www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 6, 2017

အစွန်းရောက်များ၏ အကြမ်းဖက်ခြိမ်းခြောက်မှု သို့မဟုတ် လုပ်ဆောင်ရန် လိုအပ်လာသည့် ရုရှား-ဥရောပ ပူးပေါင်းမှု


Blast in St Petersburg

( သင်းအောင် ဘာသာပြန်သည်။ )

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ မြေအောက်မီးရထား ဘူတာရုံတစ်ခု၌ ယခုရက်သတ္တပတ် အစောပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီးနောက် အစ္စလာမ်မစ် အစွန်းရောက် များ၏ အကြမ်းဖက် ခြိမ်းခြောက်မှုသည် ရုရှားနိုင်ငံသို့ ကူးစက်ရောက်ရှိ လာပြီလား ဟူသော မေးခွန်းတစ်ရပ် ထွက်ပေါ်လာ စေခဲ့သည်။

အဆိုပါဖောက်ခွဲ တိုက်ခိုက်မှုသည် ရုရှား တစ်နိုင်ငံလုံးကို စိန်ခေါ်လိုက်သည့် လုပ်ရပ် တစ်ခုဖြစ်ပြီး ကောင်းစွာကြိုတင် စီစဉ်ထားသော တိုက်ခိုက်မှု ဖြစ်သည်ဟု ရုရှား ကျွမ်းကျင်သူများက ဆိုသည်။ ယင်းတိုက်ခိုက်မှု အတွင်း လူ ၁၄ ဦးသေဆုံးပြီး ၄၉ ဦး ဒဏ်ရာရရှိ သွားခဲ့သည်။

တိုက်ခိုက်မှု၏ အဓိကလက်သည် တရားခံမှာ အက်ဘာဇွန် ဂျာလီလော့ဗ် ဆိုသူဖြစ်ပြီး ၄င်းသည် တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် ISIS စစ်သွေးကြွ အဖွဲ့နှင့် အဆက်အသွယ် ရှိနိုင်သည်ဟု ရုရှား ထောက်လှမ်းရေး အဖွဲ့က ယူဆလျက် ရှိသည်။

ရုရှား ထောက်လှမ်းရေး အဖွဲ့ဝင်များသည် ဂျာလီလော့ဗ်၏ နေအိမ်ကိုရှာဖွေ ထောက်လှမ်းပြီးနောက် အဆိုပါနေအိမ် အတွင်းသို့ ဝင်ရောက်ရှာဖွေ ခဲ့ပြီးဖြစ်သည်။ ဂျာလီလော့ဗ် သည် ပေါက်ကွဲမှု ဖြစ်ပွားသည့် နေ့တွင် ကျောပိုးအိတ် တစ်လုံးအပြင် တခြား အိတ်တစ်လုံးကို ယူဆောင်၍ ၄င်း၏နေအိမ် မှ ထွက်ခွာသွား သည်ကို ရုရှားအာဏာပိုင် များက ထောက်လှမ်းရေး ကင်မရာများမှ ဖမ်းယူနိုင်ခဲ့သည် ဟု ဆိုသည်။

ဂျာလီလော့ဗ် သည် အသက် ၂၂ နှစ်အရွယ်ရှိ ကာဂျစ္စတန် နိုင်ငံသား ဖြစ်သည်။ ၄င်းသည် အော့ရှ်မြို့က ဖြစ်ပြီး အတည်မပြု နိုင်သေးသည့် သတင်းများအရ ၂ဝ၁၁ ခုနှစ်တွင် မိဘများနှင့်အတူ စိန့်ပီတာစဘတ်မြို့ သို့ ပြောင်းရွှေ့ သွားသည်ဟု ကာဂျစ္စတန် လုံခြုံရေးအဖွဲ့က ထုတ်ပြန်ထားသည်။ နောက်ပိုင်းတွင် ၄င်းတို့ မိသားစုသည် အော့ရှ်မြို့သို့ ပြန်လည်ရောက်ရှိ လာပြီးနောက်ပိုင်း အကြောင်းအရာ များကို စုံစမ်း ဖော်ထုတ်နေဆဲ ဖြစ်သည်။ 

၎င်းသည် မြေအောက်မီးရထား ဘူတာရုံကို မည်သည့် အကြောင်းရင်း ကြောင့် တိုက်ခိုက်ခဲ့ရ သနည်းဟူသော မေးခွန်းနှင့် စပ်လျဉ်း၍ ရုရှားအာဏာပိုင် များက တိတိကျကျ ထုတ်ပြန်နိုင်ခြင်း မရှိသော်လည်း ၄င်းကို အစ္စလာမ်မစ် အစွန်းရောက်များနှင့် ဆက်နွှယ်မှုရှိသည် ဟု အင်တာဖက်စ် သတင်းအေဂျင်စီ က ဖော်ပြထားသည်။ သို့သော် အသေးစိတ်ရှင်းပြ ထားခြင်း မရှိပေ။ မည်သို့ပင်ဆိုစေကာမူ အဆိုပါမီးရထားဘူတာရုံ အကြမ်းဖက်မှုသည် အစွန်းရောက်များက နိုင်ငံအတွင်းရှိ မည်သည့်နေရာဒေသ ကိုမဆို ပစ်မှတ်ထား တိုက်ခိုက် နိုင်သည်ဟူသော သတင်းစကားကို ရုရှား အစိုးရအား ထုတ်ဖော်ပြသ လိုက်သကဲ့သို့ ဖြစ်သည်ဟု လည်း ဆိုနိုင်သည်။ သို့ရာတွင် အကြမ်းဖက်သမား များ၏ ကြိုးပမ်းမှုမှာ မည်သည့်အခါမျှ အောင်မြင်မည် မဟုတ်ဟု ရုရှား ကျွမ်းကျင်သူများက ဆိုထားသော်လည်း ရုရှားအစိုးရ အနေဖြင့် နိုင်ငံအတွင်း ထွက်ပေါ် လာနိုင်သည့် အကြမ်းဖက်မှု များကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေး အတွက် ပုန်းကွယ် ထောက်လှမ်းရေး ကွန်ရက်စနစ် များတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်နေသေး သည်ဟု Alpha Group အကြမ်းဖက် တန်ပြန်ရေး တပ်ဖွဲ့မှ ဒုတိယ ဥက္ကဋ္ဌ အလက်ဇီဖီလာတော့ပ် က ထောက်ပြ ထားသည်။

ယခုဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုသည် ISIS စစ်သွေးကြွ များနှင့် ဆက်နွှယ်မှုရှိသည့် ဒုတိယမြောက် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာဖွယ် ရှိသည်။ အဖွဲ့အပေါ် သစ္စာခံထားသည့် အမျိုးသား နှစ်ဦးသည် မော်စကိုမြို့တော် အနီး ဘာလာရှီကာမြို့ အဝေးပြေး လမ်းမကြီးပေါ်ရှိ စစ်ဆေးရေး ဂိတ်တစ်ခုကို ၂ဝ၁၆ ခုနှစ် သြဂုတ် ၁၉ ရက် က ပုဆိန်များ၊ သေနတ်များဖြင့် တိုက်ခိုက် ခဲ့သည်။

ယင်း တိုက်ခိုက်မှုမှာ ရုရှားမြေ၌ ပထမဆုံးအကြိမ် ဖြစ်ပွားသော ISIS စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်သည့် တိုက်ခိုက်မှုအဖြစ် ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ရုရှားအစိုးရသည် ဆီးရီးယားရှိ ISIS စစ်သွေးကြွ အဖွဲ့အပါအဝင် ၄င်းတို့၏ မဟာမိတ် အစွန်းရောက် အဖွဲ့များကို ချေမှုန်းတိုက်ခိုက် ရာတွင် ပါဝင်နေခြင်းသည် ရုရှားနိုင်ငံ အတွင်း အကြမ်းဖက်မှုများ ထွက်ပေါ်လာ နိုင်စေသည့် အကြောင်းရင်း တစ်ခုဖြစ်သည်ကို ငြင်းဆိုနိုင်ခြင်း မရှိပေ။

အကြောင်းမှာ ISIS စစ်သွေးကြွ အဖွဲ့ကို ထောက်ခံနေသူ များသည် ကမ္ဘာအနှံ့အပြား၌ ရှိနေသည့်အပြင် မွတ်စလင် ဘာသာဝင် အများစု နေထိုင်ရာဖြစ်ပြီး အစ္စလာမ်မစ် စစ်သွေးကြွများ လှုပ်ရှားလေ့ ရှိသည့် ကော့ကေးဆပ် ဒေသ၌လည်း ရှိနေသည်ကို ရုရှားအစိုးရက မဖြစ်မနေ သတိမူရမည့် အခြေအနေသို့ ရောက်ရှိလာပြီ ဖြစ်သည်။ ထို့ပြင် အရှေ့အလယ်ပိုင်း၌ မရှုမလှ ရှုံးနိမ့်ပြီး ယင်းဒေသမှ ထွက်ခွာလာသည့် စစ်သွေးကြွ များသည် ရုရှားအစိုးရ၏ အကျိုးစီးပွားကို တိုက်ခိုက်နေသည့် ချေချင်းညာ ဒေသမှ အစွန်းရောက်များ နှင့်ပူးပေါင်း၍ တိုက်ခိုက်မှုများကို ထပ်မံပြုလုပ် လာဖွယ်ရှိသည်။

ထို့ကြောင့် ရုရှားအစိုးရ အနေဖြင့် နိုင်ငံအတွင်း အကြမ်းဖက်မှုများ ထပ်မံ မပေါ်ပေါက်စေရေး လုပ်ဆောင်ရာတွင် အိမ်နီးချင်း ဥရောပနိုင်ငံများနှင့် ပူးပေါင်းရန် လိုအပ်လျက် ရှိသည်။ စိန့်ပီတာစဘတ်မြို့ မြေအောက် မီးရထား ဘူတာရုံ တိုက်ခိုက်ခံရမှုသည် အိမ်နီးချင်းနိုင်ငံများ အပေါ် လုံခြုံရေးအရ အကျိုးသက်ရောက်မှု ရှိသဖြင့် ယူကရိန်း လက်နက်ကိုင် ပဋိပက္ခကြောင့် ရုရှားနိုင်ငံကို ဘေးဖယ်ထားမည့်  အစား လုံခြုံရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ရုရှား အပါအဝင် အိမ်နီးချင်းနိုင်ငံများ အနေဖြင့် ပူးပေါင်းလုပ်ဆောင် ရမည်ဟု ချက် သမ္မတ နိုင်ငံမှ စစ်ရေးသုံးသပ် လေ့လာသူ မာတင်ကိုးလ်လား က ဆိုသည်။

ရုရှားနှင့် အိမ်နီးချင်း ဥရောပနိုင်ငံများ၊ အထူးသဖြင့် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ များအကြား သဘောထား ကွဲလွဲမှုများ ရှိနေသော်လည်း စိန့်ပီတာစဘတ်မြို့ မြေအောက် မီးရထား ဘူတာရုံ၌ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် ဥရောပနိုင်ငံများ အနေဖြင့် ရုရှားအစိုးရနှင့် တစုတစည်းတည်း ရှိသည်ဟု ဥရောပသမဂ္ဂ လွှတ်တော် လုံခြုံရေးနှင့် ကာကွယ်ရေး ဆပ်ကော်မတီ အဖွဲ့ဝင် ဂျာဗီယာနာ့တ် က ထုတ်ပြန်ကြေညာ ထားသည်။

မှန်ပေသည်။ ယူကရိန်း ပဋိပက္ခတွင် ရုရှားနိုင်ငံက ခွဲထွက်ရေး သမားများကို ထောက်ပံ့ပေး နေသည်ဟူသော စွပ်စွဲချက်ဖြင့် ဥရောပနိုင်ငံ တချို့နှင့် အနောက်နိုင်ငံ ကြီးများက ရုရှားအပေါ် တုံ့ပြန်သည့် အနေဖြင့် ပိတ်ဆို့မှုများ ချမှတ်ထားလင့်ကစား ယခုအခါ အကြမ်းဖက် ခြိမ်းခြောက်မှုနှင့် အစွန်းရောက် ဝါဒသည် အနောက်ဥရောပ အပါအဝင် ကမ္ဘာကြီး၏ မည်သည့် နေရာကိုမဆို ပျံ့နှံ့လာနိုင်ပြီး တိုက်ခိုက်မှုများကို လုပ်ဆောင် လာနိုင်ဖွယ် ရှိသော ကြောင့် ရုရှားနှင့် ဥရောပနိုင်ငံများ အနေဖြင့် ၄င်းတို့အကြားရှိ မတူညီမှုများကို ဘေးဖယ်၍ စစ်သွေးကြွ များ၏ အကြမ်းဖက် ခြိမ်းခြောက်မှု များကို ချေမှုန်းနိုင်ရန် ပူးပေါင်း လုပ်ဆောင်ရမည့် အချိန်သို့ ရောက်ရှိလာပြီ ဖြစ်ပါကြောင်း သုံးသပ်လိုက်ရ ပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger