမံချက်ချထားပြီး ဖြစ်ပါတယ်။

မိုးစပါးဧက တစ်သောင်းကို စိုက်တဲ့အခါမှာ ပြန်လည် ဝင်ရောက်လာတဲ့ သူတွေ နေရာချထားမယ့် ကျေးရွာအုပ်စု ၁၁ အုပ်စုကို အခြေခံ ပြီးတော့ တစ်ဆက်တစ်စပ်တည်း တည်ရှိတဲ့ ကျေးရွာအုပ်စု ခြောက်အုပ်စု အပါအဝင် စုစုပေါင်း ကျေးရွာအုပ်စု ၁၇ အုပ်စုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်မှာရှိတဲ့ စက်မှုလယ်ယာ ဦးစီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနဲ့ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းဦးစီး ဌာနတို့မှ ညှိနှိုင်းပြီးတော့ မိုးစပါးစိုက်ဧက တစ်သောင်းကို စက်မှုလယ်ယာ ဦးစီးဌာနမှ ထွန်စက်ကြီးများနဲ့ ထယ်တစ်လွှာ၊ ထွန်နှစ်လွှာနှုန်း ထွန်ယက်ပေးသွားမှာ ဖြစ်ပါတယ်။ စိုက်ပျိုးမယ့် နည်းစနစ်ကတော့ အခုလည်း ကျင့်သုံးနေကြတဲ့ ကြဲပက်စနစ်ပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့ အပြည့်အဝ စီမံချက် ဆွဲထားပြီးဖြစ်ပါတယ်။ မောင်တောမြို့နယ်မှာ ဧကတစ်သောင်း စိုက်ပျိုးသွားမှာ ဖြစ်ပါတယ် '' ဟု ဖြေကြားသည်။ R2P နှင့်ပတ်သက်၍ စိုးရိမ်မှုများ ရှိနေပြီး နိုင်ငံတော် အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက် များသည် နိုင်ငံကို အရေးယူရန် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်နှင့် နိုင်ငံများ၏ လုပ်ရပ်များကို ရပ်တန့်နိုင်ရန် စွမ်းဆောင်နိုင်မှုရှိမည့် မေးခွန်းနှင့် စပ်လျဉ်း၍ ဒေါက်တာအောင်ထွန်းသက်က ''သူများစွပ်စွဲတာတွေ အားလုံး မမှန်ကန်ဘူး ဆိုတာ ကျွန်တော်တို့ ပြည်တွင်းရော၊ ပြည်ပမှာရော သွားနေတာ၊ ကိုယ့်အကြောင်းကို ကိုယ်တင်ပြမှာပါ။ ခုနကပြောသလို စွပ်စွဲတာလည်း စွပ်စွဲတာ၊ R2P လုပ်တဲ့သူတွေလည်း လုပ်တာပဲ။ ဒါပေမဲ့ ကိုယ့်ဘက်ကတော့ ကိုယ်လုပ်နိုင်တာတွေ လုပ်ဖို့တာဝန် ရှိပါတယ်။ အဲဒါကိုတော့ စိတ်ချစေချင်တယ်။ ဒီအတိုင်း လက်ပိုက်ကြည့်ပြီးတော့ လုပ်သမျှ အားလုံးခံမယ့် အနေအထား မဟုတ်ဘူး။ ကျွန်တော်တို့ ခံစရာအကြောင်းလည်း မရှိဘူး။ ခံမယ့်လူမျိုးလည်း မဟုတ်ဘူး။

ဒါကြောင့် ဒါကိုသတိထားစေ ချင်တယ်။ သူတို့ လုပ်တာတွေအားလုံး၊ ဖိအားတွေ အားလုံးကို ဒီအတိုင်း လက်ပိုက်ကြည့်ပြီး အားလုံးကို မှန်တယ်လို့ ဘယ်တော့မှ လက်မခံဘူး။ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး အကျိုးအတွက်ကတော့ ကျွန်တော်တို့ စောင့်ရှောက်ရမယ်။ ကိုယ့်နိုင်ငံသည် လွတ်လပ်တဲ့နိုင်ငံ၊ သူတို့ပြောတာတွေ အားလုံးကို လက်မခံဘူး မဟုတ်ဘူး။ ကိုယ့်နိုင်ငံက ကိုယ့်နိုင်ငံပဲ၊ ဒါသူတို့အကြောင်းနဲ့ သူတို့၊ သူတို့ကိုမပြောဘူး။ ဒါပေမဲ့ ကိုယ့်ဘက်ကတော့ ကိုယ်လုပ်စရာရှိတာကို လုပ်မယ်။ ကျွန်တော်တို့မှာ အင်မတန်မှ ထိလွယ်၊ ရှလွယ်၊ သိမ်မွေ့လွယ်တဲ့ ကာလဖြစ်ပါတယ်။ ဒီကာလမှာ အနှောင့်အယှက် ဖြစ်မယ့်ဟာတွေ အားလုံးကို တတ်နိုင်သမျှ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးနဲ့ အချင်းချင်း စည်းလုံးပြီးတော့ နားလည်မှု ရှိအောင်လုပ်ဖို့ လိုပါတယ်။ တစ်ဖက်ကလည်း သူတို့ပြောလိုက်လို့ နားထောင်တာ မဟုတ်ဘဲနဲ့ ကိုယ့်ဘက်ကလည်း ပြောခွင့်ရှိတယ်လို့ ယူဆပါတယ်။ narrative ဆိုတာ တစ်ဖက်တည်း မပိုင်ပါဘူး။ သူတို့မှာ ပိုင်သလို ကိုယ့်မှာလည်း ကိုယ့် narrative နဲ့ ကိုယ်ရှိပါတယ်။

ဒီတော့ မြန်မာတွေရဲ့ narrative ကို ဆရာတို့ အနေနဲ့ကတော့ ဒီ Press Conference မှာ တင်ပြစေချင်တယ်။ လက်ခံတာ၊ လက်မခံတာ နားထောင်တဲ့လူရဲ့ဆန္ဒ၊ ဆရာတို့လည်း သူတို့ရဲ့ narrative ကို နားလည်အောင် ကြိုးစားကြည့်တယ်။ narrative နှစ်ခုရှိတဲ့အခါမှာ ဒီနေ့သူတို့ ပြောတာတွေ အားလုံးမှန်ပြီးတော့ ကိုယ်ပြောတာတွေ အားလုံး မှားတယ်လို့ ယူဆလို့မရဘူး။ အဲဒါလေးကိုတော့ သတိထားစေချင်တယ်''ဟု ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ''ခုနက ဆရာပြောသွားတယ်။ National Response လုပ်တာ၊ Government Response မဟုတ်ဘူး။ UEHRD ဆိုတာ လုပ်နိုင်အောင် လုပ်ရမှာပါ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသွားတဲ့ စကားလေးလည်း ရှိတယ်။ ပျော့ပျောင်းတာက ပျော့ညံ့တာ မဟုတ်ဘူး။ ညှိနှိုင်းတာက အရှုံးပေးတာ မဟုတ်ဘူး။

အဲဒီအတိုင်းပဲ ကျွန်တော်တို့က သွားမှာပါ။ Genocide ဆိုတာ မဖြစ်ခဲ့ဘူး။ Ethnic Cleansing ဆိုတာ မရှိခဲ့ဘူး။ အဲဒီတော့ R2P လည်း မဖြစ်နိုင်ဘူး''ဟုဖြေကြားသည်။ ယနေ့ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲသို့ ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရဲရေးချုပ် ရဲမှူးချုပ်ဝင်းထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ သံရုံးများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger