www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 13, 2017

အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် ဆောင်းခိုငှက်များ ပျံသန်းရာလမ်းကြောင်း ဖြစ်သောအရှေ့အာရှ-သြစတြေးလျ လမ်းကြောင်းရှိ အရေးကြီးသောရေဝပ် ဒေသအဖြစ် သတ်မှတ်ခံထားရ



မိုးညှင်း ၁၃-၁၀-၂၀၁၇

ကချင်ပြည်နယ် မိုးညှင်းခရိုင်မိုးညှင်းမြို့နယ်အတွင်းရှိ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောသည် မြန်မာနိုင်ငံ၏ အကြီးဆုံးနှင့် အရှေ့တောင်အာရှတွင် တတိယအကြီးဆုံး ရေချိုအိုင်ကြီး ဖြစ်သည်။

အင်းတော်ကြီးကန်နှင့် ၎င်း၏ရေဝေရေလဲ ဒေသများကို အဓိကကာကွယ်ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည့် သဘာဝထိန်းသိမ်းရေး နယ်မြေတစ်ခု ဖြစ်သည့်အပြင် ၂ဝဝ၄ခုနှစ် ဒီဇင်ဘာလမှစတင်၍ ကမ္ဘာပေါ်ရှိ ဆောင်းခိုငှက်များ ပျံသန်းရာ လမ်းကြောင်းဖြစ်သော အရှေ့တောင်အာရှ-သြစတြေးလျ လမ်းကြောင်းရှိ အရေးကြီးသော ရေဝပ်ဒေသတစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် နေရာဖြစ်ကြောင်း အင်းတော်ကြီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးမောင်ဝင်းက ပြောပြသည်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို မြန်မာနိုင်ငံ၏ အကြီးဆုံးကုန်းတွင်း ရေဝပ်ဒေသနှင့်ဌာနေ ရေပျော်ငှက်များ၊ ရာသီအလိုက် ပြောင်းရွှေ့ကျက်စားသော ဆောင်းခိုငှက်များကို ထိန်းသိမ်း ကာကွယ်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်းတို့၏ နေရင်းဒေသများ ဖြစ်သော အင်းတော်ကြီးကန်၏ ရေဝေရေလဲဒေသများကို ထိန်းသိမ်းကာကွယ်ရန်၊ တရားမဝင် သစ်ထုတ်ယူခြင်း၊ ရွှေနှင့်အခြားသတ္တုများ တူးဖော်ခြင်း၊ အမဲလိုက် ခြင်းနဲ့ ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ခြင်းများ ကင်းစင်ပပျောက်စေရန်၊ ဘေးမဲ့တောထိန်းသိမ်းရေး လုပ်ငန်းအပေါ် ပြည်သူလူထုမှ နားလည်သဘောပေါက်လာပြီး ထိန်းသိမ်းရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်နှင့် သဘာဝသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုစေရန်ဆိုသည့် ရည်ရွယ်ချက်များနှင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်လျက်ရှိကြောင်း ၎င်းကဆက်လက် ပြောပြသည်။

အဆိုပါ အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအတွင်း နှင့်အင်းတော်ကြီးကန် အတွင်းတွင် နို့တိုက်သတ္တဝါ မျိုးစိတ် ၃၄ မျိုး၊ ကုန်းနေရေနေနှင့် တွားသွားသတ္တဝါ မျိုးစိတ် ၈၈ မျိုး၊ သစ်တော၊ရေပျော်ငှက်မျိုးစိတ် ၃၁၂မျိုး၊ သိပ္ပံလောကတွင် မှတ်တမ်းတင်ထားခြင်း မရှိသေးသော ငါးမျိုးစိတ်ခြောက်မျိုး အပါအဝင် ငါးမျိုးစိတ် ၉၅ မျိုးနှင့်လိပ်ပြာ မျိုးစိတ် ၅ဝတို့ကို မှတ်တမ်းတင်နိုင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းသာမက ပြည်ပခရီးသွားဧည့်သည်များကိုပါဆွဲဆောင်မှုရှိစေခြင်းကြောင့် နွေ၊မိုးနှင့်ဆောင်းရာသီပါမကျန် လေ့လာရေးခရီးအဖြစ် လာရောက်ြကမှုများပြားကြကြောင်း သစ်တောဦးစီးဌာန သဘာဝပတ်ဝန်းကျင်နှင့်သား ငှက်ထိန်းသိမ်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger