www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, June 1, 2017

ငါးမျိုးပြုန်းတီးခြင်းနှင့် ပြည်တွင်းငါး ဈေးကွက်




နွယ်ဦးမွန် (ကျုံဒါး) ၁-၆-၂၀၁၇

ပြည်တွင်းငါး၊ ပုစွန်ကဏ္ဍာမှာ တစ်စထက်တစ်စ ဖမ်းဆီးရရှိမှု နည်းပါးလာသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ရှားပါး လာရခြင်း အကြောင်းအမျိုးမျိုးရှိသည့် အနက်ရာသီဥတု ဖောက်ပြန်မှုနှင့် လူတို့၏ပယောဂကြောင့် ဖြစ်ရသော အကြောင်းနှစ်ချက် သည်လည်း အပါအဝင်ဖြစ်သည်။

ရာသီဥတုဖောက်ပြန်သည့် နောက်ပိုင်းနှစ်များတွင် မိုးရွာသွန်းမှုနှင့် ဆီးနှင်းကျမှုတို့ နည်းပါးလာသည်ကို တွေ့ရသည်။ ငါးရံ့၊ ငါးခူ၊ ငါးပြေမ၊ ငါးမြွေထိုး၊ ကဘီလူး၊ ကပုလဲ၊ ငါးပတ် စသည့်ငါးများသည် မိုးဦးကျ မိုးရွာသည်နှင့် လယ်ကွင်း၊ တောကွင်း၊ ချောင်း၊ မြောင်း၊ကန် စသော မိုးရေပြည့်သည့် နေရာများ၌ မိတ်လိုက်ကြသည်။ ငါးရစ်တက်သည် ဟုလည်း ခေါ်သည်။

ထို့နောက် ဥချ၍ သားပေါက်ကြသည်။ ပုစွန်များသည် လယ်ကွင်းထဲ၌ရှိသော ရိုးပြတ်များ၊ မြက်ပင်ခြောက်များ၊ ကန်သင်းဘေး ရေညှိရေမှော်များ၌ ဥများချကြသည်။ ထိုဥများသည် မိုးရေထဲတွင် အကောင်ပေါက်သည်။ မိုးများများ ရွာ၍မိုးရေများများ လျှံလျှင်ငါး၊ပုစွန်တို့ များများပေါက်သည်။ မိုးနည်းပါက ဥတို့ပျက်စီးကာ ငါး၊ပုစွန်တို့ အပေါက်နည်းရသည်။ မိုးရေမထိသော ငါးဥ၊ပုစွန်ဥများ ဆိုလျှင်လုံးဝပျက်စီး ကြရသည်။

နောက်တစ်ချက်မှာ ပင်လယ်ဒီရေတောများ ပျောက်ကွယ်သွားခြင်းနှင့် ပင်လယ်ဆုတ်သွား၍ သောင်များ၊ ကျွန်းများ၊ ကုန်းများထွန်းသော အကြောင်းကလည်း ငါးများ၊ ပုစွန်များပေါက်ပွားရန် ဥချရမည့်နေရာများ နည်းပါးသွားခြင်း ထဲတွင်တစ်ခု အပါအဝင် ဖြစ်သည်။

ထို့ပြင်လူတို့၏ မဆင်မခြင် ငါးဖမ်းဆီးမှုများကြောင့် ငါးမျိုးသုဉ်းရသည်လည်း ရှိသည်။ မိုးဦးကျသည်နှင့် ငါးရစ်တက်လာသော ငါးများကို ဖမ်းဆီးကြသည်။ ငါးစင်ရိုင်း၊ ငါးပတ်၊ ငါးရံ့၊ ငါးခူ၊ ငါးဖန်ဝိုင်း၊ ငါးရှဥ့်၊ ငါးလင်ပန်း၊ ကဘီလူး၊ ကသပိုးစသည့် ငါးများက မိုးရေရှိသော လယ်ကွင်းများထဲသို့ အလုအယက်တက်၍ မိတ်လိုက်ကြသည်။

ထိုငါးများသည် မရေမတွက်နိုင်အောင် အုပ်ချီ၍ တက်လေ့ရှိပြီး မည်သည့်အန္တရာယ်ကိုမျှ ဂရုမထားတတ်သောကြောင့် လူတို့က လက်ဖြင့်လည်းဖမ်း ကြသည်။ ဓားဖြင့်လည်း ခုတ်ယူကြသည်။ ပိုက်ကွန်ပစ်၍လည်း ဖမ်းကြသည်။တောရွာများ၌ ငါးရစ်ခုတ်သည် ဆိုသောစကား တစ်လုံးသည် မိုးဦးကျအခါတွင် အတော်ပင် ရေပန်းစားသည်။ မီးအုပ်ဆောင်းများ၊ ဓာတ်မီးများ၊ ဘက်ထရီ မီးချောင်းများကို အသုံးပြု၍ လူတိုင်းနီးပါး ငါးရစ်ခုတ် ထွက်ကြသည်။တချို့က ဟင်းစားရှာသည်။

တချို့က စီးပွားဖြစ် ဖမ်းကြသည်။ ယင်းတားခြင်း၊ မြှုံးထောင်ခြင်းသာမက ပိုက်တို့နှင့်လည်း ထောင်ဖမ်းကြသည်။ ထိုလူတို့ဖမ်းယူသော ငါးများမှာ ဥကပ်၍ ငါးမျိုးဆက်များကို ထုတ်လုပ်ပေးမည့် မျိုးငါးများသာ ဖြစ်ကြသည် ထိုငါး များ၏ဗိုက်ထဲ၌ အကောင်စေ့ ဥပြည့်ဖြစ်သည်ကို တွေ့ရသည်။ ထိုဥငါးများကို ဖမ်းဆီးသတ်ဖြတ် ခြင်းကြောင့် ငါးမျိုးသုဉ်းကာ ငါးရှားပါးလာရခြင်း ဖြစ်သည်။

လယ်ယာလုပ်ငန်းခွင်၌ လယ်သမားများ ဓာတုဗေဒပိုးသတ်ဆေးများ သုံးစွဲခြင်းကြောင့်လည်း ငါး၊ပုစွန်များ သေကျေပျက်စီး ရသည်။ လယ်ကွင်းထဲ၌ရှိသော ငါး၊ပုစွန်တို့ သေကျေပျက်စီး ရုံတင်မကဘဲ ထိုလယ်ထဲရှိ ပိုးသတ်ဆေး များနှင့်ရောနှော နေသောရေများသည် မိုးရေနှင့်အတူ ချောင်းများ၊ မြစ်များအတွင်းသို့ စီးဆင်းသွားကြ ပြန်သည်။ ထိုရေများသည် အဆိပ်ရေများ သဖွယ်ဖြစ်သောကြောင့် မြစ်ချောင်းများ၌ ရှိသောငါး၊ ပုစွန်တို့သေကျေ ရပြန်သည်။

ထိုမှတစ်ဆင့် ပင်လယ်အတွင်းသို့ ထိုအဆိပ်ရေများ ဆက်လက်စီးဆင်းရောက်ရှိ သွားပြန်လေသည်။ ထိုရေဆိုးများ၏ ဒဏ်ကိုပင်လယ်ပြင်ရှိ ရေသတ္တဝါတို့ အနည်းနှင့်အများ ခံရဖွယ်ရှိသည်မှာ မလွဲပေ။

စည်းကမ်းမစောင့်သော ရေလုပ်သားများကြောင့် လည်းပါသည်။ မေ၊ဇွန်နှင့် ဇူလိုင်လမြန်မာလို တန်ခူးလ၊ကဆုန်လနှင့် နယုန်လတို့သည် ငါးများမိတ်လိုက် ဥချသော ရာသီဖြစ်သည်။ ထိုအချိန်တွင် ငါးဖမ်းခြင်းကို မရှောင်ကြဘဲ လက်လွတ်စပယ် ဖမ်းဆီးနေကြသည်။ ဥများဖြင့်ပြည့်နေသော ငါးမကြီးများသေကျေ ကြရသည်။ ထိုအချိန်တွင် ဖမ်းမိသည့်ငါးများ၏ ဗိုက်ထဲ၌ ငါးဥပေါင်း သိန်းနှင့်ချီ၍ သန္ဓေလွယ်ထားသော ငါးမကြီးများသာ ဖြစ်သည်။

ရှေးက ရေလုပ်သားကြီးများသည် တန်ခူးလပြည့်မှ ဝါဆိုလပြည့်အထိ ပိုက်မျှောခြင်း၊ ငါးဖမ်းခြင်းကို ရှောင်ကြသည်။ ယင်းကို ဝါရှောင်သည်ဟု ခေါ်သည်။ ငါးများဥချ သားပေါက်နေသော အချိန်ဖြစ်သောကြောင့် ဖြစ်သည်။ ဥငါးများ ကိုမဖမ်းအပ်၊ မစားအပ်ဟု အယူရှိသည်။ ငါးသလောက်ဆိုလျှင် ၅ဝ ကျပ်သားအောက်ငါးကို မဖမ်းပေ။ ပိုက်ကွက်ကလည်း ငါးသေးများကို မမိသော ပိုက်ကွက်ကျဲ ဖြစ်သည်။ ယနေ့ခေတ် ရေလုပ်သားများ အသုံးပြုသော ပိုက်ကွက် သည်အလေးချိန် ငါးကျပ်သားရှိသည့် ငါးကိုပင် မိသည့်ပိုက်ကွက် ဖြစ်သည်။ ရေလားငါးလား ပိုက်ဖြင့်ဖမ်း ကြသည်။

ပိုက်ကွက်သည် မည်မျှအတိုင်းအတာ ရှိသည့်ပိုက်ကွက်ဖြင့် ဖမ်းရမည်၊မည်သည့် ရာသီတွင် မဖမ်းဆီးရ၊ ပုစွန်တုပ်ကိုလည်းကောင်း၊ ကဏန်းကိုလည်းကောင်း၊ တခြားငါးများကို လည်းကောင်း မည်မျှသေးငယ်လျှင် မဖမ်းဆီးရဟု ဥပဒေသတ်မှတ် ထားသော်လည်း လိုက်နာဟန်မတူကြပါ။ တစ်ခါတွင် ပုစွန်တုပ်ဝယ်သည့် ပုဂ္ဂလိကဒိုင်တစ်ခု၌ ပုစွန်တုပ်ကြီး၏ ဗိုက်၌ကပ်နေသော ဥများကိုဖယ်ပစ်နေ၍ မေးကြည့်ရာ ''ဒီအချိန်ပုစွန်ဥတဲ့ ရာသီဖြစ်လို့ မဖမ်းရဘူး။ ဥပုစွန်ကိုဖမ်းရင် အရေးယူခံရမယ်။ ဒါကြောင့် ဥတွေကိုဖယ်ပစ်နေတာ'' ဟုပြောသည်။ ဤသို့ ဥပဒေကို လက်တစ်လုံးခြား လုပ်ကာဖမ်းဆီး ရောင်းချ နေကြသည်။ ထို့ကြောင့်အဖိုးတန် သောပုစွန်တုပ်ကြီးများ အလွန်ရှားပါး လာရ ခြင်းဖြစ်သည်။

ပင်လယ်ပြင်၌လည်း သမားရိုးကျပိုက်များ ဖြင့်မျှော၍ ငါးဖမ်းခြင်း မဟုတ်တော့ဘဲ ဂျုတ်ဟုခေါ်သော ရေကြမ်းပြင်ထိ တရွတ်တိုက်ဆွဲသည့် ပိုက်များဖြင့် ဖမ်းကြသောကြောင့် ငါးမှန်သမျှ အလွတ်မရှိဘဲ ငါးပြုန်းတီး လေသည်။ယခင် ကပင်လယ်ပြင်၌ ထောင်ကြသော အင်္ဂလန်ကျား ပိုက်များ၏ နေရာတွင်ဘုံကျောင်း ပိုက်များဖြင့် တရားမဝင်အကြီးအကျယ် ခိုးထောင်ကြသော ကြောင့်လည်း ငါး၊ပုစွန်များ အလွန်အကျွံပြုန်းတီး ပျက်စီးကြလေသည်။

ကမ္ဘာ့နိုင်ငံ အသီးသီး၌ ငါးဖမ်းဆီးခွင့် ပိတ်ပင်သည့် အချိန်ကာလ (Close Season) နှင့်ငါးဖမ်းဆီးခွင့် ပိတ်ပင်သည့်ဒေသ (Close Area) များကို ငါးများပေါက်ပွား တတ်သည့် အချိန်ကာလအလိုက် ငါးသယံဇာတများ ထိန်းသိမ်း ရေးအတွက် သတ်မှတ်ထားရှိသည်။

မြန်မာနိုင်ငံ၌လည်း ငါးသယံဇာတများ ပြုန်းတီးလျော့ပါး လျက်ရှိရာ သုတေသန ပြုချက်အရ ရေငန်ငါး (ပင်လယ်ငါး) မျိုးအပိုင်း၌ နှစ် ၃ဝ အတွင်း ရေပေါ်ငါး ၉ဝ ရာခိုင်နှုန်းခန့်နှင့် ရေအောက်ငါးမှာ ၆ဝ ရာခိုင်နှုန်းခန့် လျော့ပါး လျက်ရှိကြောင်း တွေ့ရှိရသည် ဟုဆိုသည်။ ငါးရစ်ငါးသန် ချိန်များတွင် ငါးများကို ဖမ်းယူခြင်း မပြုကြရန် အမိန့်ကြော်ငြာစာအမှတ် (၂/၉၂) ထုတ်ပြန်ထားသည်။ အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ပါက တိုင်းဒေသကြီး နှင့်ပြည်နယ် အသီးသီးရှိ ရေချိုရေငန်ဥပဒေအရ ဖမ်းဆီး၍ တရားစွဲဆို အပြစ်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် ငါးသယံဇာတများ ပေါများပြီး ပြည်သူတို့ထာဝရ စားသုံးနိုင်ရန် နိုင်ငံတော်က ချမှတ်ထားသော စည်းကမ်းဥပဒေများကို လိုက်နာစောင့်ထိန်း ကြခြင်းဖြင့် ယခုလို မိုးဦးကျအခါတွင် မျိုးငါးများဖြစ်သော ငါးရစ်ငါးသန်များကို ဖမ်းယူခြင်းမှ ရှောင်ကြဉ်ကြပါရန် နှိုးဆော်အပ်ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ စာ (၅)

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page