www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, April 7, 2017

လက်ရှိလူငယ်များ အလုပ်အကိုင်ရရှိမှု အခြေအနေအတိုင်း ဆက်လက်ရှိစေရေး နောက် ၄ နှစ်အတွင်း အလုပ်အကိုင် တစ်သန်းခန့် ဖော်ဆောင်ရန်လိုအပ်



ရန်ကုန် ၊ ၇-၄-၂၀၁၇

လက်ရှိလူငယ်များ အလုပ်အကိုင်ရရှိမှု အခြေအနေအတိုင်း ဆက်လက်ရှိစေရန် နောက်လေးနှစ်တာ ကာလအတွင်း အလုပ်အကိုင် တစ်သန်းခန့် ဖော်ဆောင်ရန် လိုအပ်လာမည် ဖြစ်ကြောင်း UNFPA ၏ ထုတ်ပြန်ချက်အရ သိရသည်။

UNFPA ၏ လတ်တလော ထုတ်ပြန်ချက် အရ လက်ရှိ အလုပ်အကိုင်ရရှိမှု အဆင့်အတိုင်း ဆက်လက်ရှိစေရေး နောက်လေးနှစ် အတွင်း အလုပ်အကိုင် အခွင့်အလမ်းပေါင်း တစ်သန်းခန့် ဖော်ဆောင်ရန် လိုအပ်မည်ဖြစ်ပြီး ၂ဝ၁၆ ခုနှစ်မှ ၂ဝ၃ဝ ပြည့်နှစ်အထိ အလုပ်အကိုင် အခွင့်အလမ်း ပေါင်း ၃ ဒသမ ၇ သန်းခန့် ဖော်ဆောင်ရန် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် နိုင်ငံတွင်းရှိ လူငယ်များအတွက် Public Health ၊ Secondary Education ၊ Vocational Training များကို ရရှိလွယ်စေရေး လုပ်ဆောင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်နိုင်ရန် စီးပွားရေး စည်းမျဉ်းများ ပြင်ဆင်ဖြည့်စွက် ရေးဆွဲရန် လိုအပ်မည်ဖြစ်သည်။ အဆိုပါ အခြေအနေ များတွင် လူငယ်များအတွက် အဓိကဦးတည်ချက် ထားသော စည်းမျဉ်း စည်းကမ်းများ ပေါင်းစပ် ထည့်သွင်းခြင်းကို လိုအပ်ပါက ပြုလုပ်ပေးရမည် ဖြစ်သည်။

''နိုင်ငံရဲ့ အနာဂတ်အတွက် အပေါင်းလက္ခဏာ ဆောင်တဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအရ နိုင်ငံတွင်း အလုပ်အကိုင် အခွင့်အလမ်း တွေလည်း ပိုမိုပေါ်ပေါက် လာမယ်ဆိုတာ အသေအချာ ပါပဲ။ စိန်ခေါ်မှုတစ်ရပ် အနေနဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်လာတဲ့ အချိန်မှာ နိုင်ငံတွင်းမှာရှိတဲ့ လုပ်သားတွေ အနေနဲ့ သူတို့လိုအပ်တဲ့ လုပ်ငန်းခွင် ကျွမ်းကျင်မှုတွေနဲ့ ကိုက်ညီမှု ရှိဖို့ လိုအပ်ပါတယ်'' ဟု Jobnet.com.mm မှ Mr.Matt De Luca ကပြောသည်။

အလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင် ပေးခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု အတွက် မဖြစ်မနေ လိုအပ်ချက်တစ်ခု ဖြစ်ကြောင်း UNFPA ကဖော်ပြခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်းကြောင့် လူငယ်များ အနေဖြင့် အလုပ်အကိုင် ရှာဖွေရာတွင် ခက်ခဲလာခြင်းနှင့် လူမှုဝန်းကျင်များ ၌လည်း နေရာရှားပါးလာ၍ ယုံကြည်မှု နည်းပါးလာပြီး ဖွံ့ဖြိုးတိုးတက် လာနိုင်စွမ်းပါ နည်းပါးလာ စေမည် ဖြစ်ကြောင်း သိရသည်။

မြ၀တီနေ့စဉ်သတင်းစာ ၊ စာ(၆)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger