www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 20, 2017

ရေလမ်းညွှန်အမှတ်အသား ဖျက်ဆီးသူများကို ဥပဒေအရ အရေးယူမည်



မန္တလေး ၊ ၂၀-၄-၂၀၁၇

ဧရာဝတီမြစ်အတွင်း ရေလမ်းညွှန် အမှတ်အသားများကို ဖျက်ဆီးသူများ ရှိနေသည့်အတွက် ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေအရ အရေးယူမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ ဒေသ-၅၊ မန္တလေးတိုင်း ဒေသကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ဧရာဝတီမြစ်အတွင်း ၌ ရေကျချိန်နှင့် ရေတက်ချိန်တို့တွင် ရေကြောင်း ပြောင်းလဲမှုများ ဖြစ်ပေါ်သည့် အတွက် သင်္ဘောများ သွားလာရာတွင် အန္တရာယ် မဖြစ်စေရေး ရေလမ်းပြ အမှတ်အသားများကို မြစ်ကြောင်း အတွင်း၌ စိုက်ထူပေးထား သော်လည်း စိုက်ထူပေးထား သည့် ရေလမ်းပြ အမှတ်အသား များမှာ သဘာဝ ဘေးအန္တရာယ် များကြောင့် ပျက်စီးမှုများရှိသည့် အပြင် ကမ်းပြိုမှုနှင့် လူတို့၏ လုပ်ဆောင်ချက် များကြောင့် ပျက်စီး ဆုံးရှုံးမှုများ ရှိနေသည့် အတွက် အဆိုပါ ရေလမ်းညွှန် အမှတ်အသား ဖျက်ဆီးသူများကို ရေအရင်းအမြစ် နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီမြစ် အတွင်း၌ ရေလမ်းညွှန် အမှတ်အသားများ၊ မိုင်တိုင်၊ မှတ်တိုင်များကို ဖျက်ဆီးခြင်း၊ ပျက်စီးစေခြင်း၊ ရွှေ့ပြောင်းခြင်း တို့ကို ပြုလုပ်ခဲ့ပါက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေအရ ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ် ငါးသောင်းထက် မပိုသော ဒဏ်ငွေဖြစ်စေ ပြစ်ဒဏ် နှစ်ခုလုံးကို ချမှတ်နိုင်ကြောင်း သိရသည်။

''အခု ရေပေါ်ပြ အမှတ်အသား တွေနဲ့ ကမ်းပေါ်ပြ အမှတ်အသား ပျက်စီးမှုတွေက လူတွေရဲ့ လုပ်ဆောင်မှု ကြောင့်လဲ ပျက်စီးတာ တွေရှိတယ်။ ရေလမ်းညွှန် အမှတ်အသားတွေ စိုက်ထူထားတဲ့ နေရာတွေမှာရှိတဲ့ ရွာတွေကို အသိပညာပေး တာတွေလဲ မကြာခဏ ဆိုသလို လုပ်ဆောင်ပေး နေတယ်။ အခုလို လုပ်ဆောင်ပေး နေတဲ့ကြားက ဖျက်ဆီးသူတွေ တွေ့ခဲ့မယ်ဆိုရင် ဥပဒေအရအရေးယူ မှုတွေ ပြုလုပ် သွားတော့မှာပါ''ဟု ၄င်းက ဆက်လက် ပြောပြသည်။

ဧပြီလအတွင်း ကချင်ပြည်နယ် ဘက်တွင် မိုးရွာသွန်းမှု များကြောင့် ဧရာဝတီမြစ်ရေ အနည်းငယ် မြင့်တက်လာပြီး မြစ်အတွင်း ရေကြောင်း ပြောင်းလဲလာသည့် အတွက် မြစ်အတွင်း ရေလမ်းညွှန် အမှတ်အသား များကို ရေပေါ်ပြ အမှတ် အသားအခု ၂၉ဝ နှင့် ကမ်းပေါ်ပြ အမှတ်အသား အခု ၁၃ဝ တို့ကို စိုက်ထူရန် လျာထားကြောင်း သိရသည်။

ရတနာပုံနေ့စဉ်သတင်းစာ ၊ စာ(၃)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger