www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 11, 2017

ဒုံးကျည်ခြိမ်းခြောက်မှု အန္တရာယ်အပေါ် အမေရိကန်က အင်အားသုံးဖြေရှင်း တော့မည်လား


USS Carl Vinson

( သင်းအောင် ဘာသာပြန်သည်။ )

ကိုရီးယား ကျွန်းဆွယ်ပေါ်၌ တင်းမာမှုများ မြင့်တက်နေစဉ် အမေရိကန်အစိုးရက ၎င်းတို့၏ တိုက်ခိုက်ရေး ရေယာဉ်စုကို အဆိုပါကျွန်းဆွယ် အနီးသို့ မကြာမီက စေလွှတ်လိုက် ပြီဖြစ်သည်။ လေယာဉ်တင် သင်္ဘောတစ်စင်း ဖြစ်သည့် USS Carl Vinson အပါအဝင်ဖျက် သင်္ဘောများနှင့် တခြား စစ်သင်္ဘောများ ပါဝင်သည့် တိုက်ခိုက်ရေး ရေယာဉ်စုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အမိန့်ဖြင့် ကိုရီးယားကျွန်းဆွယ် အနီးသို့ စေလွှတ်လိုက်ခြင်း ဖြစ်ပြီး အဓိက ရည်ရွယ်ချက်မှာ အင်အားပြသ သည့်အနေဖြင့် လုပ်ဆောင် ခြင်းဖြစ်သည်။

ထို့ပြင် ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု များကြောင့် တင်းမာမှု မြင့်တက်လာသည့် ကိုရီးယား ကျွန်းဆွယ် အရေးတွင် အမေရိကန် အစိုးရက နက်နက်ရှိုင်းရှိုင်း ပါဝင်လျက် ရှိသည်ဟူသော အချက်ကိုလည်း ထင်ရှားစေရန် ဖြစ်သည်ဟု ပြောသည်။ အမေရိကန် အစိုးရ၏ အဆိုပါလုပ် ဆောင်ချက်သည် ဒေသတွင်းရှိ ၎င်းတို့၏ မဟာမိတ် နိုင်ငံများကို အကာအကွယ် ပေးနိုင်ရေး အတွက်ရွေးချယ် စရာနည်းလမ်းများ ပြင်ဆင်လိုက်ခြင်း ဖြစ်သည်ဟု သုံးသပ်သူ တချို့က ယူဆထားသည်ကို တွေ့ရသည်။ မြောက်ကိုရီးယား အစိုးရသည် မကြာမီက ၎င်းတို့၏ ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ်ပစ် ခတ်ပြီးနောက် ယခုအခါ စမ်းသပ်ပစ်ခတ် မှုများကို ထပ်မံလုပ်ဆောင် နိုင်သည်ဟူသော အလားအလာများ ထွက်ပေါ်လာ ခြင်းကြောင့် အမေရိကန် ပြည်ထောင်စုက လေယာဉ်တင်သင်္ဘော USS Carl Vinson ကို သြစတြေးလျမှ အနောက်ပစိ ဖိတ်ဒေသသို့ လမ်းကြောင်း ပြောင်းလဲ၍ စေလွှတ်လိုက် ခြင်းဖြစ်သည်။

အမေရိကန် အစိုးရသည် ၎င်းတို့၏ တိုက်ခိုက်ရေး ရေယာဉ်စုကို ကိုရီးယား ကျွန်းဆွယ် အနီးသို့ စေလွှတ်ထား သည်ဟု ဆိုသော်လည်း စင်စစ်တွင် ၎င်းရေယာဉ်စုကို မြောက်ကိုရီးယား အနီးရှိ ရေပိုင်နက်တွင် ဖြန့်ကြက်ထားခြင်း ဖြစ်သည်ဟု အမေရိကန်-ပစိဖိတ် ရေတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဒေ့ဘန်ဟမ်က ပြောသည်။ အကြောင်းမှာ မြောက်ကိုရီးယား အစိုးရ၏ မထင်လျှင် မထင်သလို ဒုံးကျည် ပစ်ခတ်စမ်း သပ်လေ့ရှိသည့် အမူအကျင့်နှင့် ပေါ်ထွက် လာနိုင်သည့် ခြိမ်းခြောက်မှု များကို လိုအပ်သလို တုံ့ပြန်ရန် ဖြစ်သည်။

အမေရိကန် အစိုးရအဖွဲ့မှ အဆင့်မြင့် အရာရှိကြီး များသည် မြောက်ကိုရီးယား၏ ဒုံးကျည် အစီအစဉ်နှင့် စပ်လျဉ်း၍ များစွာစိုးရိမ် လျက်ရှိ သည့်အပြင် သင်္ကာမကင်းဖြစ် လျက်ရှိသည်ကို တွေ့ရသည်။ ၎င်းတို့ စိုးရိမ်မည် ဆိုပါကလည်း စိုးရိမ်စရာပင်။ မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးကျည်နည်း ပညာသည် ယခင်က ထင်သလောက် တိုးတက်မှု မရှိသော်လည်း ယခုနှစ်အတွင်း များစွာတိုးတက် လာသည်ဟု အမေရိကန် အရာရှိများကပင် ထုတ်ဖော်ပြောကြား ထားပြီး ၎င်းတို့တွင် တောင်ကိုရီးယား ကိုသာမက ဂျပန်နှင့် အမေရိကန် ပြည်ထောင်စု၏ ပိုင်နက်တချို့သို့ ပင် ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ် ဒုံးကျည်များကို ပိုင်ဆိုင် ထားသည်ဟု အများက ယူဆထား ကြသည်။

သို့သော် ယင်းဒုံးကျည်များ၏ စွမ်းဆောင်ရည်ကိုမူ မည်သူကမျှ အတိအကျ မသိနိုင်ပေ။ ထို့ကြောင့် နျူကလီးယားစစ်ပွဲ စတင်တော့မည် ဆိုပါက ကြိုတင် လက်ဦးမှု ရရှိအောင် တိုက်ခိုက်မည် ဟူသော အချက်ကို အမေရိကန် အစိုးရက ငြင်းဆို သွားမည် မဟုတ်ဟု နိုင်ငံခြား ရေးဝန်ကြီး ရက်စ်တေလာဆင် က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ ထရမ့်အစိုးရ၏ မြောက်ကိုရီးယားအပေါ် ရပ်တည်ချက် တင်းမာစွာ ချမှတ်လာသည့် လုပ်ဆောင်ချက် အပေါ် ကွန်ဂရက်မှ ရီပတ်ဘလီကန် လွှတ်တော် အမတ်အများအပြားက ထောက်ခံထား သော်လည်း ဒီမိုကရက်တစ် အမတ်များက ထင်သလောက် ထောက်ခံ ထားခြင်း မရှိပေ။ ထို့ပြင် ပစိဖိတ်ဒေသ၌ အမေရိကန်က စစ်အင်အား အများအပြား ဖြန့်ကြက်ထား ခြင်းသည် နောက်ဆုံးတွင် နျူကလီးယား စစ်ပွဲကို ဖြစ်ပေါ် စေနိုင်သည်ဟု ၎င်းတို့က စိုးရိမ်မကင်း ဖြစ်နေ ကြသည်။

သို့သော် တခြားတစ်ဖက်တွင် မြောက်ကိုရီးယားမှ ထွက်ပေါ်လာ နိုင်သည့် ခြိမ်းခြောက်မှု များကို တုံ့ပြန်ကာကွယ်ရန် နျူကလီးယား လက်နက်များကို တောင်ကိုရီးယား နိုင်ငံ၌ ပြန်လည်ချထားရေး သို့မဟုတ် မြောက်ကိုရီးယား ခေါင်းဆောင်ကို လုပ်ကြံ သတ်ဖြတ်ရေး စသည့် အစီအစဉ် များကို အမေရိကန် အမျိုးသား လုံခြုံရေး ကောင်စီက ထရမ့်အစိုးရကို ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက တင်ပြထားသည် ကို တွေ့ရသည်။ မြောက်ကိုရီးယား နိုင်ငံသည် ၎င်းတို့၏ နျူကလီးယား လက်နက် အစီအစဉ်ကို စွန့်လွှတ်၍ စေ့စပ်ဆွေးနွေး ပွဲတွင် ပြန်လည် ပါဝင်လာခြင်း မရှိသေး သောကြောင့် ယင်းနိုင်ငံသည် အမေရိကန်နှင့် မဟာမိတ် နိုင်ငံများအတွက် ခြိမ်းခြောက်မှု တစ်ခုအဖြစ် ဆက်လက် တည်ရှိနေသည်။

ယင်းခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ရေး အတွက် အမေရိကန် အစိုးရက အင်အားပြသ သည့်အနေဖြင့် ၎င်းတို့၏ တိုက်ခိုက်ရေး ရေယာဉ်စုကို မြောက်ကိုရီးယားနိုင်ငံ အနီးရှိ ရေပြင်သို့ စေလွှတ် လိုက်သည်ဟု ကမ္ဘာ့နိုင်ငံ အများအပြားက ရှုမြင်ထားသည်။ အမေရိကန် အစိုးရ၏ ဆောင်ရွက် ချက်သည် မြောက်ကိုရီးယားအား ကြမ်းတမ်းသည့် အပြုအမူမျိုးကို လုပ်ဆောင်လာ စေရန် တွန်းပို့ နိုင်ဖွယ်ရှိပြီး အမေရိကန် ၏တိုက်ခိုက်ရေး ရေယာဉ်စုသည် မြောက်ကိုရီးယား နိုင်ငံအတွင်းရှိ စစ်စခန်းများ ကိုပါ တိုက်ခိုက် လာနိုင်ကြောင်း ရုရှားအထက် လွှတ်တော် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီ ဥက္ကဋ္ဌ ဗစ်တာအိုဇီရော့ဗ်က ထောက်ပြ ဝေဖန်ခဲ့သည်။

သို့သော် ကိုရီးယား ကျွန်းဆွယ်ပေါ်၌ နျူကလီးယား စစ်ပွဲဖြစ်ပွား လာနိုင်ခြေကား အကယ်စင်စစ် နည်းပါးလှသည်ဟု ဆိုနိုင်သည်။

အကြောင်းမှာ အမေရိကန် အစိုးရသည် ဒေသတွင်း မဟာမိတ် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် တောင်ကိုရီးယား ၏ငြိမ်းချမ်းစွာ ဖြေရှင်းလုပ်ဆောင် ရေးမူဝါဒကို ထောက်ခံထား သောကြောင့်ပင် ဖြစ်သည်။ မှန်သည်။ ထို့ကြောင့် အမေရိကန်က ၎င်းတို့၏ စစ်အင်အား အများအပြားကို ကိုရီးယားကျွန်းဆွယ် အနီးသို့ စေလွှတ်လိုက် သော်လည်း စိုးရိမ်ဖွယ် ကြီးကြီးမားမား ရှိမည်မဟုတ်ဟု တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးဖြစ်သည့် လီဒက်ဟန်က ပြီးခဲ့သည့် ရက်သတ္တပတ် အကုန်ပိုင်းက ဆိုလိုက်ခြင်း ဖြစ်သည်။

တောင်ကိုရီးယား အစိုးရသည် ကျွန်းဆွယ်ပေါ် လက်ရှိဖြစ်ပေါ် နေသည့်တင်းမာ မှုများကို ငြိမ်းချမ်းစွာ အဖြေရှာ နိုင်ရေး အရေးကြီးသည် ဟူသော အချက်ကို ယုံကြည်လျက် ရှိနေပြီး မြောက်ကိုရီးယား အပေါ် တင်းကျပ်မှု များကို ချမှတ်ခြင်း အားဖြင့် ယင်းနိုင်ငံ အစိုးရအား စေ့စပ်ညှိနှိုင်းရေး စားပွဲသို့ ပြန်လည် ရောက်ရှိလာ စေနိုင်လိမ့်မည် ဟုယူဆနေသည်။ ထို့ကြောင့် တင်းမာမှုကို စစ်ရေးအရ ဖြင့်သော်လည်းကောင်း၊ ထိပ်တိုက် ရင်ဆိုင်ခြင်း အားဖြင့်သော် လည်းကောင်း ဖြေရှင်းမည် မဟုတ်ဘဲ ၎င်းတို့၏ လုံခြုံရေးကို အဓိကကျားကန် ထောက်ပံ့ ပေးနေသည့် မဟာမိတ် အမေရိကန် နိုင်ငံအား အင်အားသုံး ဖြေရှင်းခြင်း မပြုရန် ဖျောင်းဖျမည်မှာ မလွဲဧကန် ဖြစ်သည်။

ထို့ပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန် သမ္မတ ထရမ့်တို့ နှစ်ဦးက ဖလော်ရီဒါ ပြည်နယ်၌ မကြာမီကတွေ့ဆုံ ဆွေးနွေးစဉ် မြောက်ကိုရီးယားအရေး နှင့်စပ်လျဉ်း၍ တရုတ်အစိုးရက ပါဝင်လုပ်ဆောင်ရန် ရှီကသဘောတူ ညီလိုက်ခြင်းကြောင့် အမေရိကန် အစိုးရ အနေဖြင့် ဒုံးကျည် ခြိမ်းခြောက်မှု အန္တရာယ်ကို အင်အားသုံး ဖြေရှင်း လိမ့်မည် မဟုတ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၂၄)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger